မေလ ၁ ရက်နေ့၊ ၂၀၁၃။
စိန်ဂျိုးဇက်ဆိုတာနဲ့
ကျွန်ုပ်တို့ ကက်သလစ်တွေ အတော်လေးကို ရင်းနှီး ပြီးသားသူပါပဲ။ သူ့ကို ကညာစင် မာရိယာနှင့်
စေ့စပ်ကြောင်းလှမ်းထားသူ၊ မမျှော်လင့်ဘဲ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ထိုကညာစင် မာရိယာသည်
ပဋိသန္ဓေ ရှိနေကြောင်း သိရသောအခါ
ဂုဏ်သိက္ခာကို ထိန်းကာ မသိမသာ ကွာရှင်းမည်ဟု ဆုံးဖြတ်ထားပြီးမှ ကောင်းကင် တမန်၏စကားကြောင့်
ဖြစ်ရပ်မှန်ကို သိ၍ သူမအား ဖြူစင်စွာ စောင့်ရှောက်ရင်း သူ့ဘ၀ကို ဘုရားသခင်ထံမှာ
ဆက်ကပ်သွားဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။ လူ့ဝိနည်းအရဆိုရင်တော့ သူဟာ မာရိယာ၏ခင်ပွန်းဟု
ဆိုနိုင်ပါတယ်။ သူ့ဘ၀တလျှောက် အိမ်ထောင်ဦးစီး တာဝန်ယူပြီး မာရိယာနှင့်
မွေးဖွားခြင်းခံ ဘုရား၏ သားတော်အား စောင့်ရှောက်ကာကွယ်ပေးခဲ့သူဖြစ်ပါတယ်။
သူ့အကြောင်းကို သံလုကာကျမ်းနှင့်
သံမာတေဦးကျမ်းတို့အားဖြင့် အများဆုံးသိရပါတယ်။ သံမာကုမှာတော့ ဖော်ပြထားခြင်း လုံးဝမရှိပေမယ့်လည်း
သံယောဟန်းကျမ်းမှာတော့ သန့်ရှင်းသော အိမ်ထောင်စုဟု၍ ဖော်ပြထားပါသေးတယ်။
ဟေရုဒ်မင်းကြီးဟာ သူငယ်တော်ကို ကွက်မျက်ဖို့အတွက် အသက်
နှစ်နှစ်အောက်ကလေးငယ်များကို သတ်ခဲ့သည့်အချိန်တွင်လည်း ဂျိုးဇက်ဟာ
မာရိယာနှင့်သူငယ်တော်ကို ညတွင်းချင်း အီဂျစ်ပြည်သို့ ခေါ်ပြေးကယ်ထုတ်ခဲ့ပါတယ်။
ထိုနောက် ဟေရုဒ်မင်းကြီး နတ်ရွာစံမှ ဂျူဒေယာပြည်ကို ပြန်လာခဲ့ပြီး နာဇရက်မြို့မှာ
မိသားစုဘ၀ကို အေးအေးချမ်းချမ်း စောင့်ရှောက်လုပ်ကြွေးခဲ့ကြောင်း သိရပါတယ်။ အဲဒီမှာ
သူဟာ လက်သမားဂျိုးဇက်ဟူ၍ အမည်တွင်လာခဲ့ပါတယ်။
၁၉ရာစုအတွင်း ဆိုရှယ်လစ်လှုပ်ရှားမှု့များနှင့်
ကွန်မြူနစ်လှုပ်ရှားမှု့တို့အားဖြင့် မေလ တစ်ရက်နေ့အား အလုပ်သမားနေ့အဖြစ်
ပြုလုပ်ကျင်းပခြင်းအား တုန့်ပြန်သောအားဖြင့် ၁၉၅၅ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး
ပီဦး (၁၂)မှ စိန်ဂျိုးဇက် အလုပ်သမားကြီးပွဲနေ့ကို မေလ တစ်ရက်နေ့သို့
ပြောင်းလဲကျင်းပစေခဲ့ပါတယ်။ သို့ဖြစ်၍ အလုပ်သမားတို့၏စံနမူနာကောင်းကို
ပြသနိုင်ရန်ဖြစ်ပါတယ်။ အမှန်တော့ စိန်ဂျိုးဇက်အား အလုပ်သမားများ၏ စံနမူနာအဖြစ်
အသင်းတော်အတွင်းမှာ ဥပမာပေးသွန်သင်ထားတာတွေဟာ ရှေးအစဉ်အဆက်ကပင် ဖြစ်ပါတယ်။
အသင်းတော်၏သွန်သင်ချက်တွင် စိန်ဂျိုးဇက်ဟာ အလွန်နှိမ့်ချတတ်ပြီး အလုပ်ကို
ကြိုးစားလုပ်သူ၊ မာရိယာနှင့်သူငယ်တော်အား မေတ္တာကြီးကြီးဖြင့်
စောင့်ရှောက်လုပ်ကြွေးခဲ့သူဖြစ်ပြီး သစ္စာတရားကြီးမားသူလည်း ဖြစ်ပါတယ်။
အလုပ်သမားနေ့ကို မေလ တစ်ရက်နေ့တွင် ကျင်းပကြပါတယ်။
ဘာကြောင့်ကျင်းပကြသလဲ။ ဘာအတွက် ကျင်းပကြသလဲဆိုတာ ကျွန်ုပ်တို့မသိရင်
ကျွန်ုပ်တို့ကျင်းပနေတဲ့ပွဲဟာ အလကားပါပဲ။ အမှန်တော့ ကျွန်ုပ်တို့အတွက် ရက်တိုင်း
ရက်တိုင်းဟာ အလုပ်သမားနေ့ပါပဲ။ ကျွန်ုပ်တို့ အလုပ်ကိုယ်စီ လုပ်နေကြရတယ်။
အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတဲ့အတိုင်း အလုပ်တစ်ခုခုရှိနေမှ လူဆိုတာ
ဂုဏ်တင့်တယ်ပါတယ်။ အမှန်တရားက အလုပ်မလုပ်ဘဲ ကျွန်ုပ်တို့လူသားများလည်း
အသက်ရှင်ဖို့ ခက်ပါတယ်။ စီးပွားရှာ အလုပ်မဟုတ်ရင်တောင် အလုပ်တစ်ခုခုတော့
ရှိနေပါတယ်။ အလုပ်လုပ်ခွင့်မရှိဘဲ ပစ်ပယ်ခံထားရလျှင် ကျွန်ုပ်တို့ဟာ စွန့်ပစ်ခံ၊
ဝိုင်းပယ်ခံဟု ခံစားရပြီး စိတ်ဓါတ်ကျစေပါတယ်။ ဒါကြောင့် အလုပ် လုပ်ရပါမယ်။
သို့သော်လည်း လုပ်သည့်အလုပ်ဟာ မှန်လား၊ ကောင်းလား၊ အကျိုးရှိလား၊ သူတစ်ပါးကို
ထိခိုက်နေလား စသည်ဖြင့်တော့ စဉ်းစားရပါလိမ့်မယ်။ သမ္မာအာဇိဝအလုပ်သာလျှင်
လူ့စိတ်နှလုံးကို ပျော်ရွှင်ချမ်းမြေ့စေကြောင်း အသင်းတော်အတွင်း၌သာမက
အခြားသောဘာသာများ၊ လူအဖွဲ့အစည်းများတွင်လည်း သွန်သင်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။
ဒီနေ့ အလုပ်သမားနေ့မှာ မိမိတို့အလုပ်အား သမ္မာအာဇီဝ လမ်းကြောင်းမှာ ရှိရဲ့လား
စဉ်းစားကာ အသင်းတော်မှ စံပြအဖြစ်ထားပေးသော စိန်ဂျိုးဇက်ကဲ့သို့
သမ္မာအာဇီဝကျကျအလုပ်နဲ့ နှိမ့်ချခြင်း၊ သစ္စာရှိခြင်းတို့ဖြင့် အလုပ်
လုပ်နိုင်ကြပါစေ။
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment