Friday, 25 July 2014

မိဘများပွဲနေ့ (သို့) စိန်ဂျော်ကင်းနှင့် စိန်အန်းတို့ပွဲနေ့


ဤပွဲနေ့နှင့်ဆက်စပ်ပြီး ကမ္မဌာန်းထောက်ရှုခြင်းမပြုမှီ မိဘတို့နှင့်စပ်လျဉ်းသည့်ပွဲများကို အသင်းတော်အတွင်း ကျင်းပပုံ၊ ကျင်းပသည့်နေ့များဟာ တစ်နေရာနှင့်တစ်နေရာမတူကြဘဲ နေရာဒေသနှင့် ဓလေ့ထုံးစံအရ ကွဲပြားစွာကျင်းပကြကြောင်း သတိထားမိတာကို ပြောပြချင်ပါတယ်။ တစ်ချို့နေရာမှာတွေမှာ ဖခင်များနေ့၊ မိခင်များနေ့ ဟူပြီးကျင်းပတတ်ကြသဖြင့် မိဘဟူ၍ သီးသန့်မကျင်းပကြတာကို တွေ့ရှိသတိထားမိသလို၊ အချို့နေရာတွေမှာတော့ မိဘများပွဲနေ့ဟူ၍ ကျင်းပနေကြတာကို သတိထားမိပါတယ်။ ကျွန်တော်တို့ မြန်မာပြည်ကက်သလစ်အသင်းတော်တွင် မိဘများပွဲနေ့အား မယ်တော်မာရိယာ၏ မိဘများဖြစ်သည့် စိန်ဂျော်ကင်းနှင့်စိန်အန်းပွဲနေ့၊ ဇူလှိုင် ၂၆ ရက်နေ့မှာ ကျင်းပကြတာဟာ ဓလေ့တစ်ခုပင် ဖြစ်နေပြီဟု ဆိုရပါလိမ့်မယ်။ ထို့ကြောင့် ဇူလှိုင် ၂၆ ဟာ မယ်တော်မာရိယာ၏ မိဘများပွဲနေ့ ဖြစ်သလို၊ မိဘများပွဲနေ့ဟုလည်း မြန်မာကက်သလစ်ဘာသာဝင်များ သိထားကြပါတယ်။

အသင်းတော်အတွင်း တရားဝင်လက်ခံအသိမှတ်ပြုထားတဲ့ ကျမ်းစာတော်များတွင် ဂျော်ကင်းနှင့်အန်းဟာ မယ်တော်မာရိယာ၏ မိဘများဟုဖော်ပြထားခြင်းမရှိပါဘူး။ သို့သော်လည်း ယာဂုတ်ကျမ်းဟူခေါ်သော ရှေးကျမ်းတစ်ခုတွင် ဂျော်ကင်းနှင့်အန်းဟုခေါ်သော အိမ်ထောင်သည်စုံတွဲတွင် အသက်အရွယ်လွန်သည်အထိ သားသမီးတစ်ယောက်မျှ မထွန်းကားဘဲရှိနေခဲ့ပါတယ်။ ထို့နောက် တစ်နေ့မှာ ဘုရားသခင်၏ သိကြားသိမန်တော်တစ်ပါးဟာ ထိုစုံတွဲရှေ့ပေါ်လာပြီး ၎င်းတို့တွင် ကလေးငယ်တစ်ဦးထွန်းကားမည်ဖြစ်၍ ထိုကလေးငယ်ကို ဘုရားသခင်အားဆက်ကပ်ရမည်ဟု ပြောဆိုခဲ့ပါတယ်။ ထို့နောက် သမီးငယ်လေး မာရိယာကိုဖွားမြင်ခဲ့ပြီး ကျွေးမွေးစောင့်ရှောက်ကာ ဘုရားစကားများသင်ကြားပေးရင်း နောက်ဆုံး မာရိယာအား ဘုရား၏မယ်တော်အဖြစ်သို့ ထိုက်တန်စေခဲ့သည်ဟု ယာဂုတ်ကျမ်းတွင် ဖော်ပြထားပါတယ်။ ၎င်းတို့၏ သွန်သင်ဆုံးမမှုကြောင့်သာ မာရိယာသည် “ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်ပါစေ”ဟု ပြောဆိုနိုင်ခြင်းဖြစ်သည်ဟုလည်း ရေးသားထားပါတယ်။ မည်သည့်ဓလေ့ထုံးတမ်းစဉ်လာအရပဲဖြစ်ဖြစ် အသင်းတော်အတွင်းမှာတော့ ဂျော်ကင်းနှင့်အန်းတို့ ဇနီးမောင်နှံဟာ အတုယူထိုက်သည့် မိဘစုံတွဲတစ်ခုအဖြစ် ရှေးဦးခရစ်ယာန်များအချိန်ကတည်းက အရိုအသေပေးလာခဲ့ကာ သူတော်စင်များအဖြစ်ပင် လက်ခံခဲ့ကြပါတယ်။
မိဘများနှင့်စပ်လျဉ်း၍ အသင်းတော်အတွင်း ဓမ္မဟောင်း၊ဓမ္မသစ်ကျမ်းများအားဖြင့် ရှင်းလင်းသေချာတဲ့ သွန်သင်ချက်တွေရှိပါတယ်။ ပညတ်တော် ၁၀ပါး၏ စတုတ္ထမြောက်ပညတ်တော်မှာ “မိဘတို့အား ရိုသေခြင်းကိုပြုလော့” ဟုသွန်သင်ထားပါတယ်။ ကက်သလစ်အသင်းတော်၏ မြတ်သောအယူဝါဒ သွန်သင်ချက်များတွင်လည်း ၂၂၁၄-၂၂၂၀အတွင်း ရှင်းလင်းပြတ်သားစွာ သွန်သင်ထားပါတယ်။

ကမ္ဘာပေါ်ရှိလူသန်းပေါင်းများစွာထဲမှာမှ ကျွန်တော်တို့အတွက် မိဘဆိုတာ တိတိကျကျပြောရလျှင်တော့ ဖေဖေနှင့်မေမေဟူသော လူသားနှစ်ဦးတည်းသာဖြစ်ပါလိမ့်မယ်။ သို့သော်လည်း ကျွန်တော်တို့ဘ၀မှာ ထိုဖေဖေနှင့်မေမေကဲ့သို့သော ပုဂိုလ်များဟာလည်း မိဘများအဖြစ် အရိုသေပေးခြင်းခံထိုက်သူများ ဖြစ်ပါတယ်။ ဗုဒအယူဝါဒလွှမ်းမိုးထားသည့် မြန်မာ့နိတိကျမ်းသွန်သင်ချက်ထဲမှာ မိဘဆိုတာ အနန္တော အနန္တ ဂိုဏ်းဝင်ဖြစ်ပြီး ပူဇော်ရိုသေထိုက်သူအဖြစ် သွန်သင်ထားတာ ဖြစ်ပါတယ်။ ထို့အတူ ကျွန်တော်တို့ ခရစ်ယာန်သွန်သင်ချက်မှာလည်း မိဘဆိုတာ ရိုသေထိုက်သူသာမဟုတ်ဘဲ၊ သားသမီးများအတွက် လောကတွင် ဘုရားသခင်ခန့်အပ်ထားသည့် ဘုရားသခင်၏ကိုယ်စားလှယ်များဖြစ်ကြ၍ မိဘဆိုတာ နာခံထိုက်သူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသွန်သင်ထားပါတယ်။ သခင်ခရစ်တော်ကိုယ်တိုင်လည်း လောကသို့ ဆင်းကြွခဲ့စဉ် သံဇူဇယ်နှင့် မယ်တော်မာရိယာတို့အား ရိုသေစွာ၊ နာခံစွာ နေထိုင်ခဲ့ကြောင်း ဧ၀ံဂေလိကျမ်းများတွင်မှတ်တမ်းတင်ထားပါတယ်။

ပညတ်တော် ၁၀ပါးအား အပိုင်းနှစ်ပိုင်းခွဲခြား၍ သုံးသပ်နိုင်ပါတယ်။ ပထမ ပညတ် ၃ ချက်မှာ ဘုရားသခင်အပေါ် ကျွန်ုပ်တို့လူသားများထားရမည့် စိတ်နေသဘောထားနှင့် စပ်လျဉ်း၍သွန်သင်ထားပြီး ကျန် ပညတ် ၇ ချက်မှာ ကျွန်ုပ်တို့လူသားအချင်းချင်း အပြန်အလှန်ထားရှိရမည့် စိတ်နေသဘောထားနှင့်စပ်လျဉ်း၍ သွန်သင်ထားပါတယ်။ ထိုသို့ ကျွန်ုပ်တို့လူသားအချင်းချင်း အပြန်အလှန်ထားရှိရမည့် စိတ်နေသဘောထားတွင် မိဘအပေါ်ထားရှိရမည့် စိတ်နေသဘောထားဟာ ပထမဆုံးနေရာမှာ ဖြစ်ပါတယ်။ ထို့ကြောင့် စတုတ္ထပညတ်တော်မှာ “မိဘတို့အား ရိုသေခြင်းကို ပြုလော့”ဟု မိန့်ဆိုထားပါတယ်။ ပညတ် ၇ ချက်၏ ပထမဆုံးပညတ်ဖြစ်သည့်အလျောက် မိဘတွေဟာ ကျွန်တော်တို့ဘ၀မှာ ပထမဆုံးနေရာယူထားသူတွေပါပဲ။ ကျွန်တော်တို့အား လူ့ဘ၀သို့ခေါ်ဆောင်ပေးသူ ပထမဆုံးထိတွေ့ရသူတွေဟာ မိဘတွေပါပဲ။ ကျွန်တော်တို့ကို ပထမဆုံးပညာပေးသူများဟာလည်း မိဘတွေဖြစ်၍ လက်ဦးဆရာဟုပင် တင်စားခံရသူတွေပါ။ ကျွန်တော်တို့အား နားလည်ပေးနိုင်ဆုံးသော ပထမဆုံးသူတွေဟာလည်း မိဘတွေဖြစ်တာမို့ “တောင်းစုတ် ပလုပ်စုတ်တွေသာပစ်ရိုးထုံးစံရှိပေမယ့် သားဆိုးသမီးဆိုးတော့ ပစ်ရိုးထုံးစံမရှိ” စာဆိုပေါ်ထွက်လာခဲ့တာပါ။ မိဘမေတ္တာဟာ ရိုးရှင်းပေမယ့် မရိုးနိုင်တာအောင် ကြီးမြတ်တာမို့ စာပေဖွဲ့မမှီအောင်ပင် ရှိလှပါတယ်။ မြင့်မိုရ်တောင်ပင် သေးငယ်ရပါတယ်။ တကယ့်ကို မာတုရမေတ္တာပါပဲ။

သို့သော်လည်း ယနေ့ခေတ် သက်ကြီးရွယ်အိုမိဘတွေဟာ သနားစရာအဖြစ်သို့ရောက်နေပါပြီ။ စီးပွားရေးကို ဦးစားပေးလွန်းတဲ့ခေတ်မို့ အရာရာဟာ တွက်ချက်ခံနေရတဲ့အခါ မိဘတွေဆိုတာလည်း ဘယ်လောက် အသုံးဝင်သလဲလို့ တွက်ချက်ခံနေကြရပြီ။ မိဘဟာ အသက်အရွယ်ထောက်လာလို့ အသုံးမ၀င်တော့ဘူးလို့ တွက်ချက်ခံလိုက်ရပြီဆိုရင် ပို့ခံရမည့်နေရာက သက်ကြီးရွယ်အိုဂေဟာပါပဲ။ တချို့ပိုဆိုးတာက သားသမီးများက စွန့်ခွာထွက်ပြေးသွားကြတာပဲ။ လူ့မိသားစုအသိုက်အမြုံမှာ မေတ္တာတရားတွေလည်း စီးပွားရေးဆန်ဆန် တွက်ချက်ခံနေရပြီလား။ သက်ကြီးရွယ်အိုဂေဟာများကိုလည်း အသင့်ပြုလုပ်ထားတဲ့ မိဘစွန့်ပစ်ရာနေရာတစ်ခုလိုပဲ လူအများတွက်ဆလာကြတယ်။ တကယ့်ကို စိတ်မကောင်းစရာကောင်းပါတယ်။

မိတ်ဆွေများခင်ဗျာ - ကျွန်တော်တို့တတွေ ယနေ့မိဘများပွဲနေ့မှာ ဒါတွေကို လေးလေးနက်နက် စဉ်းစားဖို့ ဖိတ်ခေါ်ပါရစေ။ အထူးသဖြင့် ခရစ်တော်သခင်အား အတုယူကျင့်ကြံနေကြသော ခရစ်ယာန်၏ မြတ်သောအယူဝါဒတွင် မေတ္တာတရားဟာ အင်မတန်ကြီးမြတ်လေးနက်ပါတယ်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်အထိပင် ကျွန်တော်တို့တတွေဟာ ချစ်ခြင်းမေတ္တာအားဖြင့် ဘုရားသခင်၏ သားသမီးများအဖြစ် ဒီကမ္ဘာလောကကြီးကို သက်သေခံသွားကြရမှာဖြစ်ပါတယ်။ ထိုသို့ မေတ္တာတရားကို သက်သေခံရာတွင် ဘ၀အစ ပထမဆုံး ထိတွေ့ရတဲ့ မိဘတွေဟာ သက်သေခံရာ ပထမဆုံးသော မေတ္တာရှင်တွေ ဖြစ်တာမို့ ထိုမေတ္တာရှင်တွေနဲ့ ပူးတွဲကျင့်ကြံခြင်းဟာ ဘုရားသခင်၏မိသားစု တည်ဆောက်ရာ စံနမူနာများဖြစ်ပါလိမ့်မယ်။ ထို့ကြောင့် အသင်းတော်၏သွန်သင်ချက်အတိုင်း မိဘတွေဟာ ရိုသေထိုက်ပြီး နာခံထိုက်သူများဖြစ်ပါတယ်။ ၎င်းတို့၏အခွင့်အရေးအရပင် ကျွန်တော်တို့တတွေဟာ မိဘတွေကို နာခံရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဘုရားသခင်အပေါ် ကျွန်တော်တို့၏ စိတ်နေသဘောထားကို မိဘများအား နာခံခြင်းအားဖြင့် လက်တွေ့ကျကျ ကျင့်ကြံနိုင်စေတာလည်း ဖြစ်ပါတယ်။

ယနေ့ မိဘများပွဲနေ့မှာ ကျွန်တော်တို့၏မိဘများအားလုံး စိန်ဂျော်ကင်းနှင့် စိန်အန်းတို့အား အတုယူနိုင်ပြီး သားသမီးများအား လမ်းကောင်းပြနိုင်ကြသည့် မိဘများဖြစ်စေဖို့ ဆုတောင်းပေးကြပါစို့။ ထို့အတူ ကျွန်တော်တို့ကိုယ်တိုင်လည်း ခရစ်တော်သခင်ကဲ့သို့ မိဘများအားရိုသေနာခံတတ်သည့် သားသမီးများ ဖြစ်စေဖို့ ဆုတောင်းခြင်းဖြင့် လက်တွေ့ကြိုးစားအားထုတ်သွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)


Friday, 18 July 2014

ရန်သူကိုချစ်ပါ . . .

ရန်သူကိုချစ်ပါ . . .
သံမာတေဦး ၅း ၄၃- ၄၈

ရန်သူကိုချစ်ပါ ဟူသော သွန်သင်ချက်ကို ကြားရတဲ့အခါ ကျွန်တော်တို့ရဲ့နားထဲမှာ နားဝင်ချိုလား၊ ခါးလားဆိုတာထက် နားထဲမှာ ဘုကန့်လန့်ကြီး ကြားနေရတာတော့ သေချာပါတယ်။ ကျွန်တော်တို့ရဲ့ ယုတ္တိဗေဒ (Logic)အရဆိုရင်လည်း ဒီသွန်သင်ချက်ဟာ ဆန့်ကျင့်ဘက် တစ်ခုဖြစ်နေသလိုပါပဲ။ လူတွေရဲ့ လောက သဘော သဘာဝမှာလည်း ရန်သူကိုချစ်ဖို့ဆိုတာထက် ရန်သူဟု သတ်မှတ်ထားပြီ ဆိုကတည်းက တနည်းအားဖြင့် မုန်းသူ၊ မုန်းရမယ့်သူ၊ မချစ်ရတဲ့သူဟု နားလည်ထားပြီး ဖြစ်ပါတယ်။ ဒီတော့ ရန်သူဆိုတာ တနည်းအားဖြင့်ပြောရမယ်ဆိုလျှင်တော့ ကိုယ့်မေတ္တာတရားနှင့် လုံးဝ ဆန့်ကျင့်နေတဲ့ ကိုယ်မုန်းတဲ့သူ၊ မချစ်မနှစ်သက်သူ ဖြစ်ပါတယ်။ ရန်သူဟုပြောလိုက်လျှင် မုန်းပါဟူသော သွန်သင်ချက်က အလိုလိုလိုက်ပါရမယ့် နားလည်မှုတစ်ခုလို ဖြစ်နေပါပြီ။ စဉ်းစားကြည့်ပြန်တော့လည်း သဘာဝကျ သလိုလိုပါပဲ။

ရန်သူရဲ့ ဆန့်ကျင့်ဘက်က မိတ်ဆွေ သူငယ်ချင်းပါ။ မိတ်ဆွေ သူငယ်ချင်းဆိုတော့ မေတ္တာထားရမယ့်သူ၊ မေတ္တာတွေ့သူ၊ ရှိသူဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းကိုချစ်ပါဟု သွန်သင်လျှင် လိုက်ဖက်သင့်လျော်တဲ့ သွန်သင်ချက်တစ်ခုဟု အားလုံးက လက်ခံထားပြီးသားဖြစ်ပါတယ်။ ထို့ကြောင့်လည်း သွန်သင်ချက်များစွာထဲမှာ “မိမိ မိတ်ဆွေကို ချစ်၍ ရန်သူကို မုန်းလော့။”ဟုဆိုတာ သဘာဝကျတဲ့ သွန်သင်ချက်တစ်ခု အဖြစ် လူအားလုံးက လက်ခံယူကြပါတယ်။

သို့သော်လည်းယေဇူးခရစ်တော်၏ သွန်သင်ချက်မှာတော့ “သင်တို့အား ငါဆိုသည်မှာ သင်တို့၏ ရန်သူများကို ချစ်ကြလော့။ သင်တို့ကိုနှိပ်စက် ညှင်းပမ်းသူတို့အတွက် ဆုတောင်းပေးကြလော့။” ဟု ပြတ်ပြတ်သားသား သွန်သင် ထားတာကိုတွေ့ရပါတယ်။ ယုတ္တိမဆန်တဲ့ သွန်သင်ချက်တစ်ခု၊ သဘာဝမကျတဲ့ သွန်သင်ချက်တစ်ခု ဟုကောက်ချက်ချ၍ လက်ခံဖို့ တုံ့ဆိုင်း တုံ့ဆိုင်း ဖြစ်နေကြမှာပါ။

