Saturday, 28 May 2016

ကိုယ်တော်မြတ်ပွဲတော်ကြီး


သံလုကာ ၉း၁၁-၁၇

ယနေ့အသင်းတော်ကြီးသည်  နက်နဲဖွယ်ရာ ကိုယ်တော်မြတ်ပွဲတော်ကို သက်သေခံကျင်းပလျက်ရှိပါတယ်။ လူပေါင်းများစွာအတွက် ယုံကြည်နိုင်ဖို့ အင်မတန်ခက်ခဲလှတဲ့ ယုံကြည်ရာချက်များထဲမှာ ကက်သလစ်အသင်းတော်၏ ကိုယ်တော်မြတ်စက္ကရမင်တူးလည်း အပါအ၀င်ဖြစ်ပါတယ်။ မစ္ဆားတရားတော်အတွင်း ခရစ်တော်ကိုယ်တော်တိုင် ရဟန်းပေါင်းစပ်ကာ ဖန်ဆင်းပြုလုပ်သည့် ဤမုန့်တော်သည် ခရစ်တော်၏ခန္တာဖြစ်ကြောင်း ကက်သလစ်ခရစ်ယာန်တို့ ယုံကြည်လာခဲ့သည်မှာ ရှေးဦးခရစ်ယာန်တို့၏ ယုံကြည်ခြင်းအတိုင်းပင်ဖြစ်ပါတယ်။

ကိုယ်တော်မြတ်မုန့်တော်အား ယနေ့လူပေါင်းများစွာအတွက် ယုံကြည်ရခက်နေသည်မှာ မထူးဆန်းပါ။ ယေဇူးခရစ်တော်သခင်ကိုယ်တိုင် လူ့လောကမှာ အသက်ရှင်နေထိုင်စဉ်အတွင်းပင ငါ၏အသားကို စား၍ ငါ၏အသွေးကိုလည်း မသောက်ကြလျှင် သင်တို့၌ အသက်မရှိနိုင်ရာ ဟုမိန့်တော်မူသောအခါ လူပေါင်းများစွာ ယေဇူးခရစ်တော်ကို စွန့်ခွာသွားခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တော်မိန့်ဆိုသော ထိုအချင်းရာမှာ လူတို့အတွက် မဖြစ်နိုင်၊ မယုံကြည်နိုင်ရာ ဖြစ်နေသောကြောင့်ပါ။ သို့သော် ဤအချင်းအရာ မှန်ကန်ကြောင်းကို ခရစ်တော်ရှင်ပြန်ထမြောက်ပြီးမှသာ တပည့်တော်ကြီးများကိုယ်တိုင် မျက်စိပွင့်နားပွင့် သတိထားမိလာပြီး သက်သေခံခဲ့သောကြောင့် ယနေ့ကက်သလစ်ခရစ်ယာန်တို့သည် ယုံကြည်နေကြပါတယ်။ ထိုယုံကြည်ခြင်းသည်လည်း စစ်မှန်ပါတယ်။ ယနေ့ ကျနော်တို့နှင့်အတူ ယေဇူးခရစ်တော်သည် ခန္တာနှင့် ၀ိညာဉ် အတူရှိနေပါတယ်။ ဒါ့ကြောင့် ကိုယ်တော်မြတ်မုန့်တော်ကို ပင့်ယူခြင်းအားဖြင့် နေ့စဉ်အသက်တာကို စစ်မှန်သည့်ခရစ်ယာန်၊ ထာဝရအသက်ပိုင်သူများအဖြစ် လျှောက်လှမ်းကျင့်ကြံနေထိုင်ရပါလိမ့်မယ်။ ဤမုန့်တော်သည် ကျနော်တို့အတွက် နေ့စဉ်ခွန်အားလည်း ဖြစ်ပါတယ်။

ချစ်စွာသော ဓမ္မမိတ်ဆွေ။ ယနေ့ဖတ်ရှု့ကြားနာရသည်မှာ ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်အားဖြင့် လူငါးထောင်ကျော်ကို ၀၀လင်လင်ကျွေးမွေးရုံမျှမကဘဲ အပိုလျှံများစွာပင် ကျန်ခဲ့ပါသေးတယ်။ သေးငယ်တဲ့ ကျနော်တို့ရဲ့ လှူဖွယ်အားဖြင့် အလျှံအပယ်ဖြစ်သည့်တိုင် များပြားစေသည်မှာ ကျနော်တို့နှင့် ဘုရားသခင်အကြား ထားရှိသည့် ယုံကြည်ကိုးစားခြင်းပေါ် မူတည်နေပါတယ်။ ထို့အတွက်လည်း စိန်ခေါ်မှု့တစ်ရပ်ပါပဲ။ ထို့အပြင် ပွားများစေခြင်းဟာ အခြေခံအားဖြင့် ကျနော်တို့ရဲ့ ဝေမျှတတ်ခြင်းပေါ်မှာလည်း မူတည်လှပါတယ်။ ခရစ်တော်သခင်၏ ခန္တာဟု ပြောလျှင် ယေဇူးသခင်၏ ရုပ်ခန္တာလည်းဖြစ်သလို၊ အသင်းတော်ကြီးလည်းဖြစ်ပါတယ်။ ထို့ကြောင့် ကျနော်တို့အားလုံး ပါဝင်နေတယ်ဆိုတာ သတိရဖို့၊ အချင်းချင်း ပူးပေါင်းပါဝင် မျှဝေတတ်ကြဖို့ကို တရားပြနေတာ ရှင်းရှင်းလေးပါ။

ဒီတော့ ဝေမျှတတ်ဖို့အတွက် ကျနော်တို့တတွေကိုလည်း ယနေ့ကမ္ဘာကြီးက စိန်ခေါ်ပြန်ပါတယ်။ လောကမှာ သူလို ကိုယ်လို အပြိုင်အဆိုင်နဲ့ အတ္တ၊ မာန၊ လောဘတွေကြား ရုန်းကန်နေရချိန် ဝေငှတ်ဖို့ဆိုတာ တကယ့်ကို စိန်ခေါ်မှု့ကြီးတစ်ခုပါပဲ။ သို့ပေမယ့်လည်း ဒီစိန်ခေါ်မှု့ကြီးကို ကျော်လွှားနိုင်စေတာ မေတ္တာ၊ ဂရုဏာ နှင့် စေတနာတရားတို့ပါပဲ။ ၎င်းပါရမီတွေအားဖြင့် ကျနော်တို့တတွေဟာ ဘုရား၊တရားကို မြင်နိုင်ပါလိမ့်မယ်။ ထိုသို့ မြင်နိုင်ဖို့အတွက်လည်း ဖန်ဆင်းချိန်ကတည်းက ကျနော်တို့ကို ၎င်းပါရမီတွေထည့်ပေးထားခြင်း ဖြစ်ပါတယ်။

ချစ်စွာသော မိတ်ဆွေ၊ ဒါတွေဟာ စိတ်ကူးယာဉ်မဟုတ်ပါ။ လက်တွေ့ပါ။ လက်တွေ့ကျင့်ကြံကြည့်ပါ။ ဘ၀မှာ အံ့သြဖွယ်ရာတွေဖြစ်တဲ့အခါ မိမိတို့ကိုယ်တိုင် နားမလည်ဘဲ အံ့အားသင့်ရတာတဲ့ အချိန်အခါတွေ မနည်းလှပါ။ ခရစ်တော်၏ အံ့ဖွယ်တန်ခိုးဖြင့် မုန့်များပွားများခြင်းမှ သင်ခန်းစာတစ်ခုဟာ အချင်းချင်း ဝေမျှပြီး အသက်ရှင်သန်တတ်ဖို့ပါပဲ။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုသလိုပါပဲ။ ခရစ်တော်သခင်ဟာ မုန့်များကို တိုက်ရိုက်မပေးဘဲ လူငယ်လေးတစ်ဦးဆီမှာ ရှိတာလေးကို ဝေငှခြင်းပေါ် ဘုရားကျေးဇူးတော် ပေါင်းစပ်လိုက်ခြင်းပင်ဖြစ်ပါတယ်။

ကျနော်တို့တတွေလည်း မိမိမှာရှိတာလေးကိုပဲ အကြီးမြတ်ဆုံးစိတ်ထားနှင့် ဝေမျှတတ်လာသည့်အခါ ဘုရားရဲ့ကျေးဇူးတော်များ အစဉ်ပေါင်းစပ်ပေးနေပြီး ကောင်းကင်နိုင်ငံတော်ကို ထိတွေ့မြည်းစမ်းခွင့် ရပါလိမ့်မယ်။ အတ္တ၊လောဘကြောင့် မဖြစ်နိုင်ဘူးထင်ထားသည့်အရာများ အံ့ဖွယ်ထူးစွာ ဖြစ်ပေါ်လာလိမ့်မယ်။ ထိုကြောင့် ကိုယ်တော်မြတ်မုန့်တော် (သို့မဟုတ်) ဘုရားကိုနေ့စဉ်ပင့်ယူ၍ မိမိနှလုံးသားမှာ နေရာပေးကာ ဘုရား၏သားသမီးသဖွယ် ဝေမျှတတ်အောင် ကြိုးစားပါ။ ဘ၀စိန်ခေါ်မှု့ကြီးတွေပင် ပြိုလဲကုန်ပါလိမ့်မယ်။

ဒိုမီနီကန်ကိုရင်
#Dominicankoyin

Saturday, 21 May 2016

သန့်ရှင်းသော ပုဂ္ဂိုလ်သုံးပါးပွဲတော်ကြီး


သံယောဟန် ၁၆း၁၂-၁၅

ယနေ့ အသင်းတော်ကြီးတွင် သန့်ရှင်းသော ပုဂ္ဂိုလ်သုံးပါးပွဲတော်ကြီးကို ကျင်းပကြပါတယ်။ အထူးပြောစရာမလိုပါဘူး- သန့်ရှင်းသောဝိညာဉ်တော်ပုဂ္ဂိုလ်သုံးပါးဆိုတာ တလုံးတ၀တည်း ရှိတော်မူသော စိန္တေမြတ်စွာ ထာဝရဘုရားသခင်ဆိုတာ ကျနော်တို့ခရစ်ယာန်တိုင်း ကောင်းစွာသိရှိနားလည်ကြပါတယ်။ တစ်ဆူတည်းသော စိန္တေမြတ်စွာ ထာဝရဘုရားသခင်သည် လုံးဝခွဲခြားမရနိုင်သော တလုံးတ၀တည်း၊ တစ်ဆူတည်းအဖြစ်တည်ရှိနေသော သီးခြားပုဂ္ဂိုလ်သုံးပါးဖြင့် တည်ရှိနေသည်ကို နားလည် သဘောပေါက်စေဖို့ ဓမ္မဟောင်းကျမ်းမှ အရိပ်အမြွက်များနှင့် ဓမ္မသစ်မှ ဘုရား၏သားတော် ခေါ် ဒုတိယပုဂ္ဂိုလ် ရှင်တော်ယေဇူးသခင်မှ ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ပါတယ်။ ထို့ကြောင့် ကယ်တင်ခြင်းသမိုင်းတလျှောက်တွင် ဘုရား၏သားတော် ယေဇူးခရစ်တော်၏လူ့အဖြစ်ယူခြင်း၊ လူတွေကြားမှာ လူသားတစ်ဦးကဲ့သို့ နေထိုင်အသက်ရှင်ခြင်း၊ လူသားတစ်ဦးကဲ့သို့ ဇီဝအသက်ချုပ်ငြိမ်းခြင်း၊ ဘုရားတန်ခိုးတော်ဖြင့် ပြန်လည် ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်း၊ ပြီး သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို စေလွှတ်၍ ကျနော်တို့အားဆက်လက် လမ်းပြတော်မူခြင်းတွေဟာ နက်နဲဖွယ်ရာတို့၏ ထုတ်ဖော်ပြသခြင်း အကြီးမားဆုံးသော ဖြစ်ရပ်တွေသာဖြစ်ပါတယ်။ သို့သည့်တိုင်အောင် တစ်ဆူတည်းသော စိန္တေမြတ် ထာဝရဘုရားသခင်သည် နဲနက်စွာ တည်ရှိနေဆဲပင်ဖြစ်ပါတယ်။

ကျနော်တို့လူသားတွေဟာ ဖန်ဆင်းခံတွေထဲမှာ အမြင့်ဆုံးသော သတ္တ၀ါတွေဟု ဆိုရသော်လည်း အကန့်အသပ်ဖြင့် ရှင်သန်နေရဆဲ၊ ဆင်ခြင်တုံတရား၊ ညဏ်ပညာတွေးခေါ်နိုင်စွမ်းတွေမှာ ကန့်သပ်နေသည့်အတွက် အကန့်သပ်မဲ့ ထာဝရဟူသော စိန္တေမြတ်ဘုရားရှင်နှင့် ဆိုင်သည့် နက်နဲလှသော အရာများကို စုံစုံလင်လင် ပြည့်ပြည့်၀၀သိနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဟုပင် ပြောရပါလိမ့်မယ်။ သို့သော်လည်း ဘုရား၏ပုံသဏ္ဍန်နှင့် ဆင်တူ ဖန်ဆင်းခံရပြီး ဘုရား၏ဇာတိတော်၌ မိမိ၏ဦးနှောက်ဉာဏ်နှင့် နှလုံးသားဖြင့် ရှင်သန်နေကြ၍ ဘုရားနှင့်လူအကြား မဝေးကွာလှသည်မို့ ဘုရားအကြောင်းကို မသိဘူးလားဆိုတော့လည်း မဟုတ်ပါဘူး-သိကြပါတယ်။ သိကြပါသလားဆိုတော့လည်း - လုံးလုံး၀၀မဟုတ်ပြန်ပါဘူး။ ၎င်းသည်ပင် ကျနော်တို့အတွက် နက်နဲဖွယ်ရာကြီးဖြစ်နေပြန်ပါတယ်။

၅ရာစုအတွင်းက ဓမ္မသင်္ဂြီုလ်ပညာရှင်ကြီး စိန်သြဂက်စတင်းက သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါး၏ နက်နဲဖွယ်ရာကို စဉ်းစားတွေးခေါ်ကြည့်ရင်း ပင်လယ်ကမ်းရိုးတန်းတလျှောက်သို့ လမ်းလျှောက်ထွက်သွားပါသတဲ့။ အဲဒီလို ကမ်းရိုးတန်းမှာ လမ်းလျှောက်နေစဉ်မှာပဲ လူငယ်လေးတစ်ယောက်က ကမ်းခြေမှာ ပေအနည်းငယ်နက်တဲ့ လက်ယက်တွင်းလေးတူးထားပြီး ပင်လယ်ထဲကရေတွေကို သဲကြီးမဲကြီးခပ်ထည့်နေတာကို တွေ့လိုက်ပါသတဲ့။ ဒါနဲ့ဓမ္မပညာရှင်ကြီးလည်း ကြည့်မနေနိုင်ဘဲ အဲဒီလူငယ်လေးကို ဘာလုပ်နေတာလဲလို့ မေးလိုက်ပါတယ်။ ဒီတော့လူငယ်လေးက - ကျွန်တော်လား၊ အဲဒီပင်လယ်ထဲကရေတွေကို ဟောဒီကျွန်တော့်ရဲ့ ကန်လေးထဲကို ပြောင်းထည့်နေတာလေ- လို့ဖြေလိုက်ပါတယ်။ ဒါနဲ့ ပညာရှင်ကြီးသြဂက်စတင်းက - ဒါဟာ လုံးဝမဖြစ်နိုင်တာပဲလို့လူငယ်လေးကို ပြောလိုက်ပါတယ်။ ဒီတော့ လူငယ်လေးကလည်း - ဟုတ်တယ်လေ၊ မဖြစ်နိုင်ပါဘူး။ သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါး၏နက်နဲရာကို သင်စဉ်းစားတွေးခေါ်တာ မဖြစ်နိုင်သလိုပေါ့ဗျာ- ဟုပြန်လိုက်ပါတယ်။ ပုံပြင်လေးဟာ မရိုးနိုင်အောင်ထပ်ခါထပ်ခါပြောနေရတဲ့ စိန်သြဂက်စတင်းရဲ့ ပုံပြင်တစ်ခု ဖြစ်ပြီး ကျွန်တော်တို့နှင့် ဘုရားသခင်အကြား ခြားနားချက်ကို ထောက်ပြနေတဲ့ အမှန်တရားတစ်ခုလည်း ဖြစ်ပါတယ်။

ချစ်စွာသော ဓမ္မမိတ်ဆွေများ။       ။အထက်ပါ သာဓကများနှင့်အတူ ယနေ့ သန့်ရှင်းသော ပုဂ္ဂိုလ်သုံးပါးပွဲတော်ကြီးမှာ ကျနော်တို့အတွက် စိန္တေမြတ် ထာဝရဘုရားသခင်၏ နက်နဲဖွယ်ရာများကို နားလည်ဖို့ သိပ္ပံသီအိုရီသုံးကာ အဖြေထုတ်ဖို့မဟုတ်ပါဘူး။ သိပ္ပံသီအိုရီလည်း ၎င်းအတွက် မလုံလောက်လှပါဘူး။ ဤနေ့ပွဲတော်အားဖြင့် ကျနော်တို့ကို တရားပေးခြင်းပင်ဖြစ်ပါတယ်။- ရှင်သန်ခြင်းတရားပင်ဖြစ်ပါတယ်။

သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါဟာ တစ်ပါးနှင့်တစ်ပါး တစ်တူတည်းဖြစ်နေသည့်တိုင်အောင် အတွင်းကျကျ ချစ်ခြင်းမေတ္တာပေါ်မှာ အခြေတည်ပြီး ပေါင်းစည်းနေကြခြင်းဖြစ်ပါတယ်။ ထိုကြောင့် ဘုရားဇာတိမှာ ဖန်ဆင်းခံရသည့် ကျနော်တို့လူသားတွေဟာလည်း ဘုရားသခင်ကို အတုယူကာ တစ်ဦးနှင့်တစ်ဦး အတွင်းကျကျ မေတ္တာတရားဖြင့် ရောနှောပေါင်းစည်းနေထိုင်ကြဖို့ပင် ဖြစ်ပါတယ်။ သဘာဝအလျောက်လည်း ထိုကဲ့သို့ ရောနှောပေါင်းသင်းနေထိုင်တတ်သည့်သတ္တ၀ါများဖြစ်ကြပါတယ်။ ဒီလိုရောနှောဆက်ဆံ ပူးပေါင်းဆောင်ရွက်မှသာလျှင် ကျနော်တို့ရဲ့လူ့အသိုင်းဝိုင်းကြီးဟာ တိုးတက်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ခရစ်ယာန်ဘ၀ဆိုတာ ထိုကဲ့သို့ လူ့ဂုဏ်သိက္ခာနှင့် အခြေခံအခွင့်အရေးများအပေါ်မှာ တရားမျှတခြင်း၊ တန်းတူညီတူဆက်ဆံခြင်း၊ ချစ်ခြင်းမေတ္တာထားခြင်းတို့ဖြင့် ရှင်သန်နေပြီး အချင်းချင်းရိုင်းပင်းကူညီရင်း ရောနှောဆက်ဆံ ပူးပေါင်းကာ ကျွန်ုပ်တို့လောကကြီးကို ကောင်းသထက်ကောင်းအောင် ဖန်တီးသူများ၏ဘ၀ပင် ဖြစ်ရပါမယ်။ 

ချစ်စွာသော ဓမ္မမိတ်ဆွေ။            ။ကျနော်တို့တတွေဟာ စိန္တေမြတ် ထာဝရဘုရားသခင်ကိုရှာဖွေရာမှာ စိန်သြဂက်စတင်းရဲ့ ပုံပြင်လေးလိုပဲ ပင်လယ်ထဲကရေတွေကို မိမိတို့ရဲ့ လက်ယက်တွင်းထဲ ပြောင်းထည့်ဖို့မဟုတ်ပါဘူး။ ကျနော်တို့တတွေဟာ ဘုရားသခင်၏ပုံသဏ္ဍာန်ဆင်တူနေကြောင်း၊ ဘုရားသခင်၏ ဇာတိတော်၌ ရှင်သန်နေကြကြောင်းကို တနေ့ထက်တနေ့ ပိုမိုသိရှိလာကာ ပုဂ္ဂိုလ်သုံးပါဘုရားတစ်ဆူကို ဘ၀၏စံနမူနာထား၍ ရှင်သန်သွားကြဖို့ပင် ဖြစ်ပါတယ်။ ကျနော်တို့ဘ၀ဟာ ဘုရားသခင်ကို သိရှိဖို့နှင့် ချစ်ဖို့ရန် ဖြစ်ပြီး ဘုရားသခင်သည် ကျနော်တို့ဘ၀ စူးစမ်းရှာဖွေခြင်းရဲ့ ဥဿုံပန်းတိုင်ဖြစ်မယ်ဆိုလျှင် ထိုရှာဖွေခြင်းပန်းတိုင်ကို တိုင်းတာပေးတာ ကျနော်တို့ရဲ့ ကောင်းမြတ်သော လုပ်ရပ်တွေသာဖြစ်ပါလိမ့်မယ်။

ဒိုမီနီကန်ကိုရင်
#Dominicankoyin

Saturday, 14 May 2016

သန့်ရှင်းသောဝိညာဉ်တော်မြတ်ဆင်းကြွတော်မူခြင်း


ဝိညာဉ်တော်မြတ်ကိုခံယူကြလော့။ (သံယောဟန် ၂၀း၂၃)

ယနေ့ဟာ သန့်ရှင်းသောဝိညာဉ်တော်မြတ်ဆင်းကြွခြင်းပွဲတော်နေ့ဖြစ်ပါတယ်။ ဓမ္မသင်္ဂြိုလ် ပညာရှင်အချို့က ဤနေ့ကို အသင်းတော်စတင်ရာ၊ မွေးနေ့ဟုလည်း ခေါ်ဆိုသမုတ်ကြပါတယ်။ အကြောင်းရင်းကတော့ ၎င်းနေ့မှာ တပည့်တော်ကြီးများအပေါ် သန့်ရှင်းသောဝိညာဉ်တော်မြတ် ဆင်းကြွတော်မူပြီး လူမျိုးတကာတို့အား ဧ၀ံဂေလိသတင်းကောင်းကို စတင်ဟောပြောကြ၍ အသင်းတော်ဟူသော အဖွဲ့စည်းငယ်လေးကို စတင်ထုတ်ဖော်ပြသခဲ့ကြခြင်းကြောင့်ပင်ဖြစ်ပါတယ်။ ဤပွဲတော်နှင့်စပ်လျဉ်းသည့် ဗဟုသုတမှာ ဂျူးလူမျိုးတို့၏ရှာဘုတ် (Shavout)ဟုခေါ်သော ပါစကားပွဲပြီး ရက်ပေါင်းငါးဆယ်ပြည့်ပွဲနေ့မှ ဓမ္မသစ်တွင် ယေဇူးခရစ်တော်၏ရှင်ပြန်ထမြောက်ရာနေ့မှ ရက်ပေါင်းငါးဆယ်ပြည့်သည့်နေ့တွင် တပည့်တော်ကြီးများအပေါ် ကတိထားရာ သန့်ရှင်းသောဝိညာဉ်တော်မြတ်ကိုစေလွှတ်၍ ဆင်းကြွတော်မူရာနေ့အဖြစ် ကျင်းပကြခြင်းဖြစ်ပါတယ်။

တပည့်တော်ကြီးများအဖြစ် ခရစ်တော်ကိုယ်တော်တိုင် ရွေးကောက်ခဲ့သူများမှာ သာမန်တံငါသည်များသာ ဖြစ်ကြပါတယ်။ ဒီတော့ စာပေဗဟုသုတကြွယ်ဝသူများမဟုတ်တာ ပြောစရာမလိုလောက်အောင်ပါပဲ။ ကျမ်းတတ်ဆရာကြီးများလို၊ သြဇာအာဏာကြီးမားသူများလို လူတောမတိုးတာလည်း ပြောစရာမလိုပါဘဲ။ ဒီလိုပုဂ္ဂိုလ်ကြီးတွေဟာ ဆရာသခင်ပေါ်မှာသာ လုံးလုံးမှီခိုနေသူပါ။ ဒီတော့ ဆရာသခင်မရှိတော့လျှင် လုံးဝရပ်တည်နိုင်စွမ်းမရှိတော့ပေ။ ဆရာသခင်သည်သာလျှင် ၎င်းတို့၏ အစွမ်းစ၊ အာဏာဖြစ်ပါတယ်။ ဒါတွေကို သိတဲ့ ဆရာသခင်က ၎င်းတို့ကိုလျစ်လျှူမရှု့ခဲ့ပါဘူး။ ကားတိုင်မှာအသေခံခဲ့ပြီးနောက် အကြောက်တရားအောက်မှာ တကွဲတပြားဖြစ်နေတဲ့ တပည့်တော်ကြီးတွေကို မကြာခဏ ကိုယ်ထင်ပြ (ခန္တာနှင့်ဝိညာဉ် ယခင်အတိုင်း)လာရောက်နေထိုင်ပေးပြီး ခွန်အားပေးစုစည်းခဲ့ပါတယ်။ ကောင်းကင်ဘုံသို့ တက်ကြွတော်မူတော့်မည်ဆိုတော့လည်း ၎င်းတို့အတွက် အကြီးမားဆုံးလက်ဆောင်၊ ခွန်အားအစွမ်းအဖြစ် သန့်ရှင်းသောဝိညာဉ်တော်မြတ်ကို ကတိပေးခဲ့ပါတယ်။ ထိုကတိထားရာ ၀ိညာဉ်တော်မြတ်ဆင်းကြွပြီး နောက်ပိုင်း တပည့်တော်ကြီးများဟာ ခွန်အားအပြည့်၊ သတ္တိအပြည့်၊ အာဏာအပြည့်နှင့် မိမိတို့ကိုယ်တိုင်မသိနားမလည်နိုင်သော ဘုရား၏ကယ်တင်ခြင်းအကြောင်းကို စတင်ဟောပြောကြပါတော့တယ်။ ဘာသာစကားတစ်မျိုးတည်းပြောနေသော်လည်း ကြားရသူတိုင်း မိမိတို့ဘာသာစကားဖြင့်ကြားရ၍ မဟာအံ့ဖွယ်ကြီးတွေ ဖြစ်လေ့ရှိနေပါတော့တယ်။ လူ့အစွမ်းမဟုတ်ဘဲ ၀ိညာဉ်တော်မြတ်အစွမ်းသာဖြစ်ကြောင်း ထင်ရှားလှစေပါတယ်။

ချစ်စွာသော ဓမ္မမိတ်ဆွေ၊ ဒီနေ့တရားတော်မှာ ၀ိညာဉ်တော်မြတ်၏ ကျေးဇူးတော်များအကြောင်းပင် ဖြစ်ပါတယ်။ တချိန်တည်းမှာ ကျနော်တို့တတွေရဲ့ အကြောက်တရားနှင့် အစွမ်းအစ၊ အာဏာပါဝါတစ်ခုခုကို မီးမှောင်းထိုးပြနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အကြောက်တရားကို သတိရမိပါတယ်။ It is not the power that corrupt, but fear - ကျနော်တို့ကို တကယ်ပျက်စီးစေတာက အာဏာပါဝါမဟုတ်ဘဲ အကြောက်တရားပင်ဖြစ်ပါတယ်။ သေချာစဉ်းစားမိသော် အမှန်တကယ်ပင် ကျနော်တို့ပျက်စီးခြင်းသို့ ရောက်ရခြင်းမှာ အကြောက်တရားကြောင့်သာဖြစ်နေပါတယ်။ တဖက်မှာတော့ အာဏာဟူသောအစွမ်းအားဖြင့် ကျနော်တို့ဟာ အလွဲသုံးစားမလုပ်ဘဲ မှန်မှန်ကန်ကန်အသုံးချပါက ပို၍ပို၍ကောင်းအောင်စွမ်းဆောင်ချင်သူတွေချည်းဆိုတာ သိမြင်လာနိုင်ပါတယ်။ ဒီနေ့ တပည့်တော်ကြီးတွေ အကြောက်တရားအားဖြင့် တကွဲတပြားလွင့်စင်ပြီး ထွက်ပြေးနေရကာ ပျက်စီးခြင်းတစ်ခုသို့ ကျရောက်နေသော်လည်း ၀ိညာဉ်တော်အားဖြင့် အာဏာအစွမ်းရရှိကာ အံ့ဖွယ်ကောင်းလောက်အောင် လုပ်ဆောင်မှု့တွေကို အကောင်ထည်ဖော်နိုင်ခဲ့ကြပါတယ်။

သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား၏ဆုကျေးဇူးများမှာ ညဏ်ပညာ၊ နားလည်တတ်ခြင်း၊ အကြံညဏ်၊ အသိပညာ၊ ဇွဲလုံလရှိခြင်း၊ ဘာသာတရားကိုင်းရှိုင်းခြင်းနှင့် ဘုရားသခင်အားကြောက်ရွံ့ခြင်းတို့ဖြစ်ပါတယ်။ ဤကျေးဇူးတော်များအားဖြင့် ကျနော်တို့တတွေကို ဘုရားသခင်က အစွမ်းအစပေး၍ စွမ်းစွမ်းတမံဖြစ်စေပါတယ်။ အမှန်တရားကိုသိရှိပြီး လက်ခံကျင့်ကြံဖို့၊ သက်သေခံဖို့ ကြောက်ရွံ့ဖို့အချိန်မရှိတော့ပါ။ တရားမျှတခြင်းကို နားလည်သဘောပေါက်လာပြီး ကျင့်ကြံဖို့၊ ဝေငှသက်သေခံဖို့ ကြောက်ရွံ့နေဖို့အချိန်မရှိတော့ပါ။ ထို့အတူ များစွာသော ကောင်းကျိုးများလုပ်ဆောင်ဖို့ ကျနော်တို့မှာ အစွမ်းအစအာဏာတွေရရှိပြီး ကြောက်ရွံ့နေရမယ့်အချိန်တွေမရှိတော့ပါ။

ခရစ်ယာန်တစ်ဦးအတွက် ယုံကြည်ခြင်းနှင့် ညဏ်ပညာ မဆန့်ကျင့်ပါ။ တခုနှင့်တခု ဖြည့်စွက်ပြည့်စုံစေပြီး ကျနော်တို့ကို ခရစ်ယာန်ပီသစေပါတယ်။ ကျနော်တို့အချင်းချင်းကြား အသိပညာ ဗဟုသုတပြည့်စုံကာ အချင်းချင်းနားလည်ပေးတတ်ပြီး အကြံကောင်းညဏ်ကောင်းများပေးကြရင်း တစ်ဦးနှင့်တစ်ဦး ဖြည့်စွက်ပြည့်စုံစေပါတယ်။ ထို့အပြင် တစ်ဦးကိုတစ်ဦးလက်ခံနိုင်ကြပြီး အမြဲတမ်းလမ်းဖွင့် လက်ကမ်းကြိုဆိုနေကာ ညီအစ်ကိုရင်းပမာလို ဘုရား၏သားသမီးစစ်စစ်တွေဖြစ်လာစေပါတယ်။ ပျင်းရိခြင်းဟာ ခရစ်ယာန်တို့အတွက် နှောက်ယှက်ခြင်းပါပဲ - ပျင်းရိနေဖို့အချိန်မရှိပါ။- ခေတ္တဘ၀အတွက်သော်လည်ကောင်း ထာဝရအသက်တွက်သော်လည်းကောင်း ဇွဲလုံလ အမြဲရှိနေရပါ့မယ်။ ဤဇွဲလုံလအားဖြင့် အနာဂတ်ဟာ အဓိပ္ပာယ်များဖြင့်ပြည့်စုံနေမှာဖြစ်ပါတယ်။ အချုပ်မှာတော့ ခရစ်ယာန်တို့အတွက် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကာ ဘာသာတရားကျင့်စဉ်မှာ မေတ္တာတရားပေါ် အခြေခံ၍ ကိုင်းရှိုင်းနေရပါမယ်။ ဤသို့အားဖြင့် ပြည့်စုံသည့်ဘ၀၊ အေးချမ်းသည့်ဘ၀၊ ရှင်သန်ထိုက်သည့်ဘ၀ကို ရရှိစေပါမယ်။

ထို့ကြောင့် ယေဇူးသခင်က * ၀ိညာဉ်တော်မြတ်ကို ခံယူကြလော့။* ဟုမိန့်ဆိုနေပါတယ်။ ပြီးပြည့်စုံသည့်လမ်းစဉ်မှာ ခရစ်ယာန်စစ်စစ်ဖြင့် လောက၏ဆားများ၊ အလင်းများအဖြစ် နေထိုင်သက်သေခံသွားနိုင်ဖို့ လိုအပ်သောကျေးဇူးတော်များကို သန့်ရှင်းသောဝိညာဉ်မြတ်ဖြင့် ခံယူသွားကြပါစို့။

ဒိုမီနီကန်ကိုရင်
#Dominicankoyin

Thursday, 12 May 2016

ကိုယ်ခန္တာနှင့်စပ်လျဉ်းသည့် ခရစ်ယာန် (ကက်သလစ်)တို့၏ ယုံကြည်ရာအချက်


မေး။      ။အချို့သောဘာသာခြားတို့ဟာ အသက်ချုပ်ငြိမ်းသွားလျှင် လူဟာတန်ဖိုးမရှိတော့တဲ့ ခန္တာကိုယ်ကြီးသာ ကျန်နေခဲ့ပြီဆိုပြီး တန်ဖိုးမထားဘဲ အလွယ်တကူမီးရှိုးဖျက်စီးတာမျိုးတွေ၊ အသုဘလိုက်ပို့တဲ့အခါလည်း မီးသင်္ဂြိုလ်စက်အပေါက်ဝမှာ ပစ်ထားခဲ့ရုံနဲ့ ပြီးရောဆိုတာမျိုးတွေ တွေ့ရတာ စိတ်မကောင်းဖြစ်လှပါတယ်။ ခရစ်ယာန်တွေကတော့ မတူသောယုံကြည်ချက်နှင့် ဓလေ့ကို လေ့လာမိ၍ ကိုယ်ခန္တာနှင့် ခရစ်ယာန်တို့၏ ယုံကြည်ချက်ကို တစိတ်လောက်ရှင်းပြပေးပါလား။

ဖြေ။      ။ချစ်စွာသောဓမ္မမိတ်ဆွေ၊ အထက်ပါအကြောင်းရာများကို ကျနော်ကိုယ်တိုင်လည်း လေ့လာမှတ်သားမိပါတယ်။ တခါတရံ အခြားဘာသာခြားမိတ်ဆွေ အချို့၏ အသုဘကို လိုက်ပို့ဖြစ်တဲ့အခါမျိုးတွေမှာလည်း တခါတရံ အဲဒီအသက်ချုပ်ငြိမ်းသွားတဲ့ ခန္တာကိုယ်ကြီးကို တန်ဖိုးလုံးဝမဲ့နေသလို ပြုမူလုပ်ဆောင်သွားတာမျိုးတွေ့ရတဲ့အခါ ကိုယ့်ယုံကြည်ချက်နှင့်နှိုင်းယှဉ်လျက် ၀မ်းနည်းစာနာမိပါတယ်။ ကျနော်တို့ ကက်သလစ်ခရစ်ယာန်မှာတော့ သေပြီးခန္တာကိုယ်တွေဟာလည်း တန်ဖိုးရှိနေပါတယ်။ ထို့ကြောင့် တန်ဖိုးရှိရှိ ဂရုစိုက်၍ စနစ်တကျ သင်္ချိုင်းတစ်ခုမှာ မြေမြုပ်ခြင်း၊ ဂူသွင်းခြင်းမျိုးကို ပြုလုပ်ပါတယ်။ အသုဘအခမ်းနားမှာလည်း ရဟန်းတစ်ပါးဖြစ်ဖြစ် ဦးဆောင်ကာ အလောင်းကို ကောင်းကြီးပေးခြင်းနှင့် ဆုတောင်းခြင်းအခမ်းနားဖြင့် ပြုလုပ်လေ့ရှိပါတယ်။ ထို့အပြင် နှစ်စဉ် နိုဝင်ဘာ ၁ ရက်နေ့အား သေလွန်သောသူများအားလုံး၏ ၀ိညာဉ်များနေ့အဖြစ်သတ်မှတ်ပြီး အသင်းတော်အတွင်း အထူးဆုတောင်းပေးခြင်းကို ပြုလုပ်ပါတယ်။ ၎င်းကို သင်္ချိုင်းမီးထွန်းပွဲဟုလည်း အလွယ်တကူခေါ်ဝေါ်သမုတ်ကြပါတယ်။ ထို့အပြင် သေလွန်သူအတွက် ရံဖန်ရံခါဆိုသလို တရားတောင်းခြင်း၍ ဆုတောင်းပေးခြင်းမျိုးလည်း ပြုလုပ်လေ့ရှိပါသေးတယ်။ အိမ်တွေမှာလည်း သေလွန်သူအတွက် အထူးရည်စူး၍ ဆုတောင်းပေးခြင်းမျိုးလည်း လုပ်ဖြစ်ပါသေးတယ်။

ဒီတော့ ခရစ်ယာန်(ကက်သလစ်)များအတွက် သေပြီးခန္တာကိုယ်တွေကို ထိုသို့ဂရုတစိုက် တန်ဖိုးထားရခြင်း၏ အဓိက အကြောင်းအရင်း သို့မဟုတ် ယုံကြည်ခြင်း နှင့် သွန်သင်ချက်တွေက ဘာများလဲ။
သမ္မာကျမ်းစာတော်အရ နောက်ဆုံးသောနေ့တွင် ယေဇူးခရစ်တော်သခင်သည် ကမ္ဘာလောကသို့ပြန်လည်ဆင်းကြွလာတော်မူပြီး ကွယ်လွန်ပြီးသူများအားလုံးနှင့် လောကသက်ရှိသတ္တ၀ါများအားလုံးကို ရုပ်ခန္တာနှင့်တကွ ပြန်လည်ရှင်ပြထမြောက်စေမှာဖြစ်ပြီး ရုပ်ခန္တာပျက်စီးပျောက်ဆုံးသူများကိုလည်း မူလရုပ်ခန္တာများ ပြန်လည်ပေးမည်ဖြစ်ပါတယ်။ ကော်ရိန့်သုပထမစာစောင်နှင့် ပထမယောဟန်ကျမ်းတို့၏ သွန်သင်ချက်အရ နောက်ဆုံးသောနေ့တွင် ပြန်လည်ရှင်ပြထမြောက်မည့်ခန္တာကိုယ်သည် လောကအသက်ရှင်စဉ်မှ ခန္တာကိုယ်ပင်ဖြစ်ပြီး သန့်ရှင်းဖြောင့်မတ်သူတို့၏ ခန္တာကိုယ်တွေဟာ ဘုန်းဂုဏ်တော်ဝင်စား၍ ဒုက္ခဝေဒနာမှ ထာဝစဉ်ကင်းလွတ်မှာဖြစ်ပါတယ်။ ထို့နောက် ကောင်းကင်နိုင်ငံတော်ကို စံစားကြရမှာ ဖြစ်ပါတယ်။ (cf.  ပ-ကော် ၁၅း ၃၅-၄၄၊ ပ-ယောဟန် ၃း၂)

ကက်သလစ်အသင်းတော်၏ယုံကြည်ခြင်းအချုပ် ၁၂ ချက်တွင် ခန္တာကိုယ်ရှင်ပြထမြောက်မည့်အကြောင်းမှာ တစ်ချက်အပါအ၀င်ဖြစ်ပါတယ်။ ထိုသို့ ခန္တာကိုယ်နှင့်တကွ ရှင်ပြန်ထမြောက်မည့်အကြောင်းမှာ ခရစ်ယာန်ယုံကြည်ခြင်းအတွက် အဓိကကျလှပါတယ်။ တမန်တော်ကြီး ပေါလူးက - သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းမရှိလျှင် ခရစ်တော်လည်းရှင်ပြန်ထမြောက်ခဲ့ခြင်းမရှိလျှင် ငါတို့၏ဟောပြောခြင်းသည်လည်း အချည်းနှီးဖြစ်ပြီး သင်တို့၏ယုံကြည်ခြင်းသည်လည်း အချည်းနှီးသာဖြစ်မည် - ဟုပြတ်သားစွာ ဟောပြောခဲ့ဖူးပါတယ်။ ဒီတော့ ခန္တာကိုယ်နှင့်ဆက်စပ်လျက် ကျနော်တို့ခရစ်ယာန်တို့၏ ယုံကြည်ချက်မှာ သံပေါလူးမိန့်ဆိုသလို ခန္တာကိုယ်ရှင်ပြန်ထမြောက်မည့်အကြောင်းပင်ဖြစ်၍ အသင်းတော်၏မမှားနိုင်သော သွန်သင်ချက်အဖြစ် သွန်သင်ထားပါတယ်။

ထိုသွန်သင်ချက်ကိုပင် စတုတ္ထမြောက်လေထရမ်အစည်းပွဲကြီး (၁၂၁၅)တွင် ထပ်မံရှင်းလင်း၍ သွန်သင်ပါတယ်။ ယေဇူးသခင်သည် နောက်ဆုံးသောနေ့တွင် ရှင်သူ၊သေသူတို့အား ၎င်းတို့၏လုပ်ရပ်များအပေါ်မူတည်၍ တရားစီရင်မည်ဖြစ်ပြီး ကျနော်တို့သည် မိမိတို့၏ကိုယ်ပိုင်ခန္တာများဖြင့် ပြန်လည်ရှင်ပြထမြောက်ကြမည်ဖြစ်ပါတယ်။ (ရောမ ၂း၆-၁၁)။ ယခုလက်ရှိ ကက်သလစ်မြတ်သောအယူဝါဒထဲမှ သွန်သင်ချက်မှာ ဂူထဲတွင် ကျနော်တို့၏ပျက်စီးတတ်သော ခန္တာကိုယ်များကို ထည့်၍မြုပ်နှံထားကြသော်လည်း နောက်ဆုံးသောနေ့တွင် ခရစ်တော်သည် မပျက်စီးစေတတ်သော ၀ိညာဉ်ရေးရာပြည့်ဝသည့် ခန္တာကိုယ်ဖြင့် ပြန်လည်ရှင်ပြန်စေမည်ဖြစ်ပါတယ်။

ဤယုံကြည်ရာချက်ကို ခေတ်အဆက်ဆက် အသင်းတော်ကြီး၏ဖခင်ကြီးများဖြစ်ကြသည့် ပုပ်ရဟန်းမင်းကြီးကလဲမင်း (၁)၊ ကလဲမင်း (၂)၊ ဂျပ်စတင်း၊ တေအိုဖီးလု့စ်၊ အီရေနီးရု့စ်၊ စီးရယ်၊ သြဂက်စတင်း တို့သည်လည်း သွန်သင်လာခဲ့ကြပါတယ်။

ဒီတော့ မေးခွန်းကို လွယ်လွယ်ဖြေရလျှင် ကျနော်တို့ ခရစ်ယာန်များဟာ ခန္တာကိုယ်ကို အသက်ဝိညာဉ် ချုပ်ငြိမ်းသွားသည့်တိုင်အောင် စနစ်တကျ တန်ဖိုးထားမြေမြုပ်ကာ နောက်ဆုံးသောနေ့တွင် ပြန်လည် ရှင်ပြထမြောက်မည့်နေ့ကို စောင့်နေကြခြင်းဖြစ်ပါတယ်။ ထို့အပြင် ခန္တာကိုယ်အား တကယ့်ကို တန်ဖိုးထားရခြင်းမှာလည်း ဘုရားသခင်ကိုယ်တော်တိုင်ဖန်ဆင်းထား၍ ဘုရားသခင်ကိုယ်တော်တိုင် ကိန်းဝပ်တော်မူတဲ့အတွက်လည်းဖြစ်ပါတယ်။ ထို့ကြောင့် ဆာလံကျမ်းများတွင် ကျနော်တို့၏ ခန္တာများဟာ ဘုရားသခင်၏ဗိမာန်တော်ဖြစ်သည်ဟုပင် တင်စားကြသလို ယုံကြည်ကြပါတယ်။

ဒိုမီနီကန်ကိုရင်
#Dominicankoyin


Saturday, 7 May 2016

ယေဇူးသခင် ကောင်းကင်ဘုံသို့တက်တော်မူသောပွဲနေ့ကြီး

သံလုကာ ၂၄း၄၆-၅၃
မိမိ၏လက်တော်ကိုမြှောက်၍ သူတို့အားကောင်းကြီးပေးတော်မူ၏။-ဤသို့ ကောင်းကြီးပေးတော်မူစဉ်တွင် ကိုယ်တော်သည်သူတို့ထံမှ ထွက်ခွာ၍ ကောင်းကင်သို့ပင့်ဆောင်ခြင်းကို ခံတော်မူ၏။ 

ချစ်စွာသော ဓမ္မမိတ်ဆွေများခင်ဗျာ။ ယခု တနင်္ဂနွေနေ့ (၀ါ) ကိုယ်တော်ရှင်၏နေ့တွင် အမိကက်သလစ်အသင်းတော်ကြီးတွင် ယေဇူးခရစ်တော်သခင်၏ ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်းအား အောက်မေ့သတိရလျက် ကျင်းပကြပါတယ်။ ထိုဖြစ်စဉ်ဟာ ဧ၀ံဂေလိကျမ်းတွင် ယေဇူးခရစ်တော်အကြောင်း မှတ်တမ်းတင်ထားသော အကြောင်းရာများမှ နောက်ဆုံးအကြောင်းရာဖြစ်ပါတယ်။ ဤဖြစ်စဉ်နှင့်စပ်လျဉ်း၍ မှတ်တမ်းတင်ထားရာတွင် ကျမ်းရေးပုဂ္ဂိုလ်ကြီးသံလုကာမှ ခရစ်တော်သခင်၏ကောင်းကြီးပေးခြင်းကို အထူးအသားပေး ဖော်ပြထားပါတယ်။ တပည့်တော်ကြီးများကို လက်တော်မြှောက်၍ ကောင်းကြီးပေးသလို ကောင်းကြီးပေးနေသည့်အတိုင်းပင် ကောင်းကင်ဘုံသို့တက်ကြွတော်မူပါတယ်။ ဆိုလိုသည်မှာ ကိုယ်တော်သခင်၏ ကောင်းကြီးပေးနေခြင်းဟာ ရပ်တန့်မသွားဘဲ ဆက်လက်ပေးနေဆဲဆိုတာကို ညွှန်ပြပေးနေပါတယ်။

စိတ်ဝင်စားဖွယ် ရက်ပေါင်း (၄၀)ဟူသော သင်္ကေတကို ထပ်မံကြားရပါတယ်။ ယေဇူးခရစ်တော် ရှင်ပြန်ထမြောက်ပြီး ရက်ပေါင်း (၄၀)အကြာတွင် ကောင်းကင်ဘုံသို့ တက်ကြွတော်မူကြောင်းကို တပည့်တော်ကြီးများက သက်သေခံထားကြတာပါ။ (၄၀)ဟူသော ဂဏန်းသင်္ကေတမှာ ကျမ်းစာဓမ္မပါမ္ခောတွေအရ ကျမ်းစာတော်မြတ်၏ အမှတ်သားလက္ခဏာတစ်ခုဖြစ်ပါတယ်။ မိုးဇယ်ဟာ ဘုရားသခင်၏မျက်နှာတော်ကို တွေ့ရှိဖို့ တောင်ပေါ်မှာ ရက်ပေါင်း (၄၀) အစာရှောင်ဝါရှောင်ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးလူမျိုးတွေ ကတိထားရာနိုင်ငံတော်ကို မ၀င်မှီ တောကန္တာရထဲမှာ နှစ်ပေါင်း (၄၀) ပြင်ဆင်နေခဲ့ရပါတယ်။ သခင်ခရစ်တော်ကိုယ်တိုင် တရားဒေသနာတော်ကို စတင်မဟောပြောမှီ တောကန္တာရထဲမှာ ရက်ပေါင်း (၄၀) အစာရှောင်၊ ၀ါရှောင်ကျင့်ကြံခဲ့ပါတယ်။ ယခုရှင်ပြထမြောက်ပြီး ရက်ပေါင်း (၄၀)အကြာတွင် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပါတယ်။

ချစ်စွာသော ဓမ္မမိတ်ဆွေများခင်ဗျာ။ Ascention ဟူသော ဝေါ်ဟာရကိုက ကျနော်တို့အား တခုခုကို အသေချာညွှန်ပြနေတာပါ။ ထိုဝေါ်ဟာရအားဖြင့် အပေါ်ရပ်သို့ တက်ကြွခြင်းဖြစ်စဉ်၊ ဒါမှမဟုတ် အမြင့်သို့ မြင့်တင်ခံရခြင်း ဖြစ်စဉ်တစ်ခုကို အသေချာညွှန်ပြနေတာပါ။ ထိုဖြစ်စဉ်မှာ ကျနော်တို့အား ရုပ်ခန္တာသာမဟုတ်ဘဲ၊ စိတ်ပိုင်းဆိုင်ရာနှင့် ၀ိညာဉ်ရေးဆိုင်ရာတွေကိုပါ အထက်သို့၊ အမြင့်သို့ မြှင့်တင်ပေးနေခြင်းနှင့် တက်ကြွနေခြင်းကို ရှင်းလင်းစွာနားလည်နိုင်ပါတယ်။ ယနေ့ ခရစ်တော်သခင်၏ ကောင်းကင်ဘုံသို့ တက်ကြွခြင်းမှာ ကျနော်တို့အားလုံးကို ရုပ်ခန္တာသာမဟုတ်ဘဲ စိတ်ဓါတ်ရေးရာတွေ၊ ၀ိညာဉ်ရေးရာတွေ အားလုံးပါ ကောင်းကင်သို့ မြှင့်တက်ဖို့ လမ်းစဉ်ကို အသက်ရှင်စဉ်၊ အသက်စွန့်ခြင်းနှင့် ရှင်ပြထမြောက်ခြင်းတို့အားဖြင့် လမ်းပြပေးခဲ့ပါတယ်။ အားလုံးခြုံပြောရရင်တော့ အထက်လမ်းစဉ်၊ ကောင်းကင်နိုင်ငံတော်လမ်းစဉ်သို့ လမ်းပြနေပါတယ်။ ထိုသို့ မြင့်မြတ်တဲ့လမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့အတွက် ကောင်းကြီးမင်္ဂလာလည်း ပေးခဲ့သလို ပေးနေဆဲပါပဲ။ ထို့ကြောင့်လည်း ကောင်းကင်နှင့်ဆိုင်ရာတွေကိုသာ ရှာဖွေကြဖို့၊ ကောင်းကင်ဘဏ္ဏာတွေကိုသာ စုဆောင်းကြဖို့ အမြဲသွန်သင်ပေးခဲ့ပါတယ်။

ချစ်စွာသော ဓမ္မမိတ်ဆွေများခင်ဗျာ။-ကျနော်တို့အား ရုပ်ခန္တာအတွက်နောက်ထားအုံး၊ လောကတွင် အသက်ရှင်စဉ် စိတ်ဓါတ်ရေးရာတွေ၊ စာရိတ္တရေးရာတွေနှင့် ၀ိညာဉ်ရေးရာတို့တွင် အမြင့်သို့ တက်ကြွနိုင်အောင်၊ တနည်းအားဖြင့် အထက်သို့မြင့်တက်စေဖို့ အဓိကအကြောင်းရာတွေဟာ ဘယ်လိုပါရမီများဖြစ်လေမလဲဗျာ။ အသင်းတော်၏သွန်သင်ချက်ထဲတွင် Cardinal virtues ဟူသော မဖြစ်မနေကျင့်ကြံရမည့် ပါရမီကြီး သုံးခုကို ညွှန်ပြနေပါတယ်။ဘာတွေလဲဆိုတော့ -ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ နှင့် ချစ်ခြင်းမေတ္တာတို့ပင် ဖြစ်ပါတယ်။ ဤပါရမီကြီးသုံးခုအားဖြင့် ကျနော်တို့တတွေဟာ ခရစ်တော်၏မြတ်သော လမ်းစဉ်ကို လျှောက်လှမ်းရင်း လောကအသက်ရှင် စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာနှင့် ၀ိညာဉ်ရေးရာဆိုင်ရာတွေမှာ တဖြည်းဖြည်း ပြည့်စုံလာမှာဖြစ်ပြီး နောက်ဆုံးသောနေ့တွင် အားလုံးသောပြီးပြည့်စုံခြင်းကို ကျနော်တို့ ဧကန်မုချ စံစားကြရမှာ ဖြစ်ပါတယ်။ 
လိုအပ်သော ကောင်းကြီးတော်များကို ထိုက်တန်စွာ လက်ခံရင်း ခရစ်တော်၏လမ်းစဉ်အားဖြင့် ကမ္ဘာတ၀ှမ်းလုံးတွင် တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ မေတ္တာတရားပွားများခြင်းနှင့် အပယ်ခံ၊ စွန့်ပစ်ခံ ဆင်းရဲသားများ အားလုံးနှင့်အတူတကွ ဝေမျှနိုင်အောင် ကြိုးစားသွားကြပါစို့။ 

ဒိုမီနီကန်ကိုရင်
#Dominicankoyin


Sunday, 1 May 2016

ဆဌမပါစကားတနင်္ဂနွေနေ့


သံယောဟန် ၁၄း၂၃-၂၉
အကြင်သူသည် ငါ့ကိုချစ်လျှင် ငါ၏စကားကိုလိုက်နာစောင့်ထိန်းမည်။ ငါ၏ခမည်းတော်သည်လည်း သူ့ကိုချစ်တော်မူလိမ့်မည်။-ထိုအခါ ငါတို့သည် သူ့ထံသို့လာကြ၍ သူနှင့်အတူ ကိန်းဝပ်တော်မူလိမ့်မည်။

ချစ်စွာသော ဓမ္မမိတ်ဆွေများခင်ဗျာ။- ယနေ့ ဖတ်ရှု့ကြားနာရသည့် ဘုရားသခင်၏ နှုတ်တော်ထွက်စကားတော်အား ခြုံငုံလိုက်မယ်ဆိုလျှင် မေတ္တာတရားတစ်စိတ်တည်း၊ တစ်လုံးတစ်ဝတည်းဖြစ်စေခြင်း ဟုဆိုရပါလိမ့်မယ်။ ထပ်၍ ပြောပါရစေ - ချစ်ခြင်းမေတ္တာ၌ စိန္တေမြတ် ဘုရားရှင်နှင့် ကျနော်တို့တတွေရဲ့ တစ်လုံးတစ်ဝတည်း ဖြစ်တည်ပေါင်းစပ်ခြင်းဟု ဆိုရပါလိမ့်မယ်။ ဒီအတွက်ကြောင့် ကျနော်တို့တွေ၊ ခရစ်ယာန်များအတွက် လုပ်ဆောင်သမျှသော အမှု့အရာတိုင်းဟာ ဘုရားသခင်ကို ချစ်သောကြောင့်ဟူ၍ မေတ္တာတရားအတွင်းမှ မေတ္တာတရားရဲ့ရောင်ပြန်ခြင်း ဖြစ်စေပါတယ်။

ယနေ့ ပထမကျမ်းစာတော်အရ ဂျူးမဟုတ်သောလူတစ်စုဟာ ခရစ်ယာန်ဖြစ်လိုကြောင်း၊ ခရစ်တော်၏ နောက်လိုက်များအဖွဲ့ထဲသို့ ၀င်ရောက်လိုကြောင်း ပြောကြသောအခါ အချို့ခရစ်ယာန်များက ဂျူးထုံးစံ ဥပဒေဖြစ်သည့် အရေဖြားလှီးခြင်း မင်္ဂလာကို အရင် မကျော်ဖြတ်ဘဲ သူတို့နှင့်ပေါင်းစည်း၍ မရကြောင်း ပြောဆိုကာ ၎င်းဂျူးမဟုတ်သူများကို အရေဖြားလှီးခြင်းမင်္ဂလာကို ၀တ္တရားတစ်ခုအဖြစ် ပြုလုပ်ခိုင်းကြတယ်။ သံပေါလူးနှင့် ဘားနက်ဘတို့က ၀ိညာဉ်တော်အလင်းဖြင့် ခွင့်ပြုလိုကြတယ်။ ဒီလိုနဲ့ အဲဒီပြသနာကို ဂျေရုဇလင်အသင်းတော်ဗဟိုရ်အထိတက်၍ အခြားသော တပည့်တော်ကြီးများနှင့် ဆွေးနွေးကြပါတော့တယ်။ ၎င်းဆွေးနွေးပွဲ၏ ရလာဒ်မှာ ထိုဂျူးမဟုတ်သူများ ခရစ်ယာန်အဖြစ်ဝင်ရောက်လိုပါက ဂျူးဝတ္တရားဖြစ်သည့် အရေဖြားလှီးခြင်း မင်္ဂလာခံယူစရာ မလိုဟု ဆိုပါတယ်။ ဘာကြောင့်လဲ။

ဘာကြောင့်လဲဆိုတော့ ၎င်းဟာ သန့်ရှင်းသောဝိညာဉ်တော်မြတ်နှင့် ဆုံးဖြတ်ခဲ့ခြင်းကြောင့်ပင် ဖြစ်ပါတယ် (တမန်တော်ဝတ္ထု ၁၅း၂၈)။ ပို၍ ရှင်းလင်းစွာဖြေဆိုရလျှင် ဥပဒေတစ်ခုကို လိုက်နာရင်း အပေါ်ယံဖြည်းဆည်းချက်ထက် ၀ိညာဉ်တော်မြတ်နှင့်အတူ မေတ္တာတရားကို အခြေခံကာ ဆုံးဖြတ် လုပ်ဆောင်ခြင်းပင်ဖြစ်ပါတယ်။

ချစ်စွာသော ဓမ္မမိတ်ဆွေများခင်ဗျာ။- ကျနော်တို့တတွေ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ကိုယ်နဲ့နီးစပ်ရာ ပုဂ္ဂိုလ်တွေကိုပဲ ဖြစ်ဖြစ် သတိထားမိလျှင် မှတ်သားစရာလေးတွေ တွေ့တတ်ပါတယ်။ မှတ်သားစရာအများထဲမှ တစ်ခုကတော့ ကျနော်တို့တတွေရဲ့ ပြုမူလုပ်ဆောင်ချက်တိုင်းရဲ့ နောက်ခံ လှုံ့ဆော်မှု့တွေပါပဲ။ နောက်ခံ လှုံ့ဆော်မှု့မတူလေလေ ပြုမူလုပ်ဆောင်သည့်နည်းလမ်းတွေ ကွဲလွဲလေလေပါပဲ။ ဥပမာအားဖြင့် ကျနော်တို့တတွေ တစ်ခုခုလုပ်ဆောင်ရာမှာ ဘာကြောင့်လဲပေါ့။- မိမိ၏ဆန္ဒသဘောအရ လွတ်လပ်စွာ ပြုမူလုပ်ဆောင်နေသလား၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ဖြစ်ဖြစ်၊ တစ်စုံတစ်ခုသော အကြောင်းအရာကြောင့်ဖြစ်ဖြစ် စိတ်ဆန္ဒမပါဝင်ဘဲ ပြုမူလုပ်ဆောင်နေရသလားဆိုတာ ယှဉ်ကြည့်တာနဲ့ သိသာပါတယ်။ အကြောက်တရားဖြင့် လုပ်ဆောင်ရတဲ့အခါ အလုပ်တစ်ခု ပြီးမြောက်သွားသည့်တိုင်အောင် ခြောက်ကပ်ကပ်နိုင်လှပါတယ်။ အလုပ်တစ်ခုကို စိုးရိမ်မှု့တွေနဲ့ လုပ်ဆောင်လိုက်ရတာလည်း ပြီးမြောက်ခဲ့သည့်တိုင်အောင် စိတ်သက်သာမှု့မရှိလှပါဘူး။ မိမိဆန္ဒမပါဘဲ အတင်းအဓမ္မလုပ်ဆောင်လိုက်ရတဲ့ ပြုမူလုပ်ဆောင်မှု့တစ်ခုဟာလည်း အောင်မြင်ပြီးမြောက်ခဲ့သည့်တိုင်အောင် ခြောက်လှန့်ခံနေရဆဲပါပဲ။ အဲဒီလို မိမိဆန္ဒမပါပဲ လုပ်ဆောင်လိုက်ရတဲ့ အရာတွေအားလုံးကို ခြုံငုံကြည့်လိုက်လျှင် အပေါ်ယံအားဖြင့် အောင်မြင် ပြီးမြောက်ခဲ့သည် ထင်ရသည့်တိုင်အောင် မိမိရဲ့ပြုမူလုပ်ဆောင်ပုံတွေက စိတ္တဇဆန်လှပါတယ်။-ကြောက်ရွံ့နေရပါတယ်။-လုံခြုံမှု့မရှိလှပါဘူး။-စိတ်ကျေနပ်မှု့ လုံးဝကို မရှိသလို၊ နှစ်သိမ့်မှု့လည်း မခံစားရပါဘူး။

တဖက်မှာတော့ မိမိရဲ့ပြုမူလုပ်ဆောင်ချက်တွေဟာ မိမိကိုယ်တိုင်နှစ်သက်မြတ်နိုး၍ လုပ်ဆောင်ရတာတော့ လားလားမှကိုမတူညီပါဘူး။ မနှိုင်းယှဉ်ပါနဲ့လို့ပင် ပြောထွက်မိကြပါလိမ့်မယ်။ လုပ်ဆောင်ရတာလည်း ရွှင်လန်းတယ်၊ ပြုမူပုံလည်း လန်းဆန်းတယ်၊ အလုပ်ကိုလည်း ပြီးမြောက်အောင်မြင်ရုံမဟုတ်ဘဲ ထပ်ဆင့် ထပ်ဆင့်လုပ်နေချင်တော့တာပါပဲ။ ဒါကြောင့် အမိန့်ပေးခိုင်းစေတဲ့ ခေါင်းဆောင်နဲ့ ချိုသာစွာ ဦးဆောင်တဲ့ ခေါင်းဆောင်မျိုးမှာ ဘယ်သူ့နောက်လိုက်မလဲလို့ အမေးလွတ်မှာပါ။

ချစ်စွာသော ဓမ္မမိတ်ဆွေများခင်ဗျာ။- လက်တွေ့ဘ၀နှင့် တရားတော် ပေါင်းစပ်ထောက်ရှု့မိသော် ရှင်းလင်းလှတဲ့ အဖြေတစ်ခုကို ထုတ်နိုင်ပါတယ်။ မိမိဟာ ခေါင်းဆောင်နေရာဆိုလျှင် မေတ္တာတရားပေါ် အခြေခံ၍ ချိုသာစွာ ကိုယ်တိုင်ဦးဆောင်ပါ။ မိမိဟာ နောက်လိုက်နေရာမှာဆိုလျှင်လည်း မေတ္တာတရားပေါ်တွင် အခြေခံ၍ မိမိဆန္ဒရာနှုန်းပြည့်ဖြင့် လိုက်နာလုပ်ဆောင်ပါ။ ကျနော်တို့ တစ်ဦးနှင့်တစ်ဦးကြားတွင်လည်း မေတ္တာတရားအခြေခံ၍ မိတ်ဆွေဖွဲ့ကြလျှင်၊ မိသားစု တည်ထောင်ကြလျှင်၊ လူ့အဖွဲ့အစည်းတစ်ခု တည်ထောင်ကြလျှင်၊ နိုင်ငံတစ်ခု တည်ဆောက်ကြလျှင် နားလည်မှု့ပြည့်ဝပြီး ဥပဒေတွေပြဒါန်းစရာမလိုဘဲ ညီညွတ်နေမှာ သေချာပါတယ်။ သို့သော်လည်း ဤတရားမြင့်လွန်းသည်ဟု ဆိုရမလား၊ ဒါမှမဟုတ် ကျနော်တို့ မလိုက်နာနိုင်သလားဆိုတာ မသိပါ။ ထို့ကြောင့် ဥပဒေလေးများဖြင့် ထိန်းကွပ်နေရဆဲပင် ဖြစ်ပါတယ်။ သို့သည့်တိုင်အောင် ခရစ်တော်ညွှန်ပြနေတဲ့ ပြီးပြည့်စုံသည့် ကောင်းကင်နိုင်ငံတော်ကတော့ ပုံရိပ်နမူနာဖြစ်နေစေမှာ ဖြစ်ပါတယ်။ ကျနော်တို့တတွေ အားနည်းသည့်သတ္တ၀ါတွေဟု ဆိုသော်လည်း တဖြည်းဖြည်း ကျင့်ကြံကြိုးစား ဆောက်တည်ရင်း ခရစ်ယာန်တရားတော်၊ ခရစ်တော်၏တရားတော်၊ စိန္တေမြတ်ဘုရား၏ ကောင်းကင်နိုင်ငံတော်ကို သက်သေခံရှင်သန် လျှောက်လှမ်းသွားကြပါစို့။ ဤနည်းဖြင့် ကျနော်တို့တတွေလည်း စိန္တေမြတ်ဘုရားရှင်နှင့် တစ်လုံးတစ်ဝါတည်းအဖြစ်ကို ၀ိညာဉ်တော်မြတ်ဖြင့် ခံယူကာ အချင်းချင်းမေတ္တာပွားနိုင်သည်အထိ ကြိုးစားသွားကြပါစို့။

ဒိုမီနီကန်ကိုရင်

#Dominicankoyin

Sunday, 24 April 2016

ပဉ္စမပါစကားတနင်္ဂနွေနေ့


သံယောဟန် ၁၃း၃၁-၃၅
ငါသည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့။

ယနေ့ဖတ်ရှု့ရတဲ့ဧ၀ံဂေလိကျမ်းစာပိုဒ်မှာ တိုတောင်းသလောက် နက်ရှိုင်းလှပါတယ်။ ယေဇူးသခင်က ဘုရားသခင်၏ဘုန်းဂုဏ်တော်ထင်ရှားစေရာအကြောင်းကို ပြောဆိုနေပြီး ထိုသို့ ဘုန်းဂုဏ်တော်ထင်ရှားစေရာမှာလည်း မေတ္တာတရားဖြစ်ကြောင်း တဆက်တည်းနားလည်သဘောပေါက် လွယ်စေပါတယ်။ ထို့ကြောင့် ပညတ်သစ်ဟူပြီး သင်တို့အချင်းချင်းချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်းအချင်းချင်းချစ်ကြလော့ဟူပြီး မိန့်ဆိုပါတယ်။ ဒါကြောင့် ကျနော်တို့တတွေဟာ အချင်းချင်းချစ်ကြပြီး မေတ္တာပွားများပါက ဘုရားသခင်၏ဘုန်းဂုဏ်တော် ထင်ရှားစေမှာ ဖြစ်ပါတယ်။ ဘုရားသခင်၏ဘုန်းဂုဏ်တော်ထင်ရှားစေသဖြင့် ကျနော်တို့ တစ်ဦးချင်းစီလည်း ၎င်းဘုန်းဂုဏ်တော်ထဲမှာ ပါဝင်ထင်ရှားစေမှာဖြစ်ပါတယ်။ ဤနည်းအားဖြင့် ကျနော်တို့တတွေဟာလည်း ခရစ်တော်ရဲ့တပည့်တွေအဖြစ်၊ ဘုရားရဲ့သားသမီးတွေအဖြစ် သိသာစေပါလိမ့်မယ်။

ချစ်စွာသော ဓမ္မမိတ်ဆွေများခင်ဗျာ။ ယနေ့တရားတော်မြတ်အပေါ် ကြားနာသိရုံဖြင့် မကျော်ဖြတ်ဘဲ ဘ၀တလျောက် ကျင့်စဉ်တစ်ခုအဖြစ်၊ လမ်းစဉ်တစ်ခုအဖြစ် ယုံကြည်မှတ်ယူကာ လျှောက်လှမ်းဖို့ထိ စဉ်းစားထောက်ရှု့ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ 

ကျနော်တို့လူသားတွေဟာ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်လျှင် စိတ်လှုပ်ရှားမှု့တွေ၊ ခံစားချက်တွေ၊ ပြင်ပအသိုင်းအ၀ိုင်း ပတ်ဝန်းကျင်မှ သက်ရောက်မှု့တွေနဲ့အတူ ရောထွေးရှုပ်နေတတ်ကြပါတယ်။ ဒါကြောင့်လည်း ကျနော်တို့တတွေဟာ ချစ်ခြင်းမေတ္တာကို မတူညီတဲ့အဆင့်နဲ့ မတူညီတဲ့ ချစ်ခြင်းမျိုးတွေနဲ့ မိမိတို့ချစ်ရမယ့်သူအပေါ်၊ အရာဝတ္ထုပေါ်မှာမူတည်ပြီး ခွဲခြားတတ်ကြတာ မဆန်းပါဘူး။ ဒီလို မတူညီတဲ့ ချစ်ခြင်းမေတ္တာတွေကြားမှာ ပေးဆပ်ခြင်းတွေ၊ ရယူခြင်းတွေကို အပြိုင်လွန်ဆွဲနေကြပြီး အတ္တချစ်နဲ့ အတ္တမဲ့ချစ်ခြင်းမေတ္တာအားဖြင့် ခွဲခြားနေရပြန်ပါတယ်။ မိဘအပေါ်ထားတဲ့ချစ်မေတ္တာ၊ သားသမီးတွေပေါ် ထားတဲ့ချစ်မေတ္တာ၊ ခင်မင်ရာ သူငယ်ချင်းမိတ်ဆွေအပေါ်ထားတဲ့ ချစ်မေတ္တာ၊ သမီးရည်းစားပေါ် ထားတဲ့ချစ်မေတ္တာ၊ အိမ်ထောင်ဘက်ပေါ်ထားတဲ့ ချစ်မေတ္တာ စသဖြင့် ခွဲခြားကွဲပြားနေကြတာကို တွေ့မိပါတယ်။ ဒါတွေဟာ ငြင်းလို့မရအောင် ကျနော်တို့ဘ၀၊အသိုင်းအ၀ိုင်းမှာ လက်တွေ့ဖြစ်နေပါတယ်။ သို့သော်လည်း . . . သို့သော်လည်း. . . ချစ်ခြင်းမေတ္တာဆို တစ်ခုတည်းရှိပါတယ်။ ဒီမေတ္တာဟာ ဘုရားသခင်ဆီမှာ ဗဟိုရ်တည်ပြီး ဖန်ဆင်းခြင်းအားလုံးကို ဖြစ်တည်စေခဲ့တယ်။ လူ့အဖြစ်ကို ယူစေခဲ့တယ်။ ကယ်တင်ခြင်းအတွက် ယဇ်ပူဇော်ရာဖြစ်စေခဲ့တယ်။ ကားတိုင်ပေါ်မှာ အပြစ်မဲ့သည့်တိုင်အောင် စတေးခံခဲ့တယ်။

ဒါကြောင့် ကျနော်တို့ ခရစ်တော်နောက်လိုက်များအတွက် မေတ္တာတရားဆိုတာ သိပ်ကို ရှင်းလင်းပြတ်သားပါတယ်။ ဘုရားသခင်ထံမှာ ဗဟိုရ်ပြု၍ ပေးဆပ်ခြင်းမှာအရင်းတည်ကာ စိတ်နှလုံးပျော်ရွှင်စေတဲ့ အရာပါပဲ။ ကားတိုင်ကဲ့သို့သော ဒုက္ခတရား၊ အတားအဆီးတွေ ရှိနေလျှင်ပင် ထိုဒုက္ခတရားပေါ်ကို ဖြတ်ကျော်ကာ ပေးဆပ်နေတဲ့ မေတ္တာဖြစ်ပါတယ်။ (ဥပမာ- ခိုင်မာတဲ့မေတ္တာစစ်ဖြင့် ချစ်မြတ်နိုးတဲ့ ချစ်သူနှစ်ဦးကိုပင် သာဓကမြင်မိပါတယ်။ ဒုက္ခတွေ အတားအဆီးတွေ အမြောက်အများပါလို့ ဘေးလူတွေမြင်တွေ့ပြောဆိုကြသော်လည်း မိမိတို့ရဲ့ခိုင်မာတဲ့မေတ္တာစစ်နဲ့ ဖြတ်ကျော်အောင်နိုင်နေကြတာ တွေ့မိပါတယ်။) ဒါကြောင့် အပြင်ပန်းအားဖြင့် ဒုက္ခခံရတယ်လို့ ယူဆရပေမယ့် အမှန်စင်စစ် စိတ်နှလုံးပျော်ရွှင်စေပါတယ်။ ဒီ့အတွက်ပင် ယေဇူးခရစ်တော်က ပုံစံနမူနာကောင်းအဖြစ် ဘ၀တလျှောက်လုံးအပြင် သူ့ဘ၀သူ့အသက်နဲ့ရင်းပြီး - မိမိမိတ်ဆွေများအဖို့ မိမိအသက်ကိုစွန့်လွှတ်သောချစ်ခြင်းမေတ္တာထက် ကြီးမြတ်သောချစ်ခြင်းမေတ္တာမရှိ။-ဆိုသည်ကို သက်သေပြ၊ လမ်းပြကာ သွန်ထားခဲ့ပါတယ်။

ခရစ်တော်၏တရား၊ ခရစ်ယာန်တို့ရဲ့ ကျင့်စဉ်ဟာ မြင့်မြတ်သန့်ရှင်းလှပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာ ခရစ်ယာန်တိုင်းအတွက် ကော်ရိန်သုသြ၀ါဒစာ ပထမစောင်တွင် သံပေါလူးမိန့်ဆိုသလိုပဲ -
ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲစိတ်ရှည်၍ ကြင်နာသနားတတ်၏။
ချစ်ခြင်းမေတ္တာသည် မနာလိုခြင်းမရှိ၊ ၀ါကြွားခြင်းလည်းမရှိ။-၎င်းမာန်မာနမရှိသကဲ့သို့ ရိုင်းပြမှု့လည်းမရှိ။
ချစ်မြင်းမေတ္တာသည် ကိုယ်ကျိုးကိုမရှာတတ်၊ အမျက်ဒေါသမထွက်တတ်၊ အငြိုးအတေးလည်းမထားတတ်။
ချစ်ခြင်းမေတ္တာသည် မကောင်းသောအမှု့ဝမ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရားမူဝမ်းမြောက်တတ်၏။
ချစ်ခြင်းမေတ္တာသည် အရာရာကိုခံထားနိုင်၏။ အရာအားလုံးကို ယုံကြည်၏။ အရာအားလုံးကို မျှော်လင့်၏။ အရာအားလုံးကိုလည်း ကြံ့ကြံ့ခံနိုင်၏။
ချစ်ခြင်းမေတ္တာသည် အဆုံးမရှိ။ (ပ-ကော်ရိန် ၁၃း၎-၈)

ချစ်စွာသောဓမ္မမိတ်ဆွေများခင်ဗျာ။ ခရစ်ယာန်တို့၏ ရိုးရှင်းပြတ်သားလှတဲ့ ချစ်ခြင်းမေတ္တာအားဖြင့် အသက်ရှင်နေထိုင်ခြင်းသည်သာလျှင် ခရစ်တော်၏တပည့်အစစ်အမှန်များဖြစ်စေသလို၊ ဘုရား၏စစ်မှန်သော သားသမီးများဖြစ်စေပါတယ်။ ထို့အပြင် ဤသို့ အသက်ရှင်နေထိုင်ခြင်းဟာ ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ထင်ရှားစေရာဖြစ်ပြီး မိမိတို့ကိုယ်တိုင်လည်း ဘုရားရဲ့ဘုန်းဂုဏ်တော်မှာ ပါဝင်ရှင်သန်သူများအဖြစ် ထင်ရှားစေပါတယ်။ ဒီတော့ ခရစ်တော်မိန့်မှာသလိုပဲ -ငါသည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်းအချင်းချင်းချစ်ကြလော့။-ဆိုသော မြတ်သော တရားလမ်းညွှန်ချက်ကို ထိုက်တန်သည်ဟုယုံကြည်လျှင် ယခုတဒင်္ဂကြားနာရုံနဲ့ အပြီးမသတ်ဘဲ ဘ၀တလျှောက်လုံးထိ လျှောက်လှမ်းရာကျင့်စဉ်လမ်းဖြစ်စေပါ။ အချင်းချင်းမေတ္တာတရားပွားများကာ ဘုရားသခင်၏ဘုန်းဂုဏ်တော်လည်း ကျနော်တို့တစ်ဦးချင်းစီတိုင်းပေါ်မှာ ထွန်းတောက်စေတော်မူပါ။

ဒိုမီနီကန်ကိုရင်

#Dominicankoyin

Sunday, 17 April 2016

စတုတ္ထပါစကားတနင်္ဂနွေနေ့


ငါ၏သိုးတို့သည် ငါ့အသံကိုနားထောင်ကြ၏။ ငါသည်သူတို့ကိုသိ၍ သူတို့သည်လည်း ငါ့နောက်သို့လိုက်ကြလေ၏။ ...ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်းဖြစ်၏။ (သံယောဟန် ၁၀း၂၇-၃၀)

ယေဇူးသခင်ပေးခဲ့သည့် သိုးထိန်းကောင်းပုံဥပမာဟာ အဓိပ္ပာယ်နက်ရှိုင်းသလို တဖက်မှာလည်း သဘောပေါက်လွယ်စေလွန်းလှပါတယ်။ မိမိကိုယ်ကို ကောင်းသောသိုးထိန်းအဖြစ် ခိုင်းနှိုင်းကာ ဘုရားသခင်ရဲ့ မေတ္တာ၊ ဂရုဏာတရားနှင့် ဂရုစိုက်မှု့တွေကို လွယ်လွယ်နားလည်စေတာပါပဲ။ သို့သော်လည်း တဖက်မှာလည်း သိုးစုခွဲခြားထားတဲ့သတိပေးစကားလည်း ရှိနေပါတယ် - ငါ၏သိုးတို့သည် ငါ့အသံကို နားထောင်ကြပြီး ငါ့နောက်သို့လိုက်ကြလေ၏ ဟုဆိုကာ ယုံကြည်သူနောက်လိုက်တစ်စုကို ရည်ညွှန်းပြနေတာကို မြင်သာစေပါတယ်။

သိုးကျောင်းသားဘ၀နှင့် နားလည်ရင်းနှီးသူဆိုလျှင် ဤပုံဥပမာကို ချက်ချင်းသဘောပေါက်ပါတယ်။ သို့သော်လည်း ကျနော်အပါအ၀င် မြန်မာလူမျိုးများအတွက် သိုးကျောင်းသိုးမွေးခြင်းမှာ ရှားပါးလှသည့်အတွက် နားလည်ရခက်နေနိုင်ပါတယ်။ ယေဇူးခရစ်တော်အသက်တော်ရှင်နေထိုင်ခဲ့သည့် အရပ်ဒေသ (အရှေ့အလယ်ပိုင်းဒေသ)မှာတော့ သိုးကျောင်းတာဟာ နိစ္စဓူဝ၊ နေ့စဉ်လုပ်နေကျ အလုပ်တစ်ခုမို့ သိုးထိန်းဟုပြောလိုက်ရုံနဲ့ ချက်ချင်းသဘောပေါက်ကြပါတယ်။ သိုးတွေဟာ အလွန်အပြစ်ကင်းတဲ့ သတ္တ၀ါတွေလို အမွန်းတင်ရလောက်အောင် ရိုးရှင်းတဲ့ သတ္တ၀ါတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို စားဖို့ ချောင်းမြောင်းနေတဲ့သတ္တ၀ါများစွာ ၀န်းရံနေပါတယ်။ ဒီတော့ သိုးကျောင်းသားဟာ သိုးကျောင်းသည့်အခါ အလွန်အရေးကြီးပါတယ်။ သိုးတွေကို ကာကွယ်ပေးဖို့ ရဲရင့်ရတယ်၊ သတ္တိရှိရတယ်၊ အသက်ပေးဝံ့ရတယ်၊ ဘ၀ကိုမြုပ်နှံပြီးတော့ကို အချိန်ပေးစောင့်ရှောက်ရတယ်။ သိုးကျောင်းသားဘ၀ကို အမှန်တကယ်နှစ်သက်မြတ်နိုးနိုင်မှ သိုးကျောင်းသားဘ၀ကို ခံယူမှဖြစ်ပါတယ်။ သိုးတွေဟာ ၎င်းတို့သိုးထိန်းကို သိလာသည့်နှင့်အမျှ အခြားဘယ်မှ မလိုက်ကြတော့ဘူး။ အဲဒီလိုသိလာအောင်လည်း သိုးကျောင်းသားတစ်ဦးဟာ နေ့ရက်၊ လ၊ နှစ် အချီချီ အချိန်ပေး အနွံတာခံပြီး အရောတ၀င်လုပ်လာပြီးမှ အောင်မြင်ပါတယ်။ သိုးကျောင်းသားအတွက် သိုးတွေကို ရင်းနှီးခင်မင်လာအောင် မိမိကိုသိုးထိန်းမှန်းသိလာအောင် ခြောက်လှန့် ထိန်းကျောင်းလို့မရပါ။ နှလုံးသားအရင်းခံပါမှ ဖြစ်ပါတယ်။ ဒါကြောင့် တနည်းအားဖြင့် နှလုံးသားအရင်းခံပြီး မေတ္တာရောင်ပြန်တဲ့ ရင်းနှီးကျွမ်းဝင်မှု့ကို ရရှိလာတယ်ဟု ဆိုရပါလိမ့်မယ်။

ဤသို့သောလက်တွေ့သိုးကျောင်းသားဘ၀ကို သာဓကထားကာ သမ္မာကျမ်းစာတော်တလျှောက် ဓမ္မဟောင်းဓမ္မသစ်မှာ ခေါင်းဆောင်ကောင်းတွေကို သိုးထိန်းနှင့် ခိုင်းနှိုင်းလေ့ရှိပါတယ်။ ဥပမာ-အာဗြရာဟံ၊ ဣဇာတ်၊ယာဂုတ်၊ မိုးဇယ်၊ ဒါဝိတ် အစရှိသည့် သူရဲကောင်းကြီးများသည် သိုးထိန်းကောင်းများပင် ဖြစ်ပါတယ်။ ဓမ္မသစ်မှာလည်း ခရစ်တော်သည် မိမိကိုယ်တိုင် သိုးထိန်းနှင့် ခိုင်းနှိုင်းထားပါတယ်။

သိုးထိန်းအသံဆိုတာ ကျနော်တို့ခရစ်ယာန်များအတွက် ခရစ်တော်၏အသံပင်ဖြစ်ပါတယ်။ ခရစ်တော်၏အသံဆိုသည်မှာလည်း ထာဝရဘုရားသခင်ကိုယ်တော်တိုင်၏အသံပင် ဖြစ်ပါတယ် (ခမည်းတော်နှင့် ငါသည် တလုံးတ၀တည်းဖြစ်၍ တစ်ဆူတည်းဖြစ်ပေသည်)။ သိုးထိန်းအသံမှာ (၁) သူ့အားယုံကြည်ရန်၊ (၂) သူအား ကိုယ်ရောစိတ်ပါ ချစ်ရန်နှင့် (၃) မိမိနှင့်နီးစပ်သူများအား မိမိကိုယ်ကိုချစ်သကဲ့သို့ချစ်ရန်ပင် ဖြစ်ပါတယ်။ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏အသံ (ဘုရား၏အသံ)ကို ကြားနိုင်ဖို့ စွမ်းရည်ပေးပါတယ်။ ထိုစွမ်းရည်အားဖြင့် ယုံကြည်ပြီး ယုံကြည်ရခြင်းသည်ပင် ချစ်မြတ်နိုးရာအကြောင်းဖြစ်စေပါတယ်။ ဘုရားကို ချစ်မြတ်နိုးခြင်းသည်လည်း မိမိနှင့်နီးစပ်သူများအား မိမိကိုယ်တိုင်ကဲ့သို့ ချစ်မြတ်နိုးစေရာ အကြောင်းဖြစ်စေပါတယ်။ ဒါဟာ ပြည့်စုံတဲ့ ခရစ်ယာန်ဘ၀အသက်တာပါပဲ။

ဤသိုးထိန်းအသံ (ခရစ်တော်အသံ)ဟာ အတုမရှိသောအသံဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မိန့်ဆိုပါတယ်။ ဆက်လက်၍ - အကယ်၍ ၎င်းအသံကို ကျနော်တို့လေ့လာခွဲခြားကြည့်လျှင် ကိုယ်တော်ဟာ ရှင်သန်ခြင်းအသက်တာဆီသို့ ကျနော်တို့အားဦးဆောင်လမ်းပြနေပါတယ်။ ထိုရှင်သန်ခြင်းအသက်တာမှာ သေခြင်းတရားကိုပင် ကျော်လွန်ပြီး ကောင်းကင်သုခထိအောင် လမ်းပြနေပါတယ်။ ကျနော်တို့ဘ၀၊ ကျနော်တို့နှလုံးသားတမ်းတနေတဲ့လမ်းစဉ်ပါပဲ။ ကိုယ်တော်ခေါ်နေတာကို ကြားချင်နေတာပါ။ ဒါကြောင့် လိုက်ကြည့်တယ်. . .လိုက်ကြည့်တယ်...နောက်ဆုံး ကိုယ့်ကိုယ်တိုင် ၎င်းအသံ၏ဦးဆောင်မှု့အောက်မှာ လုံခြုံစိတ်ချ ပျော်ရွှင်ချမ်းမြေ့စွာလိုက်နေပါတော့တယ်။

ကျနော်တို့တတွေ သူ့အသံ (သိုးထိန်းသံ)ကို ကြားကြပြီလား။ မာသာရ်ထရေဇားဟာ ရထားဘူတာတစ်ခုမှာ အလွန်ရေငတ်နေတဲ့ ဆင်းရဲသားအဖိုးအိုကြီးမှ “ကျွန်တော်ရေငတ်တယ်”ဟု အော်ရာမှ ခရစ်တော်၏အသံကို ကြားခဲ့ရတယ်။ သူမဘ၀ကို ဆင်းရဲနုံချာသူများ၊ စွန့်ပစ်ခံများ၊ အားနည်းသူများအကြားမှ သိုးထိန်အသံအတိုင်း လိုက်လျှောက်ရင်း ဘ၀ကို ကျေနပ်စွာဖြတ်သန်းခဲ့တယ်။ ယနေ့ ကျနော်တို့ကမ္ဘာမှာ၊ ပတ်ဝန်းကျင်မှာ ဒီလိုဆင်းရဲသားတွေ၊ အားနည်းသူတွေ၊ အပယ်ခံတွေ အများကြီးရှိနေပါသေးတယ်။ သိုးထိန်းအသံကို ကြားရလျှင် သင်နားထောင်ကြည့်ပါ။ အငယ်ဆုံးသော ငါ၏ညီအစ်ကို သင်ဆက်ဆံလျှင် ငါ့ကို သင်ဆက်ဆံ၏ (မာတေဦး ၂၅း၄၀)။

ဒါတွေလုပ်လို့ ဒါတွေလုပ်တော့ ဘာအကျိုးရမလဲ။ သင့်နှင့်ကျနော့်အတွက် အနာဂတ်မျှော်လင့်ချက် အာမခံချက်တွေကို ဒီလို ဂရုဏာလုပ်ရပ်တွေ၊ မေတ္တာသဒါတရားတွေ ဖော်ဆောင်ခြင်း ရရှိနိုင်ပါတယ်။ ပထမဆုံး ခရစ်တော်ပေးသည့် အာမခံချက်မှာ ထာဝရအသက်ရှင်ခြင်းဖြစ်ပါတယ်။ ထာဝရအသက်ရှင်ခြင်းကို သင်နှင့်ကျနော်တို့ မည်သို့နားလည်ကြပါသလဲ။ ယနေ့လူ့လောကမှာ အသက်ရှင်တဲ့ပုံစံကြီးနဲ့တော့ ဘယ်သူမှ ထာဝရအသက်ကို လိုချင်မည်မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီကမ္ဘာဒီလောကမှာ အသက်ရှင်ရတာ မကြာခဏသေဆုံးနေရတယ်။ ဝေဒနာတွေ ခံစားနေရတယ်။ အပြစ်အနာအဆာတွေ များလွန်းတယ်။ စိတ်ဓါတ်တွေကျကာ ဘ၀တွေ မကြာခဏသေနေရတယ်။ . . . ခရစ်တော်ပေးသည့် ထာဝရအသက်ရှင်ခြင်းမှာ အသက်ရှင်ဖို့ထိခိုက်မည့်အရာ ဝေဒနာတစ်ခုမှ ရှိမည်မဟုတ်တော့ပါ။ သင်အလိုရှိလျှင် သင်မျှော်လင့်နိုင်ပါတယ်။ မျှော်လင့်ဖို့ ယုံကြည်ရမယ်။ သိုးထိန်းအသံကို နားထောင်ရမယ်။ မဟုတ်ရင်တော့ ကျွန်ုပ်တို့ကို ၀ါးမျိုမည့်ရန်သူတွေက ၀န်းရံနေဆဲဆိုတာ မမေ့ပါနဲ့။ ဤဘ၀၌လည်း တရားလမ်း၌နေထိုင်အသက်ရှင်ခြင်းသည် ဘေးရန်ကင်းဝေး ငြိမ်းချမ်းသုခ ပြည့်စုံတဲ့ ဘ၀ဖြင့် ရှင်သန်ရပါလိမ့်မယ်။

ကျနော်တို့အားလုံး သိုးထိန်းတော်နှင့် အပြည့်အ၀ဆက်နွယ်ပေါင်းစပ်ကာ သိုးထိန်းအသံကို ကြားနိုင်ကြပါစေ။

ဒိုမီနီကန်ကိုရင်
#Dominicankoyin

Saturday, 9 April 2016

တတိယမြောက်ပါစကားတနင်္ဂနွေနေ့


သံယောဟန် ၂၁း၁-၁၉

ကျနော်တို့ ယနေ့ဖတ်ရှု့ကြားနာကြရတဲ့ သံယောဟန်ကျမ်း (၂၁း၁-၁၉)တွင် ငါးဖမ်းခြင်းလုပ်ငန်းကို ပြန်လည်လုပ်ကိုင်နေကြတဲ့ တပည့်တော်ကြီးအချို့ကို ယေဇူးသခင်မှ ထင်ရှားပြတော်မူသည့်အကြောင်းပင် ဖြစ်ပါတယ်။ ဤအဖြစ်ပျက်မှာ သံလုကာ(၅း၁-၁၁)မှ ပထမဆုံးသော တပည့်တော်ကြီးများကိုခေါ်တော်မူသည်နှင့် တူလှပါတယ်။ သို့သော်လည်း မတူတာကတော့ ခရစ်တော်သခင် အသက်ရှင်စဉ် မိမိနောက်လိုက်တပည့်တော်ကြီးများကို ခေါ်ခဲ့ပြီး ယခုအခါမှာမူ ထိုတပည့်တော်ကြီးများအား ယုံကြည်ခြင်းအားနည်းနေချိန် မိမိ၏ရှင်ပြန်ထမြောက်ခြင်းဟာ အမှန်တကယ်ဖြစ်ကြောင်း သက်သေပြရင်း မိမိကိုလည်း ထိုတပည့်တော်ကြီးများ ဘယ်လိုဘယ်ပုံနဲ့ မှတ်မိနိုင်သလဲဆိုတာပါပဲ။ တကယ်ပါဘဲ ရှင်ပြန်ထမြောက်တော်မူသော မိမိတို့ဆရာသခင်ကို တပည့်တော်ကြီးတို့ ချက်ချင်းမမှတ်မိကြပါဘူး။ ဘာကြောင့်လဲ။ ဘာကြောင့်လဲ

ကျနော်တို့အလွယ်တကူနားလည်နိုင်ပါတယ်။ ဖြစ်ပျက်ထားတဲ့ ခရစ်တော်ရဲ့ဒုက္ခစရိယာနှင့် သေခြင်းကြောင့် တပည့်တော်ကြီးတွေဟာ အကြောက်တရားအောက်တွင်ရှင်သန်နေရပြီး မိမိတို့ဆရာလည်း သေသွားခဲ့ပြီဆိုသည့်အတွေးဖြင့် မျှော်လင့်ချက်တို့လည်း ကင်းမဲ့နေတဲ့အချိန်ဖြစ်ပါတယ်။ မိမိဘ၀တလျှောက် သေသွားခဲ့သူ ပြန်ရှင်တဲ့ဆိုတာ တခါမှမရှိခဲ့၊ မကြုံခဲ့ဖူးတဲ့ တပည့်တော်ကြီးများအတွက် ယေဇူးသခင် ရှင်ပြန်ပြီး သူတို့ဆီပြန်လာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဘယ်လို ယုံကြည်မှု့မျိုးနဲ့ လက်ခံလိုက်ရမှာလဲ။ ယနေ့ ခရစ်ယာန်အချို့နှင့် လူပေါင်းများစွာအတွက်လည်း ရှင်ပြန်ထမြောက်ခြင်းဟာ မဖြစ်နိုင်၊ မယုံနိုင်စရာအခြေနေမှာ ရှိနေဆဲဖြစ်ပါတယ်။ တချို့ကလည်း ယေဇူးခရစ်တော်ဟာ ရူပါရုံအဖြစ်သာ ပြခဲ့တာပါဟု ဆိုကြပါတယ်။ သို့သော်လည်း . . . သို့သော်လည်း ယေဇူးသခင်ရှင်ပြန်ထမြောက်ပြီးနောက် တွေ့ဆုံခဲ့ကြရတဲ့ တပည့်တော်ကြီးတိုင်းကတော့ ကိုယ်တော်သည် ရူပါရုံပြခဲ့ခြင်းမဟုတ်ဘဲ အမှန်တကယ် ရုပ်ခန္တာနဲ့ ထိတွေ့ခဲ့ရကြောင်း သက်သေခံထားကြပါတယ်။

ယနေ့ ကျနော်တို့အတွက် ယုံကြည်ခြင်းမှာ အဟန့်အတားများစွာနဲ့ သံသယဖြစ်စေတဲ့ အကြောင်းတွေ အများကြီးရှိနေတာတော့ အမှန်ပါပဲ။ သို့ပေမယ့်လည်း သံသယဖြစ်တိုင်း၊ အဟန့်အတားတွေ ရှိတိုင်း ကျနော်တို့မျှော်လင့်ချက်တွေကို အပျက်စီးခံမယ်ဆိုလျှင် မှားယွင်းသွားနိုင်ပါတယ်။ တခါတရံ ဒီအတားအဆီးတွေကလည်း မိမိတို့ယုံကြည်ခြင်းကို ပြန်လည်အသက်ဝင်လာဖို့ စိန်ခေါ်ဖိတ်ခေါ်သလို ဖြစ်စေပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ကိုယ်ယုံကြည်ရာကို မျက်မမြင်တဇွတ်ထိုးယုံတာမဟုတ်တော့ဘဲ မိမိသြတ္တပစိတ် အသိဉာဏ်နဲ့ စဉ်းစားတွေးခေါ်ခံယူနိုင်စေပါတယ်။ ပုစ္ဆာတစ်ပုဒ်ရှိခဲ့လို့ အဖြေမှန်ရအောင် တွက်လိုက်တဲ့သဘောပါပဲ။ ထိုကြောင့် မိမိရဲ့ယုံကြည်ခြင်းကို အမြဲတမ်းစဉ်းစားတွေးခေါ်ပြီး အသက်သွင်းပါ။ ယုံကြည်ခြင်းဆိုတာ မိမိရဲ့အသိဉာဏ်ပိုင်းဆိုင်ရာ၊ စိတ်ဆန္ဒပိုင်းဆိုင်ရာ၊ စိတ်လှုပ်ရှားမှု့ဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ပညာသုတဆိုင်ရာ၊ခန္တာပိုင်းဆိုင်ရာ၊ ရူပါရုံအထိအတွေ့တို့ဆိုင်ရာ စသည့်အဆင့်ဆင့်တွေမှာ ဆုံးဖြတ်မြုပ်နှံမှု့တစ်ခုပါ။ ထိုသို့ ဆုံးဖြတ်မြုပ်နှံပြီး လုပ်ဆောင်အသက်ရှင်သန်ခြင်းဟာ မိမိယုံကြည်ခြင်း၏ လုပ်ရပ်သက်သေတွေပင်ဖြစ်ပြီး ပေါ်လွင်စေပါတယ်။ 

ယုံကြည်ခြင်းမှာ အားနည်းတိုင်းလည်း ပြန်လည်အင်အားယူဖို့ ဖိတ်ခေါ်မှု့အမြဲတမ်းရှိပါတယ်။ ဘ၀ဟာ ဖိတ်ခေါ်မှု့ပေါင်းများစွာနဲ့ မျှော်လင့်ချက်ပေးရှင်သန်စေပါတယ်။ ယနေ့ကျမ်းစာဒုတိယပိုင်းမှာလည်း ခရစ်တော်ဟာ ယုံကြည်ခြင်းအားနည်းပြီး မျှော်လင့်ချက်မဲ့နေသည့် တပည့်တော်ကြီးတွေကို ပြန်လည်ဖိတ်ခေါ်ခဲ့သည် ဒုတိယမြောက်ခေါ်တော်မူခြင်းကို တွေ့မြင်နိုင်ပါတယ်။ ပထမခေါ်တော်မူခြင်းကို သတိရဦးမည်ဆိုလျှင်ဖြင့် (သံမာတေဦး ၄း၁၈-၂၂)မှာ ပထမဦးဆုံးတပည့်တော်ကြီးများကို ခေါ်ယူခဲ့သည့် ပုံစံနှင့် ယခုတဖန်ခေါ်ဆိုခဲ့သည့် ပုံစံတူနေပါတယ်။ ထိုပထမခေါ်တော်မူခြင်းမှာ တပည့်တော်ကြီးများအား လူကိုဖမ်းသော တံငါသည်များဖြစ်စေမည်ဟု မိန့်ဆိုခဲ့ပြီး ယခုတဖန်မှာတော့ ကိုယ်တော့်ကိုချစ်လျှင် ကိုယ်တော်၏သိုးများကို ထိန်းသိမ်းစောင့်ရှောက်ဖို့ မိန့်မှာနေပါတယ်။ သိုးတွေဆိုသည်မှာ သိုးထိန်းကိုသိပြီး ထိုသိုးထိန်း၏နောက်ကိုသာ တစိုက်မတ်မတ်လိုက်တတ်သည့် သတ္တ၀ါများပင် ဖြစ်ပါတယ်။
ထိုကြောင့် ဒီနေ့ အဘယ်သူဟာ သိုးတွေကို စောင့်ရှောက်သူဖြစ်ပြီး အဘယ်သူတွေဟာ သိုးများဖြစ်နေပါသလဲ။ 

အသင်းတော်ဟာ သိုးထိန်းဖြစ်ပြီး ခရစ်တော်ကိုယ်စား သိုးများဖြစ်သည့် ဘာသာဝင် ညီအစ်ကိုများကိုသာမက အခြားသော ဘုရားသခင်နှင့်ဆိုင်ရာ သိုးများစွာကို စောင့်ရှောက်ထိန်းသိမ်းပေးဖို့ အပ်နှံခံပါတယ်။ ဒါကြောင့် အသင်းတော်ဟာ ကျွန်ုပ်တို့အတွက် အလွန်အရေးကြီးပါတယ်။ အသင်းတော်မှာ ဘုရားဇာတိ လူ့ဇာတိနှစ်ခုလုံးကို ပေါင်းစပ်ဖွဲ့စည်းထားသည်ဖြစ်၍ ကျွန်ုပ်တို့တတွေဟာ နားလည်တတ်ရပါမယ်။ ထို့အပြင် ကျွန်ုပ်တို့ကိုယ်တိုင်ဟာလည်း ဆေးကြောခြင်း၌ ခရစ်တော်၏တပည့်နောက်လိုက်များဖြစ်သည့်အလျောက် တနည်းတဖုံ သိုးထိန်းလေးများဖြစ်လာခဲ့ကြသောကြောင့် တနိုင်တအား သိုးများထိန်း သိမ်းစောင့်ရှောက် ရပါလိမ့်မယ်။ 

မိတ်ဆွေ။ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို အဘယ်မှာ မြုပ်နှံထားပါသလဲ။ ကော်လောဆေသြ၀ါဒမှာတော့ သံပေါလူးက ကျွန်ုပ်တို့အား "အထက်အရပ်၌ရှိသော အရာများတွင်" ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကို မြုပ်နှံဖို့ အားပေးတိုက်တွန်းထားပါတယ်။ စဉ်းစားထောက်ရှု့၍ ယုံကြည်ခြင်းမှာ ရပ်တည်နိုင်ပါစေ။


ဒိုမီနီကန်ကိုရင်

Saturday, 2 April 2016

ဒုတိယပါစကားတနင်္ဂနွေနေ့


သံယောဟန် ၂၀း၁၉-၃၁
“ကျွန်ုပ်၏သခင်၊ ကျွန်ုပ်၏ဘုရား”

ခရစ်ယာန်တို့အတွက် ပါစကားပွဲတော်ဆိုတာ ခရစ်တော်သခင် ဘုရား၏သိုးငယ်တော်၏ ရှင်ပြန်ထမြောက်ခြင်းဖြစ်၍ ဤပါစကားသည် ကျနော်တို့၏ အဓိကယုံကြည်ခြင်းသော့ခ်ပင်ဖြစ်၍ အလင်းတရား၏ခွန်အားကြီးလည်းဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဒီနေ့ကျမ်းစာတော်မြတ်ကို တရားမထောက်ရှု့ခင်မှာပဲ သမ္မာကျမ်းစာကို အရင်မှတ်သားကြည့်ဖို့ကောင်းပါတယ်။

ယေဇူးခရစ်တော်၏ ဒုက္ခစရိယာ၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့အဖြစ်အပျက်များဟာ အလျှင်အမြန်ဖြစ်ပျက်သွားခဲ့ပြီ။ တပည့်တော်ကြီးတို့တတွေလည်း ဂျူးလူမျိုးတို့၏ဒေါသအရှိန်ကို ကြောက်ရွံ့နေဆဲဖြစ်သလို ခရစ်တော်ဆရာသခင်အားယုံကြည်ခဲ့သည့် မိမိတို့ကိုယ်တိုင်၏ ယုံကြည်ခြင်းမှာ ဘယ်ဆီဘယ်ပျောက်နေမှန်းကို မသိတော့တဲ့အချိန်ပင်ဖြစ်ပါတယ်။ ဒီအချိန်ဟာ တပည့်တော်ကြီးတို့အတွက် အလွန်ပင်အရေးကြီးသလို ယေဇူးခရစ်တော်အတွက်လည်း လူသားများအားကယ်တင်ဖို့ရန် သာသနာပြုလုပ်ငန်းအစမှာ အလွန်အရေးပါ-ပါတယ်။ ထိုကြောင့် ခရစ်တော်ဟာ တပည့်တော်ကြီးများကို စွန့်ပစ်မထားခဲ့ဘဲ ယုံကြည်ခိုင်မြဲဖို့ ဘ၀သစ်အတွက် အသက်သွင်းပေးရင်း တပည့်တော်ကြီးများထံသို့ ရှင်ပြန်ထမြောက်ပြီး ကြွလာခဲ့ပါတယ်။ မိမိ၏ရှင်ပြန်ထမြောက်ခြင်းဟာ အမှန်အကန်ဖြစ်ကြောင်း သက်သေပြရင်း သူ၏နံဘေးတော်မှ ဒဏ်ရာတော်ကို သံသယရှိနေသူအားပြသခဲ့ပါတယ်။ တပည့်တော်ကြီးများ အလွန်ပျော်ရွှင်သွားခဲ့ရပါတယ်။ ယုံကြည်ခြင်းတို့ အသက်ဝင်လာတယ်။ ခမည်းတော်သည် သားတော်ကိုစေလွှတ်သကဲ့သို့ သားတော်သည် တပည့်တော်ကြီးများကို စေလွှတ်မည်ဟု ဆိုကာ ကယ်တင်ခြင်းသာသနာပြုဖို့ အဆင်သင့်ဖြစ်စေခဲ့ပါတော့တယ်။
ယခုကျွန်ုပ်တို့တတွေအတွက် ကျနော်တို့ရဲ့ယုံကြည်ခြင်းဆိုတာ ဘာလဲ။ အခြားသူကို သာသနာပြုဖို့နောက်ထား မိမိတို့ကိုယ်တိုင်အတွက်ပင် ထိုယုံကြည်ခြင်းရဲ့ အဓိပ္ပာယ်ကို ရှင်းလင်းနေဖို့ လိုအပ်ပါတယ်။ ယုံကြည်ခြင်းဆိုသည်မှာ-

ပထမဦးဆုံး ဝေါဟာရနှစ်ခုကို ခွဲခြားသုံးသပ်ရပါလိမ့်မယ်။ ထိုဝေါဟာရနှစ်လုံးမှာ ယုံခြင်း (belief) နှင့် ယုံကြည်ခြင်း(faith) ပင်ဖြစ်ပါတယ်။ ယုံခြင်းဆိုသည်မှာ အကြောင်းအရာတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးတွင် သာမာန်ယုံလိုက်ခြင်းသာဖြစ်၍ သူ၏တုန့်ပြန်မှု့မှာ အေးအေးဆေးဆေးရှိပေလိမ့်မယ်။ ဥပမာ- သြော်၊ သူပြောတာဟုတ်မှာပါ။ အဲဒါမှန်လောက်ပါတယ်။ စသည့်အေးစက်စက်အတုန့်အပြန်သာရှိပါတယ်။ သို့သော်လည်း ယုံကြည်ခြင်းဆိုတာကတော့ ၎င်းယုံခြင်းထက် ပိုမိုပြင်းထန်ပြီးခွန်အားများစွာပါဝင်နေတယ်။ ထိုကြောင့် အတုန့်အပြန်မှာလည်း ပြင်းထန်ပေလိမ့်မယ်။ မိမိယုံကြည်ရာကို လုပ်တတ်သည့်ပုဂ္ဂိုလ်အတွက် ဒါကိုပို၍သဘောပေါက်လွယ်ပါလိမ့်မယ်။ ဥပမာ- ဟုတ်တယ်-အဲဒါမှန်တယ် အဲဒီအတိုင်းငါလုပ်ရမယ်။ အဲဒီအတိုင်းငါနေထိုင်ရမယ်- စသည့်ခွန်အားများပါဝင်ရှိနေပါတယ်။ ထိုဝေါဟာရနှစ်ခုလုံးဟာ ကျနော်တို့လူသားများ၏ အသိဉာဏ်နှင့်တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒီအတွက်ကြောင့် မိမိယုံကြည်လိုက်သည့်အရာတစ်ခုခုဟာ မိမိရဲ့အသိဉာဏ် (သြတ္တပစိတ်)နှင့် တသားတည်းလက်မခံနိုင်ခဲ့လျှင် တချိန်ချိန်မှာ မိမိစိတ်ပင် ဒွဟဖြစ်လာပြီး ပြသနာတက်လာနိုင်ပါတယ်။ ထိုကြောင့် စိန်သောမတ်အကွိုင်နက်စ်ပြောသလိုပဲ- ယုံကြည်ခြင်းနှင့် ဆင်ခြင်တုံတရား (Faith and Reason) အမြဲတမ်းအတူတူယှဉ်တွဲသွားနေဖို့လိုအပ်ပါတယ်။ ဒါဟာ သိပ္ပံနည်းလမ်းကျကျ ယုံကြည်လိုက်ခြင်းပင် ဖြစ်ပါတယ်။ ထိုကြောင့် ယုံကြည်ခြင်းဘ၀ခရီးဆက်ရာမှာ ဘ၀လမ်းဖြောင့်ဖြူးပေပါလိမ့်မယ်။

ပါစကားပွဲရဲ့ ပျော်ရွှင်ခြင်းအရသာကို ခံစားနိုင်ဖို့ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအပေါ် မိမိတို့ရဲ့ယုံကြည်ခြင်းဟာ ရှင်းလင်းနေမှဖြစ်ပါလိမ့်မယ်။ သခင်ခရစ်တော်ဟာ သူ၏ရှင်ပြန်ထမြောက်ခြင်းကို တပည့်တော်ကြီးများကို တဖြည်းဖြည်းနဲ့ ထုတ်ဖော်ပြသခဲ့တယ်။ ဒီနေ့ ကျနော်တို့ဘ၀မှာကော ခရစ်တော်ဟာ ဘယ်လိုထုတ်ဖော်ပြသနေပါသလဲဗျာ။ တပည့်တော်ကြီးတွေလို ကျနော်တို့ဘ၀ဟာ တခါတလေမှာ ယုံကြည်ခြင်းတွေပျောက်နေပြီး ကျနော်တို့တတွေအနေနဲ့ တခုခုကျရှုံးလို့ ဘ၀ပျက်ပြီလို့ ထင်တဲ့အချိန်၊ စီးပွားရေးကပ်ဆိုဒ်လို့ နလန်မထူနိုင်တော့တဲ့အခြေအနေ၊ အရှက်တရားတခုခုကြောင့် လူတောမတိုးနိုင်တော့တဲ့အခြေအနေ၊ စသဖြင့် အဆိုးဆုံးသောအခြေအနေများ အချိန်အခါများစွာ ရှိမှာပါ။ ဒီလိုအခြေနေဆိုးတွေကနေ နလန်ထူနိုင်ဖို့ ကျော်လွှားနိုင်ဖို့ ကျနော်တို့၏စစ်မှန်တဲ့ ယုံကြည်ခြင်းကသာ ကူညီပေးနိုင်ပါတယ်။ ထိုစစ်မှန်တဲ့ယုံကြည်ခြင်းကနေ မျှော်လင့်ချက်များရှင်သန်လာပြီး ဘ၀ကို မှန်မှန်ကန်ကန်ရှင်သန်ပြီး နောက်ဆုံး ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာမှာ ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်နှင့် မိတ်သဟာဖွဲ့ဖြစ်ပါလိမ့်မယ်။ ဤသည်ပင် ကျနော်တို့တတွေဟာ တပည့်တော်ကြီးသောမ လိုပဲ “ကျွန်ုပ်၏သခင်၊ ကျွန်ုပ်၏ဘုရား” ဟူပြီး ကြွေးကြော်နိုင်ပါလိမ့်မယ်။

ကိုရင် (ဒိုမီနီကန်)

Sunday, 13 March 2016

ပဉ္စမ၀ါတွင်းတနင်္ဂနွေနေ့


သံယောဟန် ၈း၁-၁၁
သွားလော့။-နောက်တဖန်အပြစ်မပြုလေနှင့်။

ဖတ်ရှု့ရသည့် ပထမကျမ်းစာတော်တွင် ထာဝရဘုရားသခင်က ဂျူးလူမျိုးတို့အား အီဂျစ်ပြည်၊ အီဂျစ်ဘုရင်လက်မှ အံ့ဖွယ်ရာများစွာပြုလုပ်ကယ်တင်ခဲ့ပြီး အတိတ်ဘ၀ရဲ့ကြေကွဲမှု့တွေကို မေ့ဖျောက်ကာ ကိုယ်တော်ရှင်ပေးမည့် အသစ်သောဘ၀မှာ ပျော်ရွှင်ကျေနပ်စေဖို့ မိန့်ဆိုတော်မူပါတယ်။ ၎င်းဖြစ်ရပ်ဟာ ဂျူးလူမျိုးတို့ရဲ့သမိုင်းမှ လက်တွေ့ဖြစ်ရပ်ကြီးပင်ဖြစ်ပါတယ်။ အလားတူ၊- ဧ၀ံဂေလိတရားတော်မှာလည်း စာရိတ္တဆိုင်ရာ၊ ၀ိညာဉ်ရေးဆိုင်ရာမှာ ပိုပြီးထောက်ပြရမည့်ဖြစ်ရပ်တစ်ခုပါပဲ။ လူအုပ်ကြီးတစ်ခုဟာ အိမ်ထောင်ရေးဖောက်ပြန်တဲ့ အမျိုးသမီးတစ်ဦးကို ယေဇူးခရစ်တော်ထံတော်သို့ ခေါ်ဆောင်လာခဲ့ကြပါတယ်။ ဥပဒေနှင့်တရားတော်ကြားမှာ ဘေးကြပ်နံကြပ်ဖြစ်စေရန် တမင်ရည်ရွယ်ကာ ဖာရီဇေဦးနှင့် ကျမ်းတတ်ပုဂ္ဂိုလ်ကြီးတွေက ၎င်းအမျိုးသမီးအပေါ် တရားစီရင်ချက်ချပေးရန် ယေဇူးသခင်ထံ တောင်းဆိုကြတယ်။ ခရစ်တော်သခင်ကတော့ တရားတော်၎င်းတို့စိတ်တွေကို သိနေသည့်အတိုင်း ပထမတော့ နှုတ်ဆိတ်နေပြီး မြေပေါ်တွင် တစ်ခုခုရေးမှတ်နေလိုက်တယ်။ သို့သော်လည်း ဆက်လက်တောင်းဆိုကြပြန်သောအခါ ခရစ်တော်သခင်က “သင်တို့တွင် အပြစ်ကင်းသူသည် ဦးစွာပထမ သူမကိုကျောက်ခဲနှင့်ပေါက်စေ” ဟုစီရင်ချက်ပေးခဲ့ပါတယ်။ ခရစ်တော်ပေးခဲ့သည့် ထိုစီရင်ချက်ဟာ ဘုရားညဏ်တော်နှင့်ပြည့်စုံလှသည်ဟု ဆိုရပါလိမ့်မယ်။ အင်မတန်မှကို နက်ရှိုင်းပြီး ဥပဒေလည်းမငြိ၊ တရားတော်လည်း ပို၍မြင်သာစေပါတယ်။ ထိုမြင်သာစေတဲ့တရားဟာ ဘယ်လိုတရားလဲ။

အမှန်တကယ်မှာ ကျနော်တို့တတွေအားလုံးဟာ အပြစ်သားတွေပါ။ ဘယ်လိုနည်းနဲ့ပဲ လှည့်ပတ်ပြောပြော ရှောင်လွဲမရတဲ့အမှန်တရားတစ်ခုပါပဲ။ အပြစ်သားအချင်းချင်းကြားမှာ မတူညီတာတစ်ချို့တော့ရှိပါတယ်။ မတူညီတဲ့ချိုးဖောက်မှု့တွေကိုလုပ်နေကြပြီး တူညီတဲ့အပြစ်သား သဘာဝမှာ လျှောက်လှမ်းနေကြတာပါပဲ။ ဒါကိုပင် သူချိုးဖောက်တာက အပြစ်၊ ငါလုပ်နေတာက အမှန်လို ထင်မြင်ယူဆသူတွေက ဒုနဲ့ဒေးပါပဲ။ အပြစ်ကို ချိုးဖောက်နေစဉ်မိတော့ အသိုင်းဝိုင်းရဲ့ပစ်မှတ်ထိသူ၊ ထိုသူဟာ အပြစ်သား (တရားခံ)ပေါ့။ အပြစ်ကို လုပ်နေသော်လည်း လူမမိဘဲနေသူတွေကတော့ သူတော်ကောင်းယောင်ဆောင်တွေက ဒုနဲ့ဒေး။ ထို့အပြင် ဒီခေတ်အဆိုးဆုံးကတော့ အပြစ်လုပ်နေတာကို အပြစ်ဟုမသတ်မှတ်တော့ဘဲ ကိုယ့်သြတ္တပကို အလွတ်ရုန်းနေသူတွေက လက်ညိုးမလွဲ။ သို့သည့်တိုင်အောင် သူတစ်ပါးကို အပြစ်ဖို့၊ စွပ်စွဲပြစ်တင်သူ-လက်ညိုးရှင်တွေက သူသူငါငါ။ ဒါတွေအားလုံးဟာ မိမိကိုယ်ကို အပြစ်သားဆိုတဲ့ အဖြစ်မှန်ကြီးကို လက်မခံနိုင်ဘဲ ရှောင်ဖယ်ရုန်းကန်ခြင်းမှ ဖြစ်ပေါ်နေတာတွေပါပဲ။ တရားတော်ကို ဘယ်လိုမြင်နိုင်မလဲ၊ မြင်မလဲ။

ယနေ့၊ ကျနော်တို့ရဲ့အတ္တမာနတွေ ခဏလျော့ချဖယ်ထုတ်ကာ တရားတော်ကို မြင်အောင်ကြည့်ကြရအောင်ပါ။ တရားဆိုတာ အေးမြသည်မို့ စိတ်နှလုံးအေးချမ်းစွာထားပြီးမှ ယူလျှင် ပို၍အကျိုးအာနိသင့်ရှိပါလိမ့်မယ်။ ကျနော်တို့တတွေအတွက် ဘ၀ရည်မှန်းချက်ဟာ နောင်ဘ၀သုခချမ်းသာဆိုတာ ခရစ်ယာန်တိုင်းမမေ့အပ်ပါ။ ထို့အတူ ယခုဘ၀မှာလည်း ဘုရားကျေးဇူးတော်များ ရေတွက်မကုန်တာလည်း မြင်နိုင်မှ ရှင်သန်ထိုက်ပါတယ်။ ကျနော်တို့အားလုံးအတွက် ဘုရားသခင်ဟာ သူ၏ကျေးဇူးတော်ကို ဘယ်တော့မှ ထိမ်ချန်မထားဘဲ အမြဲတမ်း ပေးနေပါတယ်။ ကိုယ်တော်ရှင်ရဲ့ကျေးဇူးတော်၊ မေတ္တာတော်နှင့် သနားဂရုဏာခြင်းဟာ နေ့စဉ်နေ့တိုင်းအသစ် အသစ်တွေပါပဲ (Lamentation 3:22-23)။ ထို့အပြင် သန့်ရှင်းသော ၀ိညာဉ်တော်၏ ကျေးဇူးတော်အားဖြင့် ကျနော်တို့တတွေဟာ ခရစ်တော်နှင့်တူစေလာအောင် အသွင်ပြောင်းလဲပေးနေပါတယ်။ သံပေါလူးပြောတဲ့ အသစ်သောဘ၀ဟာ ထိုကဲ့သို့ ခရစ်တော်နှင့်တူတဲ့ ဘ၀ပါပဲ။

တရားမျှတခြင်းဟာ ကျနော်တို့အတွက် အခြေခံတရားတော်ဖြစ်သည့်တိုင်အောင် ခရစ်ယာန်ဘ၀- ခရစ်တော်နှင့်တူတဲ့ဘ၀မှာတော့ မေတ္တာဂရုဏာနှင့်ပြည့်ပြည့်စုံစုံဖြင့် တရားစီရင်ခြင်းမှာ ပေါင်းထည့်ရပါတယ်။ အသိညဏ်အသိတရားဖြင့် ရရှိသည့်ပညာသုတတွေဟာ သိပ်ကိုတန်ဖိုးကြီးလှသလို၊ နှလုံးသားမှပေးသည့်ပညာသုတသည်လည်း သိပ်ကိုနက်ရှိုင်းလှပါတယ်။ ၎င်းနှစ်ခုစလုံးပေါင်းဖက်နိုင်မှ လူပီသပါလိမ့်မယ်။
ဒီနေ့ မိမိကိုယ်ကိုအပြစ်ရှိနေလို့ မရှက်ပါနဲ့။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်လိုသူလို ဒုနဲ့ဒေး။ ဒါပေမယ့် အပြစ်သားဘ၀က ရုန်းထွက်ရမယ်။ လွတ်မြောက်အောင် ရုန်းထွက်နေခြင်းက ခွန်အားအလင်းဖြစ်စေသလို၊ လူပီသစေရာလည်းဖြစ်ပါတယ်။ ဒါဟာ ရဟန္တာတို့လမ်းစဉ်တွေပဲ ဖြစ်ပါတယ်။ အဲဒီလို ရုန်းထွက်ကြိုးစားနေခြင်းဟာ မိမိပတ်ဝန်းကျင်က မိတ်ဆွေတွေအတွက် အတုယူစရာဖြစ်သလို၊ ခွန်းအားလည်း ဖြစ်စေပြန်ပါတယ်။ ကျနော်တို့ မေတ္တာဂရုဏာနှင့် စာနာတတ်လျှင် ဥပဒေစာအုပ်ကြီးကို နားလည်မှု့အသစ်၊ ခရစ်တော်အသွင်ဖြင့် မြင်လာမှာပါ။ သို့သည်တိုင်အောင် လူ့လောက မပြီးပြည့်စုံလှသည်မို့၊ အတ္တတို့လည်း လွှမ်းမိုးခံနေရတတ်သည်မို့ ဥပဒေအားဖြင့် အနိမ့်ဆုံးအဆင့်မှာ အချင်းချင်းကာကွယ်ရန် လမ်းညွှန်အဖြစ်လိုအပ်နေဦးမှာပါပဲ။ ခရစ်တော်တရား စကားတော်ကတော့ - သွားလော့။-နောက်တဖန်အပြစ်မပြုနှင့်။ ငါလည်းသင့်ကိုမစီရင်ပြီ။
ဤ၀ါတွင်းကာလ စစ်မှန်သော နောင်တ တရားနှင့်အခြားသူများကိုလည်း ကိုယ့်ရဲ့အတ္တတွေ ရှေ့တန်းတင်ကာ မစီရင်ကြဘဲ မေတ္တာဂရုဏာဖြင့် အတတ်နိုင်ဆုံး မြင်နိုင်အောင်၊ လမ်းကောင်းဆွဲခေါ်နိုင်အောင် ရဟန္တာတို့လမ်းစဉ်အတိုင်း ဆက်လျှောက်ကြပါစို့။

ဒိုမီနီကန်ကိုရင်

#Dominicankoyin

Saturday, 27 February 2016

ဝါတွင်းတတိယတနင်္ဂနွေနေ့


သံလုကာ ၁၃း၁-၉
နောင်တမရလျှင် ပျက်စီးကြလိမ့်မည်။

ယနေ့ဝါတွင်းတတိယတနင်္ဂနွေနေ့မှာတော့ "နောင်တမရလျှင် ပျက်စီးမည့်အကြောင်း (လုကာ ၁၃း၁-၉)" ကြားနာဖတ်ရှု့ကြရပါတယ်။ ပထမကျမ်းတွင် ထာဝရဘုရားသခင်သည် မိုးဇယ်အား မီးလောင်ခြုံပုပ်အားဖြင့် ရူပါရုံပြကာ ခေါ်ဆောင်တော်မူခဲ့ပြီး လူမျိုးတော်များ၏ ဒုက္ခဝေဒနာများကို ကြည့်ပြီးသနားခြင်းရှိကြောင်း ပြောဆိုနေပါတယ်။ အလားတူ ဧ၀ံဂေလိတရားတော်တွင်လည်း လူအချို့ဟာ ယေဇူးခရစ်တော်ထံ ချည်းကပ်ပြီး လူပေါင်းများစွာဟာ ၀မ်းနည်းဖွယ်ရာစတေးခံနေရကြောင်း လျှောက်တင်နေကြပါတယ်။ သို့သော်လည်း ယေဇူးခရစ်တော်ရဲ့ တုန့်ပြန်မှု့ဟာ အံ့အားသင့်စရာကောင်းလှပါတယ်။ ဒီလူတွေဟာ သူတို့ရဲ့အပြစ် မကောင်းမှု့ကြောင့်၊ ရှေးကံမကောင်းမှု့ရဲ့ဝပ်လည်ခြင်းမဟုတ်ကြောင်း ပြောပါတယ်။ ထူးခြားသည်မှာ ဤစတေးခံလူတွေအပေါ် မှတ်ချက်မပေးဘဲ ပတ်ဝန်းကျင်မှလူများကိုသာ သတိပေးစကားပြောပါတယ်။

ဒုက္ခဝေဒနာတွေဟာ ကျနော်တို့ကို မေးခွန်းပေါင်းများစွာထုတ်စေပြီး အဖြေမျိုးစုံကို ပေးနေပါတော့တယ်။ အထူးသဖြင့် အကျိုးထက် အကြောင်းရင်းကိုလိုက်ကာ မေးခွန်းပေါင်းများစွာ ထုတ်တတ်ကြပါတယ်။ အများနည်းတူ ခရစ်ယာန်များလည်း ဒီမေးခွန်းနဲ့မဝေးကြပါဘူး။ အကြောင်းရင်းထိလိုက်ကြည့်ပြန်တော့ ဖန်ဆင်းရှင်ကိုတွေ့ရပြီး ဖန်ဆင်းရှင်နှင့်ဆိုင်ရာ မေးခွန်းတွေထုတ်လာကြပါတယ်။ တနည်းအားဖြင့် - ထိုဒုက္ခတွေကို ဘုရားပဲဖန်ဆင်းပေးသလားပေါ့။ ထိုမှတဆင့် ဘုရားဆိုတာဘယ်သူလဲပေါ့၊ ဘုရားသခင်ဟာ တို့တတွေကို ဆင်းရဲဒုက္ခထဲမှာပဲ စွန့်ပစ်ထားလေသလားပေါ့။ တို့တတွေရဲ့ဒုက္ခဆင်းရဲခြင်းအဖြစ်တွေကို လစ်လျူရှု့ထားသလားပေါ့။ ခရစ်ယာန်ဝိညာဉ်ရေးဘ၀မှာ သိပ်ကိုရင်းနှီးကြတဲ့ မေးခွန်းတွေပါပဲ။ သို့ပေမယ့် သတိထားမိတာတစ်ခုက - ဒီလိုမေးခွန်းတွေကို ကျနော်တို့တတွေဟာ ပျော်ရွှင်သုခရှိနေချိန်မှာ မထုတ်တတ်ကြပါဘူး။-ဘ၀ဟာဆင်းလုံးချော ဆိုပြေနေတဲ့အချိန်မှာ ဒီလိုမေးခွန်းတွေ မရှိကြပါဘူး။ ဒုက္ခကြုံ၊ အခက်ခဲတွေ့မှသာ ဒီလိုမေးခွန်းမျိုးတွေကို မေးမိတတ်ကြပါတယ်။

အနန္တတန်ခိုးတော်ရှင်ထာဝရဘုရားဖြစ်သည့်အလျောက် ကျနော်တို့ကြုံရသမျှ၊ ခံစားရသမျှ ဒုက္ခဝေဒနာ အခက်ခဲတွေကို သိမြင်မှာပါ။ ကျနော်တို့အော်ဟစ်တောင်းလျှောက် ဆုတောင်းသံတွေကိုလည်း အရှင်ဘုရား ကြားမှာပါ။ ဒါကြောင့်လည်း မိုးဇယ်အား ဘုရားသခင်ခေါ်၍ အစ္စရာအဲလ်လူမျိုးများ၏ ငိုကြွေးအော်ဟစ်သံတွေကို ကြားနေ၍ ကယ်တင်လိုကြောင်း ထုတ်ဖော်ပြီး မိမိအဘယ်သူ အဘယ်ဝါဖြစ်ကြောင်း ပြောပြတော်မူပါတယ်။ ဒီအချက်အားဖြင့် ကျနော်တို့ဆုတောင်းအော်ဟစ်သည့်အခါ ဘုရားသခင်၏တန်ခိုးတော်ကို မျက်ဝါးထင်ထင် မမျှော်လင့်ဘဲ မိမိပတ်ဝန်းကျင်ကို ကြည့်တတ်ဖို့ ထောက်ပြထားပါတယ်။ ထို့အတူ ဘုရားသခင်ကို နားလည်နိုင်ဖို့၊ သိနိုင်ဖို့၊ နောက်ဆုံးချစ်နိုင်ဖို့ မိမိတို့၏ပတ်ဝန်းကျင်ကို လျစ်လျူရှုထား၍ မရကြောင်း နားလည်သဘောပေါက်စေပါတယ်။ ဒီအတွက် ခရစ်တော်၏ချစ်ခြင်းမေတ္တာတရားမှာ ဘုရားသခင်ကိုချစ်၍ မိမိနှင့်နီးစပ်သူအား ကိုယ်နှင့်အမျှ ချစ်လော့ဟူ၍ ဟောပြောမိန့်ဆိုခဲ့ပြီး ဘုရားသခင်နှင့် မိမိ၊ ပတ်ဝန်ကျင်းတစ်ခုလိုပဲ ဆက်စပ်မှု့ရှိနေတာကို သိနားလည်စေပါတယ်။

ကျနော်တို့တတွေလည်း ဒုက္ခဝေဒနာတွေကြုံတွေ့နေရပြီး အထက်ပါမေးခွန်းတွေကို ထုတ်နေရပြီလား။ ပြန်လည်စဉ်းစားထောက်ရှု့ကြည့်ကြပါစို့။ မိမိပျော်ရွှင်ခဲ့ရတဲ့အချိန်များနှင့် ဝေဒနာခံနေရတဲ့အချိန်တွေကို နှိုင်းယှဉ် ချင့်ချိန်ပြီး တရားထောက်ရှု့ကြည့်ပါ။ မိမိထောက်ရှု့မိတဲ့တရားသည်ပင် မိမိ၏မေးခွန်းများကို ဖြေပေးနိုင်ပါလိမ့်မယ်။ ထို့နောက် ဒုက္ခဝေဒနာမှ လွတ်မြောက်လိုပါလျှင် မိမိခံစားချက်မှာ အကျိုးအကြောင်းစီလျော်စွာဖြင့် ကြုံသမျှ ဖြစ်သမျှကို လက်ခံသဘောပေါက်တတ်ဖို့ အရင်ဆုံးလိုပါလိမ့်မယ်။ မိမိဘ၀မှာလည်း ဘုရားသခင်ရှိနေကြောင်းလည်း သိမြင်သဘောပေါက်လာပါလိမ့်မယ်။ အမှန်တော့ ဘုရားသခင်ဟာ ကျွန်ုပ်တို့နှင့်အတူ အမြဲတစေရှိနေပြီး အရိပ်တကြည့်ကြည့်နေတတ်သူပါ။ ကျွန်ုပ်တို့တတွေဟာ သဖန်းပင်ကဲ့သို့ဖြစ်နေလျှင်ပင် စိတ်ရှည်စွာဖြင့် ကျွန်ုပ်တို့အပေါ်မှာ မျှော်လင့်ချက် ထားသူပါ။ ကျွန်ုပ်တို့တတွေလည်း ဤပုံပြင်၏သဖန်းပင် ပိုင်ရှင်လို စံနမူနာထား၍ မျှော်လင့်ထားသင့်တယ်။ သို့သော်လည်း အမှန်သိပြီး လက်မခံတတ်လျှင်တော့ မျှော်လင့်ချက်ဆိုတာလည်း ရေမရသည့် သစ်ပင်လို အဆုံးသတ်ရတဲ့အဖြစ်နဲ့ ကြုံတွေ့နေရပါလိမ့်မယ်။ ဒီတော့ ခရစ်တော်မိန့်ဆိုတဲ့အတိုင်း “နောင်တမရလျှင် ပျက်စီးမည့်အကြောင်း” တရားအတိုင်း ကျနော်တို့ဘ၀ ပျက်စီးရာအကြောင်းသာရှိပါလိမ့်မယ်။

ဤ၀ါတွင်းကာလအတွင်း ၀ိညာဉ်ခွန်အားယူဤ မျှော်လင့်ချက်များ ရှင်သန်စေပါမည့်အကြောင်း ဆုတောင်းပါ၏။ ခြိုးခြံကျင့်ကြံခြင်းများသည်လည်း နှလုံးသားမှ အမှန်တကယ်လာ၍ စစ်မှန်သော နောင်တတရား ရရှိနိုင်ပါမည့်အကြောင်း ကိုယ်တော်၏သားတော် ယေဇူးခရစ်တော်ကို အမှီပြု၍ တောင်းလျှောက်ပါသည်။ အာမင်။

ဒိုမီနီကန်ကိုရင်
#Dominicankoyin

Saturday, 20 February 2016

ဒုတိယ၀ါတွင်းတနင်္ဂနွေနေ့


ယေဇူးသခင်သည် ဘုန်းဂုဏ်တော်၌အဆင်းသဏ္ဍာန်ပြောင်းလဲတော်မူသည်။
"ဤနေရာ တပည့်တော်တို့အဖို့ အလွန်နေဖို့ကောင်းပါသည်”

ဒုတိယမြောက်ဝါတွင်းတနင်္ဂနွေတွင် ဖတ်ရှု့ကြားနာရလေ့ရှိတဲ့ ဧ၀ံဂေလိသတင်းကောင်းမှာ ယေဇူးသခင်၏ အဆင်းသဏ္ဍာန်ပြောင်းလဲတော်မူခြင်းဖြစ်ပြီး ယေဇူးသခင်သည် လောကသတ္တ၀ါအားလုံးကို ကယ်တင်မည့် ပရော်ဖက်များကြိုတင်ဟောပြောထားခဲ့သူ ကယ်တင်ရှင်ခရစ်တော်ဘုရားဖြစ်ကြောင်း မီးမောင်းထိုးပြနေပါတယ်။ ထို့ကြောင့် ယေဇူးသခင်ရဲ့အဆင်းသဏ္ဍာန်ပြောင်းလဲခြင်းဟာ တနည်းအားဖြင့် ယေဇူးသခင်ဟာ မိမိ၏ဘုရားဇာတိကို ထုတ်ဖော်ပြသခြင်းပင် ဖြစ်ပြီး တပည့်တော်ကြီးသုံးဦးကိုလည်း ကောင်းကင်နိုင်ငံတော်အား မြည်းစမ်းစေခဲ့ခြင်းလည်းဖြစ်ပါတယ်။ ကောင်းကင်နိုင်ငံတော် ဘယ်မှာလဲ၊ ဘာလဲ၊ ဘယ်လိုလဲ ဆိုတာကို ကျနော်တို့တတွေအတိအကျမသိရှိနိုင်ပါဘူး - ဘာကြောင့်လဲဆိုတော့ ကျနော်တို့တတွေဟာ ပင်ကိုယ်အကန့်သတ်သတ္တ၀ါတွေဖြစ်နေခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ သို့ပေမယ့်လည်း ကောင်းကင်နိုင်ငံတော်ကို ကျနော်တို့တတွေ စဉ်းစားတွေးခေါ်ယူဆနိုင်ရန်အတွက် ခရစ်တော်ရဲ့တရားတော်တွေထဲမှာ ပုံဥပမာများစွာဖြင့်လည်းကောင်း၊ ယခုလို ဘုန်းဂုဏ်တော်အားဖြင့်လည်းကောင်း သဲလွန်စလေးများ၊ အမြည်းအစမ်းလေးများကို ပေးထားခဲ့ပါတယ်။ ထိုအမြည်းအစမ်းကို ကြုံတွေ့လိုက်တဲ့ တပည့်တော်ကြီးသုံးဦးစလုံးကတော့ မိမိတို့ကိုယ်ကို အပျော်လွန်အံ့သြလွန်းအားကြီးပြီး "ဤနေရာ တပည့်တော်တို့အဖို့ အလွန်နေဖို့ကောင်းပါသည်” ဟု ပြောနေပါတော့တယ်။

မိတ်ဆွေ။ ကျနော်တို့တတွေလည်း အဲဒီလိုနေဖို့အလွန်ကောင်းတဲ့နေရာမှာ နေချင်သူတွေချည်းပါပဲ။ ဒါကြောင့်လဲ ရေကြည်ရာမြက်နုရာရွေ့ပြောင်းနေတတ်တာ လူ့သဘာဝလို့ပဲ ပြောစမှတ်ရှိနေကြတာပါပဲ။ ခရစ်ယာန်တရားသဘောမှာတော့ အဲဒီလိုနေရာကိုနေဖို့ရာဟာ ကျနောတို့အားလုံးရဲ့ဘ၀ရည်မှန်းချက်ပါပဲ။ ဘ၀မှာ ဖြစ်တည်ရှိနေတာထက် ပို၍ကောင်းတဲ့ဘ၀ကို ပိုင်ဆိုင်လိုသူတွေချည်းပါပဲ။ ဒါဟာ မှားယွင်းတဲ့ ရည်းမှန်းချက်မဟုတ်ပါဘူး။ မှန်ကန်တဲ့ရည်မှန်းချက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ လူ့သဘာဝမှာ ဒါဟာ ဟိုးယခင်ရခဲ့ဖူးတဲ့ ကောင်းကင်နိုင်ငံသားဇာတိအဖြစ်ကို ပြန်လည်တမ်းတနေတတ်ခြင်းပါပဲ။ တနည်းအားဖြင့် ဧဒင်ဥယာဉ်မှာ နေခဲ့ရတဲ့ဘ၀ကို ပြန်လည်းမှန်းမျှော်ခြင်းပဲ။ ဒီနေ့ ဒီမျှော်မှန်းချက်ပြည့်ဖို့ ခရစ်တော်ဘုရားဟာ လမ်းပြပေးနေပါပြီ။ ထိုဘ၀ကို ပြန်ရဖို့၊ ကောင်းကင်နိုင်ငံတော်မှာ ရှင်သန်နေရဖို့ ဘုရားရဲ့ဘုန်းဂုဏ်တော်မှာ ၀င်စားဖို့လိုပါတယ်။ ဘုရားရဲ့ဘုန်းဂုဏ်တော်မှာ ရှင်သန်ဖို့လိုပါတယ်။

ဘုရားသခင်ရဲ့ဘုန်းဂုဏ်တော်များရှင်သန်သူများဟာ ယခုဘ၀မှာ တနည်းအားဖြင့် ဘုရားတရားကျင့်ကြံနေထိုင်သူများ၊ တရားသဘောနှင့်ပြည့်ဝနေသူများဟု ဆိုရပါလိမ့်မယ်။ ဘုရားတရားနှင့်ပြည့်ဝနေထိုင်ရှင်သန်သူများဟာ ပင်ကိုယ်အရောင်အဆင်းတင့်နေပြီး လူ့အသိုင်းအ၀ိုင်းမှာ သမာဓိအလင်းတောက်ပလို့ အလိုလိုလေးစားခံနေရသူတွေပင်ဖြစ်ပါတယ်။ စီနာရီတောင်ပေါ်၌ မိုးဇယ်သည် ဘုရားသခင်နှင့်တွေ့ဆုံပြီး ပြန်ဆင်းလာခဲ့သောအခါ မိုးဇယ်၏မျက်နှာသည် တောက်ပလွန်း၍ အီစ္စရာအဲလ်လူမျိုးတို့သည် သူ့မျက်နှာကို မကြည့်နိုင်ဖြစ်ရသည်။ မိုးဇယ်၏ အဆင်းအရောင် ဤမျှတောက်ပသည်။ ယနေ့ဧ၀ံဂေလိကျမ်းစာတွင်လည်း ခရစ်တော်သည် တောင်ပေါ်၌ဖခင် ဘုရားသခင်နှင့်စကားပြောနေချိန် (ဆုတောင်းနေချိန်) မျက်နှာတော်သည် တောက်ပနေလေသည်။ ကျွန်ုပ်တို့တတွေလည်း ဘုရားနှင့်ထိတွေ့နေလျှင် တောက်ပနေတာ အမှန်ပါပဲ။

ဘုရားသခင်ရှိတဲ့နေရာဟာ နေဖို့အလွန်ကောင်းပါတယ်။ မေတ္တာတရားရှိတဲ့နေရာမှာ ဘုရားသခင်ရှိပါတယ်။ ဒါကြောင့် ဘုရားဘယ်နေရာမှာရှိသလဲဆိုတာ နေရာအကန့်သပ်နဲ့ တွေဝေမသွားပါနဲ့။ ဘုရားသခင်ဟာ ကျနော်တို့နှင့်အတူရှိနေပြီး မေတ္တာတရားအားဖြင့် ထိတွေ့ခံစားနိုင်ပါတယ်။ ဒါကြောင့် ကျနေတို့တတွေလည်း ဘုရားသခင်ရဲ့ဘုန်းဂုဏ်တော်မှာ ရှင်သန်နေနိုင်ဖို့အတွက် မိမိတို့နှလုံးသားမှာ မူလကိန်းအောင်းနေတဲ့ မေတ္တာတရားအားဖြင့် ဘုရားသခင်နှင့် ကျနော်တို့အချင်းချင်း ချိတ်ဆက်ကာ သတင်းကောင်းများကို ပြန့်ပွားသက်သေခံရင်း ဤ၀ါတွင်းကာလတွင် ကျွန်တော်တို့ရဲ့ဘ၀ဟောင်း အကျင့်ဆိုးများနှင့် အပြစ်များကို ခရစ်တော်နှင့်အတူ အသေခံကြပြီး ပါစကားပွဲတော်မှာ ခရစ်တော်နှင့်အတူ အသက်ရှင်သန်နိုင်အောင် ကြိုးစားသွားကြပါစို့ဟု ဖိတ်ခေါ်လိုက်ပါတယ်။

ဒိုမီနီကန်ကိုရင်
#Dominicankoyin

Sunday, 14 February 2016

ဝါတွင်း ပထမတနင်္ဂနွေနေ့


သံလုကာ ၄း၁-၁၃
နှောက်ယှက်ခြင်းနှင့် ယေဇူးသခင်

ဖတ်ရှု့ရသည့် သံလုကာဧ၀ံဂေလိတရားတော်တွင် ယေဇူးသခင်သည် အရက်လေးဆယ်တိုင်တိုင် မာရ်နတ်ရဲ့နှောက်ယှက်ခြင်းကို ခံရဖို့အတွက် တောကန္တာရသို့ ထွက်သွားခဲ့ပါတယ်။ ထို့သို့မထွက်သွားမှီ "၀ိညာဉ်တော်မြတ်နှင့်ပြည့်ဝလျက်" ရှိနေခဲ့ပါတယ်။ ထို့နောက် ၀ိညာဉ်တော်မြတ်ခေါ်ဆောင်ရာသို့ လိုက်ပါသွားခဲ့ပါတယ်။ ဘာကြောင့် ၀ိညာဉ်တော်မြတ်က ယေဇူးခရစ်တော်ကို တောကန္တာရဘက်သို့ နှောက်ယှက်ခြင်းခံဖို့ရန် ဦးဆောင်ခဲ့ပါသလဲ။ ခရစ်ဘုရားမတိုင်မှီ ဓမ္မဟောင်းကျမ်းမှာလည်း တမန်တော်ကြီးမိုးဇယ်နှင့် ပရော်ဖက်ကြီးဧလိယတို့ကိုလည်း အရက်လေးဆယ်တိုင်တိုင် ဆုတောင်းခြင်း၊ ခြိုးခြံခြင်း၊ ၀ါရှောင်ခြင်းတို့ပြုလုပ်၍ ဘုရားသခင်နှင့်အတူ သန့်ရှင်းသောတောင်ပေါ်မှာ ရှိနေခဲ့ကြပါတယ်။ ၎င်းတို့နှစ်ဦးအား ဘုရားသခင်၏နှုတ်ကပတ်တော်ကိုပြောကြားစေဖို့အတွက် ဘုရားသခင်ကိုယ်တော်တိုင် ပြင်ဆင်ပေးခဲ့တဲ့သဘောပါပဲ။ သို့မှာသာ ၎င်းတို့တတွေလည်း ဘုရားသခင်၏လူမျိုးတော်ကို သန့်ရှင်းဖြောင့်မတ်သောလမ်းအားဖြင့် မေတ္တာတရားနှင့်အတူ ဦးဆောင်နိုင်စေမှာဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ဆီနာရီတောင်ပေါ်တွင် ဆုတောင်းခြင်း၊ ခြိုးခြံခြင်းနှင့် ၀ါရှောင်ခြင်းတို့ပြုလုပ်နေချိန် ဘုရားသခင်ဟာ သူတို့အား နှုတ်ကပတ်တော်အားဖြင့် ကျွေးမွေးပြုစုခဲ့ပါတယ်။ ထို့ကြောင့် ခရစ်တော်က -လူသည်မုန့်အားဖြင့်သာ အသက်ရှိသည်မဟုတ်ဘဲ၊ ဘုရားသခင်၏နှုတ်ကပတ်တော်တရားဖြင့်လည်း ရှင်သန်ကြောင်း မိန့်ဆိုခဲ့ပါတယ်။ 

နှောက်ယှက်ခြင်းဆိုတာ ဓမ္မသစ်ကျမ်းအရ အဓိပ္ပာယ်နှစ်မျိုးရှိနေပါတယ် - ပထမတမျိုးဟာ မကောင်းမှု့ကို လိုလိုလားလားကျူးလွန်ချင်သောဆန္ဒဖြင့် ပို၍ဆိုးရွားစေသောအမှု့အရာကို ပြုလုပ်အောင် ဦးဆောင်နေပြီး၊ ဒုတိယတမျိုးကတော့ ကောင်းမှု့ကိုလုပ်ဖို့ရန် သတ္တိကြောင်၍ ဖြောင့်မတ်၊မှန်ကန်ခြင်းမှာ ရပ်တည်နိုင်ဖို့ အားနည်းလွန်းပြီး မိမိကိုယ်ကို မစင်ကြယ်နိုင်ခြင်း၊ အပြစ်မှမကင်းခြင်းပင် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကျနော်တို့တတွေဟာ ပထမတမျိုးကိုသာ အာရုံထားတာများပါတယ်။ သို့ပေမယ့်လည်း ပထမနှင့်ဒုတိယဟာ အမြဲဒွံတွဲနေပါတယ်။ ခရစ်တော်သခင်ခရစ်တော်အား မာရ်နတ်မှနှောက်ယှက်သည့်အခါ ဤနှစ်မျိုးစလုံးကို အသုံးပြုတာတွေ့ရပါတယ်။

ပထမနှောက်ယှက်ခြင်း။- မာရ်နတ်ဟာ ခရစ်တော်သခင်ရဲ့ မက်ဆီးယားသာသနာပြုရည်ရွယ်ချက်ကို ဖျက်စီးဖို့ ပျက်စီးရာပျက်စီးကြောင်း မရှာခဲ့ပါတယ်။ သို့ပေမယ့်လည်း ခရစ်တော်မှာရှိနေတဲ့ပင်ကိုယ် တန်ခိုးအစွမ်းအစကို မြှောက်ပင့်ကာ ဘုရားသခင်အား မနာခံဘဲ ပြန်လည်အာခံတတ်အောင် နှောက်ယှက်ခဲ့ပါတယ်။ တနည်းအားဖြင့် ယေဇူးခရစ်တော်သခင်၏ပင်ကိုယ် ဘုရားဇာတိအားဖြင့် အတ္တစိတ်ဝင်လာအောင် နှောက်ယှက်ခြင်းဖြစ်ပါတယ်။ ကျနော်တို့ဘ၀မှာလည်း ပါရမီကောင်းများစွာကို အချိန်အတိုင်းတာတစ်ခုအထိ ခိုင်ခိုင်မာမာကျင့်ကြံနိုင်ခဲ့ပြီးကာမှ မိမိအတ္တကိုအဆွခံရပြီး ကျင့်ခဲ့သမျှတရား မကောင်းတာမလုပ်ဘဲ ကောင်းတာလုပ်နေရင်းကိုပျက်ရတာတွေရှိတတ်ပါတယ်။ တနည်းအားဖြင့် မိမိတို့ရဲ့ ဖြောင့်မတ်၊မှန်ကန်ခြင်း ပါရမီတွေကို အတ္တအဖြစ်ပြောင်းလဲခံရသလို နှောက်ယှက်ခံရတာပါ။ ထိုနှောက်ယှက်ခြင်းမှ မကျော်လွှားနိုင်သူများဟာ ကောင်းရာလုပ်ဆောင်ရင်းကို အပြစ်မှမကင်းဖြစ်နေရပါတယ်။

ဒုတိယနှောက်ယှက်ခြင်း။-မာရ်နတ်ဟာ ခရစ်တော်အား ဒုက္ကစရိယာလမ်းမှရှောင်တိမ်းစေအောင် နှောက်ယှက်ပါတယ်။ ကားတိုင်လမ်းကို မလျှောက်လှမ်းစေဘဲ မိမိရဲ့အစွမ်းတန်ခိုးအားဖြင့် လောကစည်းစိမ်များ၊ အာဏာပါဝါများနှင့် အစိုးရနိုင်ကြောင်း နှောက်ယှက်ပါတယ်။ ထို့ကြောင့် ဘုရားသခင်၏အလိုတော်အတိုင်း ကယ်တင်ခြင်းရည်ရွယ်ချက်ကို ဆန့်ကျင့်ကာ မာရ်နတ်ဘက်သို့ပါစေရန် နှောက်ယှက်ပါတယ်။ ကျနော်တို့တတွေလည်း ဒီနှောက်ယှက်ခြင်းက ပြေးမလွတ်ပါဘူး။ ခဏခဏကို ခံနေရတာပါ။ အထူးသဖြင့် အောင်မြင်မှု့ကို အငမ်းမရ ငတ်နေသူများ၊ ဘ၀တိုးတက်လမ်းဆိုတာနောက်မှာ အသည်းအသန်လိုက်နေသူများဟာ ယခုနှောက်ယှက်ခြင်းထဲမှာ ရောက်နေသူများပါပဲ။ မိမိကိုယ်တိုင်အမှန်တရားကို မြတ်နိုးပါလျက်နဲ့ ဘာကြောင့်များ တချို့တတွေဟာ သိသိကြီးနှင့်လိမ်လည်နေကြပါသလဲ။

တတိယနှောက်ယှက်ခြင်း။-ဘုရားရဲ့ပရော်ဖက်သာ ကျမ်းစာကို ကိုးကားအသုံးပြုကြတာမဟုတ်ဘဲ တခါတရံမာရ်နတ်လည်း ကျမ်းကိုးကားချက်အားဖြင့် နှောက်ယှက်တတ်တာကို တွေ့ရပါတယ်။ မာရ်နတ်က ယေဇူးခရစ်တော်အား ကျမ်းကိုးကားချက်အားဖြင့် စိန်ခေါ်ပြီး စမ်းကြည့်လေဆိုသည့်သဘောဖြင့် နှောက်ယှက်ပါတယ်။ ထို့မှ ခရစ်တော်လည်း ကျမ်းကိုးကား၍ ပြန်လည်ချေပခဲ့ပါတယ်။ ကျနော်တို့တတွေ - အထူးသဖြင့် ကျမ်းစာတွေ၊ တရားတွေ အမြဲထိတွေ့နေပြီး ဆုတ်ကိုင်နေလည်း နှောက်ယှက်ခြင်းရှိနေသးတာ သတိထားရပါလိမ့်မယ်။ တခါတရံ ကိုယ့်တရားနှင့်ကိုယ် ပြန်ရိုက်ခံရတတ်ပြီး တရားမာန၊ တရားအတ္တအားဖြင့် နှောက်ယှက်ခြင်းသို့ ကျပြီး တရားပျက်ရပါတယ်။ ထို့ကြောင့် မိမိယုံကြည်သက်ဝင်ကိုးကွယ်နေသည့် တရားအကြောင်းကို ပိုင်ပိုင်နိုင်နိုင်သိကျွမ်းနေဖို့လိုပါလိမ့်မယ်။

မိတ်ဆွေ၊ ကျနော်တို့တတွေလည်း ထိုနှောက်ယှက်ခြင်းသုံးမျိုးကို ရင်ဆိုင်နေရသူများဖြစ်ပါတယ်။ တခါတရံ ဒုက္ခကိုရှောင်ဖို့၊ ဘ၀အောင်မြင်မှု့တွေရဖို့၊ စည်းစိမ်ချမ်းသာမှု့တွေရဖို့၊ အာဏာရဖို့၊ အစိုးရဖို့၊ စသဖြင့် ရုန်းကန်နေကြရင်း တရားပျောက်ပြီး ကျဆုံးနေရတာတွေရှိပါတယ်။ ဒုက္ခဆိုတာလည်း ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် အမှန်တရားတစ်ခုအဖြစ်ရှိနေတဲ့အတွက် ရှောင်လွဲဖို့ထက် အောင်နိုင်ဖို့က ပို၍အရေးကြီးပါတယ်။ ကျနောတို့ ပုထုဇဉ်လူသားများအတွက် ဘ၀အခက်ခဲများ၊ နှောက်ယှက်ခြင်းများ၊ ဒုက္ခများကို ၀ိညာဉ်တော်ဘုရား၏ ဦးဆောင်မှု့အောက်မှလျှောက်လှမ်းလျှင် ခဏတာအောင်မြင်မှု့မဟုတ်ဘဲ ထာဝရအောင်မြင်မှု့ကိုပါ ဆွတ်ခူးနိုင်ပါလိမ့်မယ်။

