သင်တို့သည် လှည့်ဖျားခြင်းမခံရစေရန် သတိပြုကြလော့။
လုကာ
(၂၁း ၅-၁၉)
ဖတ်ရှု့ရသည့်ဧ၀ံဂေလိတရားတော်မှာ
ယေဇူးခရစ်တော်က ကျွန်ုပ်တို့ကမ္ဘာမှာ ပျက်စီးခြင်းများ၊ နိမိတ်လက္ခဏာများ၊ ညှင်းပန်းနှိပ်စက်ခြင်းများ၊
စစ်ပွဲများဖြစ်ခြင်း၊ နှင့်ကပ်ဘေးများစွာ ဖြစ်ပျက်မည့်အကြောင်းကို ကြိုတင်ဟောကြားကြောင်းတွေ့ရပါတယ်။
ထိုသို့သောကပ်ဘေးများနှင့် ညှင်းပန်းနှိပ်စက်ခြင်းများ အကြားကပင် ကျွန်ုပ်တို့တတွေ
- ခရစ်တော်၏နောက်လိုက်တွေဟာ သူ၏ဧ၀ံဂေလိ သတင်းကောင်းကို သက်သေခံဖို့အခွင့်အခါကောင်းပဲဟုလည်း
မိန့်ဆိုခဲ့ကြောင်းတွေ့ရပါတယ်။ ဤတရားတော်သည် ကျွန်ုပ်တို့ခရစ်ယာန်များနှင့် လူပေါင်းများစွာတို့ကြားမှာ
ကမ္ဘာကုန်မည့်နေ့ကို ကြိုတင်ဟောပြောသည်ဟု တွင်တွင်ကျယ်ကျယ် အသိများပါတယ်။ ထို့အပြင် ခရစ်တော်၏ဒုတိယ
ကြွလာခြင်းနှင့်လည်း စပ်လျဉ်းနေသည်ဟု သိမှတ်ကြပါတယ်။ ထိုကြောင့် ခရစ်တော်ကိုပင် သူ့ခေတ်အချိန်ကာလက
လူများစွာက ဤနိမိတ်လက္ခဏာများဘယ်တော့ ဖြစ်ပျက်မည်နည်းဟု မေးလျှောက်ကြပါတယ်။ သို့သော်လည်း
ကျွန်ုပ်တို့လောက၏အချိန်အကန့်သပ်ဖြင့် ခရစ်တော်မဖြေကြားခဲ့ပါ။
ခရစ်တော်ရှင်ပြန်ထမြောက်ပြီး
တမန်တော်ကြီးများခေတ် -ရှေးဦးခရစ်ယာန်တို့အကြားမှာလည်း ထိုသို့တွေးခေါ်ယုံကြည်မှု့များရှိနေပြီး
လူတွေဟာ အလုပ်မလုပ်ကြတော့ဘဲ လုပ်သမျှအရာတွေကို ရပ်တန့်ပြီး ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်း
(သို့) ကမ္ဘာကုန်မည်ကိုစောင့်နေကြပါတော့တယ်။ ထိုကြောင့် ဒုတိယဖတ်ရှု့ရမည့်ကျမ်းတွင်တွေ့မြင်သည့်အတိုင်း
သံပေါလူးက အလုပ်မလုပ်ချင်သူများဟာ မစားသင့်ကြောင်း၊ အလုပ်ကို ခရစ်တော်၌တိတ်တဆိတ်လုပ်ကြပြီး
ကိုယ့်ထမင်းကိုစားကြဖို့ တိုက်တွန်းထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာကုန်ခြင်း (သို့)
ခရစ်တော်၏ဒုတိယမြောက် ကြွလာခြင်းဟာ ကျွန်ုပ်တို့လောက၏အချိန်အကန့်သပ်ဖြင့် မပြောနိုင်သောကြောင့်ပါ။
ဒီတော့
- ကျွန်ုပ်တို့တတွေလည်း ခရစ်တော်ကိုမေးလျှောက်ကြတဲ့ လူအုပ်ကြီးလိုပဲ - ထိုနိမိတ်လက္ခဏာတွေ
နှင့်ညှင်းပန်းနှိပ်စက်ခြင်းများ ဘယ်တော့ဖြစ်ပျက်မလဲ - ကမ္ဘာဘယ်တော့ကုန်မလဲ - ခရစ်တော်၏
ဒုတိယမြောက်ကြွလာခြင်းဘယ်တော့ဖြစ်မလဲ စသဖြင့်သိချင်နေကြပါလိမ့်မယ်။
ဤကဲ့သို့သောမေးခွန်းကို
ပုံဥပမာများမှပေးသော သတင်းကောင်းအကြောင်းကို ဓမ္မသင်္ဂြီုလ်ဗေဒမှာ တွေ့မိပါတယ်။ ယေဇူးခရစ်တော်၏သတင်းကောင်းဟာ
“ကောင်းကင်နိုင်ငံတော်” အကြောင်းပင် ဖြစ်ပါတယ်။ ကောင်းကင်နိုင်ငံတော်သည် ရောက်လုနီးပြီ
- လူပေါင်းများစွာက ကောင်းကင်နိုင်ငံတော်ရောက်လုနီးပြီ ဆိုသည်ကို တကယ့်ရုပ်ဝတ္ထုဆိုင်ရာဖြစ်ပေါ်လာခြင်းဖြင့်
မှတ်ယူနေကြတဲ့အတွက် ယနေ့ကမ္ဘာကုန်မယ် - မနက်ဖြန် ကမ္ဘာကြီးချုပ်ငြိမ်းတော့မယ် စသဖြင့်ပြောဆိုကြပါတယ်။
အမှန်တကယ်တော့ ကောင်းကင်နိုင်ငံတော် ဤသို့ရောက်မလာပါဘူး။ တကယ်တော့ ကောင်းကင်နိုင်ငံတော်သည်
ယေဇူးခရစ်တော်၌ သူကိုယ်တော်တိုင် ကယ်တင်ရှင်မက်စီးယား၊ ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရား
(ဧမာနွေလ) စသဖြင့် သူ၏တရားဒေသနာများမှာ ထင်ထင်ရှားရှားဖော်ပြနေပါတယ်။ သို့သော်လည်း
ကျွန်ုပ်တို့တတွေဟာ “နားရှိသော်လည်းမကြားကြ၊ မျက်စိရှိသော်လည်း မမြင်ကြ” ဖြစ်နေနိုင်ပါတယ်။
ထိုကြောင့် ခရစ်တော်က “ကြည့်သော်လည်း သိမြင်ကြလိမ့်မည်မဟုတ်၊ ကြားသော်လည်း နားလည်သဘောပေါက်ကြလိမ့်မည်
မဟုတ်” ဟုမိန့်ဆိုခဲ့ပါတယ်။
ယနေ့ကျွန်ုပ်တို့တတွေလည်း
ဤတရားကိုကြားကြပြီ။ ကမ္ဘာကြီးမှာဖြစ်ပျက်နေတဲ့ နိမိတ်လက္ခဏာတွေကို မြင်တွေ့နေကြပြီ။ ကျွန်ုပ်တို့ဘယ်လိုနားလည်ကြသလဲ။
ကျွန်ုပ်တို့ဘယ်လို သိမြင်ကြသလဲ။ ကျွန်ုပ်တို့တတွေ ရုပ်ဝတ္ထုဆိုင်ရာဖြစ်ပျက်မှု့တွေနှင့်ပဲ
နားလည်နေကြသလား။ စဉ်းစားထောက်ရှု့သင့်ပါတယ်။
ယခုဧ၀ံဂေလိတရားတော်အား
ပိုမိုနားလည်နိုင်ရန် ပထမကျမ်းအဖြစ်ပေးထားသည့် မာလခိကျမ်းတွင် မောက်မာသူများနှင့် မကောင်းမှု့ပြုသူများအား
ဘုရားသခင်စီရင်ရန် နေ့ရက်သည်ရောက်လာပြီ ဖြစ်ကြောင်း၊ သို့သော်လည်း ဘုရားသခင်၏နာမတော်အား
ကြောက်ရွံ့ရိုသေသူများအဖို့မူကား တရားမျှတခြင်းနှင့် ကုသခြင်းအလင်းတန်းများ နေနှင့်အတူတောက်ပမည်ဖြစ်ကြောင်း
ဟောပြောထားပါတယ်။ ယခုဧ၀ံဂေလိတရားတော်တွင်လည်း အချို့သောသူများက ဗိမာန်တော်ကြီး၏လှပမှု့၊
လှုဖွယ်ပစ္စည်းများဖြင့် တန်ဆာဆင်ထားခြင်းတွေမှာသာ ဂုဏ်ယူနေကြပြီး ဘုရားသခင်ကိုမေ့ပျောက်နေကြ၍လည်ကောင်း၊
ဒါမှမဟုတ် ဘုရားသခင်အားဘေးမှာထားပြီး အပြင်ပန်းရုပ်ဝတ္ထုများမှာသာ စိတ်ရောက်နေခြင်းကြောင့်
သော်လည်ကောင်း ခရစ်တော်က ဤရုပ်ဝတ္ထုတွေထက် ဘုရားဆီမှာ အမှန်တကယ် စိတ်ရောက်နေဖို့ ယခုလိုတရားကို
ဟောပြောပါတယ်။ ရုပ်ဝတ္ထုတွေဆိုတာ အပြောင်းအလဲတွေနဲ့တည်ရှိနေရပါတယ်။ ဒါတွေကို အသုံးချပြီး
ဘုရားသခင်ကိုသာ အမှန်တကယ်စိတ်နှလုံးသားထဲမှာ ထားနိုင်ဖို့ လိုအပ်ကြောင်း ဟောကြားခြင်း
ဖြစ်ပါတယ်။ “သင်၏ဘုရားသခင် ထာဝရဘုရားအား စိတ်နှလုံးအစွမ်းရှိသမျှ၊ စိတ်အား ညဏ်အားရှိသမျှနှင့်
ချစ်လော့” ဟုသော ပထမပညတ်တော်ကို သတိပေးခြင်းလည်း ဖြစ်ပါတယ်။
ထို့အပြင်ခရစ်တော်က
နိမိတ်လက္ခဏာများနှင့် ညှင်းပန်းနှိပ်စက်ခြင်းများ ဘယ်အချိန်ဖြစ်မလဲဆိုတာထက် သူ့၌ယုံကြည်သည့်
ကျွန်ုပ်တို့၏ယုံကြည်ခြင်း သွေဖယ်မသွားဖို့ ထိန်းသိမ်းရန်နှင့် လှည့်ဖျားခြင်း မခံကြစေရန်
သတိပေးပါတယ်။ ယခုလို ပြောင်းလဲပျက်စီးတတ်သည့် ရုပ်ဝတ္ထုတွေရဲ့လောကမှာ အသက်ရှင်ချိန်
ကပ်ဘေး၊ ညှင်းပန်းနှိပ်စက်ခြင်းများ ကြုံသည့်တိုင်အောင် ကျွန်ုပ်တို့တတွေရဲ့ မပျက်စီးနိုင်သည့်
ယုံကြည်ခြင်းနှင့် ပထမပညတ်တော်ကို စောင့်ထိန်းခြင်းဟာ မဆုံးရှုံးစေဖို့လိုပါတယ်။ တကယ်တော့
ကျွန်ုပ်တို့ဦးခေါင်းမှ ဆံခြည်တစ်ပင်မျှပင် ပျက်စီးဆုံးမှု့မရှိစေရဟု ခရစ်တော် အာမခံထားပါတယ်။
ကောင်းကင်နိုင်ငံတော်ရောက်လာသည့် အကြောင်းကို ပိုမိုနားလည်နိုင်စေရန်
အောက်ပါ အကြောင်းအရာဖြင့် စဉ်းစားကြည့်စေချင်ပါတယ်။
ယေဇူးခရစ်တော်၏ပုံဥပမာများကို သံမာကု ၄း၁-၂၀မှ မျိုးစေ့ကြဲသောသူ၏ပုံဥပမာမှ
စတင်၍ ထောက်ရှု့ကြည့်မိသော် ကောင်းကင်နိုင်ငံတော်အကြောင်းကိုဟောပြောပြီး ထိုကောင်းကင်နိုင်ငံဟာ
မျိုးစေ့အသွင်ပုံစံမှာရှိနေပြီး (မုန့်ညှင်းစေ့မျှသေးသော်လည်း တပင်လုံးအသီးဝေစေပါတယ်)။
သို့သော်လည်း ထိုကဲ့သို့မျိုးစေ့ပုံစံအသွင်မှ အသီးများစွာသီးနိုင်ရန် ထိုမျိုးစေ့ဟာ
မြေပေါ်ကျရောက်ပြီး အသက်ပေးဖို့လိုအပ်ပါတယ်။ ၎င်းမျိုးစေ့အသေခံမှအပင်ပေါက်နိုင်မှာဖြစ်ပါတယ်။
ဤသည်ပင်ခရစ်တော်အား အတိအကျဖြစ်ပွားခဲ့ပါတယ်။ သခင်ခရစ်တော်ဟာထိုမျိုးစေ့ဖြစ်ပြီး ကားတိုင်တော်ပေါ်မှာ
ကျွန်ုပ်တို့အတွက် ကယ်တင်ခြင်းအသီးအပွင့်များသီးပွင့်နိုင်ရန် အသေခံခဲ့ပြီး အသီးအပွင့်များ
သီးပွင့်စေခဲ့တာပါ။ ထိုကြောင့် ခရစ်တော်က သံယောဟန် ၁၃း၃၂မှာ ငါသည်မြေကြီးမှထမြောက်သောအခါ
လူများစွာအား ငါ့ထံသို့ဆွဲခေါ် ဆွဲယူမည်ဟု မိန့်ဆိုပါတယ်။
ထိုကြောင့် ကောင်းကင်နိုင်ငံတော်နှင့် ၎င်း၏ရောက်ရှိလာခြင်းဟာ
ကျွန်ုပ်တို့ဘ၀၊ ကျွန်ုပ်တို့ကမ္ဘာမှာ ရှိနေပါပြီ။ ထိုနေ့ဟာလည်း ကျွန်ုပ်တို့နေ့စဉ်ရှင်သန်နေတဲ့ဘ၀မှာ
သတိထားမိခြင်း (အလင်းပွင့်ခြင်း) ဖြစ်စဉ်မှာ ရှိပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့တတွေဟာ
ခရစ်တော်၏တရားတော်များဖြင့် ထိုကောင်းကင်နိုင်ငံတော်ကို မြင်နိုင်ရန်၊ သိနိုင်ရန် အလင်းပွင့်ရမှာဖြစ်ပါတယ်။
ကျွန်ုပ်တို့တတွေ မျက်စိရှိသော်လည်း မသိမြင်နိုင်ကြ၊
နားရှိသော်လည်း မကြားနိုင်ကြဘ၀မှ လွတ်ကင်း၍ ခရစ်တော်၏တရားတော်အားဖြင့် အလင်းများပွင့်နိုင်ကြပါစေ။
ကိုရင် (ဒိုမီနီကန်)
ဗိမာန်တော်သည် လှပသော ကျောက်တုံးများနှင့် လည်းကောင်း၊ ဘုရားသခင်ကို ဆက်ကပ် ပူဇော်ထားသည့် လှုဘွယ်ပစ္စည်းများနှင့် လည်းကောင်းတန်ဆာဆင်ထားကြောင်း ပြောဆိုကြ၏။ ကိုယ်တော်က ယခုသင်တို့မြင်တွေ့ကြရသော ဤအရာအားလုံးတို့သည် ကျောက်တုံး တစ်တုံးအပေါ်တစ်တုံးတင်၍ မကျန်ရစ်သည့်တိုင်အောင် အားလုံး ပြိုပျက်နေ့များ ရောက်လာလိမ့်မည်ဟု မိန့်တော်မူ၏။ ထိုသူတို့က ဆရာသခင်၊ ဤအရာများသည် မည်သည့် အချိန်ကာလတွင် ဖြစ်ပျက်၍ မည်သည့်နိမိတ်လက္ခဏာများ ပေါ်ထွန်းပါမည်နည်းဟု မေးလျှောက်ကြ၏။
ReplyDeleteကိုယ်တော်က မိန့်တော်မူသည်မှာ သင်တို့သည် လှည့်ဖြားခြင်း မခံရစေရန် သတိပြုကြလော့။ အကြောင်းမူကား၊ များစွာသော လူတို့သည် ငါ၏နာမ၌ လာကြ၍ ငါသည် ခရစ်တော်ဖြစ်၏။ အချိန်ကာလသည်နီး လာပြီဟု ဆိုကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြလေနှင့်။ သင်တို့သည် စစ်ပွဲများနှင့် ပုန်ကန်ထကြွခြင်းများ အကြောင်းကို ကြားရသောအခါ ထိတ်လန့် တုန်လှုပ်ခြင်း မရှိကြနှင့်။ အကြောင်းမူကား၊ ဤအမှုအရာများသည် ပထမဦးစွာ ဖြစ်ပျက်ရမည်။ သို့သော်လည်း နောက်ဆုံးကာလသည် ချက်ခြင်းရောက်လာလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။ ထို့နောက် သူတို့အား မိန့်တော်မူသည်ကား လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ဖြစ်ကြလိမ့်မည်။ နေရာအနှံ့အပြားတွင် မြေငလျင် ပြင်းထန်စွာလှုပ်ခြင်း ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါများ ကျရောက်ခြင်းတို့ ဖြစ်ပေါ်လိမ့်မည်။ ကောင်းကင်၌လည်း ကြောက်မက်ဖွယ်ရာ နိမိတ်များနှင့် ကြီးကျယ်သော
အမှတ်လက္ခဏာများ ဖြစ်ပေါ်လိမ့်မည်။ သို့သော် ဤအချင်းအရာ အားလုံး မဖြစ်ပျက်မီ လူတို့သည် ငါ၏ နာမကြောင့် သင်တို့ကို ဖမ်းဆီး ညှင်းဆဲကြလိမ့်မည်။ သင်တို့ကို တရားဇရပ်များနှင့် အကျဉ်းထောင်များတွင် အပ်နှံကြလိမ့်မည်။ ထို့နောက် သင်တို့သည် ဘုရင်များနှင့် မြို့ဝန်များ ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်း ခံကြရလိမ့်မည်။ ဤသို့ဖြင့် သင်တို့သည် သက်သေခံဖြစ်ရန် အခွင့်ကောင်းကို ရကြလိမ့်မည်။ ထို့ကြောင့် မည်ကဲ့သို့ ဖြေကြားရမည်ကို ကြိုတင် တွေးဆမထားရန် စိတ်ပိုင်း ဖြတ်ကြလော့။ အကြောင်းမူကား၊ သင်တို့၏ ရန်သူများသည် သင်တို့ကို ငြင်းခုံ ဆန့်ကျင်ခြင်း မပြုနိုင်ရန် နှုတ်အစွမ်းနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်။ သင်တို့သည် မိဘ ညီအစ်ကိုများ၊ ဆွေမျိုးနှင့် မိတ်ဆွေများ၏ သစ္စာဖောက်ခြင်းကို ခံကြရလိမ့်မည်။ သင်တို့တွင် အချို့တို့ကို သူတို့ သတ်ဖြတ်ကြလိမ့်မည်။ သင်တို့သည် ငါ၏ နာမတော်ကြောင့် လူအပေါင်းတို့၏ မုန်းတီးခြင်းကို ခံကြရလိမ့်မည်။ သို့သော် သင်တို့၏ ဦးခေါင်း၌ ဆံချည်တစ်ပင်မျှ ပျက်ဆီး ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် အဆုံးတိုင် တည်ကြည်ခြင်းဖြင့် သင်တို့ အသက်ဝိညာဉ်ကို ပိုင်ဆိုင်ကြလိမ့်မည်။