လွန်ခဲ့သည့်
နှစ်ရက်လောက်က ကျွန်တော့်ဆီရောက်လာတဲ့ အီးမေးလ်တော်တော်များများထဲမှာ ကျွန်တော့်အာရုံတွေကို
ဆွဲယူဖမ်းစားလိုက်သည့် မေးလ်တစ်ဆောင်ကို ကျွန်တော်တွေ့မိလိုက်တယ်။ ဒါနဲ့ အခြားမေးလ်တွေကိုကျော်ပြီး
အဲဒီမေးလ်ကိုသာ ကျွန်တော်ဖွင့်ကြည့်လိုက်ပါတော့တယ်။ မေးလ်ကို ဖွင့်ကြည့်လိုက်မှ တွေ့လိုက်ရသည့်အကြောင်းအရာက
စိတ်ဝင်စားစရာကောင်းတာထက်ကို ဂုဏ်ယူစရာကောင်းပြီး နှလုံးသားကို ပီတီဝေစေပါတော့တယ်။
ထိုအကြောင်းအရာက မြန်မာပြည်သို့ ကက်သလစ်သာသနာတော်ရောက်ရှိခြင်း နှစ် ၅၀၀ ဂျူဗလီနှစ်ကို
ယခုနှစ် ၂၀၁၃ နိုဝင်ဘာလ ၂၃ ရက်နေ့မှ စတင်ဖွင့်လစ်ကြောင်း မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏
ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဗဟိုရ်ကော်မတီအဖွဲ့ဝင် ဆရာတော်ကြီးများက ကြေငြာလိုက်ခြင်းပင်
ဖြစ်ပါတယ်။ ထိုမေးလ်ကို ဖတ်နေရင်းပဲ ကျွန်တော့်အတွေးတွေဟာ ကိုယ်တိုင်သတိမထားလိုက်ချိန်မှာပင်
သမိုင်းကြောင်းထဲသို့ အလိုလိုရောက်ကုန်ပြီ။
နှစ်ငါးရာဂျူဗလီဆိုတော့
နောက်ကြောင်းပြန်ရမည်ဆိုလျှင် ၁၅၁၀ခုနှစ် ၀န်းကျင်ကအဖြစ်ပျက်တွေကစပြီး ပြန်ကြည့်ရမှာပေါ့ဗျာ။
ဒါပေမယ့်လည်း ကျွန်တော့်အာရုံကို ဖမ်းစားသည့်အရာ နောက်တစ်ခုက ၁၂၈၇ ခုနှစ်ဝန်းကျင်က
ပုဂံမြို့တော်၏နေရာအချို့မှာတွေ့ရှိရသည့် ဖရက်စကိုကားတိုင်တော်များ၊ လာတင်ဘာသာ၊ နှင့်
ဂရိဘာသာစကားတို့ဖြင့် ရေးသားထားသည့် စာလုံးများပင် ဖြစ်ပါတယ်။ ဒါကြောင့်လည်း သမိုင်းရှင်တွေက
မြန်မာပြည်ခရစ်ယာန်သာသနာကို ၁၂၈၇ ခုနှစ်ကပင် စတင်သည်ဟု သုံးသပ်ကြပါတယ်။ သို့ပေမယ့်လည်း
ဒီသမိုင်းဟာ အတိတ်ရဲ့တထောင့်တနေရာမှာ ပြတ်ကျကျန်ရစ်ခဲ့ပါပြီ။
အခုတော့
တကယ့်ကိုထွန်းတောက်လာခဲ့သည့် သမိုင်းတစ်ခုကို ၁၅၁၀ခုနှစ်ဝန်းကျင်နှင့် ဆက်စပ်ပြီး ပုံရိပ်တွေ
ပုံရိပ်တွေကို စုစည်းလိုက်ဦးမယ်။
၁၅ရာစုအတွင်း ပေါ်တူဂီလူမျိုးတွေရဲ့ ရေကြောင်းလမ်းစူးစမ်းရှာဖွေခြင်းများ
