Sunday, 12 May 2013

ယေဇူးသခင် ကောင်းကင်ဘုံသို့တက်တော်မူသောပွဲနေ့ကြီး


ဂျေရုဆလင်မြို့မှအစပြု၍ လူမျိုးတကာတို့အား နောင်တတရားနှင့် အပြစ်မှ ခွင့်လွှတ်ခြင်းတရားကို သူ၏နာမတော်၌ ဟောပြောရမည်။ - သင်တို့မူကား ဤအကြောင်း အရာတို့ကို သက်သေခံသူများတည်း။ (လုကာ၂၄း၄၇၊ ၄၈)။
ကျွန်ုပ်တို့ဘ၀မှာ သူတစ်ပါးအား ခွင့်မလွှတ်နိုင်လောက်တဲ့ စိတ်တင်းမာမှု့မျိုးတွေ ရှိနေပါသလား။ ဒါမမဟုတ် မိမိကိုယ်ကို ခွင့်မလွှတ်နိုင်သည့်အခြေနေတွေနဲ့ ကြုံတွေ့နေရပါသလား။ ဤသို့ဤသို့ဖြင့် စိတ်ဓါတ်ကျပြီး အရာရာကို အရှုံးပေး နေမိပြီလား။ ထိုသို့အရှုံးပေးနေသူ အခြားသူများလည်း မိမိဘေးမှာ ရှိနေပါသလား။ ဤမေးခွန်းအချို့အတွက် ဒီနေ့ ခရစ်တော်၏တရားဒေသနာတော်၊ ကောင်းကင်ဘုံမတက်မှီ မှာကြားခဲ့သော တရားတော်ကို စဉ်းစားထောက်ရှု့ရင်း မိမိတို့ဘ၀နှင့် အခြားသူများအတွက် အဖြေရှာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

ယေဇူးခရစ်တော် ရှင်ပြန်ထမြောက်အပြီး ရက်ပေါင်း (၄၀)အကြာတွင် ကောင်းကင်ဘုံသို့ တက်တော်မူကြောင်းကို တပည့်တော်ကြီးများက သက်သေခံထားကြလေပြီ။ (၄၀)ဆိုတာ ကျမ်းစာဓမ္မပါမောက္ခကြီးတွေအရ ကျမ်းစာတော်မြတ်၏သင်္ကေတအမှတ်အသား တစ်ခုဖြစ်ပါတယ်။ မိုးဇယ်ဟာ ဘုရားသခင်၏မျက်နှာတော်ကို တွေ့ရှိဖို့ တောင်ပေါ်မှာရက်ပေါင်း (၄၀) အစာရှောင်ဝါရှောင် ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးလူမျိုးတွေဟာ ကတိထားရာမြေကို မရမှီ တောကန္တာရထဲမှာ နှစ်ပေါင်း (၄၀) ပြင်ဆင်နေခဲ့ရပါတယ်။ သခင်ခရစ်တော်သည် တရားဒေသနာစတင်မဟောကြားခင် တောကန္တာရထဲမှာ ရက်ပေါင်း (၄၀) အစာရှောင်၊ ၀ါရှောင်ကျင့်ကြံခဲ့တယ်။ ယခု ရှင်ပြန်ထမြောက်ပြီး ရက်ပေါင်း (၄၀)အကြာတွင် ကောင်းကင်ဘုံသို့ တက်တော်မူပါတယ်။

ခရစ်တော်၏ကောင်းကင်ဘုံသို့ တက်တော်မူခြင်းဟာ ကိုယ်တော်၏ရုပ်ခန္တာအရ ကျွန်ုပ်တို့နှင့် တည်ရှိနေခြင်းကို အဆုံးသတ်သွားခဲ့သလို ကိုယ်တော်၏နည်းလမ်းအသစ်ဖြင့် ကျွန်ုပ်တို့နှင့်အတူ တည်ရှိနေခြင်းကို စတင်လိုက်ခြင်းဖြစ်ပါတယ်။ ကိုယ်တော်သည် ရုပ်ခန္တာနှင့်တကွ ကျွန်ုပ်တို့လောကတွင် ရှိနေစဉ်အတွင်း နောင်တတရားနှင့် ခွင့်လွှတ်ခြင်းတရားကို ကိုယ်တိုင်ဟောပြော ကျင့်ကြံလမ်းပြခဲ့ပါတယ်။ ဤတရားနှစ်ခုသည် ကျွန်ုပ်တို့၏လွတ်မြောက်ခြင်းတရားဖြစ်၍ ကိုယ်တော်၏ကယ်တင်ခြင်းလုပ်ငန်းလည်း ဖြစ်ပါတယ်။ ကိုယ်တော်ရှင် ကောင်းကင်ဘုံသို့ တက်ကြွခါနီးတွင် ဤတရားတော်နှစ်ခုဖြစ်သည့် နောင်တတရားနှင့် ခွင့်လွှတ်ခြင်းတရားကို သူ၏နာမတော်၌ ဆက်လက်ဟောပြော ကျင့်ကြံပြီး သက်သေခံရန် မှာကြားတော်မူခဲ့ပါတယ်။ ဒီတော့ နောင်တတရားနှင့် ခွင့်လွှတ်ခြင်းတရားဆိုတာကို နားလည်နိုင်ဖို့ အနည်းငယ်စဉ်းစားကြည့်ကြပါစို့။

လူတွေပြောသံ ကြားနေရပါတယ်- နောင်တဆိုတာ နောင်မှရတဲ့အရာတဲ့။ မှန်နိုင်ပါတယ်။ အာဒံနှင့် ဧ၀ အမှားကျူးလွန်ကာ အပြစ်ဖြစ်ခဲ့ရပြီးမှ နောင်တ တရားပေါ်ပေါက်လာခဲ့ရပါတယ်။ သို့သော်လည်း လူတွေရဲ့ စိတ်ဟာ တခါတခါ တင်းမာ၊ ခေါင်းမာလွန်း၍ နောင်တမရနိုင်သည့်အခါများစွာ ရှိတတ်လာပါတယ်။ နောင်တဆိုတာ သိလျက်ဖြစ်စေ၊ မသိလျက်ဖြစ်စေ မိမိတို့ လုပ်မိလိုက်သည့်အမှားတစ်ခု၊ အပြစ်တစ်ခုကို မိမိတို့သြတ္တပစိတ်နှင့် အသိတရားဟာ သတိထားမိလိုက်သည့်အချိန် ခံစားရသည့် ၀မ်းနည်းကျေကွဲမှု့ တစ်ခုဖြစ်ပါတယ်။ ထိုသို့သတိထားမိသည့်အချိန် ၀မ်းနည်းကျေကွဲလာသည်နှင့်အမျှ မိမိတို့ဟာ တနည်းအားဖြင့် စိတ်ဝိညာဉ်အကျဉ်းထောင်ထဲရောက်လာပါတယ်။ ဤအကျဉ်းထောင်မှ လွတ်မြောက်ဖို့အတွက် လူပေါင်းများစွာဟာ နည်းလမ်းပေါင်းများစွာဖြင့် ကြိုးစားနေတာ မိမိကိုယ်တိုင်လည်း ပါဝင်နေပါလိမ့်မယ်။ တချို့က တရားနည်းလမ်းဖြင့် ဖြေရှင်း၍ စိတ်အေးချမ်းမှု့ရရှိကာ ထိုအကျဉ်းထောင်မှ လွတ်မြောက်ကြသလို တချို့ကျတော့ မဟုတ်မမှန်သည့်နည်းလမ်းများဖြင့် ဖြေရှင်းကာ ပို၍ပို၍ဆိုးရွာလာပြီး မိမိကိုယ်တိုင်သော်လည်ကောင်း၊ အခြားသူများကိုသော်လည်ကောင်း ဘေးရန်ရှာကာ ပေါက်ကွဲတတ်ပါတယ်။ ဒီအကျဉ်းထောင်ကလွတ်မြောက်ဖို့က ခွင့်လွှတ်ခြင်းတရာသာ လိုအပ်ပါတယ်။ မိမိကိုယ်ကို သူတစ်ပါးက ခွင့်လွတ်သည်ဖြစ်စေ၊ သူတစ်ပါးကို မိမိက ခွင့်လွှတ်ရသည်ဖြစ်စေ၊ မိမိကိုယ်တိုင် မိမိခွင့်လွှတ်ရသည်ဖြစ်စေ . . . ဤခွင့်လွှတ်တတ်ခြင်းတရားသာလျှင် ကျွန်ုပ်တို့၏နောင်တအမှားတွေ၊ အပြစ်တွေကို ကုသပေးနိုင်မှာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ဘ၀မှာ သူတစ်ပါးအပေါ်ခွင့်မလွှတ်နိုင်ဘဲ တင်းမာနေခြင်းသည်လည်း စိတ်၏ဝေဒနာ ဖြစ်သလို၊ မိမိကိုယ်ကို ခွင့်မလွှတ်နိုင်ခြင်းသည်လည်း စိတ်ဝေဒနာဖြစ်ပါတယ်။ ကျွန်ုပ်တို့ဘေး၌ ထိုသို့သော သူများရှိနေလျှင်လည်း စိတ်ဝေဒနာဖြစ်ရပါသေးတယ်။ အပူပေါ်အပူဆင့်တာဟာ ကျွန်ုပ်တို့ဘ၀ကို ဒုက္ခဝေဒနာ အကျဉ်းထောင်ထဲသို့ ပို၍ပို၍ရောက်စေတာ ကျွန်ုပ်တို့သိကြပါတယ်။ အကောင်းဆုံးနည်းလမ်းမှာ တရားဒေသနာများသာ ဖြစ်ပါတယ်။ တရားဒေသနာမှာ မွေ့လျော်နိုင်လေလေ၊ ခွင့်လွှတ်ခြင်းတရားကို ရှာတွေ့လေလေဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းတရားကို ပေးဖို့ ကျွန်ုပ်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါဟာ ခရစ်တော်၏သာသနာပြုလုပ်ငန်းပင် ဖြစ်ပါတယ်။

ခွင့်လွှတ်ခြင်းတရားဆိုသည်မှာ သူတစ်ပါးဖြစ်ဖြစ် မိမိကိုယ်တိုင်ဖြစ်ဖြစ် ကျူးလွန်ထားသည့်အပြစ်၊ အမှားအယွင်းများကို နားလည်တတ်သောအမြင်နှင့်အတူကြည့်၍ ထိုအပြစ်အမှားများအတွက် မိမိစိတ်ကို ဖြေလျော့ကာ နှစ်သိမ့်ပေး၍ နောင်တချိန်မပြုမိစေရန် သင်ခန်းစာယူ၍ ကျေနပ်လိုက်သည့် အဖြေတစ်ခုဖြစ်ပါတယ်။ ဒီလိုကျေနပ်လိုက်သည့်အဖြေရဖို့ အချိန်ယူရပါလိမ့်မယ်။ အချိန်ယူနေသည့်ကာလဟာ ကျွန်ုပ်တို့အတွက် ရက်ပေါင်း (၄၀)ကဲ့သို့ဖြစ်နေနိုင်ပြီး ခွင့်လွှတ်ကျေနပ် လိုက်မည့် အနာဂတ်အတွက် ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဤသို့ပြင်ဆင်ရန်အတွက် အထောက်အပံ့များအဖြစ် သမ္မာကျမ်းစာတော်မြတ်ရှိပါလိမ့်မယ်။ အသင်းတော်သွန်သင်ရာချက်များ စဉ်းစားထောက်ရှု့ရာများ ရှိပါလိမ့်မယ်။ ရင်ဖွင့်ဆွေးနွေးစရာ ခရစ်တော်ကိုယ်စားလှယ် ရဟန်းဘုန်းတော်ကြီးများရှိနေပါလိမ့်မယ်။ 

ခွင့်လွှတ်ခြင်းအတွက် နောင်တတရားလိုအပ်ပါတယ်။ သင့်မိတ်ဆွေအား နောင်တတရားရှိဖို့ သင်မလုပ်သေးသ၍ သင့်ခွင့်လွှတ်ခြင်းတရားဟာ စဉ်းစားစရာဖြစ်နေနိုင်တာကြောင့် နောင်တ တရားရှိဖို့သူ့အား မေတ္တာစိတ်နှင့် အရင်ဟောပြောပါ။ သင်ကိုယ်တိုင်လည်း ခွင့်လွှတ်ခြင်းခံရဖို့ နောင်တတရားမရှိဘဲ သူတစ်ပါးထံမှ မည်သည့်ခွင့်လွှတ်ခြင်းမှ မတောင်းဆိုပါနှင့်။ သူတစ်ပါးအား ဆော်ကားသလိုဖြစ်ပြီး သင်၏အပြစ်အမှားသည်လည်း ကြီးမားလာနိုင်ပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့၏စိတ်နှလုံးအား တင်းမာ၍မထားကြဖို့ လိုအပ်ပါတယ်။ သို့မှသာလျှင် မျိုးကြဲသူသည် မျိုးစေ့ကြဲရန်အတွက် ကျွန်ုပ်တို့နှလုံးသား လယ်မြေအား ကောင်းစွာ ထွန်းယက်နိုင်ပြီး ပြင်ဆင်နိုင်မည်ဖြစ်ပါတယ်။ ဘုရားသခင်၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာမျိုးစေ့ ကျွန်ုပ်တို့၏နှလုံးသား လယ်ကွင်းမှာ အစဉ်ရှင်သန်နိုင်ပါစေ။ အကျွန်ုပ်တို့ကို ထိခိုက်ကျူးလွန်သော သူတို့အား အကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ ကျွန်ုပ်တို့အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ၊ အဖဘုရားသခင်။
အာမင်။

ကိုရင် (ဒိုမီနီကန်)

No comments:

Post a Comment