Saturday, 6 February 2016

ပဉ္စမမြောက်သာမန်တနင်္ဂနွေနေ့


သံလုကာ ၅း၁-၁၁
ရေနက်ရာသို့ရွေ့လော့။ 

ယနေ့ဖတ်ရှု့ရတဲ့ ဧ၀ံဂေလိတရားတော်တွင် ယေဇူးခရစ်တော်သခင်က ပထမဆုံးသော တပည့်တော်ကြီးများကို ခေါ်တော်မူသည့်အကြောင်းပင်ဖြစ်ပါတယ်။ ထူးခြားမှု့တစ်ခုမှာ ရှင်လုကာရဲ့ ဧ၀ံဂေလိတရားမှ ခေါ်တော်မူခြင်းဖြစ်စဉ်နှင့် ပထမကျမ်းဖြစ်တဲ့ အီဇာရိယတို့၏ ခေါ်တော်မူခြင်းဖြစ်စဉ်ဟာ အလားတူဖြစ်နေပါတယ်။ ထိုကျမ်းပိုဒ်နှစ်ခုဟာ ယှဉ်ကြည့်တဲ့အခါ (၁) ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ပထမတွေ့မြင်ကြရပြီး (၂) မိမိတို့ရဲ့မထိုက်တန်မှု့၊ အပြစ်သားအဖြစ်ကို သတိပြုမိပြီး အရှက်တရားဖြင့် ပြည့်နက်လျက် ၀မ်းနည်းမိကြပါတယ်။ သို့သော်လည်း (၃) ဘုရားသခင်ဟာ မိမိတို့အပြစ်များကို ထည့်တွက်ခြင်းမပြုဘဲ ထိုအပြစ်သားအဖြစ်ကို ဆေးကြောပေးပြီး မိမိတို့ကို ကိုယ်တော်၏ခေါ်တော်မူခြင်းမှာ ထိုက်တန်စေပါတယ်။ ထို့နောက်မှ (၄) မိမိတို့ကိုခေါ်တော်မူပြီး မိမိတို့ရဲ့တုန့်ပြန်မှု့နှင့်အတူ (၅) သာသနာပြုခြင်းကို ပြုလုပ်စေပါတယ်။

ပရော်ဖက်ကြီး အီဇာရိယဟာ ထာဝရဘုရားသခင်ကို ဖူးမြင်တွေ့ရခဲ့ပါတယ်။ ထိုအခါ သူက - သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ။ ဗိုလ်ခြေတို့၏အရှင် ထာဝရဘုရားသခင်သည် သန့်ရှင်းတော်မူ၏ ဟုကြွေးကြော်မိပါတော့တယ်။ တချိန်တည်းမှာပဲ ဘုရားသခင်၏ဘုန်းဂုဏ်တော်မြင်ရတဲ့အခါ မိမိရဲ့အပြစ်သားဖြစ်အင်တွေကို သတိထားမိကာ မိမိကိုယ်ကို မထိုက်တန်သူ၊ အပြစ်သားမှန်း လက်ခံခဲ့ပါတယ်။ ဘုရားသခင်ကတော့ ထိုအပြစ်သားဖြစ်အင်ကို မရေတွက်ခဲ့ဘဲ သိကြားတမန်တော်ကြီးတစ်ပါးအားဖြင့် သူ့အား မီးဖြင့်သန့်ရှင်းစင်ကြယ်ခြင်းကို ပြုပေးခဲ့ပါတယ်။ ထို့နောက် ခေါ်တော်မူပြီး သာသနာပြုစေခဲ့ပါတယ်။

အလားတူ - ယေဇူးခရစ်တော်ဟာ ဂျေနားဇရက်ရေအိုင်အနီးရောက်လာခဲ့ပြီး ပထမ တရားဒေသနာကို ဟောပြောသွန်သင်တော်မူပြီး တံငါသည်တို့ကို လှေအား ရေနက်ရာသို့ရွေ့စေခဲ့ပြီး ငါးဖမ်းစေခဲ့ပါတယ်။ ထိုအချိန်မှာ တံငါသည်များဟာ ငါးတကောင်မှမမိဘဲ ငါးဖမ်းပြီးချိန်ဖြစ်နေပြီး ပိုက်ကွန်များပင် ဆေးကြောနေပါပြီ။ စီမွန်ဆိုသူ ပီတာက တံငါသည်ပီပီ အခြေနေကိုရှင်းပြပြီး ကိုယ်တော်မိန့်တာမဖြစ်နိုင်ကြောင်း စောဒကတက်ပြပါတယ်။ သို့သော်လည်း ကိုယ်တော်စေခိုင်းတဲ့အတွက် ဘာကြောင့်ရယ်မှန်းမသိ ငြင်းနိုင်စွမ်းမရှိဘဲ နာခံခဲ့ပြီး ငါးဖမ်းတဲ့အခါ ထူးခြားမှု့ကို ကိုယ်တိုင်ကြုံတွေ့ခံစားလိုက်ရတော့တာပါပဲ။ ထိုတန်ခိုးလက္ခဏာကို ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါ ပီတာဟာ မိမိရဲ့အပြစ်သားအခြေနေကို မြင်မိကာ ရှက်မိပြီး ကိုယ်တော်ကို ထွက်ခွာစေဖို့ တောင်းဆိုခဲ့ပါတယ်။ သို့သော်လည်း ကိုယ်တော်က ထိုအပြစ်တွေကို မရေတွက်ဘဲ ခေါ်တော်မူခဲ့ပါတယ်။ စီမွန် (ပီတာ)နှင့်အတူ အန်ဒြရူး၊ ယာကုပ်နှင့် ယောဟန်တို့ကိုပါ ခေါ်တော်မူခဲ့ပါတယ်။

မိတ်ဆွေ၊ အထက်ပါ ခေါ်တော်မူခြင်းဖြစ်စဉ်နှစ်ခုနှင့်အတူ ကျနော်တို့တတွေကော ဘယ်လိုနားလည်သဘောပေါက်ကြပြီး ဘယ်လိုတရားမှတ်ကြနိုင်ကြမလဲ။ ခရစ်ယာန်ဘ၀အသက်တာမှာ ခေါ်တော်မူခြင်း ရရှိထားတဲ့ကျနော်တို့တတွေကော မိမိတို့ရဲ့ခေါ်တော်မူခြင်းဖြစ်စဉ်လေးတွေကို သတိထားမိကြပါသလား။ သင့်ရဲ့ယုံကြည်ခြင်းအတွက် ဘုရားသခင်ထံမှ ဘယ်လိုတန်ခိုးလက္ခဏာတွေ သင်ကြုံတွေ့ခဲ့သလဲဆိုတာ ပြန်လည်သတိရမိရဲ့လား။ ပြန်လည်စဉ်းစားမိသလား။ ထို့အတူ မိမိတို့ရဲ့ယုံကြည်ခြင်းအတွက် ဆေးကြောသန့်ရှင်းခြင်းပြုလုပ်ပေးတဲ့ ဆေးကြော်ခြင်းမင်္ဂလာကို ကျနော်တို့နေ့စဉ်ရှင်သန်စေမိရဲ့လား။ ထို့နောက် ဤဆေးကြော်ခြင်းမင်္ဂလာအားဖြင့် မိမိတို့ရဲ့မထိုက်တန်မှု့ကြားမှ ရရှိလာတဲ့ ခရစ်ယာန်ဘ၀အသက်တာ ခေါ်တော်မူခြင်းကို လက်ခံပြီး ကိုယ်တော်၏နိုင်ငံတော်သည် ရောက်ပါစေဟု သာသနာပြုခြင်း၊ သက်သေခံခြင်း ပြုလုပ်မိရဲ့လား။ ဒီနေ့ တရားတော်ဟာ ဒါတွေကို ပြန်လည်မြင်တွေ့စေပါတယ်။ စဉ်းစားထောက်ရှု့ကြပါလို့ နှိုးဆော်ပါရစေ။

တကယ်တော့ ဘ၀မှာ အရေးကြီးဆုံးသော ဆုံးဖြတ်ချက်ချရတဲ့အခါ အခက်ခဲဆုံးကတော့ မိမိနားမလည်ဘဲ လုပ်ဆောင်ရမယ့်အရာအတွက် ဆုံးဖြတ်ချက်ချလိုက်ရခြင်းပဲဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ယုံကြည်သူတွေအတွက်လည်း ဘုရားအလိုရှိတာပဲထင်ပါတယ်ဆိုပြီး မိမိတို့ရဲ့နားလည်မှု့နောက်မှာ ဆုံးဖြတ်ချက်ကို ချလိုက်ရတာပါပဲ။ တနည်းအားဖြင့်တော့ ဒါဟာယုံကြည်ခြင်းဖြင့် လျှောက်လှမ်းခြင်းဖြစ်နိုင်ပါတယ်။ သို့သော်လည်း မျက်ကန်းယုံကြည်ခြင်းမဖြစ်သင့်ပါဘူး။-ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ကိုယ်တော်တိုင် ကျနော်တို့ကို လွတ်လပ်မှု့နှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ပေးထားလို့ပါပဲ။ တချိန်တည်းမှာလည်း ကျနော်တို့တတွေဟာ လွတ်လပ်မှု့နှင့်စဉ်းစားတွေးခေါ်မှု့စွမ်းအားတွေအပေါ်မှာ ကျောက်ခဲနှလုံးသားများပိုင်ရှင်ကဲ့သို့ မဖြစ်သင့်ပြန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ ခံစားတတ်တဲ့နှလုံးသားနှင့်အတူ ထိတွေ့ရင်းနှီးတတ်သည့် ခံစားချက်များရှိ ပေးထားခံရလို့ပါပဲ။ ထို့ကြောင့် လူသားပီပီသသဖြစ်ဖို့မှာ လွတ်လပ်မှု့၊ စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် ရင်းနှီးခံစားတတ်တဲ့နှလုံးသားစွမ်းရည်တို့ကို ညှိနှိုင်းယူတတ်သူများ ဖြစ်ရမယ်လို့ ယုံကြည်ပါတယ်။ ထို့ကြောင့်လည်း ယနေ့ ကျနော်တို့ရဲ့ခေါ်တော်မူခြင်းတွေကို ပြန်လည်သုံးသပ်ရလျှင် ဘုရားသခင်၏တန်ခိုးလက္ခဏာများအပေါ် စဉ်းစားတွေးခေါ်ပြီး ထိုအရာများကို ထိတွေ့ခံစားကာ လုံးဝ လွတ်လပ်မှန်ကန်တဲ့ အဖြေအားဖြင့် ခရစ်တော်နောက်ကို လိုက်ခြင်းအားဖြင့် လုံးဝမှန်ကန်စွာ သက်သေခံနိုင်အောင် ၀ိညာဉ်တော်ကျေးဇူးတော်အားဖြင့် ဆက်လက်လျှောက်လှမ်းသွားကြပါစို့။

ဒိုမီနီကန်ကိုရင်
#Dominicankoyinop




No comments:

Post a Comment