Wednesday, 29 May 2013

ခရစ်ယာန်တွေ ဒုက္ခမဲ့လျှင် - တခုခုလွဲမှားနေပြီ

၂၈.၅.၂၀၁၃။ 
ခရစ်ယာန်တွေရဲ့ဘ၀မှာ အခက်ခဲ တစ်ခုမဟုတ် တစ်ခုနှင့် အမြဲ ရင်ဆိုင် နေရလိမ့်မယ်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အင်္ဂါနေ့က မိန့်ဆိုလိုက်ပါတယ်။ ထို့အပြင် ယုံကြည်ခြင်းကို လောကဆိုင်ရာ၊ အသက်မွေးဝမ်းကြောင်းအရ ချည်းကပ်တဲ့အခါ ခရစ်တော်၌တွဲဖက်ရှိနေသော ဒုက္ခဝေဒနာများနှင့် ညှင်းပမ်းနှိက်စက်ခံရမှု့တို့ကို ရှောင်လိုကြတယ်လို့ သတိပေးလိုက်ပါတယ်။


“ခရစ်ယာန်တော်တော်များများဟာ ခရစ်တော်နောက်လိုက်ရတာဟာ ကောင်းပါတယ်- ဘာကြောင့်လဲဆိုတော့ ၎င်းသည်အသက်မွေးဝမ်းကြောင်းတစ်ခုပင် လုပ်စားနိုင်ပြီး သူများထက်ရှေ့ ပိုလှမ်းနိုင်သည်ဟု လောကစိတ်ဖြင့် နှောက်ယှက်ဖျားယောင်ခံနေရတယ်” ထိုကြောင့် “ခရစ်ယာန်တစ်ဦးမှာ ဘ၀အခက်ခဲမရှိတော့သည့်အခါ၊ အရာရာအဆင်ပြေနေသည့်အခါ၊ အရာရာလှပနေသည့်အခါ - သူ့မှာ တခုခုတော့လွဲမှားနေပြီ” ဟုပုပ်ရဟန်းမင်းကြီးက ထပ်ဆိုပါတယ်။ 
ပုရဟန်းမင်းကြီး၏တရားမှာ - ယခုလိုလောကစိတ်ထားဟာ လောကသာယာမှု့တွေရဲ့ မိတ်ဆွေကြီးခရစ်ယာန်တစ်ဦးစီတိုင်းအတွက် ဖြစ်လေ့ဖြစ်ထရှိတဲ့ နှောက်ယှက်ခြင်းပါ။ သို့ပေမယ့်လည်း ကျွန်ုပ်တို့ဟာ ယေဇူးနောက်လိုက်သည့်အခါ ယေဇူး၏လမ်းမှ ကားတိုင်ကိုဖယ်ပစ်လို့မရဘူး။ အဲဒီကားတိုင်ဟာ အမြဲတမ်းအဲဒီမှာရှိနေမှာပဲ။


ပုပ်ရဟန်းမင်းကြီးက မာသာရ်ထရေဇား၏ ဂရုဏာရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး လူတွေပြောဆိုသံကို ဥပမာပေးကာ လူတွေက ခရစ်ယာန်ဆိုတာ လူမှု့ဂရုဏာရေးလုပ်ငန်းတွေ လုပ်သည့်အဖွဲ့အစည်းလိုသာမြင်ပြီး မာသာရ်ထရေဇားကို လောကအမြင်နဲ့ “ကြည့်- ဒီအမျိုးသမီးကြီး လှလိုက်တာ၊ ကောင်းတာတွေလုပ်တယ်” လို့မြင်ပြီး သူမရဲ့ ကိုယ်တော်မြတ်စက္ကရမင်တူးရှေ့ ၀တ်ပြုရှိခိုးကြောင်း လောကအမြင်နဲ့မည်သူမျှ မပြောကြဘူး ဟုဆက်ပြောပါတယ်။
ခရစ်တော်၏တရားတော်ဟာ ကျွန်ုပ်တို့ရဲ့အပေါ်ယံမဟုတ်ဘဲ အရိုးထဲ၊အသားထဲ၊ အသွေးထဲထိ စီးဝင်ပြီး ကျွန်ုပ်တို့ကိုပြောင်းလဲစေတာပါ။ အဲဒီပြောင်းလဲစေတာကို လောကစိတ်ထားရှိသူတို့ မခံနိုင်ကြဘူး။ ဒါကြောင့် ညှင်းပမ်းနှိပ်စက်ခြင်းဖြစ်ပေါ်လာတယ်။

ပုပ်ရဟန်းမင်းကြီး၏သတိပေးစကားများတွင် - ခရစ်ယာန်ဘာသာကို အခြေပြုတဲ့ အသက်မွေးဝမ်းကြောင်းများနှင့်  မိမိယဉ်ကျေးမှု့တစ်ခုတည်းနဲ့ ယုံကြည်ခြင်းကို ချည်းကပ်တဲ့ အမြင်ကျဉ်းတဲ့ ချည်းကပ်မှု့များကိုလည်း ဝေဖန်ခဲ့ပါတယ်။ အဲဒီလိုချည်းကပ်တာဟာ မိမိလမ်းကို မြင့်အောင်ခင်းပြီး အာဏာကိုပိုပြီးရချင်တာပါပဲ။ သမိုင်းက ဒါတွေကို သင်ခန်းစာပေးခဲ့ပါပြီ။ ဒီလိုစိတ်ထားမျိုး တချို့ရဟန်း၊ ဆရာတော်တွေကြားမှာပင် ရှိနေပါသေးတယ်လို့ ထပ်မံဝေဖန်ထားပါတယ်။

ခရစ်တော်နောက်လိုက်တယ်ဆိုတာ ရိုးရိုးလေးပါ။ ချစ်ခြင်းမေတ္တာနဲ့သူ့နောက်လိုက်ပြီး သွားတဲ့လမ်းအတိုင်း လျှောက်လှမ်းတာပဲ။ ဒါကို လောကစိတ်သည်ခံနိုင်မည်မဟုတ်ဘဲ ညှင်းပမ်းနှိက်စက်လိမ့်မယ်။ ဘာဖြစ်လဲ ညှင်းပမ်းနှိက်စက်တော့ -ခရစ်တော်လည်း ဒုက္ခဝေဒနာ ခံခဲ့သေးတာပဲ။ ခရစ်တော်ဟာ ကျွန်ုပ်တို့နှင့်အတူ အမြဲတမ်းရှိနေတယ်။ ကျေးဇူးတော်များ တောင်းခံပြီး လိုက်လျှောက်ပါ။

http://www.catholicnewsagency.com/news/pope-when-christians-lack-difficulties-something-is-wrong/ 
မနောအောင်

Tuesday, 28 May 2013

သရုပ်ဆောင်ရဲတိုက်၏ဆန္ဒထုတ်ဖော်ခြင်းနှင့်ပတ်သက်သည့်ဖြစ်ရပ်မှန်

စိန်မေရီကာသီဒြယ်ဘုရားကျောင်းတော်ကြီးသည်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ၏ ၏အထွဋ်အမြတ်ထားရာဝတ်ပြုကိုးကွယ်သည့်နေရာဖြစ်သည်။ 
နံနက် ၈း၃၀နာရီမှ နေ့ လည်၁၂း၀၀နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၂း၀၀နာရီမှ ညနေ ၆း၀၀ နာရီအထိတစ်ကြိမ်၊ ဘုရားဖူးဘာသာတူများနှင့် လာရောက်လေ့လာသူများနှင့် ၀တ်ပြုဆုတောင်း သူများ အတွက် နေ့စဉ်ဖွင်လှစ်ပေးထားပါသည်။ 
မည်သည့်လာရောက်လေ့လာ၊ ၀တ်ပြုကိုးကွယ်သူ မည်သူမဆိုလူမျိုးဘာသာ မခွဲခြားဘဲ လွတ်လပ်စွာလာရောက်ခွင့်ပြုထားပါသည်။ ရှေးဟောင်းအဆောက်အဦ်းဖြစ်သည်နှင့်အညီ ထူးဆန်းသောဗိသုကာလက်ရာများတည်ရှိရာနေရာဖြစ်ရာ၊ ဗိသုကာပညာရပ်ကိုစိတ်ဝင်စား သောသူများနှင့် ပညာရှင်များလည်းလာရောက်လေ့လာလေ့ရှိပါသည်။
မည်သည့်ဘာသာရေးအဆောက်အဦးမဆို၊ တစ်သီးတစ်ခြားသတ်မှတ်ထား သည့် ဓါတ်တော် မွေတော်များထားရှိရာ သန့် ရှင်းသောနေရာများရှိတတ်ကြပါသည်။ ဤကဲ့သို့သောနေရာများသို့ ၀င်ရောက်ခြင်းကိုအထူးကြပ်မတ် စောင့်ရှောက်ထားပါသည်။
ထိုကဲ့သို့ သတ်မှတ်ထားသည့် နေရာများကို လာရောက်ကြသည့် ဧည့်သည် တိုင်းသည် သင့်တင့်လျောက်ပတ်သည့် ရိုသေလေးစားမှု ရှိကြရမည်ဖြစ်သည်။
ယနေ့ဖြစ်စဉ်မှာ သူတော်စင်များသာဝင်ရောက်ရသည့်၊ ဓါတ်တော် မွေတော်များထားရှိရာ သန့်ရှင်းသည့်နေရာ ၊အထွဋ်အမြတ်ထားရာ (Sanctuary) အတွင်းသို့ ၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်နှင့်ဆန့်ကျင်သည့် မတင့်တယ်သော အ၀တ်အစား(စွပ်ကျယ်လက်ပြတ်) နှင့် ၀င်ရောက်ကာ အထွဋ်အမြတ်ထားရာ ဗိမာန်တော်ကိုကျောပေးလျက်၊ မသင့်တင့် မလျောက်ပတ်မလျော်ကန်သောအပြုအမူမျိုး ပြုလုပ်ခြင်း၊ ကိုတွေ့ရှိရလေရာ သက်ဆိုင်ရာ မှသတိပေးပြောကြားခဲ့ခြင်းမှစ၍ မကျေမနပ် ဖြစ်သွားပုံရသည်။ ထိုမှတစ်ဖန်၊ တတိယ အကြိမ် ပြန်လည်ရောက်ရှိလာရာတွင်၊ သတင်းထောက်များ၊ Media အဖွဲ့ဝင်များခေါ်လာပြီး အသင့်ရေးလာသော ဆိုင်းဘုတ်ကိုင်ဆောင်ကာ၊ ဘုရားကျောင်းသာသနာ့ ပုရ၀ဏ်အတွင်း ၀င်ရောက်ကာ၊ မည်သည့်အာဏာပိုင်အဖွဲ့အစည်း၏ခွင့်ပြုချက်မျှရယူခြင်းမရှိဘဲ တစ်ကိုယ် တော်ဆန္ဒပြခဲ့ပါသည်။ သာသနာ့အကျိုးဆောင်အဖွဲ့မှ အကြိမ်ကြိမ် မေတ္တာရပ်ခံ နေ သည့်ကြားမှပင် ကာယကံရှင်မှကိုယ်ထိလက်ရောက်စတင်ကျူးလွန်ခဲ့ပါသည်။ ပိတ်ပင် တားမြစ်ခြင်းခံရသည်ဟု ကာယကံရှင်ကအပြစ်တင်စွပ်စွဲ ပြောဆိုနေသော်လည်း သုံးကြိမ် သုံးခါတိုင်တိုင်ဝင်ရောက်ခဲ့ခြင်းသည်၊ ကာယကံ ရှင်၏ စွပ်စွဲချက်နှင့် လုံးဝ ဆန့်ကျင် နေသည်မှာထင်ရှားပါသည်။
အထက်ပါအပြုအမူများသည် ၊ ရည်ရွယ်ချက်ရှိရှိနှင့် ကြိုတင်ကြံစည်ထား သည်ဟု ယူဆ နိုင်ပါသည်။
ကက်သလစ်သာသနာဘုရားကျောင်းတော်ဝင်းသည် ၀တ်ပြုကိုးကွယ်ခြင်းနှင့် ငြိမ်းအေး ရာနေရာဖြစ်ပြီး၊ မည်သည့်ဆန္ဒပြခြင်းမဆို၊ ထိုသဘောသဘာဝအကြောင်း တရား များ နှင့်ဖီလာဆန့်ကျင်နေပါသည်။
ယခုသတင်းMedia များတွင်ပါသောအကြောင်းအချက်များသည် ဖြစ်ရပ်မှန်နှင့် လွဲမှားစွာ ဖော်ပြထားခြင်းဖြစ်ရာ မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်ကို စိုးရိမ် ရသည်ဖြစ်၍၊ ပြည်သူလူထုအနေနှင့် ဖြစ်ရပ်မှန်ကိုသိရှိရန်တင်ပြအပ်ပါသည်။
သာသနာ့အကျိုးဆောင်အဖွဲ့
စိန်မေရီကာသီဒြယ်သာသနာ၊
ရန်ကုန်မြို့  


http://www.facebook.com/pages/StMary-Cathedral/126029727483181 

Sunday, 26 May 2013

မြင်းခြံမြို့မှ ရဟန်းသစ်၏မစ္ဆားဦး


မင်းခြံမြို့၊ စိန်မေရီ ဘုရားကျောင်းတွင် ၇.၄.၂၀၁၃န့ နံနက် ၇း၀၀ နာရီတွင် ရဟန်းသစ် John ကျော်သူရ၏ တရားဦး (ပထမဆုံး) မစ္ဆားဟောကြားပြီး၊ ဂုဏ်ပြုခြင်း အစီအစဉ် ပြုလုပ်ရာ သာသနာ အကျိုးဆောင်ဥက္ကဌ ဦးခင်ဆက်မှ ၀မ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့ခြင်း၊ ဒုဥက္ကဌ ဦးဝင်းအောင်မှ နှုတ်ဆက်သြဘာစာ ဖတ်ကြားခြင်း၊ မအမာရီမှ ဂုဏ်ပြုလွှာ ပေးအပ်ခြင်း၊ ဒေါ်ခင်မာဝင်းမှ အလှူငွေ ဆက်ကပ်ခြင်း၊ လူငယ်များမှ နှုတ်ဆက် သီချင်းသီဆိုခြင်း၊ ဘာသာတူများမှ အလှူငွေနှင့် လက်ဆောင်ပေး၍ လက်ဆွဲ နှုတ်ဆက်ခြင်း၊ Bro သန်းနိုင်ဦးနှင့် ကလေးများမှ နှုတ်ဆက် သီချင်းသီဆိုခြင်း၊ ကျောင်းထိုင်ဖာသာရ်ပြုံးချိုမှ အစီအစဉ် ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ ဖာသာရ်ဂျွန်ကျော်သူရ၏ ကောင်းကြီး မင်္ဂလာခံယူခြင်းနှင့် အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြ၏။

နီလာစမိုင်းလ် (ရေဦး)


Saturday, 25 May 2013

သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါးပွဲနေ့ကြီး


သမ္မာတရာ၏၀ိညာဉ်တော်ကြွလာသောအခါ သူသည် သမ္မာတရားအကြောင်း အလုံးစုံတို့ကို သင်တို့အား သွန်သင်တော်မူလိမ့်မည်။ (ယောဟန် ၁၆း၁၃)
အကန့်အသပ်ဖြင့်ရှင်သန်နေသရသည့် သတ္တ၀ါများ၊ ဖန်ဆင်းခံများ ဖြစ်သည့်အလျောက် ကျွန်ုပ်တို့လူသားများအတွက် အကန့်အသပ်မရှိ၊ ထာဝရဟူသော ဘုရားနှင့်ဆိုင်သည့် နက်နဲလှသည့် အရာများကို သိနားလည်ဖို့ဆိုတာ ယေဘုယျအားဖြင့်တော့ မဖြစ်နိုင်ပါဘူး။ သို့သော်လည်း ဘုရားနှင့်လူသားများဟာ အဝေးကြီးမှာ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လူသားများဟာ ဘုရား၏ပုံသန်နှင့် ဆင်တူ ဖန်ဆင်းခံရပြီး ဘုရား၏ဇာတိတော် မိမိ၏ဦးနှောက်ာဏ်နှင့် နှလုံးသားဖြင့် ရှင်သန်နေကြခြင်းကြောင့်ပင် ဖြစ်ပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့တတွေဟာ ဘုရားအကြောင်း မသိဘူးလားဆိုတော့လည်း မဟုတ်ပါဘူး- သိကြပါတယ်။ သိကြပါသလားဆိုတော့လည်း လုံးဝအပြည့်အစုံ မသိကြပါဘူး။ ဤသည်ပင် ကျွန်ုပ်တို့အတွက် နက်နဲဖွယ်ရာ ဖြစ်နေပါတယ်။

နက်နဲဖွယ်ရာတွေမှာ လူတချို့က စိတ်ရောကိုယ်ပါနှစ်မြောသွားကြတတ်သလို တချို့လူတွေကတော့ အကြောင်းမျိုးမျိုးကြောင့် စိတ်ပျက်သွားတတ်ကြပါတယ်။ ခရစ်ယာန်များအတွက်တော့ စိတ်ပျက်သွားဖို့ မဟုတ်ဘဲ အနှစ်သာရများပင် ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုနက်နဲဖွယ်ရာများဟာ ကျွန်ုပ်တို့အတွက် စစ်မှန်သည့် အနာဂတ်ပြည့်စုံရာ မျှော်လင့်ချက်ဖြစ်ပါတယ်။ ထို့အပြင် နက်နဲရာများသည် ကျွန်ုပ်တို့အတွက် ဘ၀အခြေခံတရားများနှင့် နိယာမများကို မွေးထုတ်ပေးသဖြင့် လက်ရှိဘ၀မှာလည်း ရှင်သန်ထိုက်အောင် ဖန်တီးပေးပါတယ်။
ယနေ့အသင်းတော်တွင် အမြင့်ဆုံးသောနက်နဲဖွယ်ရာဖြစ်သည့် သန့်ရှင်းသော ပုဂ္ဂိုလ်သုံးပါးပွဲနေ့ကို ကျင်းပခြင်းအားဖြင့် ဘာသာဝင်များ၏ အသိဉာဏ်နှင့် နှလုံးသားကို ဆော်အော်နေပါတယ်။ ယေဇူးခရစ်တော်၏သွန်သင်ချက်များအပေါ် အခြေခံ၍ စစ်မှန်သော ကက်သလစ် အသင်းတော်၏သွန်သင်ချက်တွင် ဘုရားဟာတစ်ဆူတည်းဖြစ်သော်လည်း ပုဂ္ဂိုလ်သုံးပါးဖြင့် ပေါင်းစပ်ထားပြီး ထိုပုဂ္ဂိုလ်သုံးပါးဟာ ခွဲခြား၍မရပေ။ တချိန်တည်းမှာပင် ထိုပုဂ္ဂိုလ်သုံးပါးဟာ တစ်ဦးစီသီးသန့်ရပ်တည်ပြီး အချင်းချင်းတန်းတူဖြစ်သည်ဟု ဆိုပါတယ်။ (ဤသွန်သင်ချက်ဖြင့် ကျွန်ုပ်တို့ဟာ ဘုရားကို အကန့်သပ်လုပ်လိုက်ခြင်းမဟုတ်ပါဘူး။ လူ့အသိညဏ်ဖြင့် နားလည်နိုင်အောင် ဘုရားကိုယ်တော်တိုင် ဓမ္မဟောင်းနှင့်ဓမ္မသစ်ကိုဖြတ်သန်းပြီး ထုတ်ဖော်ပြသခဲ့သည့် သူ၏ဇာတိကို ပြန်လည်ပဲ့တင်ထပ်ခြင်းသာ ဖြစ်ပါတယ်)။

ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်သည် မိမိကိုယ်ကို ဖန်ဆင်းရှင်၊ ထာဝရဘုရား၊ အနန္တတန်ခိုးတော်နှင့်ပြည့်စုံသည့် ဘုရား၊ တရားမျှတသည့်ဘုရား၊ စသဖြင့် ထုတ်ဖော်ပြသခဲ့ပါတယ်။ ထိုဓမ္မဟောင်း၏အမြင့်ဆုံးသော ဖော်ပြခြင်းတွင် ဧမာနုအဲလ်ဟူသော ကယ်တင်ရှင်မက်စီးယား၏ ဟောပြောချက်ပင်ဖြစ်ပါတယ်။ ကယ်တင်ရှင်မက်စီးယားမှာ ဘုရားကိုယ်တော်တိုင် လူ့အဖြစ်ကိုယူ၍ လူသားအားလုံးကို ကယ်တင်ဖို့ လူတွေနားလည်နိုင်သည့်နည်းလမ်းဖြင့် စစ်မှန်သည့် ထာဝရလမ်း၊ အမှန်တရားနှင့် မေတ္တာတရားတို့ကို ကိုယ်တိုင်ကျင့်ကြံလမ်းပြပေးသူဖြစ်ပါတယ်။ ထိုဟောပြောချက်အတိုင်း ယေဇူးခရစ်တော်သည် လူ့အဖြစ်ကိုယူခဲ့ပြီး ကောင်းကင်နိုင်ငံ၏တရားတော်ကို ဟောပြောသက်သေခံပြီး ဘုရားနှင့်ဆိုင်ရာနက်နဲဖွယ်ရာများကို ထုတ်ဖော်ပြခဲ့ပါတယ်။ ထိုထုတ်ဖော်ပြသခြင်းတွင် ဘုရားသခင်သည် ကျွန်ုပ်တို့လူသားများအား ဖန်ဆင်းပြီးကတည်း ဘယ်တော့မှ စွန့်ပစ်မထားဘဲ တနည်းမဟုတ် တနည်းကြည့်ရှု့စောင့်ရှောက်နေပြီး အန္တရာယ်များမှ ကယ်တင်ပေးနေသည်ကို သိနိုင်ပါတယ်။ ခရစ်တော်ဟာ ကောင်းကင်ဘုံသို့တက်ကြွတော်မူပြီး ကျွန်ုပ်တို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို စေလွှတ်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့ကို လမ်းညွှန်ဦးဆောင်နေပါတယ်။ ထိုဝိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့အား အားလုံးသော အမှန်တရားဆီကို ဦးဆောင်လမ်းပြသွားမည်ဟု ခရစ်တော်၏ယနေ့ တရားတော်တွင်ဖော်ပြထားပါတယ်။ ဤသည်ပင် ကျွန်ုပ်တို့၏အသက်ရှင်ရခြင်း အဓိပ္ပာယ်ခရီးပင် ဖြစ်ပါတယ်။

သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါးသည် ကျွန်ုပ်တို့ဘ၀၏ တစ်ခုတည်းသော၊ စစ်မှန်သော အတုယူစရာဖြစ်သလို၊ တစ်ခုတည်းသော ရှင်သန်ရာဘ၀အဓိပ္ပာယ်ပင်ဖြစ်ပါတယ်။ ဘုရား (ပုဂ္ဂိုလ်သုံးပါး)သည် ကျွန်ုပ်တို့ကို ဘုရားဇာတိနှင့်အတူ၊ ၎င်းတို့ဖြင့်ပုံစံတူ၊ အသွင်တူ သဏ္ဍန်တူဖန်ဆင်းခဲ့၍ ကျွန်ုပ်တို့တတွေဟာ ဘုရားဇာတိနှင့်ဆိုင်ရာ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း၊ ချစ်ခြင်းမေတ္တာ စသည့်အရာများကို တမ်းတမက်မောကြ၍ ရှာဖွေနေကြခြင်းဖြစ်ပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့တစ်ဦးစီတိုင်းတွင် ဂုဏ်သိက္ခာရှိပြီး အခြေခံလူ့အခွင့်ရေးများ ရှိနေပါတယ်။

သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါဟာ တစ်ပါးနှင့်တစ်ပါး အတွင်းကျကျ ချစ်ခြင်းမေတ္တာပေါ်မှာ အခြေတည်ပြီး ပေါင်းစီးနေခြင်းဖြစ်ပါတယ်။ ထိုကြောင့် ဘုရားဇာတိမှာ ဖန်ဆင်းခံရသည့်လူတွေဟာလည်း တစ်ဦးနှင့်တစ်ဦး အတွင်းကျကျ မေတ္တာတရားဖြင့် ရောနှောဆက်ဆံကြဖို့လိုပါတယ်။ သဘာဝအလျောက်လည်း ထိုကဲ့သို့ ရောနှောဆက်ဆံတတ်သည့် သတ္တ၀ါများဖြစ်ပါတယ်။ ဒီလိုရောနှောဆက်ဆံ ပူးပေါင်းဆောင်ရွက်မှသာလျှင် ကျွန်ုပ်တို့ရဲ့လူ့အသိုင်းဝိုင်းကြီးဟာ တိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ခရစ်ယာန်ဘ၀ဆိုတာ ထိုကဲ့သို့ လူ့ဂုဏ်သိက္ခာနှင့် အခြေခံအခွင့် အရေးများအပေါ်မှာ တရားမျှတခြင်း၊ တန်းတူညီတူ ဆက်ဆံခြင်း၊ ချစ်ခြင်းမေတ္တာထားခြင်းတို့ဖြင့် ရှင်သန်နေပြီး အချင်းချင်းရိုင်းပင်းကူညီရင်း ရောနှောဆက်ဆံ ပူးပေါင်းကာ ကျွန်ုပ်တို့လောကကြီးကို ကောင်းသထက်ကောင်းအောင် ဖန်တီးသူများ၏ဘ၀ပင် ဖြစ်ရပါမယ်။

ဒီနေ့ ကျွန်ုပ်တို့ဘ၀မှာ ထိုကဲ့သို့ သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါးနှင့် ထိတွေ့ကြုံပြီး ၀ိညာဉ်တော်ဘုရား၏ ဦးဆောင်မှု့အောက်မှာ ခရစ်ယာန်ဘ၀ဖြင့် ရှင်သန်နေကြပြီလား။ ခေတ္တခဏမျှ စဉ်းစားထောက်ရှု့ကြည့်ပါ။ ထိုကဲ့သို့သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါးနှင့် ထိတွေ့ကြုံပြီး ၀ိညာဉ်တော်ဘုရား၏ ဦးဆောင်မှု့အောက်မှာ ခရစ်ယာန်ဘ၀ဖြင့် ရှင်သန်နေကြပြီဆိုလျှင် “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်အား ဘုန်းတော်ဂုဏ်တော်ရှိပါစေ” အော်ဟစ်လိုက်ပါတော့။

ကိုရင် (ဒိုမီနီကန်)

Wednesday, 22 May 2013

အသင်းတော်အတွင်း အာဏာယှဉ်ပြိုင်ခြင်း မရှိသင့်

မေလ ၂၁ရက်နေ့ နံနက်မစ္ဆားတရားတော်၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် အသင်းတော်အတွင်း အာဏာရဖို့ကြိုးစားကြခြင်းသည် သခင်ခရစ်တော်အသက်ရှင်နေထိုင်စဉ်ကတည်းပင် တပည့်တော်ကြီးများအကြား မည်သူအကြီးမြတ်ဆုံးလဲဟူ၍ ငြင်းခုံကာ ရှိနေခဲ့သည်- သို့သော်လည်း ထိုအချင်းရာမှာ မရှိအပ်ကြောင်း သူ၏သြ၀ါဒတွင် အရေးပေးပြောဆိုသွားခဲ့ပါတယ်။ အမှန်ဆိုလျှင် အသင်းတော်အတွင်း၌ အခွင့်အာဏာနှင့် အကြီးမြတ်ဆုံးမှာ အစေခံခြင်းသာ ဖြစ်ကြောင်း ခရစ်တော်၏ တရားတော်ကို ပြန်လည်ကိုးကားခဲ့ပါတယ်။


ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် အသင်းတော်အတွင်း ထိုသို့ဖြစ်စေလိုပါတယ်။ ထိုကြောင့် ဗာတီကန် ရေဒီယိုအသံလွှင့်ဌာနသည်လည်း ထိုအကြောင်းရာကို ဆက်လက်လွှင့်ပေးခဲ့ပါတယ်။ခရစ်ယာန်တို့၏ စစ်မှန်သော ပါဝါမှာ အစေခံခြင်းသာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးက “အသင်းတော်အတွင်းမှာ အခွင့်အာဏာရဖို့ ကြိုးစားခြင်းအတွက် နေရာမရှိဘူး” ဟုအတိလင်းမိန့်ဆိုလိုက်ပါတယ်။
အကြီးမြတ်ဆုံးသူဖြစ်လိုလျှင် ကျွန်ုပ်တို့သခင်ကိုယ်တော်တိုင် အစေခံဥပမာပုံစံနှင့် သင်ပေးခဲ့သည့်အတိုင်း လိုက်ကျင့်ရမှာဖြစ်ပါတယ်။ ယေဇူးခရစ်တော်ဟာ နှိမ့်ချခြင်းအပြည့်နှင့် အစေခံခဲ့ပြီး နောက်ဆုံး ကားတိုင်ပေါ်မှာ မိမိအသက်ကိုစွန့်သည့်တိုင် အစေခံခဲ့ကာ သက်သေပြခဲ့ပါတယ်။ အသင်းတော်အတွင်းမှာ ရှေ့ဆက်တိုးတက်ဆိုတာ ခရစ်တော်၏နှိမ့်ချခြင်းအကြောင်းကို သက်သေယူ၍ နှိမ့်ချခြင်းအကြောင်း တဖြည်းဖြည်းနားလည်ကာ အစေခံနိုင်မှသာ ရှေးဆက်တိုးတက်သည်ဟု ဆိုရပါမယ်။
အပြင် လူ့အသိုင်းဝိုင်းမှာ ရာထူးတိုးခံရတာဟာ လူအထင်ကြီးစရာဖြစ်ပြီး ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းတော်အတွင်းမှာတော့ ရာထူးတိုးခံရတာဟာ ခရစ်တော်သခင် ကားတိုင်ပေါ်သို့ ရာထူးတိုးခံရသည့်အတိုင်း၊ ခရစ်တော်သခင် နှိမ့်ချခြင်းသို့ ရာထူးတိုးခံရသည့်အတိုင်းသာ ဖြစ်ရပေလိမ့်မယ်။

စိန်အီညားစီဦးစ် ပြောဆိုသည့်အတိုင်း အသင်းတော်၏စစ်မှန်သည့် အခွင့်အာဏာမှာ အစေခံခြင်းသာ ဖြစ်သည်။ ဒါဟာ ခရစ်တော်၏နည်းလမ်းလည်းဖြစ်ပါတယ်။ လောကရဲ့နည်းလမ်း မဟုတ်ဘူး။
ဤသတင်းတိုအား ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏စကားလုံးများမှ ကောက်နှုတ်၍ အာရှသတင်းဌာနမှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။

ကျွန်ုပ်တို့လည်း အစေခံခြင်း၌သာ ရာထူးတိုးမြှင့်ခံကြရပါစေ။ အစေခံခြင်း၌သာ ဂုဏ်ယူဝံ့ကြွားနိုင်ကြပါစေ။

မနောအောင်

Monday, 20 May 2013

ကိုယ်ဝန်ဖျက်ချခြင်း၌ တိတ်ဆိတ်မနေကြနှင့်


မေလ ၁၇ ရက်နေ့က စပိန်နိုင်ငံ၊ ကော်ဒိုဘာဂိုဏ်းအုပ်ဆရာတော် ဖာနန်ဒက်ဇ်က ဘာသာဝင်များအား ကိုယ်ဝန်ဖျက်ချခြင်း၏ မျိုးတုံးသတ်ဖြတ်နည်းနှင့် ၎င်းကိုအားပေးအားမြှောက်ပြုနေသော ပေါ်လစီများ၌  နှုတ်ပိတ်တိတ်ဆိတ် မနေကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆရာတော်ကြီး၏ သတိပေးစကားတွင်- ထောင်ပေါင်းများစွာသော (တစ်သန်းထက်ပိုသော) ကိုယ်ဝန်ဖျက်ချခြင်းကိစ္စများဟာ ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း လူမျိုးတစ်မျိုးအား နောက်ထပ်မျိုးဆက်သို့မပြန့်ပွားနိုင်ရန် ကိုယ့်လူမျိုးကိုအနှေးနည်းနဲ့သတ်နေတာပါပဲ။
သူ၏နောက်ဆုံးသြ၀ါဒစာတွင် ဆရာတော်ကြီးက အသက်တစ်ချောင်းကို ကာကွယ်ရန်မှာ ၎င်း၏သနေသား တည်ရာအချိန်မှစတင်ကြောင်း၊ ထိုအရာမှာ ဘာသာရေးကိစ္စမဟုတ်ဘဲ လူသားအားလုံး၏အရေး ကိစ္စဖြစ်ကြောင်း ရေးသားထားပါတယ်။

“ဘုရားသခင်၏အလင်းတော်အောက်၌ ကျွန်ုပ်တို့ကို ပို၍သိမြင်နားလည်စေတာက သာမာန်လူသားတို့ လက်ခံနိုင်သည့်အရာသက်သက်သာ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်ုပ်တို့၏တကိုယ်ကောင်းဆန်စိတ်က မတားစီးထားဘူးဆိုလျှင်ပေါ့” ဟုဆရာတော်ကြီးက ရှင်းပြထားပါတယ်။
“ကျွန်ုပ်တို့တတွေဟာ အဆက်မပျက်ဆူပူမှု့တွေ၊ မငြိမ်သက်မှု့တွေကြားမှာ နေထိုင်ကြရပါတယ်။ ထိုကြောင့် ဘုရားသခင်နှင့် လူသားတို့၏အမှန်တရားအား ကျွန်ုပ်တို့မြင်တွေ့နိုင်စေဖို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို လိုအပ်ပါတယ်။ ဘုရားသခင်၏နောက်တော်သို့လိုက်နိုင်ရန် ကျွန်ုပ်တို့အား ခွန်အားပေးဖို့၊ လူတိုင်းဆီသို့ ဘုရားသခင်၏သတင်းကောင်းကို သယ်ဆောင်ရန် လှုံ့ဆော်မှု့ခံနိုင်ရန် တကယ့်ကိုလိုအပ်ပါတယ်”  ဟုဆက်ပြောပါတယ်။

တချို့လူတွေက ကိုယ်ဝန်ရင့်မာနေတဲ့အချိန်မှာတောင် ဖျက်ချပေးနိုင်ဖို့ တရားဝင်ဖြစ်ရန် ခုခံဆွေးနွေးနေကြတာ ရှိပါသေးတယ်ဟု မှတ်ချက်ပြုခဲ့ပြီး ဆရာတော်ကြီးက “မည်သည့် ကိုယ်ဝန်ဖျက်ချခြင်းကိုမဆို တရားဝင်ခွင့်ပြုပေသည့် ဥပဒေတိုင်းဟာ လူသားတို့အတွက် မသင့်လျော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီဥပဒေက အပြစ်မဲ့သည့်လူသားတွေကို သတ်ဖြတ်ဖို့ခွင့်ပြုပေးနေလို့ပါပဲ” ဟု ပြောထားပါတယ်။

အခြားသောသူ၏မှတ်ချက်များတွင် ဥရောပနှင့်စပိန်အပါအ၀င်နိုင်ငံများဟာ ထိုကဲ့သို့ ကိုယ်ဝန်ထဲရှိ ကလေးများစွာကို သတ်ဖြတ်ခြင်းကြောင့် ယနေ့အချိန်မှာ သက်ကြီးရွယ်အိုတွေနဲ့သာ အဆုံးသတ်ရတော့မလို ဖြစ်နေကြောင်းလဲ ပါဝင်ပါတယ်။ ထိုကြောင့် ဥပဒေဟာ မိသားစုများအတွင် သားသမီးထွန်းကားဖို့ အားပေးစေချင်ပါတယ်။ အသက်အတွက် မိသားစုဟာ တံခါးဖွင့်ထားကြဖို့ အားပေးစေချင်ပါတယ်။ နောက်ဆုံး အသက်ပေးရှင် ၀ိညာဉ်တော်ဘုရားအား ကျွန်ုပ်တို့ဘ၀တွင် ဖိတ်ခေါ်ကြဖို့ ဘာသာဝင်များအား နှိုးဆော်ခဲ့ပါတယ်။

မနောအောင် 

Sunday, 19 May 2013

သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွခြင်း (


ဝိညာဉ်တော်မြတ်ကို ခံယူကြလော့ (ယောဟန် ၂၀း၂၃)

ယေဇူးခရစ်တော်၏တပည့်တော်ကြီးများမှာ တကယ်တန်းတော့ ပျံကျလူတန်းစားများပင်ဖြစ်ပါတယ်။ ကျမ်းတတ်ဆရာကြီးများမဟုတ်သလို၊ နိုင်ငံရေးမှာ သြဇာအာဏာ ကြီးမားသူများလည်းမဟုတ်ပါ။ ပြောရမည်ဆိုလျှင် လူမသိ သူမသိအတန်းစားထဲက တကယ့်ကို သာမန်ပုဂ္ဂိုလ်ကြီးများသာ ဖြစ်ပါတယ်။ ဒီတော့ ယေဇူးခရစ်တော် ကောင်းကာင်ဘုံသို့ တက်ကြွတော်မူသွားသောအခါ သူတို့ဘ၀မှာ ဆရာသခင် မရှိတော့ဘဲ လုံးဝရပ်တည်လို့မရတော့မည့် ပုဂ္ဂိုလ်များကဲ့သို့ အရာရာမှာ ကြောက်စိတ်တို့က လွှမ်းမိုးထားပြီး ဘေးအန္တာရယ်များကိုပင် ကြောက်ရွံ့နေကြရပါတယ်။ ဒါတွေကို ခရစ်တော်လျစ်လျှူမရှုခဲ့ပါဘူး။ သေခြင်းမှ ရှင်ပြန် ထမြောက် ပြီးသောအခါ၌လည်း သူတို့နှင့်အတူရှိနေခြင်းအားဖြင့် အားပေးခဲ့သလို၊ ကောင်းကင်ဘုံသို့ တက်တော်မူသော အခါတွင်လည်း သူတို့အတွက် အကြီးမားဆုံးသော ၀ိညာဉ်တော်ကတိတော်ကို ပေးခဲ့ပါတယ်။ ၀ိညာဉ်တော်ဘုရားဆင်းကြွသည့်အချိန်မှစ၍ တပည့်တော်ကြီးများ ခွန်အားပြည့်ပြည့်နှင့် မိမိတို့ကိုယ်တိုင်ပင် မသိနားမလည်နိုင်သော ဘုရားသခင်၏ကယ်တင်ခြင်းအကြောင်းကို ဟောပြောသက်သေခံခဲ့ကြပါတယ်။ ဘာသာစကားတမျိုးသာပြောတတ်သော၍ ပြောဆိုသော်လည်း ကြားရသူတိုင်းမှာ မိမိတို့ဘာသာစကားဖြင့်သာ ကြားနာရ၍ တန်ခိုးအံ့ဖွယ်တို့က ဖြစ်ပေါ်လေ့ရှိနေတယ်။ ဒါတွေဟာ လူ့လုပ်ရပ်များမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ရပ်များသာ ဖြစ်ကြောင်းမှာ ရှင်းနေပါတယ်။

မိတ်ဆွေ။ မိမိဘ၀မှာ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ အစွမ်းနှင့်လက်ဆောင်ကို သိရှိတွေ့ကြုံဖူးပါသလား။ မည်သည့်အချိန်အခါမျိုးတွင် မည်သည့်ပုံစံဖြင့် ထိုဝိညာဉ်တော် အစွမ်းနှင့်လက်ဆောင်ကို သင်တွေ့ရှိ နိုင်ပါသလဲ။ ကျွန်ုပ်တို့တတွေ အနည်းငယ် စဉ်းစားထောက်ရှု့ကြည့်ကြရအောင်။

 သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား၏ဆုကျေးဇူးများမှာာဏ်ပညာ၊ နားလည်တတ်ခြင်း၊ အကြာံဏ်၊ အသိပညာ၊ ဇွဲလုံလရှိခြင်း၊ ဘာသာတရားကိုင်းရှိုင်းခြင်း နှင့် ဘုရားသခင်အား ကြောက်ရွံ့ ရိုသေတတ်ခြင်းတို့ ဖြစ်ပါတယ်။ ဤဆုကျေးဇူးတော် ခုနှစ်ခုဟာ ကျွန်ုပ်တို့တရားထောက်ရှု့နိုင်လျှင် ၀ိညာဉ်တော်ဘုရား၏ အစွမ်းနှင့်လက်ဆောင်ကို သိရှိရမည်ဖြစ်ပြီး အတွေ့အကြုံများကိုလည်း သတိထားမိနိုင်ပါတယ်။ ခရစ်ယာန်ဘ၀ဆိုတာ အထူးအဆန်းမဟုတ်ပေမယ့် အလွန်ဆန်းကြယ်ပါတယ်။ သင်၏ယုံကြည်ခြင်းနှင့်ာဏ်ပညာဟာ ဆန့်ကျင့်ဘက်မဟုတ်ပါဘူး။ ကျွန်ုပ်တို့အချင်းချင်းအကြာားဏ်ပညာရှိရှိနှင့် နားလည်ပေးတတ်သည့်အခါ အချင်းချင်း အကြာံဏ်များလည်း ပေးတတ်ပါတယ်။ ထိုနောက် အသိပညာဗဟုသုတလည်း ကြွယ်ဝစေ၍ အမြင်ကျယ်ကျယ်နှင့် ညီအစ်ကိုမောင်နှမစိတ်ဓါတ်ကို တစိမ်းများဖြစ်သည့်တိုင် လက်ခံနိုင်စေပါတယ်။ ကျွန်ုပ်တို့တတွေရဲ့ ခရစ်ယာန်ဘ၀မှာ ခေတ္တဘ၀အတွက်သော်လည်ကောင်း ထာဝရကယ်တင်ခြင်းဘ၀အသက်တာအတွက်သော်လည်ကောင်း ဇွဲလုံလရှိရပါမယ်။ ဤဇွဲလုံလဖြင့်လုပ်ဆောင်အသက်ရှင်မှသာ အနာဂတ်မျှော်လင့်ခြင်းတိုင်းဟာ အဓိပာယ်တွေ ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ခရစ်ယာန်ဘ၀အသက်တာမှာ ဘာသာတရားကိုင်းရှိုင်းပြီး ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြပါတယ်။ ဒါဟာ ပြည့်စုံသည့်ဘ၀၊ အေးချမ်းသည့်ဘ၀၊ ရှင်သန်ထိုက်သည့်ဘ၀ပင် ဖြစ်ပါတယ်။

ဤပြည့်စုံသည့်ဘ၀၊ အေးချမ်းသည့်ဘ၀၊ ရှင်သန်ထိုက်သည့်ဘ၀ဟာ သန့်ရှင်းသော ၀ိညာဉ်တော်၏ကျေးဇူးဖြင့်သာ ရရှိပါတယ်။ အမှန်တကယ်တော့ ဒီဘ၀ကို ကျွန်ုပ်တို့မကြာခဏ ကြုံဖူးနိုင်ပါတယ်။ လူတစ်ယောက်ကို စိတ်နှလုံးအပြည့်ဖြင့် ကူညီခွင့်ရလိုက်သည့် ကျေနပ်မှု့မျိုး၊ ဆင်းရဲသားတစ်ဦးအပေါ်၊ အားနည်းသူတစ်ဦးအပေါ် ဘာကြောင့်ရယ်မသိဘဲ စေတနာထားမိကာ ထောက်ပံ့ကူညီခွင့်ရလိုက်သည့် ကျေနပ်မှု့မျိုး၊ မိမိမကျေနပ်သည့်၊ မကြည်လင်သည့် လူတစ်ဦးအား ဘာကြောင့်ရယ်မသိ ခွင့်လွတ်လိုက်မိသည့်အခါမျိုး၊ မိမိသြတ္တပစိတ်အတွင်း အတိုက်အခံဖြစ်ကာ ကောင်းမြတ်သည့်အရာတစ်ခုခုကို ဘာကြောင့်ရယ်မသိ လုပ်လိုက်မိသည့်အခါမျိုး၊ မိမိဘ၀ မာနာကြီးသူကြီးဟု ကင်းမွန်းတပ်ခံရသည့်ကြားမှ ကုသိုလ်ကောင်းမှု့ပြုလိုက်မိသည့်အခါမျိုး . . . စသည့်အချိန်အခါမျိုး၊ စသည့် စိတ်ကျေနပ်မှု့မျိုးတွေကို မည်သို့မည်ပုံလုပ်ဆောင်မည်သည်ကို မိမိသိလျှင်မှ သိပါလိမ့်မယ်။ ဒါတွေဟာ ၀ိညာဉ်တော်၏လှုံ့ဆော်မှု့တွေဖြစ်ကြောင်းကိုတော့ အထက်ပါ ဆုကျေးဇူး ခုနှစ်ခုဖြင့် တရားထောက်ရှု့ကြည့်ပါက သိနိုင်ပါတယ်။

ဒါပေမယ့် ကျွန်ုပ်တို့ဘ၀မှာ ဒီလိုအမှန်တကယ် စိတ်ကျေနပ်စရာလေးတွေ၊ စိတ်ပီတိတွေ၊ အေးချမ်းမှု့တွေကို သတိထားမိဖို့ ခေတ္တမျှမစဉ်းစားမိတာများနေပါတယ်။ ဘ၀မှာ ငွေနောက်လိုက်ရသည့်အချိန်တွေက ကျွန်ုပ်တို့ကို စက်ရုပ်တစ်ရုပ်လို အချိန်မှန်လည်ပတ်စေပြီး ခံစားမှု့ကို ဖယ်ပျောက်ပစ်ဖို့ ဖိအားတွေပေးနေသလိုပါပဲ။ တခါတလေ ဘာကြောင့်ရယ်မသိ ကျေနပ်စရာကောင်းမှု့လေး လုပ်မည့်သည်ကိုပင် အဖြေထုတ်ဖို့ထက် အချိန်စက္ကန့်တို့အလွန်ပင် ရှားပါးနေပါပြီ။ ဒီတော့ ကျွန်ုပ်တို့ဘ၀ မငြိမ်းချမ်းနိုင်တာ မဆန်းပါ။ မပြည့်စုံနိုင်တာ မဆန်းပါ။ ပြည့်စုံခြင်းဆိုတာ မိမိဘ၀မှ ဘာမှမလိုအပ်တော့သည့် အချိန်အခါဆိုလျှင် သင့်ခြေလှမ်းတွေ နောက်ထပ်ဘယ်ကို လိုက်နေဦးမလဲ။ ပျံတာပျံဆဲ အတောင်းညောင်းတဲ့ ငှက်ငယ်လို ဘယ်မှာနားခိုရမှန်းမသိဖြစ်နေပါပြီ။ ယနေ့ ခရစ်တော်တရားကို ခေတ္တစဉ်းစားထောက်ရှု့ကာ မိမိဘ၀ကို သန့်ရှင်းသောဝိညာဉ်တော်ထံမှာ အပ်နှံလိုက်ပါ။ သင့်ယုံကြည်ခြင်းက သင့်၏ကယ်တင်ခြင်းတံခါးကို ဖွင့်ပေးပါလိမ့်မယ်။ သင်အသက်ရှင်စဉ်လုပ်ဆောင်ရမည့် အရာမှန်သမျှအတွက်လည်း ၀ိညာဉ်တော်၏ကျေးဇူးနှင့် အားလုံးပြီးပြည့်စုံပါလိမ့်မယ်။ သင့်ဘ၀ဟာ ၀ိညာဉ်တော်ဘုရား၏ အစွမ်းနှင့် လက်ဆောင်ကို သိရှိတွေ့ကြုံရင်း ကျေနပ်စရာ၊ ပြည့်စုံရာ၊ အေးချမ်းရာဘ၀မှာ အသက်ရှင်သွားရပါလိမ့်မယ်။

ငြိမ်းချမ်းသာယာခြင်းသည် သင်တို့နှင့်အတူရှိပါစေ။

ကိုရင် (ဒိုမီနီကန်)





Tuesday, 14 May 2013

စိတ်ပုတီးစိတ်၍ တရားထောက်ရှု့ရာ


စိတ်ပုတီးဆိုသည်မှာ လက်တင်ဘာသာစကားလုံး (rosarium) မှဆင်းသက်လာပြီး အဓိပာယ်မှာ နှင်းဆီပန်းတို့၏ သရဖူဖြစ်တယ်။ ကက်သလစ် အသင်းတော်၌ စိတ်ပုတီး စိတ်ခြင်းဟာ ဘုရား၏မယ်တော် မာရိယာအား သဒါကြည်ညိုခြင်းအမှုတစ်ခုဖြစ်သည်ဟု သိထားကြလေ၏။ သို့သော်လည်း အမှန်တကယ်ဆိုရလျှင် စိတ်ပုတီးစိတ်ခြင်းမှာ ဘုရား၏မယ်တော် မာရိယာအား သဒါကြည်ညိုခြင်း အမှုထက် ပိုပြီး ကက်သလစ် ဓမ္မတရားကိုလည်း အကျဉ်းချုပ် ထောက်ရှု့ရာလည်း ဖြစ်ပေ၏။ စိတ်ပုတီးစိတ်သည့်အခါ သခင်ခရစ်တော်၌ဗဟိုရ်ထားကာ မယ်တော်သခင်မနှင့်အတူ တရားထောက်ရှု့ကြပါတယ်။

၁၂၁၄ခုနှစ်တွင် ပြင်သစ်ပြည်၊ ပရူးမြို့ရှိ ဘုရားကျောင်းထဲ၌ မယ်တော်သခင်မသည် ကျွန်ုပ်တို့ စိတ်ပုတီး၏သခင်မ ဟူသော ဘွဲ့နာမဖြင့် ရူပါရုံတွင်ပေါ်လာကာ စိန်ဒေါမီနစ်အား စိတ်ပုတီးပေးခဲ့ပါတယ်။ ထိုအချိန်မှစ၍ စိတ်ပုတီးစိတ်ခြင်းကို ကက်သလစ်အသင်းတော်၌ တွင်ကြယ်လာခဲ့တယ်။ စိတ်ပုတီးအားဖြင့် စိန်ဒေါမီနစ်သည် အာဘေဂျင်းစီးယမ်းဟုခေါ်သော အသင်းတော်၏ယုံကြည်ရာချက်များကို လွဲမှားစေသော အယူဝါဒလွှမ်းမိုးမှု့မှ ဘာသာဝင်တို့အား လမ်းမှန်သို့ပြန်ခေါ်ယူနိုင်ခဲ့တယ်။ ၁၅၇၁ခုနှစ်တွင်လည်း လယ်ပန်တိုစစ်ပွဲအောင်မြင်ရခြင်းမှာလည်း စိတ်ပုတီး၏အံ့သြဖွယ်တန်ခိုးကြောင့် ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ပီဦး (၅)မှ သက်သေခံကာ အသင်းတော်အတွင်း စိတ်ပုတီးစိတ်ခြင်းကို တိုးမြှင့်အားပေးခဲ့လေတယ်။ ထို့အပြင် အောက်တိုဘာလ (၇) ရက်နေ့ကိုလည်း သန့်ရှင်းသောစိတ်ပုတီး၏ပွဲနေ့အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ၁၉၁၇ခုနှစ်တွင်လည်း ပေါ်တူဂီနိုင်ငံရှိ ဖာတီမာကျေးရွာလေးတွင် သိုးထိန်းလေး သုံးဦးဖြစ်သည့် လူစီယား၊ ဂျပ်စင်းတာနှင့် ဖရန်စစ်စကိုတို့အား မယ်တော်သခင်မသည် ရူပါရုံဖြင့် မိမိကိုယ်ကို စိတ်ပုတီး၏သခင်မ ဖြစ်ကြောင်းဖွင့်ဟပြောဆိုရင်း ကွန်မြူနစ်အင်အား ကျရှုံးမည်ကို ကြိုတင်ဟောပေးခဲ့ပြီး ထိုခေတ်ထိုအချိန်၌ လူတို့ကြုံတွေ့နေရသော ကပ်ဘေးများ၊ ဆင်းရဲခြင်းများ၊ စိတ်ပျက်အားလျော့မှု့များနှင့် အခြားသော ဝေဒနာများစွာကိုလည်း နှစ်သိမ့်အားပေးခဲ့သည်။ သို့ဖြစ်၍ စိတ်ပုတီးကို နေ့စဉ်စိတ်ဆိုကြရန် တိုက်တွန်းခဲ့ပါတယ်။

ရှေးအစဉ်အလာအရ စိတ်ပုတီးကို အလုံးရေ ၁၅၀လုံးဖြင့် ဆာလံကျမ်း ၁၅၀ကျမ်းနှင့် နှိုင်းယှဉ်ကာ စိတ်ဆိုကြပါတယ်။ ဆာလံကျမ်း ၁၅၀ကို ဘာသာရေးအသင်းဂိုဏ်းများအတွင်း နံနက်မေတ္တာ၊ နေ့ခင်းမေတ္တာ၊ ညနေခင်းမေတ္တာနှင့် ညမေတ္တာအဖြစ် နေ့စဉ်ရွတ်ဆိုနေကြတာ ဖြစ်ပါတယ်။ ထိုပုတီးရေ အလုံး ၁၅၀ကို ငါးဆယ်စီခွဲကာ ကက်သလစ်ဓမ္မတရားများဖြစ်သည့် နက်နဲဖွယ်ရာ သုံးခုကြီးဖြင့် စိတ်ကြပါတယ်။ အံ့သြဖွယ်ရာ နက်နဲချက်မှာ သိကြားတမန်တော်မှ မာရိယာကို ဘုရား၏သားတော်အား မွေးဖွားရမည်ဖြစ်ကြောင်း အမိန့်တော်ပြန်သည့်အချက်မှ အစ်မ၀မ်းကွဲ ဧလီဇဗက်နှင့် တွေ့ဆုံခြင်း၊ ယေဇူးဖွားမြင်ခြင်း၊ ဘုရားကျောင်းဗိမာန်တွင် ယေဇူးအား ဆက်ကပ်ခြင်းနှင့် ဗိမာန်တော်ပွဲမှာ ယေဇူးသူငယ်တော်ပျောက်ဆုံးပြီး  ပြန်လည်ရှာဖွေတွေ့ရှိခြင်းထိတိုင် တရားထောက်ရှု့ပါတယ်။ ၀မ်းမြောက်ဖွယ်ရာ နက်နဲချက်တွင် သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် အစပြု၍ ယေဇူးခရစ်တော် ကောင်းကင်ဘုံသို့ တက်ကြွတော်မူခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းကြွခြင်း၊ မယ်တော်အား ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းနှင့် မယ်တော်သခင်အား ကောင်းကင်ဘုံ၏ဘုရင်မဘွဲ့ပေးအပ်သည့် အချက်ထိတိုင် တရားထောက်ရှု့ပါတယ်။ ၀မ်းနဲဖွယ်ရာနက်နဲချက်မှာတော့ ယေဇူးခရစ်တော်၏ဒုက္ကစရိယာ အကြောင်းကို တရားထောက်ရှု့ပါတယ်။

၂၀၀၂ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်မှ စိတ်ပုတီးနှင့်ပတ်သက်၍ စာချွန်တော်တစ်စောင် ရေးသားပြီး စိတ်ပုတီးအလုံးအရေ နောက်ထပ် ၅၀ ထပ်မံတိုးခဲ့ပြီး ထိုစိတ်ပုတီးအလုံး ၅၀ ကို အလင်း၏နက်နဲဖွယ်ရာအဖြစ် တရားထောက်ရှု့စေခဲ့ပါတယ်။ အလင်း၏နက်နဲဖွယ်ရာမှာ သခင်ခရစ်တော်၏ ဆေးကြော်ခြင်းမင်္ဂလာခံယူခြင်းမှစ၍ ကာနန်မြို့လက်ထပ်ပွဲမှ တန်ခိုးလက္ခဏာ၊ ကောင်းကင်နိုင်ငံတော် တရားဒေသနာတော်၊ တောင်ပေါ်၌ အဆင်းသန်ပြောင်းလဲခြင်းနှင့် ယေဇူးခရစ်တော်၏ ကိုယ်တော်မြတ် စက္ကရမင်တူး တည်ထောင်ခြင်း အကြောင်းများကို တရားထောက်ရှု့ပါတယ်။

စိတ်ပုတီးစိတ်ပုံစိတ်နည်းမှာလည်း အလွန်ပင်စနစ်ကျတယ်လို့ ဆိုရပါလိမ့်မယ်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်ဟူ၍ ကရူစူးအမှတ်ဖြင့် စတင်ဖွင့်ဆိုကာ တမန်တော်ကြီးများ၏ ယုံကြည်ခြင်းအချုပ်ကို ရွတ်ဆိုပါတယ်။ ထိုနောက် ကောင်းဘုံ၌မေတ္တာနှင့် မာရိယာမေတ္တာ သုံးပုဒ်ကို ရွတ်ဆိုကြတယ်။ ထိုမာရိယာမေတ္တာသုံးပုဒ်မှာ- ပထမ ယုံကြည်ခြင်းတိုးပွားရန်အတွက်၊ ဒုတိယ မျှော်လင့်ခြင်း တိုးပွားရန်အတွက်နှင့် တတိယမှာ မေတ္တာတရားတိုးပွားရန်အတွက်တို့ ဖြစ်ပါတယ်။ ထိုနောက် ဂလိုရီယာပါတရီနှင့် ပိုင်းခြားလိုက်ပါတယ်။ ထိုအချိန်မှစ၍ နက်နဲရာချက်များ၏ အစဉ်လိုက် စတင်ရွတ်ဆိုကာ တရားထောက်ရှု့ပါတယ်။ စိတ်ပုတီးတစ်ဆယ်တိုင်းကို ကောင်းကင်ဘုံ၌ မေတ္တာနှင့်စတင်ပြီး မာရိယာမေတ္တာ ဆယ်ပုဒ်ဆိုပြီး ဂလိုရီယာပါတရီနှင့် အဆုံးသတ်ပါတယ်။ စိတ်ပုတီး ၅၀ (နက်နဲရာချက် ငါးခု)အပြီးအတွင် သန့်ရှင်းသောဘုရင်မဟူသော မေတ္တာကိုရွတ်ဆိုပြီး ကရူစူးအမှတ်နှင့် အဆုံးသတ်ပါတယ်။

အထက်တွင်ဖော်ပြထားသည့်အတိုင်း စိတ်ပုတီးစိတ်တယ်ဆိုတာ ကက်သလစ်ဘာသာဝင်တို့အတွက် စိတ်ပုတီးစိတ်ခြင်းဟာ ဘုရား၏မယ်တော် မာရိယာအား သဒါကြည်ညိုခြင်းအမှုတစ်ခုဖြစ်သလို မယ်တော်နှင့်အတူ ဘုရားသခင်၏နက်နဲဖွယ်ရာဖြစ်ရပ်များကို ခရစ်တော်၌တွေ့မြင်ရသည့်အတိုင်း တရားထောက်ရှု့ကြခြင်းဖြစ်ပါတယ်။ ဒါဟာ မာရိယာထံမှာ ဆုတောင်းခြင်းလုံးဝမဟုတ်ပါ။ ကက်သလစ်ဘာသာဝင်တွေဟာ ဘုရားတစ်ဆူတည်းကိုသာယုံကြည်၍ ဘုရားတစ်ဆူတည်းထံသာ ဆုတောင်းပါတယ်။ သို့သော်လည်း မြင့်မြတ်သူရဟန္တာသူတော်စင်များကိုလည်း ၀ိုင်းဝန်းဆုတောင်းပေးဖို့ ချည်းကပ်တတ်သူတွေပါ။ ရဟန္တာသူတော်စင်များဟာ အခုချိန်မှာ ဘုရားသခင်ထံခစား၍ ဘုရားသခင်အား အနီးကပ်ဖူးမျှော်ခွင့်ရနေပြီဖြစ်သဖြင့် ၎င်းတို့အားဖြင့် မိမိတို့လည်း တနေ့နေ့မှာ ထိုဆုလာဒ်တော်ကို ရရှိမည်ဟူသောယုံကြည်ခြင်းတိုးပွားလျက် အသင်းတော်နှင့်အတူ ကောင်းကင်နိုင်ငံခရီးကို ချည်းကပ်နေသူများ ဖြစ်ပါတယ်။ စိတ်ပုတီးစိတ်ရာ၌ ထောက်ရှု့သော ခရစ်တော်ဗဟိုရ်ပြုတရားများတွင် မယ်တော်မာရိယာသည်လည်း ထိုအဖြစ်အပျက်များ၌ မားမားမတ်မတ်ရပ်တည်ပေးခဲ့ကြောင်း တွေ့ရပါတယ်။ ကျွန်ုပ်တို့တတွေလည်း စိတ်ပုတီးစိတ်ရင်း မယ်တော်နှင့်အတူ ထိုနက်နဲချက်များကို တရားထောက်ရှု့ရင်း ယုံကြည်ခြင်း၌တိုးပွားလျက်၊ မျှော်လင့်ခြင်းဖြင့်လျှောက်လှမ်းရင်း မေတ္တာတရားဖြင့် ရှင်သန်သွားကြပါစို့။

မနောအောင်

Sunday, 12 May 2013

ယေဇူးသခင် ကောင်းကင်ဘုံသို့တက်တော်မူသောပွဲနေ့ကြီး


ဂျေရုဆလင်မြို့မှအစပြု၍ လူမျိုးတကာတို့အား နောင်တတရားနှင့် အပြစ်မှ ခွင့်လွှတ်ခြင်းတရားကို သူ၏နာမတော်၌ ဟောပြောရမည်။ - သင်တို့မူကား ဤအကြောင်း အရာတို့ကို သက်သေခံသူများတည်း။ (လုကာ၂၄း၄၇၊ ၄၈)။
ကျွန်ုပ်တို့ဘ၀မှာ သူတစ်ပါးအား ခွင့်မလွှတ်နိုင်လောက်တဲ့ စိတ်တင်းမာမှု့မျိုးတွေ ရှိနေပါသလား။ ဒါမမဟုတ် မိမိကိုယ်ကို ခွင့်မလွှတ်နိုင်သည့်အခြေနေတွေနဲ့ ကြုံတွေ့နေရပါသလား။ ဤသို့ဤသို့ဖြင့် စိတ်ဓါတ်ကျပြီး အရာရာကို အရှုံးပေး နေမိပြီလား။ ထိုသို့အရှုံးပေးနေသူ အခြားသူများလည်း မိမိဘေးမှာ ရှိနေပါသလား။ ဤမေးခွန်းအချို့အတွက် ဒီနေ့ ခရစ်တော်၏တရားဒေသနာတော်၊ ကောင်းကင်ဘုံမတက်မှီ မှာကြားခဲ့သော တရားတော်ကို စဉ်းစားထောက်ရှု့ရင်း မိမိတို့ဘ၀နှင့် အခြားသူများအတွက် အဖြေရှာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

ယေဇူးခရစ်တော် ရှင်ပြန်ထမြောက်အပြီး ရက်ပေါင်း (၄၀)အကြာတွင် ကောင်းကင်ဘုံသို့ တက်တော်မူကြောင်းကို တပည့်တော်ကြီးများက သက်သေခံထားကြလေပြီ။ (၄၀)ဆိုတာ ကျမ်းစာဓမ္မပါမောက္ခကြီးတွေအရ ကျမ်းစာတော်မြတ်၏သင်္ကေတအမှတ်အသား တစ်ခုဖြစ်ပါတယ်။ မိုးဇယ်ဟာ ဘုရားသခင်၏မျက်နှာတော်ကို တွေ့ရှိဖို့ တောင်ပေါ်မှာရက်ပေါင်း (၄၀) အစာရှောင်ဝါရှောင် ပြုလုပ်ခဲ့ပါတယ်။ အစ္စရေးလူမျိုးတွေဟာ ကတိထားရာမြေကို မရမှီ တောကန္တာရထဲမှာ နှစ်ပေါင်း (၄၀) ပြင်ဆင်နေခဲ့ရပါတယ်။ သခင်ခရစ်တော်သည် တရားဒေသနာစတင်မဟောကြားခင် တောကန္တာရထဲမှာ ရက်ပေါင်း (၄၀) အစာရှောင်၊ ၀ါရှောင်ကျင့်ကြံခဲ့တယ်။ ယခု ရှင်ပြန်ထမြောက်ပြီး ရက်ပေါင်း (၄၀)အကြာတွင် ကောင်းကင်ဘုံသို့ တက်တော်မူပါတယ်။

ခရစ်တော်၏ကောင်းကင်ဘုံသို့ တက်တော်မူခြင်းဟာ ကိုယ်တော်၏ရုပ်ခန္တာအရ ကျွန်ုပ်တို့နှင့် တည်ရှိနေခြင်းကို အဆုံးသတ်သွားခဲ့သလို ကိုယ်တော်၏နည်းလမ်းအသစ်ဖြင့် ကျွန်ုပ်တို့နှင့်အတူ တည်ရှိနေခြင်းကို စတင်လိုက်ခြင်းဖြစ်ပါတယ်။ ကိုယ်တော်သည် ရုပ်ခန္တာနှင့်တကွ ကျွန်ုပ်တို့လောကတွင် ရှိနေစဉ်အတွင်း နောင်တတရားနှင့် ခွင့်လွှတ်ခြင်းတရားကို ကိုယ်တိုင်ဟောပြော ကျင့်ကြံလမ်းပြခဲ့ပါတယ်။ ဤတရားနှစ်ခုသည် ကျွန်ုပ်တို့၏လွတ်မြောက်ခြင်းတရားဖြစ်၍ ကိုယ်တော်၏ကယ်တင်ခြင်းလုပ်ငန်းလည်း ဖြစ်ပါတယ်။ ကိုယ်တော်ရှင် ကောင်းကင်ဘုံသို့ တက်ကြွခါနီးတွင် ဤတရားတော်နှစ်ခုဖြစ်သည့် နောင်တတရားနှင့် ခွင့်လွှတ်ခြင်းတရားကို သူ၏နာမတော်၌ ဆက်လက်ဟောပြော ကျင့်ကြံပြီး သက်သေခံရန် မှာကြားတော်မူခဲ့ပါတယ်။ ဒီတော့ နောင်တတရားနှင့် ခွင့်လွှတ်ခြင်းတရားဆိုတာကို နားလည်နိုင်ဖို့ အနည်းငယ်စဉ်းစားကြည့်ကြပါစို့။

လူတွေပြောသံ ကြားနေရပါတယ်- နောင်တဆိုတာ နောင်မှရတဲ့အရာတဲ့။ မှန်နိုင်ပါတယ်။ အာဒံနှင့် ဧ၀ အမှားကျူးလွန်ကာ အပြစ်ဖြစ်ခဲ့ရပြီးမှ နောင်တ တရားပေါ်ပေါက်လာခဲ့ရပါတယ်။ သို့သော်လည်း လူတွေရဲ့ စိတ်ဟာ တခါတခါ တင်းမာ၊ ခေါင်းမာလွန်း၍ နောင်တမရနိုင်သည့်အခါများစွာ ရှိတတ်လာပါတယ်။ နောင်တဆိုတာ သိလျက်ဖြစ်စေ၊ မသိလျက်ဖြစ်စေ မိမိတို့ လုပ်မိလိုက်သည့်အမှားတစ်ခု၊ အပြစ်တစ်ခုကို မိမိတို့သြတ္တပစိတ်နှင့် အသိတရားဟာ သတိထားမိလိုက်သည့်အချိန် ခံစားရသည့် ၀မ်းနည်းကျေကွဲမှု့ တစ်ခုဖြစ်ပါတယ်။ ထိုသို့သတိထားမိသည့်အချိန် ၀မ်းနည်းကျေကွဲလာသည်နှင့်အမျှ မိမိတို့ဟာ တနည်းအားဖြင့် စိတ်ဝိညာဉ်အကျဉ်းထောင်ထဲရောက်လာပါတယ်။ ဤအကျဉ်းထောင်မှ လွတ်မြောက်ဖို့အတွက် လူပေါင်းများစွာဟာ နည်းလမ်းပေါင်းများစွာဖြင့် ကြိုးစားနေတာ မိမိကိုယ်တိုင်လည်း ပါဝင်နေပါလိမ့်မယ်။ တချို့က တရားနည်းလမ်းဖြင့် ဖြေရှင်း၍ စိတ်အေးချမ်းမှု့ရရှိကာ ထိုအကျဉ်းထောင်မှ လွတ်မြောက်ကြသလို တချို့ကျတော့ မဟုတ်မမှန်သည့်နည်းလမ်းများဖြင့် ဖြေရှင်းကာ ပို၍ပို၍ဆိုးရွာလာပြီး မိမိကိုယ်တိုင်သော်လည်ကောင်း၊ အခြားသူများကိုသော်လည်ကောင်း ဘေးရန်ရှာကာ ပေါက်ကွဲတတ်ပါတယ်။ ဒီအကျဉ်းထောင်ကလွတ်မြောက်ဖို့က ခွင့်လွှတ်ခြင်းတရာသာ လိုအပ်ပါတယ်။ မိမိကိုယ်ကို သူတစ်ပါးက ခွင့်လွတ်သည်ဖြစ်စေ၊ သူတစ်ပါးကို မိမိက ခွင့်လွှတ်ရသည်ဖြစ်စေ၊ မိမိကိုယ်တိုင် မိမိခွင့်လွှတ်ရသည်ဖြစ်စေ . . . ဤခွင့်လွှတ်တတ်ခြင်းတရားသာလျှင် ကျွန်ုပ်တို့၏နောင်တအမှားတွေ၊ အပြစ်တွေကို ကုသပေးနိုင်မှာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ဘ၀မှာ သူတစ်ပါးအပေါ်ခွင့်မလွှတ်နိုင်ဘဲ တင်းမာနေခြင်းသည်လည်း စိတ်၏ဝေဒနာ ဖြစ်သလို၊ မိမိကိုယ်ကို ခွင့်မလွှတ်နိုင်ခြင်းသည်လည်း စိတ်ဝေဒနာဖြစ်ပါတယ်။ ကျွန်ုပ်တို့ဘေး၌ ထိုသို့သော သူများရှိနေလျှင်လည်း စိတ်ဝေဒနာဖြစ်ရပါသေးတယ်။ အပူပေါ်အပူဆင့်တာဟာ ကျွန်ုပ်တို့ဘ၀ကို ဒုက္ခဝေဒနာ အကျဉ်းထောင်ထဲသို့ ပို၍ပို၍ရောက်စေတာ ကျွန်ုပ်တို့သိကြပါတယ်။ အကောင်းဆုံးနည်းလမ်းမှာ တရားဒေသနာများသာ ဖြစ်ပါတယ်။ တရားဒေသနာမှာ မွေ့လျော်နိုင်လေလေ၊ ခွင့်လွှတ်ခြင်းတရားကို ရှာတွေ့လေလေဖြစ်ပါတယ်။ ခွင့်လွှတ်ခြင်းတရားကို ပေးဖို့ ကျွန်ုပ်တို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါဟာ ခရစ်တော်၏သာသနာပြုလုပ်ငန်းပင် ဖြစ်ပါတယ်။

ခွင့်လွှတ်ခြင်းတရားဆိုသည်မှာ သူတစ်ပါးဖြစ်ဖြစ် မိမိကိုယ်တိုင်ဖြစ်ဖြစ် ကျူးလွန်ထားသည့်အပြစ်၊ အမှားအယွင်းများကို နားလည်တတ်သောအမြင်နှင့်အတူကြည့်၍ ထိုအပြစ်အမှားများအတွက် မိမိစိတ်ကို ဖြေလျော့ကာ နှစ်သိမ့်ပေး၍ နောင်တချိန်မပြုမိစေရန် သင်ခန်းစာယူ၍ ကျေနပ်လိုက်သည့် အဖြေတစ်ခုဖြစ်ပါတယ်။ ဒီလိုကျေနပ်လိုက်သည့်အဖြေရဖို့ အချိန်ယူရပါလိမ့်မယ်။ အချိန်ယူနေသည့်ကာလဟာ ကျွန်ုပ်တို့အတွက် ရက်ပေါင်း (၄၀)ကဲ့သို့ဖြစ်နေနိုင်ပြီး ခွင့်လွှတ်ကျေနပ် လိုက်မည့် အနာဂတ်အတွက် ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဤသို့ပြင်ဆင်ရန်အတွက် အထောက်အပံ့များအဖြစ် သမ္မာကျမ်းစာတော်မြတ်ရှိပါလိမ့်မယ်။ အသင်းတော်သွန်သင်ရာချက်များ စဉ်းစားထောက်ရှု့ရာများ ရှိပါလိမ့်မယ်။ ရင်ဖွင့်ဆွေးနွေးစရာ ခရစ်တော်ကိုယ်စားလှယ် ရဟန်းဘုန်းတော်ကြီးများရှိနေပါလိမ့်မယ်။ 

ခွင့်လွှတ်ခြင်းအတွက် နောင်တတရားလိုအပ်ပါတယ်။ သင့်မိတ်ဆွေအား နောင်တတရားရှိဖို့ သင်မလုပ်သေးသ၍ သင့်ခွင့်လွှတ်ခြင်းတရားဟာ စဉ်းစားစရာဖြစ်နေနိုင်တာကြောင့် နောင်တ တရားရှိဖို့သူ့အား မေတ္တာစိတ်နှင့် အရင်ဟောပြောပါ။ သင်ကိုယ်တိုင်လည်း ခွင့်လွှတ်ခြင်းခံရဖို့ နောင်တတရားမရှိဘဲ သူတစ်ပါးထံမှ မည်သည့်ခွင့်လွှတ်ခြင်းမှ မတောင်းဆိုပါနှင့်။ သူတစ်ပါးအား ဆော်ကားသလိုဖြစ်ပြီး သင်၏အပြစ်အမှားသည်လည်း ကြီးမားလာနိုင်ပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့၏စိတ်နှလုံးအား တင်းမာ၍မထားကြဖို့ လိုအပ်ပါတယ်။ သို့မှသာလျှင် မျိုးကြဲသူသည် မျိုးစေ့ကြဲရန်အတွက် ကျွန်ုပ်တို့နှလုံးသား လယ်မြေအား ကောင်းစွာ ထွန်းယက်နိုင်ပြီး ပြင်ဆင်နိုင်မည်ဖြစ်ပါတယ်။ ဘုရားသခင်၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာမျိုးစေ့ ကျွန်ုပ်တို့၏နှလုံးသား လယ်ကွင်းမှာ အစဉ်ရှင်သန်နိုင်ပါစေ။ အကျွန်ုပ်တို့ကို ထိခိုက်ကျူးလွန်သော သူတို့အား အကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ ကျွန်ုပ်တို့အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ၊ အဖဘုရားသခင်။
အာမင်။

ကိုရင် (ဒိုမီနီကန်)

Saturday, 11 May 2013

ခရစ်ယာန်များစည်းလုံးရေး အထူးလို (ကော့တစ်ပုပ်ရဟန်းမင်း)


၂၀၁၃ မေလ ၁၀ ရက်နေ့တွင် အီဂျစ်အော့သိုဒေါ့စ် အသင်းတော်မှ ကော့တစ် ပုပ်ရဟန်းမင်း တာဝါဒရော့စ် (၂)သည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား  ဗာတီကန်သို့ သွားရောက် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှု့၌ ကော့တစ် ပုပ်ရဟန်းမင်းသည် ယနေ့ အချိန်ဟာ ခရစ်ယာန်များ စည်းလုံးဖို့ အထူးလိုအပ်ကြောင်းနှင့် တကမ္ဘာလုံးရှိ ခရစ်ယာန်များဟာ တစ်စိတ်တည်း တစ်ဝမ်းတည်းနှင့် တလုံးတ၀တည်းဖြစ်ကြောင်း သိမှတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဗာတီကန်သို့ လည်ပတ်သည့် သူ၏လည်ပတ်မှု့မှာ သမိုင်းဝင်လည်ပတ်ခြင်းဖြစ်သလို အထင်ကရလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ ၁၀ သန်းရှိဘာသာဝင်များကို ဦးဆောင်နေသည့် အီဂျစ်အော့သိုဒေါ့စ်အသင်းတော်မှ ဖြစ်သောကြောင့်ပါ။ နှစ်ပေါင်း (၄၀)အတွင်း ပထမဆုံး ကော့တစ်ပုပ်ရဟန်းမင်းတစ်ပါး၏ အလည်အပတ်လည်း ဖြစ်ပါတယ်။

ကော့တစ်ပုပ်ရဟန်းမင်း တာဝါဒရော့စ်သည် အီဂျစ်ပြည်အတွင်း မွတ်စလင်များပါတီများ အာဏာရလာသည့်အချိန် ခရစ်ယာန်များမှာ ပို၍ဖိနှိပ်ခံလာရကာ ခရစ်ယာန်များသည် ၎င်းတို့ကို ၎င်းတို့ ဒုတိယ ဒါမှမဟုတ် တတိယအလွှာလူတန်းစားများအဖြစ် ခံစားလာရသည်ဟု ညည်းငြူလေသည်။ 
ဟိုစ်နီ မူဘာရတ်ခ်မှစ၍ အီဂျစ်လူမျိုးများ အရေးတော်ပုံဆင်နွှဲသည့် အချိန်မှစ၍ ဘာမှပြောင်းလဲ တိုးတက်လာခြင်းမရှိသေးဘဲ လူလတ်တန်းစားများဟာ ပို၍ပို၍ ဆင်းရဲလာပြီး အိုးမဲ့အိမ်မဲ့ဘ၀ ရောက်နေကြရသည်ကိုလည်း ထောက်ပြညည်းငြူလေသည်။

ကော့တစ်ပုပ်ရဟန်းမင်းက တကမ္ဘာလုံးရှိ ခရစ်ယာန်ညီအစ်ကိုမောင်နှမများကို အီဂျစ်ပြည်ရှိ ခရစ်ယာန်များအား ကူညီဆုတောင်းပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ထို့အပြင် တကမ္ဘာလုံးရှိ ခရစ်ယာန်များအနေဖြင့် ၎င်းတို့အား ငွေအားဖြင့်ကူညီရန်မဟုတ်ဘဲ မေတ္တာစိတ်ထား၍ ၎င်းတို့ခံစားနေရသည့် ဝေဒနာများအား မိမိတို့အစိုးရများစိတ်တွင် ခရစ်ယာန်စိတ်ထားများ ပေါ်ပေါက်စေဖို့ သတင်းပါးစေကြောင်း ထပ်လောင်းပြောဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ တုန့်ပြန်မှု့မှာ တစိတ်တ၀မ်းတည်းရှိကြောင်းဖော်ပြနေပြီး မိမိတို့အနေဖြင့် ညီအစ်ကိုများခံစားနေရသော ဝေဒနာဒုက္ခများကို မျှဝေခံစားရင်း ခွင့်လွှတ်ခြင်းနှင့် ပြန်လည်ကျေအေးသင့်မြခြင်းကို လက်ခံနိုင်လာမှာဖြစ်ကြောင်း ဘုရားသခင်၏အကူအညီဖြင့် ထပ်တူမျှဝေ ခံစားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“အကယ်၍ တစ်စုံတစ်ဦးသည် ဒုက္ခဝေဒနာခံစားရလျှင် တဖွဲ့လုံး တသင်းလုံး ခံစားရပြီး၊ အကယ်၍ တစ်စုံတစ်ဦးသည် ချီးမြှောက်ခံရလျှင် တဖွဲ့လုံး တသင်းလုံးဝမ်းမြောက်ပျော်ရွှင်ကြမည်” ကော်ရိန်မြို့သားတို့ထံရေးသားသော စိန်ပေါလ်၏စာကို ကိုးကား၍ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောဆိုလိုက်ပါတယ်။


Catholic News Agency မှ ကောက်နှုတ်သည်။
မနောအောင်

Monday, 6 May 2013

NCBAC စတုတ္ထကြိမ်မြောက် နှီးနှောဖလှယ်ပွဲ ဖိတ်ကြားလွှာ

အမေရိကန်နိုင်ငံလုံးဆိုင်ရာ မြန်မာကက်သလစ် ဘာသာဝင်များ၏ စတုတ္ထကြိမ်မြောက် နှီးနှောဖလှယ်ပွဲ ဖိတ်ကြားလွှာ


Saturday, 4 May 2013

ဆဌမပါစကားတနင်္ဂနွေနေ့


ငြိမ်းချမ်းသာယာခြင်းကို သင်တို့၌ငါထားခဲ့လေ၏။ ငါ၏ငြိမ်းချမ်းသာယာခြင်းကို သင်တို့အား ငါပေး၏။
ငြိမ်းချမ်းသာယာခြင်းဆိုတာကို ကျွန်ုပ်တို့တတွေဘယ်လို နားလည် သဘောပေါက်ကြပါသလဲ။ ယေဇူးခရစ်တော် ထားခဲ့ပေးသော ငြိမ်းချမ်း သာယာခြင်းကိုလည်း ကျွန်ုပ်တို့ ခရစ်ယာန်တွေ ဘယ်လိုသဘောပေါက်နားလည်ကြပါသလဲ။ ထိုငြိမ်းချမ်းသာယာခြင်းသည် ကျွန်ုပ်တို့နှင့် အမှန်တကယ် ရှိကြရဲ့လား။ ကျွန်ုပ်နှင့်အတူ ခေတ္တမျှ စိတ်ကို တည်ငြိမ်စွာ ထားပြီး ဤမေးခွန်းသုံးခုအတွက် သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား၏ အလင်းကျေးဇူးတော်အားဖြင့် ကမ္မဌာန်းထောက်ရှု့ဖို့ ဖိတ်ခေါ်ပါတယ်။

ငြိမ်းချမ်းသာယာခြင်းဆိုတာ ဆူပူ လှုပ်ရှားမှု့များ၊ အကြမ်းဖက်မှု့များ၊ ပိပက္ခများကင်းဝေးပြီး တည်တည် ငြိမ်ငြိမ်နှင့် စည်းလုံးညီညွတ်မှု့ရှိသည့် သဟဇာတ အခြေအနေတစ်ခုဖြစ်ပါတယ်။ ထိုသဟဇာတအခြေအနေမှာ ဆူပူလှုပ်ရှားမှု့၊ အကြမ်းဖက်မှု့များရန်၏အကြောက်တရားမှလည်း လွတ်မြောက်လွတ်လပ်သည့် အခြေအနေပင် ဖြစ်ပါတယ်။ အတွင်းငြိမ်းချမ်းခြင်းနှင့် အပြင်ငြိမ်းချမ်းခြင်းနှစ်ခု သတ်မှတ်နိုင်ပါတယ်။ အတွင်းငြိမ်းချမ်းခြင်းဆိုတာတော့ မိမိစိတ်နှလုံးမှာ ငြိမ်းချမ်းခြင်းဖြစ်နေတာကို ဆိုလိုပြီး အပြင်ငြိမ်းချမ်းခြင်းမှာတော့ ကျွန်ုပ်တို့မိသားစုအသိုက်အမြုံငြိမ်းချမ်းခြင်း၊ ရပ်ရွာငြိမ်းချမ်းခြင်း၊ လူ့ဘောင်အဖွဲ့အစည်း ငြိမ်းချမ်းခြင်း၊ ကမ္ဘာကြီးငြိမ်းချမ်းခြင်းစသဖြင့် ပိုင်းခြားလို့ ရပါတယ်။ မည်သို့ပင်ဆိုစေ- ထိုအတွင်း၊အပြင် ငြိမ်းချမ်းခြင်းနှစ်ခုလုံးမှာ တစ်ခုနှင့်တစ်ခု အတွင်းသဘာဝကျကျ ဆက်စပ်နေပါတယ်။ ထိုအတွင်း၊အပြင်ငြိမ်းချမ်းခြင်းကို ကျင့်ကြံဖို့အတွက် တခါတလေ နည်းလမ်းတွေမတူနိုင်ပေမယ့်လည်း ဆက်နွယ်မှု့ကတော့ ရှိနေဆဲပါ။ အတွင်းစိတ်နှလုံးငြိမ်းချမ်းခြင်းဟာ အပြင်ငြိမ်းချမ်းရေးကို အထောက်အကူပြုသလို အပြင်ပိုင်းငြိမ်းချမ်း သာယာခြင်းဟာလည်း မိမိတို့အတွင်းစိတ်နှလုံး ငြိမ်းချမ်းဖို့ အထောက်အကူပြုပါတယ်။

အတွင်းစိတ်နှလုံးငြိမ်းချမ်းဖို့ - မိမိ၏ယုံကြည်ခြင်းကို ဘုရားသခင်ပေါ်၌လုံးဝ အပ်နှံထားရပါမယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏လုပ်ဆောင်ချက်အတိုင်း ကျွန်ုပ်တို့လိုက်လျှောက်ရပါမယ်။ သန့်ရှင်းသောဝိညာဉ်တော် ဘုရား၏လုပ်ဆောင်ချက်မှ အသီးအပွင့်များဖြင့် အသက်ရှင် နေထိုင်ဖို့လိုအပ်ပါတယ်။ ထိုအသီးအပွင့်များမှာ- ချစ်ခြင်းမေတ္တာ၊ ၀မ်းမြောက်ရွှင်လန်းခြင်း၊ ငြိမ်းချမ်းသာယာခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊သစ္စာရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် မိမိကိုယ်ကိုချုပ်တီးခြင်းတို့ ဖြစ်ပါတယ်။ ထိုအသီးအပွင့်များဖြင့် နေထိုင်ခြင်းသည် အပြင်ပိုင်းငြိမ်းချမ်းခြင်းအတွက်လည်း အကျိုးဖြစ်ထွန်းစေပါတယ်။ ဒါဟာ ယေဇူးခရစ်တော်ပေးခဲ့သည့် ငြိမ်းချမ်းသာယာခြင်းဖြစ်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်၏အသီးအပွင့်များကို သုံးသပ်သော်-

၁။ ချစ်ခြင်းမေတ္တာ။ ။ ကျွန်ုပ်တို့တတွေဟာ ချစ်ခြင်းမေတ္တာဖြင့် အသက်ရှင်ရပါမယ်။ ဘုရားသခင်ကို ချစ်ရမယ်။ မိမိနှင့်နီးစပ်သူအားလုံး အထူးသဖြင့် အလိုအပ်ဆုံးသောသူများ၊ အားနဲချိနဲ့သူများ၊ အပယ်ခံများနှင့် ဆင်းရဲသားများအပေါ် ချစ်ခြင်းမေတ္တာတရားကြီးမားရပါမယ်။

၂။ဝမ်းမြောက်ရွှင်လန်းခြင်း။ ။ ကျွန်ုပ်တို့တတွေဟာ ၀မ်းမြောက်ရွှင်လန်းခြင်းရှိရပါမယ်။ စိတ်ညစ်သည့်အခါ၊ စိတ်ပျက်သည့်အခါ၊ စိတ်မရွှင်သည့်အခါ စတာတွေက ကျွန်ုပ်တို့၏ငြိမ်းချမ်းခြင်းကို ဖျက်စီးစေတတ်သော်လည်း ၀မ်းမြောက်ရွှင်လန်းတတ်လျှင် ကျွန်ုပ်တို့တတွေဟာ ကောင်းမှု့များစွာ လုပ်နိုင်ဖို့ စိတ်နှလုံးကောင်းမွေးမြူနိုင်ပါလိမ့်မယ်။

၃။ငြိမ်းချမ်းသာယာခြင်း။ ။ ကျွန်ုပ်တို့တတွေဟာ အကြမ်းဖက်မှု့ပြုခြင်း ဆူပူလှုပ်ရှားမှု့ပြုခြင်း၊ ဒေါသအမျက်ထခြင်းတို့မှ ရှောင်ကျဉ်ရပါမယ်။ ထိုအရာတွေက ကျွန်ုပ်တို့စိတ်နှလုံးကို ပိုပြီးပူလောင်စေပါတယ်။

၎။စိတ်ရှည်သည်းခံခြင်း။ ။ ကျွန်ုပ်တို့တတွေဟာ အခြားသူများအပေါ်၊ အကြောင်းအရာများအပေါ် စိတ်ရှည်သည်းခံတတ်ဖို့လိုအပ်ပါတယ်။ ဘယ်တော့မှ အလျင်သလိုမဖြစ်ပါစေနှင့်။

၅။သနားကြင်နာခြင်း။ ။ ကျွန်ုပ်တို့တတွေဟာ သနားကြင်နာတတ်ဖို့လိုအပ်ပါတယ်။ ထိုကြောင့် တပါးသူ၏အခွင့်အရေးကိုလည်း အသုံးမချဘဲ ကာကွယ်ပေးတတ်လာမယ်။ လိုအပ်သူတွေကိုလည်း ကူညီတတ်လာမယ်။

၆။ကောင်းမြတ်ခြင်း။ ။ ကောင်းမှု့ကုသိုလ်တွေမှာ လက်မနှေးဘဲ ပါဝင်တတ်ပါစေ။ ဆင်းရဲသားများနှင့် လိုအပ်သူများကို ပေးကမ်းတတ်ပါစေ။

၇။သစ္စာရှိခြင်း။ ။ မိမိကိုယ်တိုင်အပေါ်သစ္စာရှိပါ။ အခြားသူများအပေါ်လည်း သစ္စာရှိပါ။ မိမိထက်နိမ့်ကျ သူများအပေါ်မှာ ပို၍သစ္စာရှိပါ။

၈။နူးညံ့သိမ်မွေ့ခြင်း။ ။ ကျွန်ုပ်တို့အားလုံး နူးညံ့မှုကို နှစ်သက်ကြပါတယ်။ ဒီတော့ မိမိရဲ့လုပ်ရပ်တိုင်း၊ အပြုအမူတိုင်း၊ အပြောအဆိုတိုင်းမှာ နူးညံ့ သိမ်မွေ့တယ်ဆိုလျှင် ထိုနေရာ ထိုပတ်ဝန်းကျင်မှာ ငြိမ်းချမ်းနေပါလိမ့်မယ်။

၉။မိမိကိုယ်ကိုချုပ်တီးခြင်း။ ။မိမိကိုယ်ကိုချုပ်တီးဖို့ဟာ အလွန်အရေးကြီးပါတယ်။ လောဘမကြီးဖို့ စိတ်ထိန်းပါ။ လိုချင်တပ်မက်မှု့မကြီးဖို့ စိတ်ထိန်းပါ။ အမျက်ဒေါသမထွက်ဖို့ စိတ်ထိန်းပါ။ အတ္တစိတ်မကြီးဖို့ စိတ်ထိန်းပါ။ တဏှာယာဂစိတ်ကို ထိန်းပါ။

အပြင်ပိုင်းငြိမ်းချမ်းခြင်းအတွက် အခြေအနေပေါ်မူတည်၍သော်လည်ကောင်း၊ ထုံးတမ်းဓလေ့များအပေါ် မူတည်၍သော်လည်ကောင်း၊ အချိန်ကာလနှင့် လူပတ်ဝန်းကျင်အသိုင်းအ၀ိုင်းများပေါ် မူတည်၍သော်လည်ကောင်း ကျင့်ကြံသွားဖို့လိုအပ်ပါတယ်။ ယေဘုယျအားဖြင့်တော့- တရားမျှတမှုရှိခြင်း၊ တန်းတူအခွင့်အရေးရှိခြင်း၊ အချင်းချင်းနားလည်မှု့ဖြင့် သည်းခံတတ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်မှု့မရှိခြင်း၊ အချင်းချင်းခေါင်းပုံဖြတ်မှု့မရှိခြင်း စသည့် လမ်းစဉ်များဟာ ငြိမ်းချမ်းသာယာစေမှာ ဖြစ်ပါတယ်။
ဒီတော့  ဒီငြိမ်းချမ်းသာယာခြင်းဟာ ကျွန်ုပ်တို့တတွေကြားမှာ ရှိရဲ့လားဆိုတာတော့ ကျွန်ုပ်တို့၏ လိုက်နာကျင့်ကြံမှု့အပေါ်မှာမူတည်ပါတယ်။ မိမိ၏အတွင်းစိတ်ငြိမ်းချမ်းဖို့ မိမိတစ်ဦးတည်းဖြင့် ကျင့်ကြံနိုင်သော်လည်း အပြင်ပိုင်းငြိမ်းချမ်းသာယာမှု့တွေဖြစ်သည့် ကျွန်ုပ်တို့ မိသားစု အသိုက်အမြုံငြိမ်းချမ်းခြင်း၊ ရပ်ရွာငြိမ်းချမ်းခြင်း၊ လူ့ဘောင်အဖွဲ့အစည်း ငြိမ်းချမ်းခြင်း၊ ကမ္ဘာကြီး ငြိမ်းချမ်းခြင်းတွေအတွက်တော့ ကျွန်ုပ်တို့မိသားစုလိုက်၊ အဖွဲ့အစည်းအသိုင်းဝန်းလိုက်၊ နိုင်ငံတိုင်းအလိုက် ပူးပေါင်းကျင့်ကြံလိုက်နာ ဆောင်ရွက်ကြဖို့ လိုပါလိမ့်မယ်။ ဒီလိုပူးပေါင်းဆောင်ရွက်ဖို့ အရောင်မတူသည့် ရောင်စုံကာလများပေါင်းစပ်၍ အလှချယ်သည်ကို သဘောပေါက် နားလည်ထားသင့်သလို အမြင်ကျယ်ကျယ်ထားရှိထားဖို့လည်း လိုအပ်ပါတယ်။ မိမိ၏အတ္တနှင့် အမြင်ကျဉ်းမှု့တွေကို အတတ်နိုင်ဆုံး စွန့်လွတ်ပစ်ရပါလိမ့်မယ်။

ဒီအတွက် မကြောက်ကြနှင့်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ပြောသလိုပဲ- ကျွန်ုပ်တတွေဟာ ကြီးမားမြင့်မြတ်တဲ့ အိပ်မက်ကို မက်ဖို့မကြောက်ရပါဘူး။ မြင့်မြတ်တဲ့စိတ်ထားတွေကိုယ်စီထားလို့ ငြိမ်းချမ်းသာယာခြင်းကို ရယူကြပါစို့ဗျာ။  

လူသားအချင်းချင်း မေတ္တာပွားလို့ ငြိမ်းချမ်းသာယာခြင်းရှိကြပါစေ။
ကိုရင် (ဒိုမီနီကန်)

Friday, 3 May 2013

အမျိုးသားဇာတ်ရုံက ဓမ္မပြဇာတ်


ကက်သလစ်အသင်းတော်ကြီး၏ ယုံကြည်နှစ်အမှတ်တရအဖြစ် ရန်ကုန်မြို့အမျိုးသားဇာတ်ရုံကြီးမှာ ရုပ်ရှင်သရုပ်ဆောင်များ၊ နိုင်ငံကျော်တေးသံရှင်များ၊ ရဟန်း၊ သီလှရှင်၊ နှင့် လူငယ်များ ပေါင်းစပ်ကာ ယခုလို အောင်မြင်သည့် ပြဇာတ်ကြီးကို ပြသဖျော်ဖြေရုံမကဘဲ တနည်းအားဖြင့် ဘုရားသခင်အား သက်သေခံနိုင်လိုက်ပါပြီ။ 

ပြဇာတ်ကြီးအတွက် စတင်ပြင်ဆင်ချိန်ကစပြီး သူတို့ရဲ့လှုပ်ရှားမှု့တွေ၊ ဇာတ်တိုက်တာတွေကို အွန်လိုင်းမှာ တွေ့ရကတည်းပင် ကျွန်တော့် စိတ်တွေ အလွန်ပင်နိုးကြားနေပါတယ်။ ကျွန်တော့် တသက်  မြန်မာပြည်မှာ ဒီပွဲလုပ်ဖြစ်တာ ဟုတ်ရဲ့ လားလို့ အမြင်တွေကိုပဲ ကြည်ကြည် လင်လင် ဖြစ်အောင် ရှင်းလိုက်ရသေးတယ်။ မိတ်ဆွေ သူငယ်ချင်းတွေနဲ့တွေ့တိုင်းလည်း ဒီပြဇာတ် အကြောင်း ပြောဖြစ်နေမိတာ အလိုလိုပါပဲလေဗျာ။ တချို့က စနေကြသေးတယ် "ကိုရင်ကတော့ သူလည်းလာကြည့်နိုင်တာ ဟုတ်ဘဲနဲ့ အကဲပိုနေတာ" တဲ့။ မသိဘူးဗျာ- လာကြည့်နိုင်တာ မကြည့်နိုင်တာ နောက်ထား ဒီမှာ ဂုဏ်ယူမိလွန်းလို့ပါ။ ဖြစ်နိုင်ရင် ပြဇာတ်စတိုက်ကတည်းပင် ပါလေရာငပိ လုပ်နေ လိုက်ချင်ပါရဲ့ဗျာ။ (ဘယ်လောက်ပိုသွားလဲ မသိဘူး မျက်စောင်းလေတွေကတော့ ညမီးအိမ်တွေလိုပဲ ပြူးစံပြူးစံလေးတွေနဲ့)။

အန်တီနွဲ့ကြည့်ရတာ ထာဝရလူငယ်များခံယူထားသလားလို့ပါ။ အခုထိ သာသနာအရေးမှာ လူငယ်များနှင့်တန်းတူ တက်ကြွမှု့က မလျော့၊ အင်တိုက်အားတိုက် အစွမ်းရှိသမျှနဲ့ စည်းရုံးပါဝင်နေပုံ၊ ထောက်ပံ့နေပုံ၊ ဖျော်ဖြေနေပုံ၊ အစုံပါပဲ။ သူ့ကိုကြည့်ရတာ ကျွန်တော်လို သာသနာပြုကိုရင်တစ်ပါးအတွက် ခရစ်တော်ရဲ့ယုံကြည်ခြင်းမျို့စေ့တွေကို ကြဲနေသည့် တောင်သူမကြီးတစ်ဦးလိုပါပဲ။ အရမ်းကို အားရှိတာပဲ။ ဂုဏ်ယူနေဆဲပါ အန်တီ။

မယ်တော်နေရာမှာ သရုပ်ဆောင်တဲ့ မမချစ်သူဝေက ရုပ်ရှင်အနုပညာရှင်လို့ မပြောရဘူး။ သိပ်ကိုပီပြင်လွန်းလို့ ကြည့်သူပရိတ်သပ် ရင်သပ်ရှုမောရတယ်ဆိုရင်ပဲ ခံစားချက်ကို ဖွင့်ပြောရတာ မလုံလောက်သေးပါဘူး။ ယေဇူးကိုယ်တော်နေရာမှာ သရုပ်ဆောင်တဲ့ ကိုဖရက်ဒီထင်ပါရဲ့။ သရုပ်ဆောင်မင်းသားများထက်ကို ပီလွန်းလို့ ဇာတ်ဝင်ခန်းတိုင်းက အသက်ဝင်နေလှပါတယ်။ မြန်မာတိုင်းမ်မှာပင် ယခုလို ချီးမွမ်းထားပါသေးတယ် "တော်ရုံလူ လျှာလိပ်လောက်တဲ့ ဘာသာရေးစကားတွေကို ပိုင်ပိုင်နိုင်နိုင်တင်ဆက်နိုင်ခဲ့တဲ့ ယေဇူးအဖြစ်သရုပ်ဆောင်သူ အပါအ၀င် ပြဇာတ်ကပြသူ တစ်ဖွဲ့လုံးကို ချီးကျူးခဲ့ရပါတယ်။" 

ကျန်တဲ့အခန်းတွေကနေ ကိုယ့်အခန်းနှင့်ကိုယ် ပါဝင် သရုပ်ဆောင်သူတွေကလဲ သိပ်ကို ပီပြင် လွန်းလို့ တိုင်းမ်သတင်းမှာ စာမျက်နှာကြီး တစ်မျက်နှာကို ရေးသားချီးမွမ်းဖွဲ့ထားပါတယ်။ "ငါမြင်ရပြီ' ဆိုတဲ့ ၀ုန်းခနဲ့ အော်လိုက်တဲ့ မျက်မမြင်အဖြစ် သရုပ်ဆောင်သူရဲ့ အောင်လွန်းတဲ့ အသံကြောင့် ယေဇူးအပါအ၀င် ပြဇာတ်မှာ ပါဝင်သူအကုန်လုံး ဆတ်ခနဲ့ တုန်ပြီး လန့်သွားတာကြောင့် ........." ဆိုပြီး ဇာတ်ဝင်လေးတွေနဲ့အတူ စာဖတ်သူကိုပင် ဇာတ်ပွဲထဲ ရောက်အောင်ဆွဲပို့ထားလေတယ်။ 

ဘုန်းတော်ကြီး ဘရူနိုမှာလည်း ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ရင်း လူငယ်များနှင့် တသားတည်း ဖြစ်နေတာမို့ သိပ်ကို အားရမိလှပါတယ်။ စစ္စတာညဏ်ပိရဲ့ ဂရုဏာရှင်အသံမှာလည်း ပြဇာတ်ကို အတော်လေးအသက်ဝင်စေအောင် ကျေးဇူးတော်ချီးမွမ်းရာ ဖြစ်စေပါတယ်။

ပွဲတော်ကြီးအတွက် ဂုဏ်ယူဝံ့ကြွားရင်း . . . မြန်မာပြည်မှာလည်း ကက်သလစ်ဖြစ်ရတာ အစဉ်ဂုဏ်ယူလျက် . . . 

ကိုရင် (ဒိုမီနီကန်) 

Wednesday, 1 May 2013

ထားခဲ့ပါတယ် . . .


" မင်းက ငအ ငတုံး 
မင်းမို့လို့ ဒီလမ်းကိုလျှောက်တယ် " တဲ့ သူငယ်ချင်းတွေ ပြောသံ
" မိဘကို ပြန်မကြည့်ဘူး
တကိုယ်ကောင်းသမား " တဲ့ မိဘ ပြောသံ
 
" ခေါင်းရှောင်တာ 
မောင်နှမအပေါ်မှာ အကြီးမပီသသူ " တဲ့ မောင်နှမတွေပြောသံ
" အချစ်ကိုတန်ဖိုးမထားဘူး
သစ္စာမဲ့တဲ့ယောင်္ကျား " တဲ့ ချစ်သူ ရဲ့ ဆိုသံ
အသံပေါင်းစုံ ကြားကထွက်ခဲ့တာ ကိုယ်တော်အတွက်ပါ
သံယောဇဉ်တွေ တွဲတာနေလည်း ကိုယ်တော့်အတွက်မို့ ပိုကာမြတ်စေ 
ကားတိုင်ကိုထမ်း ဒီလမ်းလျှောက်ဖို့
 ခေါ်သံကျယ်ကျယ် ပဲ့တင်ထပ်လို့ 
ဘုရားတပည့်တော်လည်း တပည့်တော်ကြီးများနှင့် မခြားနား လိုက်ခဲ့ပါပြီ . .
 လမ်းပြပေးပါအရှင် . . .
သာသနာ့လယ်ကွင်းမှာ စွမ်းစွမ်းတမန် ထမ်းရွက်နိုင်ဖို့
ဝိညာဉ်တော် အလင်းနဲ့ လမ်းပြပေးပါသခင်
ခေါ်သံအောက်မှာ ပျဝပ်စင်းကာ
ထမ်းရွက်ဖို့အသင့်၇ှိသူ တည့်တော်ပါသခင်။ 
                                                                Justine(SFX)

ရဟန်းဘောင်သို့တက်လှမ်းကြမည့် သူများအတွက်ရည်ရွယ်ရေးသားပါသည်။

စိန်ဂျိုးဇက် အလုပ်သမားကြီး


မေလ ၁ ရက်နေ့၊ ၂၀၁၃။


စိန်ဂျိုးဇက်ဆိုတာနဲ့ ကျွန်ုပ်တို့ ကက်သလစ်တွေ အတော်လေးကို ရင်းနှီး ပြီးသားသူပါပဲ။ သူ့ကို ကညာစင် မာရိယာနှင့် စေ့စပ်ကြောင်းလှမ်းထားသူ၊ မမျှော်လင့်ဘဲ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ထိုကညာစင် မာရိယာသည် ပိသန္ဓေ ရှိနေကြောင်း သိရသောအခါ ဂုဏ်သိက္ခာကို ထိန်းကာ မသိမသာ ကွာရှင်းမည်ဟု ဆုံးဖြတ်ထားပြီးမှ ကောင်းကင် တမန်၏စကားကြောင့် ဖြစ်ရပ်မှန်ကို သိ၍ သူမအား ဖြူစင်စွာ စောင့်ရှောက်ရင်း သူ့ဘ၀ကို ဘုရားသခင်ထံမှာ ဆက်ကပ်သွားဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပါတယ်။ လူ့ဝိနည်းအရဆိုရင်တော့ သူဟာ မာရိယာ၏ခင်ပွန်းဟု ဆိုနိုင်ပါတယ်။ သူ့ဘ၀တလျှောက် အိမ်ထောင်ဦးစီး တာဝန်ယူပြီး မာရိယာနှင့် မွေးဖွားခြင်းခံ ဘုရား၏ သားတော်အား စောင့်ရှောက်ကာကွယ်ပေးခဲ့သူဖြစ်ပါတယ်။

သူ့အကြောင်းကို သံလုကာကျမ်းနှင့် သံမာတေဦးကျမ်းတို့အားဖြင့် အများဆုံးသိရပါတယ်။ သံမာကုမှာတော့ ဖော်ပြထားခြင်း လုံးဝမရှိပေမယ့်လည်း သံယောဟန်းကျမ်းမှာတော့ သန့်ရှင်းသော အိမ်ထောင်စုဟု၍ ဖော်ပြထားပါသေးတယ်။

ဟေရုဒ်မင်းကြီးဟာ သူငယ်တော်ကို ကွက်မျက်ဖို့အတွက် အသက် နှစ်နှစ်အောက်ကလေးငယ်များကို သတ်ခဲ့သည့်အချိန်တွင်လည်း ဂျိုးဇက်ဟာ မာရိယာနှင့်သူငယ်တော်ကို ညတွင်းချင်း အီဂျစ်ပြည်သို့ ခေါ်ပြေးကယ်ထုတ်ခဲ့ပါတယ်။ ထိုနောက် ဟေရုဒ်မင်းကြီး နတ်ရွာစံမှ ဂျူဒေယာပြည်ကို ပြန်လာခဲ့ပြီး နာဇရက်မြို့မှာ မိသားစုဘ၀ကို အေးအေးချမ်းချမ်း စောင့်ရှောက်လုပ်ကြွေးခဲ့ကြောင်း သိရပါတယ်။ အဲဒီမှာ သူဟာ လက်သမားဂျိုးဇက်ဟူ၍ အမည်တွင်လာခဲ့ပါတယ်။

၁၉ရာစုအတွင်း ဆိုရှယ်လစ်လှုပ်ရှားမှု့များနှင့် ကွန်မြူနစ်လှုပ်ရှားမှု့တို့အားဖြင့် မေလ တစ်ရက်နေ့အား အလုပ်သမားနေ့အဖြစ် ပြုလုပ်ကျင်းပခြင်းအား တုန့်ပြန်သောအားဖြင့် ၁၉၅၅ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ပီဦး (၁၂)မှ စိန်ဂျိုးဇက် အလုပ်သမားကြီးပွဲနေ့ကို မေလ တစ်ရက်နေ့သို့ ပြောင်းလဲကျင်းပစေခဲ့ပါတယ်။ သို့ဖြစ်၍ အလုပ်သမားတို့၏စံနမူနာကောင်းကို ပြသနိုင်ရန်ဖြစ်ပါတယ်။ အမှန်တော့ စိန်ဂျိုးဇက်အား အလုပ်သမားများ၏ စံနမူနာအဖြစ် အသင်းတော်အတွင်းမှာ ဥပမာပေးသွန်သင်ထားတာတွေဟာ ရှေးအစဉ်အဆက်ကပင် ဖြစ်ပါတယ်။ အသင်းတော်၏သွန်သင်ချက်တွင် စိန်ဂျိုးဇက်ဟာ အလွန်နှိမ့်ချတတ်ပြီး အလုပ်ကို ကြိုးစားလုပ်သူ၊ မာရိယာနှင့်သူငယ်တော်အား မေတ္တာကြီးကြီးဖြင့် စောင့်ရှောက်လုပ်ကြွေးခဲ့သူဖြစ်ပြီး သစ္စာတရားကြီးမားသူလည်း ဖြစ်ပါတယ်။

အလုပ်သမားနေ့ကို မေလ တစ်ရက်နေ့တွင် ကျင်းပကြပါတယ်။ ဘာကြောင့်ကျင်းပကြသလဲ။ ဘာအတွက် ကျင်းပကြသလဲဆိုတာ ကျွန်ုပ်တို့မသိရင် ကျွန်ုပ်တို့ကျင်းပနေတဲ့ပွဲဟာ အလကားပါပဲ။ အမှန်တော့ ကျွန်ုပ်တို့အတွက် ရက်တိုင်း ရက်တိုင်းဟာ အလုပ်သမားနေ့ပါပဲ။ ကျွန်ုပ်တို့ အလုပ်ကိုယ်စီ လုပ်နေကြရတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတဲ့အတိုင်း အလုပ်တစ်ခုခုရှိနေမှ လူဆိုတာ ဂုဏ်တင့်တယ်ပါတယ်။ အမှန်တရားက အလုပ်မလုပ်ဘဲ ကျွန်ုပ်တို့လူသားများလည်း အသက်ရှင်ဖို့ ခက်ပါတယ်။ စီးပွားရှာ အလုပ်မဟုတ်ရင်တောင် အလုပ်တစ်ခုခုတော့ ရှိနေပါတယ်။ အလုပ်လုပ်ခွင့်မရှိဘဲ ပစ်ပယ်ခံထားရလျှင် ကျွန်ုပ်တို့ဟာ စွန့်ပစ်ခံ၊ ၀ိုင်းပယ်ခံဟု ခံစားရပြီး စိတ်ဓါတ်ကျစေပါတယ်။ ဒါကြောင့် အလုပ် လုပ်ရပါမယ်။ သို့သော်လည်း လုပ်သည့်အလုပ်ဟာ မှန်လား၊ ကောင်းလား၊ အကျိုးရှိလား၊ သူတစ်ပါးကို ထိခိုက်နေလား စသည်ဖြင့်တော့ စဉ်းစားရပါလိမ့်မယ်။ သမ္မာအာဇိဝအလုပ်သာလျှင် လူ့စိတ်နှလုံးကို ပျော်ရွှင်ချမ်းမြေ့စေကြောင်း အသင်းတော်အတွင်း၌သာမက အခြားသောဘာသာများ၊ လူအဖွဲ့အစည်းများတွင်လည်း သွန်သင်ပေးနေကြောင်း တွေ့ရပါလိမ့်မယ်။ ဒီနေ့ အလုပ်သမားနေ့မှာ မိမိတို့အလုပ်အား သမ္မာအာဇီဝ လမ်းကြောင်းမှာ ရှိရဲ့လား စဉ်းစားကာ အသင်းတော်မှ စံပြအဖြစ်ထားပေးသော စိန်ဂျိုးဇက်ကဲ့သို့ သမ္မာအာဇီဝကျကျအလုပ်နဲ့ နှိမ့်ချခြင်း၊ သစ္စာရှိခြင်းတို့ဖြင့် အလုပ် လုပ်နိုင်ကြပါစေ။

 ကိုရင် (ဒိုမီနီကန်)