Friday, 18 July 2014

ရန်သူကိုချစ်ပါ . . .

ရန်သူကိုချစ်ပါ . . .
သံမာတေဦး ၅း ၄၃- ၄၈

ရန်သူကိုချစ်ပါ ဟူသော သွန်သင်ချက်ကို ကြားရတဲ့အခါ ကျွန်တော်တို့ရဲ့နားထဲမှာ နားဝင်ချိုလား၊ ခါးလားဆိုတာထက် နားထဲမှာ ဘုကန့်လန့်ကြီး ကြားနေရတာတော့ သေချာပါတယ်။ ကျွန်တော်တို့ရဲ့ ယုတ္တိဗေဒ (Logic)အရဆိုရင်လည်း ဒီသွန်သင်ချက်ဟာ ဆန့်ကျင့်ဘက် တစ်ခုဖြစ်နေသလိုပါပဲ။ လူတွေရဲ့ လောက သဘော သဘာဝမှာလည်း ရန်သူကိုချစ်ဖို့ဆိုတာထက် ရန်သူဟု သတ်မှတ်ထားပြီ ဆိုကတည်းက တနည်းအားဖြင့် မုန်းသူ၊ မုန်းရမယ့်သူ၊ မချစ်ရတဲ့သူဟု နားလည်ထားပြီး ဖြစ်ပါတယ်။ ဒီတော့ ရန်သူဆိုတာ တနည်းအားဖြင့်ပြောရမယ်ဆိုလျှင်တော့ ကိုယ့်မေတ္တာတရားနှင့် လုံးဝ ဆန့်ကျင့်နေတဲ့ ကိုယ်မုန်းတဲ့သူ၊ မချစ်မနှစ်သက်သူ ဖြစ်ပါတယ်။ ရန်သူဟုပြောလိုက်လျှင် မုန်းပါဟူသော သွန်သင်ချက်က အလိုလိုလိုက်ပါရမယ့် နားလည်မှုတစ်ခုလို ဖြစ်နေပါပြီ။ စဉ်းစားကြည့်ပြန်တော့လည်း သဘာဝကျ သလိုလိုပါပဲ။

ရန်သူရဲ့ ဆန့်ကျင့်ဘက်က မိတ်ဆွေ သူငယ်ချင်းပါ။ မိတ်ဆွေ သူငယ်ချင်းဆိုတော့ မေတ္တာထားရမယ့်သူ၊ မေတ္တာတွေ့သူ၊ ရှိသူဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းကိုချစ်ပါဟု သွန်သင်လျှင် လိုက်ဖက်သင့်လျော်တဲ့ သွန်သင်ချက်တစ်ခုဟု အားလုံးက လက်ခံထားပြီးသားဖြစ်ပါတယ်။ ထို့ကြောင့်လည်း သွန်သင်ချက်များစွာထဲမှာ “မိမိ မိတ်ဆွေကို ချစ်၍ ရန်သူကို မုန်းလော့။”ဟုဆိုတာ သဘာဝကျတဲ့ သွန်သင်ချက်တစ်ခု အဖြစ် လူအားလုံးက လက်ခံယူကြပါတယ်။

သို့သော်လည်းယေဇူးခရစ်တော်၏ သွန်သင်ချက်မှာတော့ “သင်တို့အား ငါဆိုသည်မှာ သင်တို့၏ ရန်သူများကို ချစ်ကြလော့။ သင်တို့ကိုနှိပ်စက် ညှင်းပမ်းသူတို့အတွက် ဆုတောင်းပေးကြလော့။” ဟု ပြတ်ပြတ်သားသား သွန်သင် ထားတာကိုတွေ့ရပါတယ်။ ယုတ္တိမဆန်တဲ့ သွန်သင်ချက်တစ်ခု၊ သဘာဝမကျတဲ့ သွန်သင်ချက်တစ်ခု ဟုကောက်ချက်ချ၍ လက်ခံဖို့ တုံ့ဆိုင်း တုံ့ဆိုင်း ဖြစ်နေကြမှာပါ။

ကျွန်တော်ကတော့ “ရန်သူကိုချစ်ပါ”ဟူသော ခရစ်တော်၏ သွန်သင်ချက်ကို ယုတ္တိမဆန်တဲ့ သွန်သင်ချက်တစ်ခု၊ သဘာဝမကျတဲ့ သွန်သင်ချက်ဟု ကောက်ချက် မချနိုင်ပါ။ တကယ်တော့ အင်မတန်မှ ယုတ္တိရှိပြီး သဘာဝကျတဲ့ သွန်သင်ချက်ပါပဲ။

“ရန်သူကိုချစ်ပါ” ဟူသော သွန်သင်ချက်ဟာ တကယ်တန်းတော့ ရန်သူနှင့် စပ်လျဉ်း၍ သွန်သင်ထားသည် ဆိုတာထက် ချစ်ခြင်းမေတ္တာတရားနှင့် စပ်လျဉ်း၍ သွန်သင်ထားခြင်း ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာမှာ စည်းမရှိဘဲ အားလုံးသော သူတို့ထံသို့ မိမိ၏မေတ္တာတရားရောက်ရှိနိုင်ကြောင်း၊ နောက်ဆုံး မိမိတို့က ရန်သူဟု သတ်မှတ်ထားသည့် သူများထံသို့ပင် မိမိ၏မေတ္တာတရားရောက်ရှိနိုင်ကြောင်း သွန်သင်ထားခြင်းပင် ဖြစ်ပါတယ်။ ဒီတော့ ခရစ်တော် သွန်သင်တဲ့ ချစ်ခြင်းမေတ္တာတရားကို ကျွန်တော်တို့ သေချာ နားလည်ကြလျှင် “ရန်သူကိုချစ်ပါ”ဟူသော သွန်သင်ချက်ဟာလည်း ကျွန်တော်တို့ နားထဲမှာ ဘု့ကန့်လန့်ဖြစ်မနေဘဲ အင်မတန်မှ အနှစ်သာရ ပြည့်စုံပြီး သူကောင်းဖြစ်ဖို့ ဘ၀၏ စိန်ခေါ်ချက်တစ်ခုလို ကျင့်ကြံထိုက်ကြောင်း သိနားလည်လာမှာသေချာပါတယ်။

ကော်ရိန့်သုသြ၀ါဒစာ ပထမစောင်တွင် သံပေါလူးက - ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲ စိတ်ရှည်၍ ကြင်နာသနားတတ်၏။ မနာလိုခြင်းမရှိ။ ၀ါကြွားခြင်းလည်း မရှိ။ မာန်မာန မရှိသကဲ့သို့ ရိုင်းပြခြင်းလည်း မရှိ။ ကိုယ်ကျိုးကို မရှာတတ်၊ အမျက် မထွက်တတ်၊ အငြိုးအတေးလည်း မထားတတ်။ မကောင်းသောအမှု၌ ၀မ်းမြောက်ခြင်း မရှိတတ်ဟု စသဖြင့် သွန်သင်ထားပါတယ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာတရားဟာ အမုန်းတရားအတွက် နေရာ မပေးနိုင်အောင် ကျွန်တော်တို့ ဘ၀တလျှောက်လုံးမှာ အားပေး တိုက်တွန်းနေခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့တတွေဟာ ချစ်ခြင်းမေတ္တာတရားကိုကောင်းစွာ နားမလည်ခြင်းကြောင့်သော် လည်းကောင်း၊ အတ္တ အခံဓါတ်ဖြင့် မေတ္တာတရားအား ပြည့်ပြည့်စုံစုံ လက်ခံ ကျင့်ကြံဖို့ ခက်ခဲနေခြင်းကြောင့်သော် လည်းကောင်း ကျွန်တော်တို့တတွေရဲ့ ဘ၀မှာ မေတ္တာတရားပျောက်ဆုံး တတ်တဲ့ အချိန်လေးတွေ ရှိတတ်သလို၊ ပျက်ပြယ်တဲ့ အချိန်လေးတွေလည်း ရှိနေတတ်ကြပါတယ်။ ထို့အတွက် မေတ္တာတရားရဲ့ ဆန့်ကျင့်ဘက် အခြေနေသို့ ရောက်ရှိသွားကာ အမုန်း၏ လွှမ်းမိုးမှုအောက်မှာ အမုန်းကျွန်အဖြစ်သို့  ရောက်တတ်ကြ ပြန်ပါတယ်။

အမုန်းဆိုတဲ့ အခြေနေဟာမေတ္တာတရားပျောက်ပြယ်ချိန် တခဏတာလေးသာ ဖြစ်ပြီးမေတ္တာတရား ပြန်လည် ရှိလာတဲ့အခါ အမုန်းဆိုတာ ဘာမှ မဟုတ်တော့ဘဲ၊ မတည်ရှိခြင်း အဖြစ်သို့ ရောက်ရှိရပါတယ်။
ထို့ကြောင့် ကျွန်တော်တို့ ဘ၀ဟာ တခါတရံ အမုန်းကို ဆန့်ကျင့် တိုက်ခိုက်နေရတဲ့ အမုန်းတော်လှန်ရေး တိုက်ပွဲတစ်ခု လိုပါပဲ။ အမုန်းကို အမုန်းဖြင့် တိုက်ခိုက်၍ ဘယ်တော့မှ မအောင်မြင်နိုင်ပါ။ မေတ္တာတရားဖြင့် တိုက်ခိုက်မှသာ အမုန်းတော်လှန်ရေး တိုက်ပွဲကြီးအောင်မြင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် ဤ အမုန်းတော်လှန်ရေးမှာ ရန်သူဆိုတာ မိတ်ဆွေ ပြန်ဖြစ်ရဖို့ ပစ်မှတ်တစ်ခုဖြင့် ဘုရားသားသမီးများ ပီပီ ပိုမို မြင့်မြတ်သောကျေးဇူးတော်များကို ရရှိရန် ကြိုးပမ်း အားထုတ်ကြရမည် ဖြစ်ပါတယ်။ သို့ဖြစ်၍ ကျွန်တော်တို့တတွေလည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖသည် ကောင်းမွန် ပြည့်စုံသကဲ့သို့ ကောင်းမွန်ပြည့်စုံခြင်း ရှိလာကြမည် ဖြစ်ပါကြောင်း ဝေမျှလိုက်ပါတယ်။

ခရစ်ယာန် ဘ၀တွင်လည်း Miroslav Volfပြောသလိုပဲ - ရန်သူကိုချစ်ပါ ဆိုတာကို ခရစ်ယာန် သွန်သင်ချက်မှ သင် ဖယ်ထုတ်လျှင် သင်ဟာ ခရစ်ယာန် မဟုတ်တော့ဘူး ဖြစ်သွားပါလိမ့်မယ်။

မနောအောင်

No comments:

Post a Comment