Sunday, 31 March 2013

ပါစကားပွဲနေ့ကြီး


ကျွန်ုပ်တို့တတွေ ယနေ့ ပါစကားပွဲတော်ဟူ၍ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ကျော်ခန့်က သမိုင်းတွင် တစ်ခုတည်းသော ဖြစ်ရပ် ဖြစ်သည့် ခရစ်တော်ယေဇူး၏ ပြန်ရှင် ထမြောက်ခြင်းကို အောက်မေ့ သတိရကာ ကျင်းပနေကြပါတယ်။ ဒီနေ့ ဒီပွဲတော် ဒီအံ့ဖွယ် ကောင်းလွန်းသည့် ဖြစ်ရပ်ဟာ ကျွန်ုပ်တို့ရင်ထဲမှာ လတ်ဆပ် နေဆဲ ဖြစ်သည်မှာ သေချာပါတယ်။ ထိုဖြစ်ရပ်ဟာ လူသားသမိုင်းမှာ လူစင်စစ်တစ်ဦး၏ ဖြစ်ရဖြစ်ခဲ့သလို ဘုရားစင်စစ်၏ ဖြစ်ရပ် ဆိုတာလည်း မှန်ပါတယ်။ ဒီတော့ ကျွန်ုပ်တို့၏ ၀ိညာဉ်ရေးကို ပြန်လည်သုံးသပ်ဖို့ ထိုဖြစ်ရပ်မှန်ကို အခြေတည်ကာ တရားထောက်ရှု့ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

မိတ်ဆွေ .... ကျွန်ုပ်တို့ဘ၀မှာ ပြန်ရှင်ထမြောက်ခြင်းကို ကြုံတွေ့ဖူးဖို့ ကျွန်ုပ်တို့ သေဆုံးဖူးပါသလား။ ပြန်ရှင် ထမြောက်တယ်ဆိုတာ သေဆုံးခြင်းမရှိဘဲ၊ သေဆုံးခြင်းကို မဖြတ်ကျော်ဘဲ မကြုံဖူးနိုင်ပါ။ ဇီဝခန္ဒာ အတိုင်းတော့ ကျွန်ုပ်တို့ကိုယ်တိုင် ကြုံဖူးမည်မဟုတ်ပါဘူး။ သို့သော်လည်း ကျွန်ုပ်တို့ ဘ၀မှာ အကြိမ်ပေါင်း များစွာ သေဆုံးနေတဲ့ မိတ်ဆွေတွေကို တွေ့ဖူးပါလိမ့်မယ်။ မိမိကိုယ်တိုင်လည်း သေဆုံး ဖူးပါလိမ့်မယ်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့တတွေ ရှင်ပြန်ထမြောက်ခြင်းကိုလည်း မြည်းစမ်းကြည့်လို့ ရပါပြီ။

ယနေ့ကျမ်းစာတော်မြတ်တွင် အမျိုးသမီးတစုဟာ ခရစ်တော်ပြန်ရှင်မည့်နေ့ဟူသော ယုံကြည်ခြင်းဖြင့် ဂူဝသို့ အမွှေးနံ့သာများယူပြီး သွားကြပါတယ်။ သို့သော် ဂူအ၀သို့ရောက်သောအခါ ဂူဝတံခါး ပွင့်နေသည်ကို တွေ့ရ၍ ဂူအတွင်းသို့ဝင်ရောက်ကာ ယေဇူးခရစ်တော်ကို ရှာဖွေကြပါတယ်။ အမှန်တကယ်တော့ ဒီအမျိုးသမီးများသည် လွန်ခဲ့သော သုံးရက်နေ့က ခရစ်တော်ယေဇူး၏ ဒုက္ကစရိယာနှင့်အတူ ၎င်းတို့ဘ၀ သေဆုံးခဲ့ရသူများပင် ဖြစ်ပါတယ်။ ထိုကြောင့် ကိုယ်တော်၏ ပြန်ရှင်ထမြောက်ခြင်းသည် သူတို့ကိုယ်တိုင်၏ ဘ၀ပြန်ရှင်ဖို့နေ့လည်း ဖြစ်ပါတယ်။ သူတို့တတွေ ကိုယ်တော့်ကိုမတွေ့ခဲ့ကြပါ။ ဒါပေမယ့် သိကြားတမန်တော်၏ကိုယ်ထင်ပြသမှု့နှင့်အတူ သတင်းကောင်းကို ကြားသိခွင့်ရခဲ့ပါတယ်။ “သင်တို့သည် အသက်ရှင်သောသူကို သေသူတို့အစုတွင် အဘယ်ကြောင့် ရှာဖွေနေကြသနည်း။ ကိုယ်တော်သည် ဤနေရာတွင် မရှိ။- ရှင်ပြန်ထမြောက်လေပြီ”။

မိတ်ဆွေ..... ကျွန်ုပ်တို့တတွေလည်း ဘ၀သေဆုံးတဲ့အခါတိုင်း ဘ၀အဓိပာယ်ကို သေတို့တို့အစုတွင် ရှာဖွေကြမည်လော။ ကျွန်ုပ်တို့ဘ၀ ပြန်ရှင်ဖို့ လမ်းစပင် တွေ့မည်မဟုတ်ပါဘူး။ ထိုကြောင့် ထာဝရအသက်ရှင်နေသည့်သူတို့အစုတွင် ရှာဖွေရပါလိမ့်မယ်။ ထို့အတူ ကျွန်ုပ်တို့ကိုယ်တိုင်လည်း ခရစ်ယာန်တစ်ဦးဖြစ်သည့်အလျောက် အသက်ရှင်နေသူများ ဖြစ်နေရပါမယ်။ ယုံကြည်ခြင်းအသက် ရှင်သန်နေရပါမယ်။ မျှော်လင့်ခြင်း အသက် ရှင်သန်နေရပါမယ်။ ချစ်ခြင်းမေတ္တာ အသက် ရှင်သန်နေရပါမယ်။ ချစ်ခြင်းမေတ္တာဟာ ကျွန်ုပ်တို့ အသက်ဆက်လက် ရှင်သန့်ဖို့နှင့် ထာဝရအသက်ရှင်သန့်ဖို့ အကောင်းဆုံး ဆေးပါ။ ဘုရားသခင်ကိုယ်တိုင် ထိုဆေးဖြစ်နေ၍ ကျွန်ုပ်တို့မှီဝဲရန် လိုအပ်ပါတယ်။ ဤဆေးကို မှီဝဲပြီး ယနေ့ကမ္ဘာမှာ ထာဝရ အသက်ရှင်နေသူများစွာ တွေ့မြင်နိုင်ပါတယ်။ ဥပမာ- မာသာရ်ထရေးဇားနှင့် ရဟန္တာ သူတော်စင်အပေါင်းတို့ပင် ဖြစ်ပါတယ်။

ဒီနေ့ကမ္ဘာမှာ ချစ်ခြင်းမေတ္တာဆေးဝါး  အခမဲ့ဖြန့်ဖြူးပေးဆပ်ဖို့ စေတနာ့ဝန်ထမ်းများစွာ လိုအပ်နေပါတယ်။ အထူးသဖြင့် ခရစ်ယာန်တို့၏ အနှိုင်းမဲ့ချစ်ခြင်းမေတ္တာတရားကို ကမ္ဘာကြီးလိုအပ်နေပါတယ်။ ကျွန်ုပ်တို့ဘေးပတ်ဝန်းကျင်မှာ အသက်ရှင်လျက် သေဆုံးနေသူများစွာ ရှိပါတယ်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ယုံကြည်ချက်တွေပျောက်၊ မျှော်လင့်ချက်တို့သေဆုံး၊ ချစ်ခြင်းမေတ္တာဆေးဝါးကို လုံးဝဆာလောင်နေသူများစွာ ရှိနေပါတယ်။ မျက်စိတချက်ဖွင့်ကြည့်လို့ နားတဖက်စွန့်ကြည့်လိုက်ပါ။ ခရစ်တော်ဟာ ယနေ့အထိ အသက်ရှင်နေပြီး နောင်ကာလ အစဉ်အဆက်ဆက် အသက်ရှင်နေမည့်သူပါ။ ထိုကြောင့် ကျွန်ုပ်တို့ကိုယ်တိုင် ဘ၀ သေဆုံးနေလျှင်လည်း သူ့ထံချည်းကပ်ပါ။ ကျွန်ုပ်တို့၏မိတ်ဆွေများဘ၀ သေဆုံးနေလျှင်လည်း သူ့ထံ ညွှန်ပြလိုက်ပါ။ သူ့ထံသို့ ခေါ်ခဲ့ပါ။ သူဟာ ကျွန်ုပ်တို့အားလုံးကို အစဉ်အမြဲဖိတ်ခေါ်နေသူပါ။

ထာဝရအသက်ရှင်သူ ယေဇူးခရစ်တော်သည်  ဒီနေ့မှာလည်း သူ၏တရားနှင့် သူကိုယ်တိုင်ဟာ ကျွန်ုပ်တို့လူသားတွေကြားမှာ အသက်ရှင်ကာ သူ၏ချစ်ခြင်းမေတ္တာတရားကို ရှင်သန်စေရာ မြေဆီ ထည့်ပေးနေသူဖြစ်ကြောင်း ကျွန်ုပ်ကြွေးကြော်ပါတယ်။ ကျွန်ုပ်တို့တတွေဟာလည်း သူ၏ ချစ်ခြင်း မေတ္တာတရားကို နားလည် ကြိုးစား အားထုတ်လေတိုင်း သူနှင့် တသားတည်း ရှိနေကြောင်း သိသာပါတယ်။ ကျွန်ုပ်တို့မျက်နှာမှာ ဘုရားရဲ့ ပုံရိပ်တွေ ပေါ်နေတာကို သတိထားမိကြပါသလား။ သေးငယ်သည့် လုပ်ရပ်ပင်ဖြစ်ပါစေ ချစ်ခြင်းမေတ္တာပါသည့် ဂရုဏာ လုပ်ရပ်ဆိုလျှင် ကျွန်ုပ်တို့မျက်နှာများ ထွန်းထောက်လာသည်မှာ နေမင်း၏ ထွန်းတောက်မှု့ကိုပင် မှေးမှိန် ပျောက်ကွယ် သွားစေပါတယ်။ 

ရှင်ပြထမြောက်လေသော ယေဇူးခရစ်တော်၌ မှီခိုရင် ကျွန်ုပ်တို့တတွေသည်လည်း ရှင်ပြန်ထမြောက်ပါစေ။ ပါစကားပွဲနေ့သည်လည်း ကျွန်ုပ်တို့နှလုံးသားမှာ အစဉ်ရှင်သန်လျက် လူတိုင်းအား ဝေမျှနိုင်သော ခရစ်ယာန်စစ်စစ်များ ဖြစ်နိုင်ကြပါစေ။ “ကိုယ်တော် ရှင်ပြန်ထမြောက်လေပြီ” အာလေလုယာ . . .

 ကိုရင် (ဒိုမီနီကန်)

Friday, 29 March 2013

သောကြာနေ့ကြီး

ယေဇူးခရစ်တော် ဒုက္ကစရိယာ ခံထမ်းတော်မူသော သောကြာနေ့ကြီး။ 


သခင်ခရစ်တော်၏ ဒုက္ကစရိယာခံထမ်းတော်မူသော နေ့သည် ကျွန်ုပ်တို့ခရစ်ယာန်များအတွက်၊ လူသားများအတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို မျက်စိပွင့်နားပွင့် ဖြစ်စေရာ အကြောင်းဖြစ်ပါတယ်။ 

သခင်ခရစ်တော်အသက်ရှင်နေထိုင်စဉ်အတွင်း ဟောပြောချက်များ ပြည့်စုံစေရန် အစလည်းဖြစ်ပါတယ်။ ထိုကြောင့် အသင်းတော်အတွင်း အီစတာနေ့မြတ်ကြီးသုံးရက်ဆိုပြီး သောကြာနေ့ကြီး၊ စနေနေ့ကြီးနှင့် တနင်္ဂနွေနေ့ကြီးတို့ကို ရည်ညွန်းခေါ်ဆိုကြပါတယ်။ 

တပည့်တော်ကြီးများနှင့်အတူ နောက်ဆုံးညစာ စားပွဲတော် ကျင်းပခဲ့ရခြင်းမှာ ဓမ္မဟောင်းအား ဓမ္မသစ်ဖြင့် ဖြည့်စွက်ရန်နှင့် ယေဇူးသခင်သည် ပရော်ဖက်တို့ဟောပြောခဲ့သော ခရစ်တော်ဆိုသူ၊ ဘုရားသခင်၏ ဘိသိပ်ခံသူ၊ လူသားများ၏ ကယ်တင်ရှင် မက်စီးယား၊ ဒါဝိတ်၏အမျိုးအနွယ်မှ ဆင်းသက်လာသူ ဂျုးတို့၏ ဘုရင်စစ်စစ်ဖြစ်ကြောင်းကို ပြသလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဂျူးတို့၏ ပါစကားပွဲတော် (လွတ်မြောက်ရာပွဲတော်)မှာ ခရစ်တော်၏နောက်ဆုံးညစာ စားပွဲတော်ဖြင့် အစားထိုး ဖြည့်စွက် ပေးခဲ့ပါတယ်။ 

ထိုနောက် သံလွင်ဥယာဉ်သို့ဆက်လက်ကြွချီကာ အဖခမည်းတော်နှင့် ညလုံးပေါက် ဆုတောင်း စကားပြောဆိုနေခဲ့ပါတယ်။ လူသားစင်စစ်အဖြစ်ကို ယူခဲ့သည့် ယေဇူးခရစ်တော်ဟာ လူသားပီပီ ဤသို့ကြီးမားသည့် ပေးဆပ်ခြင်းကို ပေးဆပ်လိုသော်လည်း ကြောက်ရွံ့ခဲ့သည်မှာ လူပီသလွန်းပါတယ်။ "အိုအဖ ကိုယ်တော်အလိုရှိလျှင် ဤခွက်ဖလားတော်ကို ကျွန်ုပ်ထံမှ လွှဲဖယ်တော်မူပါ" . . .
သို့သော်လည်း ဘုရားစင်စစ်ဖြစ်သည့်အတိုင်း ယေဇူးခရစ်တော်၏ ဘုရားဇာတိမှာ ဤခွက်ဖလားတော်ကို ခံယူရန် ကြိုတင်ပြင်ဆင်၍ ဆန္ဒရှိနှင့်ပြီးသားပင် ဖြစ်ပါတယ်။

ခရစ်တော်၏ ဒုက္ကစရိယာကျင့်စဉ်တခုလုံးသည် လူသားတွေအပေါ်ထားသည့် သူ၏ကြီးမြတ်သည့် ချစ်ခြင်းမေတ္တာ အနှစ်ချုပ်ပင်ဖြစ်ပါတယ်။ "မိတ်ဆွေတစ်ဦးတစ်ယောက်အတွက် မိမိအသက်ကို ပေးဆပ်စတေးသည့် ချစ်ခြင်းမေတ္တာထက် ကြီးမြတ်သည့်ချစ်ခြင်းမေတ္တာ မရှိ" ဆိုတာ ခရစ်တော်၏ ဒုက္ကစရိယာက သက်သေတည်ပါပေတယ်။ မိုးဇယ်၏အချိန်ကာလတွင် ဘုရားသခင်က လူတွေအတွက် သင့်လျော်သော ပညတ်တော် ၁၀ပါးကို ပေးခဲ့တယ်။ သို့သော်လည်း ခရစ်တော်၏အချိန်ကာလတွင် ထိုပညတ်တော်များ၏ အချုပ်ကိုဖွင့်ဟမိန့်ဆိုကာ ချစ်ခြင်းမေတ္တာပညတ် ၂ပါးကိုသာ ပေးခဲ့ပါတော့တယ်။ 

သခင်ခရစ်တော်အသေခံတော်မူပြီးနောက် တပည့်တော်ကြီးများလည်း သုံးရက်မြောက်သောနေ့ကို စောင့်မျှော်နေခဲ့သလို၊ မယုံကြည်သူများသည်လည်း အာဏာပိုင်များအားကိုးဖြင့် စောင့်မျှော်ခဲ့ပါတယ်။ ဒီနေ့ဒီအချိန်မှာလည်း ဒီလို ယုံကြည်သူ ကျွန်ုပ်တို့ဘာသာဝင်တွေအနေဖြင့် အီစတာပွဲတော် သုံးရက်မြောက်သောနေ့ကို စောင့်မျှော်နေသလို မယုံကြည်သူများလည်း ကျွန်ုပ်တို့၏အီစတာပွဲတော်ကြီး အားစောင့်မျှော်နေတာ ရှိပါတယ်။ ခရစ်တော်၏နောက်လိုက်ကောင်းများအနေဖြင့် အကောင်းဆုံးသက်သေခံကာ ပါစကားပွဲတော်ကြီးကို ပါဝင်သွားကြပါစို့။ 

ကိုရင် (ဒိုမီနီကန်)

Saturday, 23 March 2013

မေတ္တာပန်းတနင်္ဂနွေနေ့


မေတ္တာပန်းတွေဟာ ကျွန်ုပ်တို့ရဲ့ ဒွဟစိတ်ကို ပုံဖော်နေပါတယ်။ ကျွန်ုပ်တို့တတွေရဲ့ စိတ်ဓါတ်တွေဟာ မေတ္တာပန်းတွေလား ဒါမှမဟုတ် ဒီပန်းတွေကို မီးရှို့အသုံးပြုသည့် ပြာမှုန့်တွေလားဆိုတာ စမ်းစစ်ဖို့လိုပါလိမ့်မယ်။ အချက်သုံးချက်ကို ထောက်ရှု့စဉ်းစားကြည့်ကြပါစို့။

၁။ “ ဟိုရှဏ” ဟုအော်ဟစ်ကြွေးကြော်နေသူ ကျွန်ုပ်တို့တတွေဟာ “သူ့ကို ကားတိုင်တင်ပါ”ဟု အော်ဟစ်သူများလည်း ဖြစ်တတ်ပါတယ်။

၂။ သခင်ခရစ်တော် ကြွဝင်လာတဲ့အချိန် ပိတ်စတွေကိုခင်း ဂုဏ်ယူဝံ့ဝံ့နဲ့ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုနေသူ ကျွန်ုပ်တို့ တတွေဟာ ခရစ်တော်အတွက် ကားတိုင်လမ်းကိုဖန်တီးပေးသူများ၊ ကားတိုင်လမ်း ခင်းပေးသူများလည်း ဖြစ်တတ်ပါတယ်။

၃။ ခရစ်တော်အား ချီးမွမ်းတေးဆိုနေသူ ကျွန်ုပ်တို့တတွေဟာ ခရစ်တော်အတွက် မတရားမှု့တွေမှာ မသိကျိုးကျွန်ပြုကာ နှုတ်ပိတ်တိတ်ဆိတ်နေသူများ ဖြစ်နေတတ်ပါတယ်။

မိတ်ဆွေ။ ၀ါကြီးဝင်သည့်နေ့တွင် ကျွန်ုပ်တို့နဖူးပေါ်သို့ ပြာမှုန့်များတို့ထိသောအခါ ကျွန်ုပ်တို့၏ဘ၀အခြေအနေ (အပြစ်သားဘ၀)ကို မမေ့ဖို့သတိပေးရင်း နောင်တလမ်းသို့ ပြန်လည်ဦးတည်စေခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာ၌ ပြန်လည်မိတ်သဟာဖွဲ့ဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်။ ယခုလည်း မေတ္တာပန်းများဟာ ကျွန်ုပ်တို့အား သန်ရှင်းသော ရက်သတ္တပတ်အတွက် အကောင်းဆုံးပြင်ဆင်နိုင်ဖို့ သတိပေးနေပါတယ်။ သန့်ရှင်းသောရက်သတ္တပတ်ဟာ အသင်းတော်အတွင်း ၀ါတွင်းကာလ၏ အထွဉ်အထိပ်ဆုံးသောနေ့ကြီးများဖြစ်ပြီး လူတွေအပေါ်ထားရှိသည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသရာ အနက်ရှိုင်းဆုံးပင် ဖြစ်ပါတယ်။

လူတွေအပေါ်ထားရှိသည့် ဘုရားသခင်၏အနက်ရှိုင်းဆုံးမေတ္တာတရားကို နားလည်နိုင်ဖို့ ဒုတိယကျမ်းဖြစ်သည့် ဖိလိပိသြ၀ါဒစာ (၂း၆-၁၁)အား အနည်းငယ်စဉ်းစားထောက်ရှု့ကြည့်ပါ။

သခင်ခရစ်တော်ဟာ ဘုရားဇာတိဖြစ်သော်လည်း မိမိကိုယ်ကို ဗလာနတ္တိအဖြစ်ခံယူကာ လူ့အဖြစ်ကို အနိမ့်ဆုံးသောပုံစံဖြင့် ယူတော်မူခဲ့ပါတယ်။ လူစင်စစ်အဖြစ် နေထိုင်အသက်ရှင်ရင်း ကောင်းကင်ဘုံရှိ အဖခမည်းတော်ဘုရားအား နာခံခဲ့ပါတယ်။ လူတွေကို ကယ်ချွတ်ဖို့အတွက် ကားတိုင်ပေါ်မှာ အသက်တော်စွန့်သည့်တိုင် နာခံခဲ့ပြီး လူသားတွေအတွက် ကမ္ဘာပေါ်တွင် အမြင့်ဆုံးသော မေတ္တာတရား၏ ပေးဆပ်တတ်ခြင်းကို ကားတိုင်ပေါ်တက်ကာ ပြသသွန်သင်ပေးခဲ့ပါတယ်။ “မိမိ၏မိတ်ဆွေများအဖို့ မိမိ၏အသက်ကို စွန့်လွတ်သောချစ်ခြင်းမေတ္တာထက် ပို၍ကြီးမြတ်သည့် ချစ်ခြင်းမေတ္တာမျိုး အဘယ်သူတွင်မျှမရှိ” ဟုသော သံယောဟန်ကျမ်း (၁၅း၁၃)တွင် ကိုယ်တော်မိန့်ခဲ့သည့်အတိုင်း လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဤသည်မှာ ကျွန်ုပ်တို့လူသားတိုင်းအတွက် အတုယူစရာ ဖြစ်ပါတယ်။

ခရစ်တော်ကိုအတုယူလိုက်ကျင့်ကြသည့်အခါ ကျွန်ုပ်တို့တတွေ ဘာတွေလိုအပ်ပါသနည်း။ ခရစ်တော်ပေးခဲ့သည့် အကြီးမြတ်ဆုံးသော တရားအနှစ်ချုပ်နှစ်ခုဖြစ်သည့် “သင်၏အရှင် ထာဝရဘုရားသခင်ကို သင်၏နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ာဏ်အားရှိသမျှနှင့် ချစ်လော့။ မိမိနှင့်နီးစပ်သူများကို သင့်ကိုယ်သင်ချစ်သကဲ့သို့ချစ်လော့-ဟူသော တရားတို့မှာ ကျွန်ုပ်တို့၏ အဓိကလိုအပ်ချက်တရားများပင်ဖြစ်ပါတယ်။ သို့ဖြစ်၍ ပုပ်ရဟန်းမင်းကြီးဖရန်စစ်မိန့်ဆိုသကဲ့သို့ - ဘုရားသခင်၏ဖန်းဆင်းခြင်းကို ထိန်းသိမ်းကာကွယ်ကြပါစို့၊ အထူးသဖြင့် အင်အားချိနဲ့သူများနှင့် အဆင်းရဲဆုံးသူများကို ကာကွယ်ကူညီပေးကြပါစို့။ ထိုသို့လုပ်ခြင်းသည်ပင် ကျွန်ုပ်တို့ဘ၀၏ ပျော်ရွှင်ရာ၊ စိတ်လွတ်လပ်ရာဖြစ်ကြောင်းလည်း ညွှန်ပြလိုပါတယ်။ ထို့အပြင် ခရစ်တော်ဘုရင်အား ကျွန်ုပ်တို့နှလုံးသားမှာ ကြိုဆိုရာလည်း ဖြစ်ပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့တတွေဟာ ဟိုရှဏဟိုရှဏဟိုရှဏဟုကြွေးကြော်ကြိုဆိုသူ စစ်စစ်များဖြစ်ပေလိမ့်မည်။ 

“ဘုရားသခင်၏နာမတော်၌ ကြွလာတော်မူသော အရှင်သည် မင်္ဂလာရှိစေသတည်း” ဟုကြွေးကြော်သည့်အတိုင်း ထိုမင်္ဂလာ၌ ကျွန်ုပ်တို့လည်း ပါဝင်ကာ ကျွန်ုပ်တို့သည်လည်း မင်္ဂလာရှိစေရာအကြောင်းတည်း. .  .

မိတ်ဆွေတို့ဘ၀သည်လည်း မေတ္တာပန်းလို မင်္ဂလာရှိစေကြောင်း ဆန္ဒပြုလျက်-
ကိုရင် (ဒိုမီနီကန်)


မေတ္တာပန်းဆန်းဒေးကဗျာ


မြေမှာခင်းကျင်း မာနအချင်း
ကိုယ်တော်ကြွလာ လမ်းတလျှောက်မှာ
ကြိုကာလေပြု ဒီလူတစု
နောက်ဆုံးတော့လည်း
တင်ပါသတ်ပါ အော်ကာဟစ်ကြ
ဟေရုဒ်ရှေ့မှာ ဒီလူတွေ
ကိုယ်တော်တောင်းတ ဒို့နှလုံးသား
အ၀တ်တွေမစုတ် နှလုံးသားတွေ စုတ်
ပန်းတွေ မခင်း နှလုံးသားကိုကျင်း
တောင်တွေ မဖြို မာနတွေ ချိုး
ကျင့်ကြံတည်ဆောက် ၀ါတွင်းတလျှောက်
ပြောင်းလဲ ပြုပြင် တို့ ဘ၀တွေ
ပေးအပ်ခံစား ကိုယ်တော့်ထံပါး
သက်သေတည်ရင်း ပြန်လည်ကြွေးကြော်
ဟိုရှဏ ဟိုရှဏ ဟိုရှဏ္ဏ. . . 


Justine (SFX)



Friday, 22 March 2013

စွန့်သူနဲ့ ပေးသူ

အိပ်တ၀က် နိုးတ၀က် ငါ့ဝမ်းစာအတွက်
ပင်လယ်ပြင်ထက် အသက်ကိုအပ်ကာ
ဖမ်းလိုက်ရသည့်ငါး မိုးပင်လင်းသွား
ငါ့ပိုက်ကွန်ကိုကြည့် ဗလာနတ္တိ။
စိတ်ဓါတ်အားမာန် ကုန်ခမ်းလေပြီ . . .

ကုန်ခမ်းစိတ်ဓါတ်  သခင်ပြန်ဆက်ကာ
မာကျောနှလုံး စီမွန်အဖို့ကား

ရွှေ့လောနက်ရာ ရေရှိရာသို့
သခင့်ရဲ့စကား ရင်မှာထားကာ
နာခံသည့်အကျိုး ငါ့အဖို့ ထူးပေလှသည်။

စွန့်ခဲ့ဥစ္စာ သံယောဇဉ်များ 
ထားခဲ့ဖခင် လှေတစင်းနှင့်

ငါးပင်မဟုတ် လူပင်ဖမ်းကာ
အသင်းတော်အား တည်မည့်ကျောက်အား
ပေးသည့်သော့ကား ရွှေနိုင်ငံအ၀င် ဂိတ်တံခါးပါလား။

Justine (SFX)

Wednesday, 20 March 2013

တို့ထိခွင့်လေး

လှမ်းကာလျှောက်လာ ဒီလမ်းပေါ်မှာ

ဖောက်ကာလေထွက် လူအုပ်အထက်

သခင့်ခြေလှမ်း ငါ့လက်တကမ်းမှာ

ခံစားဝေဒနာ ငါ့ရောဂါအား

သခင့်ရဲ့မေတ္တာ ဒီသစ္စာနဲ့

သူ့ရဲ့သင်္ကန်း ငါလေလှမ်းကာ

ထိခွင့်ပန်ကြား သခင့်ထံပါး

ပျောက်ပါစေသား ဒီရောဂါများ

ကုသစေရာ သူ့ဝေဒနာ

တိုးကာလေပွား ယုံကြည်ခြင်းများ

တုယူစံထား ငါတို့များ

လိုက်ကာလေကျင့် သူ့ရဲ့ အကျင့်။

Justine (SFX)

Tuesday, 19 March 2013

ပုပ်ရဟန်းမင်းကြီး၏ ဘိသိပ်ခံယူပွဲ

ယနေ့ မတ်လ ၁၉ရက်နေ့တွင် ဗာတီကန် ရင်ပြင်ကြီး တစ်ခုလုံး လူသန်းပေါင်း များစွာဖြင့် ပြည့်နက်နေပါသည်။ အကြောင်းရင်းမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၎င်း၏ တရားဝင် ပုပ်ရဟန်းမင်းကြီး ဘိသိပ်ခံယူပွဲအား မစ္ဆားတရား တော်မြတ် ပူဇော်ကာ ကျင်းပနေ ခြင်းကြောင့် ဖြစ်ပါသည်။ ထိုပွဲတော်သို့  ကမ္ဘာတ၀ှမ်းမှ ကက်သလစ် ကာဒီနယ်ကြီးများ၊ ဆရာတော်ကြီးများ၊ ဘုန်းတော်ကြီးများ၊ သီလှရှင်များနှင့် ဘာသာဝင် ပေါင်းများစွာ တက်ရောက်နေ ကြသည်ကို တွေ့ရသည်။ ထို့အပြင် အခြားသော အရှေ့ပိုင်း ကက်သလစ်အော့သိုဒေါ့စ် အသင်းခေါင်းဆောင် ဆရာတော်ကြီးများ၊ အခြား ခရစ်ယာန်ဂိုဏ်း ခေါင်းဆောင်များ၊ နိုင်ငံ အသီးသီးမှ ကိုယ်စားပြု ခေါင်းဆောင်များနှင့် ဒီပလို မတ်များလည်း တက်ရောက်နေကြောင်း တွေ့ရှိရသည်။

ယနေ့ အခမ်းအနား အားဖြင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် သံပေတရူး၏ အရိုက်အရာကို တရားဝင် ဆက်ခံပြီး တမန်တော်လုပ်ငန်းကို တရားဝင် စတင်မည် ဖြစ်ပါသည်။ ထိုကြောင့် သံပေတရူး၏ တံငါသည် လက်စွပ်ကို လက်ခံ ယူခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ၏ တမန်တော် လုပ်ငန်းကို အသင်းတော်အား “ဆင်းရဲသားများနှင့် အားနည်းသူများ အတွက်” ဟု ကြွေးကြော်ရင်း သတိပေးနှိုးဆော် လိုက်ပါသည်။ သူ၏ သြ၀ါဒ၌ “ကောင်းသော သိုးထိန်း သခင်သည် ပီတာအား သူ၏ သိုးများနှင့် သိုးအုပ်စုအား ကျွေးမွေး စောင့်ရှောက် ရန် တာဝန်ပေးအပ် ခဲ့သည့် နည်းတူ” ယနေ့ ကျွန်ုပ်အားလည်း “သင်သည် ဤတာဝန်ကို ဆက်ခံ ယူဖြစ်သည်” ဟု မိန့်ဆို ခဲ့ပါသည်။

သို့ဖြစ်၍ ပုပ် ရဟန်းမင်းကြီးက ကမ္ဘာတ၀ှမ်းလုံးရှိ နိုင်ငံခေါင်းဆောင်ကြီးများနှင့် သမ္မတကြီး များကိုလည်း “ဘုရားသခင်၏ ဖန်ဆင်းခြင်း၊ အထူးသဖြင့် အားနည်ချိ နဲ့သူများနှင့် အဆင်းရဲ ဆုံးသူများ” ကို ၀ိုင်းဝန်း ကာကွယ်ပေးကြရန် ဖိတ်ခေါ် လိုက်ပါသည်။

ပုပ် ရဟန်းမင်းကြီး ဖရန်စစ်သည် ယနေ့မှ စ၍ သံပေတရူး၏ အရိုက်အရာကို တရားဝင် ဆက်ခံကာ ကက်သလစ် အသင်းတော်၏ ၂၆၇ ပါးမြောက် ပုပ် ရဟန်းမင်းကြီး အဖြစ် တမန်တော် လုပ်ငန်းကို စတင် ပါကြောင်း သိရှိရသည်။

မနောအောင်

Monday, 18 March 2013

မိခင်ရဲ့ချစ်အင်းအား


ရင်ဝယ်ထွေးပိုက်ခဲ့ရ သည်ချစ်သား
လောကသားများတွက် သူရည်ရွယ်ကာ
ကားတိုင်ထွက်မှာ အသက်စတေး
ကားတိုင်အောက်မှ ဒီမိခင်
ကုန်ခမ်းမျက်ရည် နွမ်းရိအင်အား
နှလုံးဒဏ်ရာများဖြင့်

အပြစ်သားငမိုက် သူတသိုက်ရဲ့
ဆိုးကျိုးအပြစ် မဖြစ်လေအောင်
ဆိုးကျိုးအပြစ် မရှိလေအောင်
သွန်းလောင်းကယ်တင် သွေးပင်ကုန်ခမ်း
ပေးဆပ်ဝေမျှ. . .

ကောင်းကင်ဝင်လမ်း လမ်းပြထောက်ကူ
မျှော်ကာလေကြည့် အမေ့ရဲ့ဒီအချစ် . . .

သားတို့ရဲ့ ရွှေနိုင်ငံ အ၀င်လမ်းပါ . . . အမေ။
 Justine (MDY)

ရောင်ခြည်တော် အတွဲ(၃) အမှတ်(၆)

Sunday, 17 March 2013

သိမ်ဆိပ်တောင်မှ ခရစ်တော်၏ ဒုက္ကစရိယာ


သိမ်ဆိပ်တောင်တက်ပွဲကို နှစ်စဉ် ၀ါတွင်းကာလမှာ ကျင်းပလေ့ရှိပြီး ယခုနှစ်သည် ၎င်း၏ ၃၆ ကြိမ်မြောက် ကျင်းပခြင်းပင် ဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ်တွင်  တောင်တက်လာသူ ဦးရေ ၂၅၀၀ ၀န်းကျင်လောက် မှာ တစ်ဝက် လောက်က သက်ကြီးပိုင်း များဖြစ်ပါတယ်။ တောင်ပ်ါသို့တက်ရင်း သခင်ယေဇူးရဲ့ ဒုက္ကစရိယာ ကားလှည့်ခြင်း ကို ပြုလုပ်သွားပါတယ် ။တောင်ပေါ် ရောက်သောအခါ ဘားအံ သာသနာရှိ ဆရာတော် ဂျက်စတင်းစောမင်းသိုက်မှ ဦးဆောင်ကာ အခြား ဧည့်သည်တော် ဘုန်းတော်ကြီးများနှင့် အတူ မစ္ဆာားတရားတော်ကို ပူဇော်ပေးသွား ပါတယ်။ 

 တောင်တက်ရင်း မေတ္တာများလည်း ဆိုသွား ရတာကြောင့် တဖြည်းဖြည်းနှင့် မေတ္တာဆိုသံများသည် တောင်ပေါ်သို့ရောက်လာလေ တိုးလာလေဖြစ်သွားတာ ကိုတွေ့ ရတယ်။ မောပန်း လာသောကြောင့် မေတ္တာသံများ တိတ်လာခြင်းဖြစ်တယ်။ တောင်တက်ရင်း နှစ် (၃၀) ၀န်းကျင်ခန့်ရှိသော သာသနာပိုင် လှပသော ရာဘာခြံကြီးကိုလည်း ကြည့်ရှု ရင်းဖြတ်သန်း သွားရ မှာဖြစ်ပါတယ်။ 

 တောင်တက်ရင်း အချို့ဆိုလျှင် မတက်နိုင် တော့လောက်အောင် ဖြစ်နေပေမဲ့ အဓိဠာန်များဖြစ် မရောက် ရောက်အောင် တက်မည့်ဆိုကာ တက်ကြတာ ကိုလည်း တွေ့မြင် ခဲ့ရတယ်။ သိမ်ဆိပ်ဟာ ဘားအံ သာသနာ ပိုင်ဖြစ်ပါတယ်။ သိမ်ဆိပ်ကျေးရွာက အိမ်ခြေ ၅၀ ၀န်းကျင်သာ ရှိပေမဲ့ ဒီလိုပွဲကြီးကို စီစဉ်နိုင်တာ လည်း အံသြ စရာပါပဲ။ တောင်ပေါ် ကိုရောက်ဖို့ ၄၅ မိနစ်လောက် တက်ရပါတယ်။

 တောင်တက်ပွဲကို ကျင်းပ လာခဲ့ကြတာ တစ်နှစ်နဲ့ တစ်နှစ် လူဦးရေ များများ လာပါတယ်လို့ ဒေသခံများ ထံမှ သိခဲ့ရပါတယ်။ တောင်တက်ရင်း သခင်ယေဇူးရဲ့ ဒုက္ကစရိယာ ကားလှည့်ခြင်းဖြင့် ၀ါတွင်း ကာလ ပိုမို ပီပြင်စေ သလို သခင်ယေဇူးရဲ့ ဒုက္က စရိယာကိုလည်း ပိုပြီး ခံစား နားလည် သွားစေပါတယ်။ 

ယုံကြည်ခြင်းကို လည်း ပိုပြီး တိုးပွားစေတယ် လို့ တောင်တက်သူ များမှ ပြောပြ ကြပါတယ်။ တောင်တက်သူများထဲတွင် အသက် ၇၀ ကျော် အဘိုး အဘွားများ သာမကဘဲ ခြေထောက် မကောင်းသူများပါ ကြိုးစား တက်ကြတာကို မြင်တွေ့ ခဲ့ရတယ်။ ယခုနှစ်တွင် သိမ်ဆိပ်တောင်တက်ပွဲကို မတ်လ ၁၄-၁၅-၁၆ ရက်များ တွင် ပြုလုပ် သွားခဲ့ပါတယ်။ လာမဲ့နှစ်များတွင်လည်း စာဖတ်သူများအား သိမ်ဆိပ်မှာ တောင်တက်ရင်း သခင်ယေဇူးရဲ့ ဒုက္ကစရိယာ ကားလှည့်ခြင်း၌ ပါဝင်ကြဖို့ ဖိတ်ခေါ် အပ်တယ်။ 

မျိုးချစ်

ပဉ္စမ၀ါတွင်း တနင်္ဂနွေနေ့ ကမ္မဌာန်းရှု့ချက်

သွားလော့။ နောက်တစ်ဖန် အပြစ်မပြုလေနှင့်။ (သံယောဟန် ၈း၁-၁၁)

အပြစ်သားဘ၀မှာ ဘယ်နှစ်ခါပျော်ရွှင်ဖူးပါသလဲ။ ထို့အပြင် မိမိတို့ကျူးလွန်မိသော အပြစ်များကိုလည်း ဘယ်နှစ်ကြိမ်သတိမူမိပါသလဲ။ ထိုအပြစ်များအတွက်လည်း အပြစ်ခွင့်လွှတ်ခြင်းခံရဖို့ တောင်းတမျှော်လင့် မိဖူးပါသလား။ မေးခွန်းများစွာက ကျွန်ုပ်တို့စိတ်ထဲမှာ ကိန်းအောင်းနေပါတယ်။ ထိုကြောင့် ဘ၀အဖြေတစ်ခု ရရှိဖို့အတွက် ယနေ့ သံယောဟန်ကျမ်းတွင်ဖော်ပြထားသော နှုတ်တော်ထွက် တရားတော်ကို အတူတကွ ထောက်ရှု့ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

ယနေ့ သံယောဟန်ကျမ်းတွင် ခရစ်တော်၏အတွေ့အကြုံတစ်ခုကို မှတ်တမ်းတင်ရေးသား ဖော်ပြထားပါတယ်။ ဤဖြစ်ရပ်တွင် လူနှစ်မျိုးနှစ်စားနှင့် တရားစီရင်မှူးတစ်ဦးကို တွေ့ရှိရမည်ဖြစ်ပါတယ်။ ပထမလူအမျိုးအစားကတော့ အပြစ်ကျူးလွန်စဉ်ဖမ်းမိခဲ့သော အပြစ်သည်အမျိုးသမီးဖြစ်ပြီး ဒုတိယလူအမျိုးအစားမှာ မိမိတို့ကိုယ်တိုင်အပြစ်သားများဖြစ်သော်လည်း သူတစ်ပါး၏အပြစ်ကို စီရင်လိုသည့် လူတစ်စုပင်ဖြစ်ပါတယ်။ ကျွန်ုပ်တို့အတွက် ခွန်အားဖြစ်စရာအကြောင်းမှာ တရားမျှတသည်ထက် မေတ္တာတရားနှင့်ပြည့်ပြီားဏ်ပညာပြည့်စုံစွာ တရားစီရင်ပေးသည့် တရား စီရင်မှူးကြီး ခရစ်တော်ပင် ဖြစ်ပါတယ်။

(၁) ကျွန်ုပ်တို့ကိုယ်တိုင် အပြစ်သားများဖြစ်နိုင်ပါတယ်။
(၂) ကျွန်ုပ်တို့ကိုယ်တိုင် အပြစ်သားဖြစ်သော်လည်း အခြားသောအပြစ်သားများကို စီရင်လိုသူများ ဖြစ်နိုင်ပါတယ်။

ဤနှစ်မျိုးထဲမှ မည်သည့်အမျိုးအစားပဲဖြစ်ဖြစ် ဤနှစ်မျိုးလုံးသည် ကျွန်ုပ်တို့အား ဘ၀ပျော်ရွှင်ခြင်းမှ ကင်းဝေးစေပါတယ်။ သန့်ရှင်းဖြောင့်မတ်ခြင်းမှလည်း ကင်းဝေးစေပါတယ်။ ထိုကြောင့် သြတ္တပစိတ်လည်း ရှင်းလင်းမှုရှိမည် မရှိစေဘဲ ဘ၀လမ်းလျှောက်လှမ်းရာ ခြေလှမ်းများ မှန်ကန်တော့မည် မဟုတ်ပါ။ ပျော်ရွှင်ခြင်းပျောက်ဆုံးခြင်းသည် ကျွန်ုပ်တို့ဘ၀သေဆုံးရာ အစဖြစ်ပါတယ်။

သေချာပါတယ်။ မိမိဟာအပြစ်သားပါဆိုလျှင် မည်သူမျှ ပျော်ရွှင်တော့မည်မဟုတ်ပါ။ ပျော်ရွှင်ခြင်းဆိုတာ ကျွန်ုပ်တို့ဘ၀ ရှေ့ဆက်ဖို့ခွန်အားကြီးတစ်ခု ဖြစ်ပါတယ်။ ထိုကြောင့် ယနေ့တရားတော်သည် ကျွန်ုပ်တို့အား စစ်မှန်သော၊ သြတ္တပရှင်းသော ပျော်ရွှင်မှု့ပေးနိုင်ရန် တံခါးဖြစ်ပါတယ်။ ခရစ်တော်၏ ဂရုဏာတရားနှင့် ချစ်ခြင်းမေတ္တာဟာ ကျွန်ုပ်တို့လူတွေကျင့်သုံးနေသော တရားမျှတခြင်းစာအုပ်ထက် ပိုပါတယ်။

မိမိမှာအပြစ်ရှိနေလို့ မရှက်ပါနဲ့။ မိမိပတ်ဝန်းကျင်မှာ ကိုယ်လိုသူများစွာ ရှိပါတယ်။ သို့သော်လည်း ထိုအပြစ်သားဘ၀မှ ရုန်းထွက်ခြင်းက မိမိတို့ပတ်ဝန်းကျင်က မိတ်ဆွေများအတွက် အတုယူစရာ သူရဲကောင်းပင် ဖြစ်ပါလိမ့်မယ်။ ဤသည်ပင် ရဟန္တာတို့၏ ကျင့်စဉ်များပင် ဖြစ်ပါတယ်။အပြစ်သားများအပေါ် ခရစ်တော်၏သဘောထားမှာလည်း ရှင်းလင်းပါတယ်။ အထက်ပါလူနှစ်မျိုးလုံး၊ ဒါမှမဟုတ် အပြစ်သားနှစ်မျိုးလုံးအား သင့်လျော်စွာ ဆုံးဖြတ်ပေးလိုက်ပါတယ်။ “သင်တို့ထဲတွင် အပြစ်ကင်းသူသည် ဦးစွာပထမ သူမကို ကျောက်ခဲနှင့် ပေါက်စေ” ။ အဘယ်အပြစ်သားက တခြားအပြစ်သားကို စီရင်ဝံ့ပါအံ့နည်း။ ထို့အပြင် ခရစ်တော်သည်လည်း သူမအား “ငါသည်လည်း သင့်ကိုအပြစ်ဒဏ် မစီရင်တော့ပြီ။” ဟု၍ ခွင့်လွှတ်ပေးခဲ့လေသည်။ ကျွန်ုပ်တို့ဘ၀တွင် စာနာတတ်လျှင် ဥပဒေစာအုပ် လိုမည်မဟုတ်တော့ပါ။ သို့သော်လည်း လူသားဘ၀မို့ ပြည့်စုံခြင်းမရှိ၊ အတ္တတို့ လွှမ်းမိုးခံရတတ်သည်မို့ အချင်းချင်းကာကွယ်ရန် ဥပဒေပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။ သို့သော်လည်း ခရစ်တော်၏ တရားစကားကတော့ “သွားလော့။ နောက်တဖန်အပြစ်မပြုလေနှင့်။” တဲ့။

ဤ၀ါတွင်းကာလအတွင်း စစ်မှန်သော နောင်တတရားနှင့် အခြားသူများကိုလည်း မိမိတို့၏ အတ္တဖြင့် မစီရင်ကြဘဲ မေတ္တာတရားနှင့်သာ စီရင်ကြပြီး အပြစ်သားကိုယ်လိုသူများကိုလည်း လမ်းကောင်းသို့ ဆွဲခေါ်နိုင်စေကာ ရဟန္တာတို့၏လမ်းစဉ်ဖြင့် အသက်ရှင်သွားနိုင်ကြပါစေ။

ကိုရင်(ဒိုမီနီကန်)

Saturday, 16 March 2013

ပုပ်ရဟန်းမင်းကြီးတင်မြှောက်ပွဲ အခမ်းအနားသို့ ကွန်စတန်တီးနိုးအသင်းတော်မှ ဆရာတော်ကြီး တက်ရောက်မည်


တမန်တော်ကြီးများမှ တိုက်ရိုက်ဆင်းသက်လာခဲ့သော အဖ အသင်းတော်တစ်ခုဖြစ်သည့် ကွန်စတန်တီးနို အသင်းတော်မှ ခေါင်းဆောင်ဆရာတော်ကြီး ဘတ်သိုလိုမေးဦး (၁)သည် ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ပုပ်ရဟန်းမင်းကြီးတင်မြှောက်ပွဲ မစ္ဆားတရားတော်မြတ်ကို တက်ရောက်မည်ဖြစ်သည်။

ယခုလို မစ္ဆားတရားတွင် ကွန်စတန်တီးနိုအသင်းတော်မှ ပြန်လည်ပါဝင်လာသည်မှာ ၁၀၅၄ ခုနှစ်၌ ကွဲထွက်သွားသည့် နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ခရစ်ယာန်များ စည်းလုံး ညီညွတ် ဖို့ရန်အတွက် အလွန်အရေးပါသော လက္ခဏာတစ်ခုဖြစ်ကြောင်း သုံးသပ်သည်။

မစ္ဆားတရားတွင် မြို့တော်ပက်ဂါးမွန်းမှ ဆရာတော် ဟွားနစ် ဇီဇီဦးလတ်စ်နှင့်အတူ အာဂျင်တီးနားအော့သိုဒေါ့အသင်းတော်မှ ဆရာတော် တာရာစ်စီးအု့စ်၊ မြို့တော်အီတလီမှ အော့သိုဒေါ့ ဆရာတော် ဂျေနာဒီးရော့စ်တို့လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

အော့သိုဒေါ့အသင်းတော်နှင့် ကက်သလစ်အသင်းတော်အကြားရှိ ဆက်ဆံရေးမှာ ဒုတိယ ဗာတီကန်အစည်းအဝေးနောက်ပိုင်း အပြန်အလှန်လည်ပတ်ခြင်းနှင့် ဘာသာရေးဆွေးနွေးမှု့များ ပြုလုပ်ခြင်းဖြင့် တိုးတက်လာခဲ့လေသည်။ သို့သော်လည်း ရုရှားအော့သိုဒေါ့အသင်းတော်နှင့်မူ တွေ့ဆုံနိုင်ခြင်းမရှိသေးပေ။ ရုရှားအော့သိုဒေါ့အသင်းတော်၏ပြင်ပဆက်ဆံရေးဌာန၏ အကြီးအကဲဖြစ်သူ ဟီလာရီယွန် ကတော့ ပုပ်ရဟန်းမင်းကြီးနှင့် ဆရာတော်ကီးရီးတို့အကြားတွေ့ဆုံမှု့မှာ ဖြစ်နိုင်ချေ ရှိကြောင်း ပြောပြထားပြီး ၎င်းတွေ့ဆုံခြင်းမှာ ၁၉၈၀နှင့် ၁၉၉၀ ၀န်းကျင်မှ ပိပက္ခများ၏ နောက်ဆက်တွဲများ မည်သို့အလျင်အမြန် ကျော်လွားသွားမလဲဆိုတာအပေါ်မှာ မူတည်ပါတယ်ဟု ပြောဆိုထားပါသည်။

ယူကရိန်းကက်သလစ် အသင်းတော်နှင့်ပတ်သက်ခဲ့သည် ပိပက္ခမှာ အဓိကဖြစ်ကြောင်း ရည်ညွန်း ပြောဆိုထားလေသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကတော့ အော့သိုဒေါ့အသင်းတော်အပေါ် ၀ိညာဉ်ရေး ဂရုဏာ သက်ရောက်မှု့ရှိကြောင်းနှင့် ဆက်ဆံရေးများ ပြန်လည်နီးကပ်လာစေရန် ဆန္ဒရှိကြောင်းကိုလည်း ဟီလာရီယွန်မှ ပြောကြားခဲ့လေသည်။ 

သတင်းများစုစည်းမှု့ကောက်နှုတ်ချက်။
မနောအောင်

Thursday, 14 March 2013

နေ့သစ်များအတွက်

ပင်ပန်းနွမ်းလျ . . . စိတ်ပျက်ကြွေနွမ်း
ဘ၀လမ်းတွေ  . . . နေတစ်ရာမက
ရောဂါဆိုးတွေ . . . နှိပ်စက်မွှေနှောက်
ကုန်ခမ်းအားအင်. . ခွေယိုင်ပြိုလဲ
သည်အချိန်များ . . .ရင်ဆိုင်ရတိုင်း
အပြေးလွှားသွား . . .သခင်ဘုရား
စံမြန်းတည်ရာ . . . . ဗိမ္မာန်နန်းဝယ်
ခေါင်းငုံ့ပျက်ဝပ် . . . အားအင်ကိုတောင်း
သက်သေတည်ရာ . . ကရာနီလမ်း
ကိုယ်တော်ညွှန်ပြ . . . လှမ်းကြည့်လိုက်တော့
အင်အားသစ်များ . . . . ရင်မှာနိုးထ
လျှောက်လှမ်းရန်ကျန် . . ဘ၀လမ်းသည်
နေ့သစ်များစွာ ................................။

နေမိုး

Welcome Pope Francis I


ပုပ်ရဟန်းမင်းကြီး အသစ် ဖရန်စစ်

စိန်စစ္စတင်းဘုရားကျောင်း မီးခိုးတိုင်မှ မီးခိုဖြူများ ထွက်ပေါ်လာလေပြီ။ ကျွန်ုပ်တို့ ကက်သလစ်အသင်းတော်ကြီးအတွက် ပုပ်ရဟန်းမင်းကြီးအသစ် ရရှိသွားပြီဖြစ်ကြောင်း ကမ္ဘာတ၀ှမ်းလုံးကို အသိပေးလိုက်ခြင်းပင် ဖြစ်ပါသည်။

ဗာတီကန်ရင်ပြင်ရှိ ထောင်ပေါင်းများစွာသော လူထုကြီးမှား Viva Papa ပုပ်ရဟန်းမင်းကြီးအသက်တော်ရှည်ပါစေလို့ သံပြိုင်အော်ဟစ်နေကြပြီ ။ ။
 
  အာဂျင်တီးနားနိုင်ငံမှ ကာဒီနယ်ကြီး ဂျော့မာရီရိုဘယ်ဂေါ်လီယို (၇၆နှစ်)သည် ရိုမင်ကက်သလစ်အသင်းတော်ကြီး၏ ၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းကြီး ဖြစ်လာပေသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟု ဘွဲ့နာမကို ခေါ်တွင်စေမည်။ သူသည် ဥရောပနိုင်ငံသားမဟုတ်သည့် ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်သလို၊ အမေရိကတိုက်၏ ပထမဆုံးသော ပုပ်ရဟန်းမင်းကြီးလည်း ဖြစ်ပါသည်။



Wednesday, 13 March 2013

စိန်စစ္စတင်းမှ အနက်ရောင်မီးခိုးများ

ပုပ်ရဟန်းမင်းကြီးဘက်နဒစ်(၁၆) အနား ယူပြီးသည့်နောက် ကမ္ဘာတ၀ှမ်းလုံးရှိ ကက်သလစ် ကာဒီနယ်ကြီးများသည် ဗာတီကန်သို့ စုရုံးရောက်ရှိ လာကြပြီး ၂၂၆ကြိမ်မြောက် ပုပ်ရဟန်းမင်းကြီးကို ရွေးကောက် တင်မြှောက်ရန် မတ်လ ၁၂ရက်နေ့၊ ၂၀၁၃ခုနှစ်၊ အင်္ဂါနေ့တွင် မဲပေးရန် အစည်း အဝေးကို စိန်စစ္စတင်းဘုရားကျောင်းငယ်အတွင်း၌ အခန်းပိတ်ပြုလုပ်ခဲ့ကြသည်။

၎င်းနေ့၏ ညနေ ဗာတီကန်စံတော်ချိန် ၈နာရီခန့်တွင် စိန်စစ္စတင်းဘုရားကျောင်း မီးခိုးတိုင်မှ အနက်ရောင်မီးခိုးများကို တွေ့မြင်ရပါသည်။ ထိုလက္ခဏာမှာ ပထမဆုံးမဲပေးရာ၌ မအောင်မြင်သေးဘဲ ပုပ်ရဟန်းမင်းကြီး အသစ် ထွက်ပေါ်လာခြင်းမရှိသေးကြောင်း အချက်ပြခြင်းဖြစ်ပါသည်။

ထိုမီးခိုးနက်များသည် ၎င်းကာဒီနယ်ကြီးများ မဲတကြိမ်ပေးပြီးတိုင်း ထိုမဲစာရွက်များကို မီးရှို့ဖျက်စီးပစ်ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ မည်သည့်သံသယမှ မဖြစ်စေရန် ကာကွယ်ရာရောက်စေသည်။ သို့သော်လည်း နောက်ပိုင်းကာလ ပုပ်ရဟန်းမင်းကြီးရွေးကောက်တိုင်း ကမ္ဘာတ၀ှမ်းမှ မီဒီယာများနှင့်အတူ လူများသည် ဗာတီကန်သို့စုရုံးရောက်ရှိလာကာ သိလိုကြသဖြင့် ထိုမီးရှို့ရာတွင် အမှတ်သားသင်္ကေတတစ်ခုကို ဖန်တီးလာခဲ့သည်။ ၎င်းမှာ ပုပ်ရဟန်းမင်းကြီးရွေးကောက်ခြင်းမအောင်မြင်သောအခါ အနက်ရောင်မီးခိုးများ ထုတ်လွှင့်၍ ပုပ်ရဟန်းမင်းကြီးအသစ်ရွေးကောက်အောင်မြင်လျှင် ထိုမဲစက္ကူများကို မီးရှို့ရာ၌ ဓါတုပစ္စည်းတစ်ခုခုကို အသုံးပြု၍ မီးခိုးများကို အဖြူရောင်ဖြစ်စေပါသည်။ ထိုကြောင့် ကမ္ဘာတ၀ှမ်းလုံး၌ အဖြူရောင်မီးခိုးများနှင့် အနက်ရောင်မီးခိုးများမှာ ပုပ်ရဟန်းမင်းကြီးရွေးကောက်ရာအမှတ်အသား တစ်ခုဖြစ်လာပေသည်။

ဒုတိယအကြိမ်မြောက် မဲပေးခြင်းကို ဗုဒဟူးနေ့ ၁၃.၃.၂၀၁၃တွင် ဆက်လက်ပြုလုပ် သွားမည် ဖြစ်ပါကြောင်း သိရှိရသည်။ 

ကိုရင် (ဒိုမီနီကန်)

Tuesday, 12 March 2013

ရောင်ခြည်တော် အတွဲ(၃) အမှတ်(၅)


(၄၇) ကြိမ်မြှောက် ကမ္ဘာ့ဆက်သွယ်ရေးနေ့ ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆) ၏ သ၀ဏ်လွှာ (၂၄-၁-၂၀၁၃)

(၄၇) ကြိမ်မြှောက် ကမ္ဘာ့ဆက်သွယ်ရေးနေ့
 (၁၂) ရက်နေ့ ၊ (မေ)လ၊ (၂၀၁၃) ခုနှစ်။
 သခင်ခရစ်တော် မိုးကောင်းကင်သို့တက်ကြွတော်မူသောပွဲနေ့

"လူမူကွန်ရက်သည် အမှန်တရားနှင့် ယုံကြည်ခြင်းတို့၏ တံခါးများ၊ ဧ၀ံဂေလိတရားဝေမျှရာ နေရာအသစ်များ”

ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆) ၏ သ၀ဏ်လွှာ
 
ချစ်လှစွာသော ညီအစ်ကိုမောင်နှမ အပေါင်းတို့

 ကမ္ဘာ့ဆက်သွယ်ရေးနှင့် ဆက်ဆံရေးနေ့သည် နီးကပ်လာသည့်အလျောက်၊ ယနေ့သက်ရှိလူတို့အကြား အချင်းချင်း ဆက်သွယ် ဆက်ဆံပြောဆိုနေကြသည့် နည်းလမ်းများနှင့်ပတ်သက်၍ ပိုမိုပြီး အရေးကြီးလာသော လက်တွေ့ဘ၀ အကြောင်း အလေးအနက် ထောက်ရှု့စဉ်းစားစရာအချို့ကို ပေးလိုပါသည်။ ဒီဂျစနစ်ကိုသုံးသော လူထုဆက်သွယ်ရေးနှင့် ဆက်ဆံရေးကွန်ရက်များ၏ တိုးတက်ဖွံ့ဖြိုးမှု့ကို ကျွန်ုပ်သုံးသပ် ဆင်ခြင်လိုပါသည်။ ၎င်းကွန်ရက်များသည် လူတို့၏ အတွေးအခေါ်များ၊ သတင်း အချက်အလက်များနှင့် ထင်မြင်ချက်များကို မျှဝေကြ၍၊ အဆက်အသွယ်သစ်များ၊ အုပ်စုအဖွဲ့ ပုံစံအသစ်များ ဖြစ်ပေါ်လာနိုင်သည့် အကန့်အသတ်မထား၍ အများ လူထုစုရပ်၏ “စုဝေးရာအရပ်အသစ်” တစ်ခုကို ဖန်တီးရန် ပံ့ပိုးနေကြသည်။

ဤနေရာများသည် ဥာဏ်အမြော်အမြင်ရှိရှိနှင့် တည်ငြိမ်မျှတသော နည်းလမ်းဖြင့် ချင့်ချိန်သုံးတတ်သောအခါ ၎င်းတို့သည် အပြန်အလှန်ဆွေးနွေးခြင်းနှင့် စကားအခြေအတင် ပြောဆိုခြင်း ပုံစံများဖြစ်လာအောင် အားပေးကူညီ နေပါသည်။ အပြန်အလှန် ဆွေးနွေးခြင်းနှင့် စကားအခြေအတင်ပြောဆိုခြင်းတို့အား လေးစားစွာ ဆောင်ရွက်၍ တစ်ပါးသူ၏ အတွင်းရေးအားမထိခိုက်စေဘဲ မှန်ကန်လေးနက်ခြင်းနှင့် တာဝန်သိတတ်ခြင်းတို့ကို အလေးထား စီမံခန့်ခွဲလျှင် လူတစ်ဦးနှင့်တစ်ဦးအကြား စည်းလုံးညီညွတ်ခြင်း၊ အနှောင်အဖွဲ့ကို တောင့်တင်းခိုင်မာစေ၍ မိသားစု၏စိတ်သဘောထား ညီညွတ်ခြင်းကိုလည်း ထိထိရောက်ရောက် အထောက်အကူ ပြုနိုင်ပါသည်။ သတင်းအချက်အလက်များ ဖလှယ်ခြင်းသည် စစ်မှန်သော ဆက်သွယ်မှု့ ဖြစ်လာနိုင်သကဲ့သို့၊ ၎င်းမှတဆင့် ရင်းနှီး ကျွမ်းဝင်မှု့ အဖြစ်သို့ တိုးတက်ပြည့်စုံလာနိုင်ကာ ဆက်သွယ်မှု့ များသည်လည်း တပေါင်းတစည်းတည်း အတူခံစားစေခြင်းကို လွယ်ကူ စေပါသည်။ ကွန်ရက်များသည် ဤကြီးမားသော စွမ်းပကားကို အကောင်အထည် ဖော်နိုင်မည်ဟု ရှု့မြင်မိပါလျှင် ၎င်းကိစ္စတွင် ပါဝင် ပတ်သက်နေကြသည့် သူတို့သည် အစစ်အမှန် ဖြစ်အောင် ကြိုးစားရပေမည်။ အကြောင်းမှာ ဤနေရာများတွင် အတွေးအခေါ်များနှင့် သတင်းအချက်အလက်များကိုသာ မျှဝေနေကြသည်မဟုတ်ဘဲ၊ မိမိတို့ကိုယ်တိုင်ကိုပင် လုံးဝမျှဝေ နေကြပေသည်။
 
လူထုဆက်သွယ်ရေးနှင့် ဆက်ဆံရေးကွန်ရက်တို့၏ တိုးတက်ဖွံ့ဖြိုးခြင်းသည် စွဲမြဲစွာနှစ်မြုပ်ဆက်ကပ်ရန် ခေါ်နေပါသည်။ လူတို့သည် ဆက်ဆံရေးများတည်ဆောက်ရန်နှင့် မိတ်ဆွေများဖွဲ့ကြရာ၌ လည်းကောင်း၊ စိတ်ထဲတွင်ကိန်းအောင်းနေသော ၎င်းတို့၏ မေးခွန်းများအတွက် အဖြေများရှာကြရာ၌လည်းကောင်း၊ စိတ်အပမ်းဖြေရာ၌လည်းကောင်း အာရုံစိုက် ချိတ်ဆက် လာကြသည်။ ၎င်းအပြင် ညာဏ်ရည်၊စွမ်းရည်နှိုးဆွ၊ လှုံ့ဆော်ခြင်းတို့ကို ရှာဖွေရာ၌လည်းကောင်း၊ အသိပညာ အတတ်ပညာများ နှင့် မည်သို့မည်ပုံ သိနိုင် တတ်နိုင်ခြင်းတို့ကို ဝေမျှခြင်းတို့၌လည်း အာရုံစိုက်လာကြသည်။ ဆက်သွယ်ရေးကွန်ရက်များသည် လူသားတို့၏နှလုံးသားဝယ် အမြစ်တွယ်ဖွံ့ဖြိုးစေပြီး၊လူ့အဖွဲ့အစည်းတည်ဆောက်မှု၊ အခြေခံကျသော လိုအပ်ချက်များအပေါ်လူသားများအား အတူတကွ ဖြစ်စေ ခြင်းကိုတိုးတက်လာစေပါသည်။

လူထုဆက်သွယ်ရေး၊ ဆက်ဆံရေးကွန်ရက်ယဉ်ကျေးမှု့နှင့် ဆက်သွယ်ရေးနည်းစနစ်များ၏ ပုံစံအပြောင်းအလဲသည် အမှန်တရားနှင့် တန်ဖိုးများအကြောင်း ပြောဆိုချင်သူများအဖို့ ကျွမ်းကျင်မှု့၊ စိတ်ရှည်မှု့၊ အားထုတ်မှု့စသည့် လိုအပ်သော စိန်ခေါ်မှုများ ဖြစ်ပေါ်လာ လေသည်။ အများအားဖြင့် အခြားသော လူထုဆက်သွယ်ရေးနှင့် ဆက်ဆံရေးနည်းစနစ်များ၏ အခြေနေ၌ အမျိုးမျိုးသော ထုတ်ဖော်ပြသမှုသည် ၎င်းတို့၏အရေးပါထိရောက်မှု့ထက် ခေတ်ရေစီးကြောင်း၏ ရေပန်းစားမှု့ တို့ဖြင့် လွှမ်းမိုးခံရတတ်သည်။ ခေတ်ရေစီးကြောင်း၏ ရေပန်းစားမှု့မှာ၊ ယုတ္တိတန်သော အခြေအတင် စကားပြောဆို ခြင်းထက် တခါတရံ စီစီညံညံအသံတို့ဖြင့် ထင်ရှားကြော်ကြားခြင်း သို့မဟုတ် ဆွဲဆောင်ခြင်း နည်းပရိယာယ်သို့ ပို၍ ဆက်စပ်နေသည်။ တခါတရံ အသိဥာဏ်၏ ညင်သာသော အသံသည် ထိုလွန်ကဲသော အများကြိုက်သတင်း အချက်အလက်များဖြင့် လွှမ်းမိုးခံရတတ်ကာ ပေးလာသည့် သတင်း အချက်အလက်ထက် အပြောကောင်းသူတို့၏ ဆွဲဆောင်မှု တို့၌သာ အာရုံစိုက်သွားတတ်ကြသည်။
 
ထိုကြောင့် လူမှု့မီဒီယာသည် အပြန်အလှန်ဆွေးနွေးခြင်း၊ အကျိုးသင့် အကြောင်းသင့် ဖြစ်သော စကားအချေအတင် ပြောဆိုခြင်းနှင့် ယုတ္တိရှိသော ဆွေးနွေးမှု့၏ တန်ဖိုးကို အသိနိုးကြားသောသူ အားလုံး၏ စွဲစွဲမြဲမြဲ နစ်မြုပ်ဆက်ကပ်လိုခြင်းကိုလိုအပ်သည်။ ကျွန်ုပ်တို့သည် မိမိတို့နှင့်အယူအဆ အလွန်ကွဲပြား ခြားနားသော သူများနှင့် စကားပြောဆိုသောအခါ အပြန်အလှန်စကားပြောဆိုခြင်းနှင့် စကားအချေအတင် ပြောဆိုခြင်း များသည်လည်း ရှင်သန်တိုးတက်လာနိုင်ပါသည်။ “ယဉ်ကျေးမှု့ဓလေ့များ ကွဲပြားခြင်း၏အမှန်တရားကို ထည့်သွင်း စဉ်းစားပါက လူတို့သည် အခြားသူတို့၏ ယဉ်ကျေးမှု့ဓလေ့ ဖြစ်တည်ခြင်းကို လက်ခံရန်လိုအပ်သည်သာမက ၎င်းယဉ်ကျေးမှု့ဖြင့် အမြော်အမြင် ကြွယ်ဝလာကာ ၎င်းတို့ပိုင်ဆိုင်သမျှသည် ကောင်းမြတ်၊ မှန်ကန်၊ လှပသောအရာ မှန်သမျှကို ဆက်ကပ်ဖြည့်ဆည်းပေးရန် ဆန္ဒရှိရမည်။ (ကမ္ဘာ့ယဉ်ကျေးမှု့အစည်းအဝေးပွဲ၌ မိန့်ခွန်း -ဘဲလ်လင်၊ လစ်ဘွန်၊ ၁၂ မေ ၂၀၁၀)။

လူထုဆက်သွယ်ရေးနှင့် ဆက်ဆံရေးကွန်ရက်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုသည်ကား မည်ကဲ့သို့ အမှန်တကယ် ပါဝင်ရမည် ဆိုသည်ပင်ဖြစ်ပါသည်။ သို့ဖြစ်၍ သခင်ခရစ်တော်၏ သတင်းကောင်းကို ဝေမျှလိုသော ဘာသာတူများ၊ ထိုသတင်းကောင်းမှ သင်ကြားပေးသော လူ့ဂုဏ်သိက္ခာတန်ဖိုးကို ဝေမျှခြင်းဖြင့် စိတ်ရောကိုယ်ပါ၊ ပါဝင်ခြင်းမှ အကျိုးသက်ရောက်ပါလိမ့်မည်။ သခင်ခရစ်တော်၏ သတင်းကောင်းကို ဒီဂျစ်တယ်လ် လောကတွင်လည်း သိမြင် ထင်ရှားအောင် လုပ်မှသာလျှင် အမှန်တကယ်ရှိသည့် ဤနေရာသည် အရေးကြီးသည်ဟု ခံယူကြသူ အမြောက်အများတို့၏ အတွေ့အကြုံကင်းမဲ့မှု့အား ဘာသာတူ ယုံကြည်သူအပေါင်းတို့သည် ဂရုစိုက် လာမိကြလိမ့်မည်။ ဒီဂျစ်တယ်လောကသည် ကျွန်ုပ်တို့နေ့စဉ်ဘ၀၏ အရိပ်ကမ္ဘာမဟုတ်ဘဲ ယနေ့ခေတ်လူများ၏ နေ့စဉ်ဘ၀အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်။ အထူးသဖြင့် လူငယ်တို့၏ဘ၀ အစိတ်အပိုင်းတစ်ခု ဖြစ်လာ နေလေပြီ။ လူထုဆက်သွယ်ရေး ကွန်ရက်များသည် လူသားတို့၏ အပြန်အလှန်အကျိုးပြုမှုမှ ရလဒ်ဖြစ်သည်။ သို့ရာတွင် ၎င်းတို့၏ အခန်းကဏ္ဍသည်လည်း လူမှုဆက်ဆံရေးကို တည်ဆောက်သည့် ဆက်သွယ်ရေး အင်အားများကို ပြန်လည်ပုံဖော်နေ လေသည်။ ထိုကြောင့် ဤပတ်ဝန်းကျင်ကို နားလည်ထားဖို့လည်း လိုအပ်ပေမည်။
 
ဘာသာစကားအသစ်များကို အသုံးပြုနိုင်သည့် စွမ်းရည်လည်း လိုအပ်သည်။ ဤလိုအပ်မှု့သည် ခေတ်နှင့်အမှီ ပြောဆိုရန်သာမဟုတ်၊ တိတိကျကျဖြင့် ဧ၀ံဂေလိတရားတော်၏ မကုန်ဆုံးနိုင်သော ကြွယ်ဝချမ်းသာခြင်းကို လူသားအားလုံး သိရှိနားလည်သဘောပေါက်၍ နှလုံးသွင်းနိုင်သည့်တိုင်အောင်ပင် ဖြစ်ပါသည်။ ဒီဂျစ်တယ်လ် ပတ်ဝန်းကျင်ရှိ ရေးသားထားသော စကားလုံးများသည် မကြာခဏ ပုံများ၊ အသံများဖြင့် တွဲထားလေ့ရှိကြသည်။ ယေဇူး၏ပုံဥပမာများကဲ့သို့ ထိရောက်သောဆက်သွယ်ရေးသည် ဘုရားသခင်၏ ချစ်ခြင်း မေတ္တာတော် နက်နဲရာနှင့် ထိတွေ့ရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်လိုသည့် ဆန္ဒစိတ်ကူးများလည်း ရှိရပေမည်။ ထို့အပြင်၊ ကျွန်ုပ်တို့ သိရှိကြသည့်အတိုင်း ခရစ်ယာန်တို့၏ ဓလေ့ထုံးစံများသည် အမှတ်လက္ခဏာများ၊ သင်္ကေတများနှင့် အမြဲကြွယ်ဝလျက် ရှိသည်။ ဥပမာ- ကျွန်ုပ်အထင်ပြောရလျှင် ကားတိုင်တော်၊ သန့်ရှင်းမြင့်မြတ်သော ပုံတော်များ၊ ပန်းပုရုပ်တု၊ ရုပ်လုံးတို့နှင့် ကညာစင် မာရိယာ၏ ရုပ်တုတော်များ၊ ခရစ္စမတ်အခါတွင် ခရစ်တော်ဖွားမြင်ခြင်း သရုပ်ဖော်နွားစားခွက်၊ ဘုရားရှိခိုးကျောင်း ပြူတင်းများ စသည်တို့်တွင် မှန်သားပန်းချီများ ခြယ်မှုန်းခြင်း၊ ဘုရားကျောင်းထဲရှိ ပုံတော်များ ဖြစ်ကြပါသည်။ ထိုအနုပညာ အမွေအနှစ်များသည် ယုံကြည်ခြင်း၏ အမှန်တရားကို ထုတ်ဖော်ပြသလိုသော အနုပညာရှင်များ၊ ဂီတပညာရှင်များ၏ ကြိုးစားမှု့များပင် ဖြစ်သည်။

လူထုဆက်သွယ်ရေးနှင့် ဆက်ဆံရေးကွန်ရက်များ၌ ယုံကြည်သူအပေါင်းတို့သည် ၎င်းတို့မျှော်လင့်ခြင်း၊ ယုံကြည်ခြင်းတို့၏ နက်ရှိုင်းသော အရင်းမြစ်များကို ဝေမျှရင်း ၎င်းတို့၏စစ်မှန်မှု့ကို ပြသကြသည်။ ယုံကြည်ခြင်းသည် ယေဇူးခရစ်တော်၌ ဖွင့်ဟ ဖော်ပြသောဘုရား၊ သနားဂရုဏာနှင့်ပြည့်စုံ၍ ချစ်မြတ်နိုးလှသော ဘုရားသခင်၌ ယုံကြည်ခြင်းဖြစ်သည်။ ဤဝေမျှခြင်းတွင် ၎င်းတို့၏ ယုံကြည်ခြင်းကို တိကျပြတ်သားသော ထုတ်ဖော်ပြသမှုများ ပါဝင်သည်သာမက ၎င်းတို့၏သက်သေခံခြင်း၊ ၎င်းတို့၏ ဧ၀ံဂေလိ တရားတော်နှင့် အပြည့်အ၀ကိုက်ညီသော “ရွေးချယ်ခြင်း၊ နှစ်သက်မှုများနှင့် ဆုံးဖြတ်ချက်များကို တိတိကျကျ မပြောသည့်တိုင်၊ ဆက်ဆံပြောဆိုသည့် နည်းလမ်းတို့လည်း ပါဝင်သည်”။ (၂၀၁၁ ခုနှစ် ကမ္ဘာ့လူထုဆက်သွယ်ရေးနှင့် ဆက်ဆံရေးနေ့မှ အမှာစကား)။ ဤကဲ့သို့ သက်သေခံခြင်းကို သီးသန့်ပေါ်လွင်စေသည့် နည်းမှာ တစ်ပါးသူအတွက် မိမိကိုယ်ကို စိတ်ရှည်၊ လေးစားစွာဖြင့် ထိုသူတို့ ရှာဖွေနေကြသည့် လူသားများဖြစ်တည်သော အကြောင်းအရင်း အဓိပ္ပာယ်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ လိုလိုလားလား ပေးဆပ် ခြင်းပင် ဖြစ်သည်။ လူထုဆက်သွယ်ရေးနှင့် ဆက်ဆံရေးကွန်ရက်များတွင် ယုံကြည်ခြင်းနှင့် ကိုးကွယ်မှု့ဘာသာ အယူဝါဒတို့ အကြောင်း အပြန်အလှန်ဆွေးနွေးမှု တိုးတက်လာခြင်းသည် အများလူထုရှေ့ အချေအတင်ပြောခြင်းနှင့် လူ့အသိုင်းအ၀ိုင်း၏ အသက်တာတွင် အလွန်အရေးပါကြောင်း ခိုင်မာစွာ အတည်ပြု ပေးနေခြင်းဖြစ်သည်။
 
ယုံကြည်ခြင်းကျေးဇူးတော်ကို လှိုက်လှိုက်လှဲလှဲ လက်ခံရရှိသူများအတွက် လူသားတို့၏ချစ်ခြင်း၊ အမှန်တရားနှင့် ဘ၀အဓိပ္ပာယ်များ ဆိုင်ရာမေးခွန်းများ၊ အခြေခံကျဆုံးသော တုန့်ပြန်မှုများကို ယေဇူးခရစ်တော်ကိုယ်တိုင် အဖြစ် တွေ့ရှိ ကြသည်။ ထိုမေးခွန်းများမှာ လူမှုဆက်သွယ်ရေးကွန်ရက်မှ လုံးဝပျောက်ကွယ်မည်မဟုတ်သည့် မေးခွန်းများ ပင်ဖြစ်ပါသည်။ ယုံကြည်ခြင်းရှိသူတိုင်းသည် ဒီဂျစ်တယ်လ် အသိုင်းအ၀ိုင်း၌ ၎င်းတို့ဆုံတွေ့သူတိုင်းအား လေးလေးစားစားနှင့် ကျွမ်းကျင် လိမ်မာစွာဖြင့် ဝေမျှလိုချင်သော စိတ်ဆန္ဒ ရှိကြသည်မှာ သဘာဝကျပေသည်။ သို့သော်လည်း အစွမ်းကုန် ပြောရလျှင် ကျွန်ုပ်တို့၏ ဧ၀ံဂေလိတရားတော်အား ဝေမျှခြင်းသည် အသီးအပွင့်များ ထွန်းကားလာပါက ဤသည်မှာ ကျွန်ုပ်တို့၏ ကိုယ်ပိုင်အားထုတ်မှု့မတိုင်မှီကပင် ထာဝရဘုရားသခင်၏ နှုတ်တော်ထွက် စကားတော်ကိုယ်၌က အခြားသူတို့၏ နှလုံးသားများကို အမြဲညွတ်ပျောင်းရန် တန်ခိုး ရှိသောကြောင့်ပင် ဖြစ်သည်။
 
အနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏တန်ခိုးတော်နှင့် ဖြစ်ပေါ်လာသော ယုံကြည်အားကိုးမှုသည် လူသားတို့ဖန်တီးသော နည်းစနစ်၌ ယုံကြည်အားကိုးမှု့ထက် အမြဲသာလွန်နေရမည်။ သဘောထားကွဲစေသော စကားသံများကို ဟစ်ကြော် ဖွင့်ဟရန်လွယ်ကူသောနေရာ၊ သည်းထိတ်ရင်ဖိုစရာ ဖန်တီးမှု့များ တခါတရံလွှမ်းမိုးနိုင်သည့် နေရာလည်းဖြစ်သည့် ဤဒီဂျစ်တယ်လ် ပတ်ဝန်းကျင်တွင် ကျွန်ုပ်တို့သည် သတိမူ၍ ထိုးထွင်း သိမြင်တတ်ကြရန် လိုအပ်သည်။ အဆိုပါ အကြောင်းအရာနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ပြန်လည် သတိရ ရမည့်အချက်မှာ ဧလိယသည် ထာဝရဘုရားသခင်၏ အသံတော်ကို မှတ်မိရာတွင် ကြီးမား၍ပြင်းထန်သော လေထဲ၌မဟုတ်၊ မြေငလျင်လှုပ်ခြင်း၌မဟုတ်၊ မီး၌လည်းမဟုတ်ပေ။ သို့ရာတွင် “ဖြည်းညှင်းသော အသံကလေး”၌ မှတ်မိလေသည်။ (ဓမ္မရာဇ၀င် တတိယစောင် ၁၉း၁၁-၁၂)။ အခြေခံကျသော လူသားတို့ တမ်းတတတ်သည့် ချစ်ရန်၊ အချစ်ခံရန်သော်လည်းကောင်း၊ အမှန်တရားနှင့် အဓိပ္ပာယ်ကို ရှာဖွေရန် သော်လည်းကောင်း ကျွန်ုပ်တို့သည် တစ်ဦးအပေါ်တစ်ဦးယုံကြည်ဖို့လိုအပ်သည်။ ထိုဆန္ဒမှာလည်း လူယောက်ျားနှင့် လူမိန်းမတို့၏ နှလုံးသားထဲတွင် ဘုရားသခင်ကိုယ်တော်တိုင် သူ့ကိုယ်သူထည့်သွင်းပေးထားပြီး ကျွန်ုပ်တို့လက်ရှိတွင် သူတော်မြတ်ကာဒီနယ် နယူးမင်း (Blessed Cardinal Newman) ခေါ်ဝေါ်ခဲ့သည့် ယုံကြည်ခြင်း၏ “အကြင်နာ မီးရောင်” အား အမြဲဆက်လက်၍ အမြဲတမ်းလိုလိုလားလား လက်ခံရန် ထိန်းသိမ်းသွားရပေမည်။
 
လူထုဆက်သွယ်ရေးနှင့် ဆက်ဆံရေးကွန်ရက်တို့သည် ဧ၀ံဂေလိတရားတော် ပြန့်ပွားစေရန် နည်းလမ်းများ ဖြစ်သကဲ့သို့ လူထုတိုးတက်ဖွံ့ဖြိုးရေးအတွက် အကြောင်းအရင်း တစ်ရပ်လည်း ဖြစ်နိုင်ပေသည်။ ဥပမာအနေဖြင့်ပြရသော် သီးခြားထားသည်ဟု ခံစားနေကြရသည့် ခရစ်ယာန်များရှိသည့် အချို့သော ပထ၀ီဝင်နှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေနေများ၌၊ လူထုဆက်သွယ်ရေးနှင့် ဆက်ဆံရေးကွန်ရက်များသည် ကမ္ဘာတ၀ှမ်းလုံးတွင် ရှိနေကြသည့် ယုံကြည်သူ အုပ်စုတို့နှင့် ၎င်းတို့အမှန်တကယ် စည်းလုံး ညီညွတ်ခြင်း ရှိနေကြကြောင်း ခံစားမှု့ဖြင့် အားဖြည့်ပေးနိုင်သည်။ ကွန်ရက်များသည် ယုံကြည်ခြင်းတစ်ခုတည်း၌ ပါဝင်နေကြသည့် သူများနှင့် ပို၍နီးကပ်စွာရှိနေသည့် ခံစားချက်နှင့် ဆုတောင်းကူညီပေးကာ ၀ိညာဉ်ရေးဆိုင်ရာ၊ ၀တ်ပြုကိုးကွယ်မှုဆိုင်ရာ အရင်းအမြစ် တို့အား မျှဝေခြင်းတို့ကို လွယ်ကူအောင် ဆောင်ရွက်ပေးသည်။
 
ယုံကြည်ခြင်းမှ ဝေးကွာနေကြသောသူတို့၏ မေးခွန်းများနှင့် သံသယများတွင် စစ်မှန်၍ အပြန်အလှန်အကျိုးပြုသော ပါဝင်ပတ်သက်မှုသည် ကျွန်ုပ်တို့အား ဆုတောင်းခြင်းနှင့် အလေးအနက် စဉ်းစားဆင်ခြင်ခြင်းများအားဖြင့် ထာဝရ ဘုရားသခင်ရှိနေတော်မူခြင်း၌ ကျွန်ုပ်တို့ယုံကြည်ခြင်းနှင့် ချစ်လေးမြတ်ခြင်း ပါရမီကို လက်တွေ့ကျကျ ကျင့်သုံးခြင်းဖြင့် အားဖြစ်စေရန် လိုအပ်ကြောင်း ခံစားသင့်ပါသည်။ “ငါသည် လူတို့၏ ဘာသာစကားများနှင့် ကောင်းကင်တမန်တော်တို့၏ ဘာသာစကားများကို ပြောဆိုနိုင်သော်လည်း ချစ်ခြင်းမေတ္တာမရှိလျှင် ဆူညံသော မောင်းကဲ့သို့ လည်းကောင်း၊ အသံမြည်သော လင်းကွင်းကဲ့သို့လည်းကောင်းဖြစ်၏။” (၁ကော် ၁၃း၁)

ဒီဂျစ်တယ်လ် လောကတွင် ကျွန်ုပ်တို့နှင့်လက်ရှိသက်ရှိနေထိုင်သူများကို ဆုတောင်းခြင်း၊ ကမ္မဌာန်း ထောက်ရှု့ခြင်းနှင့် ဘုရားသခင်၏နှုတ်တော်ထွက်စကားတော်မြတ်ကို ဝေငှနိုင်ရန် အခွင့်လမ်းများ ဖန်တီးပေးသည့် ဆက်ဆံရေးကွန်ရက်များ ရှိနေသည်။ သို့ရာတွင် ဤကွန်ရက်များသည် ယုံကြည်ခြင်း၏ အခြားရှု့ထောင့်များဘက်ကိုလည်း လမ်းဖွင့်ပေးနိုင်သည်။ လူတို့သည် ကျေးဇူးများစွာအား အွန်လိုင်း (Online)၌ အစကနဦးပြုလုပ်ကာ အမှန်တကယ်ရှာဖွေနေကြသည်။ ထိုကျေးဇူးများမှာ လူကိုယ်တိုင် တိုက်ရိုက်တွေ့ဆုံခြင်း၊ လူမှု့အဖွဲ့အစည်း၏ အတွေ့အကြုံများနှင့် ဘုရားဖူးသွားခြင်းများပင် ပါဝင်သည်။ ထိုအရာများသည် ယုံကြည်ခြင်းခရီး၌ အမှန်တကယ် အရေးကြီးပေသည်။ ဒီဂျစ်တယ်လ် လောကတွင် ဧ၀ံဂေလိတရားတော် ထင်ရှားစွာရှိစေရန် ကျွန်ုပ်တို့သည် ဘုရားရှိခိုးကျောင်းများ၊ သီးသန့်ဝတ်ပြု ဆုတောင်းရန်နေရာများ စသည့် သတ်သတ်မှတ်မှတ်ရှိသည့်နေရာတစ်ခုခု၌ ဆုတောင်းခြင်း သို့မဟုတ် ၀တ်ပြုကိုးကွယ်ခြင်း အခမ်းအနားများ ကျင်းပရန် လူများစွာအား စုရုံးဖိတ်ခေါ်နိုင်သည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ထုတ်ဖော်ပြသခြင်းနှင့် ဧ၀ံဂေလိ တရားတော်ကို သက်သေခံခြင်းတို့၌ မည်သည့် ဒိဋ္ဌဖြစ်ရပ်မျိုး၌ လုပ်ရသည်ဖြစ်စေ၊ ရုပ်ပိုင်းအရ သော်လည်းကောင်း၊ ဒီဂျစ်တယ်လ် အရသော်လည်းကောင်း၊ ဆက်စပ်ခြင်း သို့မဟုတ် စည်းလုံးညီညွတ်ခြင်း မကင်းမဲ့သင့်ပေ။ မည်သို့ပင် ဖြစ်စေကာမူ ကျွန်ုပ်တို့သည် အများအရှေ့၌ ရှိနေကြသောအခါ ထာဝရဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူများသိရှိအောင် ဝေးလံသော ကမ္ဘာအစွန်းဆုံးထိတိုင် သွားရောက် ဟောကြားရန် ခေါ်တော်မူခြင်းခံကြရသည်။
 
ထာဝရဘုရားသခင်၏ ၀ိညာဉ်တော်မြတ်သည် သင်တို့နှင့်အတူရှိ၍ သင်တို့အား အမြဲအလင်းပေးပါစေဟု ကျွန်ုပ်ဆုတောင်း လိုက်ပါသည်။ ထို့အပြင် သင်တို့သည် ဧ၀ံဂေလိတရားတော်မြတ်၏ သံတော်ဆင့်များနှင့် သက်သေများ ဖြစ်ကြပါမည့် အကြောင်း သင်တို့အားလုံးကို ကျွန်ုပ် လှိုက်လှိုက်လှဲလှဲ ကောင်းကြီးပေးပါသည်။ “ကိုယ်တော်က သူတို့အား မိန့်ဆိုသည်ကား ကမ္ဘာအရပ်ရပ်သို့ သွားကြ၍ ဝေနေယျသတ္တာဝါအပေါင်းတို့အား ဧ၀ံဂေလိတရားတော်ကို ဟောပြောကြလော့။” (မာကု ၁၆/၁၅)

ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆)။
ဗာတီကန်မြို့တော်မှ ၂၄ ဇန္န၀ါရီလ ၂၀၁၃၊ စိန်ဖရန်စစ်ဒီဆေးလ်ပွဲနေ့။
 
CBCM NOSC
 
 

Sunday, 10 March 2013

စတုတ္တ ၀ါတွင်းတနင်္ဂနွေနေ့


ဘုရားကျောင်းမှာ လူ့အသိုင်းအ၀ိုင်းက မကောင်း တဲ့လူဟူ ယူဆ ပစ်ပယ်ခံရသော သူများ မိမိတို့နှင့် အတူ မစ္ဆားတရားမှာ ပါဝင်လာသည့်အခါ မည်ကဲ့သို့သော တုန့်ပြန်မှု့ပေးမှာလဲ။ ဖြစ်တတ် သည့် သဘောများကတော့ ထိုသူများဘေးမှ ဝေးဝေးမှာထိုင်ကြမယ်။ မျက်နှာရှုံ့မဲ့စွာနှင့် ကြည့်ကြမယ်။ စသဖြင့် အဆိုးဆုံးကတော့ ငါတော့ ဒီနေ့ဘုရားကျောင်းလာတက်တာ မှားပြီလို့ ယူဆတဲ့သူတွေပါ ရှိနေကောင်း ရှိနေပါလိမ့်မယ်။ မိတ်ဆွေ- မိမိသည်လည်း ထိုကဲ့သို့တွေးမိယူဆမိသည့်သူဖြစ်နေလျှင် မိမိ၏ခရစ်ယာန်ဖြစ်တည်နေခြင်းကို ပြန်လည်သုံးသပ်သင့်ပါပြီ။ သို့ဖြစ်၍ ကျွန်ုပ်နှင့်အတူ ယနေ့ကျမ်းစာတော်မြတ်ကို အတူတူ စဉ်းစားထောက်ရှု့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ယနေ့ကျမ်းစာတော်မြတ်တွင်လည်း ခရစ်တော်က အပြစ်သားများကို လက်ခံသောအခါ ဖာရီဇေးဦးနှင့် ကျမ်းတတ်ဆရာများက ဝေဖန်ပြစ်တင်ကြပါတယ်။ ကျွန်တော်တို့အဖြစ်နှင့် တူနေပြီလား။ ဒါမှမဟုတ် ခရစ်တော်၏ပုံဥမာထဲက သားကြီးနှင့်တူနေပြီလား။ တကယ်ဆိုလျှင် ခရစ်ယာန်ဘ၀အသက်တာဆိုတာ ဤသို့မဟုတ်ပါဘူး။ ထိုကြောင့်ပင် ခရစ်တော်ကိုယ်တော်တိုင် ကျမ်းတတ်ဆရာတွေ၊ ဖာရီဇေးဦးတွေကို ပြစ်တင်ဝေဖန်လေ့ရှိတာကို မမေ့ပါနှင့်။ ခရစ်ယာန်တရားသည် ခရစ်တော်၏နာမတော်၌ လူပေါင်းစုံအား လက်ခံချစ်တတ်အောင် သွန်သင်ပေးသည့် ဓမ္မသစ်ဥပဒေပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘုရားကျောင်းထဲသို့ လူ့အသိုင်းအ၀ိုင်းက မကောင်းတဲ့သူဟု ပြစ်ပယ်ခံရသူများ ဘုရားကျောင်း လာတက်သည့်အခါ မျက်နှာရှုံမဲ့ရမှာ မဟုတ်ဘဲ လက်ခံကြိုဆိုတတ်ရပါမယ်။ ကျွန်ုပ်တို့ကိုယ်တိုင်ပင် ဘာမဟုတ်သည့်အခြေအနေမှ ဘုရားသခင်၏သားသမီးအဖြစ် ဆေးကြောခြင်းမင်္ဂလာ၌ ခရစ်တော်အားဖြင့် ကျေးဇူးတော်ရရှိထားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း အပြစ်သားဆိုတာကို မမေ့ပါနှင့်။

မိမိဟာ အပြစ်တစ်ခုပြုလုပ်မိပြီးသည့်အခါ ခွင့်လွတ်ခံရဖို့ မျှော်လင့်ဖူးပါသလား။ ထိုခွင့်လွတ်ခြင်း မရသေးခင် ခံစားရတာတွေကို ပြန်လည် သုံးသပ်မိဖူးပါသလား။ သေချာတာတော့  ဒါတွေကို ကြုံဖူးပြီးပါလိမ့်မယ်။ မစဉ်းစားမိလို့သာဖြစ်နေနိုင်ပါတယ်။ ၎င်းအဖြစ်ဟာ ချစ်ခြင်းမေတ္တာနှင့် ခွဲခွာခံလိုက်ရခြင်းပင်ဖြစ်ပါတယ်။ ဒါကြောင့် ယခင်ကရရှိခဲ့ဖူးသည့် နှစ်ဦးနှစ်ဖက်အကြားကမေတ္တာကို ပြန်လည်တမ်းတလာပါတယ်။ ထို့အပြင် မိမိကိုယ်တိုင်လည်း အရင်လို စိတ်မလုံဖြစ်လာရသည့်အတွက် ရိုးသားခြင်းပျောက်ဆုံးရပါတယ်။ ဒီတော့ ကျွန်ုပ်တို့က ယခင်က ရိုးသားခြင်းကို ပြန်လည်တမ်းတပြီး အရင်လို လွတ်လပ်တဲ့စိတ်နဲ့ လှုပ်ရှားသွားလာချင်တယ်။ ဒီလိုအရာတွေပြန်ရလာခြင်းဟာ ရှင်ပြန်ထမြောက်ခြင်းကိုပင် ဆိုပါတယ်။ ကျွန်ုပ်တို့ ၀ိညာဉ်၏ ရှင်ပြန်ထမြောက်ခြင်းဖြစ်ပြီး အပြစ်မှ ခွင့်လွတ်ခြင်းတရားပင် ဖြစ်ပါတယ်။ ဘ၀အသစ်ကို မွေးဖွားလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ထိုဘ၀အသစ်မှာ မိမိသည်လည်း ခရစ်တော်နီးတူ တခြားသူတစ်ပါး၏အပြစ်ကိုလည်း ခွင့်လွတ်တတ်စေတယ်။ နားလည်ပေးစေတယ်။ လက်ခံတတ်စေတယ်။ ဒါတွေပင် ခရစ်ယာန်တရားတော်ပင် ဖြစ်ပါတယ်။ ကောင်းကင်ဘုံ၌မေတ္တာတွင် “ကျွန်ုပ်တို့အား ထိခိုက်ကျူးလွန်သူများကိုလည်း ကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ” ဟု ခရစ်တော်သင်ပေးထားခဲ့ပါတယ်။ ခရစ်တော်၏ ပုံဥမာထဲက သားမိုက်အား ဖခင်မှ ပြန်လည်လက်ခံတတ်သည့်နည်းတူ အခြားသူများကိုလည်း မိမိတို့ ပြန်လည်လက်ခံတတ်ပါစေ . . .

ကိုရင် (ဒိုမီနီကန်)

Friday, 8 March 2013

ပုပ်ရဟန်းမင်းကြီးအသစ်ရွေးကောက်ပြီးလျှင် ကြေငြာပေးမည့်သူ


မကြာမှီ သန့်ရှင်းသောဝိညာဉ်တော်ကျေးဇူးတော်နှင့်အတူ ရွေးကောက်တင်မြှောက်တော့မည့် ပုပ်ရဟန်းမင်းကြီးအသစ်၏ အမည်ကို တကမ္ဘာလုံးအား ကြေငြာမည့် အထူးကာဒီနယ်ကြီးမှာ ကာဒီနယ် Tauran ဖြစ်ပါတယ်။ လာတင်ဘာသာစကားဖြင့် “Habemus Papam” အား ကြေငြာရသူမှာ Proto-Deacon (ဒီကင်ကြီး သို့မဟုတ် ပထမဒီကင်ကြီး) သာလျှင် ကြေငြာရပါတယ်။

ကာဒီနယ်ကြီး၏ အမည်အရင်းအပြည့်စုံမှာ Jean-Louis Tauran ဖြစ်ပြီး ပြင်သစ်လူမျိုးဖြစ်ပါတယ်။ ဒီကင်ကြီး သို့မဟုတ် ပထမဒီကင်ကြီးဖြစ်သည့်အလျောက် ပုပ်ရဟန်းမင်းကြီးအသစ်ရွေးကောက်ပြီးလျှင် “Annuntio vobis gaudium magnum: Habemus Papam. . .” ဆိုပြီး ကမ္ဘာတစ်ဝှမ်းလုံးကို ပုပ်ရဟန်းမင်းကြီးအသစ်နှင့် မိတ်ဆက်ကြေငြာပေးမှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးအသစ်အတွက် အနာဂတ်နှင့်စပ်လျဉ်း၍မေးမြန်းကြသောအခါ ကာဒီနယ် Tauran က “ ယခုအသစ်တက်လာမည့် ပုပ်ရဟန်းမင်းကြီးသည် အရင်ပုပ်ရဟန်းမင်းကြီး ဘက်နဒစ်(၁၆)၏ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကာ -ကက်သလစ်ယုံကြည်ခြင်းကို သင်ကြားပေးသင့်ပါသည်။ ဘာကြောင့်လဲဆိုတော့ ယနေ့ခေတ်ခရစ်ယာန်တွေဟာ ၎င်းတို့၏ယုံကြည်ခြင်းအတွက် ဆင်ခြင်တုံတရား (အကြောင်းပြချက်များ)ကို ရှင်းပြနိုင်ဖို့လိုပါတယ်။ ထို့အတွက် ၎င်းတို့ယုံကြည်ခြင်းနှင့်ပတ်သက်သမျှ အသိပညာတွေကိုလည်း ပိုင်ဆိုင်ထားသင့်ပါတယ်။ ဒါမှသာလျှင် ဒါဟာ ၎င်းတို့၏ရင်တွင်းခံစားချက်ပြောနေတာမဟုတ်တဲ့ပုံသက်သက် မဟုတ်ဘဲ ဖြစ်နေမှာပါ။” ဟူ၍ မှတ်ချက်ပေးခဲ့ပါသည်။

ထို့အပြင် ဆက်လက်ပြီး ကာဒီနယ်ကြီးက “အသင်းတော်အနေဖြင့် အခြားယဉ်ကျေးမှု့များနှင့် ဘာသာတရားများအား ဆွေးနွေးစကားပြောဆိုမှု့များကို ဖွင့်ပေးဖို့လိုပါတယ်။ သို့မှာသာ တကမ္ဘာလုံးဆိုင်ရာအသင်းတော်၏ ဘ၀နှင့်ဆုံးဖြတ်ချက်များးကို လက်တွဲပူးပေါင်းရင်း တိုးတက်လာဖို့ သေချာမှာဖြစ်ပါတယ်။ ထိုကဲ့သို့သော အသစ်တဖန်ပြောင်းလဲခြင်းအား စိန်ပီတာ၏အရိုက်အရာ မဆက်ခံခင် ကာဒီနယ် ဂျိုးဇက်ရာစင်းဂါသည်ပင် အလိုရှိခဲ့ကြောင်း ပြန်ပြောလေသည်။ အသင်းတော်၏ဗဟိုရ်ဌာနသည် ကြီးမားသည့်စက်ယနယားကြီးနှင့်တူပါသည်။ အသစ်တဖန် ပြောင်းလဲခြင်းများနှင့်ပတ်သက်ပြီး အပြင်းအထန်လည်ပတ်နေတာတွေလည်းရှိပါတယ်။ ဒါကြောင့် ငယ်ရွယ်သည့် ပုပ်ရဟန်းမင်းကြီးအသစ်နှင့် ပို၍အဆင်ပြေပါလိမ့်မည်”ဟုလည်း မှတ်ချက်ပြုထားသူဖြစ်ပါသည်။

သတင်းများမှ မှတ်စု 
မနောအောင် 

Saturday, 2 March 2013

ဝါတွင်းတတိယ တနင်္ဂနွေနေ့ ကမ္မဌာန်း


နောင်တမရလျှင် ပျက်စီးမည့် အကြောင်း (လုကား ၁၃း၁-၉) တရားတော်ကို ယနေ့တတိယ ၀ါတွင်း တနင်္ဂနွေနေ့ကျမ်းအဖြစ် ကြားနာရမည်ဖြစ်သည်။ ကျွန်ုပ်နှင့်အတူ ကမ္မဌာန်း ထောက်ရှု့ကြည့်ဖို့ ဖိတ်ခေါ်ပါသည်။

အင်္ဂလိပ်စကားပုံမှာ “Never too late” - ဘယ်အရာမှ နောက်ကျတယ်ဆိုတာ မရှိပါဘူးဟူ၍ အမြဲလိုလို ကြားဖူးကြလိမ့်မည်ဟု ထင်ပါသည်။ ယနေ့ တရားတော်သည်လည်း ထိုနည်းတူ ဖြစ်ပါသည်- အပြစ်များစွာကျူးလွန်မိလို့ ခွင့်လွှတ်ခြင်းမရနိုင်ဘူးဟု ထင်နေလျှင်ပင် သဖန်းပင်ဥပမာလိုပဲ နောက်ထပ် အခွင့်အရေး ဘုရားသခင်ကပေးထားပြီး စိတ်ရှည် တော်မူကြောင်းကို ခွန်အားယူနိုင်ပါသည်။

ကျွန်ုပ်တို့ဘ၀တလျှောက်မှာ ဘုရားနှင့်ပတ်သက်၍ မေးခွန်းပေါင်းများစွာ ထုတ်မိကောင်း ထုတ်မိပါလိမ့်မည်။ ထိုမေးခွန်းများထဲမှာ ဘုရားဆိုတာ အဘယ်သူနည်း။ အဘယ်သူလဲ -ဟူသော မေးခွန်းများဟာ ရင်းနှီးလွန်းတဲ့ မေးခွန်းများဖြစ်ပါသည်။ သတိထားမိသည်မှာ ဒီလိုမေးခွန်းမျိုးကို လူတွေပျော်ရွှင်နေချိန်၊ အဆင်ပြေနေချိန်၊ သုခကြုံနေတဲ့အချိန်မှာ မမေးဘဲ ဒုက္ခကြုံတဲ့အချိန်၊ ဝေဒနာခံစားရတဲ့အချိန်၊ အထီးကျန်ဆန်တဲ့အချိန်၊ စွန့်ပစ်ခံရတဲ့အချိန်တွေမှာ မေးတတ်ကြသည်။ အမှန်တကယ်တော့ ဘုရားသခင်ဟာ အနန္တတန်ခိုးတော်ရှင်ဖြစ်သည့်အတိုင်း ကျွန်ုပ်တို့ခံစားရသမျှ၊ ကြုံရသမျှကို သိမြင်သူပါ။ ကျွန်ုပ်တို့ အော်ဟစ်နေတဲ့အသံတွေကို ကြားရသူပါ။ သို့သော်လည်း ကျွန်ုပ်တို့တတွေအား သဘာဝကျကျ ရှင်သန်စေပြီး သဘာဝနည်းအတိုင်း ဖြည့်ဆည်းပေးသူဟု ပြောနိုင်ပါသည်။ ယနေ့ ပထမကျမ်းတွင် မိုးဇယ်အား ဘုရားသခင်ခေါ်၍ အစ္စရာအဲလ်လူမျိုးများ၏ ငိုကြွေးအော်ဟစ်သံတွေကို ကြားနေ၍ ကယ်တင်လိုကြောင်း ထုတ်ဖော်ပြီး မိမိအဘယ်သူ အဘယ်ဝါဖြစ်ကြောင်း ပြောပြတော်မူလေသည်။ ဤအချက်အားဖြင့် ကျွန်ုပ်တို့ဆုတောင်း အော်ဟစ်သည့်အခါ ဘုရားသခင်၏တန်ခိုးတော်ကို မျက်ဝါးထင်ထင် မမျှော်လင့်ဘဲ မိမိပတ်ဝန်းကျင်ကို ကြည့်တတ်ဖို့ ထောက်ပြထားပေသည်။ ထိုနည်းတူစွာ ဘုရားသခင်ကို နားလည်နိုင်ဖို့၊  သိနိုင်ဖို့၊ နောက်ဆုံးချစ်နိုင်ဖို့ မိမိတို့၏ပတ်ဝန်းကျင်ကို လျစ်လျူရှုထား၍ မရကြောင်း တွေ့မြင်နိုင်ပါသည်။ ထိုကြောင့် ခရစ်တော်၏ချစ်ခြင်းမေတ္တာတရားတွင် ဘုရားသခင်ကိုချစ်၍ မိမိနှင့်နီးစပ်သူအား ကိုယ်နှင့်အမျှ ချစ်လော့ဟူ၍ ဟောပြောမိန့်ဆိုခဲ့လေသည်။

မိတ်ဆွေ၊ အထက်ပါမေးခွန်းများ ထုတ်ရသည့်အချိန် သင့်ဘ၀မှာ ရောက်နေပြီလား။ သို့ဆိုလျှင် မိမိ၏ ပျော်ရွှင်ခဲ့သည့်အချိန်များနှင့် ဝေဒနာခံနေရသည့်အချိန်ကို ချင့်ချိန်၍ တရားထောက်ရှု့ကြည့်ပါ။ မိမိတရားသည်ပင် မိမိ၏မေးခွန်းများကို ဖြေပေးနိုင်ပါလိမ့်မည်။ ထိုနောက် ဒုက္ခဝေဒနာမှ လွတ်မြောက်လိုပါလျှင် သင့်ခံစားချက်မှာ အကျိုးအကြောင်းစီလျော်စွာဖြင့် ကြုံသမျှ ဖြစ်သမျှကို လက်ခံသဘောပေါက်တတ်ဖို့ အရင်ဆုံးလိုပါလိမ့်မည်။ သင့်ဘ၀မှာလည်း ဘုရားသခင်ရှိနေကြောင်းကို သိလာပါလိမ့်မည်။ အမှန်တော့ ဘုရားသခင်ဟာ ကျွန်ုပ်တို့နှင့်အတူ အမြဲတစေရှိနေပြီး အရိပ်တကြည့်ကြည့်နေတတ်သူပါ။ ကျွန်ုပ်တို့တတွေဟာ သဖန်းပင်ကဲ့သို့ဖြစ်နေလျှင်ပင် စိတ်ရှည်စွာဖြင့် ကျွန်ုပ်တို့အပေါ်မှာ မျှော်လင့်ချက် ထားသူပါ။ ကျွန်ုပ်တို့တတွေလည်း ဤပုံပြင်၏သဖန်းပင် ပိုရှင်လို စံနမူနာထား၍ မျှော်လင့်ထားသင့်ပါသည်။ သို့သော်လည်း အမှန်သိပြီး လက်မခံတတ်လျှင်တော့ မျှော်လင့်ချက်ဆိုတာလည်း ရေမရသည့် သစ်ပင်လိုသာ ဖြစ်ပါလိမ့်မည်။ ထိုသို့ဆိုလျှင် ခရစ်တော်မိန့်သည့်အတိုင်း “နောင်တမရလျှင် ပျက်စီးမည့်အကြောင်း” တရားအတိုင်း ကျွန်ုပ်တို့ဘ၀ ပျက်စီးလိမ့်မည်။

ဤ၀ါတွင်းကာလအတွင်း ၀ိညာဉ်ခွန်အားယူဤ မျှော်လင့်ချက်များ ရှင်သန်စေပါမည့်အကြောင်း ဆုတောင်းပါ၏။ ခြိုးခြံကျင့်ကြံခြင်းများသည်လည်း နှလုံးသားမှ အမှန်တကယ်လာ၍ စစ်မှန်သော နောင်တတရား ရရှိနိုင်ပါမည့်အကြောင်း ကိုယ်တော်၏သားတော် ယေဇူးခရစ်တော်ကို အမှီပြု၍ တောင်းလျှောက်ပါသည်။ အာမင်။

 ကိုရင် (ဒိုမီနီကန်)

ပုပ်ရဟန်းမင်းကြီး ရွေးချယ်နိုင်ရန်အတွက် ဆုတောင်းမေတ္တာ


တတိယ၀ါတွင်းတနင်္ဂနွေနေ့ ကမ္မဌာန်း


ချစ်သော ညီအစ်ကိုမောင်နှမ အပေါင်းတို့ ....
ယနေ့ တနင်္ဂနွေနေ့မှာ ကျွန်ုပ်တို့ ဖတ်ရူ့ ကြားနာခဲ့ရတဲ့ အသက်ပေးတဲ့ နှုတ်တော်ထွက် တရားတော်မှာ ခရစ်တော် သခင်က နောင်တရကြဖို့ နှိုးဆော် တိုက်တွန်းထားတာ ကိုတွေ့ရမှာဖြစ် ပါတယ်။ သဖန်းပင် ဥပမာနဲ့ ပုံခိုင်းနှိုင်းထားတဲ့ အကြောင်းမှာ ဘုရားသခင် ဟာ လူတွေ အပြစ်လုပ်လို့ ၀ိညာဉ်ရေး အားနည်းနေချိန်မှာ ဆက်လက်ပြီး စိတ်ရှည်စွာနဲ့ အချိန်ပေးထားပြီး ပြင်ဆင်ဖို့ အတွက် အခွင့်အရေး များ ပေးထားတဲ့ အကြောင်းကို ထောက်ရှု့ ရမှာဖြစ်ပါတယ်။ 

ကျွန်ုပ်တို့ တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကို အားမရတဲ့ အခါတွေ ရှိကောင်းရှိမယ်။ ၀ိညာဉ်ရေးပိုင်း မှာကော ကာယရေး အပိုင်းမှာပါ အားမရတဲ့ အပိုင်းတွေရှိမယ်။ အဲဒီအခါမျိုးမှာ စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကို အပြစ်တင်တဲ့ အခါ မျိုးတွေ ဖြစ်လာတတ်ပြီး တစ်ခါတစ်လေမှာ ကိုယ့်အသက် ကိုတောင်မှ သတ်သေချင်တဲ့ စိတ်မျိုးတွေ ဖြစ်လာ တတ်ကြတယ်။ ဘုရားကတော့ အဲဒီလိုမျိုး မဟုတ်ဘူး။ အားနည်းချက်တွေ ရှိနေတဲ့အခါ မျိုးမှာတောင်မှ ကြိုးစားပြီး ပြုပြင်ဖို့ အခွင့်အရေးနဲ့ အချိန်ကို ပေးတတ် ပါတယ်။ ဒါကို ကျွန်ုပ်တို့က အလွဲ လုပ်ပြီးတဲ့အခါမှာ အကျိုးရှိစွာ အသုံးမချတတ်ဘူး ဆိုရင်တော့ ကျွန်ုပ်တို့ အမှားပေါ့။

 မိတ်ဆွေ ၀ါတွင်းဆိုတာ သဖန်းပင်ကို ပြန်လည်ပြုပြင်ဖို့ အချိန်တောင်းခံခဲ့တဲ့ ကာလ တစ်ခုဖြစ်ပါတယ်။ ၀ါတွင်းမှာ မြေသြဇာဖြစ်တဲ့ ဘုရားသခင်ရဲ့ နှုတ်တော်ထွက် တရားတော်ကို ၀ိညာဉ်ရေး အသက်တာမှာ ထည့်သွင်း အားယူပြီးတဲ့အခါ အပြစ်တရားဖြစ်တဲ့ ပေါင်းပင်တွေကို နှုတ်ပြီး ပါရမီဆိုတဲ့ နှိမ့်ချခြင်း ၊ ခြိုးခြံခြင်း ပါရမီ၊ ချစ်ခြင်းမေတ္တာ ပါရမီ၊ ဆပ်ဖြေခြင်း ပါရမီ စတဲ့ ပါရမီရေတွေလောင်းပြီးတဲ့ အခါမှာ ရှင်ပြန် ထမြောက်ခြင်း ပါစကားပွဲတော်မှာ ၀ိညာဉ် အသီးအပွင့် သစ်တွေနဲ့ ဘ၀သစ်ကို လျှောက်လှန်း သွားနိုင်အောင် ကြိုးစားပြင်ဆင် ကြစို့။ ပြင်ဆင်တဲ့နေရာမှာလဲ ကျွန်ုပ်တို့ အစွမ်းအစနဲ့ မဟုတ်ဘဲနဲ့ ဘုရားရှင်ရဲ့ အကူအညီနဲ့ ပြင်ဆင်ကြစို့။ ကျွန်ုပ်တို့ ၀ါတွင်းမှာ ခြိုးခြံတယ် ဆိုတာ ဘာကိုဆိုလိုပါသလဲ...။ 


အရက်လှူတာ၊ မကောင်းတဲ့ ၀ါသနာတွေကို လှူတာ၊ အပြစ်တရားတွေ ကိုရှောင်ရှား ကြတာ၊ အသားရှောင် ကြတာ စတာတွေကို ခြိုးခြံခြင်း လို့ ခေါ်ပါသလား...။ တစ်ကယ့် စစ်မှန်တဲ့ ခြိုးခြံခြင်း ဆိုတာဟာ ကိုယ့်ရဲ့  နှလုံးသားထဲမှာ တိမ်မြုပ်နေတဲ့ တစ်ပါးသူကို ပေးရမယ့် ချစ်ခြင်းမေတ္တာကို ကိုယ်မုန်းနေတဲ့ လူတစ်ဦး ဆီကို ပေးဆပ်လိုက်တာက တစ်ကယ့် ကျွန်ုပ်တို့ ကျင့်ရမယ့် ခြိုးခြံခြင်း ပဲဖြစ်တယ်။ ချစ်ခြင်း မေတ္တာပေးခြင်းဟာ ဘုရားကိုပေးခြင်းနဲ့ အတူတူပဲဖြစ်တယ်။ ချစ်ခြင်းမေတ္တာဟာ ဘုရားသခင် ဖြစ်သလို ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်လို့ ကျမ်းစာတော်မြတ် ထဲမှာ ဖော်ပြ ထားပါတယ်။ ချစ်သော မိတ်ဆွေတို့ ကျွန်ုပ်တို့ ယခု 2013 ခုနှစ်ရဲ့ ၀ါတွင်း ကာလမှာ စစ်မှန်တဲ့ ခြိုးခြံခြင်းကို ကျင့်ကြံခြင်းဖြင့် ချစ်ခြင်းရဲ့ အရှင် ခရစ်တော်သခင်ကို လူတိုင်းကို ပေးမျှနိုင်အောင် ကြိုးစားသွားကြစို့။



Friar Jean-Freddie (ofs)

Friday, 1 March 2013

''ပုပ်ရဟန်းမင်းကြီး အသစ် ရွေးချယ်ခြင်း"

ပုပ်ရဟန်းမင်းကြီးဟာ  ကမ္ဘာတ၀ှမ်းမှာ ရှိတဲ့ ၁.၂ ဘီလျံသော ကက်သလစ် ခရစ်ယာန်များရဲ့ ဘာသာရေး ခေါင်းဆောင် ဖြစ်ပါတယ်… ကမ္ဘာမှာ ရှိတဲ့ ကိုးကွယ်ရာ ဘာသာတွေထဲက  အမြင်သာဆုံးသော  ဘာသာရေး ခေါင်းဆောင်လည်း  ဖြစ်ပါတယ်… 



ပုပ်ရဟန်းမင်းကြီး အသစ်ကို ပုပ်ရဟန်းမင်းလက်အောက်ရှိ အမြင့်ဆုံးတာဝန်ခံ ကာဒီနယ် ရဟန်းအမတ်များအဖွဲ့က ရွေးချယ်ပါတယ်…

ပုံမှန်အားဖြင့် ပုပ်ရဟန်းမင်းကြီးပျံလွန် ပြီးသည်ဖြစ်စေ၊ တာဝန်မှ အနားယူပြီးသည်ဖြစ်စေ ကမ္ဘာတ၀ှမ်းမှ ကာဒီနယ် ရဟန်းအမတ်များ ဗာတီကန်မှာ လာရောက် စုရုံးကြပါတယ်… နေ့စဉ်အစည်းဝေးထိုင်ပြီး  သာသနာအနေနဲ့ ရင်ဆိုင်နေရသည့် ပြဿနာများကို ဆွေးနွေးတိုင်ပင်ကြတယ်… ပြီးတော့  ပုပ်ရဟန်းမင်းအသစ်မှာ ရှိသင့် ရှိအပ်မယ့် အရည်အချင်းတွေကိုလည်း ဆွေးနွေးကြပါတယ်။ လက်ရှိ ၁၀၀ ကျော်သော ကာဒီနယ်  ရဟန်းအမတ်များက စစ်စတင်းဘုရားကျောင်းတော်ထဲမှာ ပုပ်ရဟန်းမင်းအသစ်ကို တံခါးပိတ် မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။ 

Conclave ဆိုတဲ့ ဝေါဟာရက လာတင်း အခေါ်အဝေါ်  ''con'' ဆိုသော(နှင့်) နှင့် "clavis" ဆိုသော(သော့) တို့ကနေလာပြီး ကာဒီနယ် ရဟန်းအမတ်များ တံခါးပိတ်ကာ တခမ်းတနား မဲပေးရွေးချယ်တာကို ရည်ညွှန်းထားပါတယ်။ တစ်ကြိမ် မဲပေးပြီးတိုင်း မဲများကို မီးရှို့ပါတယ်။ ရဟန်းအမတ်တစ်ပါးမှ သုံးပုံ နှစ်ပုံ မဲရသည်အထိ မဲပေးကြရပါတယ်။ သမိုင်းမှာ အတိုဆုံး မဲပေးချိန် နှစ်နာရီကြာမြှင့်ခဲ့ပြီး   အကြာဆုံး မဲပေးချိန် ကတော့  သုံးနှစ်ဖြစ်ပါတယ်။ 

ရှေးတုန်းက မဲတွေကို မီးရှို့ရခြင်းမှာ မဲပေးနေတာကို လုံးဝလျှို့ဝှက်ထားဖို့နှင့် မဲတွေကို အပြင်မရောက်စေချင်တဲ့ သဘောပါပဲ…  နောက်တော့ စစ်စတင်းကျောင်းမီးခိုးတိုင်ကနေ မီးခိုးထွက်လာတာကို မြင်တိုင်း မဲတစ်ကြိမ်ပေးပြီးသွားပြီဆိုတာကို လူတွေသိရကြောင်းကို သတိထားမိလာပါတယ်။ ဒါနဲ့ စနစ်တစ်ခု ထွင်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်း အရွေးမခံရသေးဘူးဆိုရင် အနက်ရောင်မီးခိုးထွက်စေတဲ့ ဓာဓု ပစ္စည်းနဲ့မဲတွေကို  မီးရှို့ ပါတယ်။ ပုပ်ရဟန်းမင်း အရွးခံရပြီဆိုရင်တော့ အဖြူရောင် မီးခိုးထွက်စေတဲ့ ဓာဓုပစ္စည်းနဲ့ မဲတွေကို မီးရှို့ပါတယ်။

သီအိုရီအရ သာသနာရဲ့ဥပဒေအတိုင်းဆိုရင် ဘုန်းကြီးဝတ်နိုင်တဲ့ အိမ်ထောင်မရှိသူ ဘာသာဝင် အမျိုးသားတိုင်း ပုပ်ရဟန်းမင်း ဖြစ်နိုင်ခွင့် ရှိပါတယ်။ လက်တွေ့မှာတော့ ရွေးကောက်ပွဲမှာ ပါဝင်မယ့် သက်တော် ၈၀ အောက် ကာဒီနယ် ရဟန်းအမတ်တွေထဲကပဲ ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ ဆိုတော့ လက်ရှိ ၁၁၅ ပါးသော ရဟန်းအမတ် များအားလုံးဟာ ပုပ်ရဟန်းမင်း လောင်းများ ဖြစ်နေကြပါတယ်။ တစ်ပါးပါးသော ရဟန်းအမတ်မှ သုံးပုံနှစ်ပုံသော မဲရမယ် ဆိုရင် အခြားရဟန်းအမတ်တစ်ပါးက ထိုအရွေးချယ်ခံ ရဟန်းအမတ်ကို ပုပ်ရဟန်းမင်းအဖြစ် လက်ခံ၊ လက်မခံ မေးမြန်းပါတယ်… လက်ခံပါတယ် လို့ဆိုတာနဲ့  ထိုအရွေးချယ်ခံ ရဟန်းအမတ်ဟာ ပုပ်ရဟန်းမင်း ဖြစ်လာပါတော့မယ်။ နောက်တစ်ခုက ရဟန်းမင်းအဖြစ် ဘာဘွဲ့အမည် ကို ယူမလဲဆိုတာကို မေးမြန်းပါတယ်။ အဲဒီအခါမှာ အရွေးချယ်ခံ ပုပ်ရဟန်းမင်းက ယူမယ့် ဘွဲ့နာမကို ပြောပါတယ်။ မိနစ်အနည်းငယ်ကြာပြီးနောက် ပုပ်ရဟန်းမင်းရဲ့ လေသာဆောင်ကနေ ကြေငြာလိုက်တဲ့အခါ ပုပ်ရဟန်းမင်းကြီးရဲ့ ဘွဲ့နာမည် အသစ်ကို တစ်ကမ္ဘာလုံးက သိလာကြရပါတယ်။ ( CNN)

ဖာသာရ်သက်ထွေးအောင်