ကျွန်တော်ကတော့ “ရန်သူကိုချစ်ပါ”ဟူသော ခရစ်တော်၏ သွန်သင်ချက်ကို ယုတ္တိမဆန်တဲ့ သွန်သင်ချက်တစ်ခု၊ သဘာဝမကျတဲ့ သွန်သင်ချက်ဟု ကောက်ချက် မချနိုင်ပါ။ တကယ်တော့ အင်မတန်မှ ယုတ္တိရှိပြီး သဘာဝကျတဲ့ သွန်သင်ချက်ပါပဲ။

“ရန်သူကိုချစ်ပါ” ဟူသော သွန်သင်ချက်ဟာ တကယ်တန်းတော့ ရန်သူနှင့် စပ်လျဉ်း၍ သွန်သင်ထားသည် ဆိုတာထက် ချစ်ခြင်းမေတ္တာတရားနှင့် စပ်လျဉ်း၍ သွန်သင်ထားခြင်း ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာမှာ စည်းမရှိဘဲ အားလုံးသော သူတို့ထံသို့ မိမိ၏မေတ္တာတရားရောက်ရှိနိုင်ကြောင်း၊ နောက်ဆုံး မိမိတို့က ရန်သူဟု သတ်မှတ်ထားသည့် သူများထံသို့ပင် မိမိ၏မေတ္တာတရားရောက်ရှိနိုင်ကြောင်း သွန်သင်ထားခြင်းပင် ဖြစ်ပါတယ်။ ဒီတော့ ခရစ်တော် သွန်သင်တဲ့ ချစ်ခြင်းမေတ္တာတရားကို ကျွန်တော်တို့ သေချာ နားလည်ကြလျှင် “ရန်သူကိုချစ်ပါ”ဟူသော သွန်သင်ချက်ဟာလည်း ကျွန်တော်တို့ နားထဲမှာ ဘု့ကန့်လန့်ဖြစ်မနေဘဲ အင်မတန်မှ အနှစ်သာရ ပြည့်စုံပြီး သူကောင်းဖြစ်ဖို့ ဘ၀၏ စိန်ခေါ်ချက်တစ်ခုလို ကျင့်ကြံထိုက်ကြောင်း သိနားလည်လာမှာသေချာပါတယ်။

ကော်ရိန့်သုသြ၀ါဒစာ ပထမစောင်တွင် သံပေါလူးက - ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲ စိတ်ရှည်၍ ကြင်နာသနားတတ်၏။ မနာလိုခြင်းမရှိ။ ၀ါကြွားခြင်းလည်း မရှိ။ မာန်မာန မရှိသကဲ့သို့ ရိုင်းပြခြင်းလည်း မရှိ။ ကိုယ်ကျိုးကို မရှာတတ်၊ အမျက် မထွက်တတ်၊ အငြိုးအတေးလည်း မထားတတ်။ မကောင်းသောအမှု၌ ၀မ်းမြောက်ခြင်း မရှိတတ်ဟု စသဖြင့် သွန်သင်ထားပါတယ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာတရားဟာ အမုန်းတရားအတွက် နေရာ မပေးနိုင်အောင် ကျွန်တော်တို့ ဘ၀တလျှောက်လုံးမှာ အားပေး တိုက်တွန်းနေခြင်း ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့တတွေဟာ ချစ်ခြင်းမေတ္တာတရားကိုကောင်းစွာ နားမလည်ခြင်းကြောင့်သော် လည်းကောင်း၊ အတ္တ အခံဓါတ်ဖြင့် မေတ္တာတရားအား ပြည့်ပြည့်စုံစုံ လက်ခံ ကျင့်ကြံဖို့ ခက်ခဲနေခြင်းကြောင့်သော် လည်းကောင်း ကျွန်တော်တို့တတွေရဲ့ ဘ၀မှာ မေတ္တာတရားပျောက်ဆုံး တတ်တဲ့ အချိန်လေးတွေ ရှိတတ်သလို၊ ပျက်ပြယ်တဲ့ အချိန်လေးတွေလည်း ရှိနေတတ်ကြပါတယ်။ ထို့အတွက် မေတ္တာတရားရဲ့ ဆန့်ကျင့်ဘက် အခြေနေသို့ ရောက်ရှိသွားကာ အမုန်း၏ လွှမ်းမိုးမှုအောက်မှာ အမုန်းကျွန်အဖြစ်သို့  ရောက်တတ်ကြ ပြန်ပါတယ်။

အမုန်းဆိုတဲ့ အခြေနေဟာမေတ္တာတရားပျောက်ပြယ်ချိန် တခဏတာလေးသာ ဖြစ်ပြီးမေတ္တာတရား ပြန်လည် ရှိလာတဲ့အခါ အမုန်းဆိုတာ ဘာမှ မဟုတ်တော့ဘဲ၊ မတည်ရှိခြင်း အဖြစ်သို့ ရောက်ရှိရပါတယ်။
ထို့ကြောင့် ကျွန်တော်တို့ ဘ၀ဟာ တခါတရံ အမုန်းကို ဆန့်ကျင့် တိုက်ခိုက်နေရတဲ့ အမုန်းတော်လှန်ရေး တိုက်ပွဲတစ်ခု လိုပါပဲ။ အမုန်းကို အမုန်းဖြင့် တိုက်ခိုက်၍ ဘယ်တော့မှ မအောင်မြင်နိုင်ပါ။ မေတ္တာတရားဖြင့် တိုက်ခိုက်မှသာ အမုန်းတော်လှန်ရေး တိုက်ပွဲကြီးအောင်မြင်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် ဤ အမုန်းတော်လှန်ရေးမှာ ရန်သူဆိုတာ မိတ်ဆွေ ပြန်ဖြစ်ရဖို့ ပစ်မှတ်တစ်ခုဖြင့် ဘုရားသားသမီးများ ပီပီ ပိုမို မြင့်မြတ်သောကျေးဇူးတော်များကို ရရှိရန် ကြိုးပမ်း အားထုတ်ကြရမည် ဖြစ်ပါတယ်။ သို့ဖြစ်၍ ကျွန်တော်တို့တတွေလည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော အဖသည် ကောင်းမွန် ပြည့်စုံသကဲ့သို့ ကောင်းမွန်ပြည့်စုံခြင်း ရှိလာကြမည် ဖြစ်ပါကြောင်း ဝေမျှလိုက်ပါတယ်။

