ငါ၏သိုးတို့သည် ငါ့အသံကိုနားထောင်ကြ၏။ ငါသည်သူတို့ကိုသိ၍ သူတို့သည်လည်း ငါ့နောက်သို့လိုက်ကြလေ၏။ ...ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်းဖြစ်၏။ (သံယောဟန် ၁၀း၂၇-၃၀)
ယေဇူးသခင်ပေးခဲ့သည့် သိုးထိန်းကောင်းပုံဥပမာဟာ အဓိပ္ပာယ်နက်ရှိုင်းသလို တဖက်မှာလည်း သဘောပေါက်လွယ်စေလွန်းလှပါတယ်။ မိမိကိုယ်ကို ကောင်းသောသိုးထိန်းအဖြစ် ခိုင်းနှိုင်းကာ ဘုရားသခင်ရဲ့ မေတ္တာ၊ ဂရုဏာတရားနှင့် ဂရုစိုက်မှု့တွေကို လွယ်လွယ်နားလည်စေတာပါပဲ။ သို့သော်လည်း တဖက်မှာလည်း သိုးစုခွဲခြားထားတဲ့သတိပေးစကားလည်း ရှိနေပါတယ် - ငါ၏သိုးတို့သည် ငါ့အသံကို နားထောင်ကြပြီး ငါ့နောက်သို့လိုက်ကြလေ၏ ဟုဆိုကာ ယုံကြည်သူနောက်လိုက်တစ်စုကို ရည်ညွှန်းပြနေတာကို မြင်သာစေပါတယ်။
သိုးကျောင်းသားဘ၀နှင့် နားလည်ရင်းနှီးသူဆိုလျှင် ဤပုံဥပမာကို ချက်ချင်းသဘောပေါက်ပါတယ်။ သို့သော်လည်း ကျနော်အပါအ၀င် မြန်မာလူမျိုးများအတွက် သိုးကျောင်းသိုးမွေးခြင်းမှာ ရှားပါးလှသည့်အတွက် နားလည်ရခက်နေနိုင်ပါတယ်။ ယေဇူးခရစ်တော်အသက်တော်ရှင်နေထိုင်ခဲ့သည့် အရပ်ဒေသ (အရှေ့အလယ်ပိုင်းဒေသ)မှာတော့ သိုးကျောင်းတာဟာ နိစ္စဓူဝ၊ နေ့စဉ်လုပ်နေကျ အလုပ်တစ်ခုမို့ သိုးထိန်းဟုပြောလိုက်ရုံနဲ့ ချက်ချင်းသဘောပေါက်ကြပါတယ်။ သိုးတွေဟာ အလွန်အပြစ်ကင်းတဲ့ သတ္တ၀ါတွေလို အမွန်းတင်ရလောက်အောင် ရိုးရှင်းတဲ့ သတ္တ၀ါတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို စားဖို့ ချောင်းမြောင်းနေတဲ့သတ္တ၀ါများစွာ ၀န်းရံနေပါတယ်။ ဒီတော့ သိုးကျောင်းသားဟာ သိုးကျောင်းသည့်အခါ အလွန်အရေးကြီးပါတယ်။ သိုးတွေကို ကာကွယ်ပေးဖို့ ရဲရင့်ရတယ်၊ သတ္တိရှိရတယ်၊ အသက်ပေးဝံ့ရတယ်၊ ဘ၀ကိုမြုပ်နှံပြီးတော့ကို အချိန်ပေးစောင့်ရှောက်ရတယ်။ သိုးကျောင်းသားဘ၀ကို အမှန်တကယ်နှစ်သက်မြတ်နိုးနိုင်မှ သိုးကျောင်းသားဘ၀ကို ခံယူမှဖြစ်ပါတယ်။ သိုးတွေဟာ ၎င်းတို့သိုးထိန်းကို သိလာသည့်နှင့်အမျှ အခြားဘယ်မှ မလိုက်ကြတော့ဘူး။ အဲဒီလိုသိလာအောင်လည်း သိုးကျောင်းသားတစ်ဦးဟာ နေ့ရက်၊ လ၊ နှစ် အချီချီ အချိန်ပေး အနွံတာခံပြီး အရောတ၀င်လုပ်လာပြီးမှ အောင်မြင်ပါတယ်။ သိုးကျောင်းသားအတွက် သိုးတွေကို ရင်းနှီးခင်မင်လာအောင် မိမိကိုသိုးထိန်းမှန်းသိလာအောင် ခြောက်လှန့် ထိန်းကျောင်းလို့မရပါ။ နှလုံးသားအရင်းခံပါမှ ဖြစ်ပါတယ်။ ဒါကြောင့် တနည်းအားဖြင့် နှလုံးသားအရင်းခံပြီး မေတ္တာရောင်ပြန်တဲ့ ရင်းနှီးကျွမ်းဝင်မှု့ကို ရရှိလာတယ်ဟု ဆိုရပါလိမ့်မယ်။
ဤသို့သောလက်တွေ့သိုးကျောင်းသားဘ၀ကို သာဓကထားကာ သမ္မာကျမ်းစာတော်တလျှောက် ဓမ္မဟောင်းဓမ္မသစ်မှာ ခေါင်းဆောင်ကောင်းတွေကို သိုးထိန်းနှင့် ခိုင်းနှိုင်းလေ့ရှိပါတယ်။ ဥပမာ-အာဗြရာဟံ၊ ဣဇာတ်၊ယာဂုတ်၊ မိုးဇယ်၊ ဒါဝိတ် အစရှိသည့် သူရဲကောင်းကြီးများသည် သိုးထိန်းကောင်းများပင် ဖြစ်ပါတယ်။ ဓမ္မသစ်မှာလည်း ခရစ်တော်သည် မိမိကိုယ်တိုင် သိုးထိန်းနှင့် ခိုင်းနှိုင်းထားပါတယ်။
သိုးထိန်းအသံဆိုတာ ကျနော်တို့ခရစ်ယာန်များအတွက် ခရစ်တော်၏အသံပင်ဖြစ်ပါတယ်။ ခရစ်တော်၏အသံဆိုသည်မှာလည်း ထာဝရဘုရားသခင်ကိုယ်တော်တိုင်၏အသံပင် ဖြစ်ပါတယ် (ခမည်းတော်နှင့် ငါသည် တလုံးတ၀တည်းဖြစ်၍ တစ်ဆူတည်းဖြစ်ပေသည်)။ သိုးထိန်းအသံမှာ (၁) သူ့အားယုံကြည်ရန်၊ (၂) သူအား ကိုယ်ရောစိတ်ပါ ချစ်ရန်နှင့် (၃) မိမိနှင့်နီးစပ်သူများအား မိမိကိုယ်ကိုချစ်သကဲ့သို့ချစ်ရန်ပင် ဖြစ်ပါတယ်။ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၏အသံ (ဘုရား၏အသံ)ကို ကြားနိုင်ဖို့ စွမ်းရည်ပေးပါတယ်။ ထိုစွမ်းရည်အားဖြင့် ယုံကြည်ပြီး ယုံကြည်ရခြင်းသည်ပင် ချစ်မြတ်နိုးရာအကြောင်းဖြစ်စေပါတယ်။ ဘုရားကို ချစ်မြတ်နိုးခြင်းသည်လည်း မိမိနှင့်နီးစပ်သူများအား မိမိကိုယ်တိုင်ကဲ့သို့ ချစ်မြတ်နိုးစေရာ အကြောင်းဖြစ်စေပါတယ်။ ဒါဟာ ပြည့်စုံတဲ့ ခရစ်ယာန်ဘ၀အသက်တာပါပဲ။
ဤသိုးထိန်းအသံ (ခရစ်တော်အသံ)ဟာ အတုမရှိသောအသံဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မိန့်ဆိုပါတယ်။ ဆက်လက်၍ - အကယ်၍ ၎င်းအသံကို ကျနော်တို့လေ့လာခွဲခြားကြည့်လျှင် ကိုယ်တော်ဟာ ရှင်သန်ခြင်းအသက်တာဆီသို့ ကျနော်တို့အားဦးဆောင်လမ်းပြနေပါတယ်။ ထိုရှင်သန်ခြင်းအသက်တာမှာ သေခြင်းတရားကိုပင် ကျော်လွန်ပြီး ကောင်းကင်သုခထိအောင် လမ်းပြနေပါတယ်။ ကျနော်တို့ဘ၀၊ ကျနော်တို့နှလုံးသားတမ်းတနေတဲ့လမ်းစဉ်ပါပဲ။ ကိုယ်တော်ခေါ်နေတာကို ကြားချင်နေတာပါ။ ဒါကြောင့် လိုက်ကြည့်တယ်. . .လိုက်ကြည့်တယ်...နောက်ဆုံး ကိုယ့်ကိုယ်တိုင် ၎င်းအသံ၏ဦးဆောင်မှု့အောက်မှာ လုံခြုံစိတ်ချ ပျော်ရွှင်ချမ်းမြေ့စွာလိုက်နေပါတော့တယ်။