ဒိုမီနီကန်ကိုရင်
#Dominicankoyinop

Saturday, 6 February 2016

ပဉ္စမမြောက်သာမန်တနင်္ဂနွေနေ့


သံလုကာ ၅း၁-၁၁
ရေနက်ရာသို့ရွေ့လော့။ 

ယနေ့ဖတ်ရှု့ရတဲ့ ဧ၀ံဂေလိတရားတော်တွင် ယေဇူးခရစ်တော်သခင်က ပထမဆုံးသော တပည့်တော်ကြီးများကို ခေါ်တော်မူသည့်အကြောင်းပင်ဖြစ်ပါတယ်။ ထူးခြားမှု့တစ်ခုမှာ ရှင်လုကာရဲ့ ဧ၀ံဂေလိတရားမှ ခေါ်တော်မူခြင်းဖြစ်စဉ်နှင့် ပထမကျမ်းဖြစ်တဲ့ အီဇာရိယတို့၏ ခေါ်တော်မူခြင်းဖြစ်စဉ်ဟာ အလားတူဖြစ်နေပါတယ်။ ထိုကျမ်းပိုဒ်နှစ်ခုဟာ ယှဉ်ကြည့်တဲ့အခါ (၁) ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ပထမတွေ့မြင်ကြရပြီး (၂) မိမိတို့ရဲ့မထိုက်တန်မှု့၊ အပြစ်သားအဖြစ်ကို သတိပြုမိပြီး အရှက်တရားဖြင့် ပြည့်နက်လျက် ၀မ်းနည်းမိကြပါတယ်။ သို့သော်လည်း (၃) ဘုရားသခင်ဟာ မိမိတို့အပြစ်များကို ထည့်တွက်ခြင်းမပြုဘဲ ထိုအပြစ်သားအဖြစ်ကို ဆေးကြောပေးပြီး မိမိတို့ကို ကိုယ်တော်၏ခေါ်တော်မူခြင်းမှာ ထိုက်တန်စေပါတယ်။ ထို့နောက်မှ (၄) မိမိတို့ကိုခေါ်တော်မူပြီး မိမိတို့ရဲ့တုန့်ပြန်မှု့နှင့်အတူ (၅) သာသနာပြုခြင်းကို ပြုလုပ်စေပါတယ်။

ပရော်ဖက်ကြီး အီဇာရိယဟာ ထာဝရဘုရားသခင်ကို ဖူးမြင်တွေ့ရခဲ့ပါတယ်။ ထိုအခါ သူက - သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ။ ဗိုလ်ခြေတို့၏အရှင် ထာဝရဘုရားသခင်သည် သန့်ရှင်းတော်မူ၏ ဟုကြွေးကြော်မိပါတော့တယ်။ တချိန်တည်းမှာပဲ ဘုရားသခင်၏ဘုန်းဂုဏ်တော်မြင်ရတဲ့အခါ မိမိရဲ့အပြစ်သားဖြစ်အင်တွေကို သတိထားမိကာ မိမိကိုယ်ကို မထိုက်တန်သူ၊ အပြစ်သားမှန်း လက်ခံခဲ့ပါတယ်။ ဘုရားသခင်ကတော့ ထိုအပြစ်သားဖြစ်အင်ကို မရေတွက်ခဲ့ဘဲ သိကြားတမန်တော်ကြီးတစ်ပါးအားဖြင့် သူ့အား မီးဖြင့်သန့်ရှင်းစင်ကြယ်ခြင်းကို ပြုပေးခဲ့ပါတယ်။ ထို့နောက် ခေါ်တော်မူပြီး သာသနာပြုစေခဲ့ပါတယ်။

အလားတူ - ယေဇူးခရစ်တော်ဟာ ဂျေနားဇရက်ရေအိုင်အနီးရောက်လာခဲ့ပြီး ပထမ တရားဒေသနာကို ဟောပြောသွန်သင်တော်မူပြီး တံငါသည်တို့ကို လှေအား ရေနက်ရာသို့ရွေ့စေခဲ့ပြီး ငါးဖမ်းစေခဲ့ပါတယ်။ ထိုအချိန်မှာ တံငါသည်များဟာ ငါးတကောင်မှမမိဘဲ ငါးဖမ်းပြီးချိန်ဖြစ်နေပြီး ပိုက်ကွန်များပင် ဆေးကြောနေပါပြီ။ စီမွန်ဆိုသူ ပီတာက တံငါသည်ပီပီ အခြေနေကိုရှင်းပြပြီး ကိုယ်တော်မိန့်တာမဖြစ်နိုင်ကြောင်း စောဒကတက်ပြပါတယ်။ သို့သော်လည်း ကိုယ်တော်စေခိုင်းတဲ့အတွက် ဘာကြောင့်ရယ်မှန်းမသိ ငြင်းနိုင်စွမ်းမရှိဘဲ နာခံခဲ့ပြီး ငါးဖမ်းတဲ့အခါ ထူးခြားမှု့ကို ကိုယ်တိုင်ကြုံတွေ့ခံစားလိုက်ရတော့တာပါပဲ။ ထိုတန်ခိုးလက္ခဏာကို ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါ ပီတာဟာ မိမိရဲ့အပြစ်သားအခြေနေကို မြင်မိကာ ရှက်မိပြီး ကိုယ်တော်ကို ထွက်ခွာစေဖို့ တောင်းဆိုခဲ့ပါတယ်။ သို့သော်လည်း ကိုယ်တော်က ထိုအပြစ်တွေကို မရေတွက်ဘဲ ခေါ်တော်မူခဲ့ပါတယ်။ စီမွန် (ပီတာ)နှင့်အတူ အန်ဒြရူး၊ ယာကုပ်နှင့် ယောဟန်တို့ကိုပါ ခေါ်တော်မူခဲ့ပါတယ်။

မိတ်ဆွေ၊ အထက်ပါ ခေါ်တော်မူခြင်းဖြစ်စဉ်နှစ်ခုနှင့်အတူ ကျနော်တို့တတွေကော ဘယ်လိုနားလည်သဘောပေါက်ကြပြီး ဘယ်လိုတရားမှတ်ကြနိုင်ကြမလဲ။ ခရစ်ယာန်ဘ၀အသက်တာမှာ ခေါ်တော်မူခြင်း ရရှိထားတဲ့ကျနော်တို့တတွေကော မိမိတို့ရဲ့ခေါ်တော်မူခြင်းဖြစ်စဉ်လေးတွေကို သတိထားမိကြပါသလား။ သင့်ရဲ့ယုံကြည်ခြင်းအတွက် ဘုရားသခင်ထံမှ ဘယ်လိုတန်ခိုးလက္ခဏာတွေ သင်ကြုံတွေ့ခဲ့သလဲဆိုတာ ပြန်လည်သတိရမိရဲ့လား။ ပြန်လည်စဉ်းစားမိသလား။ ထို့အတူ မိမိတို့ရဲ့ယုံကြည်ခြင်းအတွက် ဆေးကြောသန့်ရှင်းခြင်းပြုလုပ်ပေးတဲ့ ဆေးကြော်ခြင်းမင်္ဂလာကို ကျနော်တို့နေ့စဉ်ရှင်သန်စေမိရဲ့လား။ ထို့နောက် ဤဆေးကြော်ခြင်းမင်္ဂလာအားဖြင့် မိမိတို့ရဲ့မထိုက်တန်မှု့ကြားမှ ရရှိလာတဲ့ ခရစ်ယာန်ဘ၀အသက်တာ ခေါ်တော်မူခြင်းကို လက်ခံပြီး ကိုယ်တော်၏နိုင်ငံတော်သည် ရောက်ပါစေဟု သာသနာပြုခြင်း၊ သက်သေခံခြင်း ပြုလုပ်မိရဲ့လား။ ဒီနေ့ တရားတော်ဟာ ဒါတွေကို ပြန်လည်မြင်တွေ့စေပါတယ်။ စဉ်းစားထောက်ရှု့ကြပါလို့ နှိုးဆော်ပါရစေ။

တကယ်တော့ ဘ၀မှာ အရေးကြီးဆုံးသော ဆုံးဖြတ်ချက်ချရတဲ့အခါ အခက်ခဲဆုံးကတော့ မိမိနားမလည်ဘဲ လုပ်ဆောင်ရမယ့်အရာအတွက် ဆုံးဖြတ်ချက်ချလိုက်ရခြင်းပဲဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ယုံကြည်သူတွေအတွက်လည်း ဘုရားအလိုရှိတာပဲထင်ပါတယ်ဆိုပြီး မိမိတို့ရဲ့နားလည်မှု့နောက်မှာ ဆုံးဖြတ်ချက်ကို ချလိုက်ရတာပါပဲ။ တနည်းအားဖြင့်တော့ ဒါဟာယုံကြည်ခြင်းဖြင့် လျှောက်လှမ်းခြင်းဖြစ်နိုင်ပါတယ်။ သို့သော်လည်း မျက်ကန်းယုံကြည်ခြင်းမဖြစ်သင့်ပါဘူး။-ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ကိုယ်တော်တိုင် ကျနော်တို့ကို လွတ်လပ်မှု့နှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ပေးထားလို့ပါပဲ။ တချိန်တည်းမှာလည်း ကျနော်တို့တတွေဟာ လွတ်လပ်မှု့နှင့်စဉ်းစားတွေးခေါ်မှု့စွမ်းအားတွေအပေါ်မှာ ကျောက်ခဲနှလုံးသားများပိုင်ရှင်ကဲ့သို့ မဖြစ်သင့်ပြန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ ခံစားတတ်တဲ့နှလုံးသားနှင့်အတူ ထိတွေ့ရင်းနှီးတတ်သည့် ခံစားချက်များရှိ ပေးထားခံရလို့ပါပဲ။ ထို့ကြောင့် လူသားပီပီသသဖြစ်ဖို့မှာ လွတ်လပ်မှု့၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် ရင်းနှီးခံစားတတ်တဲ့နှလုံးသားစွမ်းရည်တို့ကို ညှိနှိုင်းယူတတ်သူများ ဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။ ထို့ကြောင့်လည်း ယနေ့ ကျနော်တို့ရဲ့ခေါ်တော်မူခြင်းတွေကို ပြန်လည်သုံးသပ်ရလျှင် ဘုရားသခင်၏တန်ခိုးလက္ခဏာများအပေါ် စဉ်းစားတွေးခေါ်ပြီး ထိုအရာများကို ထိတွေ့ခံစားကာ လုံးဝ လွတ်လပ်မှန်ကန်တဲ့ အဖြေအားဖြင့် ခရစ်တော်နောက်ကို လိုက်ခြင်းအားဖြင့် လုံးဝမှန်ကန်စွာ သက်သေခံနိုင်အောင် ၀ိညာဉ်တော်ကျေးဇူးတော်အားဖြင့် ဆက်လက်လျှောက်လှမ်းသွားကြပါစို့။

ဒိုမီနီကန်ကိုရင်
#Dominicankoyinop




Saturday, 30 January 2016

စတုတ္ထမြောက်သာမန်တနင်္ဂနွေနေ့


အချင်းဆေးဆရာ၊ သင့်ကိုယ်သင်ကုသပါလော . . . (လုကာ ၄း၂၃) 
မသိဖာသာနေခြင်း၊ ပြုခြင်းအမှု့အရာနှင့် ယုံကြည်ခြင်းမဲ့ခြင်း 

ယနေ့ဖတ်ရှု့ရတဲ့ ဧ၀ံဂေလိတရားတော်မှာ ယေဇူးသခင်၏ဇာတိနယ်မှ ကိုယ်တော်၏သတင်းကောင်း တရားဒေသနာနှင့် တန်ခိုးလက္ခဏာများကြားသိပြီးဖြစ်သော်လည်း ခြိုးနှိမ်တဲ့အပြုအမှု၊ အထင်သေးတဲ့ပုံစံများဖြင့် ကိုယ်တော့်အားတုန့်ပြန်နေကြတာကို ကြားနားရပါတယ်။ ပြီးခဲ့သော တနင်္ဂနွေနေ့တွင် ဖတ်ရှု့ခဲ့ရတဲ့ကျမ်းမှာ ကိုယ်တော်ဟာ မိမိဇာတိနယ်သို့ပြန်ရောက်လာပြီး တရားဇရပ်သို့ ထုံးစံအတိုင်းသွားပါတယ်။ ထို့နောက် ကိုယ်တော့်ရဲ့သတင်းတွေကိုကြားသိပြီးသားဖြစ်နေတဲ့ ဒေသခံတွေက ကိုယ်တော့်အစွမ်းအစကို စမ်းသပ်လိုပြီး ကျမ်းစာတော်မြတ်ကို ဖတ်ခိုင်းပါတယ်။ ဘုရားသခင်ရဲ့ စီမံမှု့အရ၊ (သို့) တိုက်ဆိုင်မှု့အရပဲဆိုဆို - ဖတ်လိုက်ရတဲ့ ကျမ်းပိုဒ်ဟာ ကယ်တင်ရှင်မက်စီးယားသခင်အကြောင်းကို ကြိုတင်ဟောပြောထားတဲ့ ပရော်ဖက်ကြီး ဧလိယရဲ့ကျမ်းပင်ဖြစ်နေပါတယ်။ ထိုကျမ်းပိုဒ်အရ- ကယ်တင်ရှင်ပေါ်ထွန်းပြီး ထိုအရှင်ဟာ - ဆင်းရဲသားတို့အား ၀မ်းမြောက်ရာသတင်းကောင်းကို ဟောပြောစေခြင်းငှာ ကိုယ်တော်သည် ငါ့ကိုဆီဖြင့်လိမ်းကျံတော်မူပြီ။ ချုပ်နှောင်ခံရသူတို့အားလွတ်ငြိမ်းစေမည်။ မျက်မမြင်တို့အားအလင်းကိုပေးမည်။ ဖိနှိပ်ခံရသူတို့အား ကယ်တင်မည် - ဘုရားသခင်လက်ခံနိုင်သောမင်္ဂလာနှစ်ကို ကြေငြာမည်ဟု၍ ဖော်ပြထားပါတယ်။ ထို့နောက် ကိုယ်တော်က ဆက်လက်ပြီး ဤပရော်ဖက်ကျမ်းဟာ ယနေ့ပြည့်စုံပြီဟု ကိုယ့်ကိုယ်ကို ရည်ညွှန်း၍ပြောဆိုပါတယ်။ သို့သော်လည်း ကိုယ်တော်၏ဇာတိနယ်မှ ငယ်ပေါင်းဖော်များနှင့်ဒေသခံများကတော့ ဒီလူဟာ လက်သမားဂျိုးဇက်သားမဟုတ်လား။ ဆေးဆရာရယ် ကိုယ့်ကိုယ်ကို အရင်ပြန်ကုပါဦးဟုပြီး အရူးပေါက်ချပြောဆိုတုန့်ပြန်ကြပါတယ်။ သို့ပေမယ့်လည်း ကိုယ်တော်သခင်ပြုခဲ့ပြီးတဲ့ တန်ခိုးလက္ခဏာများကို ထိုဒေသခံတွေကြားပြီးသားပါ။ 

ဤသို့ဆိုလျှင် ဘယ်အရာတွေကများ ၎င်းငယ်ပေါင်းဖော်များနှင့် ဒေသခံတွေကို ခရစ်တော်သခင်အား ကယ်တင်မက်စီးယားအဖြစ် လက်ခံဖို့ အဟန့်အတားတွေဖြစ်နေပါသလဲ။ ထို့အတူ ဘုရားသခင်ရဲ့ တန်ခိုးလက္ခဏာတွေကို မြင်တွေ့ကြုံသိနိုင်ဖို့အတွက် ဘယ်အရာတွေက ထိုဒေသခံများနှင့်အတူ ယနေ့ ကျနော်တို့တတွေကိုလည်း တားစီးပိတ်ပင်နေပါသလဲ။ ကျနော်တို့တစ်ဦးချင်းစီရဲ့ဘ၀မှာ၊ ဘ၀ထဲမှာ ဘုရားသခင်က မိမိရဲ့တန်ခိုးလက္ခဏာတွေကို ပြုလုပ်ပေးနေတာကို ကျနော်တို့ အမှန်တကယ်ယုံကြည်ကြရဲ့လား။ 

ယနေ့တရားတော်မှာ ရှင်းရှင်းလင်းလင်းထောက်ရှု့နိုင်တာကတော့ ကျနော်တို့လူသားတို့ရဲ့ သဘောအခြေနေတစ်ခုဖြစ်တဲ့ မသိဖာသာနေတတ်ခြင်း၊ မသိဖာသာပြုတတ်ခြင်းနှင့် ယုံကြည်မှု့ကင်းမဲ့တတ်ခြင်းတို့ပါပဲ။ ထိုအရာတွေကပဲ ခရစ်တော်ရဲ့ငယ်ပေါင်းတွေနဲ့ ဒေသခံတွေအား တန်ခိုးလက္ခဏာမြင်တွေ့ခြင်းမှ ကင်းဝေးစေခဲ့သလို ထိုအရာတွေကပဲ ယနေ့ ကျနော်တို့တတွေကိုလည်း ဘုရားသခင်ရဲ့ တန်ခိုးလက္ခဏာတွေမှ ကင်းဝေးစေနေပါတယ်။ ထိုအရာတွေကပဲ ဘုရားသားတော်ကို ယုံကြည်ဖို့ အဟန့်အတားဖြစ်စေခဲ့သလို ယနေ့ကျနော်တို့တတွေရဲ့ ယုံကြည်ခြင်းမှာလည်း အဟန့်အတားဖြစ်နေပါတယ်။

မသိဖာသာနေခြင်း၊ ပြုခြင်း (Indifference) ဆိုတာ သာမာန်အားဖြင့်တော့ တစုံတခုမှာ စိတ်ဝင်စားမှု့မရှိခြင်း၊ စိတ်မ၀င်စား၍ ဥပေက္ခာပြုနေခြင်းပါပဲ။ ဥပေက္ခာပြုတယ်ဆိုတာကတော့ မသိ၍မသိသလိုနေခြင်းမဟုတ်ပါဘူး။- သိပေမယ့်လည်း မသိသလိုနေခြင်းပါ။ ဒါကြောင့် ပြောရမယ်ဆိုရင်တော့ ဥပေက္ခာပြုတယ်ဆိုတာ သိသိကြီးနဲ့ ဂရုစိုက်ခြင်းမပြုတာပါပဲ။ ဒီလို ဥပေက္ခာပြုခြင်း (သို့) မသိဖာသာနေခြင်း၊ ပြုခြင်းဟာ ဘာကြောင့်အပြစ်ဖြစ်ရသလဲ။ အပြစ်ဆိုတာ အလွယ်ဆုံးပြောရရင်တော့ မေတ္တာထားရမယ့်တာဝန်၊ ခရစ်ယာန်တစ်ဦး ကျင့်ဆောက်တည်ရမယ့် ကျင့်စဉ်ဝတ္တရားကို ဆောင်ရွက်ဖို့ ငြင်းဆန်ခြင်းပါပဲ။ ဒါကြောင့် ဤခရစ်ယာန်ကျင့်စဉ်နှင့်ဝတ္တရားတွေ၊ အထူးသဖြင့် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်လေးမြတ်ခြင်းဆိုတဲ့ အဓိကပါရမီကြီးများကို မသိဖာသာပြုနေခြင်းဟာ အပြစ်သို့ဦးတည်ပေးနေပြီး အပြစ်ဖြစ်စေပါတယ်။ ၎င်းမှဖြစ်တဲ့ အပြစ်ဟာလည်း အဓိကအပြစ်ကြီးများဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်ယာန်ဘ၀အသက်တာရဲ့ တံခါးဝကို ၎င်းကပိတ်ဆို့ထားလို့ပါပဲ။ ထိုကဲ့သို့သော တံခါးကိုပိတ်ဆိုထားမှတော့ ကျနော်တို့အတွက် ခရစ်ယာန်အသက်တာကို ဘယ်တော့မှမသိ၊မထိတွေ့နိုင်တော့ဘဲ ကယ်တင်ခြင်းတရားနှင့် လွဲချော်ရုံသာ ရှိပါတော့တယ်။

ဒါကြောင့် ယနေ့စဉ်းစားထောက်ရှု့သင့်တာကတော့ မိမိဟာ ဘုရားသခင်ကို ယုံကြည်ဖို့ သိလျက်နဲ့ ဥပေက္ခာပြုနေသလား။ ယုံကြည်သည်ဟုဝန်ခံနေပြီးသော်လည်း ခရစ်တော်သခင်ရဲ့ တရားတော်တွေကို ကျင့်ကြံသက်သေခံဖို့ ဥပေက္ခာပြုနေသလား။ အဓိကအားဖြင့်တော့ ခရစ်ယာန်တစ်ဦးအနေဖြင့် မိမိဟာ အကြီးမြတ်ဆုံးသော ပညတ်တော်နှစ်ခုကို ဥပေက္ခာပြုနေသလား။ သင်၏အရှင် ထာဝရဘုရားသခင်ကို ကိုယ်စွမ်းရှိသမျှ ချစ်လော့။- သင်နှင့်နီးစပ်သူအား ကိုယ်နှင့်အမျှချစ်လော့။ ...မိမိက ဥပေက္ခာပြုထားလေသလား။

သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏အလင်းကျေးဇူးတော်အားဖြင့် ထောက်ရှု့ကျင့်ကြံဆောက်တည်၍ တရားတော်အားသက်သေခံနိုင်ကြပါစေ။

ဒိုမီနီကန်ကိုရင်
#Dominicankoyin