ခရစ်ယာန် ဘ၀တွင်လည်း Miroslav Volfပြောသလိုပဲ - ရန်သူကိုချစ်ပါ ဆိုတာကို ခရစ်ယာန် သွန်သင်ချက်မှ သင် ဖယ်ထုတ်လျှင် သင်ဟာ ခရစ်ယာန် မဟုတ်တော့ဘူး ဖြစ်သွားပါလိမ့်မယ်။

မနောအောင်

အာဇာနည်နေ့ (၁၉ ဇူလိုင် ၂၀၁၄)


Tuesday, 15 July 2014

ရင်ခွင်တံခါးလေးဖွင့်ထားဆဲပါ


သူငယ်ချင်း
မာနနဲ့ပြိုင် တုကာယှဉ်တိုင်း
မင်းရဲ့ဘဝ ခရီးလမ်းမှာ
အတ္တကိုစွဲ ငါစွမ်းနိုင်ဟု
ဘုရားကိုမေ့ ဘေးချိတ်ထားက
ဘဝတစ်ကွေ့ တစ်နေ့တစ်ချိန်
ဧကန်မုချ ကျရှုံးမည်မှန်
မင်းရဲ့အတွေး နှလုံးထဲ၌
စွဲမြဲသေချာ မှတ်သားပါလော။

သူငယ်ချင်း
ရှောင်လွှဲမရ တစ်နေ့နေ့မှာ
ကျရှုံးမှုကယက် ရိုက်ခတ်ဒဏ်ကြောင့်
ဘဝတစ်ခုလုံး စုတ်ပြတ်သွားချိန်
မာနကိုပစ် ဗလာနတ္ထိ
နောင်တအပြည့် ရင်ဝယ်ပိုက်ကာ
လှမ်းလာခဲပါ ခရစ်တော်ဆီသာ
ခရစ်တော်ရှင်ဟာ မင်းအတွက်ဆို
ရင်ခွင်တံခါး ဖွင့်ထားဆဲပါ။

P နိုင်နိုင်

Sunday, 13 July 2014

DailyReading.ALinnThetThay.org

အလင်းသက်သေကို အားပေးဖတ်ရှု့နေကြသော ဘာသာတူ ညီအစ်ကိုမောင်နှမများ ခင်ဗျား -

ကက်သလစ်အသင်းတော်၏ နေ့စဉ် ဖတ်ရှုရာ ကျမ်းစာများကို အလင်းသက်သေ၏ www.alinnthetthay.org တွင် ဆက်လက် မတင်တော့ဘဲ။ http://DailyReading.alinnthetthay.org/ ဒိုမိန်းခွဲဖြင့် နေ့စဉ် ကက်သလစ် သမ္မာကျမ်းစာများကို ဆက်လက် တင်ဆက်ပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အလင်းသက်သေ၏ Main Page တွင် အခြားသော ကဏ္ဍများ ပိုမို ရှင်းလင်းစွာ ဖတ်ရှု့နိုင်ရန်အတွက်နှင့် သမ္မာကျမ်းစာကို သီးသန့်လွယ်ကူစွာ လေ့လာ၊ ဖတ်ရှု့ ခွန်အားယူနိုင်ရန် ထိုသို့ ဒိုမိန်းခွဲဖြင့် သီးခြား ခွဲထုတ်ထားပေးလိုက်ခြင်း ဖြစ်ပါသည်။ အလင်းသက်သေကို အားပေး ဖတ်ရှုနေကြသူများ နှစ်သက် လက်ခံလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။ အလင်းသက်သေကို ယခုထက် ပိုမိုကောင်းမွန်အောင် သာသနာ့၏ လိုအပ်ချက်များကို တထောင့်တနေရာမှ ပါဝင်ဆက်ကပ်လုပ်ဆောင်ပေးသွားပါမည်။ စိတ်ပါဝင်စားသူများ အနေဖြင့်လည်း alinnthatthay@gmail.com နှင့် administrator@alinnthetthay.org သို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

အလင်းသက်သေ
မြန်မာ ကက်သလစ် ဘလော့

၁၅ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့

ယနေ့ ဖတ်ရှုရတဲ့ ပထမကျမ်း၊ ဒုတိယကျမ်းနှင့် ဧ၀ံဂေလိတရားတော်ကျမ်းများအားလုံးဟာ ဘုရားသခင်၏ နှုတ်တော်ထွက်တရားတော်မြတ်နှင့် ထိုတရားတော်မြတ်ကို မည်သို့
လက်ခံရယူနိုင်ကြသလဲ ဆိုတာကို ထောက်ပြသွန်သင်နေသည့် အပြင် ဆာလံကျမ်းသည်လည်း ထိုအကြောင်းရာကိုပင် ထပ်မံပြောဆိုထားပါတယ်။ ပထမ ကျမ်းစာတော်မြတ်တွင် ဘုရားသခင်၏နှုတ်တော်ထွက် စကားတော်ဟာ မည်သည့်အခါမျှ အလကား မဖြစ်ဘဲ အမြဲတမ်း အကျိုးဖြစ်စေကြောင်းကို ကောင်းကင်က ရွာသွန်းချသည့် မိုးနှင့်အတူ ခိုင်းနှိုင်း ပြသထားပါတယ်။ ကောင်းကင်မှ ရွာချလိုက်တဲ့ မိုးစက်တွေဟာ ကမ္ဘာမြေကြီးကို အစိုဓါတ်ရေဓါတ် မပေးဘဲ ဘယ်တော့မှ ကောင်းကင်သို့ အချီးနှီး သက်သက်မတက်ကြပါဘူး။ ထို့အတူ ဘုရားသခင်၏ နှုတ်တော်ထွက် စကားတော်ဟာလည်း ကျွန်တော်တို့ လူသားတွေအတွက် ကောင်းကျိုး တစ်ခုမှ မပေးဘဲ ဘုရားသခင်ဆီသို့ မပြန်ပါဘူး။ 

လောကမှာ အကောင်းနဲ့အဆိုး ဒွန်ဒွဲနေပါတယ်လို့ ပြောလျှင် ထိုအကောင်းနဲ့အဆိုးဟာ အကြောင်းနဲ့အကျိုးပေါ်မူတည်၍ ရရှိလာတဲ့ ရလာဒ်တွေ ဖြစ်တယ်ဆိုတာလည်း ငြင်းနိုင်မယ် မဟုတ်ပါဘူး။ ထိုအကြောင်းနဲ့ အကျိုးပါပဲ - ကျွန်တော်တို့ရဲ့ရှေးဦး ဘိုးဘေးတို့အား အမှား လုပ်မိစေပြီး အပြစ်ဆိုတာကို ဖြစ်ပေါ်စေခဲ့တာပါပဲ။ ထိုအချိန်မှစပြီး ကျွန်တော်တို့တတွေဟာ ကက်သလစ် အသင်းတော်ရဲ့သွန်သင်ချက်အရ အပြစ်ရင်းနဲ့မွေးဖွားခြင်းခံရပြီး အကောင်းနဲ့ အဆိုးကို ဒွန်ဒွဲကာ ရရှိနေကြခြင်းသာ ဖြစ်ပါတယ်။ အပြစ်ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း မရှိခင်ကာလ - ဘုရားသခင်၏ ဖန်ဆင်းခြင်းတိုင်းဟာ ကောင်းမြတ်တော်မူသည်ဟု ကမ္ဘာဦးကျမ်းတွင် မိန့်ဆိုထားသည်ကိုပင် သတိထားထောက်ရှု့နိုင်ပါတယ်။ သို့သော်လည်း အပြစ်ရဲ့ အကြောင်းရင်းပြီး ကာလမှာတော့ လူတွေရဲ့ စူးစမ်းစိတ်အတိုင်း ဆက်လက်မျောပါးစေခဲ့တာလည်း ထာဝရ ဘုရားသခင်ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့လူသားများ၏ ပျက်စီးခြင်းကိုတော့ ဖန်ဆင်းရှင် ထာဝရဘုရား မလိုလားကြောင်း ဓမ္မဟောင်းကျမ်း တစ်ခုလုံးမှာ မြင်သာစေသလို၊ ဓမ္မသစ်ကျမ်းတွင်လည်း ပို၍ သိသာပေါ်လွင်စေပါတယ်။ 

ချစ်စွာသော မိတ်ဆွေ၊ ကျွန်တော်တို့ ခရစ်ယာန် ယုံကြည်ချက်တွင် လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ဟာ ဘုရားသခင် ကိုယ်တော်တိုင် လေးစားပေးထားသည့် အခွင့်ထူးပင် ဖြစ်ပါတယ်။ ထိုကြောင့် ကျွန်တော်တို့တတွေကို ကယ်တင်ဖို့ရန် အတွက်လည်း ဘုရားသခင်ဟာ ကျွန်တော်တို့ကိုယ်တိုင် စဉ်းစားထောက်ရှု့ လက်ခံပြီး Yes ပြောစေခြင်း ဖြစ်ပါတယ်။ ထိုကြောင့် ခရစ်တော်ဟာ ဧ၀ံဂေလိတရားတော်အားဖြင့် ကျွန်တော်တို့နှလုံးသားရဲ့ တံခါးကိုသာခေါက်ပြီး တံခါးကို ဖွင့်ပေးရမယ့်သူ၊ ဖွင့်ရမယ့်သူဟာ ကျွန်တော်တို့ ကိုယ်တိုင်ပင် ဖြစ်ပါတယ်။ 

ယနေ့ ဧ၀ံဂေလိတရားတော်တွင်လည်း ခရစ်တော်သခင်က ရှင်းလင်းသည့် ပုံဥပမာဖြင့် ဘုရားသခင်ရဲ့နှုတ်တော်ထွက် တရားတော်ကို လက်ခံရယူနိုင်တဲ့ မြေဆီ ဓါတ်ခံ လေးမျိုးကို မိန့်ဆိုပါတယ်။ မျိုးစေ့ကြဲသူဟာ ခရစ်တော် ကိုယ်တော်တိုင်ဖြစ်ပြီး ဧ၀ံဂေလိတရားတော်ဟာ မျိုးစေ့ပင် ဖြစ်ပါတယ်။ ထိုနောက် လက်ခံယူတဲ့ မြေဆီဓါတ်ခံ လေးမျိုးဟာ ကျွန်တော်တို့ပင် ဖြစ်ပါတယ်။ ပထမ မြေဆီဓါတ်ခံဟာ ဖောရှောမြေမျိုးပါပဲ - ထိုမြေဟာ လမ်းဖြစ်ပြီး မျိုးစေ့ဟာ လမ်းပေါ်ကျသဖြင့် ငှက်တို့စား၍ ကုန်ရပါတယ်။ ဒုတိယ မြေဆီဓါတ်ခံကတော့ ကောက်ရိုးမီးလို ခဏတာဝုန်းဝုန်းထ၍ ချက်ခြင်းလှဲပြိုရတဲ့ အမျိုးအစားပါ - ၎င်းဟာ ကျောက်မြေလွှာဖြစ်ပြီး မျိုးစေ့ဟာ ထိုကျောက်ပေါ်ကျတဲ့ အခါ ခဏတာ အပင်ပေါက်လာသော်လည်း နေထွက်လာတာနဲ့ ချက်ခြင်းသေဆုံးကြရတယ်။ တတိယမြေဆီ ဓါတ်ခံကတော့ အခက်အခဲတွေနဲ့ ရင်မဆိုင်နိုင်တဲ့ အလွယ်ရှာသူတွေနဲ့ တူပါတယ်- ထိုမြေဆီဓါတ်ခံဟာ ဆူးပင်တွေကြားပေါက်တဲ့ မျိုးစေ့လို အပင်ပေါက်သော်လည်း ဆူးဒဏ် မခံနိုင်၍ ဆူးပိခံရကာ သေဆုံးကြရတယ်။ စတုတ္ထမြေဆီ ဓါတ်ခံကတော့ မှန်ကန်သူတို့၊ ကောင်းသောသူတို့ဟု ဆိုနိုင်တဲ့ ကောင်းသောမြေဆီ ဓါတ်ခံပါပဲ။ ထိုကောင်းသောမြေပေါ်ကျမှသာ မျိုးစေ့ဟာလည်း အဆ ၁၀၀၊ အဆ ၆၀၊ အဆ ၃၀ စသဖြင့် အသီးသီး အသီးသီးနိုင်ကြပါတယ်။

