Wednesday, 20 November 2013

ပုပ်ရဟန်းမင်းကြီးဖရန်စစ် ပွေ့ဖက်ခဲ့သော ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ဝေဒနာသည်

အီတလီနိုင်ငံမြောက်ပိုင်းရှိ ဗီချန်ဇာမြို့မှ ဗီနီချီယိုဆိုသူဟာ ဦးခေါင်းမှခြေမအထိ တကိုယ်လုံးနာကျင် ခံစားနေရသည့် နယူရိုဖီဘရောမာတိုးစစ်ဟုခေါ်သော မျိုးရိုးလိုက်ရောဂါတစ်ခုကို သူ၏မိခင်ထံမှ အမွေဆက်ခံရရှိခဲ့တာပါ။

အသက် ၅၃နှစ်အရွယ်ရှိ တကိုယ်လုံးရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် ရောဂါဝေဒနာသည်အား စိန်ပီတာရင်ပြင်တွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှ နွေးနွေးထွေးထွေးပွေ့ဖက်ခဲ့သည်ဟု အခုလ၏အစောပိုင်း သတင်းစာတွေ၊ မီဒီယာတွေကြားမှာ ပျံ့နှံ့ခဲ့သူပါ။
MailOnline သတင်းဌာနမှ သူ့အားသီးသန့်အင်တာဗျူးသောအခါ ဗီနီချီယိုက ထိုကဲ့သို့ ကက်သလစ်အသင်းတော်ကြီး၏ခေါင်းဆောင်ဖြစ်သည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှ သူ့အားဂရုတစိုက်ဖြင့် ပွေ့ဖက်လိုက်တဲ့အခါ သူ၏နှလုံးခုန်နှုန်းများ အလွန်မြန်ဆန်လာပြီး သေတော့မည်ဟုပင် ထင်မှတ်ရပါတယ်ဟု ဖြေကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး၏အပွေ့အဖက်ဟာ သူ့အတွက် သုခဘုံပါပဲ။ သူ့အနေဖြင့် ပုပ်ရဟန်းမင်းကြီး အပွေ့အဖက်ကို တခါမှတောင် မစဉ်းစားမိခဲ့ပါဘူး။ “ကျွန်တော်က ကူးစက်တတ်တဲ့ရောဂါဝေဒနာရှိသူ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒါတွေကို သူမသိခဲ့ပါဘူး။ တကယ်ပါပဲ- သူပွေ့ဖက်လိုက်တာပဲ။ ကျွန်တော့်မျက်နှာတခုလုံးကို ကြင်နာစွာထွေးပွေ့ထားပုံများဗျာ ကျွန်တော့်မှာ မေတ္တာတစ်ခုတည်းကိုပင် ခံစားလိုက်ရသလိုပဲ။” ဟုဗီနီချီယိုဆက်ပြောပါတယ်။

“ဘုရားစင်ပေါ်ကနေ မကျန်းမာသူများကိုကြည့်ရှု့ဖို့ သူဆင်းလာခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို စကားတခွန်းမှမပြောမဆိုဘဲ ပွေ့ဖက်လိုက်တယ်။ တကယ်ပဲ- ကျွန်တော့်ခန္တာကိုယ်ကနေ နှလုံးသားတခုလုံး လွှင့်စင်သွားတယ်အောက်မေ့ရတယ်။”

“သူက လုံးဝတိတ်ဆိတ်နေတာပဲ။ သူဘာမှမပြောတော့ ကိုယ်ပြောချင်တာပိုပြောလို့ရတာပေါ့။”
“ပထမတော့ သူရဲ့လက်ကို ကျွန်တော်နမ်းခဲ့တယ်။ အဲဒီချိန်သူကတော့ ကျွန်တော့်ဦးခေါင်းနဲ့ ဒဏ်ရာတွေကို ပွေ့ဖက်ထားတာပေါ့။ ပြီးတော့ ကျွန်တော့်ကို သူ့ဆီအတင်းဆွဲယူကာ ကျွန်တော့်မျက်နှာကို သူနမ်းပါတော့တယ်။ “

“ကျွန်တော့်ဦးခေါင်းဟာ သူ့ကျောပြင်ဘက်ကိုမျက်နှာမူနေပြီး သူ့လက်တွေကတော့ ကျွန်တော့်ကို သိုင်းဖက်ထားတာပေါ့။ အဲဒီအချိန်လေးက တစ်မိနစ်လောက်ပဲကြာမှာပါ။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ထာဝရပါ။”

မစ္စတာဗီနီချီယိုဟာ ဗာတီကန်သို့ အသက်၆၈နှစ်ရှိ သူ၏အဒေါ် ကက်သရင်းလိုတိုနှင့်လိုက်ပါလာခဲ့တာပါ။ သူဟာစိတ်လှုပ်ရှားလွန်းလို့ သူ့အဒေါ်ကက်သရင်းအား “ဒါ ငါ့ကိုသတ်တော့မှာပဲ” ဟုပြောပါတယ်။ သူဟာ ၄၆နှစ်အရွယ် သူ့နှမ မော်ရေနာနှင့်တူ ဗီချန်ဇာအပြင်ဘက်ရှိ အိမ်လေးမှာ အတူတူနေထိုင်ပါတယ်။
သူဟာ နှလုံး၊လည်ချောင်း၊နှင့် မျက်စိခွဲစိတ်မှု့များပြုလုပ်ထားပြီး တခါတရံအသက်ရှုကြပ်တတ်ပါတယ်။ သူ့ခြေထောက်ရှိအနာများကြောင့် သူ့အ၀တ်စားတွေဟာ အမြဲသွေးစွန်းခံရပြီး အိပ်ယာမှနိုးတိုင်း သူ့ဝတ်ထားတဲ့ တီရှပ်တွေဟာ သွေးစွန်းကွက်များနှင့်သာ ဖြစ်နေပါတယ်။

သူ့နှမလည်း ထိုရောဂါဝေဒနာကို ခံစားနေရသော်လည်း သူလိုမပြင်းထန်ပေ။ ထိုရောဂါဝေဒနာကို အမွေပေးခဲ့သူ မိခင်ရိုဇားဟာ သူမ သားသမီးများမရခင်အထိ ရောဂါဝေဒနာလက္ခာများ မပေါ်ခဲ့ဘူးဟု သိရပါတယ်။ မစ္စတာဗီနီချီယိုလည်း အသက် ၁၅နှစ်အရွယ်ထိ ရောဂါလက္ခဏာများမပေါ်ခဲ့ပဲ သာမန်အရွယ်ရောက် လူငယ်လေးလိုပါပဲ။ သို့ပေမယ့် နောက်ပိုင်းမှာတော့ သူ့အနာတွေဟာ တဖြည်းဖြည်းနာကျင်စွာ ပေါ်ထွက်လာခဲ့တာပါ။ အခုဆို တကိုယ်လုံး အနာတွေနှင့်ဖုံးလွှမ်းနေပြီး သူ့ရဲ့ဘယ်ဘက်ပါးပြင်တစ်ခုသာ အနာတရကင်းနေပါတော့တယ်.
သူ၏မိခင်ဟာ အသက်အရွယ် ၈၁နှစ်တွင် ကွယ်လွန်သွားခဲ့ပါတယ်။ မစ္စတာဗီနီချီရိုကတော့ သူ့အသက် ၃၀သာ နေရလိမ့်မယ်လို့ မျှော်လင့်ခဲ့တာပါ။ ဖခင်ဖြစ်သူကတော့ အသက် ၇၇နှစ်ရှိနေပြီး အသက်ရှင်လျက်ရှိနေဆဲပါ။ အခု မစ္စတာဗီနီချီယို အလုပ်လုပ်နေတဲ့ အငြိမ်းစားများအိမ်မှာ သူ့အဖေနေထိုင်ပါတယ်။ သူ့အဖေကြည့်ရတာ အာဏာရှိပုံပါပဲ။

သူ့အဖေဟာ သူ့သားရဲ့ဝေဒနာတွေအပေါ် ဂရုဏာသက်ပြီး အသက် ၁၅နှစ်မှာ ကျောင်းမှထုတ်ခဲ့ကာ ဆောက်လုပ်ရေးဆိုဒ်တွေထဲမှာ အလုပ် လုပ်စေခဲ့ပါတယ်။ အဲဒီက ဖုံမှုန့်တွေဟာ ကလေးငယ်ကို ပိုပြီးဆိုးရွားစေခဲ့တယ်လို့ ဆိုပါတယ်။ နောက်တော့ သူ့သားဟာ ကြွေထည်မြေထည်ပစ္စည်းတွေကို ပန်းချီဆွဲရာမှာ လုပ်စေခဲ့ပါတယ်။ အထူးသဖြင့် မသန်မစွမ်းသူတွေကို ကူညီတဲ့နေရာ၊နှင့် ကားဘက်ထရီတွေ စုတဲ့နေရာတွေမှာပါ။

သူအလုပ် မလုပ်တဲ့အချိန်တွေဆို စက်ဘီးတစ်စီးနဲ့ ရွာပတ်လေ့ရှိပါတယ်။ သူဟာ ဘောလုံးဝါသနာပါသူ ဖြစ်လို့ တခါတလေ သူငယ်ချင်းများနှင့် ဘောလုံးပွဲသွားကြည့်တတ်သလို၊ ပီဇာထွက်စားလေ့ ရှိပါတယ်။ သူ့နှလုံးနာကျင်ရပေမယ့်လည်း သူဟာအချစ်ဝတ္ထုတွေဖတ်တတ်လေ့ရှိပြီး သူမကြာခဏ တပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်ဆေးကုသမှု့ခံယူရမည့် ဆေးခန်းကြီးတွေမှာရှိတဲ့ နာပ်စ်မလေးတွေကို ပန်းစည်းများပေးတတ်လေ့ ရှိပါတယ်။

သူလိုပဲ ဝေဒနာခံစားနေရတဲ့သူ ရှိရင် အထူးသဖြင့်အမျိုးသမီးတစ်ဦးရှိရင် ဖြစ်နိုင်တဲ့ဆက်ဆံရေးအတွက် လိုချင်တယ်လို့ ဆိုပါတယ်။ သူဟာ လမ်းမလယ်ကြီးမှာ လူဆင်ကြီးဆိုပြီး မိခင်များက ရှောင်သွားကြတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက်တောင်ပိုဆိုးကြသေးတယ်လို့ သူကဆိုပါတယ်။

တခါကဆို ဘတ်စ်ကားပေါ်မှာ သူ့နေရာကနေဖယ်သွားဖို့ အတင်းဖိအားပေးခံရတယ်လို့ ဆိုပါတယ်။ ကျွန်တော်ဘတ်စ်ကားပေါ်တက်ရင် ဒရိုက်ဘာနားမှာပဲ ထိုင်ချင်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် လူတစ်ယောက်က ပြောတယ်- အဲဒီနားမှာ မထိုင်ရဘူးတဲ့ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို သူမကြည့်ချင်လို့တဲ့လေ။ ဘတ်စ်ကားပေါ်မှာ တယောက်မှလည်း ကျွန်တော့်ဘက်က ရပ်တည်မပေးကြဘူး။ ဆိုးဆိုးရွားရွားကို ခံစားလိုက်ရတယ်ဗျာ။

သူတို့မောင်နှမနှစ်ယောက်ဟာ မသန်မစွမ်းသူတွေထောက်ပံ့ကြေးမှ တစ်လကို ယူရို ၂၅၀စီ၊ နှင့် စေတနာ့လုပ်အားပေးမှ ၁၅၀စီ ရရှိပါတယ်။ ဒီငွေဟာ ဘာမှမများပါဘူး။ ဒါကြောင့် သူတို့အဒေါ်ကက်သလရင်းက သူမ၏အငြိမ်းစားလစာထဲက အချို့ကိုပေးပါသေးတယ်။

ကံကောင်းလို့ပေါ့ - ရွာထဲမှာ သူ့နဲ့ရင်းနှီးလာလို့ပေါ့။ သူကပြောပါတယ်- ရွာထဲမှာ သူနဲ့သိလာတာ ကြာပြီဖြစ်တဲ့သူတွေကတော့ သူ့အပေါ်ကြင်နာကြတယ်၊ ကောင်းကြပါတယ်။ ကျန်တဲ့သူတွေကတော့ ကြောက်စရာပဲ။

ဒီရောဂါဝေဒနာသည်ဟာ နှစ်စဉ် လုဒ်မြို့မယ်တော်သခင်မထံသို့ ကက်သလစ်အဖွဲ့အစည်းမှ ခေါ်သွားလေ့ရှိပြီး ယခုလို စိန်ပီတာရင်ပြင်ကိုခေါ်သွားခံရတာတော့ ပထမဆုံးအကြိမ်ဖြစ်မယ်လို့ ထင်မိပါတယ်။


http://www.dailymail.co.uk/news/article ကိုဖတ်၍ ပြန်ရေးသည်။

မနောအောင်

No comments:

Post a Comment