ယေဇူးသည်
အရက်လေးဆယ်တိုင်တိုင် နတ်ဆိုး၏နှောက်ယှက်ခြင်းကိုခံရဖို့အတွက် တောကန္တာရသို့ မထွက်သွားမှီ
“၀ိညာဉ်တော်မြတ်နှင့်ပြည့်ဝလျက်” ဟု (လု ၄း၁)၌တွင် ဖော်ပြထားပြီး တဆက်တည်းမှာပင် ၀ိညာဉ်တော်၏ခေါ်ဆောင်ရာသို့
လိုက်ပါသွားကြောင်း တွေ့ရှိရသည်။ ဤသည်ပင် ကျွန်ုပ်တို့ ပုထုဇဉ်လူသားများအတွက် ဘ၀အခက်ခဲများဖြစ်ဖြစ်၊
အနှောက်အယှက်များပဲဖြစ်ဖြစ်၊ ကြုံလာဒုက္ခများ အားလုံးအား ၀ိညာဉ်တော်မြတ်နှင့်အတူ ဖြေရှင်းကြဖို့၊
ဝိညာဉ်တော်မြတ်နှင့်ပြည့်ဝနေဖို့ လိုအပ်ကြောင်း ထောက်ရှု့ မိပါလိမ့်မည်။ ဘ၀မှာ ဘုရားမရှိဘဲ
ဒုက္ခဆိုတာ သုခဖြစ်မလာနိုင်ပါဘူး။ မည်သို့ပင်ဆိုစေ ဒုက္ခဆိုတာ ဘ၀ရဲ့အမှန်တရားမှာ တစိတ်တပိုင်း အဖြစ်ရှိနေမှတော့
ရှောင်ဖယ်လို့ မရပါဘူး။ သို့သော်လည်း ထိုဒုက္ခအမှန်တရားမှာ ကျွန်ုပ်တို့အတွက် ဘုရားသခင်နှင့်အတူ
ပူးပေါင်းဖို့၊ ဘုရားသခင် ဆီမှာပို၍နီးကပ်စွာချည်းကပ်တတ်ဖို့၊ ၀ိညာဉ်တော်မြတ်နှင့်ပြည့်ဝလျက်
တရားတော်အားဖြင့် ဘ၀အဖြေ၊ သုခကို ရှာတွေ့နိုင်ဖို့ပင်ဖြစ်ပါသည်။ မိမိဘ၀မှာ ဘုရားရှိလျှင်
ဒုက္ခသည်ပင် သုခဖြစ်လာပါလိမ့်မည်။
ယနေ့ကျမ်းစာတော်မြတ် (လု ၄း ၁-၁၃)အထိအား အပြည့်အ၀ ထောက်ရှု့မိသော် ထိုကျမ်းပိုဒ်သည် ဒုက္ခ ပင်လဲကြီးအလယ်မှာ၊
အနှောက်ယှက် ၀ဲဂရက်ကြီးအလယ်မှာ ကျွန်ုပ်တို့ ဒုက္ခရောက်နေသည့် အချိန်ကို တိုက်ရိုက်ပြေးမြင်မိစေပါသည်။
ထို့အတူ ဒုက္ခပင်လယ်ကြီး အလယ်၊ နှောက်ယှက်ခြင်း ၀ဲဂရက်အလယ်ထဲ ရောက်နေချိန် ဖြေရှင်းတတ်ဖို့
ခရစ်တော်သခင်မှ နမူနာကြုံတွေ့ဖြေရှင်းပြသနေသကဲ့သို့ပင် ထောက်ရှု့မိသည်။ ခရစ်တော်ခံရသည့်
နှောက်ယှက်ခြင်း (၃)ခုအား ဆက်လက်ထောက်ရှု့ကြည့်ကြပါစို့။
အရက် (၄၀)တိုင်တိုင်
မစားမသောက်နေခဲ့သော ယေဇူးအတွက် အမှန်တကယ်လိုအပ်နေမည့်အရာမှာ အစားအသောက်ပင်ဖြစ်ပေလိမ့်မည်။
ဤသည်ကိုအခွင့်ကောင်းယူ၍ အတ္တကိုနှိုးဆွခြင်း နည်းပရိယာယ်ဖြင့် နတ်ဆိုးသည်နှောက်ယှက်ခဲ့သည်
(သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲအား ပေါင်မုန့်ဖြစ်စေရန်အမိန့်ပေးပါလော့)။
ကျွန်ုပ်တို့ဘ၀မှာ ပါရမီကောင်းများကို သီးသန့်အချိန်တခုထိ ကျင့်ကြံနိုင်ခဲ့ပြီးကာမှ
မိမိအတ္တကို အစွခံရပြီး ကျင့်ခဲ့သမျှတရားပျောက်ပျက်ကုန်တတ်ပါသည်။ ထိုကဲ့သို့ မိမိအတ္တအစွခံရသည့်အခါ
ထိန်းသိမ်းနိုင်စွမ်းမရှိ၍ ဖြစ်ရလေသည်။ ယနေ့ကျမ်းပိုဒ်မှာတော့ ခရစ်တော်က လူသည်မုန့်အားဖြင့်သာ
အသက်ရှင်သည်မဟုတ်။ ဘုရားသခင်၏နှုတ်တော်ထွက် စကားအားဖြင့်လည်း အသက်ရှင်ကြောင်း တရားအမှန်ကို
စွဲမြဲစွာကိုင်ထားပြခဲ့ပါသည်။ မှန်ပါသည်- ဘ၀မှာ အစားအသောက်တစ်ခုတည်းဖြင့် အသက်မရှင်သန်နိုင်ပါ။
အစားအသောက်များ ပေါများကြွယ်ဝသည့် လူတွေ၊ ယုံကြည်ချက်မရှိ၊ မျှော်လင့်ချက်ပျောက် နောက်ဆုံးအသက်ဆုံးရှုံးရတဲ့သာဓကတွေ
ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ စဉ်းစားစရာတွေပါ။ ဘုရားသခင်၏နှုတ်တော်ထွက်စကားမရှိသောကြောင့်
ရှင်လျက်သေသူတွေကလည်း ဒုနှင့်ဒေးပါပဲ။ စဉ်းစားစရာပါပဲ။
ဒုတိယနှောက်ယှက်ခြင်းမှာ
လောကဘုန်းစည်းစိမ်များ၊ အာဏာပါဝါများနှင့် အစိုးရချင်သောစိတ် လောဘအားဖြင့် မိမိတို့တရားပျက်စီးရတတ်ကြောင်းနှင့်
မည်သို့ကာကွယ်နိုင်မည်ကို လမ်းပြပေးထား လေသည်။ ထိုကဲ့သို့ ဘုန်းစည်းစိမ်များ၊ အာဏာများ၊
နေရာ ရာထူးများဖြင့် လာဘ်ထိုးလာသောအခါ အမှန်တရားဘက်မှ ရပ်တည်ပြီး ထိုလာဘ်များကို ငြင်းဆန်နိုင်ဖို့မှာ
မိမိကိုယ်ကို ရောင်ရဲ တင်တိမ်တတ်ခြင်းနှင့် နှိမ့်ချတတ်ခြင်း ရှိဖို့ အထူးလိုအပ်ပါသည်။
မိမိဘ၀ တိုးတက်ဖို့ အသက်ရှင်နေကြသည်မှာ မှန်သော်လည်း မှန်ကန်သောနည်းလမ်းသာလျှင် စိတ်ချစွာအသုံးချနိုင်သည့်
လှေကားထစ်များသာဖြစ်ပါသည်။ မိမိကိုယ်တိုင် အမှန်တရားကို နှစ်သက်ပါလျက် အဘယ်ကြောင့်များ
သိသိကြီးနှင့် ထိုလာဘ်ပေးလာဘ်ယူမှု့ကို ကြူးလွန်နိုင်ဝံ့ပါမည်နည်း။ မိမိမှာ ယုံကြည်ခြင်း ခိုင်ခိုင်မာမာ ရှိနေလျှင်
အောင်မြင်မှု့လမ်းပေါ် မလွဲမတေရောက်နေပါလိမ့်မည်။ မျှော်လင့်ချက်တို့ဖြင့်လည်း အသက်ရှင်နိုင်ပါလိမ့်မည်။
ဘ၀ဟာလည်း အဓိပ္ပာယ်တွေနဲ့
ပြည့်နေပါလိမ့်မည်။ ထိုကြောင့် ထိုယုံကြည်ချက်၊ ထိုတရားအား လက်ကိုင်ထားပြီးလျှင် စွဲမြဲနေဖို့လိုအပ်ပါသည်။
အများပေးသည့် မက်လုံးများလည်း ငြင်းဆန်နိုင်ဖို့ အမှန်တရားကို စွဲစွဲမြဲမြဲဖက်ထားပါ။
ခရစ်တော်ကဲ့သို့ နှိမ့်ချစွာတုန့်ပြန်လိုက်ပါ- သင်၏အရှင်ထာဝရဘုရားသခင်ကို ကိုးကွယ်ရမည်။
တတိယမြောက်နှောက်ယှက်ခြင်းက
မိမိ၏တရား၊ မိမိ၏ကျင့်စဉ်များဖြင့် မိမိမာနကို ရိသဲ့သဲ့လုပ်ကာ စိန်ခေါ်လိုက်သည့် နှောက်ယှက်ခြင်းပါပဲ။
ဒီလိုအတွေ့အကြုံမျိုးအား မိမိကိုယ်တိုင်မဟုတ်လျှင်ပင် အခြားသူများမှတဆင့် ကြုံဖူးကြမှာပါ။
တချို့သူတွေက ၎င်းတို့လိုရာရဖို့အတွက် မိမိအားမက်လုံးပေး နှောက်ယှက်တတ်ကြသည်။ နောက်ဆုံး
ခေါင်းမာသည့်အဆုံး ကိုယ့်တရားနှင့်ကိုယ့်ကို ပြန်ရိုက်တတ်ကြသည်အထိ မြူစွယ်တတ်ကြသည်။
ထိုအချိန်မျိုးမှာ တရားဒေါသဟူ၍ အမျက်ဒေါသထွက်ကာ မိမိတရားပျက်တတ်သည်။ ထိုနှောက်ယှက်ခြင်းမျိုးအား
ကာကွယ်နိုင်ဖို့ ကိုယ့်တရားကိုကိုယ်နိုင်ဖို့လိုလိမ့်မည်။ မိမိယုံကြည် သက်ဝင်သည့်တရားအကြောင်း
ပိုင်ပိုင်နိုင်နိုင် သိကျွမ်းဝင်နေရပေမည်။ သို့မှသာလျှင် ခရစ်တော်ကဲ့သို့ တရားလမ်းဖြင့်ပြန်လည်ခုခံနိုင်ပေမည်-
သင်၏အရှင် ထာဝရဘုရားသခင်ကို စုံစမ်းခြင်းမပြုရဟူ၍ ကျမ်းစာတော်မြတ်၌ရေးထားလေသည်။
မိတ်ဆွေ။
အထက်ပါနှောက်ယှက်ခြင်းသုံးခုအား တရားဖြင့်ပုံဖော်ထောက်ရှု့ထားသော်လည်း မိမိတို့ဘ၀တိုင်းအတွက်
ကိုးစားပြုထားပါသည်။ မိမိတို့ကိုယ်တိုင် ကြုံတွေ့နေရသည့် အခက်ခဲ၊ အနှောက် အယှက်များကို
အစားသွင်းပြီးထောက်ရှု့ကြည့်ပါကလည်း ဤအဖြေ ဒါမှမဟုတ် ဤအဖြေနှင့် ခပ်ဆင်ဆင်သာတွေ့ရပါလိမ့်မည်။
နောက်ဆုံးတူညီသည်ကတော့ မိမိဘ၀မှာ ဘုရားရှိလျှင် ဒုက္ခသည်ပင် သုခဖြစ်ရပါသည်။ ဒုက္ခဆိုသည်မှာ
ဘ၀ရဲ့အမှန်တရားတစ်စိတ်ဖြစ်နေ၍ ရှောင်လွဲဖို့ထက် အောင်နိုင်ဖို့က ပို၍အရေးကြီးပါသည်။
ကျွန်ုပ်တို့တတွေသည် ၀ိညာဉ်တော်မြတ်ဖြင့် ပြည့်ဝနေလျှင်၊ ၀ိညာဉ်တော်မြတ်၏ ဦးဆောင်ရာသို့
နှိမ့်ချစွာလိုက်နိုင်လျှင် ကြုံလာအခက်ခဲ၊ အနှောက်ယှက်တို့သည်လည်း သာမာန် မြက်ပင်လေးများပင်ဖြစ်လာပါလိမ့်မည်။
မြက်ပင်မြက်ခင်းပေါ်မှာကဲ့သို့ ကျွန်ုပ်တို့၏ဒုက္ခများပေါ်တွင်လည်း ပြေးကစားနိုင်လာပါလိမ့်မည်။
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment