Saturday, 2 February 2013

သူငယ်တော်အား ဗိမာန်တော်၌ ပူဇော်အပ်နှံခြင်း



ရှင်လုကာ (၂း ၂၂-၄၀)၌ သူငယ်တော်အား ဗိမာန်တော်၌ ပူဇော်အပ်နှံသည့် အကြောင်းအရာ ဖြစ်စဉ်အား ပြောပြထားလေသည်။ ထိုကျမ်းပိုဒ်၌ ကျွန်ုပ်တို့ ခရစ်ယာန် ဘာသာဝင်များ အတွက် မှတ်သားနာယူစရာ အဓိက အချက်သုံးခုကို ထင်ပေါ်အောင်ရေးသား ထားသည်ကို တွေ့ရသည်။ ပထမ အချက်အနေဖြင့် မိုးဇယ်၏ ပညတ် ဥပဒေဟာ သန့်ရှင်းသော အိမ်ထောင်စုအပေါ်၌ သက်ရောက်ဆဲ ဖြစ်သည့် အလျောက် ဇူဇယ်၊ မာရိယာနှင့် ခရစ်တော်တို့သည်လည်း ထိုဥပဒေကို လိုက်နာ ကျင့်ကြံနေကြောင်းတွေ့ရမည်။ ဒုတိယအနေဖြင့် စီမေအွန် အမည်ရှိ ဘုရားတရား ကြည်ညိုသောသူ ဖြစ်ပြီး ပရော်ဖက် ဆန်ဆန်ရှိလှသည့် ပုဂ္ဂိုလ်ကို ထင်ထင်ပေါ်ပေါ်တွေ့ရမည်။ တတိယအနေဖြင့် ခရစ်တော်၏ အနာဂတ်နှင့် အတူ မယ်တော်သခင်မ၏ အနာဂတ်ကိုလည်း ဗျာဒိတ် ရှိကြောင်း တွေ့ရမည်။ ထို့အပြင် အန္နာအမည်ရှိ ပရော်ဖက်မ တစ်ဦး၏ ဇွဲလုံလနဲ့ စောင့်မျော်ခြင်းကိုလည်း ဖြည့်ဆည်းပေးကြောင်း တွေ့မြင် ရပေမည်။

ထွက်မြောက်ရာကျမ်း (၁၃း ၁၄)တွင် မိုးဇယ်မှ တဆင့် အိစ္စရေးလူမျိုးတို့အား ကျွန်ဘ၀မှ ကယ်တင်ခြင်းအတွက် အီဂျစ်ပြည်နယ်တွင် ဖြစ်ပျက်ခဲ့သမျှအား အမှတ်ယူ၍ သူတို့ ဘ၀ တလျှောက်လုံး ဘုရားသခင်အား မမေ့စေရန် သားဦး ဟူသမျှကို ဘုရားသခင်အား ဆက်ကပ်ဖို့ တောင်းဆို ခဲ့လေသည်။ နောင်လာ နောင်သားများ မေးလာသောအခါ ဤအဖြစ်ပျက်တွေကို ပြောပြစေ၍ ဘုရားသခင်၏ အာနုဘော်ကို ယုံကြည် မှတ်သားစေသလို ဘုရားသခင်ကိုလည်း ချစ်ခင် မြတ်နိုးစေသည်။ သို့ဖြစ်၍ ထိုသို့ သားဦး ပူဇော်အပ်နှံခြင်းသည် ဂျူး လူမျိုးတို့အတွက် ယုံကြည်ခြင်း ဓလေ့ တစ်ခု ဖြစ်လာခဲ့ပေသည်။ ထို့အပြင် လိုက်နာစောင့်ထိန်း ရမည့် မိုးဇယ်၏ တရားကျမ်း အဖြစ်လည်း မှတ်ယူ ထားလေသည်။ ထိုကြောင့် မိုးဇယ်၏ ပညတ် ဥပဒေဟာ သန့်ရှင်းသော အိမ်ထောင်စု အပေါ်၌ သက်ရောက်ဆဲ ဖြစ်သည့် အလျောက် ဇူဇယ်၊ မာရိယာနှင့် ခရစ်တော်တို့သည်လည်း ထိုဥပဒေကို လိုက်နာ ကျင့်ကြံနေကြလေသည်။ သာမာန် ပြည်သူ ပြည်သားများ အတွက် ဥပဒေကို လိုက်နာ ကျင့်သုံးခြင်းသည် ပြည်သူ ပြည်သားကောင်း တစ်ဦးဟု မှတ်ယူ ရပေမည်။ သို့သော်လည်း ဂျူး လူးမျိုးတို့တွင် ထိုထက် ပို၍ အဓိပာယ် ရှိသည်။ ထို ဥပဒေအားဖြင့် ဘုရားသခင်ကို ဖန်းဆင်းရှင်၊ မိမိတို့ ဘ၀ ပိုင်ရှင်၊ ကယ်တင်ရှင် စသဖြင့် မီးမောင်း ထိုးပြနေရုံ သာမက ထိုအရာများသည် ရှေးယခင်ခေတ် ကာလကတည်းက ဘိုးဘေးတို့နှင့် ဘုရားသခင်၏ အရင်းနှီးဆုံး ထိတွေ့မှု့၊ ဆက်နွယ် မှု့တွေကို ရောင်ပြ ဟပ်စေသည်။ ထိုကြောင့် မိုးဇယ်၏ ဥပဒေ တရားများသည် ဘ၀အတွက် သာမက၊ ၀ိညာဉ်ရေး အတွက်ပါ မရှိမဖြစ် လိုအပ်ပေသည်။ အသက် ၀ိညာဉ်ပေးလေသည်။ ထို ဥပဒေ တရားအားဖြင့် ကယ်တင်ရှင် မက်စီးယားနှင့် ဆက်စပ်စေသည်။ ခရစ်တော်သည် ကယ်တင်ခြင်း ခံလူသားများ၏ သားဦး ဖြစ်ပေသည်။ သေလွန် သူတို့မှ ရှင်ပြန် ထမြောက်ရာတွင် ပထမဆုံး သားဦး ဖြစ်ပေသည်။

စီမေအွန် အမည်ရှိ ဘုရားတရား ကြည်ညိုသောသူ ဖြစ်ပြီး ပရော်ဖက် ဆန်ဆန် ရှိလှသည့် ပုဂ္ဂိုလ်ကြီးသည် ထာဝရ ဘုရားသခင်၏ ခရစ်တော်ကို မဖူးမြင်ရဘဲ သေခြင်းသို့ မရောက် ရဟူ၍ ၀ိညာဉ်တော်မြတ်ထံမှ ဗျာဒိတ် ရထားသူ ဖြစ်ပေသည်။ ထိုကြောင့် ဘုရားကျောင်း ဗိမာန်၌ အမြဲရှိနေပြီး သူငယ်တော်၏ အလာကို စောင့်မျှော်နေသူ ဖြစ်ပေသည်။ သည့်အတွက်ကြောင့် သူငယ်တော်အား ဗိမာန်တော်၌ ပူဇော် အပ်နှံဖို့ ရောက်လာသောအခါ ၀ိညာဉ်တော် ဘုရားသည် သူ့အား ညွှန်ပြပေသည် ဖြစ်၍ သူငယ်တော်နှင့် ပတ်သက်၍ ပရော်ဖက်ကဲ့သို့ ဗျာဒိတ် ပင်ဟောပြောနိုင်စွမ်း ရှိလေသည်။ သူသည်လည်း သူငယ်တော်အား ပွေ့ချီ၍ ဘုရားသခင်အား ကျေးဇူးတင် ချီးမွမ်းလေ၏။ သူ၏ လုပ်ရပ်များနှင့် အပြောအဆိုများမှာ မယ်တော်နှင့် ဇူဇယ်အား အံ့အား သင့်စေ၏။ ဘုရားသခင်၏ စီမံရာ၌ နစ်မြော ခဲ့ရလေသည်။ စီမေအွန်သည် ကယ်တင်ခြင်းကို စောင့်စားနေသူ အားလုံး အားကိုးစားပြုနေသည်။ ကတိတော် ဖြည့်ဆည်းရာ သက်သေခံ တစ်ဦး ဖြစ်ပေသည်။ ခရစ်တော်သည်ပင် ဘုရားသခင်၏ ကတိတော် (မက်စီးယား) ဆိုသည်ကို သက်သေခံလေ၏။ ဤအမှု့ဆောင်သည် ကျွန်ုပ်တို့ ခရစ်ယာန် အားလုံးအတွက် ယနေ့ခေတ် ကာလတွင် ပြုလုပ်ရမည့် အရာ ဖြစ်ပေသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့ ခရစ်ယာန် အားလုံးသည် ဆေးကြောခြင်း မင်္ဂလာအားဖြင့် ခရစ်တော်၏ ရှင်ဘုရင် အမှု့ဆောင်၊ ရဟန်း အမှု့ဆောင်နှင့် ပရော်ဖက် အမှု့ဆောင်တို့တွင် ပါဝင်ခွင့် ရရှိလာခြင်း ဖြစ်သောကြောင့်ပါ။ ရှင်ဘုရင် အမှု့ဆောင်သည် ခရစ်တော်နှင့် အတူ ခရစ်တော်ကဲ့သို့ (ငါသည် လမ်းဖြစ်၏) မိမိနှင့် နီးစပ်သူများအား လမ်းပြ ဦးဆောင်ပေးနိုင် ရပေမည်။ ရဟန်း အမှု့ဆောင်သည်လည်း ခရစ်တော်ကဲ့သို့ ခရစ်တော်နှင့် အတူ (ငါသည် အသက်လည်းဖြစ်၏) မိမိနှင့် နီးစပ်သူများအား ဘ၀အသက်၊ အဓိပာယ်များ ပေးနိုင် ရပေမည်။ ထို့နည်းတူ ပရော်ဖက် အမှု့ဆောင်သည်လည်း ခရစ်တော်ကဲ့သို့ ခရစ်တော်နှင့် အတူ (ငါသည် အမှန်တရားဖြစ်၏) မိမိနှင့် နီးစပ်သူများကို အမှန်တရားအား ညွှန်ပြနိုင် ရပေမည်။ မှန်ရာကို သစ္စာခံ၍ အမှန်ကို ထုတ်ပြောနိုင်ရပေမည်။

စီမေအွန်သည် ခရစ်တော်၏ အနာဂတ်နှင့်အတူ မယ်တော်သခင်မ၏ အနာဂတ်ကိုလည်း ဗျာဒိတ်ရှိကြောင်းကို ဟောပြောနေကြောင်းတွေ့ ရဦးမည်။ အမှန်စင်စစ် ဆိုရလျှင် ဓမ္မဟောင်း ကျမ်းတစ်ခုလုံး၌ ခရစ်တော် အကြောင်းနှင့်အတူ ခရစ်တော် လူ့အဖြစ်၌ အသက်ရှင်ရာတွင် ဖြစ်ပျက်မည့် အရာများကို ဟောပြောထားပြီး ဖြစ်လေသည်။ ထိုအဖြစ်အပျက်များကို စီမေအွန်က ထပ်မံဟောပြောခြင်း အားဖြင့် ဤသူငယ်တော်သည် ခရစ်တော် (မက်စီးယား) ဖြစ်ကြောင်း၊ ဂျူးလူမျိုးများနှင့် တလောက လုံးအတွက် ကယ်တင်ရှင်ဖြစ်ကြောင်း ထပ်မံ အတည်ပြုခြင်း ဖြစ်ပေသည်။ စီမေအွန်အားဖြင့် ဘုရားသခင် ကတိပေးရာ မက်စီးယား အရှင်သည် ဤနေ့ ဤအချိန်မှာ လူ့အဖြစ်ယူ၍ ဖွားမြင်လာကြောင်းကို သက်သေ ထူလေသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ ဘ၀မှာ ဤသူငယ်တော်အား လုံးဝ ယုံကြည်စိတ်ချနိုင်ရန် ဖြစ်ပေသည်။ မယ်တော်သခင်မသည်လည်း သူမ၏ သားတော်နှင့် ပတ်သက်၍ ခံစား လာရမည့် ဝေဒနာများကို ကြိုတင်ဟောပြော ခဲ့လေသည်။ အထူးသဖြင့် မယ်တော်၏နှလုံးသားကို သန်လျက် ထိုးဖောက်ခံရမည့် အချက်ပင် ဖြစ်ပေသည်။

နောက်ဆုံး အနေဖြင့် ပရော်ဖက်မ အန္နားသည် ဗိမာန်တော်ထဲ၌ ၀တ်ပြု ကိုးကွယ်ခြင်းလျက် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်း အမှု့တို့ကို နေ့စဉ် ပြုလုပ်နေသူ ဖြစ်ပေသည်။ သူမ၏ မျှော်လင့်ချက်မှာလည်း ထိုအချိန် နာရီကို စောင့်မျှော်နေသူ ဖြစ်ပေသည်။ ဘုရားသခင်အား ဖူးမျှော်ရန် အခွင့်ကို စောင့်စားလျက် ရှိသူ ဖြစ်ပေသည်။ ဤအဖြစ်မှာ ကျွန်ုပ်တို့ ယနေ့ လူသား တို့၏မျှော်လင့်ခြင်းပင် ထပ်တူ ကျနေပေသည်။ ခရစ်တော်၌ ယုံကြည်လျက် ခရစ်တော် ကိုယ်တော်တိုင် ထပ်ဆင့် အာမခံခဲ့သည့် အနာဂတ် သုခချမ်းသာကို ရရှိရန်၊ ထာဝရ အသက်ကို ရရှိရန် မျှော်လင့်နေကြသူများ ဖြစ်ပေသည်။ ခရစ်တော်ကို မည်သည့်နေရာတွင် မည်ကဲ့သို့ ဖူးမျှော်နိုင် ပါမည်နည်း။ အငယ်ဆုံးသော ငါ၏ ညီအစ်ကိုကို သင် ဆက်ဆံလျှင် ငါ့ကို ဆက်ဆံ၏။

သူငယ်တော်အား ဗိမာန်တော်၌ ပူဇော်အပ်နှံခြင်းသည် ကျွန်ုပ်တို့အတွက် ခွန်အား ယူစရာများနှင့် အတူ တရားယူစရာများပင် ဖြစ်ပေသည်။ ကျွန်ုပ်တို့၏ ဘ၀တလျှောက်၌ ခရစ်ယာန် ဘ၀အသက်တာ၌ ရှင်သန်နိုင်ရန် ခွန်အားများ ထပ်မံပေးနေလေသည်။ သို့ဖြစ်၍ မိတ်ဆွေများ တရားယူနိုင်ပါစေ။ အာမင်။

ကိုရင် (ဒိုမီနီကန်)


No comments:

Post a Comment