Sunday, 15 June 2014

နှစ် ၅၀၀ ပြည့်ဂျူဗလီပွဲတော်သို့ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်အား ပါဝင်စေလို


မြန်မာနိုင်ငံသို့ ကက်သလစ်ခရစ်ယာန်သာသနာတော်ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၅၀၀ပြည့်နေပါပြီ။ ထို့ကြောင့် လွန်ခဲ့သည့် ၂၀၁၃ နိုဝင်ဘာလ ၂၃ ရက်နေ့မှစတင်ကာ ၂၀၁၄ နိုဝင်ဘာလအထိ တစ်နှစ်လုံးကို မြန်မာနိုင်ငံကက်သလစ်သာသနာ၏ ဂျူဗလစ်နှစ်အဖြစ် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဗဟိုကော်မတီအဖွဲ့ဝင် ဆရာတော်ကြီးများက ကြေငြာခဲ့ပါတယ်။

ထိုကြေငြာချက်နှင့်အတူ မြန်မာနိုင်ငံရှိ ကက်သလစ်ခရစ်ယာန်ဆရာတော်ကြီးများ၊ ရဟန်းတော်များ၊ သီလှရှင်များနှင့်အတူ ဘာသာဝင်များဟာ ပွဲတော်ကြီးဖြစ်မြောက်ရေးအတွက် အားသွန်ခွန်စိုက် ကူညီလုပ်ဆောင်နေကြပါတယ်။ အခြားသော ဘာသာရေးဆိုင်ရာလှုပ်ရှားမှုတွေဖြစ်တဲ့၊ ကက်သလစ်အနုပညာရှင်များအသင်း၊ ဘုရားဖူးခရီးစဉ်များအတွက် အေဂျင်စီများ၊ လွတ်လပ်တဲ့ သတင်းလှုပ်ရှာမှုများ စသဖြင့် လုပ်ဆောင်နေကြပါတယ်။ ဂျူဗလီနှစ်အတွင်း ကျေးဇူးတော်ချီးမွမ်းခြင်း မစ္ဆားတရားတော်များ၊ ပြန်လည်သင့်မြတ်ခြင်းအခမ်းအနားများ၊ သာသနာ့သမိုင်းအကြောင်း ဟောပြောခြင်းနှင့် သမ္မာကျမ်းစာလေ့လာဝေမျှခြင်းများ ပြုလုပ်ကြရန်အတွက်လည်း မြန်မာပြည်ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်မှ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဂျူဗလီပွဲတော်ကြီးအား  ရန်ကုန်မြို့ရှိ စိန်မေရီကက်သီဒြယ်ကြီးနှင့် အောင်ဆန်းအားကစားတွင် စည်ကားသိပ်မြိုက်စွာ ကျင်းပရန် စီစဉ်ကြိုးပမ်းလျက်ရှိပါတယ်။ ထိုပွဲတော်ကြီးတွင် တကမ္ဘာလုံးဆိုင်ရာ ကက်သလစ်အသင်းတော်ကြီး၏ ခေါင်းဆောင်ကြီးဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်ကိုလည်း ဖိတ်ကြားရန် စီစဉ်ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါတယ်။ ထိုကြိုးပမ်းချက်အဖြစ် သာသနာရေးဝန်းကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ် (သံအမတ်) ဆရာတော်ကြီး Paul Tschang In Nam မှသွားရောက်တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါတယ်။ ထိုတွေ့ဆုံဆွေးနွေးအပြီး မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် ဥက္ကဌဆရာတော်ကြီး ဂျွန်မန်းဆိန်းဟှီ က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ စိန်အန်ထော်နီ ကက်သလစ် ဘုရားရှိခိုးကျောင်းတွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံသို့ ကက်သလစ်ခရစ်ယာန်ဘာသာရောက်ရှိခြင်း နှစ် ၅၀၀ ပြည့် အထိမ်းအမှတ် သမိုင်းစာတမ်းဖတ်ကြားခြင်း အခမ်းအနားတွင် မိန့်ဆိုအတည်ပြုခဲ့ပါတယ်။

မနောအောင်


No comments:

Post a Comment