Tuesday, 14 May 2013

စိတ်ပုတီးစိတ်၍ တရားထောက်ရှု့ရာ


စိတ်ပုတီးဆိုသည်မှာ လက်တင်ဘာသာစကားလုံး (rosarium) မှဆင်းသက်လာပြီး အဓိပာယ်မှာ နှင်းဆီပန်းတို့၏ သရဖူဖြစ်တယ်။ ကက်သလစ် အသင်းတော်၌ စိတ်ပုတီး စိတ်ခြင်းဟာ ဘုရား၏မယ်တော် မာရိယာအား သဒါကြည်ညိုခြင်းအမှုတစ်ခုဖြစ်သည်ဟု သိထားကြလေ၏။ သို့သော်လည်း အမှန်တကယ်ဆိုရလျှင် စိတ်ပုတီးစိတ်ခြင်းမှာ ဘုရား၏မယ်တော် မာရိယာအား သဒါကြည်ညိုခြင်း အမှုထက် ပိုပြီး ကက်သလစ် ဓမ္မတရားကိုလည်း အကျဉ်းချုပ် ထောက်ရှု့ရာလည်း ဖြစ်ပေ၏။ စိတ်ပုတီးစိတ်သည့်အခါ သခင်ခရစ်တော်၌ဗဟိုရ်ထားကာ မယ်တော်သခင်မနှင့်အတူ တရားထောက်ရှု့ကြပါတယ်။

၁၂၁၄ခုနှစ်တွင် ပြင်သစ်ပြည်၊ ပရူးမြို့ရှိ ဘုရားကျောင်းထဲ၌ မယ်တော်သခင်မသည် ကျွန်ုပ်တို့ စိတ်ပုတီး၏သခင်မ ဟူသော ဘွဲ့နာမဖြင့် ရူပါရုံတွင်ပေါ်လာကာ စိန်ဒေါမီနစ်အား စိတ်ပုတီးပေးခဲ့ပါတယ်။ ထိုအချိန်မှစ၍ စိတ်ပုတီးစိတ်ခြင်းကို ကက်သလစ်အသင်းတော်၌ တွင်ကြယ်လာခဲ့တယ်။ စိတ်ပုတီးအားဖြင့် စိန်ဒေါမီနစ်သည် အာဘေဂျင်းစီးယမ်းဟုခေါ်သော အသင်းတော်၏ယုံကြည်ရာချက်များကို လွဲမှားစေသော အယူဝါဒလွှမ်းမိုးမှု့မှ ဘာသာဝင်တို့အား လမ်းမှန်သို့ပြန်ခေါ်ယူနိုင်ခဲ့တယ်။ ၁၅၇၁ခုနှစ်တွင်လည်း လယ်ပန်တိုစစ်ပွဲအောင်မြင်ရခြင်းမှာလည်း စိတ်ပုတီး၏အံ့သြဖွယ်တန်ခိုးကြောင့် ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ပီဦး (၅)မှ သက်သေခံကာ အသင်းတော်အတွင်း စိတ်ပုတီးစိတ်ခြင်းကို တိုးမြှင့်အားပေးခဲ့လေတယ်။ ထို့အပြင် အောက်တိုဘာလ (၇) ရက်နေ့ကိုလည်း သန့်ရှင်းသောစိတ်ပုတီး၏ပွဲနေ့အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ၁၉၁၇ခုနှစ်တွင်လည်း ပေါ်တူဂီနိုင်ငံရှိ ဖာတီမာကျေးရွာလေးတွင် သိုးထိန်းလေး သုံးဦးဖြစ်သည့် လူစီယား၊ ဂျပ်စင်းတာနှင့် ဖရန်စစ်စကိုတို့အား မယ်တော်သခင်မသည် ရူပါရုံဖြင့် မိမိကိုယ်ကို စိတ်ပုတီး၏သခင်မ ဖြစ်ကြောင်းဖွင့်ဟပြောဆိုရင်း ကွန်မြူနစ်အင်အား ကျရှုံးမည်ကို ကြိုတင်ဟောပေးခဲ့ပြီး ထိုခေတ်ထိုအချိန်၌ လူတို့ကြုံတွေ့နေရသော ကပ်ဘေးများ၊ ဆင်းရဲခြင်းများ၊ စိတ်ပျက်အားလျော့မှု့များနှင့် အခြားသော ဝေဒနာများစွာကိုလည်း နှစ်သိမ့်အားပေးခဲ့သည်။ သို့ဖြစ်၍ စိတ်ပုတီးကို နေ့စဉ်စိတ်ဆိုကြရန် တိုက်တွန်းခဲ့ပါတယ်။

ရှေးအစဉ်အလာအရ စိတ်ပုတီးကို အလုံးရေ ၁၅၀လုံးဖြင့် ဆာလံကျမ်း ၁၅၀ကျမ်းနှင့် နှိုင်းယှဉ်ကာ စိတ်ဆိုကြပါတယ်။ ဆာလံကျမ်း ၁၅၀ကို ဘာသာရေးအသင်းဂိုဏ်းများအတွင်း နံနက်မေတ္တာ၊ နေ့ခင်းမေတ္တာ၊ ညနေခင်းမေတ္တာနှင့် ညမေတ္တာအဖြစ် နေ့စဉ်ရွတ်ဆိုနေကြတာ ဖြစ်ပါတယ်။ ထိုပုတီးရေ အလုံး ၁၅၀ကို ငါးဆယ်စီခွဲကာ ကက်သလစ်ဓမ္မတရားများဖြစ်သည့် နက်နဲဖွယ်ရာ သုံးခုကြီးဖြင့် စိတ်ကြပါတယ်။ အံ့သြဖွယ်ရာ နက်နဲချက်မှာ သိကြားတမန်တော်မှ မာရိယာကို ဘုရား၏သားတော်အား မွေးဖွားရမည်ဖြစ်ကြောင်း အမိန့်တော်ပြန်သည့်အချက်မှ အစ်မ၀မ်းကွဲ ဧလီဇဗက်နှင့် တွေ့ဆုံခြင်း၊ ယေဇူးဖွားမြင်ခြင်း၊ ဘုရားကျောင်းဗိမာန်တွင် ယေဇူးအား ဆက်ကပ်ခြင်းနှင့် ဗိမာန်တော်ပွဲမှာ ယေဇူးသူငယ်တော်ပျောက်ဆုံးပြီး  ပြန်လည်ရှာဖွေတွေ့ရှိခြင်းထိတိုင် တရားထောက်ရှု့ပါတယ်။ ၀မ်းမြောက်ဖွယ်ရာ နက်နဲချက်တွင် သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် အစပြု၍ ယေဇူးခရစ်တော် ကောင်းကင်ဘုံသို့ တက်ကြွတော်မူခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းကြွခြင်း၊ မယ်တော်အား ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းနှင့် မယ်တော်သခင်အား ကောင်းကင်ဘုံ၏ဘုရင်မဘွဲ့ပေးအပ်သည့် အချက်ထိတိုင် တရားထောက်ရှု့ပါတယ်။ ၀မ်းနဲဖွယ်ရာနက်နဲချက်မှာတော့ ယေဇူးခရစ်တော်၏ဒုက္ကစရိယာ အကြောင်းကို တရားထောက်ရှု့ပါတယ်။

၂၀၀၂ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်မှ စိတ်ပုတီးနှင့်ပတ်သက်၍ စာချွန်တော်တစ်စောင် ရေးသားပြီး စိတ်ပုတီးအလုံးအရေ နောက်ထပ် ၅၀ ထပ်မံတိုးခဲ့ပြီး ထိုစိတ်ပုတီးအလုံး ၅၀ ကို အလင်း၏နက်နဲဖွယ်ရာအဖြစ် တရားထောက်ရှု့စေခဲ့ပါတယ်။ အလင်း၏နက်နဲဖွယ်ရာမှာ သခင်ခရစ်တော်၏ ဆေးကြော်ခြင်းမင်္ဂလာခံယူခြင်းမှစ၍ ကာနန်မြို့လက်ထပ်ပွဲမှ တန်ခိုးလက္ခဏာ၊ ကောင်းကင်နိုင်ငံတော် တရားဒေသနာတော်၊ တောင်ပေါ်၌ အဆင်းသန်ပြောင်းလဲခြင်းနှင့် ယေဇူးခရစ်တော်၏ ကိုယ်တော်မြတ် စက္ကရမင်တူး တည်ထောင်ခြင်း အကြောင်းများကို တရားထောက်ရှု့ပါတယ်။

စိတ်ပုတီးစိတ်ပုံစိတ်နည်းမှာလည်း အလွန်ပင်စနစ်ကျတယ်လို့ ဆိုရပါလိမ့်မယ်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်ဟူ၍ ကရူစူးအမှတ်ဖြင့် စတင်ဖွင့်ဆိုကာ တမန်တော်ကြီးများ၏ ယုံကြည်ခြင်းအချုပ်ကို ရွတ်ဆိုပါတယ်။ ထိုနောက် ကောင်းဘုံ၌မေတ္တာနှင့် မာရိယာမေတ္တာ သုံးပုဒ်ကို ရွတ်ဆိုကြတယ်။ ထိုမာရိယာမေတ္တာသုံးပုဒ်မှာ- ပထမ ယုံကြည်ခြင်းတိုးပွားရန်အတွက်၊ ဒုတိယ မျှော်လင့်ခြင်း တိုးပွားရန်အတွက်နှင့် တတိယမှာ မေတ္တာတရားတိုးပွားရန်အတွက်တို့ ဖြစ်ပါတယ်။ ထိုနောက် ဂလိုရီယာပါတရီနှင့် ပိုင်းခြားလိုက်ပါတယ်။ ထိုအချိန်မှစ၍ နက်နဲရာချက်များ၏ အစဉ်လိုက် စတင်ရွတ်ဆိုကာ တရားထောက်ရှု့ပါတယ်။ စိတ်ပုတီးတစ်ဆယ်တိုင်းကို ကောင်းကင်ဘုံ၌ မေတ္တာနှင့်စတင်ပြီး မာရိယာမေတ္တာ ဆယ်ပုဒ်ဆိုပြီး ဂလိုရီယာပါတရီနှင့် အဆုံးသတ်ပါတယ်။ စိတ်ပုတီး ၅၀ (နက်နဲရာချက် ငါးခု)အပြီးအတွင် သန့်ရှင်းသောဘုရင်မဟူသော မေတ္တာကိုရွတ်ဆိုပြီး ကရူစူးအမှတ်နှင့် အဆုံးသတ်ပါတယ်။

အထက်တွင်ဖော်ပြထားသည့်အတိုင်း စိတ်ပုတီးစိတ်တယ်ဆိုတာ ကက်သလစ်ဘာသာဝင်တို့အတွက် စိတ်ပုတီးစိတ်ခြင်းဟာ ဘုရား၏မယ်တော် မာရိယာအား သဒါကြည်ညိုခြင်းအမှုတစ်ခုဖြစ်သလို မယ်တော်နှင့်အတူ ဘုရားသခင်၏နက်နဲဖွယ်ရာဖြစ်ရပ်များကို ခရစ်တော်၌တွေ့မြင်ရသည့်အတိုင်း တရားထောက်ရှု့ကြခြင်းဖြစ်ပါတယ်။ ဒါဟာ မာရိယာထံမှာ ဆုတောင်းခြင်းလုံးဝမဟုတ်ပါ။ ကက်သလစ်ဘာသာဝင်တွေဟာ ဘုရားတစ်ဆူတည်းကိုသာယုံကြည်၍ ဘုရားတစ်ဆူတည်းထံသာ ဆုတောင်းပါတယ်။ သို့သော်လည်း မြင့်မြတ်သူရဟန္တာသူတော်စင်များကိုလည်း ၀ိုင်းဝန်းဆုတောင်းပေးဖို့ ချည်းကပ်တတ်သူတွေပါ။ ရဟန္တာသူတော်စင်များဟာ အခုချိန်မှာ ဘုရားသခင်ထံခစား၍ ဘုရားသခင်အား အနီးကပ်ဖူးမျှော်ခွင့်ရနေပြီဖြစ်သဖြင့် ၎င်းတို့အားဖြင့် မိမိတို့လည်း တနေ့နေ့မှာ ထိုဆုလာဒ်တော်ကို ရရှိမည်ဟူသောယုံကြည်ခြင်းတိုးပွားလျက် အသင်းတော်နှင့်အတူ ကောင်းကင်နိုင်ငံခရီးကို ချည်းကပ်နေသူများ ဖြစ်ပါတယ်။ စိတ်ပုတီးစိတ်ရာ၌ ထောက်ရှု့သော ခရစ်တော်ဗဟိုရ်ပြုတရားများတွင် မယ်တော်မာရိယာသည်လည်း ထိုအဖြစ်အပျက်များ၌ မားမားမတ်မတ်ရပ်တည်ပေးခဲ့ကြောင်း တွေ့ရပါတယ်။ ကျွန်ုပ်တို့တတွေလည်း စိတ်ပုတီးစိတ်ရင်း မယ်တော်နှင့်အတူ ထိုနက်နဲချက်များကို တရားထောက်ရှု့ရင်း ယုံကြည်ခြင်း၌တိုးပွားလျက်၊ မျှော်လင့်ခြင်းဖြင့်လျှောက်လှမ်းရင်း မေတ္တာတရားဖြင့် ရှင်သန်သွားကြပါစို့။

မနောအောင်

No comments:

Post a Comment