သံယောဟန် (၆း၅၁-၅၈)
ယနေ့ ကက်သလစ်အသင်းတော်အတွင်း၌ နက်နဲရာအထွဉ်အထိပ်ဖြစ်တဲ့ ကိုယ်တော်မြတ်ပွဲတော်ကြီးကို ရှေးဦး ခရစ်ယာန်တို့၏ယုံကြည်ခြင်းအတိုင်း သက်သေခံကျင်းပလျက်ရှိပါတယ်။ ကိုယ်တော်မြတ်ပွဲတော်ကြီးအားဖြင့် အသင်းတော်နှင့်အတူ ယေဇူးခရစ်တော်အမြဲတမ်းရှိနေကြောင်းကို လုံးဝယုံကြည်သက်သေခံနေကြပါတယ်။ ရဟန်းတစ်ပါး၏ မစ္ဆားတရားပူဇော်ရာတွင် ယေဇူးခရစ်တော်ကိုယ်တော်တိုင် ထိုရဟန်းနှင့်ပေါင်းစပ်ကာ မုန့်နှင့်စပျစ်ရည်သန့်အား သူ၏နက်နဲဖွယ်ရာ အသားတော်နှင့်အသွေးတော်အဖြစ်သို့ ပြောင်းလဲဖန်ဆင်းကာ အသင်းတော်အတွင်းရှိ သူ၏သိုးစုအား နေ့စဉ်ကျွေးမွေးစောင့်ရှောက်နေပါတယ်။ ထိုမုန့်တော်သည် ခရစ်တော်၏ခန္တာကိုယ်စင်စစ်ဖြစ်ကြောင်းလည်း ကက်သလစ်အသင်းတော်မှ သက်သေခံလာခဲ့သည်မှာ ရှေးဦးခရစ်ယာန်တို့အချိန်ခါကတည်းပင်ဖြစ်ပါတယ်။
ထိုမုန့်တော်နှင့် စပျစ်ရည်ဟာ ခရစ်တော်၏အသားတော်နှင့် အသွေးတော်အဖြစ်ပြောင်းလဲဖန်းဆင်းခံရကာ ခရစ်တော်၏ခန္တာကိုယ်စင်စစ်ဖြစ်ကြောင်း လူတိုင်းအတွက်ယုံကြည်လက်ခံရန် ခက်ခဲနေမယ်ဆိုတာ ကျွန်တော်သဘောပေါက်ပါတယ်။ သို့သော်လည်း ယုံကြည်သူများအတွက်မူ လုံးဝကျေးဇူးတော်ဆင်းသက်ရာ စမ်းအိုင်ကြီးပင်ဖြစ်ကြောင်းပါ။ ခရစ်တော်လက်ထက်၌ပင် “ငါ၏အသားကိုစား၍ ငါ၏အသွေးကို မသောက်ကြလျှင် သင်တို့၌ အသက်မရှိနိုင်ရာ”ဟု မိန့်ဆိုတဲ့အခါ လူပေါင်းများစွာ ခရစ်တော်ကိုနားမလည်နိုင်တော့ဘဲ စွန့်ခွာသွားခဲ့ကြပါတယ်။ အခြားသူများပင် မဆိုထားနှင့်ဦး - ခရစ်တော်၏တပည့်အရင်းကြီးများပင် သံသယတို့ဖြင့် ယုံကြည်မှုမရှိဘဲ ဖြစ်နေခဲ့ကြပါသေးတယ်။
သေချာပါတယ် - သင်နှင့်ကျွန်ုပ်လည်း ခရစ်တော်၏ထိုစကားကို ရုတ်တရက်ကြားခဲ့ရလျှင်၊ ထိုသွန်သင်ချက်ကို ချက်ခြင်းယုံကြည်လက်ခံနိုင်မှာ မဟုတ်လောက်ပါဘူး။ သို့သော်လည်း ခရစ်တော်၏ထိုစကားနှင့် သွန်သင်ချက်ဟာ မှန်ကန်ကြောင်း သူ၏နက်နဲဖွယ်ရာတွေကို ထုတ်ဖော်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလင်းကျေးဇူးကြောင့်သာ ကျွန်တော်တို့ယုံကြည်လက်ခံနိုင်ခဲ့ပြီး ယနေ့မှာတော့ ထိုကိုယ်တော်မြတ်ဟာ ကျွန်တော်တို့ယုံကြည်သူတွေအတွက် သဲကန္တာယထဲက အိုအေစစ်ကြီးပင် ဖြစ်နေပါပြီ။
ယေဇူးခရစ်တော်ရဲ့ ထိုခက်ခဲတဲ့ သွန်သင်ချက်စကားအတွက် သံယောဟန်က ကျွန်တော်တို့အား နောက်ခံအကြောင်းရင်းပေးထားပါတယ်။ ဥပမာ - (သံယောဟန် အခန်းကြီး ၆ တစ်ခုလုံးကို ဖတ်ရှု့စေချင်ပါတယ်)။ လူငါးထောင်ကို ယေဇူးခရစ်တော် ကျွေးမွေးတဲ့အကြောင်းကနေ စတင်ရပါမယ်။ ထိုကျွေးမွေးခြင်းဟာ ခန္တာအဟာရအတွက်သက်သက်သာ ဖြစ်ပါတယ်။ ထိုသို့ကျွေးမွေးတဲ့အတွက် လူတွေက ခရစ်တော်ကိုရှာဖွေပြီး နောက်တော်သို့လိုက်ကြကြောင်း တွေ့ရှိရပါတယ်။ ထိုကြောင့် ခရစ်တော်က “သင်တို့သည် တန်ခိုးလက္ခဏာကိုမြင်ရသောကြောင့် မဟုတ်။ ပေါင်မုန့်ကိုစား၍ ၀သောကြောင့် ငါ့ကိုရှာကြ၏။” ဟုမိန့်ဆိုခဲ့ပါတယ်။ အမှန်တကယ်တော့ ဘုရားသခင်အလိုရှိသည်မှာ စေလွှတ်ခံ ခရစ်တော်၌ ယုံကြည်ပြီး သူ့နောက်လိုက်ကြစေရန် ဖြစ်ပါတယ်။ ထိုသို့ စေလွှတ်ခံ ခရစ်တော်နောက်ကို ယုံကြည်လိုက်ကြဖို့ ဘယ်လိုတန်ခိုးပြရဦးမလဲ။ ရှေးဘိုးဘေးတို့ကိုတော့ တောကန္တာရ၌ မန္နာမုန့်ကိုပေးခဲ့တယ်။ အခုတော့ ခရစ်တော်ဟာ မိုးဇယ်လိုမဟုတ်။ သူကိုယ်တိုင်က ကောင်းကင်မုန့်တော်ဖြစ်နေကြောင်း မိန့်ဆိုပြန်တယ်။ ဒီတော့ လူတွေက ထိုမုန့်ကိုတောင်းတကြတယ်။ ထိုကြောင့် ဤလောက၏အသက်ဖို့ ငါပေးမည်ဖြစ်သော မုန့်သည်ငါ၏အသားပေတည်းဟု မိန့်ဆိုသွန်သင်ခဲ့ပါတယ်။ သေချာပါတယ် - ထိုလူတွေ နားမလည်နိုင်ခဲ့ဘူး။ ကျွန်တော်တို့လည်း သေချာနားမလည်ကြသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့စဉ်းစားလိုက်တာက လုံးဝစာတွေ့ကောက်ချက်အကျအနကောက်ယူပြီး စဉ်းစားမိနေလို့ပဲ။ တကယ်တော့ ထိုသို့မဟုတ်။ တပည်တော်ကြီးတွေကို ပြန်လည်ရှင်းပြရာတွင် ခရစ်တော်က - ၀ိညာဉ်သည်အသက်ကိုပေး၏ ကာယမူကာ ဘာမှမဟုတ်။ ငါပြောသောစကားများသည် ၀ိညာဉ်နှင့်အသက် ဟုထပ်မံမိန့်ဆိုခဲ့ပါတယ်။ ထို့ကြောင့် ၀ိညာဉ်နှင့်အသက်ကိုရယူပိုင်ဆိုင်ကာ ထာဝရအသက်ရှင်ကြရမှာဖြစ်ပါတယ်။
ဝိညာဉ်နှင့်အသက်ကို ရယူလိုပြီး ထာဝရအသက်ရှင်လိုကြသည်မှာ တနည်းအားဖြင့် ဘုရားသခင်ကို ဆာလောင်ငတ်မွတ်ခြင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်နှင့်အတူ အသက်ရှင်ခြင်းဟာ ထာဝရဖြစ်နေလို့ပါပဲ။ သင်နှင့်ကျွန်ုပ်ဘ၀မှာကော ထိုသို့ထာဝရအသက်ခြင်လိုခြင်း ငတ်မွတ်မှု၊ သို့မဟုတ် ဘုရားသခင်ကိုဆာလောင်ငတ်မွတ်မှု လိုချင်ဆန္ဒရှိပါသလား။
