Saturday, 7 May 2016

ယေဇူးသခင် ကောင်းကင်ဘုံသို့တက်တော်မူသောပွဲနေ့ကြီး

သံလုကာ ၂၄း၄၆-၅၃
မိမိ၏လက်တော်ကိုမြှောက်၍ သူတို့အားကောင်းကြီးပေးတော်မူ၏။-ဤသို့ ကောင်းကြီးပေးတော်မူစဉ်တွင် ကိုယ်တော်သည်သူတို့ထံမှ ထွက်ခွာ၍ ကောင်းကင်သို့ပင့်ဆောင်ခြင်းကို ခံတော်မူ၏။ 

ချစ်စွာသော ဓမ္မမိတ်ဆွေများခင်ဗျာ။ ယခု တနင်္ဂနွေနေ့ (၀ါ) ကိုယ်တော်ရှင်၏နေ့တွင် အမိကက်သလစ်အသင်းတော်ကြီးတွင် ယေဇူးခရစ်တော်သခင်၏ ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်းအား အောက်မေ့သတိရလျက် ကျင်းပကြပါတယ်။ ထိုဖြစ်စဉ်ဟာ ဧ၀ံဂေလိကျမ်းတွင် ယေဇူးခရစ်တော်အကြောင်း မှတ်တမ်းတင်ထားသော အကြောင်းရာများမှ နောက်ဆုံးအကြောင်းရာဖြစ်ပါတယ်။ ဤဖြစ်စဉ်နှင့်စပ်လျဉ်း၍ မှတ်တမ်းတင်ထားရာတွင် ကျမ်းရေးပုဂ္ဂိုလ်ကြီးသံလုကာမှ ခရစ်တော်သခင်၏ကောင်းကြီးပေးခြင်းကို အထူးအသားပေး ဖော်ပြထားပါတယ်။ တပည့်တော်ကြီးများကို လက်တော်မြှောက်၍ ကောင်းကြီးပေးသလို ကောင်းကြီးပေးနေသည့်အတိုင်းပင် ကောင်းကင်ဘုံသို့တက်ကြွတော်မူပါတယ်။ ဆိုလိုသည်မှာ ကိုယ်တော်သခင်၏ ကောင်းကြီးပေးနေခြင်းဟာ ရပ်တန့်မသွားဘဲ ဆက်လက်ပေးနေဆဲဆိုတာကို ညွှန်ပြပေးနေပါတယ်။

စိတ်ဝင်စားဖွယ် ရက်ပေါင်း (၄၀)ဟူသော သင်္ကေတကို ထပ်မံကြားရပါတယ်။ ယေဇူးခရစ်တော် ရှင်ပြန်ထမြောက်ပြီး ရက်ပေါင်း (၄၀)အကြာတွင် ကောင်းကင်ဘုံသို့ တက်ကြွတော်မူကြောင်းကို တပည့်တော်ကြီးများက သက်သေခံထားကြတာပါ။ (၄၀)ဟူသော ဂဏန်းသင်္ကေတမှာ ကျမ်းစာဓမ္မပါမ္ခောတွေအရ ကျမ်းစာတော်မြတ်၏ အမှတ်သားလက္ခဏာတစ်ခုဖြစ်ပါတယ်။ မိုးဇယ်ဟာ ဘုရားသခင်၏မျက်နှာတော်ကို တွေ့ရှိဖို့ တောင်ပေါ်မှာ ရက်ပေါင်း (၄၀) အစာရှောင်ဝါရှောင်ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးလူမျိုးတွေ ကတိထားရာနိုင်ငံတော်ကို မ၀င်မှီ တောကန္တာရထဲမှာ နှစ်ပေါင်း (၄၀) ပြင်ဆင်နေခဲ့ရပါတယ်။ သခင်ခရစ်တော်ကိုယ်တိုင် တရားဒေသနာတော်ကို စတင်မဟောပြောမှီ တောကန္တာရထဲမှာ ရက်ပေါင်း (၄၀) အစာရှောင်၊ ၀ါရှောင်ကျင့်ကြံခဲ့ပါတယ်။ ယခုရှင်ပြထမြောက်ပြီး ရက်ပေါင်း (၄၀)အကြာတွင် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပါတယ်။

ချစ်စွာသော ဓမ္မမိတ်ဆွေများခင်ဗျာ။ Ascention ဟူသော ဝေါ်ဟာရကိုက ကျနော်တို့အား တခုခုကို အသေချာညွှန်ပြနေတာပါ။ ထိုဝေါ်ဟာရအားဖြင့် အပေါ်ရပ်သို့ တက်ကြွခြင်းဖြစ်စဉ်၊ ဒါမှမဟုတ် အမြင့်သို့ မြင့်တင်ခံရခြင်း ဖြစ်စဉ်တစ်ခုကို အသေချာညွှန်ပြနေတာပါ။ ထိုဖြစ်စဉ်မှာ ကျနော်တို့အား ရုပ်ခန္တာသာမဟုတ်ဘဲ၊ စိတ်ပိုင်းဆိုင်ရာနှင့် ၀ိညာဉ်ရေးဆိုင်ရာတွေကိုပါ အထက်သို့၊ အမြင့်သို့ မြှင့်တင်ပေးနေခြင်းနှင့် တက်ကြွနေခြင်းကို ရှင်းလင်းစွာနားလည်နိုင်ပါတယ်။ ယနေ့ ခရစ်တော်သခင်၏ ကောင်းကင်ဘုံသို့ တက်ကြွခြင်းမှာ ကျနော်တို့အားလုံးကို ရုပ်ခန္တာသာမဟုတ်ဘဲ စိတ်ဓါတ်ရေးရာတွေ၊ ၀ိညာဉ်ရေးရာတွေ အားလုံးပါ ကောင်းကင်သို့ မြှင့်တက်ဖို့ လမ်းစဉ်ကို အသက်ရှင်စဉ်၊ အသက်စွန့်ခြင်းနှင့် ရှင်ပြထမြောက်ခြင်းတို့အားဖြင့် လမ်းပြပေးခဲ့ပါတယ်။ အားလုံးခြုံပြောရရင်တော့ အထက်လမ်းစဉ်၊ ကောင်းကင်နိုင်ငံတော်လမ်းစဉ်သို့ လမ်းပြနေပါတယ်။ ထိုသို့ မြင့်မြတ်တဲ့လမ်းစဉ်ကို လျှောက်လှမ်းနိုင်ဖို့အတွက် ကောင်းကြီးမင်္ဂလာလည်း ပေးခဲ့သလို ပေးနေဆဲပါပဲ။ ထို့ကြောင့်လည်း ကောင်းကင်နှင့်ဆိုင်ရာတွေကိုသာ ရှာဖွေကြဖို့၊ ကောင်းကင်ဘဏ္ဏာတွေကိုသာ စုဆောင်းကြဖို့ အမြဲသွန်သင်ပေးခဲ့ပါတယ်။

ချစ်စွာသော ဓမ္မမိတ်ဆွေများခင်ဗျာ။-ကျနော်တို့အား ရုပ်ခန္တာအတွက်နောက်ထားအုံး၊ လောကတွင် အသက်ရှင်စဉ် စိတ်ဓါတ်ရေးရာတွေ၊ စာရိတ္တရေးရာတွေနှင့် ၀ိညာဉ်ရေးရာတို့တွင် အမြင့်သို့ တက်ကြွနိုင်အောင်၊ တနည်းအားဖြင့် အထက်သို့မြင့်တက်စေဖို့ အဓိကအကြောင်းရာတွေဟာ ဘယ်လိုပါရမီများဖြစ်လေမလဲဗျာ။ အသင်းတော်၏သွန်သင်ချက်ထဲတွင် Cardinal virtues ဟူသော မဖြစ်မနေကျင့်ကြံရမည့် ပါရမီကြီး သုံးခုကို ညွှန်ပြနေပါတယ်။ဘာတွေလဲဆိုတော့ -ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ နှင့် ချစ်ခြင်းမေတ္တာတို့ပင် ဖြစ်ပါတယ်။ ဤပါရမီကြီးသုံးခုအားဖြင့် ကျနော်တို့တတွေဟာ ခရစ်တော်၏မြတ်သော လမ်းစဉ်ကို လျှောက်လှမ်းရင်း လောကအသက်ရှင် စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာနှင့် ၀ိညာဉ်ရေးရာဆိုင်ရာတွေမှာ တဖြည်းဖြည်း ပြည့်စုံလာမှာဖြစ်ပြီး နောက်ဆုံးသောနေ့တွင် အားလုံးသောပြီးပြည့်စုံခြင်းကို ကျနော်တို့ ဧကန်မုချ စံစားကြရမှာ ဖြစ်ပါတယ်။ 
လိုအပ်သော ကောင်းကြီးတော်များကို ထိုက်တန်စွာ လက်ခံရင်း ခရစ်တော်၏လမ်းစဉ်အားဖြင့် ကမ္ဘာတ၀ှမ်းလုံးတွင် တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ မေတ္တာတရားပွားများခြင်းနှင့် အပယ်ခံ၊ စွန့်ပစ်ခံ ဆင်းရဲသားများ အားလုံးနှင့်အတူတကွ ဝေမျှနိုင်အောင် ကြိုးစားသွားကြပါစို့။ 

ဒိုမီနီကန်ကိုရင်
#Dominicankoyin


No comments:

Post a Comment