မေတ္တာပန်းတွေဟာ
ကျွန်ုပ်တို့ရဲ့ ဒွဟစိတ်ကို ပုံဖော်နေပါတယ်။ ကျွန်ုပ်တို့တတွေရဲ့ စိတ်ဓါတ်တွေဟာ
မေတ္တာပန်းတွေလား ဒါမှမဟုတ် ဒီပန်းတွေကို မီးရှို့အသုံးပြုသည့် ပြာမှုန့်တွေလားဆိုတာ
စမ်းစစ်ဖို့လိုပါလိမ့်မယ်။ အချက်သုံးချက်ကို ထောက်ရှု့စဉ်းစားကြည့်ကြပါစို့။
၁။ “ ဟိုရှဏ္ဏ” ဟုအော်ဟစ်ကြွေးကြော်နေသူ ကျွန်ုပ်တို့တတွေဟာ
“သူ့ကို ကားတိုင်တင်ပါ”ဟု အော်ဟစ်သူများလည်း ဖြစ်တတ်ပါတယ်။
၂။ သခင်ခရစ်တော် ကြွဝင်လာတဲ့အချိန်
ပိတ်စတွေကိုခင်း ဂုဏ်ယူဝံ့ဝံ့နဲ့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနေသူ ကျွန်ုပ်တို့ တတွေဟာ
ခရစ်တော်အတွက် ကားတိုင်လမ်းကိုဖန်တီးပေးသူများ၊ ကားတိုင်လမ်း ခင်းပေးသူများလည်း ဖြစ်တတ်ပါတယ်။
၃။ ခရစ်တော်အား ချီးမွမ်းတေးဆိုနေသူ
ကျွန်ုပ်တို့တတွေဟာ ခရစ်တော်အတွက် မတရားမှု့တွေမှာ မသိကျိုးကျွန်ပြုကာ နှုတ်ပိတ်တိတ်ဆိတ်နေသူများ
ဖြစ်နေတတ်ပါတယ်။
မိတ်ဆွေ။ ၀ါကြီးဝင်သည့်နေ့တွင်
ကျွန်ုပ်တို့နဖူးပေါ်သို့ ပြာမှုန့်များတို့ထိသောအခါ ကျွန်ုပ်တို့၏ဘ၀အခြေအနေ (အပြစ်သားဘ၀)ကို
မမေ့ဖို့သတိပေးရင်း နောင်တလမ်းသို့ ပြန်လည်ဦးတည်စေခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာ၌ ပြန်လည်မိတ်သဟာဖွဲ့ဖို့
ဖိတ်ခေါ်ခံခဲ့ရပါတယ်။ ယခုလည်း မေတ္တာပန်းများဟာ ကျွန်ုပ်တို့အား သန်ရှင်းသော ရက်သတ္တပတ်အတွက်
အကောင်းဆုံးပြင်ဆင်နိုင်ဖို့ သတိပေးနေပါတယ်။ သန့်ရှင်းသောရက်သတ္တပတ်ဟာ အသင်းတော်အတွင်း
ဝါတွင်းကာလ၏ အထွဉ်အထိပ်ဆုံးသောနေ့ကြီးများဖြစ်ပြီး လူတွေအပေါ်ထားရှိသည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို
ထုတ်ဖော်ပြသရာ အနက်ရှိုင်းဆုံးပင် ဖြစ်ပါတယ်။
လူတွေအပေါ်ထားရှိသည့် ဘုရားသခင်၏အနက်ရှိုင်းဆုံးမေတ္တာတရားကို
နားလည်နိုင်ဖို့ ဒုတိယကျမ်းဖြစ်သည့် ဖိလိပိသြ၀ါဒစာ (၂း၆-၁၁)အား အနည်းငယ်စဉ်းစားထောက်ရှု့ကြည့်ပါ။
သခင်ခရစ်တော်ဟာ ဘုရားဇာတိဖြစ်သော်လည်း
မိမိကိုယ်ကို ဗလာနတ္တိအဖြစ်ခံယူကာ လူ့အဖြစ်ကို အနိမ့်ဆုံးသောပုံစံဖြင့် ယူတော်မူခဲ့ပါတယ်။
လူစင်စစ်အဖြစ် နေထိုင်အသက်ရှင်ရင်း ကောင်းကင်ဘုံရှိ အဖခမည်းတော်ဘုရားအား နာခံခဲ့ပါတယ်။
လူတွေကို ကယ်ချွတ်ဖို့အတွက် ကားတိုင်ပေါ်မှာ အသက်တော်စွန့်သည့်တိုင် နာခံခဲ့ပြီး လူသားတွေအတွက်
ကမ္ဘာပေါ်တွင် အမြင့်ဆုံးသော မေတ္တာတရား၏ ပေးဆပ်တတ်ခြင်းကို ကားတိုင်ပေါ်တက်ကာ ပြသသွန်သင်ပေးခဲ့ပါတယ်။
“မိမိ၏မိတ်ဆွေများအဖို့ မိမိ၏အသက်ကို စွန့်လွတ်သောချစ်ခြင်းမေတ္တာထက် ပို၍ကြီးမြတ်သည့်
ချစ်ခြင်းမေတ္တာမျိုး အဘယ်သူတွင်မျှမရှိ” ဟုသော သံယောဟန်ကျမ်း (၁၅း၁၃)တွင် ကိုယ်တော်မိန့်ခဲ့သည့်အတိုင်း
လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဤသည်မှာ ကျွန်ုပ်တို့လူသားတိုင်းအတွက် အတုယူစရာ
ဖြစ်ပါတယ်။
ခရစ်တော်ကိုအတုယူလိုက်ကျင့်ကြသည့်အခါ
ကျွန်ုပ်တို့တတွေ ဘာတွေလိုအပ်ပါသနည်း။ ခရစ်တော်ပေးခဲ့သည့် အကြီးမြတ်ဆုံးသော တရားအနှစ်ချုပ်နှစ်ခုဖြစ်သည့်
“သင်၏အရှင် ထာဝရဘုရားသခင်ကို သင်၏နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဉာဏ်အားရှိသမျှနှင့် ချစ်လော့။ မိမိနှင့်နီးစပ်သူများကို သင့်ကိုယ်သင်ချစ်သကဲ့သို့ချစ်လော့-ဟူသော
တရားတို့မှာ ကျွန်ုပ်တို့၏ အဓိကလိုအပ်ချက်တရားများပင်ဖြစ်ပါတယ်။ သို့ဖြစ်၍ ပုပ်ရဟန်းမင်းကြီးဖရန်စစ်မိန့်ဆိုသကဲ့သို့
- ဘုရားသခင်၏ဖန်းဆင်းခြင်းကို ထိန်းသိမ်းကာကွယ်ကြပါစို့၊ အထူးသဖြင့် အင်အားချိနဲ့သူများနှင့်
အဆင်းရဲဆုံးသူများကို ကာကွယ်ကူညီပေးကြပါစို့။ ထိုသို့လုပ်ခြင်းသည်ပင် ကျွန်ုပ်တို့ဘ၀၏
ပျော်ရွှင်ရာ၊ စိတ်လွတ်လပ်ရာဖြစ်ကြောင်းလည်း ညွှန်ပြလိုပါတယ်။ ထို့အပြင် ခရစ်တော်ဘုရင်အား
ကျွန်ုပ်တို့နှလုံးသားမှာ ကြိုဆိုရာလည်း ဖြစ်ပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့တတွေဟာ
ဟိုရှဏ္ဏ ဟိုရှဏ္ဏ ဟိုရှဏ္ဏ
ဟုကြွေးကြော်ကြိုဆိုသူ စစ်စစ်များဖြစ်ပေလိမ့်မည်။
“ဘုရားသခင်၏နာမတော်၌ ကြွလာတော်မူသော
အရှင်သည် မင်္ဂလာရှိစေသတည်း” ဟုကြွေးကြော်သည့်အတိုင်း ထိုမင်္ဂလာ၌ ကျွန်ုပ်တို့လည်း ပါဝင်ကာ
ကျွန်ုပ်တို့သည်လည်း မင်္ဂလာရှိစေရာအကြောင်းတည်း. .
.
မိတ်ဆွေတို့ဘ၀သည်လည်း မေတ္တာပန်းလို
မင်္ဂလာရှိစေကြောင်း ဆန္ဒပြုလျက်-
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment