Saturday, 14 June 2014

သန့်ရှင်းသော ပုဂ္ဂိုလ်သုံးပါးပွဲနေ့ကြီး


သံယောဟန် ၃း၁၆-၁၈
၅ရာစုအတွင်းက ဓမ္မသင်္ဂြီုလ်ပညာရှင်ကြီး စိန်သြဂက်စတင်းက သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါး၏ နက်နဲဖွယ်ရာကို စဉ်းစားတွေးခေါ်ကြည့်ရင်း ပင်လယ်ကမ်းရိုးတန်းတလျှောက်သို့ လမ်းလျှောက်ထွက်သွားပါသတဲ့။ အဲဒီလို ကမ်းရိုးတန်းမှာ လမ်းလျှောက်နေစဉ်မှာပဲ လူငယ်လေးတစ်ယောက်က ကမ်းခြေမှာ ပေအနည်းငယ်နက်တဲ့ လက်ယက်တွင်းလေးတူးထားပြီး ပင်လယ်ထဲကရေတွေကို သဲကြီးမဲကြီးခပ်ထည့်နေတာကို တွေ့လိုက်ပါသတဲ့။ ဒါနဲ့ဓမ္မပညာရှင်ကြီးလည်း ကြည့်မနေနိုင်ဘဲ အဲဒီလူငယ်လေးကို ဘာလုပ်နေတာလဲလို့ မေးလိုက်ပါတယ်။ ဒီတော့လူငယ်လေးက - ကျွန်တော်လား၊ အဲဒီပင်လယ်ထဲကရေတွေကို ဟောဒီကျွန်တော့်ရဲ့ ကန်လေးထဲကို ပြောင်းထည့်နေတာလေ- လို့ဖြေလိုက်ပါတယ်။ ဒါနဲ့ ပညာရှင်ကြီးသြဂက်စတင်းက - ဒါဟာ လုံးဝမဖြစ်နိုင်တာပဲလို့လူငယ်လေးကို ပြောလိုက်ပါတယ်။ ဒီတော့ လူငယ်လေးကလည်း - ဟုတ်တယ်လေ၊ မဖြစ်နိုင်ပါဘူး။ သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါး၏နက်နဲရာကို သင်စဉ်းစားတွေးခေါ်တာ မဖြစ်နိုင်သလိုပေါ့ဗျာ- ဟုပြန်လိုက်ပါတယ်။

ဒီပုံပြင်လေးဟာ မရိုးနိုင်အောင်ထပ်ခါထပ်ခါပြောနေရတဲ့ စိန်သြဂက်စတင်းရဲ့ ပုံပြင်တစ်ခုဖြစ်ပြီး ကျွန်တော်တို့နှင့် ဘုရားသခင်အကြား ခြားနားချက်ကိုထောက်ပြနေတဲ့ အမှန်တရားတစ်ခုလည်း ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ပုံသာန်နှင့်ဆင်တူ ဖန်းခံရပြီး ဘုရားဇာတိတော်၌ ကျွန်တော်တို့ရဲ့ ဦးနှောက်အသိာဏ်နှင့် နှလုံးသားဖြင့် ရှင်သန်နေထိုင်နိုင်ကြတဲ့အတွက် ဘုရားသခင်နှင့်စပ်လျဉ်းတဲ့ နက်နက်ဖွယ်ရာအချို့ကို ကျွန်တော်တို့သိရှိနေကြသော်လည်း လုံးဝအပြည့်အစုံတော့ မသိရှိနိုင်ကြပါဘူး။ ဒါဟာ ကျွန်တော်တို့လူသားများအတွက် တမ်းတမက်မောဖွယ်ရာ နက်နဲရာအချက်ပင် ဖြစ်နေပါတယ်။
လူတွေကို သိပ္ပံလောကထဲမှာ ခေတ္တကြည့်လိုက်ပါ။ ၎င်းတို့စိတ်ဝင်စားရာ ဘာသာရပ်ဆိုင်ရာတွေရဲ့ နက်နဲဖွယ်ရာ၊ အံ့သြဖွယ်ရာများစွာမှာ တပ်မက်ကြလွန်း၍ အတိုင်းအတာတစ်ခုရောက်သည်အထိ ကြိုးစားရင်း သိရှိလာခဲ့ရတာတွေ ကျွန်တော်တို့ကမ္ဘာမှာဒုနှင့်ဒေးပါပဲ။ ဇီဝဗေဒလား၊ ဘုမိဗေဒလား၊ ဓါတုဗေဒလား၊ ရူပဗေဒလား အစရှိသည့်ဗေဒများစွာနှင့် နောက်ဆုံး နည်းပညာတွေပါ သူ့အတိုင်းတာနှင့်သူ တမ်းတမက်မောဖွယ်ကောင်းနေလို့ လူတွေဆက်လက်လေ့လာနေကြဆဲပါ။ သို့ပေမယ့်လည်း ဒါတွေဟာ ဘုရားသခင်ပေးထားတဲ့ ဦးနှောက်ဉာဏ်နဲ့ရှာဖွေနေရတယ်ဆိုတာ သတိထားမိဖို့လိုအပ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ဟာ နှလုံးသားနဲ့ခံယူတတ်ပြီး ကမ္ဘာအတွက် ကောင်းကျိုးဆိုးကျိုးတွေကို စဉ်းစားမိမှာ ဖြစ်ပါတယ်။

စဉ်းစားကြည့်ပါ။- ဘုရားသခင်ဟာ သိပ္ပံလောကထဲက နက်နဲဖွယ်ရာတွေထက် ပိုပြီး နက်နက်လှတယ်ဆိုတာ ကျွန်တော်တို့လူသားတွေ သတိထားမိရဲ့လား။ လူသားတွေရဲ့ စူးစမ်းရှာဖွေခြင်းအငတ်တရားကို ဘုရားသခင်ရဲ့ နက်နဲဖွယ်ရာတွေနဲ့ ဖြည့်ဆည်းပေးနေတယ်ဆိုတာကော သတိထားမိပါရဲ့လား။ ဥပမာ- စိန်သြဂက်စတင်းကိုသာ ကြည့်လိုက်ပါ။ သူဟာ စူးစမ်းလေ့လာလိုစိတ်ပြင်းထန်လွန်းလို့ သူမလုပ်ဖူးတာ မရှိသည့်တိုင်အောင် အကုန်လေ့လာခဲ့ပါတယ်။ နောက်ဆုံး သူရဲ့ စူးစမ်းစိတ်အငတ်တရားကို ဘုရားသခင် ဖြည့်ဆည်းပေးမှသာ ကျေနပ်ခဲ့ရပါတော့တယ်။ တကယ်တော့ လူတွေအားလုံး ဘုရားသခင်ကို ရှာဖွေနေကြတာပါပဲ။ နက်နဲလွန်းလို့ ကမ္ဘာဦးအစကတည်းက ယနေ့အချိန်ထိ ထိုရှာဖွေခြင်း အဆုံးမသပ်နိုင်သေးပါဘူး။ ဒါကြောင့် ကက်သလင်းအသင်းတော်ရဲ့ သွန်သင်ချက်မှာ - လူသားတို့၏ ရှာဖွေခြင်း ဥဿုံနှင့် နောက်ဆုံးပန်းတိုင်ဟာ ဘုရားသခင်သာ ဖြစ်သည်ဟု ကျွေးကြော်သွန်သင်ထားပါတယ်။

လူ့ဘ၀ဟာ ဘုရားသခင်ကိုသိရှိဖို့ရန်နှင့် ချစ်ဖို့ရန်ဖြစ်ပါတယ်။ ထိုသိရှိခြင်းနှင့် ချစ်ခြင်းမေတ္တာ၌သာ ကျွန်တော်တို့တတွေ အချင်းချင်းသိရှိကြမှာဖြစ်ပြီး ချစ်ခင်ကြမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ဘုရားသခင်ကို သိရှိဖို့နှင့် ချစ်ဖို့ ကျွန်တော်တို့တတွေ ဘုရားသခင်၏အကြောင်းကို နေ့စဉ်ရှာဖွေနေကြရမှာ ဖြစ်ပါတယ်။ ဒီရှာဖွေခြင်းမှာ ကျွန်တော်တို့ဘ၀အတွက် ရှင်သန်စရာ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ တချိန်တည်းမှာပဲ ကျွန်တော်တို့ဘ၀အတွက် အခြေခံတရားများနှင့် နိယာမတွေကို ထုတ်ပေးနေသဖြင့် လက်ရှိဘ၀ကို ရှင်သန်ထိုက်စေအောင် ဖန်တီးပြုပြင်ယူနိုင်ပါတယ်။

ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်သည် မိမိကိုယ်ကို ဖန်ဆင်းရှင်၊ ထာဝရဘုရား၊ အနန္တတန်ခိုးတော်နှင့်ပြည့်စုံသည့် ဘုရား၊ တရားမျှတသည့်ဘုရား၊ စသဖြင့် ထုတ်ဖော်ပြသခဲ့ပါတယ်။ ထိုဓမ္မဟောင်း၏အမြင့်ဆုံးသောဖော်ပြခြင်းတွင် ဧမာနုအဲလ်ဟူသော ကယ်တင်ရှင်မက်စီးယား၏ ဟောပြောချက်ပင်ဖြစ်ပါတယ်။ ကယ်တင်ရှင်မက်စီးယားမှာ ဘုရားကိုယ်တော်တိုင် လူ့အဖြစ်ကိုယူ၍ လူသားအားလုံးကို ကယ်တင်ဖို့ လူတွေနားလည်နိုင်သည့်နည်းလမ်းဖြင့် စစ်မှန်သည့် ထာဝရလမ်း၊ အမှန်တရားနှင့် မေတ္တာတရားတို့ကို ကိုယ်တိုင်ကျင့်ကြံလမ်းပြပေးသူဖြစ်ပါတယ်။ ထိုဟောပြောချက်အတိုင်း ယေဇူးခရစ်တော်သည် လူ့အဖြစ်ကိုယူခဲ့ပြီး ကောင်းကင်နိုင်ငံ၏တရားတော်ကို ဟောပြောသက်သေခံပြီး ဘုရားနှင့်ဆိုင်ရာနက်နဲဖွယ်ရာများကို ထုတ်ဖော်ပြခဲ့ပါတယ်။ ထိုထုတ်ဖော်ပြသခြင်းတွင် ဘုရားသခင်သည် ကျွန်ုပ်တို့လူသားများအား ဖန်ဆင်းပြီးကတည်း ဘယ်တော့မှ စွန့်ပစ်မထားဘဲ တနည်းမဟုတ် တနည်းကြည့်ရှု့စောင့်ရှောက်နေပြီး အန္တရာယ်များမှ ကယ်တင်ပေးနေသည်ကို သိနိုင်ပါတယ်။ ခရစ်တော်ဟာ ကောင်းကင်ဘုံသို့တက်ကြွတော်မူပြီး ကျွန်ုပ်တို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို စေလွှတ်ပေးခြင်းအားဖြင့် ကျွန်ုပ်တို့ကို လမ်းညွှန်ဦးဆောင်နေပါတယ်။ ထိုဝိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့အား အားလုံးသောအမှန်တရားဆီကို ဦးဆောင်လမ်းပြသွားမည်ဟု ခရစ်တော်၏ယနေ့ တရားတော်တွင်ဖော်ပြထားပါတယ်။ ဤသည်ပင် ကျွန်ုပ်တို့၏အသက်ရှင်ရခြင်း အဓိပ္ပာယ်ခရီးပင် ဖြစ်ပါတယ်။ 

သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါးသည် ကျွန်ုပ်တို့ဘ၀၏ တစ်ခုတည်းသော၊ စစ်မှန်သော အတုယူစရာဖြစ်သလို၊ တစ်ခုတည်းသော ရှင်သန်ရာဘ၀အဓိပ္ပာယ်ပင်ဖြစ်ပါတယ်။ ဘုရား (ပုဂ္ဂိုလ်သုံးပါး)သည် ကျွန်ုပ်တို့ကို ဘုရားဇာတိနှင့်အတူ၊ ၎င်းတို့ဖြင့်ပုံစံတူ၊ အသွင်တူ သဏ္ဍန်တူဖန်ဆင်းခဲ့၍ ကျွန်ုပ်တို့တတွေဟာ ဘုရားဇာတိနှင့်ဆိုင်ရာ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း၊ ချစ်ခြင်းမေတ္တာ စသည့်အရာများကို တမ်းတမက်မောကြ၍ ရှာဖွေနေကြခြင်းဖြစ်ပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့တစ်ဦးစီတိုင်းတွင် ဂုဏ်သိက္ခာရှိပြီး အခြေခံလူ့အခွင့်ရေးများ ရှိနေပါတယ်။ 
သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါဟာ တစ်ပါးနှင့်တစ်ပါး အတွင်းကျကျ ချစ်ခြင်းမေတ္တာပေါ်မှာ အခြေတည်ပြီး ပေါင်းစီးနေခြင်းဖြစ်ပါတယ်။ 

ထိုကြောင့် ဘုရားဇာတိမှာ ဖန်ဆင်းခံရသည့်လူတွေဟာလည်း တစ်ဦးနှင့်တစ်ဦး အတွင်းကျကျ မေတ္တာတရားဖြင့် ရောနှောဆက်ဆံကြဖို့လိုပါတယ်။ သဘာဝ အလျောက်လည်း ထိုကဲ့သို့ ရောနှောဆက်ဆံတတ်သည့်သတ္တ၀ါများဖြစ်ပါတယ်။ ဒီလိုရောနှောဆက်ဆံ ပူးပေါင်းဆောင်ရွက်မှသာလျှင် ကျွန်ုပ်တို့ရဲ့လူ့အသိုင်းဝိုင်းကြီးဟာ တိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ခရစ်ယာန်ဘ၀ဆိုတာ ထိုကဲ့သို့ လူ့ဂုဏ်သိက္ခာနှင့် အခြေခံအခွင့်အရေးများအပေါ်မှာ တရားမျှတခြင်း၊ တန်းတူညီတူ ဆက်ဆံခြင်း၊ ချစ်ခြင်းမေတ္တာထားခြင်းတို့ဖြင့် ရှင်သန်နေပြီး အချင်းချင်းရိုင်းပင်းကူညီရင်း ရောနှောဆက်ဆံ ပူးပေါင်းကာ ကျွန်ုပ်တို့လောကကြီးကို ကောင်းသထက်ကောင်းအောင် ဖန်တီးသူများ၏ဘ၀ပင် ဖြစ်ရပါမယ်။ 

ဒီတော့ ကျွန်တော်တို့တတွေဟာ ဘုရားသခင်ကိုရှာဖွေရာမှာ စိန်သြဂက်စတင်းရဲ့ ပုံပြင်လေးလိုပဲ ပင်လယ်ထဲကရေတွေကို မိမိတို့ရဲ့ လက်ယက်တွင်းထဲ ပြောင်းထည့်ဖို့မဟုတ်ပါဘူး။ သို့ပေမယ့်လည်း ကျွန်တော်တို့တတွေဟာ ဘုရားသခင်၏ပုံသဏ္ဍာန်ဆင်တူနေကြောင်း၊ ဘုရားသခင်၏ ဇာတိတော်၌ ရှင်သန်နေကြကြောင်းကို တနေ့ထက်တနေ့ ပိုမိုသိရှိလာကာ ပုဂ္ဂိုလ်သုံးပါဘုရားတစ်ဆူကို ဘ၀၏စံနမူနာထား၍ ရှင်သန်သွားကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဘ၀ဟာ ဘုရားသခင်ကို သိရှိဖို့နှင့် ချစ်ဖို့ရန် ဖြစ်ပြီး ဘုရားသခင်ဟာ ကျွန်တော်တို့ရှာဖွေခြင်းရဲ့ ဥဿုံပန်းတိုင်ဖြစ်မယ်ဆိုလျှင် ထိုရှာဖွေခြင်းပန်းတိုင်ကို တိုင်းတာပေးတာ ကျွန်တော်တို့ရဲ့ ကောင်းမြတ်တဲ့ လုပ်ရပ်တွေသာ ဖြစ်ပါကြောင်း ဝေမျှလိုက်ပါတယ်။

ကိုရင် (ဒိုမီနီကန်)


No comments:

Post a Comment