Friday, 25 July 2014

မိဘများပွဲနေ့ (သို့) စိန်ဂျော်ကင်းနှင့် စိန်အန်းတို့ပွဲနေ့


ဤပွဲနေ့နှင့်ဆက်စပ်ပြီး ကမ္မဌာန်းထောက်ရှုခြင်းမပြုမှီ မိဘတို့နှင့်စပ်လျဉ်းသည့်ပွဲများကို အသင်းတော်အတွင်း ကျင်းပပုံ၊ ကျင်းပသည့်နေ့များဟာ တစ်နေရာနှင့်တစ်နေရာမတူကြဘဲ နေရာဒေသနှင့် ဓလေ့ထုံးစံအရ ကွဲပြားစွာကျင်းပကြကြောင်း သတိထားမိတာကို ပြောပြချင်ပါတယ်။ တစ်ချို့နေရာမှာတွေမှာ ဖခင်များနေ့၊ မိခင်များနေ့ ဟူပြီးကျင်းပတတ်ကြသဖြင့် မိဘဟူ၍ သီးသန့်မကျင်းပကြတာကို တွေ့ရှိသတိထားမိသလို၊ အချို့နေရာတွေမှာတော့ မိဘများပွဲနေ့ဟူ၍ ကျင်းပနေကြတာကို သတိထားမိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်ကက်သလစ်အသင်းတော်တွင် မိဘများပွဲနေ့အား မယ်တော်မာရိယာ၏ မိဘများဖြစ်သည့် စိန်ဂျော်ကင်းနှင့်စိန်အန်းပွဲနေ့၊ ဇူလှိုင် ၂၆ ရက်နေ့မှာ ကျင်းပကြတာဟာ ဓလေ့တစ်ခုပင် ဖြစ်နေပြီဟု ဆိုရပါလိမ့်မယ်။ ထို့ကြောင့် ဇူလှိုင် ၂၆ ဟာ မယ်တော်မာရိယာ၏ မိဘများပွဲနေ့ ဖြစ်သလို၊ မိဘများပွဲနေ့ဟုလည်း မြန်မာကက်သလစ်ဘာသာဝင်များ သိထားကြပါတယ်။

အသင်းတော်အတွင်း တရားဝင်လက်ခံအသိမှတ်ပြုထားတဲ့ ကျမ်းစာတော်များတွင် ဂျော်ကင်းနှင့်အန်းဟာ မယ်တော်မာရိယာ၏ မိဘများဟုဖော်ပြထားခြင်းမရှိပါဘူး။ သို့သော်လည်း ယာဂုတ်ကျမ်းဟူခေါ်သော ရှေးကျမ်းတစ်ခုတွင် ဂျော်ကင်းနှင့်အန်းဟုခေါ်သော အိမ်ထောင်သည်စုံတွဲတွင် အသက်အရွယ်လွန်သည်အထိ သားသမီးတစ်ယောက်မျှ မထွန်းကားဘဲရှိနေခဲ့ပါတယ်။ ထို့နောက် တစ်နေ့မှာ ဘုရားသခင်၏ သိကြားသိမန်တော်တစ်ပါးဟာ ထိုစုံတွဲရှေ့ပေါ်လာပြီး ၎င်းတို့တွင် ကလေးငယ်တစ်ဦးထွန်းကားမည်ဖြစ်၍ ထိုကလေးငယ်ကို ဘုရားသခင်အားဆက်ကပ်ရမည်ဟု ပြောဆိုခဲ့ပါတယ်။ ထို့နောက် သမီးငယ်လေး မာရိယာကိုဖွားမြင်ခဲ့ပြီး ကျွေးမွေးစောင့်ရှောက်ကာ ဘုရားစကားများသင်ကြားပေးရင်း နောက်ဆုံး မာရိယာအား ဘုရား၏မယ်တော်အဖြစ်သို့ ထိုက်တန်စေခဲ့သည်ဟု ယာဂုတ်ကျမ်းတွင် ဖော်ပြထားပါတယ်။ ၎င်းတို့၏ သွန်သင်ဆုံးမမှုကြောင့်သာ မာရိယာသည် “ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်ပါစေ”ဟု ပြောဆိုနိုင်ခြင်းဖြစ်သည်ဟုလည်း ရေးသားထားပါတယ်။ မည်သည့်ဓလေ့ထုံးတမ်းစဉ်လာအရပဲဖြစ်ဖြစ် အသင်းတော်အတွင်းမှာတော့ ဂျော်ကင်းနှင့်အန်းတို့ ဇနီးမောင်နှံဟာ အတုယူထိုက်သည့် မိဘစုံတွဲတစ်ခုအဖြစ် ရှေးဦးခရစ်ယာန်များအချိန်ကတည်းက အရိုအသေပေးလာခဲ့ကာ သူတော်စင်များအဖြစ်ပင် လက်ခံခဲ့ကြပါတယ်။
မိဘများနှင့်စပ်လျဉ်း၍ အသင်းတော်အတွင်း ဓမ္မဟောင်း၊ဓမ္မသစ်ကျမ်းများအားဖြင့် ရှင်းလင်းသေချာတဲ့ သွန်သင်ချက်တွေရှိပါတယ်။ ပညတ်တော် ၁၀ပါး၏ စတုတ္ထမြောက်ပညတ်တော်မှာ “မိဘတို့အား ရိုသေခြင်းကိုပြုလော့” ဟုသွန်သင်ထားပါတယ်။ ကက်သလစ်အသင်းတော်၏ မြတ်သောအယူဝါဒ သွန်သင်ချက်များတွင်လည်း ၂၂၁၄-၂၂၂၀အတွင်း ရှင်းလင်းပြတ်သားစွာ သွန်သင်ထားပါတယ်။

ကမ္ဘာပေါ်ရှိလူသန်းပေါင်းများစွာထဲမှာမှ ကျွန်တော်တို့အတွက် မိဘဆိုတာ တိတိကျကျပြောရလျှင်တော့ ဖေဖေနှင့်မေမေဟူသော လူသားနှစ်ဦးတည်းသာဖြစ်ပါလိမ့်မယ်။ သို့သော်လည်း ကျွန်တော်တို့ဘ၀မှာ ထိုဖေဖေနှင့်မေမေကဲ့သို့သော ပုဂိုလ်များဟာလည်း မိဘများအဖြစ် အရိုသေပေးခြင်းခံထိုက်သူများ ဖြစ်ပါတယ်။ ဗုဒအယူဝါဒလွှမ်းမိုးထားသည့် မြန်မာ့နိတိကျမ်းသွန်သင်ချက်ထဲမှာ မိဘဆိုတာ အနန္တော အနန္တ ဂိုဏ်းဝင်ဖြစ်ပြီး ပူဇော်ရိုသေထိုက်သူအဖြစ် သွန်သင်ထားတာ ဖြစ်ပါတယ်။ ထို့အတူ ကျွန်တော်တို့ ခရစ်ယာန်သွန်သင်ချက်မှာလည်း မိဘဆိုတာ ရိုသေထိုက်သူသာမဟုတ်ဘဲ၊ သားသမီးများအတွက် လောကတွင် ဘုရားသခင်ခန့်အပ်ထားသည့် ဘုရားသခင်၏ကိုယ်စားလှယ်များဖြစ်ကြ၍ မိဘဆိုတာ နာခံထိုက်သူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသွန်သင်ထားပါတယ်။ သခင်ခရစ်တော်ကိုယ်တိုင်လည်း လောကသို့ ဆင်းကြွခဲ့စဉ် သံဇူဇယ်နှင့် မယ်တော်မာရိယာတို့အား ရိုသေစွာ၊ နာခံစွာ နေထိုင်ခဲ့ကြောင်း ဧ၀ံဂေလိကျမ်းများတွင်မှတ်တမ်းတင်ထားပါတယ်။

ပညတ်တော် ၁၀ပါးအား အပိုင်းနှစ်ပိုင်းခွဲခြား၍ သုံးသပ်နိုင်ပါတယ်။ ပထမ ပညတ် ၃ ချက်မှာ ဘုရားသခင်အပေါ် ကျွန်ုပ်တို့လူသားများထားရမည့် စိတ်နေသဘောထားနှင့် စပ်လျဉ်း၍သွန်သင်ထားပြီး ကျန် ပညတ် ၇ ချက်မှာ ကျွန်ုပ်တို့လူသားအချင်းချင်း အပြန်အလှန်ထားရှိရမည့် စိတ်နေသဘောထားနှင့်စပ်လျဉ်း၍ သွန်သင်ထားပါတယ်။ ထိုသို့ ကျွန်ုပ်တို့လူသားအချင်းချင်း အပြန်အလှန်ထားရှိရမည့် စိတ်နေသဘောထားတွင် မိဘအပေါ်ထားရှိရမည့် စိတ်နေသဘောထားဟာ ပထမဆုံးနေရာမှာ ဖြစ်ပါတယ်။ ထို့ကြောင့် စတုတ္ထပညတ်တော်မှာ “မိဘတို့အား ရိုသေခြင်းကို ပြုလော့”ဟု မိန့်ဆိုထားပါတယ်။ ပညတ် ၇ ချက်၏ ပထမဆုံးပညတ်ဖြစ်သည့်အလျောက် မိဘတွေဟာ ကျွန်တော်တို့ဘ၀မှာ ပထမဆုံးနေရာယူထားသူတွေပါပဲ။ ကျွန်တော်တို့အား လူ့ဘ၀သို့ခေါ်ဆောင်ပေးသူ ပထမဆုံးထိတွေ့ရသူတွေဟာ မိဘတွေပါပဲ။ ကျွန်တော်တို့ကို ပထမဆုံးပညာပေးသူများဟာလည်း မိဘတွေဖြစ်၍ လက်ဦးဆရာဟုပင် တင်စားခံရသူတွေပါ။ ကျွန်တော်တို့အား နားလည်ပေးနိုင်ဆုံးသော ပထမဆုံးသူတွေဟာလည်း မိဘတွေဖြစ်တာမို့ “တောင်းစုတ် ပလုပ်စုတ်တွေသာပစ်ရိုးထုံးစံရှိပေမယ့် သားဆိုးသမီးဆိုးတော့ ပစ်ရိုးထုံးစံမရှိ” စာဆိုပေါ်ထွက်လာခဲ့တာပါ။ မိဘမေတ္တာဟာ ရိုးရှင်းပေမယ့် မရိုးနိုင်တာအောင် ကြီးမြတ်တာမို့ စာပေဖွဲ့မမှီအောင်ပင် ရှိလှပါတယ်။ မြင့်မိုရ်တောင်ပင် သေးငယ်ရပါတယ်။ တကယ့်ကို မာတုရမေတ္တာပါပဲ။

သို့သော်လည်း ယနေ့ခေတ် သက်ကြီးရွယ်အိုမိဘတွေဟာ သနားစရာအဖြစ်သို့ရောက်နေပါပြီ။ စီးပွားရေးကို ဦးစားပေးလွန်းတဲ့ခေတ်မို့ အရာရာဟာ တွက်ချက်ခံနေရတဲ့အခါ မိဘတွေဆိုတာလည်း ဘယ်လောက် အသုံးဝင်သလဲလို့ တွက်ချက်ခံနေကြရပြီ။ မိဘဟာ အသက်အရွယ်ထောက်လာလို့ အသုံးမ၀င်တော့ဘူးလို့ တွက်ချက်ခံလိုက်ရပြီဆိုရင် ပို့ခံရမည့်နေရာက သက်ကြီးရွယ်အိုဂေဟာပါပဲ။ တချို့ပိုဆိုးတာက သားသမီးများက စွန့်ခွာထွက်ပြေးသွားကြတာပဲ။ လူ့မိသားစုအသိုက်အမြုံမှာ မေတ္တာတရားတွေလည်း စီးပွားရေးဆန်ဆန် တွက်ချက်ခံနေရပြီလား။ သက်ကြီးရွယ်အိုဂေဟာများကိုလည်း အသင့်ပြုလုပ်ထားတဲ့ မိဘစွန့်ပစ်ရာနေရာတစ်ခုလိုပဲ လူအများတွက်ဆလာကြတယ်။ တကယ့်ကို စိတ်မကောင်းစရာကောင်းပါတယ်။

မိတ်ဆွေများခင်ဗျာ - ကျွန်တော်တို့တတွေ ယနေ့မိဘများပွဲနေ့မှာ ဒါတွေကို လေးလေးနက်နက် စဉ်းစားဖို့ ဖိတ်ခေါ်ပါရစေ။ အထူးသဖြင့် ခရစ်တော်သခင်အား အတုယူကျင့်ကြံနေကြသော ခရစ်ယာန်၏ မြတ်သောအယူဝါဒတွင် မေတ္တာတရားဟာ အင်မတန်ကြီးမြတ်လေးနက်ပါတယ်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်အထိပင် ကျွန်တော်တို့တတွေဟာ ချစ်ခြင်းမေတ္တာအားဖြင့် ဘုရားသခင်၏ သားသမီးများအဖြစ် ဒီကမ္ဘာလောကကြီးကို သက်သေခံသွားကြရမှာဖြစ်ပါတယ်။ ထိုသို့ မေတ္တာတရားကို သက်သေခံရာတွင် ဘ၀အစ ပထမဆုံး ထိတွေ့ရတဲ့ မိဘတွေဟာ သက်သေခံရာ ပထမဆုံးသော မေတ္တာရှင်တွေ ဖြစ်တာမို့ ထိုမေတ္တာရှင်တွေနဲ့ ပူးတွဲကျင့်ကြံခြင်းဟာ ဘုရားသခင်၏မိသားစု တည်ဆောက်ရာ စံနမူနာများဖြစ်ပါလိမ့်မယ်။ ထို့ကြောင့် အသင်းတော်၏သွန်သင်ချက်အတိုင်း မိဘတွေဟာ ရိုသေထိုက်ပြီး နာခံထိုက်သူများဖြစ်ပါတယ်။ ၎င်းတို့၏အခွင့်အရေးအရပင် ကျွန်တော်တို့တတွေဟာ မိဘတွေကို နာခံရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဘုရားသခင်အပေါ် ကျွန်တော်တို့၏ စိတ်နေသဘောထားကို မိဘများအား နာခံခြင်းအားဖြင့် လက်တွေ့ကျကျ ကျင့်ကြံနိုင်စေတာလည်း ဖြစ်ပါတယ်။

ယနေ့ မိဘများပွဲနေ့မှာ ကျွန်တော်တို့၏မိဘများအားလုံး စိန်ဂျော်ကင်းနှင့် စိန်အန်းတို့အား အတုယူနိုင်ပြီး သားသမီးများအား လမ်းကောင်းပြနိုင်ကြသည့် မိဘများဖြစ်စေဖို့ ဆုတောင်းပေးကြပါစို့။ ထို့အတူ ကျွန်တော်တို့ကိုယ်တိုင်လည်း ခရစ်တော်သခင်ကဲ့သို့ မိဘများအားရိုသေနာခံတတ်သည့် သားသမီးများ ဖြစ်စေဖို့ ဆုတောင်းခြင်းဖြင့် လက်တွေ့ကြိုးစားအားထုတ်သွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)


No comments:

Post a Comment