Saturday, 28 May 2016

ကိုယ်တော်မြတ်ပွဲတော်ကြီး


သံလုကာ ၉း၁၁-၁၇

ယနေ့အသင်းတော်ကြီးသည်  နက်နဲဖွယ်ရာ ကိုယ်တော်မြတ်ပွဲတော်ကို သက်သေခံကျင်းပလျက်ရှိပါတယ်။ လူပေါင်းများစွာအတွက် ယုံကြည်နိုင်ဖို့ အင်မတန်ခက်ခဲလှတဲ့ ယုံကြည်ရာချက်များထဲမှာ ကက်သလစ်အသင်းတော်၏ ကိုယ်တော်မြတ်စက္ကရမင်တူးလည်း အပါအ၀င်ဖြစ်ပါတယ်။ မစ္ဆားတရားတော်အတွင်း ခရစ်တော်ကိုယ်တော်တိုင် ရဟန်းပေါင်းစပ်ကာ ဖန်ဆင်းပြုလုပ်သည့် ဤမုန့်တော်သည် ခရစ်တော်၏ခန္တာဖြစ်ကြောင်း ကက်သလစ်ခရစ်ယာန်တို့ ယုံကြည်လာခဲ့သည်မှာ ရှေးဦးခရစ်ယာန်တို့၏ ယုံကြည်ခြင်းအတိုင်းပင်ဖြစ်ပါတယ်။

ကိုယ်တော်မြတ်မုန့်တော်အား ယနေ့လူပေါင်းများစွာအတွက် ယုံကြည်ရခက်နေသည်မှာ မထူးဆန်းပါ။ ယေဇူးခရစ်တော်သခင်ကိုယ်တိုင် လူ့လောကမှာ အသက်ရှင်နေထိုင်စဉ်အတွင်းပင ငါ၏အသားကို စား၍ ငါ၏အသွေးကိုလည်း မသောက်ကြလျှင် သင်တို့၌ အသက်မရှိနိုင်ရာ ဟုမိန့်တော်မူသောအခါ လူပေါင်းများစွာ ယေဇူးခရစ်တော်ကို စွန့်ခွာသွားခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်တော်မိန့်ဆိုသော ထိုအချင်းရာမှာ လူတို့အတွက် မဖြစ်နိုင်၊ မယုံကြည်နိုင်ရာ ဖြစ်နေသောကြောင့်ပါ။ သို့သော် ဤအချင်းအရာ မှန်ကန်ကြောင်းကို ခရစ်တော်ရှင်ပြန်ထမြောက်ပြီးမှသာ တပည့်တော်ကြီးများကိုယ်တိုင် မျက်စိပွင့်နားပွင့် သတိထားမိလာပြီး သက်သေခံခဲ့သောကြောင့် ယနေ့ကက်သလစ်ခရစ်ယာန်တို့သည် ယုံကြည်နေကြပါတယ်။ ထိုယုံကြည်ခြင်းသည်လည်း စစ်မှန်ပါတယ်။ ယနေ့ ကျနော်တို့နှင့်အတူ ယေဇူးခရစ်တော်သည် ခန္တာနှင့် ၀ိညာဉ် အတူရှိနေပါတယ်။ ဒါ့ကြောင့် ကိုယ်တော်မြတ်မုန့်တော်ကို ပင့်ယူခြင်းအားဖြင့် နေ့စဉ်အသက်တာကို စစ်မှန်သည့်ခရစ်ယာန်၊ ထာဝရအသက်ပိုင်သူများအဖြစ် လျှောက်လှမ်းကျင့်ကြံနေထိုင်ရပါလိမ့်မယ်။ ဤမုန့်တော်သည် ကျနော်တို့အတွက် နေ့စဉ်ခွန်အားလည်း ဖြစ်ပါတယ်။

ချစ်စွာသော ဓမ္မမိတ်ဆွေ။ ယနေ့ဖတ်ရှု့ကြားနာရသည်မှာ ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်အားဖြင့် လူငါးထောင်ကျော်ကို ၀၀လင်လင်ကျွေးမွေးရုံမျှမကဘဲ အပိုလျှံများစွာပင် ကျန်ခဲ့ပါသေးတယ်။ သေးငယ်တဲ့ ကျနော်တို့ရဲ့ လှူဖွယ်အားဖြင့် အလျှံအပယ်ဖြစ်သည့်တိုင် များပြားစေသည်မှာ ကျနော်တို့နှင့် ဘုရားသခင်အကြား ထားရှိသည့် ယုံကြည်ကိုးစားခြင်းပေါ် မူတည်နေပါတယ်။ ထို့အတွက်လည်း စိန်ခေါ်မှု့တစ်ရပ်ပါပဲ။ ထို့အပြင် ပွားများစေခြင်းဟာ အခြေခံအားဖြင့် ကျနော်တို့ရဲ့ ဝေမျှတတ်ခြင်းပေါ်မှာလည်း မူတည်လှပါတယ်။ ခရစ်တော်သခင်၏ ခန္တာဟု ပြောလျှင် ယေဇူးသခင်၏ ရုပ်ခန္တာလည်းဖြစ်သလို၊ အသင်းတော်ကြီးလည်းဖြစ်ပါတယ်။ ထို့ကြောင့် ကျနော်တို့အားလုံး ပါဝင်နေတယ်ဆိုတာ သတိရဖို့၊ အချင်းချင်း ပူးပေါင်းပါဝင် မျှဝေတတ်ကြဖို့ကို တရားပြနေတာ ရှင်းရှင်းလေးပါ။

ဒီတော့ ဝေမျှတတ်ဖို့အတွက် ကျနော်တို့တတွေကိုလည်း ယနေ့ကမ္ဘာကြီးက စိန်ခေါ်ပြန်ပါတယ်။ လောကမှာ သူလို ကိုယ်လို အပြိုင်အဆိုင်နဲ့ အတ္တ၊ မာန၊ လောဘတွေကြား ရုန်းကန်နေရချိန် ဝေငှတ်ဖို့ဆိုတာ တကယ့်ကို စိန်ခေါ်မှု့ကြီးတစ်ခုပါပဲ။ သို့ပေမယ့်လည်း ဒီစိန်ခေါ်မှု့ကြီးကို ကျော်လွှားနိုင်စေတာ မေတ္တာ၊ ဂရုဏာ နှင့် စေတနာတရားတို့ပါပဲ။ ၎င်းပါရမီတွေအားဖြင့် ကျနော်တို့တတွေဟာ ဘုရား၊တရားကို မြင်နိုင်ပါလိမ့်မယ်။ ထိုသို့ မြင်နိုင်ဖို့အတွက်လည်း ဖန်ဆင်းချိန်ကတည်းက ကျနော်တို့ကို ၎င်းပါရမီတွေထည့်ပေးထားခြင်း ဖြစ်ပါတယ်။

ချစ်စွာသော မိတ်ဆွေ၊ ဒါတွေဟာ စိတ်ကူးယာဉ်မဟုတ်ပါ။ လက်တွေ့ပါ။ လက်တွေ့ကျင့်ကြံကြည့်ပါ။ ဘ၀မှာ အံ့သြဖွယ်ရာတွေဖြစ်တဲ့အခါ မိမိတို့ကိုယ်တိုင် နားမလည်ဘဲ အံ့အားသင့်ရတာတဲ့ အချိန်အခါတွေ မနည်းလှပါ။ ခရစ်တော်၏ အံ့ဖွယ်တန်ခိုးဖြင့် မုန့်များပွားများခြင်းမှ သင်ခန်းစာတစ်ခုဟာ အချင်းချင်း ဝေမျှပြီး အသက်ရှင်သန်တတ်ဖို့ပါပဲ။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဆိုသလိုပါပဲ။ ခရစ်တော်သခင်ဟာ မုန့်များကို တိုက်ရိုက်မပေးဘဲ လူငယ်လေးတစ်ဦးဆီမှာ ရှိတာလေးကို ဝေငှခြင်းပေါ် ဘုရားကျေးဇူးတော် ပေါင်းစပ်လိုက်ခြင်းပင်ဖြစ်ပါတယ်။

ကျနော်တို့တတွေလည်း မိမိမှာရှိတာလေးကိုပဲ အကြီးမြတ်ဆုံးစိတ်ထားနှင့် ဝေမျှတတ်လာသည့်အခါ ဘုရားရဲ့ကျေးဇူးတော်များ အစဉ်ပေါင်းစပ်ပေးနေပြီး ကောင်းကင်နိုင်ငံတော်ကို ထိတွေ့မြည်းစမ်းခွင့် ရပါလိမ့်မယ်။ အတ္တ၊လောဘကြောင့် မဖြစ်နိုင်ဘူးထင်ထားသည့်အရာများ အံ့ဖွယ်ထူးစွာ ဖြစ်ပေါ်လာလိမ့်မယ်။ ထိုကြောင့် ကိုယ်တော်မြတ်မုန့်တော် (သို့မဟုတ်) ဘုရားကိုနေ့စဉ်ပင့်ယူ၍ မိမိနှလုံးသားမှာ နေရာပေးကာ ဘုရား၏သားသမီးသဖွယ် ဝေမျှတတ်အောင် ကြိုးစားပါ။ ဘ၀စိန်ခေါ်မှု့ကြီးတွေပင် ပြိုလဲကုန်ပါလိမ့်မယ်။

ဒိုမီနီကန်ကိုရင်
#Dominicankoyin

No comments:

Post a Comment