ကျနော်တို့တတွေ သူ့အသံ (သိုးထိန်းသံ)ကို ကြားကြပြီလား။ မာသာရ်ထရေဇားဟာ ရထားဘူတာတစ်ခုမှာ အလွန်ရေငတ်နေတဲ့ ဆင်းရဲသားအဖိုးအိုကြီးမှ “ကျွန်တော်ရေငတ်တယ်”ဟု အော်ရာမှ ခရစ်တော်၏အသံကို ကြားခဲ့ရတယ်။ သူမဘ၀ကို ဆင်းရဲနုံချာသူများ၊ စွန့်ပစ်ခံများ၊ အားနည်းသူများအကြားမှ သိုးထိန်အသံအတိုင်း လိုက်လျှောက်ရင်း ဘ၀ကို ကျေနပ်စွာဖြတ်သန်းခဲ့တယ်။ ယနေ့ ကျနော်တို့ကမ္ဘာမှာ၊ ပတ်ဝန်းကျင်မှာ ဒီလိုဆင်းရဲသားတွေ၊ အားနည်းသူတွေ၊ အပယ်ခံတွေ အများကြီးရှိနေပါသေးတယ်။ သိုးထိန်းအသံကို ကြားရလျှင် သင်နားထောင်ကြည့်ပါ။ အငယ်ဆုံးသော ငါ၏ညီအစ်ကို သင်ဆက်ဆံလျှင် ငါ့ကို သင်ဆက်ဆံ၏ (မာတေဦး ၂၅း၄၀)။
ဒါတွေလုပ်လို့ ဒါတွေလုပ်တော့ ဘာအကျိုးရမလဲ။ သင့်နှင့်ကျနော့်အတွက် အနာဂတ်မျှော်လင့်ချက် အာမခံချက်တွေကို ဒီလို ဂရုဏာလုပ်ရပ်တွေ၊ မေတ္တာသဒ္ဓါတရားတွေ ဖော်ဆောင်ခြင်း ရရှိနိုင်ပါတယ်။ ပထမဆုံး ခရစ်တော်ပေးသည့် အာမခံချက်မှာ ထာဝရအသက်ရှင်ခြင်းဖြစ်ပါတယ်။ ထာဝရအသက်ရှင်ခြင်းကို သင်နှင့်ကျနော်တို့ မည်သို့နားလည်ကြပါသလဲ။ ယနေ့လူ့လောကမှာ အသက်ရှင်တဲ့ပုံစံကြီးနဲ့တော့ ဘယ်သူမှ ထာဝရအသက်ကို လိုချင်မည်မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီကမ္ဘာဒီလောကမှာ အသက်ရှင်ရတာ မကြာခဏသေဆုံးနေရတယ်။ ဝေဒနာတွေ ခံစားနေရတယ်။ အပြစ်အနာအဆာတွေ များလွန်းတယ်။ စိတ်ဓါတ်တွေကျကာ ဘ၀တွေ မကြာခဏသေနေရတယ်။ . . . ခရစ်တော်ပေးသည့် ထာဝရအသက်ရှင်ခြင်းမှာ အသက်ရှင်ဖို့ထိခိုက်မည့်အရာ ဝေဒနာတစ်ခုမှ ရှိမည်မဟုတ်တော့ပါ။ သင်အလိုရှိလျှင် သင်မျှော်လင့်နိုင်ပါတယ်။ မျှော်လင့်ဖို့ ယုံကြည်ရမယ်။ သိုးထိန်းအသံကို နားထောင်ရမယ်။ မဟုတ်ရင်တော့ ကျွန်ုပ်တို့ကို ၀ါးမျိုမည့်ရန်သူတွေက ၀န်းရံနေဆဲဆိုတာ မမေ့ပါနဲ့။ ဤဘ၀၌လည်း တရားလမ်း၌နေထိုင်အသက်ရှင်ခြင်းသည် ဘေးရန်ကင်းဝေး ငြိမ်းချမ်းသုခ ပြည့်စုံတဲ့ ဘ၀ဖြင့် ရှင်သန်ရပါလိမ့်မယ်။

ကျနော်တို့အားလုံး သိုးထိန်းတော်နှင့် အပြည့်အ၀ဆက်နွယ်ပေါင်းစပ်ကာ သိုးထိန်းအသံကို ကြားနိုင်ကြပါစေ။
ဒိုမီနီကန်ကိုရင်
#Dominicankoyin
No comments:
Post a Comment