ချစ်စွာသော မိတ်ဆွေ၊ ကျွန်ုပ်တို့တတွေလည်း ခရစ်ယာန် ယုံကြည်ခြင်းကို လက်ခံယူတဲ့အခါ ဒီလိုပဲ ကြားလို့ မြင်လို့ သူများတွေဝင်လို့ဆိုပြီး ၀င်လာကာ ဖောရှော ရိုက်ကောင်း ရိုက်မိတတ်ကြသူများလည်း ရှိမှာပါ။ ထို့အတူ စစခြင်း ကြားရသိရတဲ့အခါ ယုံကြည်ခြင်း စိတ်ပြင်းပြပြီး ဘာသာဝင်၊ ဘုရားကျောင်းလိုက်နဲ့ တက်တက်ကြွကြွရှိသော်လည်း တဖြည်းဖြည်း ညည်းငွေ့လာကာ ကျောက်ပေါ်က မျိုးစေ့လို့ဖြစ်နိုင်ပါတယ်။ ထို့အတူပဲ ကျွန်တော်တို့တတွေ ယုံကြည်ခြင်းကို လက်ခံကာ ခရစ်ယာန်ဘ၀အဖြစ် ရှင်သန်နေကြသော်လည်း အခက်အခဲတွေနဲ့ ကြုံလာတဲ့အခါ၊ ကားတိုင်တော်ကို ထမ်းရသည့်အခါ ထိုဒဏ်တွေကို မခံနိုင်တော့ဘဲ တရားတော်ကို စွန့်ပစ်ရတဲ့ ဆူးပင်တွေကြားက မျိုးစေ့လိုပါပဲ။ ထိုအမျိုးစားများ နည်းတူ တဖက်မှာလည်း ခရစ်ယာန်ယုံကြည်ခြင်းကို အမှန်တကယ် လက်ခံယုံကြည်ပြီး ဘ၀မှာ ဘယ်လို အခက်အခဲတွေပဲဖြစ်ဖြစ် မိမိကိုယ်ကို ခရစ်ယာန်တရားလမ်းဖြင့် အသက်ရှင်ကာ ကောင်းသောမြေအဖြစ် မျိုးစေ့ကို လက်ခံရင်း နောက်ဆုံး အဆ ၁၀၀၊ အဆ ၆၀၊ အဆ ၃၀ စသဖြင့် အသီးသီးသော အသီးအပွင့်များကို ပိုင်ဆိုင်ရသူများလည်း ကျွန်တော်ပတ်ဝန်းကျင်မှာ ဒုနှင့်ဒေး ရှိပါတယ်။ အင်မတန်မှ အတုယူဖွယ်ကောင်း ကြပါတယ်။ 

အမှန်တကယ်တော့ ထိုသို့ကောင်းသောမြေအဖြစ် ယုံကြည်ခြင်းမျိုးစေ့ကို လက်ခံယူနိုင်ဖို့ မိမိတို့ကိုယ်တိုင် မိမိတို့မြေကို အမြဲ ပြုစုပေါင်းသင်နေကြရမယ်ဆိုတာ သိထားရပါလိမ့်မယ်။ သို့မှသာ ကျွန်တော်တို့တွေလည်း ကျွန်တော်တို့ လက်ခံ ယုံကြည်လိုက်တဲ့ ဘုရားသခင်၏နှုတ်တော်ထွက် တရားတော်ကို မြေဆီ ဓါတ်ခံကောင်းကောင်းဖြင့် လက်ခံယူနိုင်ကြမှာ ဖြစ်ပါတယ်။ ဆာလံကျမ်းတွင် မိန့်ဆိုသလိုပဲ ကောင်းသောမြေပေါ်တွင်ကျသည့် မျိုးစေ့ဟာ မြောက်များစွာသော အသီးအပွင့်တို့ကို ရိတ်သိမ်းကြရမှာ ဖြစ်ပါတယ်။

ကဲ- မိတ်ဆွေနဲ့ ကျွန်တော်လည်း မည်သည့်မြေဆီဓါတ်ခံဖြင့် ဘုရားသခင်၏နှုတ်တော်ထွက် စကားတော်မြတ်၊ တရားတော်ကို လက်ခံယူနေသလဲဆိုတာ စမ်းစစ်ကြည့်ကြပါစို့။

ဘုရားသခင်၏နှုတ်တော်ထွက် စကားတော်ဟာ မည်သည့်အခါမျှ အလကားမဖြစ်ဘဲ အမြဲတမ်း အကျိုးဖြစ်စေပါတယ်။

ကိုရင် (ဒိုမီနီကန်)

13-JULY-2014-(READING)



Sun the 13th:   Psalter III, Ordinary Time Week 15.
                        (Optional memorial of Henry.)
Isa 55:10-11; Ps 65:10-14; Rom 8:18-23; Matt 13:1-23

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၅ (Isa 55:10-11);

၁၀ မိုဃ်းရေနှင့် မိုဃ်းပွင့်တို့သည် မိုဃ်းကောင်းကင်မှဆင်းသက်၍ နောက်တဖန်မပြန်၊ မြေသည်မျိုးစေ့ကြဲ သော သူအားမျိုးစေ့ကိုင်း၊ အစာစားသောသူအား အစာကိုင်း၊ ပေးမည်အကြောင်း၊ မြေကိုစိုစေသဖြင့်၊ အပင်ပေါက်စေ၍၊ အသီးကိုသီးစေသကဲ့သို့၊
၁၁ ထို့အတူငါ၏ နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။

ဆာလံကျမ်း အခန်းကြီး ၆၅ (Ps 65:10-14);

၁၀ မြေရိုးတို့ကို စိုစွတ်စေ၍ လယ်ပြင်ကိုတညီတည်းစီရင်ပြီးမှ မိုဃ်းရွာသောအားဖြင့် ပြောစေ၍ ပေါက်သောအပင်များကို ကောင်းချီးပေးတော်မူ၏၊၊
၁၁ နှစ်တို့ကို ကျေးဇူးတော်နှင့် ပတ်ရစ်တော်မူ၍ ခြေတော်ရာတို့သည် ဆီဥယိုတတ်ကြပါ၏၊၊
၁၂ သာယာသောတောအရပ်တို့လည်းယို၍ တောင်တို့သည်လည်း ပိတိခါးစည်းနှင့်စည်း လျက် ရှိကြပါ၏၊၊
၁၃ ကျက်စားရာ အရပ်တို့သည် သိုးဆိတ်စုတို့နှင့် ပြည့်စုံလျက် လယ်ပြင်တို့လည်း စပါးပင်နှင့် လွှမ်းမိုးလျက် ရှိ၍ ကျူးဧသောအသံနှင့် သီချင်းဆိုကြပါ၏၊၊

ရောမသြဝါဒစာ အခန်းကြီး (Rom 8:18-23);

၁၈ ငါတို့အားပေါ်ထွန်းလတံ့သော ဘုန်းကိုထောက်သော်၊ ယခုမျက်မှောက်ကာလ၌ ခံရသောဆင်းရဲ ဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏။
၁၉ ဤလောကသည် ဘုရားသခင်သားတို့၏ ပေါ်ထွန်းခြင်း အရာကို အလွန်တောင့်တမြော်လင့်လျက်နေ၏။
၂၀ ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလိုလိုက်သည် မဟုတ်။
၂၁ ဘုရားသခင် သားတို့၏ ထူးမြတ်သောလွှတ်ခြင်းချမ်းသာတည်းဟူသော ဖေါက်ပြန်ပျက်စီးခြင်း အနှောင် အဖွဲ့မှကယ်လွှတ်ခြင်း ချမ်းသာကိုဝင်စားမည်ဟု မြော်လင့်ရသောအခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောသူ၏ အလိုတော်ကြောင့် သာလိုက်ရ၏။
၂၂ ဤလောကတနိုင်ငံလုံးသည် ယခုတိုင် အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်းဝေဒနာကိုခံရသည် ဟုငါတို့သိကြ၏။
၂၃ ထိုမျှမကဝိညာဉ် တော်၏ ကျေးဇူးတော်အစအဦးကိုခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌မြှောက်ခြင်း အကြောင်းတည်း ဟူသောကိုယ် ခန္ဓွာရွေးနှုတ်ခြင်းချမ်းသာကိုမြော်လင့်၍၊ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။

ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၃ (Matt 13:1-23);

ထိုနေ့၌ယေရှုသည် အိမ်ကထွက်၍ အိုင်နားမှာထိုင်နေတော်မူသည်တွင်၊
များစွာသောလူအပေါင်း တို့သည် ကိုယ်တော်ကိုဝန်းရံ၍ စုဝေးလျက်ရှိကြသောကြောင့်၊ လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် ကုန်းပေါ် မှာရပ်နေကြ၏။
ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူ သည်မှာ၊ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲခြင်းငှာထွက်သွား၏။
အစေ့ကိုကြဲသည်တွင်၊ အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ငှက်တို့သည် လာ၍ကောက်စားကြ၏။
အချို့သော အစေ့တို့သည် မြေနည်း၍ကျောက်ပေါများသော အရပ်၌ကျသဖြင့်၊ မြေတိမ် သောကြောင့် ချက်ခြင်း အပင်ပေါက်သော်လည်း၊
နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်း ပျက်ဆီးခြင်းသို့ရောက်ကြ၏။
အချို့သောအစေ့တို့သည် ဆူးပင်တို့တွင်ကျသဖြင့်၊ ဆူးပင်တို့သည်ကြီးပွား၍ ညှင်းဆဲကြ၏။
အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ကျသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆ တရာပွားများ၍ အသီးသီးကြ၏။
ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟုမိန့်တော်မူ၏။
၁၀ တပည့်တော်တို့သည် ချဉ်းကပ်လျက်၊ ကိုယ်တော်သည်အဘယ်ကြောင့်ဥပမာကိုဆောင်၍ ဤလူတို့အား ဟောပြောတော်မူသနည်းဟု မေးလျှောက်ကြလျှင်၊
၁၁ ကိုယ်တော်က၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ နက်နဲသောအရာတို့ကိုသိရသောအခွင့်ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ၊
၁၂ အကြင်သူသည်ရတတ်၏၊ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါပေးဦးမည်။ အကြင်သူသည်ဆင်းရဲ၏၊ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။
၁၃ ထိုကြောင့် သူတို့ သည် မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်းနားမလည်သောကြောင့် ဥပမာကိုဆောင်၍ ငါဟောပြော ၏။
၁၄ ဟေရှာယဟောဘူးသော အနာဂတ်စကားဟူမူကား၊ သင်တို့သည်ကြားလျက်ပင် အနက်ကိုနားမည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲမြင်ကြလိမ့်မည်။
၁၅ အကြောင်းမူကား၊ ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ်နှလုံး သည် မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်မျက်စိကိုပိတ်လျက်ရှိကြ၏ ဟူသောစကားသည် ဤလူတို့၌ပြည့်စုံ ခြင်းသို့ရောက်သတည်း။
၁၆ သင်တို့မျက်စိသည် မြင်သောကြောင့် မင်္ဂလာရှိ၏။ သင်တို့နားသည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏။
၁၇ ငါအမှန်ဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ဖြောင့်မတ်သောသူများတို့သည် မြင်ခြင်းငှါအလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ကြားရသောအရာတို့ကို ကြားခြင်းငှါအလိုရှိသော်လည်း မကြားရကြ။
၁၈ မျိုးစေ့ကြဲသောသူ၏ ဥပမာအနက်အဓိပ္ပါယ်ကို နားထောင်ကြလော့။
၁၉ လမ်း၌ အစေ့ကိုကြဲခြင်းအကြောင်း အရာကား၊ နိုင်ငံတော်၏တရားစကားကိုကြား၍ နှလုံးမသွင်းသည်ရှိသော်၊ နတ်ဆိုးလာ၍ နှလုံး၌ကြဲသောအစေ့ကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။
၂၀ ကျောက်ပေါသောအရပ်၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ခြင်းခံယူ သော်လည်း၊
၂၁ စိတ်နှလုံး၌ အမြစ်မစွဲခဏသာတည်သဖြင့်၊ တရားစကားကြောင့် အမှုအခင်းနှင့် ညှင်းဆဲခြင်းကိုခံရသောအခါ ချက်ခြင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။
၂၂ ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ လောကီအမှု၌ စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလို သတည်း။
၂၃ ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊ တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။