ကျွန်ုပ်တို့ဘ၀မှာ မိမိအစွမ်းအားဖြင့် ရနိုင်သည့်အရာများစွာရှိပါတ ယ်။ ဥပမာ- ငွေရှာနိုင်တယ်၊ အစားအသောက်တွေရှာနိုင်တယ်၊ လောကီပျော်ရွှင်မှု့တွေရှာနို င်တယ်၊ ရာထူးနဲ့အမြင့်တက်ဖို့ နည်းလမ်းတွေရှာနိုင်တယ်၊ စသဖြင့် အခြားများစွာသော အရာများကို မိမိအစွမ်းအစဖြင့် ရှာနိုင်ပါတယ်။ ကျွန်ုပ်တို့ကျေနပ်နေကြပြီလား။ ကျွန်ုပ်တို့မကျေနပ်နိုင်ကြ ပါဘူး။ ဆာလောင်မြဲဆာလောင်နေဆဲပါပဲ။ တခါတလေ ဘာကိုဆာလောင်မှန်းမသိဘဲကို ဆာလောင်နေမိတတ်ပါတယ်။ စိန်သောမတ်စ်ရဲ့ ဟောပြောချက်အရ ကျွန်ုပ်တို့လူတွေဟာ ဘုရားသခင်ကို ဆာလောင်ပြီး ဘုရားသခင်ကို ရှာဖွေနေကြတဲ့ ဘ၀ခရီးသည်တွေဖြစ်ပါတယ်။ ဘုရားကိုရှာမတွေ့သရွေ့ ကျွန်ုပ်တို့ဆာလောင်မှု့တွေဟာ အမည်မသိ၊ အမည်မရှိကို ဆာလောင်နေမှာပါ။ ဒီတော့ ယနေ့ဘာသာဝင်များစွာ ဆက်လက်ဆာလောင်နေတာ ဆေးကြော်ခြင်းခံပြီးသည့်တို င် ဆာလောင်နေကြတာ ဘုရားကိုမတွေ့ကြသေးလို့လား။ မှန်ပါတယ်- ဆေးကြော်ခြင်းခံပြီး ဘာသာတရားကိုင်းရှိုင်းသည့်တိုင် ဆက်လက်ဆာလောင်နေသူများမှာ ဘုရားသခင်ကို နာမည်သာကြားဖူးပြီး အမှန်မတွေ့ကြသေးသူများဖြစ်ပါတယ်။ တချို့ခရစ်ယာန်တွေက ကယ်တင်ခြင်းဟူသော ခရစ်တော်ကိုသာလိုချင်ကြပါတယ်။ ကိုယ်တော်ခံထမ်းရာ ကားတိုင်ကိုတော့ စွန့်ပစ်ချင်ကြပါတယ်။ အမှန်တော့် ခရစ်တော်ကိုယ်တိုင်က “ငါ့နောက်လိုက်လိုလျှင် မိမိလက်ဝါးကာတိုင်ကို နေ့စဉ်ထမ်းယူ၍ ငါ့နောက်သို့လိုက်စေ” ဟုမိန့်မှာထားခဲ့ပါတယ်။ ထို့အပြင် သံပေါလူးကလည်း “ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံမှာသာလျှင် ထိုသခင်နှင့်အတူ ဘုန်းစည်းစိမ်တော်ကို ခံစားကြရမည်” ဟုရေးသားထားပါတယ်။
ခရစ်တော်၌ယုံကြည်လက်ခံကာ အသစ်သောဘ၀မှာ ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်မြတ်ကို နေ့စဉ်ပင့်ယူကာ ခရစ်တော်နှင့်အတူပေါင်းစပ်၍ ဒုက္ခနှင့်သုခတို့ကို ခံစားဖြတ်လျှောက်ရင်း ဘုရားသခင်နှင့် ထိတွေ့နေနိုင်တဲ့အခွင့်အရေးရှိပါတယ်။ ထိုအခွင့်အရေးအားဖြင့် ထာဝရအသက်ရှင်ရာ ပန်းတိုင်ကို ရယူဖို့ အလင်းတရားပေးစွမ်းရာ ကိုယ်တော်မြတ်စက္ကရမင်တူးရှိနေပါတယ်။ စိန်သောမတ်စ်ပြောသလိုပဲ - ကိုယ်တော်မြတ်စက္ကရမင်တူးအားဖြင့် အာရုံများမမှီနိုင်ရာကို ယုံကြည်ခြင်းဖြင့် ဘုရားသခင်က ဖြည့်စွမ်းပေးပါလိမ့်မယ်။ ထာဝရအသက်မုန့်တော်အား အစဉ်မပြတ်ပိုင်ဆိုင်နိုင်ဖို့ ဧ၀ံဂေလိတရားတော်အားဖြင့် ကိုယ်တော်မြတ်စက္ကရမင်တူးနှင့်အတူ အသင်းတော်၌နေ့စဉ်ရှင်သန်သက်သေခံကြသွားပါစို့။
ကိုယ်တော်မြတ်စက္ကရမင်တူး၌ -
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment