Sunday, 10 March 2013

စတုတ္တ ၀ါတွင်းတနင်္ဂနွေနေ့


ဘုရားကျောင်းမှာ လူ့အသိုင်းအ၀ိုင်းက မကောင်း တဲ့လူဟူ ယူဆ ပစ်ပယ်ခံရသော သူများ မိမိတို့နှင့် အတူ မစ္ဆားတရားမှာ ပါဝင်လာသည့်အခါ မည်ကဲ့သို့သော တုန့်ပြန်မှု့ပေးမှာလဲ။ ဖြစ်တတ် သည့် သဘောများကတော့ ထိုသူများဘေးမှ ဝေးဝေးမှာထိုင်ကြမယ်။ မျက်နှာရှုံ့မဲ့စွာနှင့် ကြည့်ကြမယ်။ စသဖြင့် အဆိုးဆုံးကတော့ ငါတော့ ဒီနေ့ဘုရားကျောင်းလာတက်တာ မှားပြီလို့ ယူဆတဲ့သူတွေပါ ရှိနေကောင်း ရှိနေပါလိမ့်မယ်။ မိတ်ဆွေ- မိမိသည်လည်း ထိုကဲ့သို့တွေးမိယူဆမိသည့်သူဖြစ်နေလျှင် မိမိ၏ခရစ်ယာန်ဖြစ်တည်နေခြင်းကို ပြန်လည်သုံးသပ်သင့်ပါပြီ။ သို့ဖြစ်၍ ကျွန်ုပ်နှင့်အတူ ယနေ့ကျမ်းစာတော်မြတ်ကို အတူတူ စဉ်းစားထောက်ရှု့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ယနေ့ကျမ်းစာတော်မြတ်တွင်လည်း ခရစ်တော်က အပြစ်သားများကို လက်ခံသောအခါ ဖာရီဇေးဦးနှင့် ကျမ်းတတ်ဆရာများက ဝေဖန်ပြစ်တင်ကြပါတယ်။ ကျွန်တော်တို့အဖြစ်နှင့် တူနေပြီလား။ ဒါမှမဟုတ် ခရစ်တော်၏ပုံဥမာထဲက သားကြီးနှင့်တူနေပြီလား။ တကယ်ဆိုလျှင် ခရစ်ယာန်ဘ၀အသက်တာဆိုတာ ဤသို့မဟုတ်ပါဘူး။ ထိုကြောင့်ပင် ခရစ်တော်ကိုယ်တော်တိုင် ကျမ်းတတ်ဆရာတွေ၊ ဖာရီဇေးဦးတွေကို ပြစ်တင်ဝေဖန်လေ့ရှိတာကို မမေ့ပါနှင့်။ ခရစ်ယာန်တရားသည် ခရစ်တော်၏နာမတော်၌ လူပေါင်းစုံအား လက်ခံချစ်တတ်အောင် သွန်သင်ပေးသည့် ဓမ္မသစ်ဥပဒေပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘုရားကျောင်းထဲသို့ လူ့အသိုင်းအ၀ိုင်းက မကောင်းတဲ့သူဟု ပြစ်ပယ်ခံရသူများ ဘုရားကျောင်း လာတက်သည့်အခါ မျက်နှာရှုံမဲ့ရမှာ မဟုတ်ဘဲ လက်ခံကြိုဆိုတတ်ရပါမယ်။ ကျွန်ုပ်တို့ကိုယ်တိုင်ပင် ဘာမဟုတ်သည့်အခြေအနေမှ ဘုရားသခင်၏သားသမီးအဖြစ် ဆေးကြောခြင်းမင်္ဂလာ၌ ခရစ်တော်အားဖြင့် ကျေးဇူးတော်ရရှိထားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အပြစ်သားဆိုတာကို မမေ့ပါနှင့်။

မိမိဟာ အပြစ်တစ်ခုပြုလုပ်မိပြီးသည့်အခါ ခွင့်လွတ်ခံရဖို့ မျှော်လင့်ဖူးပါသလား။ ထိုခွင့်လွတ်ခြင်း မရသေးခင် ခံစားရတာတွေကို ပြန်လည် သုံးသပ်မိဖူးပါသလား။ သေချာတာတော့  ဒါတွေကို ကြုံဖူးပြီးပါလိမ့်မယ်။ မစဉ်းစားမိလို့သာဖြစ်နေနိုင်ပါတယ်။ ၎င်းအဖြစ်ဟာ ချစ်ခြင်းမေတ္တာနှင့် ခွဲခွာခံလိုက်ရခြင်းပင်ဖြစ်ပါတယ်။ ဒါကြောင့် ယခင်ကရရှိခဲ့ဖူးသည့် နှစ်ဦးနှစ်ဖက်အကြားကမေတ္တာကို ပြန်လည်တမ်းတလာပါတယ်။ ထို့အပြင် မိမိကိုယ်တိုင်လည်း အရင်လို စိတ်မလုံဖြစ်လာရသည့်အတွက် ရိုးသားခြင်းပျောက်ဆုံးရပါတယ်။ ဒီတော့ ကျွန်ုပ်တို့က ယခင်က ရိုးသားခြင်းကို ပြန်လည်တမ်းတပြီး အရင်လို လွတ်လပ်တဲ့စိတ်နဲ့ လှုပ်ရှားသွားလာချင်တယ်။ ဒီလိုအရာတွေပြန်ရလာခြင်းဟာ ရှင်ပြန်ထမြောက်ခြင်းကိုပင် ဆိုပါတယ်။ ကျွန်ုပ်တို့ ၀ိညာဉ်၏ ရှင်ပြန်ထမြောက်ခြင်းဖြစ်ပြီး အပြစ်မှ ခွင့်လွတ်ခြင်းတရားပင် ဖြစ်ပါတယ်။ ဘ၀အသစ်ကို မွေးဖွားလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ထိုဘ၀အသစ်မှာ မိမိသည်လည်း ခရစ်တော်နီးတူ တခြားသူတစ်ပါး၏အပြစ်ကိုလည်း ခွင့်လွတ်တတ်စေတယ်။ နားလည်ပေးစေတယ်။ လက်ခံတတ်စေတယ်။ ဒါတွေပင် ခရစ်ယာန်တရားတော်ပင် ဖြစ်ပါတယ်။ ကောင်းကင်ဘုံ၌မေတ္တာတွင် “ကျွန်ုပ်တို့အား ထိခိုက်ကျူးလွန်သူများကိုလည်း ကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ” ဟု ခရစ်တော်သင်ပေးထားခဲ့ပါတယ်။ ခရစ်တော်၏ ပုံဥမာထဲက သားမိုက်အား ဖခင်မှ ပြန်လည်လက်ခံတတ်သည့်နည်းတူ အခြားသူများကိုလည်း မိမိတို့ ပြန်လည်လက်ခံတတ်ပါစေ . . .

ကိုရင် (ဒိုမီနီကန်)

No comments:

Post a Comment