ကိုယ်တော်၏နိုင်ငံတော်သို့ကြွဝင်တော်မူသောအခါ ကျွန်ုပ်ကိုသတိရတော်မူပါ။
ဖတ်ရှု့ရသည့်ဧ၀ံဂေလိတရားတော်တွင်
ရှင်ဘုရင်ဟုကြွေးကြော်တော်မူသော ယေဇူးခရစ်တော်အား လက်ဝါးကားတိုင်ပေါ်တွင် သံမှိုဖြင့်ရိုက်နှက်တင်ထားကြလျက်
အုပ်ချုပ်သူအရရှိအချို့၊ ဘာသာရေး ခေါင်းဆောင်ကြီးများအချို့၊ စစ်သားများအချို့နှင့်
အခြားလူအုပ်တစ်စုတို့ဟာ အခြားသူတွေကို ကယ်တင်ပြီး မိမိကိုယ်ကိုမကယ်တင်နိုင်သည့်ယေဇူးဟူ၍သော်လည်းကောင်း၊
ဂျူးလူမျိုးတို့၏ ရှင်ဘုရင်ဟူ၍ အရွဲ့တိုက်ကာ ဦးခေါင်းပေါ်မှာ စာတမ်းတင်၍ နောက်ပြောင်ကြ၍သော်လည်းကောင်း၊
ဘေးတဖက်ရှိ မကောင်းသော ရာဇ၀တ်သား၏ ရွဲ့ပြောင်ခြင်းကိုလည်းကောင်း စသဖြင့် လောကကသားတို့အမြင်မှာ
ဘုရင်တစ်ဦး၏ လက္ခဏာအဆင်း မရှိလောက်အောင် ဖြစ်နေသူအဖြစ် ယေဇူးခရစ်တော်အား ကျွန်ုပ်တို့တွေ့ပါလိမ့်မယ်။
သို့သော်လည်း ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသမှု့ရှိသော ရာဇ၀တ်သား တစ်ဦးမူကား ထိုကဲ့သို့သော
လောကသားများအမြင်မှာ ဘုရင်လက္ခဏာ အဆင်းမရှိသော ယေဇူးဟာ အမှန်တကယ်ရှင်ဘုရင်စစ်စစ်ဖြစ်ပြီး
သူ့မှာနိုင်ငံတော်ရှိကြောင်း ယုံကြည်ကာ ကိုယ်တော်၏ နိုင်ငံတော်သို့ ကြွဝင်တော်မူသောအခါ
ကျွန်ုပ်ကိုသတိရတော်မူပါ ဟူ၍ တောင်းလျှောက်သည်ကိုလည်း ကျွန်ုပ်တို့တတွေ ဖတ်ရှု့မည်ဖြစ်ပါတယ်။
ထို့အပြင် ခရစ်တော်ဘုရင်သည်လည်း ထိုရာဇ၀တ်သား၏ တောင်းလျှောက်သံကို လက်ခံ၍ ယနေ့ သင်သည်ငါနှင့်အတူ
ပါရာဒီဇူး၌ရှိလိမ့်မည်ဟု ကတိပေးခဲ့ကြောင်း တွေ့ရပါဦးမယ်။
ပီလာတုမင်းက
ယေဇူးခရစ်တော်အား သင်သည်ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်သလောဟု မေးမြန်းခဲ့သောအခါ ယေဇူးခရစ်တော်က
“သင်ဆိုလေပြီ” ဟုဖြေခဲ့ပါတယ်။ ထို့အပြင် “ငါ၏နိုင်ငံတော်သည် ဤလောကနှင့် သက်ဆိုင်သည်မဟုတ်”
ဟု ခရစ်တော်ကပီလာတုမင်းအား ပြောဆိုခဲ့သော်လည်း မိမိသည် ဘုရင်ဖြစ်ကြောင်းကိုမူ ငြင်းဆန်ခြင်းမပြုခဲ့သည့်အပြင်
ပို၍သေချာအောင် ကြွေးကြော်ခဲ့ပါသေးတယ်။
သို့ဖြစ်လျှင်
ရှင်ဘုရင်ဖြစ်ပြီး အုပ်ချုပ်စိုးစံသည့်နိုင်ငံမရှိတာတော့် မဖြစ်နိုင်ပါဘူး။ ဒီတော့
ယေဇူးခရစ်တော်သည် မည်သို့သောဘုရင်မင်းမြတ်ဖြစ်၍ မည်သည့်နိုင်ငံတော်ကို အုပ်စိုးပါသလဲ။
ကျွန်ုပ်တို့တတွေ စဉ်းစားထောက်ရှု့ကြည့်ကြပါစို့။
ကမ္ဘာဦးကျမ်းကို
ကျွန်ုပ်တို့ပြန်လည်ထောက်ရှု့ကြည့်သော် ဘုရားသခင်နှင့် သူ၏ဖန်ဆင်းခြင်းများတွင် အရာရာဟာကောင်းမြတ်တော်မူပါတယ်။
ထိုနောက် ဘုရားသခင်၏အမြင့်ဆုံးဖန်ဆင်းခြင်းဟု တင်စားနိုင်သည့် လူသားအား သူ၏အဆင်းပုံသဏ္ဍန်ဖြင့်ဖန်ဆင်းခဲ့၍ ဖန်ဆင်းသမျှအရာအားလုံးအား
ကြည့်ရှု့စောင့်ရှောက် အုပ်စိုးစေခဲ့ပါတယ်။ သို့သော်လည်း လူသားတို့၏ကျဆုံးခြင်းမှ အကျိုးဆက်များအဖြင့်
ဖန်ဆင်းခံအရာအားလုံးဟာ သေဆုံးခြင်း၊ ပျက်စီးခြင်းတို့နှင့်ကြုံတွေ့ရပါတော့တယ်။ ဒီလို
သေဆုံးခြင်း၊ ပျက်စီးခြင်းတို့ဟာ ဖန်ဆင်းခံသံတရာအတွင်းမှာပင် ဖြစ်ပေါ်လာခဲ့ပါတယ်။ ဘုရားမှတပါး
အဘယ်သူ ကယ်တင်နိုင်ပါသလဲ။ ထိုကြောင့် ကျွန်ုပ်တို့ဖန်ဆင်းခံအားလုံးအတွက် ကယ်တင်ခြင်းဟာ
ဖန်ဆင်းရှင်ဖြစ်တဲ့ ဘုရားသခင်ပေါ်မှာ မူတည်ပါတော့တယ်။ ပျက်စီးခြင်းအတွက် ဘုရားသခင်ဖန်ဆင်းခဲ့ခြင်းမဟုတ်သည့်အတွက်၊
ဖန်ဆင်းခြင်းဟာလည်း ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်၌တည်ခဲ့သည့်အတွက် ဘုရားကိုယ်တိုင်
ဒီသံတရာစက်ကွင်းမှ သူ၏ဖန်ဆင်းခံအားလုံးကို ကယ်တင်ဖို့ ဆန္ဒရှိတော်မူပါတယ်။ ထိုကြောင့်
ကယ်တင်ရှင် စေလွှတ်ဖို့အတွက် ရှေးဦးကတည်းက ကတိရှိတော်မူခဲ့ပါတယ်။
တကယ်တော့
ဖန်ဆင်းခြင်းမှာ စေတလုံးဖြင့်ဖန်ဆင်းခဲ့သော်လည်း ကယ်တင်ခြင်းမှာတော့ စေတလုံးနဲ့ ဘုရားသခင်အလိုမရှိပါဘူး။
ကျွန်ုပ်တို့၏ စိတ်နှလုံးသားတွေကို ပြောင်းလဲလာစေပြီးမှ ကယ်တင်လိုပါတယ်။ ဘာကြောင့်လဲဆိုတော့
ဖန်ဆင်းခံအမြင့်ဆုံးဖြစ်တဲ့လူသားတွေမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ဘုရားသခင်က အထူးပေးခဲ့လို့ပါပဲ။
ဥပမာဆိုရလျှင် ကိုယ့်မိဘကို သဘာဝတရားအရ မိဘလို့သတ်မှတ်တာထက် ကိုယ်ပိုင်လွတ်လပ်မှု့ဖြင့်
စိတ်နှလုံးမှာ ကိုယ့်မိဘလို့ ခံယူသတ်မှတ်တာ မတူသလိုပါပဲ။
ဘုရားသခင်ဟာ
တစ်ဦးတည်းသောဘုရင်ပါ။ ထိုကြောင့် ရွေးကောက်ခံလူမျိုးတို့အား လောကီဘုရင် မပေးလိုပဲ
ဘုရားသခင်ကိုသာ စိတ်နှလုံးထဲမှာထား၍ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်ရှိစေချင်ခဲ့ပါတယ်။
သို့သော်လည်း လူတွေဆန္ဒအရ ဘုရားသခင်ဟာ လောကီဘုရင်ကို ရွေးကောက်ပေးခဲ့ပါတယ်။ သင်ခန်းစာက
ထိုဘုရင်ဟာ အားကိုးထိုက်သူမဟုတ်ခဲ့ပါ။ ထိုနောက် ကြီးမြတ်သည့်ဘုရင် ဒါဝိတ်ကို ပေးခဲ့ပြန်တယ်။
သူသည်လည်း အဖက်ဖက်ကပြည့်စုံခဲ့သည့် ဘုရင်မဟုတ်ခဲ့ပေ။ ထိုမှအစဉ်အဆက် ဘုရင်များကို ကျွန်ုပ်တို့လေ့လာနိုင်ပါတယ်။
ဤလောကီဘုရင်တွေဟာ လူသားတွေအတွက် သင်ခန်းစာတွေပါပဲ။ ထိုမှ ထာဝရဘုရင်ကို ဘုရားသခင်ခန့်အပ်သည့်အခါ
လူတွေအနေဖြင့် ခဏတာဘုရင်များနှင့် နှိုင်းယှဉ်ကာ အတုယူလိုက်လျှောက်နိုင်ဖို့ပါ။ ထိုသူဟာ
ခရစ်တော်ဘုရင်ပါပဲ။
ဂျူးတွေဟာ
ဘုရင်တစ်ပါးစေလွှတ်မည်ဟု ဗျာဒိတ်ရသောအခါ ၎င်းတို့နားလည်သည့် ဘုရင်ပုံစံမျိုးကို မျှော်လင့်ခဲ့ပါတယ်။
သူတို့မသိလိုက်သည်က ထိုကဲ့သို့ ခဏတာဘုရင်များနှင့်ကွာခြားသည့် ထာဝရဘုရင်ပုံစံမျိုးပါ။
နိုင်ငံရေးအရလည်း ရောမတို့လက်အောက်ရောက်နေသည့်အတွက် ထိုလက်အောက်ခံဘ၀မှ လွတ်မြောက်လိုခဲ့ကြပါတယ်။
သို့ပေမယ့် ခရစ်တော်ဟာ ထိုခဏတာလွတ်မြောက်ခြင်းထက် တန်ဖိုးကြီးတဲ့ထာဝရလွတ်မြောက်ခြင်းကို
ပေးလိုပါတယ်။ ထို့အပြင် ခရစ်တော်ဘုရင်ကြွလာသည့်အခါ လူမျိုးတစ်မျိုးတည်းကိုသာ ကြည့်ရှု့သည့်ဘုရင်မဟုတ်တော့ဘဲ
လူသားအားလုံးကိုကြည့်ရှု့ရသည့်ဘုရင်အဖြစ်ပါ။ အားလုံးဟာ ခြားနားကုန်ပါပြီ။ ခရစ်တော်ဟာ
ရုပ်ဝတ္တုတွေနဲ့ မအုပ်ချုပ်တော့ဘဲ တရားတော်ဖြင့်အုပ်ချုပ်ကာ ရှေးယခင်ကအတိုင်း လူတွေအား
ဘုရားသခင်ကို စိတ်နှလုံးသားထဲမှာထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့် လွတ်လပ်မှု့ပေးလိုပါတယ်။
တကယ်တော့် သူ၏နိုင်ငံတော်ဟာ ကျွန်ုပ်တို့သိမြင်သလို မဟုတ်တော့ဘူး။
“ကောင်းကင်နိုင်ငံတော်သည်
မြင်နိုင်သော နိမိတ်လက္ခဏာများဖြင့် ရောက်လာမည်မဟုတ်။ ကြည့်ကြ - ၎င်းသည်ဤအရပ်၌ရှိသည်။ သို့မဟုတ်
ထိုအရပ်၌ရှိသည်ဟူ၍လည်း အဘယ်သူမျှ မပြောနိုင်ကြ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံတော်သည်
သင်တို့အလယ်၌တည်ရှိသောကြောင့်တည်း (လု ၁၇း၁)။
မိတ်ဆွေ-
ကောင်းကင်နိုင်ငံဟာ ကျွန်ုပ်တို့အလယ်၊ ကျွန်ုပ်တို့အတွင်းမှာပဲ ရှိပါတယ်။ ဒီတော့ ဘယ်တွေကို
ခရီးဆန့်ရှာနေဦးမှာလဲ။ မိမိတို့အလယ်၊ မိမိတို့အတွင်းမှာသာ ရှာဖွေကြည့်ဖို့ လိုပါတယ်။
သိပ်မခက်ဘူး ထင်ရပေမယ့်လည်း အခက်ဆုံးပါပဲ။ အကြောင်းရင်းကတော့ ကျွန်ုပ်တို့မျက်စိတွေမှာ
မာနတွေ၊ အတ္တတွေ၊ ဒေါသတွေ၊ ရမ္မက်တွေ၊ လောဘတွေ၊ မနာလိုသ၀န်တိုမှုတွေ အစရှိသည့် အရာများက
ဖုံးကွယ်ထားလို့ပါပဲ။ ဒါတွေနဲ့ဆန့်ကျင့်ဘက်က ကောင်းကင်နိုင်ငံတော်ပင် ဖြစ်ပါတယ်။ ကောင်းကင်နိုင်ငံတော်ဟာ
ချစ်ခြင်းမေတ္တာတည်ရာ နေရာဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာသည်သာလျှင် ကောင်းကင်နိုင်ငံတော်တွေ့ရာ
အကြောင်းဖြစ်ပြီး ခရစ်တော်ဘုရင် စံမြန်းရာ နှလုံးသားနန်းတော်ဖြစ်ပါတယ်။
ဤသို့ဆိုလျှင်
ခရစ်တော်ဘုရင်ဟာ မည်သို့သောဘုရင်လည်းဆိုတာ သိနိုင်ပါပြီ။ ဘယ်နန်းတော်မှာ စံမြန်းပြီး
ဘယ်လိုနိုင်ငံတော်ကိုအုပ်ချုပ်သလဲဆိုတာလည်း ရှင်းနေပါပြီ။ ဒီတော့ ကျွန်ုပ်တို့တတွေဟာ
ထိုဘုရင်၏ အုပ်ချုပ်မှု့အောက်မှာ နေလိုလျှင် နှလုံးသားတံခါးလေးတွေဖွင့်ကာ ကြိုဆိုလိုက်ပါ။
ရှင်ဘုရင် စောင့်ကြိုနေပါတယ်။ ဘယ်သူမှ သခင်နှစ်ပါးကို အစေမခံနိုင်ပါ။
ထိုဘုရင်ဟာ
ကျွန်ုပ်တို့ကို တရားမျှတစွာအုပ်ချုပ်ပြီး သနားကြင်နာခြင်းအပြည့်ရှိသူဖြစ်ပါတယ်။ ထိုကြောင့်
ကျွန်ုပ်တို့အား အချုပ်အနှောင်အားလုံးမှလွတ်မြောက်စေပြီး ထာဝရပြီးပြည့်စုံသည့် ကောင်းကင်နိုင်ငံတော်သို့
လမ်းပြဦးဆောင်ပေးပါလိမ့်မယ်။ ခရစ်တော်ဘေးနားမှ ရာဇ၀တ်သားလိုပဲ - ခရစ်တော်ဘုရင်၌ယုံကြည်ခြင်းရှိပါ။
သို့ဖြစ်၍ ကိုယ်တော်၏နိုင်ငံတော်သို့ ကိုယ်တော်ကြွဝင်သည့်အခါ ကျွန်ုပ်တို့ကို သတိရတော်မူပါ
ဟု ဖွင့်ဟ၀န်ခံလိုက်ပါ။ သင်နှင့်ကျွန်ုပ် ပါရာဒီဇူးမှာရှိပါလိမ့်မယ်။
ကျွန်ုပ်တို့အားလုံး
ပါရာဒီဇူးမှာ ပြန်လည်ဆုံတွေ့ကြပါစို့။
ကိုရင်
(ဒိုမီနီကန်)
No comments:
Post a Comment