အောင်မြင်လာခဲ့သည်နှင့် ဆက်စပ်ကာ အနောက်အိန္ဒယရှိ ဂိုးအာကျွန်းပေါ်မှာ ၁၅၁၀ခုနှစ်တွင်
ပေါ်တူဂီ ကုန်သည်များသည် ပင်လယ်ဆိပ်ကမ်းတည်ထောင်ကာ မြန်မာပြည်ဘက်သို့လည်း ပဲခူးဘုရင်နှင့်မိတ်ဆွေဖွဲ့ကာ
စတင်ရောက်ရှိလာခဲ့ကြတယ်။ ပေါ်တူဂီကုန်သည်များ ရောက်ဖြစ်ခဲ့သည့် မြန်မာပြည်နေရာအချို့မှာ
မြိတ်၊ ထားဝယ်၊ သံလျင်၊ နှင့်စစ်တွေမြို့များ ဖြစ်ကြသည်ဟု သမိုင်း၌တွေ့ရပါတယ်။ ထိုပေါ်တူဂီ
ကုန်သည်ကြီးများနှင့်အတူ ၎င်းတို့၏၀ိညာဉ်ရေးလမ်းညွှန်များအဖြစ် ကက်သလစ်ခရစ်ယာန် သာသနာပြု
ဘုန်းတော်ကြီးများလည်း လိုက်ပါလာခဲ့ကြတယ်။
သမိုင်းစာမျက်နှာရဲ့
၁၅၅၆ခုနှစ်မှာတော့ ဘုရင့်နောင်မင်းအား ခစားနေကြသည့် ပေါ်တူဂီစစ်သားများ တစ်ထောင်ရှိသည်ဟု
သိရတယ်။ ထို့အပြင် အနောက်ဘက်လွန်မင်း၏ သမိုင်းစာမျက်နှာမှာတော့ နိုင်ငံငယ်လေးများကို
စတင်စုစည်းချိန် ပေါ်တူဂီစစ်သားများ ငါးထောင် မင်းမှု့ထမ်းနေပြီး သူတို့အား ကိုယ်ပိုင်ဝတ်ပြုကိုးကွယ်နိုင်ရန်
ဘုရားကျောင်းတစ်ကျောင်းပင် ဆောက်ခွင့်ပြုထားကြောင်း တွေ့မိပါတယ်။ ဒီလိုနဲ့ သြဂက်စတင်းဂိုဏ်းဝင်
ဘုန်းတော်ကြီး ဆာဗတ်စတီးယမ်းဟာ ရခိုင်ပြည်နယ်၌၎င်း၊ စစ်တွေနှင့် မုတ္တမမှာလည်း အခြားသြဂက်စတင်းဂိုဏ်းဝင်ဘုန်းတော်ကြီးများရှိနေကြပြီး၊
ပဲခူးမှာတော့ ဖရန်စစ္စကန်နှင့် ဒိုမီနီကန်အသင်းဂိုဏ်းဝင်ဘုန်းတော်ကြီးများ၊ တက်တင်းစ်အသင်းဂိုဏ်းဝင်
ဘုန်းတော်ကြီးအချို့လည်း ရခိုင်နှင့် ပဲခူးမှာရှိနေကြကြောင်း ၁၇ ရာစုသမိုင်းက ဖော်ပြထားပြန်တယ်။
သမိုင်းတဆစ်ချိုးတာက
ဘားနဘိုက်အသင်းဂိုဏ်းဝင် သာသနာပြုကြီးများပေါ့။ တရုတ်ပြည်ကြီးကို သာသနာပြုဖို့ ပုပ်ရဟန်းမင်းကြီးကလေးမင်း
(၁၁)က စေလွှတ်ရာလမ်းမှာ မြန်မာပြည်ကို သူတို့ဝင်ရောက်လာခဲ့ကြတယ်။ အချိန်ကာလဖြင့်ပြောရရင်တော့
၁၇၁၉ခုနှစ်ပါ။ မြန်မာပြည်မှာ တမန်တော်ဆိုင်ရာသာသနာငယ်အဖြစ် တည်ထောင်ကာ ဘုန်းတော်ကြီး
ဂါလီဇီယားအား မြန်မာနိုင်ငံ သာသနာငယ်၏ ပထမဆုံး ကိုယ်စားလှယ်တော်အဖြစ် ခန့်အပ်ခဲ့တယ်။
ဘားနဘိုက်အသင်းဂိုဏ်းဝင် သာသနာပြုများဟာ ၁၇၄၃ခုနှစ်မှာ ပထမအုပ်စုအဖြစ်လည်းကောင်း၊ ၁၇၅၄ခုနှစ်မှာ
ဒုတိယ အုပ်စုအဖြစ်လည်ကောင်း၊ ၁၇၆၀ခုနှစ်မှာ တတိယအုပ်စုအဖြစ်လည်းကောင်း၊ ၁၇၆၇ခုနှစ်မှာ
စတုတ္ထ အုပ်စုအဖြစ်လည်းကောင်း ခရစ်တော်၏သတင်းကောင်းမျိုးစေ့ ကြဲဖို့၊ ပျိုးထောင်ဖို့အတွက်
စိတ်အားထက်သန်စွာ ရောက်ရှိလာခဲ့ကြတယ်။ ဆရာတော် မွန်တေဂါဇာဟာ အင်းဝဆရာတော်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။
သမိုင်းကို
နောက်တဆစ်ချိုးသူများကတော့ သြဘလိပ်အသင်းဂိုဏ်းဝင် သာသနာပြုကြီးများပင် ဖြစ်ပါလိမ့်မယ်။
ယခင် ဘားနဘိုက်တို့အစား မြန်မာပြည်ကို ၁၈၃၀ခုနှစ်တွင် ရောက်ရှိလာပြီး အင်းဝဒေသရှိ ယုံကြည်ခြင်းကို
ပြန်လည်အသက်သွင်းပေးခဲ့ကြပါတယ်။ အင်းဝဒေသတွင် ရှေးဟောင်းကက်သလစ်ရွာကြီးများ (သို့)
ဘုရင်ဂျီရွာကြီးများဖြစ်ကြသည့် မုံလှ၊ ချမ်းသာရွာ၊ ချောင်းဦး၊ ချောင်းရိုး၊ အမရာပူရ၊
နဘက်ရွာကြီးများဟာ ၎င်းသာသနာပြုကြီးများ၏ အနီးကပ်လမ်းညွှန်မှု့ကို ရယူနိုင်ခဲ့ကြပါတယ်။ မြန်မာတိုင်းရင်းသားများထဲမှ
ပထမဆုံးကျောင်းသားအဖြစ် ငဦးအား Propaganda ကောလိပ်မှာ စာပေလေ့လာဆည်းပူးရန်အတွက် ဆရာတော်ကြီး
ဖရက်ထရစ်က အီတလီသို့ခေါ်ဆောင်သွားခဲ့တယ်။ ထိုနောက် ငဦးဟာ ရဟန်းသိက္ခာခံယူ၍ ဘုန်းတော်ကြီးတစ်ပါးဖြစ်လာခဲ့ပါတယ်။
ဆရာတော် စေရတ္တီလက်ထက်တွင် စိန်ဂျိုးဇက်သီလှရှင်များကို မြန်မာပြည်သို့ခေါ်ဆောင်လာခဲ့ပါတယ်။
၁၈၅၂ခုနှစ်
မြန်မာ-အင်္ဂလိုစစ်ပွဲစတင်တဲ့အခါ သြဘလိပ်သာသနာပြုကြီးများအတွက် အခက်ခဲများ ဖြစ်ပေါ်လာသောကြောင့်
ဆရာတော် ဘာလ်မား၏ အစီစဉ်အရ မြန်မာပြည်သာသနာပြုခြင်းအား ပဲရစ်အဖွဲ့အစည်း၏နိုင်ငံခြားသာသနာပြုခြင်း
အဖွဲ့အား အပ်နှံခဲ့ပါတော့တယ်။ ထိုကြောင့် မြန်မာပြည် သာသနာအတွက် သမိုင်းနောက်တဆစ်ချိုးကွေ့ရပေဦးမယ်။
ထိုသမိုင်းစာမျက်နှာမှာတော့ ဘာသာရေးဆိုင်ရာ၌သာမကဘဲ အသိပညာအတတ်ပညာတို့၌ပါ အစွမ်းထက်မြက်၍
သြဇာလွှမ်းမိုးမှု့ရှိသော ဆရာတော်ကြီး ပေါလ်ဘီဂါန်ဒက်ကို တွေ့မြင်ရပါဦးမယ်။ ဆရာတော်ကြီးဟာ
မြန်မာပြည်အတွက် ဒဏ္ဍာရီတစ်ပုဒ်တွင်ခဲ့သည်အထိ
လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ထိုခေတ်ကာလမှာပင် မြန်မာပြည်၌ ရန်ကုန်သာသနာ၊ မန္တလေးသာသနာနှင့်
တောင်ငူသာသနာတို့တည်ထောင်ပြီးခဲ့ပါတယ်။
၁၉၃၉
-၁၉၄၅ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ဒုတိယကမ္ဘာစစ်ကြီးဟာ မြန်မာပြည်ကိုလည်း မျက်နှာသာမပေးခဲ့ပါ။
ကြီးမားသည့်ပျက်စီးခြင်းများကို သယ်ဆောင်လာခဲ့၍ ဘုရားကျောင်းကြီးများ ဗုံးဒဏ်နှင့်အတူ
ပျက်စီးခဲ့ရတယ်။ နိုင်ငံခြားသားဘုန်းတော်ကြီးများကို နိုင်ငံမှနှင်ထုတ်ထွက်ပြေးစေခဲ့တယ်။
လူပေါင်းများစွာဟာ ဝေးရပ်အရာတွေဆီ ပြေးလွှားတိမ်းရှောင်နေခဲ့ရတယ်။ အဲဒီမှာ ဘုန်းတော်ကြီးများ၊
သီလှရှင်စစ္စတာများနှင့် လူပေါင်းများစွာဟာ ရက်စက်စွာအသတ်ခံခဲ့ကြရတယ်။ ၁၉၄၅ခုနှစ်၊ ကမ္ဘာစစ်ကြီး
ချုပ်ငြိမ်းသွားခဲ့ပြီ။ သို့ပေမယ့်လည်း မြန်မာပြည်မှာတော့ ဘုရားကျောင်းကြီးများ ပြန်လည်ဆောက်တည်ဖို့၊
စာသင်ကျောင်းများ ပြန်လည်တည်ထောင်ဖို့၊ သာသနာနယ်များ ပြန်လည်တည်ထောင်ဖို့တော့ လုံးဝ
ခက်ခဲသွားခဲ့လေပြီ။
ပြန်လည်ပြုပြင်မွမ်းမံကာလ၊
၁၉၅၅ခုနှစ်၊ ဇန်န၀ါရီလ ၁ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး၏ကိုယ်စားလှယ် ဂိုဏ်းချုပ်ဆရာတော်ကြီးမာတင်
(SVD) လက်အောက်၌ ရန်ကုန်ဂိုဏ်းချုပ်သာသနာနှင့် မန္တလေးဂိုဏ်းချုပ်သာသနာနယ်တို့ကို တည်ထောင်နိုင်ခဲ့ပြီး
တောင်ငူ၊ ပုသိမ်နှင့် စစ်တွေတို့အား ရန်ကုန်ဂိုဏ်းချုပ်သာသနာ၏လက်အောက်တွင် ထားရှိခဲ့ပါတယ်။
ထိုနှစ်မတိုင်ခင် ၁၉၅၄ခုနှစ်တွင် ဘုန်းတော်ကြီး ဂျိုးဇက်ဦးဝင်းသည်လည်း ပထမဆုံးဒေသခံဆရာတော်အဖြစ်
တင်မြှောက်ခံခဲ့ရပြီး မန္တလေးဂိုဏ်းချုပ်သာသနာ၏ လက်ထောက်ဆရာတော်အဖြစ် ခန့်အပ်ခဲ့ပါတယ်။
ထိုနောက် ၁၉၅၅ခုနှစ်မှာလည်း ပုသိမ်ဆရာတော်အဖြစ် ဘုန်းတော်ကြီး ဂျော့ခ်ဦးကျော်အား တင်မြှောက်ခံအပ်ခဲ့ပါတယ်။
ထိုအချိန်မှာပဲ စလေးရှင်းအသင်းဂိုဏ်းမှ ဘုန်းတော်ကြီးများလည်း ၁၉၃၉ ခုနှစ်ကတည်းက ရောက်ရှိနေပြီး
မန္တလေးမြို့ရှိ စိန်ဂျိုးဇက်သာသနာနှင့် မိဘမဲ့ကျောင်းအား တာဝန်ယူခဲ့ကြပါတယ်။ တာဝန်ပေးအပ်ခံခဲ့ရသည့်
ဘုန်းတော်ကြီးမှာ ဖာသာရ်လူးဝစ် လဖုန်းဖြစ်၍ သူ့အမည်အား အစွဲပြုကာ ယနေ့ထိုအရပ်ကို လဖုန်းရပ်၊
လဖုန်းကျောင်းဟု အမည်တွင်နေပြီ။ ထို့အပြင် စလေးရှင်းဘုန်းတော်ကြီးများသည် ရန်ကုန်သင်္ကန်းကျွန်းတွင်လည်း
တမန်တော်လုပ်ငန်းများနှင့် ပညာရေးလှုပ်ရှားမှုများ ချဲ့ထွင်ခဲ့ကြပါတယ်။
၁၉၅၆
ခုနှစ်တွင် တနိုင်ငံလုံးဆိုင်ရာ ကိုယ်တော်မြတ်ညီလာခံကြီးနှင့်အတူ ဆရာတော်ကြီးပေါလ်
ဘီဂန်ဒက်၏ ရောက်ရှိခြင်း နှစ် တစ်ရာပြည့်အထိမ်းမှတ်ကျင်းပချိန် အိန္ဒိယနိုင်ငံ ဘုံဘေဂိုဏ်းချုပ်ဆရာတော်ကြီး
ဂါဆီးယပ်စ်သည် ကိုယ်တော်မြတ်ညီလာခံကြီးအတွက် ပုပ်ရဟန်းမင်း၏ကိုယ်စားလှယ်တော်ကြီးအဖြစ်
ကြွရောက်ချီးမြှင့်ခဲ့ပြီး တချိန်တည်းမှာပင် မြန်မာပြည်၏ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊
ဘာသာရေးအသင်းဂိုဏ်းဝင်များနှင့် လူများစွာတို့ရှေ့မှာပဲ ကက်သလစ်မေဂျာ ရဟန်းဖြစ်သင်ကျောင်းကြီးအား
အုပ်မြစ်ချခဲ့ပါတယ်။ ထိုနောက် အမေရိကမှ ဂျေးဇူးရစ်အသင်းဝင် စာချဘုန်းတော်ကြီးများ ရောက်ရှိလာ၍
တနိုင်ငံလုံးပေါင်းမှ ကျောင်းသား ၈ ဦးဖြစ် အတန်းများကိုစတင်ခဲ့ပါတော့တယ်။ ၁၉၆၁ ခုနှစ်တွင်
တောင်ငူဂိုဏ်းအုပ်သာသနာကို တည်ထောင်ပြီး ဘုန်းတော်ကြီး ဆာဗတ်ဆီးယမ်း ဦးရွှေအား ၎င်း၏ဂိုဏ်းအုပ်သာသနာအဖြစ်
တင်မြှောက်ခဲ့ပါတယ်။ ၁၉၅၆ခုနှစ်တွင်မူ ရန်ကုန်ဂိုဏ်းချုပ်သာသနာအတွက် လက်ထောက်ဆရာတော်အဖြစ်
ဂါဗြီအဲလ် သိုဟေးမန်ဂါဘီအား တင်မြှောက်ခဲ့ပါတယ်။
၁၉၆၆ခုနှစ်မှာတော့
သမိုင်းစာမျက်နှာတစ်ခု ထင်းထင်းကြီးဖွင့်ရပေဦးမယ် ထင်ပါတယ်။ (ဇန်န၀ါရီ ၄၊ ၁၉၄၈) လွတ်လပ်ရေးမတိုင်ခင်
မြန်မာပြည်တွင်းသို့ရောက်ရှိလာကြသည့် နိုင်ငံခြားသား သာသနာပြုများအားလုံးထဲမှ စာသင်ကျောင်းများအား
တိုက်ရိုက်တာဝန်ယူမထားသူအားလုံး နိုင်ငံမှထွက်ပေးရပါတယ်။ ထိုအချိန်ကစပြီး လမ်းမလျှောက်တတ်
လျှောက်တတ်အရွယ် ကလေးငယ်လို နုငယ်သေးသည့် ဒေသခံဘုန်းတော်ကြီးများနှင့် အသင်းဂိုဏ်းဝင်တို့ဟာ
မြန်မာပြည်အသင်းတော်ကြီးကို ပုခုံးပြောင်းထမ်းယူရပါတော့တယ်။ ထိုအချိန်၌ မြန်မာပြည်တွင်
ဂိုဏ်းချုပ်သာသနာကြီး နှစ်ခု၊ လက်အောက်ခံ ဂိုဏ်းအုပ်သာသနာ ခြောက်ခုရှိပြီး ရဟန်းတော်
၁၂၀ပါးနှင့် ကက်သလစ်ဘာသာဝင် သုံးသိန်းငါးသောင်းရှိသည်ဟု သိရပါတယ်။
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး
ကျိုးစားလာခဲ့ရသော အသင်းတော်ငယ်လေးသည် တနေ့တခြားတိုးပွား တိုးတက်လာပြီး ဘုရားသခင်၏ကူညီစောင့်မမှု့တို့အောက်မှာ
၁၉၇၅ ခုနှစ်မှစပြီး ဒေသခံဘုန်းတော်ကြီးများ ဆရာတော်သိက္ခာတင်မြှောက်ခံရကာ ဒေသခံဆရာတော်ကြီးများ
ပေါ်ထွန်းလာခဲ့ပါတယ်။ နေရောင်ချီ ထွန်းလင်းစပြုလာခဲ့ပါပြီ။ ဘုန်းတော်ကြီး မာတီးယပ်စ်
ဦးရွှေသည် ၁၉၈၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် လက်ထောက်ဆရာတော်အဖြစ် တင်မြှောက်ခံခဲ့ပြီးနောက်
၁၉၉၀ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့မှာတော့ ဆရာတော် ဂျေဘီ ဂိုဘာတို၏နေရာတွင် အစားထိုးလာခဲ့ပါတယ်။
၁၉၉၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၇ ရက်နေ့မှာတော့ သူဟာ ဂိုဏ်းချုပ်ဆရာတော်ကြီးအဖြစ် တင်မြှောက်ခံခဲ့ရပါတော့တယ်။
၁၉၈၅ခုနှစ်၊
ပြည်သာသနာမှာတော့ ဆရာတော်ဂရေဂေါ်ရီ တိုက်မောင်အား တမန်တော်ရေးရာစီမံခန့်ခွဲ ကြီးကြပ်သူအဖြစ်
ခန့်အပ်ကာ ဆရာတော် ဂျိုးဇက် ဦးသောင်းရွှေကို ကူညီစေခဲ့ပါတယ်။ ထိုနှစ်ထဲမှာပဲ တောင်ငူသာသနာ၌
ဆရာတော် ဆာဗက်စီးယမ်းရွှေ၏နေရာအား ဆရာတော် အီဇက် Danu ဆက်ခံခဲ့ပြီး ပုသိမ်သာသနာ၌လည်း
ဆရာတော် ဂျိုးဇက် Mahn Erie နေရာအား ဆရာတော် V. Sequeira က ဆက်ခံယူခဲ့ကြပါတယ်။ ၁၉၈၇
ခုနှစ်တွင် ဆရာတော်ယျေမွန် စောဖိုးရယ်သည်လည်း ရန်ကုန်ဂိုဏ်းချုပ်သာသနာ၏ လက်ထောက်ဆရာတော်အဖြစ်
ခန့်အပ်ခံခဲ့ရပါတယ်။ ၁၉၈၉ ခုနှစ်တွင် တော်ကြီးဂိုဏ်းအုပ်သာသနာမှ နောက်ထပ် ဂိုဏ်းအုပ်သာသနာတစ်ခုကို
လွိုင်ကော်အမည်ခံဖြင့် မွေးဖွားပေးခဲ့ပြီး ဆရာတော် ဆိုတေးရိုဖာမောအား ၎င်း၏ပထမဆုံးဆရာတော်အဖြစ်
ခန့်အပ်ခဲ့ပါတယ်။ ထိုနှစ်ထဲမှာပဲ ပုသိမ်သာသနာ၌ ဆရာတော် V. Sequeira နေရာမှာ ဆရာတော်
ဂျွန်ဂါဗြီအဲလ် တက်လာခဲ့ပါတယ်။
၁၉၉၁ခုနှစ်မှာတော့
မန္တလေးဂိုဏ်းချုပ်သာသနာမှ ချင်းပြည်နယ်အတွက် ဟားခါးသာသနာဟူ၍ ဂိုဏ်းအုပ်သာသနာတစ်ခုကို ထပ်မံမွေးဖွားပေးခဲ့ပြီး
၎င်း၏ပထမဆုံးဆရာတော်အဖြစ် ဆရာတော် နီကောလပ်စ် မာန်းထန်အား ခန့်အပ်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာလည်း
ရန်ကုန်ဂိုဏ်းချုပ်သာသနာမှ မော်လမြိုင်သာသာဟူ၍ နောက်ထပ်ဂိုဏ်းအုပ်သာသနာတစ်ခုကို မွေးဖွားပေးခဲ့ပြီး
၎င်း၏ပထမဆုံးဆရာတော်အဖြစ် ဆရာတော် ယျေမွန်စောဖိုးရယ်ကို လွှဲပြောင်းခန့်အပ်ခဲ့ပါတယ်။ ၁၉၉၄
ခုနှစ်မှာတော့ မြစ်ကြီးနားသာသနာတွင် ဆရာတော်ဖီးလစ် Lasap Za Hawng အား လက်ထောက်ဆရာတော်အဖြစ်
တင်မြှောက်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ ဆရာတော်ချားလ် ဦးဘို (SDB)သည် ပုသိမ်သာသနာ၏ဆရာတော်ဖြစ်လာပြီး
ဆရာတော် ဖီးလစ် Lasap Za Hawngသည် လာရှိုးသာသနာ၏ ဆရာတော်ဖြစ်လာခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်တွင်
ကျိုင်းတုံသာသနာ၏ အကူဆရာတော်အဖြစ် ဘုန်းတော်ကြီး ပီတာလူးဝစ် ကာခူအား တင်မြှောက်ခဲ့ပြီးနောက်
ဆရာတော် အာဗြရာဟံသန်းသည် ၎င်းသာသနာ၏ဆရာတော်အဖြစ် ၂၀၀၂ခုနှစ်မှာ ဆက်ခံခဲ့ပါတယ်။ ၂၀၀၁ခုနှစ်တွင်
တောင်ကြီးသာသနာ၏ အကူဆရာတေတော်အဖြစ် ဆရာတော်ပီတာလှအား တင်မြှောက်ခဲ့ပြီး ၂၀၀၂ခုနှစ်တွင်
မြစ်ကြီးနားသာသနာ၏ အကူဆရာတော်အဖြစ် ဆရာတော် ဖရန်စစ်ဒေါ့တန်အား တင်မြှောက်ခဲ့ပါတယ်။
၂၀၀၃ခုနှစ်မှာတော့ ပုသိမ်သာသနာ၏ အကူဆရာတော်အဖြစ် ဆရာတော် ဂျွန်မာန်ဆေးဟှီအား တင်မြှောက်ခဲ့ပါတယ်။
၂၀၀၅
ခုနှစ်တွင် တောင်ကြီးဂိုဏ်းချုပ်သာသနာမှ ဖယ်ခုံဂိုဏ်းအုပ်သာသနာတစ်ခုကို မွေးဖွားပေးခဲ့ပြီး
၎င်းသာသနာ၏ပထမဆုံးဆရာတော်အဖြစ် ဆရာတော်ပီတာလှအား တင်မြှောက်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တွင်
ဟားခါးသာသနာ၏အကူဆရာတော်အဖြစ် ဘုန်းတော်ကြီး Felix Lian Khen Thang အား တင်မြှောက်ခဲ့ပါတယ်။
ထိုနှစ်တည်းမှာပဲ မြစ်ကြီးနားဂိုဏ်းအုပ်သာသနာမှ ဗန်မော်ဂိုဏ်းအုပ် သာသနာငယ်တစ်ခုကို
ထပ်မံမွေးဖွားပေးခဲ့ပါတယ်။ ထိုနောက် ၎င်း၏ပထမဆုံးဆရာတော်အဖြစ် ဆရာတော် ယျေမွန်စွန်လပ်ဂန်အား
တင်မြှောက်ခဲ့ပါတယ်။
ယခုလက်ရှိကာလတွင်
မြန်မာပြည်ကက်သလစ်သာသနာ၌ ဂိုဏ်းချုပ်သာသနာကြီး သုံးခုနှင့် ဂိုဏ်းအုပ်သာသနာ ၁၁ ခုရှိနေပါပြီ။
ဆရာတော် ၁၅ ပါး၊ ဘုန်းတော်ကြီးနှင့် ဘာသာရေးအသင်းဂိုဏ်းဝင် ၃၃၃ပါး၊ ဘာသာရေးအသင်းဂိုဏ်းဝင်အမျိုးသမီးပေါင်း
၁၉၅၈ တို့ဖြင့် သခင်ခရစ်တော်၏ စပျစ်ဥယာဉ်တော်ကြီးများ မမောမပန်း ဆက်ကပ်လုပ်ဆောင်နေကြတာကို
ရင်ထဲပီတိဝေစွာ တွေ့ရှိနိုင်ပါတယ်။
နှစ်ပေါင်း
၅၀၀အတွင်း မြန်မာပြည်အသင်းတော်မှာ အကြိမ်ကြိမ်လှဲကျသည့်တိုင်အောင် ဘုရားသခင်၏ စာင်မမှု့အောက်မှာ
ခွန်အား၊ ဇွဲလုံလတို့ဖြင့် ရှေးဦးဘိုးဘေးတို့၏ ကြဲခဲ့သော ခရစ်တော်ပေးခဲ့သည့် ကောင်းကင်နိုင်ငံတော် သတင်းကောင်း - ယုံကြည်ခြင်းမျိုးစေ့ငယ်အား သာသနာပြုကြီးများအစဉ်အဆက်
လက်ဆင့်ကမ်း ပုခုံးပြောင်းထမ်းယူပြီး ဤစပျစ်ဥယာဉ်ကြီးအား ထိန်းသိမ်းစောင့်ရှောက် လုပ်အားပေးရင်း
ယနေ့ နှစ် ၅၀၀ပြည့်ဂျူဗလီနှစ်ကြီးအဖြစ် ထိုက်တန်စွာ ဂုဏ်ယူကျင်းပနိုင်ပါပြီ။ ဤဂျူဗလီနှစ်ကြီးအတွင်း
ကျေးဇူးတော်ချီးမွမ်းခြင်း မစ္ဆားတရားတော်များ၊ ပြန်လည်သင့်မြတ်ခြင်း အခမ်းအနားများ၊
သာသနာ့သမိုင်းအကြောင်း ဟောပြောခြင်းနှင့် သမ္မာကျမ်းသာလေ့လာ ဝေမျှခြင်းများပြုလုပ်ကြရန်အတွက်
မြန်မာပြည်ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်မှ တိုက်တွန်းနှိုးဆော်ထားပါတယ်။ ထိုမှတဆင့်
နောက်ဂျူဗလီနှစ်များသို့ ဤအသင်းတော်ကြီးသည် ခွန်အားကျေးဇူးတော်များဖြင့် ချီတက်ပါဦးမယ်။
ဘုရားသခင်၏ နာမတော်အား နေရာအရပ်ရပ်၌ ချီးမွမ်းခြင်းရှိပါစေသေိာ။ အာမင်။
မနောအောင်