Wednesday, 30 January 2013

ဝါတွင်းကာလအတွက် ပုပ်ရဟန်းမင်းကြီး၏ အချိန်ဇယား



ဝါတွင်းကာလအတွက် ပုပ်ရဟန်းမင်းကြီးသည် ဘာသာဝင် ဘုရားဖူးများနှင့်အတူ မိစ္ဆားတရား ပူဇော်ကျင်းပခြင်းနှင့် အခြားသော အခမ်းအနားများ ကျင်းပရန် သူ၏အချိန်ဇယားကို ထုတ်ပြန်ခဲ့လေသည်။ အသက်တော် ၈၆နှစ်သို့ ၀င်ရောက် လာသည်ဖြစ်၍ များများအနားယူရန် လိုအပ်သော်လည်း ထိုမိစ္ဆားတရားများ ပူဇော်ပေးရန် ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ်(၁၆) ကတော့ စိတ်အားထက်သန်နေဆဲပါ။ ဆန္ဒပြင်းပြမှု့လည်းရှိနေသည်။ ၀ါတွင်းကာလအတွက် သူ၏အချိန်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
  •  ဖေဖေါ်ဝါရီ ၂ရက်နေ့၊ စနေနေ့ စိန်ပီတာ ဗာစီလီကာရင်ပြင်၌ ကမ္ဘာ့ ဆက်ကပ်သူများ (ဘာသာရေးပုဂ္ဂိုလ်များ)၏နေ့ မိစ္ဆားတရားတော်မြတ်။
  •  ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့၊ တနင်္လာနေ့ ကာနန်ဥပဒေပြုရန် အကြောင်းကိစ္စ များစွာနှင့်စပ်လျဉ်း၍ ကာဒီနယ်အဖွဲ့အစည်းအဝေးတစ်ခုမှ ချမှတ်ထားသော စံနှုန်းဥပဒေများကို ကြေငြာရန် ။
  •  ဖေဖေါ်ဝါရီ ၁၃ ရက်နေ့၊ ပြာခံ ဗုဒ္ဓဟူးနေ့ : စိန်အဲစမ် ဗာစီလီကာရင်ပြင်မှ စိန်ဆာဗီနာရင်ပြင်သို့ ဒုက္ကစရိယားကားလှည့်ခြင်း၊ ပြာများကိုကောင်းကြီးပေး၍ ပြာတို့ခြင်း။
  • ဖေဖော်ဝါရီ ၁၇ ရက်နေ့၊ တနင်္ဂနွေနေ့မှ  ဖေဖော်ဝါရီ ၂၃ ရက်နေ့၊ စနေ့နေ့ ၀ါတွင်း ဥပုပ်ပေးခြင်း၊ နေရာမှ- တမန်တော်နန်းတော်၏ Redemptoris Mater ဘုရားကျောင်း ငယ်တွင်ဖြစ်သည်။ ကာဒီနယ် ဂျီအန်ဖရန်ကို ရာဗာစီနှင့်အတူ ပုပ်ရဟန်းကြီးတို့ တရားပေးမည်။
  • မတ်လ ၂၄ ရက်နေ့၊ မေတ္တာပန်း တနင်္ဂနွေနေ့ စိန်ပီတာရင်ပြင်၌ မိစ္ဆားတရားပူဇော်ခြင်း၊ မေတ္တာပန်းများကိုကောင်းကြီးပေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းအခမ်းနားလည်း ပါဝင်မည်။
  •  မတ်လ ၂၉ ရက်နေ့၊ သောကြာနေ့ကြီး သခင်ခရစ်တော်၏ဒုက္ကစရိယာကို ပြန်လည် အောက်မေ့ခြင်း အခမ်းအနားကို ဗာတီကန်ရင်ပြင်၌ ပြုလုပ်မည်။ ဒုက္ကစရိယာကားလှည့်ခြင်းအား ညနေပိုင်း၌ Coliseum တွင်ပြုလုပ်မည်။
  • မတ်လ ၃၀ရက်နေ့၊ စနေနေ့ကြီး ဗာတီကန် ရင်ပြင်၌ ပါစကားပွဲအကြိုမိစ္ဆားတရားတော်
  • မတ်လ ၃၁ ရက်နေ့၊ ပါစကားပွဲနေ့ကြီး စိန်ပီတာရင်ပြင်၌ မနက်ခင်း ပါစကားမိစ္ဆားတရားနှင့် နေ့ခင်းပိုင်းတွင် Urbi et Orbi သတင်းစကားပြောကြားမည် ။
 
 
http://www.catholicculture.org/news/headlines/index.cfm?storyid=16932
မနောအောင်

စပျစ်နွယ်စာစောင် (ဇန်န၀ါရီ - ဖေဖော်ဝါရီ ၂၀၁၃)

Tuesday, 29 January 2013

ယုံကြည်ခြင်း၌ အပြည့်အ၀အသက်ရှင် ပုပ်ရဟန်းမင်းကြီးနှိုးဆော်


ဇန်န၀ါရီလ ၂၇ ရက်နေ့ နေ့ခင်းတရားနာ ပရိတ်သပ်ကြီးအား ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ် (၁၆)မှ ကက်သလစ် ဘာသာဝင်များအနေဖြင့် မိမိတို့၏ ယုံကြည်ခြင်း၌ အပြည့်အ၀အသက်ရှင်ရန် လိုအပ်သည်ဟု ပြောဆိုခဲ့ပါသည်။ (၂၇.၁.၂၀၁၃)

ယခင် လာတင်ဆောင်ပုဒ် တစ်ခုဖြစ်သည့် “Carpe diem” အားပြန်လည် ကိုးကားရင် ယနေ့ ခရစ်ယာန်တို့သည် “သင်တို့၏ ကယ်တင်ခြင်းကို ဆက်ကပ်ရန် အလို့ငှာ ဘုရားသခင် ခေါ်သည့်နေ့ အား အမိ ဆွဲယူလော့” ဟူသည့် စာကြောင်းကို နားလည်ဖို့ လိုအပ်ပေသည် ဟု ပုပ် ရဟန်းမင်းကြီးမှ ဆက်လက်ပြောဆို ခဲ့ပါသည်။

၎င်းနေ့၏ ဧ၀ံဂေလိ ကျမ်းစာတော်မြတ်မှာ သံလုကားရေးထားသော ကျမ်းမှကောက်နှုတ်ချက် ဖြစ်ပြီး ခရစ်တော်သည် သူ၏မွေးရပ်ဇာတိ နာဇရက်မြို့ရှိ တရားဟောဇရပ်တွင် “သင်တို့ ကြားရသော ကျမ်းစာတော်မြတ်သည် ယနေ့ပင်ပြည့်စုံလေပြီ” ဟု မိန့်ဆိုသော ကျမ်းပိုဒ်ပင် ဖြစ်ပေသည်။ ပုပ်ရဟန်းမင်းကြီးသည် “ဤယနေ့” ဟူသော အဓိပ္ပာယ်အား ရှင်းပြရန် အတွက် စီရယ်မြို့မှ စိန်အလက်စ်ဇန်ဒါးမှ ကိုးကားလေသည်။ ထို ”ဤယနေ့” ဟူသော အဓိပ္ပာယ်မှာ ခရစ်တော်၏မွေးဖွားခြင်း အချိန်မှစ၍ ဒုတိယမြောက် တဖန် ကြွလာသည့်တိုင် ဖြစ်ပါသည်။ ၎င်းအပြင် ပုပ် ရဟန်းမင်းကြီး ဘက်နက်ဒစ် မှ ထပ်လောင်းပြောဆိုသည်မှာ ခရစ်တော် ကိုယ်တော်တိုင်ပင် ကယ်တင်ခြင်း သမိုင်း၏ “ဤယနေ့” ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်းကို ဖြည့်ဆည်းပေးခဲ့သောကြောင့် ဖြစ်ပေသည်။

ဧ၀ံဂေလိ တရားတော်သည် ခရစ်ယာန် ဘာသာဝင်များအား ဥပုပ်နေ့အား မှန်မှန် ကန်ကန် နေထိုင်ကြရန် သတိပေးနှိုးဆော်နေလေသည်။ သူ၏ ဂျူး အသိုင်းဝိုင်း၌ ခရစ်တော်သခင် အသက်ရှင်နေထိုင်စဉ် အတွင်း ဂျူးတို့၏ ဥပုပ်နေ့အား မှန်မှန်ကန်ကန် နေထိုင် ခဲ့လေသည်။ ထို့အပြင် ကျမ်းစာတော်မြတ်သည် ကျွန်ုပ်တို့အား ဘုရားသခင်စေလွှတ်သော နှုတ်တော်ထွက် စကားတော်မြတ်ကိုလည်း နားထောင်တတ်ဖို့ အလွန် အရေးကြီးကြောင်း သတိပေးနေလေသည်။

နေ့ခင်း မွန်းတည့်မေတ္တာ ဆိုခါနီး အချိန်၌ ပုပ် ရဟန်းမင်းကြီးသည် ဂျိုးငှက်နှစ်ကောင်းအား သူ၏ တမန်တော် နန်းတော် ပြတင်းပေါက်မှ လွတ် ခဲ့လေသည်။ ထိုနေ့သည် အီတလီ၌ ကက်သလစ် အမှု့ဆောင် တစ်ခုဖြစ်သည် ကာရာဗာန် ငြိမ်းချမ်းရေးနှစ်ပတ်လည်နေ့ ဖြစ်သည်။ ပုပ် ရဟန်းမင်းကြီး၏ ပြတင်းပေါက်မှ လွတ်လိုက်သော ဂျိုးငှက်နှစ်ကောင် အနက် တစ်ကောင်သည် ပင်လယ်စင်ရော်၏ တိုက်ခိုက်မှု့ ခံရသော မြင်ကွင်းမှာ နိမိတ် မကောင်းသည့်ပုံ ရှိလှသည်။ သို့သော်လည်း ဂျိုးငှက်လေးသည် စင်ရော် လက်မှ လွတ်မြှောက်ခဲ့လေသည်။




မနောအောင်

Sunday, 27 January 2013

တတိယသာမာန် တနင်္ဂနွေနေ့ ကမ္မဋ္ဌာန်းထောက်ရှု့ချက် (၂၇.၁.၂၀၁၃)

ဘုရားသခင်၏ အမှန်တရားနှင့်ကောင်းမြတ်ခြင်းတို့၏ အသိပညာများ ကျွန်ုပ်တို့ဘ၀မှာ ရှိနေဖို့အတွက် မည်သို့ မည်ပုံ ကျိုးစားနိုင် ပါသနည်း။ ထိုသို့ ပြည့်စုံစေရန် ကျွန်ုပ်တို့ဘက်မှ ဘာတွေ များ ပေးဆပ်ဖို့ လိုပါသနည်း။ (လုကား ၁း ၁၊ ၄း၁၄-၂၂)

၁။ ကျွန်ုပ်တို့ဘ၀ထဲမှာ ဘုရားသခင်ရှိနေရမည်။ ဘုရားသခင်နှင့် ထိတွေ့ဖူးရမည်။
၂။ ဘုရားသခင်၏ အမှန်တရားနှင့် ကောင်းမြတ်ခြင်းတို့၌ ယုံကြည်မှု့ ရှိရပေမည်။
၃။ ဘုရားသခင်၏ အမှန်တရားနှင့် ကောင်းမြတ်ခြင်းတို့ကို လက်ခံ၍ လိုချင် ဆန္ဒရှိရမည်။

ဒီတော့ဗျာ- ကျွန်ုပ်တို့ဘ၀ထဲမှာ ဘုရားသခင်ရှိနေလား။

ဘုရားသခင်နှင့် ထိတွေ့ ဖူးလားဟူ၍ မိမိကိုယ်ကို စမ်းစစ် ကြည့်ဖို့ လိုလိမ့်မည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ ကာနန်မြို့ လက်ထပ်ပွဲနှင့် ခရစ်တော် အကြောင်း စဉ်းစားထောက်ရှု့ ထားသော ကျွန်ုပ်၏ ကမ္မဌာန်းသည် အထက်ပါ အဖြေကို မီးမောင်း ထိုးပြ ပေးနိုင် ပါသည်။ ထိုကြောင့် ပြန်လည်ကောက်နှုတ် ဖော်ပြရမည် ဆိုလျှင်- ဘုရားသခင်သည် ကျွန်ုပ်တို့ဘ၀၏ သုခ အခါသမယတွင် သာမကဘဲ ဒုက္ခဝေဒနာ ကျရောက် ကြုံတွေ့နေချိန် မှာလည်း ရှိနေပါသည်။ ဘုရားသခင် ကိုယ်တော်တိုင် သုခ ၊ကောင်းမြတ်ခြင်းဖြစ်၍ ထိုအချိန်၌ သူသည် ကျွန်ုပ်တို့နှင့် အတူရှိနေသည်။ ဒုက္ခတွေ့ချိန်၌လည်း သူသည် သနား ကြင်နာတတ်သော ဘုရား ဖြစ်သည့် အလျောက် ကျွန်ုပ်တို့နှင့် အတူ ရှိနေလေသည်။ ထို ဒုက္ခများထဲမှာ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းဟုသော ကောင်းမြတ်ခြင်းတို့ အားဖြင့် အလင်းပြနေလေ၏။ (ငါသည် အလင်းဖြစ်၏။) 


တချို့က ကောင်းမြတ်ခြင်းကို ဘုရားသခင်၏ သဘောသဘာဝတစ်ခုဟု ဆိုလျှင် လွယ်လွယ်ကူကူ သဘောတူသော်လည်း ပြသနာမှာ ဒုက္ခဝေဒနာများပင် ဖြစ်နေပါသည်။ အားလုံးစုံကို တတ်နိုင်သည့် အနန္တတန်ခိုးတော်ရှင် ဘုရားဖြစ်လျက် လောကသားတွေကို အဘယ်ကြောင့် ဒုက္ခဝေဒနာ ခံထမ်းစေပါသလဲ။ ဒါမှမဟုတ် ဒုက္ခဝေဒနာတွေကြားမှာ ဘုရားမရှိလေသရောလားဗျာ။ ကျွန်ုပ်တို့ကိုများ ဘုရားသခင် စွန့်ပစ်သွားလေသလား။ ထိုသို့မေးခွန်းများ စဉ်းစားထောက်ရှု့မိတိုင်း ကျွန်ုပ်ရင်မှာ ခရစ်တော်၏ ဒုက္ကစရိယာနှင့် အသေခံခြင်းကို ပြေးမြင်မိသည်။ တန်ခိုးရှင်ဖြစ်ပါလျက် ကျွန်ုပ်တို့ လူသားတွေကို ကယ်တင်ဖို့ သူကိုယ်တော်တိုင် ဒုက္ကစရိယာခံ၊ အသေခံပြီး ကယ်တင်ဖို့ လိုအပ်ပါသလား။ အဘယ်ကြောင့်များ ဤလမ်းကိုမှ ကိုယ်တော်ရှင်ရွေးချယ်ခဲ့ပါသလဲ။ အမှန်ဆိုရသော် ဒုက္ခဟူသည်မှာလည်း ကျွန်ုပ်တို့ လောကသားတွေရဲ့ ဘ၀အစိတ်အပိုင်း တစ်ခုအဖြစ် အမှန်တရားတစ်ခု အဖြစ်ရှိနေပါသည်။ ထို့ကြောင့် ခရစ်တော် ကိုယ်တော်တိုင် (ငါသည်အမှန်တရား) ဟုကြွေးကြော် ပြီးကာမှ ထိုအမှန်တရားကို ရင်မဆိုင်ဘဲ ရှောင်တိမ်းသွားမည် မဟုတ်ပါ။ ထိုကြောင့် ဤလမ်းကို ရွေးချယ်တာဟာ ကျွန်ုပ်တို့ လောကသားများအတွက် အကြီးမြတ်ဆုံး ပေးဆပ်မှု့နှင့်အတူ ရရှိလာမည့် ထာဝရအသက် (ထာဝရကောင်းမြတ်ခြင်း) ဆုလာဒ်အတွက်လည်း ယုံကြည်စွာ မျှော်လင့်စွာ တမ်းတနိုင်ပါပြီ။ ခရစ်တော် သင်ပေးခဲ့သည့် သင်ခန်းစာ (သတင်းကောင်း)မှာ ထိုအမှန်တရားကို လက်ခံတတ်ဖို့ပါ။ လက်ခံတယ်ဆိုတာ ဟုတ်ကဲ့၊ ဟုတ်မှာပါ၊ မှန်ပါတယ် ဆိုရုံနဲ့ မပြီးပြည့်စုံပါ။ လက်ခံတတ်ခြင်းမှာ- ဟုတ်တယ်၊ မှန်တယ်၊ ဒီတော့ ဒီထက်ပိုကောင်းအောင် ငါကြိုးစားမယ်။ ငါလုပ်ဆောင်မယ်ဆိုတဲ့ သံဒိတ်ဌာန် ချမှတ်ခြင်း ဖြစ်ပါသည်။ ဒုက္ခကိုတွေ့ကြုံခြင်းအားဖြင့် ပိုမိုကောင်းမွန်သော ဘ၀အခြေအနေကို စဉ်းစားရွေးချယ် တတ်ရန် ဖိတ်ခေါ်ခြင်း တစ်ခုပါ။ စဉ်းစားတွေးခေါ်ခြင်းသည်လည်း ဘုရားသခင်၏ ပုံသန်နှင့် အဆင် တူအောင် ဖန်ဆင်းခံထားရသော လူသားများ၌သာ ရှိသည်။

သို့ဖြစ်၍ ဒုက္ခသည်ပင် လက်ခံတတ်သော် ကောင်းမြတ်ခြင်း ဖြစ်လာပေသည်။ ဒီတော့ ဘုရားသခင်၏ အမှန်တရားနှင့် ကောင်းမြတ်ခြင်းတို့၌ ယုံကြည်မှု့ရှိပါရဲ့လား။ အမှန်တရားကို လက်ခံဖို့ရန်အတွက် သုခနှင့်ဒုက္ခ တွဲလျက် လက်ခံနိုင်ရပေမည်။ သုခကို တန်ဖိုးထားချိန် ဒုက္ခအားဖြင့်လည်း သင်ခန်းစာ ယူစေရမည်။ ထိုကြောင့် လောကအမှန်တရား ဖြစ်သည့် သုခနှင့်ဒုက္ခယှဉ်တွဲကာ လက်ခံပြီး သုခနှင့် ကောင်းမြတ်ခြင်းကို လိုချင်ဆန္ဒရှိပါ။ ဆန္ဒရှိလျှင် နည်းလမ်း ရှိပါသည်တဲ့။ ကန်လယ်ကကြာ(သုခ)ကို လိုချင်လျှင်တော့ ရေကူးတတ်ဖို့ (ဒုက္ခ)ကိုတော့ ဖြတ်သန်းရပေလိမ့်မည်။

ယနေ့ ကျမ်းစာတော်မြတ် (လု(၁း၁၊ ၄း၁၄-၂၂)တွင် ကျမ်းရေးပုဂ္ဂိုလ်ကြီး သံလုကားသည် အမှန် တရားများကို ပြန်လည်ရေးသား ပြုစုခြင်းဖြစ်ကြောင်း အခန်း (၁း၁)တွင် ဖော်ပြထားလေသည်။ ထိုနောက်တွင် ခရစ်တော်သည် ဘုရားသခင်၏ အမှန်တရားနှင့်ကောင်းမြတ်ခြင်းတို့၏ အသိပညာများ ပြည့်ဝနေပြီး သူ၏ဇာတိမြေ နာဇရက်သို့ ပြန်လာပြီး ပြောဆိုသော စကားများသည် ကြားနာသူတိုင်း ရင်သပ် ရှုမောရလေ၏။ သို့သော်လည်း သူတို့ မယုံကြည်နိုင်။ ဤသူသည် လက်သမား ဂျိုးဇက်၏သား မဟုတ်ပေလော။  

အထက်ပါ အသိတရားများအား ဆင်ခြင်တုံတရားနှင့် ယုံကြည်ခြင်း ပေါင်းစပ်၍ စဉ်းစားထောက်ရှု့သော် ဘုရားသခင်၏ အမှန်တရားနှင့်ကောင်းမြတ်ခြင်းတို့၏ အသိပညာများ ကျွန်ုပ်တို့ ဘ၀မှာပြည့်စုံ လာပါလိမ့်မည်။ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့၌ အမြဲလုပ်ဆောင်လျက်ရှိသည်။

ကိုရင် (ဒိုမီနီကန်)

Saturday, 26 January 2013

မွန်ဆီညော် ဖိုးပိုင်ရဲ့ ဈာပနအခမ်းအနား ဆရာတော်ချားလ်စ် ကျေးဇူးတင်လွှာ


"ယုံကြည်ခြင်းအချုပ်" အပေါ် စဉ်းစား ထောက်ရှု့ရာ (၃)

ကျွန်ုပ်တို့ လူသားများအား ကယ်တင်ရန်အလို့ငှာ ကောင်းကင်ဘုံမှ ဆင်းကြွ လာတော်မူ၏။ သန့်ရှင်းသော ၀ိညာဉ်တော်၏ တန်ခိုးအားဖြင့် ကညာမာရိယာမှ ဖွားမြင်ခြင်းကို ခံယူကာ လူ့အဖြစ်ကိုယူ၍ လူစင်စစ်လည်း ဖြစ်တော်မူ၏။
ကျွန်ုပ်တို့လူသားများအား အပြစ်မှကယ်တင်ဖို့ရန်အတွက် ဘုရားကိုယ်တော်တိုင်မှလွဲ၍ အဘယ်သူမှ မတတ်နိုင်ချေ။ အပြစ်သို့ ကျရောက်နေသည့်ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သည့် ဘုရားသခင်အား ကျွန်ုပ်တို့အား သူ၏ပုံရိပ်နှင့် ဆင်တူအောင်ဖန်ဆင်းထားပြီးမှ မကယ်တင်ဘဲ နေပါမည့်လော။ သို့မဟုတ် သူကိုယ်တော်တိုင် သူ၏ပုံရိပ်နှင့် ဆင်တူအောင်ဖန်ဆင်းထားသည့် ဖန်ဆင်းခံများအား မချစ်ဘဲနေပါမည့်လော။ သံယောဟန် (၃း၁၆)တွင် “ဘုရားသခင်သည် ကမ္ဘာလောကသားတို့ကို ချစ်တော်မူ၏။_သူ၏တစ်ပါးတည်းသော သားတော်ကို စေလွှတ်၍ ထိုသားတော်၌ လူတိုင်းယုံကြည်စေ၍ ထာဝရပျက်စီးခြင်းသို့ မရောက်စေဘဲ ထာဝရ အသက်ကိုရစေတော်မူ” ဟုမိန့်ဆိုထားလေသည်။ ထိုကြောင့်ပင် ယေဇူးသည် ကညာစင်မာရိယာမှ ဖွားမြင်ခြင်းကို ခံယူကာ လူ့အဖြစ်ကိုယူ၍ လူစင်စစ် ဖြစ်လာရလေသည်။ ဤအကြောင်းအရာများကို ကျမ်းစာတော်မြတ်၌လည်းကောင်း၊ ရှေးထုံးသက်သေများဖြင့်လည်းကောင်း ဖော်ပြထားပြီးဖြစ်လေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဤအကြောင်းအရာများကို ယုံကြည်ခြင်းနှင့် စဉ်းစာားဏ်ပေါင်းစပ်ကာ ကျမ်းစာတော်မြတ်နှင့်ရှေးထုံးသက်သေတို့အားဖြင့် ယုံကြည်နိုင်ပေသည်။

ဤယုံကြည်ရာချက်အား စဉ်းစာထောက်ရှု့နိုင်ရန် သမ္မာကျမ်းစာတော်မြတ်ကို နားလည်ထားဖို့ လိုပေမည်။ ထို့အပြင် ရှေးထုံးသက်သေများနှင့်လည်း ရင်နှီးသက်ဝင်မှု့ရှိနေရပေလိမ့်မည်။

ကျွန်ုပ်တို့အဖို့ ပီလတုမင်း လက်ထက်တွင် ကားတိုင်ပေါ်၌ အသက်တော် စွန့်သည့်တိုင်အောင် ဒုက္ကစရိယာခံ၍ သင်္ဂြိုလ်ခြင်းကိုခံတော်မူ၏။
 
သမိုင်းကြောင်းအရ ပီလတုမင်းအမည်ခေါ်သော အစိုးရမင်းသည် အမှန်တကယ်ရှိခဲ့လေသည်။ ထို့အတူ ယေဇူး အမည်ရှိသော လူသား တစ်ဦးသည်လည်း မိမိကိုယ်ကိုဘုရား၊ ဘုရား၏ သားတော်ပါဟု ကြွေးကြော်ခဲ့သူလည်း အမှန်တကယ် ရှိခဲ့လေသည်။ ထို့အပြင် ထိုသူသည် ကားတိုင်ပေါ်၌ ဒုက္ကစရိယာ ခံပြီးကွယ်လွန်ခဲ့ကာ သင်္ဂြိုလ်ခံခဲ့ရလေသည်။ ထိုဖြစ်စဉ်များသည် သမိုင်းကြောင်း အရ ခိုင်မာမှန်ကန်သည့် သက်သေ အထောက်ထားများ ပင်ဖြစ်သည်။ တချို့က ယေဇူးသည် မိမိကိုယ်ကို အားလုံးစုံကိုတတ်နိုင်သော အနန္တတန်ခိုးတော်ရှင် ဘုရားဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ဒုက္ကစရိယာခံ၊ အသေခံနှင့် သင်္ဂြိုလ်ခံခဲ့ပါသလဲဟု မေးမြန်းကြပေသည်။ မှန်ပါသည်။ လူသားများကို ကယ်တင်ဖို့အတွက် သူ၏အစွမ်းတန်ခိုးနှင့် တတ်နိုင်ပါသည်။ သို့သော်လည်း ဤသို့လုပ်ခြင်းအားဖြင့် အမှန်တရား (ငါသည်အမှန်တရားဖြစ်၏) ကိုဖော်ထုတ်ပြသနေပေ၏။
 
ကျွန်ုပ်တို့အားလုံးသိသည့်အတိုင်း (ဗုဒအရှင် မိန့်ဆိုခဲ့သည့်အတိုင်း) ဘ၀ဆိုတာ ဒုက္ခ။ ဒုက္ခဆိုသည်မှာ ကျွန်ုပ်တို့ဘ၀မှာ မှန်နေလျှင် ခရစ်တော်ကိုယ်တိုင်က ထိုအမှန်တရားကို ခံယူခဲ့ခြင်းဖြစ်ပေမည်။ သူကိုယ်တော်တိုင် အမှန်တရားပါဟု ကြွေးကြော်ပြီး ထိုအမှန်တရား၏ဒုက္ခကိုလည်း ကျွန်ုပ်တို့အားလုံး ထိုဒုက္ခအမှန်တရားကို အသိမှတ်ပြုလက်ခံလာဖို့ရန်အတွက် အားလုံးကိုယ်စားခံထမ်းခဲ့လေသည်။

“ငါသည် လမ်းဖြစ်၏”ဟုလည်း ခရစ်တော်ကကြွေးကြော်ခဲ့ပါသည်။ ယေဇူးခရစ်တော်သည် ကျွန်ုပ်တို့အား ထာဝရအသက်ရနိုင်သည့် လမ်းကိုဖော်ထုတ်ပြသပေးခဲ့သည်။ သေခြင်းတရားကိုဖြတ်ကျော်ပြီးလျှင် ထာဝရအသက်ကိုရနိုင်ပေလိမ့်မည်။ ထိုကြောင့် အသေခံ၍ သင်္ဂြိုလ်ခံခဲ့လေသည်။ ပထမဗာတီကန် အခန်း (၂း၎) တွင် ခရစ်တော်၏ထိုကဲ့သို့ ထုတ်ဖော်ပြသခြင်းသည် စီလျော်ပေသည်ဟု ဆိုလေသည်။

ရှေးကျမ်းများအား ဖြည့်ဆည်းခြင်းငှာ တတိယနေ့တွင် ထမြောက်ရှင်ပြန်လေ၏။
 
ခရစ်တော်ယေဇူးသည် ဘုရားဖြစ်တော်မူသောကြောင့် ရှေးကျမ်းများကို ဖြည့်ဆည်းရုံသာမကဘဲ ကျွန်ုပ်တို့ အားလုံး၏မျှော်လင့်ခြင်းလည်း ဖြစ်လာပေသည်။ ခရစ်တော်၏ထမြောက် ရှင်ပြန်ခြင်း မရှိလျှင် ဧ၀ံဂေလိ သတင်းကောင်းအား သူ၏ထမြောက် ပြန်ရှင်ခြင်းအားဖြင့် ရဲရဲဝံ့ဝံ့ ဟောပြောနိုင်စွမ်းရှိမည် မဟုတ်ပေ။ အကြောင်းမူကား သေသူတို့၏ ရှင်ပြန်ထမြောက်မရှိလျှင် ခရစ်တော်သည်လည်း ရှင်ပြန် ထမြောက်ခဲ့ခြင်းမရှိပေ။_အကယ်၍ ခရစ်တော်၏ရှင်ပြန် ထမြောက်ခြင်း မရှိခဲ့လျှင် သင်တို့၏ ယုံကြည်ခြင်းသည်လည်း အချည်းအနှီးဖြစ်၍ သင်တို့သည်လည်း သင်တို့၏အပြစ်များထဲတွင် ဆက်လက် တည်ရှိနေကြ၏။ (၁ ကော် ၁၅း၁၆-၁၇)။ 

မနောအောင်

Friday, 25 January 2013

မီဒီယာမှာ တက်ကြွဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

၄၇ကြိမ်မြောက် ကမ္ဘာ့ဆက်သွယ်ရေးနေ့တွင် ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ်(၁၆)မှ ခရစ်ယာန် ဘာသာဝင်များအား ယနေ့ခေတ် မီဒီယာအခန်းကဏ္ဍမှာ တက်တက်ကြွကြွနှင့် သိသိသာသာပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါသည်။

ပုပ်ရဟန်းမင်းကြီးက “မီဒီယာဆိုတာ လူပေါင်း များစွာ အယူအဆတွေ၊ ခံယူချက်တွေ၊ သတင်း အချက်လက်တွေနှင့် ကျွန်ုပ်တို့ လူ့ဘောင် အဖွဲ့အစည်း၏ အသစ်သောဆက်သွယ်မှု့ ကဏ္ဍကို ဝေမျှတဲ့နေရာ ဖြစ်သည့်အလျောက် ကျွန်ုပ်တို့အား အသစ်သောလူထုရင်ပြင်ဖန်တီးဖို့ အထောက်ကူ ပြုနေပါတယ်” ဟုပြောဆိုခဲ့ပါသည်။ ထို့အပြင် မီဒီယာအခန်းကဏ္ဍ၌ ပါဝင်ရာတွင် သတိထားရမည့် အချို့သောအရာများကိုလည်း သတိထားကြရန်နှင့် ခရစ်ယာန်များအနေဖြင့် ဤအထူးသက်ရောက်မှု့ရှိသော မီဒီယာ ဆယ်သွယ်မှု့ကဏ္ဍတွင် မည်သို့ ပါဝင်သင့်ကြောင်းလည်း အကြံပြုထားပါသည်။ 
 
ရံဖန်ရံခါဆိုသလို အင်တာနက်ပေါ်၌ ခရစ်ယာန်တရားတည်ရှိမှု့အကြောင်းအား ရေးသားလေ့ ရှိသည့်အလျောက် ပုပ်ရဟန်းမင်းကြီးသည် မီဒီယာလောက၏ အထူးလွှမ်းမိုးမှု့ကို သတိပြုမိသူဖြစ်သည်။ “ဒီဂျစ်တယ်လောကသည် ကျွန်ုပ်တို့နေ့စဉ်ဘ၀၏ အရိပ်ကမ္ဘာမဟုတ်ဘဲ ယနေ့ခေတ်လူတွေ၏ နေ့စဉ် ဘ၀အစိတ်အပိုင်း တစ်ခုဖြစ်လာသည်။ အထူးသဖြင့် လူငယ်တို့ရဲ့ဘ၀ အစိတ်အပိုင်း တစ်ခု ဖြစ်လာနေလေပြီ” ဟုမိန့်ဆိုခဲ့သည်။ ဤဒီဂျစ်တယ် ပတ်ဝန်းကျင်မှာပဲ လူတွေက အချင်းချင်း ဆက်သွယ်မှု့တည်ဆောက်တယ်။ သူငယ်ချင်းမိတ်ဆွေဖွဲ့ကြတယ်။ မေးခွန်းများစွာအတွက် အဖြေ ရှာကြတယ်။ စိတ်အပန်းဖြေကြတယ်။ ထို့အပြင် အသိပညာလှုံ့ဆော်မှု့နှင့် ဗဟုသုတဝေမျှမှု့တွေလည်း ဘယ်လိုဘယ်ပုံ စသဖြင့် ပြုလုပ်လာကြသည်။ ထို့ကြောင့် လူမှု့မီဒီယာအခန်းကဏ္ဍသည် ဧ၀ံဂေလိတရားဟောပြောရန်၊ ခရစ်ယာန်အဖွဲ့အစည်းတည်ဆောက်နိုင်ရန်၊ အချင်းချင်းရိုင်းပင်းကူညီရန် ကျွန်ုပ်တို့အား အခွင့်ရေးပေါင်းများစွာ ဖွင့်ထားပေးလေသည်။
 
သို့သော်လည်း ဤမီဒီယာလောကသည့် သတင်းကောင်း၏အနှစ်တန်ဖိုးထက် အများရေစီးကြောင်း ခေတ်အကြိုက်၏လွှမ်းမိုးမှု့ခံရလွန်းသည်ဟု မြင်မိသည်။ တချို့အချိန်တွေမှာ ညှင်သာတည်ငြိမ်သည့် အကျိုးကြောင်းတရားသည် ဘာမဟုတ်သည့် အများကြိုက်သတင်းအချက်လက်များဖြင့် လွှမ်းမိုး ခံရတတ်သည်။ ထို့ကြောင့် မီဒီယာလောကတွင် တက်ကြွစွာပါဝင်နေသော ခရစ်ယာန်များအား မီဒီယာဆက်သွယ်မှု့ အခန်းကဏ္ဍတွင် မြင့်မြတ်သည့်စိတ်ထား ပေါ်လွင်စေသော အရေးအသားများနှင့် ရှင်းလင်းပြသသည့်ပုံစံများ ပြုစုပျိုးထောင်ရန်လိုအပ်ပေသည်။

မီဒီယာခေတ်သစ်တွင် ဆက်သွယ်မှု့ နည်းလမ်းအသစ်များကို အသိမှတ်ပြုသည့်အလျောက် ပုပ်ရဟန်းမင်းကြီးက ခရစ်ယာန်များအနေဖြင့် နည်းလမ်း အသစ်များနှင့် ချည်းကပ်မှု့အသစ်များ ဖန်တီး ရှာဖွေကြရန်တိုက်တွန်းလေသည်။ ခရစ်တော်၏ပုံဥပမာများကဲ့သို့ ထိထိမိမိရှိသည့် ဆက်သွယ်မှု့ အခန်းကဏ္ဍသည်လည်း ကျွန်ုပ်တို့၏စိတ်အာရုံများပါဝင်နေသည်ဟု ဆိုလေသည်။ ထိုသို့ပါဝင် အကြံပြုသော အခါများတွင်လည်း မိမိတို့ခရစ်ယာန်ဘာသာတရား၏ ရှေးထုံးသက်သေများမှာ လက္ခဏာများနှင့် သင်္ကေတတို့တွင် အထူးကြွယ်ဝသည်ကိုလည်း မေ့မထားသင့်ပေ။ ကက်သလစ် အနုပညာရှင်များနှင့် ဂီတပညာရှင်များသည် သူတို့၏ ယုံကြည်ခြင်းကို သူတို့၏ အနုပညာ ဂီတဖြင့် ဖော်ပြသကဲ့သို့ ကက်သလစ်များသည်လည်း မိမိတို့ယုံကြည်ခြင်းကို ဤဒီဂျစ်တယ် ဆက်သွယ်မှု့မှ ဖော်ပြတတ်ရန် ကြိုးစားရပေမည်။

ထို့အပြင် မီဒီယာသုံးစွဲသူများသည် မိမိတို့ယုံကြည်ခြင်းကိုသက်သေခံရာတွင် အခြားသူအတွက် စိတ်ရှည်သီးခံပြီး လေးစားသမှု့ပြုကာ အမှန်တရား ရှာဖွေရာလမ်းနှင့် လူ့ဘ၀အဓိပ္ပာယ် ရှာဖွေရာလမ်းတွင် မေးလာသမျှမေးခွန်းများနှင့် သံသယများကို ဆက်ကပ်ဖြေကြားချင်စိတ်ရှိရမည်။ ဤမီဒီယာခေတ်သစ်သည် နည်းလမ်းသစ်အားဖြင့် ကျွန်ုပ်တို့၏ယုံကြည်သူများနှင့် ပေါင်းဖက်စေသည်။ အတူတကွ ပိုမိုစည်းရုံး၍ တူညီသော ယုံကြည်ခြင်းကို ဝေမျှရင်း ၀ိညာဉ်ရေးကဏ္ဍ၊ ၀တ်ပြုကိုးကွယ်ခြင်း ကဏ္ဍတို့တွင် အချင်းချင်းဝေမျှဖို့ရန် ဤဒီဂျစ်တယ်နည်းလမ်းမှကူညီပေးနေသည်။

ပုပ်ရဟန်းမင်းကြီးက သူ၏မိန့်ခွန်းအား “ အမှန်တရားနှင့်ယုံကြည်ခြင်းတို့၏တံခါး၊ ဧ၀ံဂေလိတရားဝေမျှရာ နေရာအသစ်များအတွက် လူမှု့ကွန်ယက်များ” ဟုခေါင်းစဉ်တပ်၍ ဇန်န၀ါရီလ ၂၄ရက်နေ့တွင် ထွက်ပေါ်လာခဲ့သည်။ (ကမ္ဘာ့ဆက်သွယ်ရေးနေ့အတွက် ပုပ်ရဟန်းမင်းကြီး စာချွန်တော်သည် အစဉ်လာအရ သတင်းသမားတို့၏ အကိုးရာ ရဟန္တာဖြစ်သည့် စိန်ဖရန်စစ်ဒေဆာလက်စ်၏ပွဲနေ့တွင် ထုတ်လွှင့်သည်။) ထိုစာချွန်တော်သတင်းအား ပုပ်ရဟန်းမင်းကြီးဆိုင်ရာ လူမှု့ဆက်သွယ်ရေးရုံး၏သမ္မတ ဆရာတော်ကြီး ကလော့ဒီရို မာရီယား ဆေဲလီမှ မိတ်ဆက်ပြုခဲ့သည်။

မီဒီယာလောကအပေါ် ပုပ်ရဟန်းမင်းကြီး၏အမြင်မှာ အပြုသဘောရှိလှ၍ သတိတရားလည်းမြဲလေသည်ဟု ဆရာတော်ကြီး ဆေဲလီက ကောက်ချက် ချခဲ့လေသည်။ ထို့အပြင် ပုပ်ရဟန်းမင်းကြီးကဲ့သို့ ဆရာတော်ကြီးမှာလည်း အင်တာနက် မီဒီယာလောက၌ အမှန်တရားနှင့်စစ်မှန်ခြင်းအပေါ် ဆက်ကပ်၍ တာဝန်သိစိတ်ဓါတ်များဖြင့် ကိုယ်ပိုင်အတွင်းရေးလှုံခြုံမှု့အာမခံချက်ရှိရန်အတွက် မှတ်ချက်ပြုခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဆိုင်ရာ လူမှု့ဆက်သွယ်ရေးရုံး၏ အတွင်းရေးမှုး မွန်စီညော် ပေါလ်တီခေ သည်လည်း ယခုခေတ် အထူးသဖြင့် လူငယ်များအပေါ် အင်တာနက် လွှမ်းမိုးမှု့ရှိသည်ကို ပုပ်ရဟန်းမင်းကြီးက နှစ်သက်မှု့ရှိကြောင်း ထောက်ခံခဲ့လေသည်။ သူက “ဒါဟာ အသင်းတော်ရှိရမည့် တိုက်ကြီး တစ်ခုဖြစ်သည်” ဟု ဗာတီကန်ရေဒီယို အင်တာဗျူးတွင် ပြောဆိုခဲ့လေသည်။ ထို့ကြောင့် ပုပ်ရဟန်းမင်းကြီး၏ စာချွန်တော်သည် ခေတ်သစ်မီဒီယာ အခန်းကဏ္ဍ၏ ဖြစ်နိုင်ချေများ အပေါ် အားပေးရာရောက်ကြောင်း မှတ်ချက်ပေးခဲ့သည်။ “လူအချို့က သုံးစွဲသူဖန်တီးသည့်မာတိကာ အကြောင်းပြောကြတယ်။ ကျွန်တော့်အထင်တော့ ပုပ်ရဟန်းမင်းကြီးက သုံးစွဲသူဖန်တီးသည့်ယဉ်ကျေးမှု့ ကိုပြောဆိုတာဖြစ်မှာပါ”။
 
 

http://www.catholicculture.org/news/headlines/index.cfm?storyid=16894 မှ ဘာသာပြန်သည်။

မနောအောင်
 
 

  

ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်သာသနာ၏ မွန်ဆီညော် ဧဖရင်း စောဖိုးပိုင် ပျံလွန်

မွန်ဆီညော် ဧဖရင်း စောဖိုးပိုင်သည် ၁၉၄၆ ခု၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်တိုင်း၊  ကျိုက်လတ်မြို့နယ်၊ ကျွန်းကလေး ကျေးရွာတွင် အဘ ဦးသာကြွယ်၊ အမိ ဒေါ်နှင်းရွှေတို့မှ ဖွားမြင်ခဲ့သည်။ ၁၉၆၁ ခုနှစ်၊ ဇန္န၀ါရီလ ၇ ရက်နေ့တွင် ကက်သလစ်ခရစ်ယာန်ဘာသာအရ ဆေးကြောခြင်းခံယူခဲ့ပြီး ကက်သလစ်ခရစ်ယာန်ယုံကြည်သူတစ်ဦး ဖြစ်လာခဲ့သည်။ ရဟန်းဘောင်သို့ ခေါ်တော်မူခြင်းခံရကာ ၁၉၇၃ ခု၊ မတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့ စိန်မေရီကယ်သီဒြယ် ဘုရားကျောင်းတွင် ကာဒီနယ် Terrence Cooke လက်တော်မှ ရဟန်းသိက္ခာကို ခံယူရရှိခဲ့သည်။ အတန်းပညာအားဖြင့် ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဘွဲ့ B.A (L.L.B) ကိုရရှိခဲ့သည်။
  • ရဟန်းသိက္ခာခံယူပြီးနောက် ၁၉၇၃ ခုနှစ်မှ ၁၉၇၅ ခုနှစ်ထိ ဘားအံမြို့၊ စိန်ဖရန်စစ်ဇေးဗီးယား ဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်းတော်ကြီး နှင့် ဓမ္မဆရာ သင်တန်းကျောင်း၏ ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
  • ထို့နောက် ၁၉၇၅ ခုနှစ်မှ ၁၉၈၁ ခုနှစ်ထိ ရန်ကုန်ကက်သလစ် ရဟန်းဖြစ်သင်တက္ကသိုလ်တွင် စာချဘုန်းတော်ကြီးအဖြစ် လည်းကောင်း၊
  • ၁၉၈၁ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ တွံတေးမြို့၊ ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သခင်ဘုရားကျောင်းတွင် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ်လည်းကောင်း၊
  • ၁၉၈၃ ခုနှစ်မှ ၁၉၈၄ ခုနှစ်ထိ ဘားအံမြို့၊ စိန်ဖရန်စစ်ဇေးဗီးယား ဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်းတော်ကြီး နှင့် ဓမ္မဆရာ သင်တန်းကျောင်း၏ ကျောင်းအုပ်အဖြစ် ထပ်မံ၍ တာဝန်ထမ်းဆောင်ခဲ့သည်။
  • ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်တွင် အီတလီနိုင်ငံ၊ ရောမမြို့တွင် သွားရောက်ကာ ကာနွန်ဥပဒေဆိုင်ရာ ပါရဂူဘွဲ့ကို ရရှိခဲ့သည်။
  •  ရောမမှ ပြန်လာပြီးနောက် ၁၉၈၈ ခုမှ ၁၉၉၄ ခုနှစ်ထိ ပဲခူးမြို့၊ စိန်ဂျိုးဇက်ရဟန်းဖြစ်သင်ကျောင်း တွင် ကျောင်းအုပ်အဖြစ် လည်းကောင်း၊
  • ၁၉၉၄ ခုနှစ်မှ ၂၀၀၂ ခုနှစ်ထိ ရန်ကုန်မြို့၊ စိန်မေရီကယ်သီဒြယ်ဘုရားကျောင်း၏ ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
  • ၂၀၀၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ မင်းပညာရှိသုံးပါး ဘုရားရှိခိုးကျောင်းတွင် ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရင်း ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ အသင်းတော်ဥပဒေရုံးဥက္ကဋ္ဌနှင့် အတုငိပင်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလ ၂၄ ရက်၊ ကြာသပတေးနေ့ နံနက် ၅း၀၀ တွင် မင်းပညာရှိသုံးပါး ဘုရားကျောင်းဝင်းအတွင်း ဘုန်းတော်ကြီးကျောင်းတွင် ပျံလွန်တော်မူသည်။ ၂၀၁၃ ခုနှစ်၊ ဇန္န၀ါရီလ ၂၆ ရက်၊ စနေနေ့တွင် တွံတေးမြို့၊ ကောင်းကင်ဘုံသို့ ပို့ဆောင်ခြင်းခံရသော မယ်တော်သခင်မ ဘုရားကျောင်းတွင် ဈာပနမစ္ဆားတရားနှင့် တွံတေးကက်သလစ်သာသနာသင်္ချိုင်းတွင် ဂူသွင်းမြှုပ်နှံသင်္ဂြိုလ်သည်။
 

Wednesday, 23 January 2013

ဗီယက်နန် ကွန်မြူနစ် ပုပ်ရဟန်းမင်းနှင့်တွေ့ဆုံ

ဗီယက်နန် ကွန်မြူနစ် ခေါင်းဆောင် Nguyen Phu Trong  ပထမဆုံးအကြိမ် ပုပ် ရဟန်းမင်းကြီးနှင့် တွေ့ဆုံ 

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၂ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး ဘက်နက်ဒစ်(၁၆)သည် ဗီယက်နန်နိုင်ငံ ကွန်မြူနစ်ခေါင်းဆောင် Nguyen Phu Trong နှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှု့ပြုလုပ်ခဲ့ပါတယ်။ 

၂၀၀၇ ခုနှစ်ကတည်းက ဗီယက်နန်နိုင်ငံနှင့် ဗာတီကန် အကြား ညှိနှိုင်းဆွေးနွေးမှု့ စတင် လုပ်ခဲ့ရာ ယခုတွေ့ဆုံခြင်း သည် အပြုသဘော ဆောင်၍ သမိုင်းဝင် မှတ်ချက် တစ်ခု ဖြစ်လာခဲ့ပါသည်။ နှစ်ဦးနှစ်ဘက် အကြား ဆွေးနွေး ညှိနှိုင်းမှု့အား ပြန်လည် ဆောက်တည်သည့် အနေဖြင့် ဗာတီကန်မှ ကိုယ်စားလှယ်တော် များနှင့် ဗီယက်နန်နိုင်ငံမှ ကိုယ်စားလှယ်များ အပြန်အလှန် လည်ပတ်ခြင်း ပြုလုပ်ခဲ့ကြသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၂ရက်နေ့ ၏တွေ့ဆုံမှု့မှာ ဗီယက်နန် ကွန်မြူနစ်ပါတီနှင့် ဗာတီကန် အကြား ပထမဆုံး အကြိမ်တွေ့ဆုံခြင်း ဖြစ်ပါသည်။ 

ထိုတွေ့ဆုံခြင်း အပြီး ဗာတီကန်မှ “ပုပ်ရဟန်းမင်းကြီး ဆိုင်ရာ ရုံးတော်မှ အဖွဲ့အစည်းနှစ်ခု အကြားရှိ အချို့သော အချက်များကိုလည်း ထပ်မံ ညှိနှိုင်း ဖြေရှင်းနိုင်ပြီး လက်ရှိ တိုးတက်လာသော ပူပေါင်း ဆောင်ရွက်ခြင်း တို့လည်း ခိုင်မာစေမည်ဟု မျှော်လင့်ပါကြောင်း” သတင်းထွက်ပေါ် လာလေသည်။ 

ဗီယက်နန်နိုင်ငံ အတွင်းရှိ အသင်းတော် ခေါင်းဆောင်များများမှာ အစိုးရ၏ တင်းကြပ်သည့် စည်းမျည်းတွေ အကြားမှာ စိတ် ကသိကအောင့် ဖြစ်နေရသည်မှာ ကြာပါပြီ။ မကြာခင် အချိန်မှ စ၍ ဆရာတော် အသစ်များ ခန့်အပ်ရာ အတွက် ရင်ကြားစေ့ဆွေးနွေးမှု့မှာ သိသာ မြင်သာ လာသော်လည်း ကွန်မြူနစ် အစိုးရ သိမ်းပိုက်ထားသည့် သာသနာပိုင် ပစ္စည်းများနှင့် ပတ်သက်၍ ရှေးယခင်တိုင်း သဘောထား ရှိနေပါသေးသည်။

Nguyen သည် ဗာတီကန်သို့ လာရောက်ရာတွင် လက်ထောက် ၀န်ကြီး Nguyen Xuan Phuc လည်း လိုက်ပါလာသည်။ ထို ကွန်မြူနစ်ခေါင်းဆောင်မှာ အခြားသော နယ်မြေ အကြီးအကဲများ၊ အစိုးရ ဌာနဆိုင်ရာခေါင်းဆောင်များ ကဲ့သို့ ဗာတီကန် ဧည့်ဝင် စာရင်း၌ မှတ်တမ်းတင် ခဲ့လေသည်။ 

http://www.catholicculture.org/news/headlines/index.cfm?storyid=16871 မှဘာသာပြန်သည်။ 

မနောအောင်

Tuesday, 22 January 2013

"ယုံကြည်ခြင်းအချုပ်" အပေါ် စဉ်းစား ထောက်ရှု့ရာ (၂)


ကျွန်ုပ်သည် တစ်ဆူတည်းသော သခင်၊ ခမည်းတော်၏ တစ်ပါးတည်းသော သားတော်၊ ဖန်ဆင်းခြင်းကို မခံ၊ ဘုရားမှ ဘုရား၊ အလင်းမှ အလင်း၊ စစ်မှန်သော ဘုရားမှ စစ်မှန်သောဘုရား၊ ခမည်းတော်နှင့် သဘော သဘာဝတစ်ဆူတည်းဖြစ်သော ယေဇူးခရစ်တော်ကို ယုံကြည်ပါ၏။ ထိုသခင်အားဖြင့် အရာ အားလုံးသည် ပြုလုပ် ဖန်ဆင်းခြင်း ခံရ၏။ 
          ဤယုံကြည်ချက်ကို ၀န်မခံမှီ အထက်၌ ခမည်းတော်ဘုရား အကြောင်းနှင့် သူ့အပေါ် ယုံကြည်ခြင်း အကြောင်းကို ဆွေးနွေး တင်ပြထားပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ ထိုမှတဆင့် ယခု ဒုတိယ ယုံကြည်ချက်ကို ဆက်လက် ထောက်ရှု့ ကြည့်ကြပါစို့။



          အကယ်၍ ကျမ်းစာတော်မြတ်သည် ဘုရားသခင်၏ ဗျာဒိတ်တော် စစ်မှန်ပါလျှင်၊ ယေဇူးသည် ဘုရား ဖြစ်ရပေမည်။ ထိုကြောင့် ကျမ်းစာတော်မြတ်ကို ယုံကြည်လျှင် ယေဇူးသခင်သည် ဘုရား ဖြစ်ကြောင်း၊ ခမည်းတော်ဘုရား၏ တစ်ပါးတည်းသော သားတော်ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ သံယောဟန် (၁၀း၃၀)တွင် ခမည်းတော်နှင့် ငါသည် တစ်ဆူတည်း (တစ်ခုတည်း) ဖြစ်၏ လို့ပြောဆို ထားပါသည်။ ကျွန်ုပ်တို့ဟာ ကျမ်းစာတော်မြတ်ကို ယုံကြည်သောအခါ ထို ကျမ်းစာတော်မြတ်ထဲတွင် ပါသော စာသားများမှာ ဘုရားသခင်ပြောကြားသော စကားများ (၀ိညာဉ်တော်အားဖြင့် ကျမ်းရေး ပုဂ္ဂိုလ်များ မှတဆင့်) ဟု မှတ်ယူ ထားပါသည်။ ပထမ ဗာတီကန် အခန်း(၂း ၇) တွင် ကျမ်းစာတိုင်းတွင် ဘုရားသခင်သည် ၎င်းတို့၏ စာရေးဆရာပင် ဖြစ်သည်ဟု ကြွေးကြော် ထားလေသည်။ 


   တကယ်တန်း စဉ်းစားကြည့်လျှင် ကျမ်းစာ တစ်ခုလုံးသည် ခရစ်တော် အကြောင်းကိုသာ ရေးသားထားခြင်း ဖြစ်လေသည်။ ဓမ္မဟောင်းကျမ်းတွင် ကမ္ဘာမြေသို့ သူ၏ ဆင်းကြွလာခြင်း အကြောင်း ပြင်ဆင်ဟောပြော ထားပြီး ဓမ္မသစ်ကျမ်းတွင် သူ ကိုယ်တော်တိုင် ဘုရားသခင်၏နိုင်ငံတော် အကြောင်းကို ဟောပြောနေလေသည်။ ထိုဓမ္မသစ် ကျမ်းဖြင့် ကောင်းကင်နိုင်ငံဆိုင်ရာ ဗျာဒိတ်တော်များကို ဖွင့်ဟ ပြလေသည်။ ဘုရားသခင် ကိုယ်တော်တိုင် မမြင်နိုင်ရာမှ မြင်နိုင်ရာ ဖြစ်စေ၏။ သံယောဟန်ကျမ်း (၁၄း၇) “သင်တို့သည် ငါ့ကို သိကြပါလျှင် ငါ၏ ခမည်းတော်ကိုလည်း သိကြ လိမ့်မည်။ ယခုမှ စ၍ သင်တို့သည် ငါ၏ ခမည်းတော်ကို သိကြ၍ ဖူးမြင် ကြရလေပြီ။” ထိုကြောင့် ယေဇူးသည် ဘုရား ဖြစ်ကြောင်းကို ထိုရေးမှတ်ထားသော စာအုပ်(ကျမ်းစာ) ဖြင့် သိနိုင်လေသည်။ ကမ္ဘာပေါ်တွင် ယေဇူး ကိုယ်တော်တိုင် အသက်ရှင် နေထိုင်စဉ် လုပ်ဆောင်ခဲ့သော သူ၏ လုပ်ဆောင်ချက်များဖြင့်လည်း သိနိုင်လေသည်။ နောက်ထပ် တမန်တော်ကြီးများမှ တဆင့် အဆင့်ဆင့် ကျွန်ုပ်တို့ထံသို့ ကမ်းလင့်ခဲ့သော ရှေးထုံး အစဉ်လာဖြင့်လည်း သိနိုင်ပေသည်။ ထိုတမန်တော်ကြီးများ မှာ ယေဇူး ခရစ်တော်အား ကိုယ်တိုင် မြင်တွေ့ခဲ့သူများ၊ သူ့စကားသံများကို ကိုယ်တိုင် ကြားခဲ့ရသူများ၊ သူနှင့် အတူ စကားလက်စုံ အမြဲပြောနေခဲ့သူများ ဖြစ်ပြီး ကျွန်ုပ်တို့အား ပြန်လည် ပြောပြလေခြင်း ဖြစ်ပါသည်။ ထိုကြောင့် ဤအရာတွေကို နားလည် လက်ခံသောအခါ ဘုရားသခင်၏ ဗျာဒိတ်တော်ကို အာရုံထား ယုံကြည်လာဖို့ ဖြစ်စေမည်။ 

          ဂျူးဘာသာ၊ အီစ္စလာမ်ဘာသာများ ကဲ့သို့ ဘုရား တစ်ဆူတည်းသာ ယုံကြည်သော ဘာသာတရား အတွက် ယေဇူးသခင်အား ဘုရားအဖြစ်၊ ဘုရား၏ တစ်ပါးတည်းသော သားတော်အဖြစ် ယုံကြည်ဖို့ရန် စိန်ခေါ်မှု့ကြီး တစ်ခုပင် ဖြစ်နေနိုင်ပါသည်။ အမှန်ဆိုရသော် ခရစ်ယာန် ဘာသာတရားသည်လည်း ဘုရား တစ်ဆူတည်းကိုသာ ယုံကြည်သော ဘာသာတရား ဖြစ်ပေသည်။ သို့သော်လည်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်ဟူ၍ ပုဂ္ဂိုလ် သုံးပါးပေါင်း ဘုရားတစ်ဆူအဖြစ် တစ်ဆူတည်းကိုသာ ယုံကြည် ၀န်ခံကြသည်။ ဘာသာတရားများစွာနှင့် လူများစွာသည် လုံးဝ အမှန်တရား တစ်ခုတည်းသာ ရှိသည်ဟု ယုံကြည်ကြွေးကြော် ကြပါသည်။ ထိုကြွေးကြော်ခြင်းသည် ဘုရားထံသို့ ဦးတည် နေပါသည်။ သို့သော်လည်း ယေဇူးမူကား သူ ကိုယ်တော်တိုင် “ငါသည် လမ်း၊ အမှန်တရားနှင့် အသက်” ဖြစ်၏ဟု တိုက်ရိုက် ကြွေးကြော်ခဲ့ပြီး သူ့မှတဆင့် ခမည်းတော်ဘုရား ထံရောက်ဖို့ တခြားလမ်း မရှိဟု ဆိုလေသည်။ (ယောဟန် ၁၄း၆)

         သံယောဟန်ကျမ်း၏ ပထမဆုံးအခန်းကို ကောင်းကောင်း မှတ်မဦးမည်ဆိုလျှင်ဖြင့် “အစဦး၌ နှုတ်တော်ထွက် စကား တည်ရှိတော်မူ၏။ နှုတ်တော်ထွက် စကားသည် ဘုရားသခင်နှင့် အတူ ရှိတော်မူ၏။ နှုတ်တော်ထွက် စကားသည် ဘုရားသခင် ဖြစ်တော်မူ၏။”ဟု ကြားသိ ရပါလိမ့်မည်။ ကျွန်ုပ်တို့တတွေဟာ ခရစ်ယာန် အဖြစ် ယေဇူးသည်ဘုရားသခင်၏ စကားပြောသော နှုတ်တော်ထွက် စကားတော်ဟု ယုံကြည် ၀န်ခံကြသည်။ ဒါဟာ ကျွန်ုပ်တို့ လူသားများ၏ စဉ်းစားတွေးခေါ်မှု့၌ ကျိုးကြောင်း စီလျော်ပေသည်။ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဗလာနတ္တိမှ ဖန်ဆင်းသော အခါ သူ၏ “စေ”တစ်လုံးဖြင့် နှုတ်ထွက် စကားဖြင့် ဖန်ဆင်းလေသည်။ ဤသည်ပင် အံ့သြစရာ ကောင်းလှပေသည်။ ထိုကြောင့် ကျွန်ုပ်တို့ တတွေဟာ “သူ့အားဖြင့် အရာအားလုံးသည် ပြုလုပ် ဖန်ဆင်းခြင်း ခံရ၏”ဟု အသံထပ်ကာ ယုံကြည်ခြင်းကို ၀န်ခံနိုင်ပါသည်။ 

ကိုးကားချက်။ ။ Pope Paul VI, the Credo of the People of God
                             ။ ကျမ်းစာတော်မြတ် (ကက်သလစ်)

(ကျန်သည့် ယုံကြည်ခြင်း အချုပ်များကိုလည်း ထောက်ရှု့ သုံးသပ်ပါဦးမည်)

မနောအောင်

Monday, 21 January 2013

ကချင်ငြိမ်းချမ်းရေး မြန်မာ ခရစ်ယာန်များ ကြေငြာချက်ထုတ်

ငြိမ်းချမ်းရေးရရှိရန် တစ်တိုင်းပြည်လုံးတွင် တာဝန်ရှိသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ(၂၀) ရက်နေ့ ပဲခူးခရီးစဉ်တွင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ ဒေသခံတို့ အားပြောကြားခဲ့ကြောင်း The Myanma Age facebook စာမျက်နှာတွင် ဖော်ပြခဲ့ အပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် (စီ၊ဘီ၊စီ၊အမ်)နှင့် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ (အမ်၊စီ၊စီ) တို့၏ “ ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော ပြည်တွင်း စစ်ကို ရပ်တန့်ကြရန် အတွက် ကြောငြာချက်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မရှင် ရုံးအဖွဲ့သို့ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီ၏ပြည်သူ့ ဆက်ဆံရေးကော်မတီ လက်ထောက် တာဝန်ခံ မလဝန်းရွှေ ဝတ်ရည် မှပေးပို့ ခဲ့သည်။

လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပို၍ ပေးဆောင်ကြရန်နှင့် ငြိမ်းချမ်းရေး အတွက် လိုအပ်သည့် အကူအညီများအား တတ်အားသမျှ အကျိုးဆောင်ပေးရန် အသင့်ရှိကြောင်း (စီ၊ဘီ၊စီ၊အမ်)နှင့် (အမ်၊စီ၊စီ) တို့၏ကြေငြာချက်တွင် ဖော်ပြထားပါသည်။

အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီ၏ ပြည်သူဆက်ဆံရေးကော်မတီ လက်ထောက် တာဝန်ခံ မလဝန်းရွှေဝတ်ရည် (၀၉-၄၃၁၄၃၆၆၀) သို့ ဆက်သွယ်မေးမြန်းနိုင် ပါသည်။


Sunday, 20 January 2013

ဒုတိယ သာမာန် တနင်္ဂနွေနေ့ ကမ္မဋ္ဌာန်းထောက်ရှု့ချက် (၂၀.၁.၂၀၁၃)

သံယောဟန် ၂း၁-၁၁

ကာနာမြို့ လက်ထပ်ပွဲတွင် ခရစ်တော် ပြုလုပ်ခဲ့သော တန်ခိုးလက္ခဏာမှာ သူ၏ တရားဒေသနာ တော်ဆောင်ရွက်မှု့၌ ပထမဆုံး ပြုလုပ်သည့် တန်ခိုးလက္ခဏာ ဖြစ်သည်ဟု ကျမ်းစာ ပညာရှင်များက ဆိုကြသည်။ မည်သို့ပင်ဆိုစေ -ကျွန်ုပ်တို့အတွက်မူ ထိုကျမ်းစာတော်အားဖြင့် ခရစ်တော်ပေးသော တရားသတင်းကောင်းသည် ပို၍ နက်ရှိုင်းသည်။ ကျွန်ုပ်တို့ ဘ၀မှာ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အတူ ရှိနေကြောင်းကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ခံစားဖူးပါသလဲ။ ထိုအချိန်အခါမျိုး ရှိလားလို့ ပြန်လည် စဉ်းစား ကြည့်ပါလား။ သေချာတာကတော့ ဘုရားသခင်ဟာ ကျွန်ုပ်တို့ ဘေးနားမှာ လောကဒြပ်တစ်ခု အဖြစ်ရှိနေမှာ မဟုတ်နိုင်ပါဘူး။ ဒီတော့ ဘုရား ရှိနေတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ ဒွဟအယူဆ ရှိသူများကတော့ မကောင်းသည့် အရာတွေကို ဖန်ဆင်းတဲ့ ဘုရားနှင့် ကောင်းသည့်၊ မြင့်မြတ်သည့် အရာ တွေကို ဖန်ဆင်းသည့် ဘုရားဆိုပြီး နှစ်မျိုး ရှိသည်ဟု ဆိုကြသည်။ ထိုကြောင့် မကောင်းသည့် ဖန်ဆင်းရှင်မှ ဒုက္ခ၊ ငိုကြွေးခြင်း၊ ပူဆွေးခြင်းဝေဒနာ၊ ဆင်းရဲခြင်း စသည့် အမျိုးမျိုးသော ဒဏ်ရာတွေကို ပေးသည်ဟု ယုံကြည်ကြသည်။ ကောင်းသည် အရာများကို ဖန်ဆင်းသည့် ဘုရားကတော့ ပျော်ရွှင်ခြင်း ၊ကောင်းမြတ်ခြင်း၊ မြင့်မြတ်ခြင်း၊ သုခချမ်းသာ စသည် တို့ကိုပေးသည်ဟု ယုံကြည်ကြသည်။ အမှန်တော့ ဘုရားနှစ်ဆူ မရှိပါ။ တစ်ဆူတည်းသာ ရှိ၍ ဘုရားဟူသည့် အဓိပ္ပ္ပာယ်သည်လည်း ကောင်းမြတ်ခြင်း သုခတို့၏ ကိန်းအောင်းရာ ဖြစ်ပြီး အနန္တတန်ခိုးတော်ဖြင့် ပြည့်စုံလေ၏။ 


ဒီတော့ မိမိဘ၀မှာ ကောင်းမြတ်ခြင်း တို့နှင့် ထိတွေ့ဖူး ပါသလား။ လူသားမှန်သော် ဒုက္ခ ရှိလျှင်ပင် သုခနှင့် မကင်းပါ။ သုခသည် ဘုရားသခင် ရှိခြင်းဆိုလျှင် ဒုက္ခသည် ဘုရားသခင် မရှိခြင်းဟုခေါ်နိုင် ပါသလား။ ထိုသို့ ဆိုလျှင်ပင် မိမိဘ၀မှာ ဘုရားရှိကြောင်း ခံစားတွေ့ကြုံ ဖူးပြီလို့ ဆိုရလိမ့်မည်။ ဒီထက် ပိုသည်ကား ဘုရားသခင်သည် ဒုက္ခရှိရာ၌ ပို၍ ရှိနေပါသည်။ သူသည် သနား ကြင်နာတတ်ပြီး နှစ်သိမ့်ခြင်း ရှိပါသည်။ ထိုကြောင့် သုခရှိချိန် ဘုရားရှိနေသလို ဒုက္ခရှိချိန်သည်လည်း ဘုရား ရှိနေချိန်ပါပဲ။ ထိုကြောင့် ကျွန်ုပ်တို့ ဘ၀သည် စက္ကန့်တိုင်း မိနစ်တိုင်းမှာ ဘုရားသည် မိမိနှင့် ရှိနေသည်ဟု ခံစားနိုင်ပါသည်။ သုခ ရှိချိန် ချီးမွမ်း သီဆိုနိုင်သလို ဒုက္ခတွေ့ချိန် အားကိုးရာလည်း ဖြစ်ပါသည်။ 



ယနေ့ ကျမ်းစာတော်မြတ်ထဲမှ ကာနာမြို့ လက်ထပ်ပွဲသည် ပျော်စရာအချိန်၊ မင်္ဂလာရှိတဲ့အခါ သမယ ဖြစ်နေမှာပါ။ ထိုပွဲ၌ ခရစ်တော် (ဘုရား) ရှိနေပါတယ်။ ထိုကြောင့် သုခအချိန်မှာ ရှိ၍ သီချင်းများဆို ညည်းနိုင် ပါလိမ့်မည်။ သို့သော်လည်း ဒုက္ခက ပူးတွဲလျက် အထူး ဧည့်သည်တော်ကြီးများ ရောက်ချိန်မှ ၀ိုင်စပျစ်ရည် ကုန်သွားလေသည်။ ထိုအချိန်မှာလည်း ခရစ်တော် ရှိနေပါသေးသည်။ သို့ဖြစ်၍ ဒုက္ခတွေ့ချိန် သူ့ထံ အားကိုး လာကြစေရန် အသင့်ရှိနေပါသည်။ အသင့်ရှိနေသည့် အတိုင်း သူ၏ အချိန်မတန်သေးသော်လည်း အမှန်တကယ် လိုအပ်နေသည် ဖြစ်၍သော်လည်ကောင်း၊ မိခင်မယ်တော်၏ ကြားဝင်တောင်းခံခြင်းကြောင့် လည်ကောင်း မငြင်းရက်နိုင်တော့ပါ။ ကျွန်တော်တို့ အတွက် အားရစရာ အလွန်ကောင်းသည့် သတင်းကောင်းပင် ဖြစ်ပါသည်။ သုခရှိချိန် သူ့ကို တမ်းတဖို့ မေ့နေသော်လည်း ဒုက္ခရောက်ချိန် သူ့ကို တမ်းတသော အခါ မငြင်းပယ်ပါဘူး။ သို့သော်လည်း ကျွန်ုပ်တို့ဘက်မှ လိုအပ်အချက် တချို့ ဖြည့်စွက်ရန် ရှိနေပါသည်။ “သူပြောဆိုသည့် အတိုင်းလုပ်ကြပါ” . . မယ်တော် သခင်မရဲ့ တိုက်တွန်း စကားပါ။ ကျွန်ုပ်တို့ ယုံကြည်ခြင်းကို တောင်းခံလိုက်သည့် အချက်ပါပဲ။ ထိုကြောင့် သုခတွေ့ချိန်မှာလည်း ဘုရားအား ချီးမွမ်းတေးဆိုနိုင်အောင် ကြိုးစားပါ။ ဒုက္ခတွေ့ချိန်မှာလည်း ကိုးစား ချည်းကပ်ပါ။ ယုံကြည်ခြင်းအပြည့်နဲ့ ချည်းကပ်. . .အရင်ထက်ကောင်းတဲ့ ၀ိုင်စပျစ်ရည်လို ပိုပြီး တန်ဖိုးရှိတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ပါ လိမ့်မည်။ ညီအစ်ကိုမောင်နှမ အပေါင်း ထိုဘ၀မျိုးကို ပိုင်ဆိုင်ဖို့ ထောက်ရှု့ စဉ်းစားနိုင်ပါစေ။



  http://www.facebook.com/pages/Myanmar-Dominicans
ကိုရင် (ဒိုမီနီကန်)

Saturday, 19 January 2013

ဒုတိယသာမန်တနင်္ဂနွေနေ့

ကျွန်ုပ်တို့ ကက်သလစ် အသင်းတော်မှာ ကာလ အပိုင်းအခြား ငါးခုနဲ့ ၀တ်ပြု ကိုးကွယ်ခြင်းကို သတ်မှတ် ထားပါတယ်။ အာဒ်ဝင်တူးကာလ၊ ခရစ္စမတ်ကာလ၊၀ါတွင်းကာလ၊ ပါစကားကာလနဲ့ သာမန်ကာလ ဆိုပြီး သတ်မှတ် ထားပါတယ်။ ကာလအပိုင်း အခြားတိုင်းမှာ ပြည့်ဝတဲ့ အဓိပ္ပါယ်တွေ ရှိနေပါတယ်။ သာမန်ကာလ  ယျေဘုယအားဖြင့် ရဟန်းသည် အစိမ်းရောင် သင်္ကန်းကို ၀တ်ဆင်ပါတယ်။ ထို့ အစိမ်းရောင် ၀တ်ဆင်ခြင်း အားဖြင့် အစိမ်းသည် အမြဲ ရှင်သန်နေသည့် သဘောကိုဆောင်ပါတယ်။ သစ်စေ့ တစ်စေ့ဟာ မြေကြီးမှာ ကြဲချခံရတဲ့ အချိန်မှာ အ၀ါရောင် ဒါမှမဟုတ် အမဲရောင်ဖြစ်ကောင်းဖြစ်နေ ပါလိမ့်မယ်။ ဒါပေမယ့် သူဟာ ဆက်လက် ရှင်သန်နေပါတယ် ရက်အတန်ကြာမှာ အညှောင့် ထွက်လာပြီး နောက်ထပ် ရက်အနည်းငယ် ကြာလာတဲ့ အခါမှာတော့ စိမ်းလန်းတဲ့ အရွက်အခက်တွေနဲ့ အပင်ကြီးအဖြစ် ဆက်လက် ရှင်သန်နေမှာဖြစ်ပါတယ်။ သာမန်ကာလမှာ ကျွန်ုပ်တို့ရဲ့ ၀ိညာဉ်ရေးဘ၀ အသက်တာများကို ရပ်တန့်နေဖို့ မဟုတ်ပဲ ဆက်လက် ရှင်သန်နေဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ယနေ့ ဒုတိယ သာမန် တနင်္ဂနွေနေ့မှာ အသင်းတော်မှ ထောက်ရှု့ရန် ကျမ်းချက်ကို ပေးထားတာက ရှင်ယောဟန် ဧ၀ံဂေလိ ကျမ်းစာတော်မှ ကာနန်မြို့ လက်ထပ်ပွဲ၌ ခရစ်တော်ဟာ ရေကနေ စပျစ်ရည်ကို ပြောင်းလဲတဲ့ အကြောင်းကို ဖတ်ရှု့ရမှာဖြစ်ပါတယ်။ အမိမယ်တော်ရဲ့ ကြားဝင်တောင်းခံပေးမှု့ ကိုလဲ ကျွန်ုပ်တို့ တွေ့ရမှာဖြစ်ပါတယ်။ လက်ထပ်ပွဲမှာ ခရစ်တော်ဟာ ယခုလို အံ့ဖွယ်ရာ ကိုပြုလုပ်ခဲ့ခြင်း အားဖြင့် ရှေးဦး ပထမ ဘုရားအဖြစ်တော်၏ သဘော သဘာဝကို ဖေါ်ပြခဲ့ခြင်း ပဲဖြစ်ပါတယ်။ ဒီလိုမျိုး ကျွန်ုပ်တို့ရဲ့ ဘ၀မှာ အခက်အခဲတွေကြုံတွေ့နေတဲ့ အချိန်မှာ ဘုရားသခင် တတ်နိုင်တာကိုမေ့လျော့နေကြပြီး စိုးရိမ် ပူပန်နေမှုတွေ သာလျှင် ပြည့်နေ တတ်ပါတယ်။ ၀ိညာဉ်ရေးရင့် ကျက်တဲ့ သူတွေဟာ အခက်အခဲများ ကြုံတွေ့ လာသောအခါ ရှေးဦးစွာ ဘုရားရှင်ကို အားကိုး တတ်ပါတယ်။ မယ်တော်ဟာ ၀ိညာဉ်ရေး ရင့်ကျက်တဲ့သူဖြစ်တဲ့ အတွက် ကြောင့် ခရစ်တော်ကို အားကိုး တကြီးနဲ့ အခက်အခဲကို ပြောပြပါတယ်။ 

ခရစ်တော်၌် ချစ်ခင်ရပါသော ညီအစ်ကိုမောင်နှမ အပေါင်းတို့ ကျွန်ုပ်တို့ရဲ့ ဘ၀မှာ အခက်အခဲတွေ ကြုံလာပြီ ဆိုလျှင် ဘယ်နေရာကို အရင် သွားကြမလဲ။ ဗေဒင်ဆရာဆီကိုလား၊ အကြားအမြင် ဆီကိုလား၊ နတ်ဆရာတွေဆီကိုလား ဒါမှမဟုတ် ကိုယ်တော်မြတ်ကျောင်းဆောင်လေးဆီ ကိုလား...။ စဉ်းစားကြည့်ပါ။
ကျွန်ုပ်တို့ အမိမယ်တော်ကို အတုယူကြစို့။ ဘာတွေဖြစ်နေဖြစ်နေ၊ ဘယ်လောက်ခက်ခဲနေပါစေ အဖြေရှာမရနိုင်ဘဲဖြစ်နေပါစေ ကိုယ်တော် တတ်နိုင်တယ်ဆိုတဲ့ (ထက်သန်တဲ့ယုံကြည်ခြင်း) နဲ့ ကိုယ်တော်ထံ ချဉ်းကပ်ကြစို့။ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းတွေကို ဆန်းစစ်ဖို့ အကောင်းဆုံးဖြစ်တဲ့ ဒီအချိန်မှာ သေချာစွာ ဆန်းစစ်ကြည့်ကြစို့။ ယုံကြည်ခြင်းဆိုတာ ဘုရားရှင်အပေါ်မှာ ရိုးရှင်းစွာ၊စိတ်ချစွာနဲ့
အားကိုးမိနေခြင်းကို ယုံကြည်ခြင်းလို့ ခေါ်ပါတယ်။ အမိမယ်တော်ရဲ့ ယုံကြည်ခြင်းကို အတုယူလျက် ကျွန်ုပ်တို့ရဲ့ ၀ိညာဉ်ရေးအသက်တာကို ဆက်လက်ပြီး ရှင်သန်ကြပါစို့။ အာမင်။
Br.Jean-Freddie (ofs)


Friday, 18 January 2013

"ယုံကြည်ခြင်းအချုပ်" အပေါ် စဉ်းစား ထောက်ရှု့ရာ (၁)

ပထမဗာတီကန်အစည်းဝေးပွဲကြီး၏ “ကက်သလစ်ယုံကြည်ခြင်းကို ၀န်ခံခြင်း” အပေါ် စဉ်းစားထောက်ရှု့ရာ (၁)
ယုံကြည်ခြင်းကို ၀န်ခံခြင်း(ယုံကြည်ခြင်းအချုပ်)သည် အခြေခံကျသည့် ကက်သလစ် ယုံကြည်ခြင်း၏ အမှန်တရားများအား ကျွန်ုပ်တို့ ကက်သလစ် ဘာသာဝင်များ၏ မြဲမြံ ခိုင်မာသည့် ၀န်ခံချက်ပင် ဖြစ်ပြီး ထို့အပြင် တလောကလုံး၏ အမှန်တရား အပေါ် ပြန်လည် စဉ်းစား ထောက်ရှု့ခြင်းလည်း ဖြစ်ပါသည်။ ထို ယုံကြည်ရာအချုပ်နှင့် ပတ်သက်၍ ဆွေးနွေးတော့မည် ဆိုလျှင် ပထမဦးဆုံး အနေဖြင့် အသင်းတော်၏ သွန်သင်ချက် (CCC #26) အတိုင်း မိမိတို့ အနေဖြင့် မိမိတို့ ဘာကို ယုံကြည်ကြသလဲ ဆို ကိုယ့်ကိုယ်ကို ပြန်မေးဖို့ လိုလိမ့်မည်။ ယုံကြည်ခြင်း ဆိုသည်မှာ ကျွန်ုပ်တို့၏ ဘ၀ အဓိပာယ်ရှာရာ၌ ကျွန်ုပ်တို၏ နောက်ဆုံး ပန်းတိုင်ဖြစ်သည့် ဘုရားသခင်အား ပြန်လည် တုန့်ပြန်ခြင်း တစ်ခု ဖြစ်သည်။ အသင်းတော်၏ သွန်သင်ချက် (CCC#27)အရ ၎င်းသည် ကျွန်ုပ်တို့၏ ဘ၀ အစနှင့် အဆုံးဖြစ်သည့် ဘုရားသခင်အား ဆာလောင်သည့် စိတ်ဆန္ဒကြောင့် ဖြစ်ပြီး ကျွန်ုပ်တို့၏ ဘုရား၊ ချစ်ခြင်းမေတ္တာကို ဆာလောင်သည့် ဆန္ဒကြောင့် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သောကြောင့်တည်း (ယောဟန် ၁း၁)။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအချုပ်အား ဆက်လက် ထောက်ရှု့ကြည့်ကြပါစို့။ 

ကျွန်ုပ်သည် အန္တ တန်ခိုးတော်ရှင် ဘုရားသခင်၊ ကောင်းကင်နှင့် မြေကြီး၊ မြင်နိုင်ရာ မမြင်နိုင်ရာ အားလုံးကို ဖန်ဆင်းတော်မူသော ခမည်းတော် ဘုရားကို ယုံကြည်ပါ၏။
ပထမ ဗာတီကန် အခန်း (၁)တွင် ဘုရားသခင်သည် စစ်မှန်ပြီး တစ်ဆူတည်း ရှိ၍ ကောင်းကင်နှင့် မြေကြီးအား ဖန်ရှင်းသည့် သခင်၊ ဆန္ဒ၊ နားလည်ခြင်းနှင့် အားလုံးသော ပြည့်စုံခြင်းတွင် အဆုံးမရှိကြောင်းကို အသင်းတော်မှ ကြေငြာပြီး ဖြေရှင်း ပြလေသည်။ ဘုရားသခင်သည် တစ်ဆူတည်း ဖြစ်သည့် အလျောက် လုံးဝ ရှင်းလင်းပြီး ပြောင်းလဲခြင်း မရှိ။ ၀ိညာဉ်တော်ဖြစ်သည့် ဒြပ် ဖြစ်သည်။ အမှန်တရားနှင့် ပဓာနတွင် သူသည် လောကမှ သီးသန့်ခြားနားသည်။ မိမိကိုယ်ကို၌ ပျော်ရွှင်ခြင်း ပြည့်စုံ၏။ သူသည် အမည်နာမ အားလုံးအထက်၊ အရာအားလုံး အထက်၊ ဖန်ဆင်းခံ အသိာဏ် အားလုံး အထက်တွင် ရှိသည်။ သူ၏ ပျော်ရွှင်ခြင်း တိုးပွားဖို့ သို့မဟုတ် ရရှိဖို့ သူ့၌ လိုအပ်ခြင်း မရှိ။ သို့သော်လည်း သူ၏ ကောင်းမြတ်ခြင်းနှင့် အနန္တ အစွမ်းဖြင့် ကမ္ဘာဦးအစကတည်းပင် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းလေ၏ (ကမ္ဘာဦးကျမ်း ၁း၁)။ သူ၏ ပုံသာန်နှင့် အညီ လူသားကို ဖန်ဆင်း၏ (ကမ္ဘာဦးကျမ်း ၁း၂၇)။ ထို့အပြင် မြင်နိုင်ရာ မမြင်နိုင်ရာ အားလုံးကို ဗလာနတ္တိမှ ဖန်ဆင်းလေ၏။ ထိုဖန်ဆင်းခြင်း အားလုံးသည် သူ၏ ပြည့်စုံခြင်းအား ဖော်ကျူးရန်သာ ဖြစ်ပေသည်။ ဘုရားသခင်အား ယုံကြည်ခြင်းသည် မျက်ကန်း တစ္ဆေ မဟုတ်ပါ။ အမှန်ဆိုရလျှင် ၎င်းသည် ကျွန်ုပ်တို့ လူသားများ၏ အသိာဏ်နှင့် ဆန္ဒအတွက် ချင့်ချိန်နိုင်သော အကြောင်းဖြစ်ပါသည်။ ကျွန်ုပ်တို့အစနှင့် အဆုံးအဖြစ် ပါဝင်နေသော အဆုံးစ မရှိသော ဘုရားခင်အား ဖော်ပြရန် အဆုံးစရှိသည့် ကျွန်ုပ်တို့အတွက် အကန့်သတ် ရှိပါသည်။ သို့သော်လည်း ဘုရားသခင်၏ တည်ရှိခြင်းအား ကျွန်ုပ်တို့သိရှိသည့် အရာများနှင့် သက်သေပြနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့သည် ဘုရားသခင်အား သိနိုင်ရန် မြင်နိုင်သည့် အမှတ်လက္ခဏာများ ဖြစ်သောကြောင့်ပါ။ သံပေါလူး မိန့်ဆိုသည့် အတိုင်း “အကြောင်းမူကား ဘုရားသခင် အကြောင်းကို သိနိုင်သောအရာမှာ သူတို့အတွက် ပေါ်လွင် ထင်ရှားလျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုအရာကို သူတို့အားဖော်ပြတော်မူသောကြောင့်ဖြစ်၏။ (ရောမ ၁း ၁၉-၂၀)”။ ပထမ ဗာတီကန် အခန်း(၂)တွင် ဆိုသည့်အတိုင်း ကျွန်ုပ်တို့၏ အစအရင်းမြစ်နှင့် အဆုံးဖြစ်သည့် ကျွန်ုပ်တို့ ယုံကြည်သော ဘုရားသခင်သည် သဘာဝအကြောင်း တရားများဖြင့် သိနိုင်ပါသည်။

သို့သော်လည်း ကျမ်းစာတော်မြတ်နှင့် ဓလေ့ထုံးတမ်း အရ ဘုရားသခင်သည့် ကိုယ်သူ ဖော်ပြသည်ခြင်းနှင့် အထူး နည်းလမ်းဖြင့် သူ၏ ဆန္ဒအား ဖော်ပြခြင်းမှာ အထင်အရှားပင် ဖြစ်ပါသည်။ထိုကြောင့် တမန်တော်ကြီးများက ဤသို့ မိန့်ဆိုကြသည်- “လွန်လေပြီးသော ကာလ၌ ဘုရားသခင်သည် ငါတို့၏ ဘိုးဘေးတို့အား ပရောဖက်များမှ တဆင့် နည်းအမျိုးမျိုးဖြင့် ကြိမ်ဖန်များစွာ ဗျာဒိတ် ပေးတော်မူခဲ့၏။ သို့ရာတွင် ဤနောက်ဆုံးသော ခေတ်ကာလ၌ ဘုရားသခင်သည် ငါတိုကို သားတော်အားဖြင့် ဗျာဒိတ် ပေးတော်မူ၏ (ဟေဗြေဦး ၁း၁-၂)”။ အမှန်ဆိုရသော် ဤ ဗျာဒိတ်တော်သည် ကျွန်ုပ်တို့ လူသားများ၏ စဉ်းစာားဏ်နှင့် ဟိုး အဝေးမှာ ရှိနေခြင်း မဟုတ်ပါ။ ထိုကြောင့် လူတိုင်းလူတိုင်း အခက်ခဲမရှိ သိရှိနိုင်ပါသည်။
ပထမ ဗာတီကန် အခန်း(၃)တွင် ကျွန်ုပ်တို့၏ သဘော သဘာဝအား ဖန်ဆင်းခံ မဟုတ်သည့် အမှန်တရား၌ လုံးဝ ရှေ့ရှုးပြုသည့် သတ္တ၀ါအဖြစ် ရှင်းပြထားပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ အားလုံးသည် ကယ်တင်ခြင်း သမိုင်းအား ယုံကြည်၍ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင် ဘုရားသခင်အား သိာဏ်နှင့် ဆန္ဒ လုံးဝဥဿုံ ချည်းကပ်ဖို့လိုပါသည်။ ဤ ယုံကြည်ခြင်းသည်လည်း အလွန် ထူးခြား နက်နဲသည့် ပါရမီတစ်ခုဖြစ်ပြီး ဘုရားသခင်၏ ကျေးဇူးတော် ခွန်အားလည်း ပေါင်းစပ်၍ ကျွန်ုပ်တို့အား အကူအညီ ဖြစ်စေသည်။ ၎င်းအား သာမာန် သဘာဝနည်းဖြင့် ကျွန်ုပ်တို့ စဉ်းစား၍ ရနိုင်မည် မဟုတ်ပါ။ လှည့်ဖြားခြင်း မရှိ၊ လှည့်ဖြား နိုင်စွမ်းမရှိသည့် ဘုရားသခင်သည် သာလျှင် သူ့ကိုယ်သူ ဖော်ပြ နိုင်ပါလိမ့်မည်။ သို့ပင်သော်လည်း ဘုရားသခင်သည် သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား၏ အကူအညီဖြင့် ကျွန်ုပ်တို့၏ အသိာဏ်အားဖြင့် သူ့အား သိနိုင်ရန် အတွင်းပိုင်း ဆက်စပ်ထားလေသည်။ တန်ခိုး လက္ခဏာ ဖြစ်ပေါ်ခြင်း၊ပရောဖက် ဟောကြားချက်များ စသည့် အံ့ဖွယ်ရာများက ဘုရားသခင်၏ အနန္တတန်ခိုးနှင့် အတိုင်းဆ မရှိသောာဏ်ပညာတော်အား မီးမောင်း ထိုးပြနေလေသည်။
ပထမ ဗာတီကန် အခန်း(၄)တွင် ကျွန်ုပ်တို့၏ သဘာဝ စဉ်းစာားဏ်ဖြင့် သိနိုင်သည့် အရာများ ရှိသကဲ့သို့ ဘုရားသခင်၌ ကိန်းအောင်းနေသော အရာများလည်း ရှိကြောင်း ကြွေးကြော် ခဲ့လေသည်။ ဘုရားသခင်၌ ကိန်းအောင်းနေသော အရာများမှာ ဘုရားသခင်မှ ထုတ်ဖော် ပြသခြင်း မရှိလျှင် ကျွန်ုပ်တို့ တတွေအနေဖြင့် သိနိုင်စွမ်း မရှိပေ။
ကိုးကားချက်။   ။Pope Paul VI, the Credo of the People of God 
                   ။ Catechism of the Catholic Church #34
(ကျန်သည့် ယုံကြည်ခြင်း အချုပ်များကိုလည်း ထောက်ရှု့ သုံးသပ်ပါဦးမည်)
မနောအောင်

ဖရန်စ္စကန်ရသေ့၏ ရက်သတ္တပတ်ခရီးစဉ်

ချောင်းရိုးရွာသို့ ရက်သတ္တပတ်. . .
 
ဖရစ္စကန် တတိယဂိုဏ်းဝင် ဒဏ်ဆပ်ဖြေခြင်း ရသေ့များ အသင်းဂိုဏ်းမှ Br.Jean-Freddie (OFS) သည် ဇန်န၀ါရီလ ၉ ရက်နေ့ ၂၀၁၃ ခုနှစ် သောကြာနေ့မှစ၍ ရက်သတ္တတစ်ပတ် တိုင်အောင် မန္တလေး ဂိုဏ်းချုပ်သာသနာပိုင် ၊ ခရစ္စယာန်တို့အား မှိုင်းမတော်မူသော သခင်မ သာသနာအုပ်စု၊ ချောင်းရိုးကျေးရွာ သို့ အလည်အပတ်သွားရောက်ခဲ့ပါသည်။ 

၎င်း ခရီးစဉ်တွင် ရွာတွင်းရှိ ဘာသာတူများအိမ်သို့အလည်အပတ် သွားရောက်ကာ အားပေး စကားများ ပြောခြင်း၊ ကလေးငယ်များအား ဘာသာရေး အသိများ၊ပညာရေးကို တန်ဖိုးထားတတ် စေရန်နှင့် လိမ္မာရေးခြား ရှိစေရန် ရင်းနှီးစွာဖြင့် သင်ပြပေးခြင်း၊ ကျောင်းထိုင် ဘုန်းတော်ကြီးနှင့် လည်း ကျေးရွာ တိုးတက်စေရန် တိုင်ပင် ဆွေးနွေး အကြံပေးခြင်း နှင့် ဘာသာရေး၊ ၀ိညာဉ်ရေး တိုးတက်စေရန် စီမံကိန်းများကို ရေးဆွဲခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ၄င်း အပြင် တွဲဖက်ကာ ကံထူးမ ကျေးရွာရှိ ဘာသာတူများ ထံသို့၎င်း၊ ချမ်းသာရွာရှိ ဘာသာတူများထံသို့၎င်း သွားရောက်ကာ အားပေး စကားပြောကြားခြင်းနှင့် အိမ်များသို့ အလည်အပတ်သွားခြင်း၊ ကျေးရွာများ တိုးတက်စေရန် အကြံဥာဏ် ပေးကာ စီမံကိန်းများကို ရေးဆွဲခြင်းများ ပြုလုပ်ခဲ့ပါသည်။ ချောင်းရိုး ကျေးရွာမှ ၁၇.၁.၂၀၁၃ နေ့တွင် ပြန်လည် ထွက်ခွာလာခဲ့ပါသည်။ ဖရစ္စကန် တတိယဂိုဏ်းဝင် ဒဏ်ဆပ်ဖြေခြင်း ရသေ့များ အသင်းဂိုဏ်းအား ရန်ကုန်မြို့ အရှေ့ဒဂုံတွင် အမိကျောင်းဆောင်အဖြစ် သတ်မှတ်ပြီး ၂၀၁၂ခုနှစ် မှ စ၍ အသင်းဂိုဏ်းအား မြန်မာပြည်တွင် ဒုတိယအကြိမ်မြောက် စတင်ခြင်း ဖြစ်ပါသည်။ OFM ဘုန်းတော်ကြီးများ၏ လမ်းညွှန်မှု့ အောက်တွင် ရှိပါသည်။
 

Br.Jean-Freddie (ofs)

Thursday, 17 January 2013

ဘုရား၏ရွှေမျက်နှာကိုတွေ့လိုသောဆန္ဒသည် ခရစ်တော်၌ပြည့်စုံ

ပုပ်ရဟန်းမင်းကြီးဘက်နက်ဒစ်သည် ကယ်တင်ခြင်းသမိုင်းအား လူသားနှင့်ဘုရားဆက်နွယ်မှု့၊ လူသား၏ဘုရားသခင်အားဆာလောင်မှု့အဖြစ် ဗာတီကန်ရှိတရားနာပရိသပ်ကြီးအား ယခုအပတ်တွင် ကမ္မဋ္ဌာန်းထောက်ရှု့စီစစ်ပြခဲ့လေသည်။ (၁၆.၁.၂၀၁၃)
ပုပ်ရဟန်းမင်းကြီးပေါလ်(၆) ခန်းမတွင် “ဘုရားသခင်အား အမှန်တကယ် သိလိုသော စိတ်ဆန္ဒမှာ ဘုရားသခင်၏ မျက်နှာတော်ကို တွေ့မြင်လိုခြင်းပင်ဖြစ်ပြီး ထိုမျက်နှာတော်မှာလည်း ကျွန်ုပ်တို့ လူသား တစ်ဦးစီတိုင်းတွင် မွေးရာပါ ရှိရင်းစွဲသာ ဖြစ်ပါသည်” ဟုမိန့်ဆိုလေသည်။
“ဆိုကြပါစို့၊ ကျွန်ုပ်တို့မှာလည်း မသိစိတ် အားဖြင့် ထိုသူသည် အဘယ်သူနည်း။ ထိုသူသည် ဘာလဲ။ ထိုသူသည် ကျွန်ုပ်တို့အတွက် အဘယ်သူနည်း ဆိုပြီး ရိုးရိုးလေး တွေ့မြင်ချင်ရုံ စိတ်ဆန္ဒ ရှိနေမှာပါ။ သို့သော်လည်း ဤဆန္ဒသည် ခရစ်တော် နောက်လိုက်ခြင်းအားဖြင့် ပြည့်စုံပါသည်။ ထိုကြောင့် နောက်ဆုံးတော့ ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်အား သူငယ်ချင်းတစ်ဦးကဲ့သို့၊ သူ၏ မျက်နှာတော်အား ခရစ်တော်၏ မျက်နှာတော်၌ တွေ့မြင်ခွင့်ရလေသည်။”

တရားနာ ပရိတ်သပ်ကြီးသို့ ဦးတည်ကာ ပုပ်ဘက်နက်ဒစ်က ခရစ်တော်သည် ကြားဝင် စေ့စပ်ပေးသူဖြစ်ပြီး ဗျာဒိတ်တော် အားလုံး၏ ပြည့်စုံရာလည်း ဖြစ်ကြောင်း၊ ထိုနောက် ကယ်တင်ခြင်း သမိုင်းသည် အာဒံ၏ ကျရှုံးမှု့မှ စတင်ခဲ့ရာမှ ဘုရားသခင်သည် ဖြစ်နိုင်ချေရှိသည့် သူ၏ မိတ်သဟာရဖွဲ့ခြင်းကို ကမ်းလှမ်းခဲ့ရာမှ စတင်ခဲ့ကြောင်း ပြောဆို ခဲ့လေသည်။ ဤ မိတ်သဟာရ ဖွဲ့ခြင်းအား အာဗြရာဟံနှင့် အီစ္စရေးလူမျိုးတို့မှ တဆင့် ကမ်းလှမ်း ခဲ့လေသည်။ ထိုလူမျိုးများသည် လောက အာဏာစံနှုန်းဖြင့် ရွေးချယ်ခံရခြင်း မဟုတ်ဘဲ ချစ်ခြင်း မေတ္တာတရားအတွက်သာ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါသည်။ အီစ္စရေး လူမျိုးများအား ဘုရားသခင် ရွေးချယ်ခဲ့သည်မှာ ယနေ့အချိန် နက်နဲဖွယ်ရာ ဖြစ်သော်လည်း ထိုရွေးချယ်ခြင်းမှာ အခြားသူများ အတွက်ဖြစ်လေသည်။
ဘုရားသခင်သည် သူ့ကိုယ်သူ ဖော်ထုတ်ပြသရာတွင် တဖြည်းဖြည်းနဲ့သာ ဖြစ်ပြီး ကြားဝင် စေ့စပ်သူ များစွာလည်း ပါဝင်နေပြီး မိုးဇယ်နှင့် ပရော်ဖက် များစွာလည်း ထိုကြားဝင် စေ့စပ်သူများ ဖြစ်ကြလေပြီး အနာဂတ် ကာလတွင် ဘုရားသခင်၏ ပြီးပြည့်စုံသော တိကျသော ထုတ်ဖော်ပြသခြင်းကို ကြုံတွေ့ရမည်ဟူသော ကတိထားချက် အတွက် မျှော်လင့်ခြင်းတို့ဖြင့် ပြည့်နေလေသည်။ ဤပြည့်စုံခြင်း ကတိတော်များအား ခရစ္စမတ်ပွဲတော်အား ကမ္မဋ္ဌာန်း ထောက်ရှု့ကြည့်နိုင်ပါသည်။ ခရစ္စမတ်သည် ဘုရားသခင်၏ ထုတ်ဖော်ပြသခြင်း အထွဉ်အထိပ်သို့ ရောက်ရှိပြီး ဘုရားကိုယ်တော်တိုင် လူ့အဖြစ်ကို ယူခဲ့လေခြင်း ဖြစ်ပါသည်။ သံယောဟန် ကျမ်းစာတော်၌ တမန်တော်ဖီလစ်က ခရစ်တော်အား အဖ ခမည်းတော်ကို ပြသရန် မေးမြန်းခဲ့လေသည်။ ခရစ်တော်၏ တုန့်ပြန်မှု့ကား- ငါ့ကို မြင်တွေ့သူတိုင်း ခမည်းတော်ကို မြင်တွေ့လေသည်။

ဤသည်ပင် ခရစ်တော်နှင့် ဆိုင်ရာ ယုံကြည်ခြင်း၏ နှလုံးအိမ်ပင် ဖြစ်လေသည်။ ဓမ္မသစ်ကျမ်း၏ မြင့်မြတ်ခြင်း၊ ဘက်သလင်ဟင်မြို့၏ ဂူလေးထဲတွင် ပေါ်ထွန်းခဲ့သော မြင့်မြတ်သည့် အချင်းရာတို့၌ ဘုရားသခင်သည် တွေ့မြင် နိုင်သည်။ ဘုရားသခင်သည် သူ၏ ရွှေမျက်နှာတော်အား ဖော်ပြခဲ့လေပြီ။ ထိုမျက်နှာတော်သည် မြင်နိုင်စွမ်း ရှိသော ခရစ်တော်ပင် ဖြစ်သည်။
အမှန် စင်စစ်ဆိုရသော် ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေခြင်းမှာ ဓမ္မဟောင်းကျမ်း တစ်ခုလုံး၏ ခေါင်းစီးဖြစ်ပြီး အကြိမ် တစ်ရာထက် မနည်းအောင် ဘုရားသခင်၏ မျက်နှာတော် အကြောင်းကို ပြောထားလေသည်။ ထိုကြောင့် ဓမ္မဟောင်းကျမ်း တစ်ခုလုံး၏ ဘုရားကို ဆာလောင်မှု့အား “သင်” ကဲ့သို့ ဘုရားသခင်၏ မိတ်သဟာတွင် ၀င်ဆံ့နိုင်သော လူပုဂ္ဂိုလ်နှင့် နှိုင်းယှဉ် ရလိမ့်မည်။ ဘုရားသခင်သည် အရာအားလုံး အထက်တွင် အသေအချာ ရှိသော်လည်း ကျွန်ုပ်တို့ ဘက်သို့ လှည့်လေသည်။  ကျွန်ုပ်တို့အသံကို နားညောင်းလေ၏။ ကျွန်ုပ်တို့ကို ကြည့်လေ၏။ ပြောဆိုလေ၏။ ပိညာဉ်များစွာကို တိုးပေးလေ၏။ ချစ်နိုင်စွမ်း ရှိလေ၏။ သို့သော်လည်း ဤ မိတ်သဟာရသည် ဓမ္မဟောင်းကျမ်း၌ မည်သည့်အခါမျှ ပြည့်စုံခြင်း မရှိခဲ့ပေ။ သို့သော်လည်း ဘုရား၏ လူ့အဖြစ်ယူခြင်း၌ လုံးဝအသစ်အဆန်း ဖြစ်ခဲ့လေသည်။  ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေခြင်းသည်လည်း စဉ်းစား၍ မရသည့်တိုင် ပြောင်းလဲသွားခဲ့ပြီး ယခုဆိုလျှင် ထိုမျက်နှာတော်ကို ဖူးတွေ့နိုင်လေပြီ။ ဤသည်ပင် လူ့အဖြစ် ယူခဲ့သော ဘုရား၏ သားတော် ယေဇူးပင် ဖြစ်ပါသည်။ သူသည် ဗျာဒိတ်တော် အားလုံး၏ ပြည့်စုံရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရား၏ သားတော်ဖြစ်ပြီး ဗျာဒိတ်တော်များ ပြည့်စုံစေသော ကြားဝင် စေ့စပ်သူလည်း ဖြစ်လေ၏။ သူသည် လူနှင့် ဘုရားအကြား သာမာန် ကြားဝင် စေ့စပ်ပေးသူ မဟုတ်ဘဲ အသစ်လည်းဖြစ်၊ ထာဝရလည်း တည်သောပိညာဉ်၏ ကြားဝင် စေ့စပ်သူ ဖြစ်လေသည်။
ခရစ်တော်၏ လူ့အဖြစ်သည် ကျွန်ုပ်တို့အတွက် ဘုရားသခင်နှင့် မိတ်သဟာဖွဲ့ရာတွင် မရှိမဖြစ် လိုအပ်သည်။ သူ့၌ အဖ ခမည်းတော်ဘုရားအား မြင်တွေ့ရပြီး ကယ်တင်ခြင်းသည်လည်း သူ့အားဖြင့် ပေးသနား ခံရလေသည်။ ကျွန်ုပ်တို့၏ တည်ရှိနေခြင်းသည် ယေဇူး ခရစ်တော်အား တွေ့မြင်ရန် လမ်းညွှန်ပြ နေရလိမ့်မည်။ သူ့အား ချစ်နိုင်ရန် လမ်းညွှန်ပြ နေရလိမ့်မည်။ ထိုကဲ့သိုသော တည်ရှိခြင်းသည် မိမိနှင့် နီးစပ်သူအား ချစ်ခြင်းဖြင့် ဗဟို ပြုရလိမ့်မည်။ ကားတိုင်တော်၏ အလင်း ကျေးဇူးတော်အားဖြင့် ခရစ်တော်၏ မျက်နှာတော်အား ဆင်းရဲသားများ၊ အားနည်း အားငယ်သူများနှင့် ဒုက္ခ ဝေဒနာ ခံစားနေရသူများတွင် မြင်တွေ့ စေနိုင်လိမ့်မည်။

၎င်းအား ကိုယ်တော်မြတ် စက္ကရမင်တူးဖြင့် ကျွန်ုပ်တို့ လုပ်နိုင်ပါလိမ့်မည်ဟု ဆိုကာ နိဂုံးချုပ် ခဲ့လေသည်။

ကိုယ်တော်မြတ် စက္ကရမင်တူးသည် ဘုရားသခင်၏ ရွှေမျက်နှာတော်ကို ဖူးတွေ့ မြင်နိုင်ရန် လေ့လာနိုင်သော အကောင်းဆုံးကျောင်းဖြစ်ပြီး ဘုရားသခင်နှင့် ကျွန်ုပ်တို့တတွေဟာ လုံးဝဥဿုံမိတ်သဟာရဖွဲ့ နိုင်ပါလိမ့်မည်။

http://www.ewtnnews.co.uk/catholic-news/Vatican.php?id=6853 မှ ဘာသာပြန်သည်။
မနောအောင်

Wednesday, 16 January 2013

ရှစ်ရက် မင်္ဂလာခရစ္စမတ်နေ့များ

ခရစ္စမတ်အောက်တေ့ဗ် (ရှစ်ရက် မင်္ဂလာခရစ္စမတ်)
 
အောက်တေ့ဗ် (Octave) ဆိုသည့် စကားလုံးမှာ လာတင်းစကားလုံး (Octava)မှ ဆင်းသက်လာပြီး အဓိပာယ်က ရှစ်ဟု အမည်ရပါသည်။ ထိုကြောင့် ခရစ္စမတ်ရက်ကို ထူးထူးခြားခြား ရှစ်ရက် ကျင်းပသည်ဟုလည်း အဓိပာယ် သက်ရောက်သည်။ ခရစ္စမတ်ပွဲသည် ဘုရားသခင်၏ လူ့အဖြစ်ယူခြင်းကို အမှတ်ရ၍ ကျွန်တော်တို့ ခရစ်ယာန်များ အားလုံးက ကျင်းပနေကြခြင်းဖြစ်သည်။ ထိုသို့ကျင်းပရာတွင် ကယ်ရယ် သီချင်းလေးများဆိုခြင်း၊ မိသားစုဆုံစည်းခြင်း၊ လက်ဆောင်များပေးခြင်း၊ နှုတ်ဆက်ကဒ်များ ပိုသခြင်း စသည့် လူမှု့ရေးများ ပြုလုပ်ကျင်းပခြင်းထက် ၀ိညာဉ်ရေးရာက အဓိကဖြစ်ကြောင်းကိုလည်း မမေ့သင့်ပါ။ ထိုကြောင့် ဤခရစ္စမတ် ရှစ်ရက် မင်္ဂလာအားဖြင့် ကျွန်တော်တို့ ၀ိညာဉ်ရေးကို ပြန်လည် ပြင်ဆင်နိုင်မှာ ဖြစ်ပါသည်။
 
ဤရှစ်ရက် မင်္ဂလာခရစ္စမတ်ပွဲသည် ရှေးအစဉ်လာကတည်းက ကျင်းပ လာခဲ့ပေသည်။ ဘယ်လောက်ထိ ရှေးကြသလဲ ဆိုရင်ဖြင့် ဟိုး ဓမ္မဟောင်းကျမ်းမှ ဟေဗြဲလူမျိုးများ ထိတိုင် ရှေးကျလွန်းသည်။ ရှေးဟေဗြဲ လူမျိုးများသည် “ဘုရားသခင် ဌာပနာများပွဲ”နှင့် “ဘုရားဗိမ္မာန်တော် အပ်နှံပွဲ” တို့တွင် ထိုသို့ရှစ်ရက်တိတိ ကျင်းပ လေ့ရှိသည်။ ကက်သလစ် ဓလေ့ထုံးတမ်းတွင်မူ အင်ပါယာ ကွန်စတန်တီနိုမှ ထိုဟေဗြဲဓလေ့ကို အခြေခံ၍ ကက်သလစ် ဘာစီလီကာ ကျောင်းဆောင်ကြီးများ အပ်နှံပွဲကို ထိုသို့ရှစ်ရက်တိတိ ကျင်းပ လေ့ရှိသည်။ ထိုမှ ၁၉၆၅ခုနှစ်တွင် ပြီးစီးသွားသော ဒုတိယအကြိမ်မြောက် ဗာတီကန် အစည်းဝေးကြီးတွင် အသင်းတော်မှ ထိုရှစ်ရက် မင်္ဂလာပွဲကို အောက်တေ့ဗ်ဟု သတ်မှတ် ပေးခဲ့သည်။ ခရစ္စမတ်ပွဲတွင် သာမကဘဲ ၀ါကျွတ် ပွဲတော်ကြီး၊ ၀ိညာဉ်တော်ဘုရား ဆင်းသက် ကြွရောက်ခြင်းပွဲ (ပမ်တီးကော့စ်)၊ မင်းသုံးပါးပွဲ၊ စိန်ပီတာနှင့် စိန်ပေါလူးပွဲနေ့၊ စိန်လော်ရန့်စ်ပွဲနေ့နှင့် စိန်အားဂညှက်ပွဲနေတို့သည်လည်း အထူး မှတ်သားရမည့် ပွဲများအဖြစ် မှတ်သားစေသည်။ ယနေ့ခေတ်တွင် အသင်းတော်၌ ရှစ်ရက် မင်္ဂလာအဖြစ် ကျင်းပသည့် ပွဲတော်နှစ်ခုရှိပြီး ၎င်းတို့မှာ ၀ါကျွတ် ပွဲတော်ကြီးနှင့် ခရစ္စမတ်ပွဲတော်ပင် ဖြစ်ပါသည်။
 
ပထမနေ့ (ဒီဇင်ဘာ ၂၅ရက်နေ့)။                   ။ခရစ်တော်၏ မွေးဖွားခြင်းကို ကျင်းပသည်။ ထိုနေ့တွင် ကျမ်းစာတော်မြတ်၌ ခရစ်တော်၏ မွေးဖွားခြင်းအကြောင်းကို ကြားနား ရပါလိမ့်မည်။ ထိုနေ့တွင် ဘုရားသခင်၏ လူ့အဖြစ် ယူခြင်း အပေါ် အာရုံစူးစိုက်ကာ ကမ္မဋ္ဌာန်း ထောက်ရှု့ဖို့ လိုအပ်ပါသည်။ ယနေ့ခေတ်ကာလတွင် ကုန်ပစ္စည်း အရောင်းအ၀ယ် ကြော်ငြာတွေက ကျွန်တော်တို့ ခရစ္စမတ်ကို အဓိပာယ် ကောက်လွဲစေသည်။ သို့ဖြစ်၍ ကျွန်တော်တို့ဟာ ခရစ္စမတ်၏ စစ်မှန်တဲ့ အဓိပာယ်ကို ပြန်လည် ရှာဖွေဖို့လိုအပ်လာပါသည်။ ထိုကြောင့် ဤပထမနေ့သည် ခရစ္စမတ်၏ စစ်မှန်သည့် အဓိပာယ်ကို ရှာဖွေရန်နေ့ဖြစ်ပေသည်။ ပုပ်ရဟန်းမင်းကြီး ၁၆ကြိမ်မြောက် ဘက်နက်ဒစ်မှလည်း ထိုနေ့တွင် ရှေးခရစ်ယာန်တို၏ အလေ့အထများကို ပြန်လည် ဖော်ဆောင်ကာ ခရစ္စမတ်၏ စစ်မှန်သည့် အဓိပာယ်ကို ရှာဖွေကြဖို့တိုက်တွန်း ထားလေသည်။ သူငယ်တော်အိမ်ကို ကျွန်တော်တို့ အိမ်တွေမှာလည်း ဆောက်လုပ်ကာ ထိုသူငယ်တော်အိမ်အားဖြင့် ခရစ္စမတ်အကြောင်း ကမ္မဋ္ဌာန်း ထောက်ရှု့နိုင်ပါလိမ့်မည်။
 
 
 
ဒုတိယနေ့ (ဒီဇင်ဘာ ၂၆ရက်နေ့)။       ။အသင်းတော်၏ ပထမဆုံး ဓမ္မအာဇာနည် စိန်စတီးဗင်း အကြောင်းကို ကမ္မဋ္ဌာန်း ထောက်ရှု့ရလိမ့်မည်။ ထိုနေ့ ကျမ်းစာတော်မြတ်သည်လည်း တမန်တော်ဝတ္ထုမှ စိန်စတီးဗင်း၏ အကြောင်းကို ကြားနာရပါလိမ့်မည်။ ဤနေ့တွင် ဥစ္စာ ဓန ကြွယ်ဝသူများမှ ဆင်းရဲသူများကို ဝေမျှစွန့်ကြဲခြင်း ပြုလုပ်ရန် တနည်းအားဖြင့် လိုအပ်နေသူများကို မျှဝေတတ်ရန် ဤနေတွင် စဉ်းစား ထောက်ရှု့ရမှာ ဖြစ်သလို ကျင့်ကြံရမည် ဖြစ်ပါသည်။ ဒုတိယမြောက် ဗာတီကန် အစည်းဝေးမှ အသင်းတော် ဖခင်ကြီးများက ဆင်းရဲသားဟူသော အဓိပာယ်မှာ မည်သူမဆို လိုအပ်ချက် ရှိနေသူများ၊ လိုအပ်နေသူ ဟူသမျှအား ဆင်းရဲသားဟု ဆိုလိုပါသည်။ ထိုကြောင့် ကျွန်တော်တို့ ဝေမျှစွန့်ကြဲရမည်မှာ ဥစ္စာ ပစ္စည်းသာမဟုတ်ဘဲ အထီးကျန်နေသူများအား အဖော်ပြုခြင်း၊ မေ့လျော်ခံရသူများအား သတိတရထားခြင်း၊ လှောင်ပိတ် ခံနေရသူများအား ကူညီ ရိုင်းပင်းခြင်း၊ မကျန်းမာသူများအား ပြုစု ယုယခြင်း၊ ၀ိညာဉ်ရေးရာ ဆင်းရဲသူများအား တရားလမ်းပြခြင်း၊ စသဖြင့်သော အမျိုးမျိုးပုံစံဖြင့် ဆင်းရဲသူများအား ကူညီ ပံ့ပိုး ရမည်ဖြစ်ပါသည်။ ဒီနေ့ကမ္ဘာကြီးမှာ ကျွန်တော်တို့အကူအညီကို စောင့်မျှော်နေသော ဆင်းရဲသားများစွာ ရှိနေပါသည်။ မမေ့ပါနှင့်။
 
 
 
တတိယမြောက်နေ့ (ဒီဇင်ဘာ ၂၇ရက်နေ့)။       ။တမန်တော်ကြီးနှင့် ကျမ်းရေး ပုဂ္ဂိုလ် သံယောဟန်၏ပွဲနေ့ကို အမှတ်ရ ကျင်းပကြပါသည်။ သံယောဟန်သည် ဘုရားသခင်၏ နှုတ်တော်ထွက် စကားတော်မြတ် အကြောင်း ရေးသားပြုစုရန် ၀ိညာဉ် လှုံ့ဆော်ခြင်း ခံရသူပါ။ ထိုကြောင့် ယနေ့ကျမ်းစာတော်မြတ်တွင် အသက်ပေး နှုတ်တော်ထွက်အကြောင်းကို ကြားနာကြရမှာ ဖြစ်ပါသည်။ သံယောဟန်သည် ခရစ်တော်၏ ဘုရားအဖြစ် ဇာတိကို ဖော်ကြူး ရှင်းလင်းထားသူဖြစ်သည့် အလျောက် ကျွန်တော်တို့ တတွေဟာ ဤယနေ့မှာ ထိုမြင့်မြတ်သော ကျမ်းပိုဒ်ကို လေ့လာ မှတ်သားရ ပါလိမ့်မည်။ ထိုသို့ လေ့လာမှတ်သားရန် အသင်းတော်၏ သွန်သင်ချက်တွင်လည်း အားပေး တိုက်တွန်းထားပါသည်။ စိန်ဂျေရုမ်း၏ စကားအရ- ကျမ်းစာတော်မြတ်ကို လစ်လျူရှုခြင်းသည် ခရစ်တော်ကို လစ်လျူရှုခြင်းပင် ဖြစ်နေ ပါလိမ့်မည်။
 
 
 
 
စတုတ္ထမြောက်နေ့(ဒီဇင်ဘာ ၂၈ရက်နေ့)။         ။ခရစ်တော် အတွက် အသက်ပေးဆပ်ခဲ့ရသော သန်ရှင်းသော သူငယ်ကလေးများ၏ ပွဲနေ့ကို အမှတ်ရ ကျင်းပကြပါသည်။ ထိုကြောင့် ယနေ့ဖတ်ရမည့် ကျမ်းပိုဒ်မှာလည်း ထိုကလေးသူငယ်လေးများအား မတရား အသတ်ခံရသည့်အကြောင်းနှင့် သူငယ်တော် ယေဇူးအား သံဇူဇယ်မှ ကယ်ထုတ်သွားသည့် အကြောင်းကို ကြားနာရမည် ဖြစ်ပါသည်။ ယနေကျမ်းစာ အားဖတ်ရှု့ရင်း စဉ်းစားရမည်မှာ ယနေ့ခေတ် ကလေးသူငယ်များအား သတ်ဖြတ်ခြင်း နည်းလမ်းများပင် ဖြစ်ပါသည်။ ဥပမာ-သနေဖြတ်ချခြင်း၊ ဆေးထိုးသတ်ခြင်း၊ တခြားသော နည်းလမ်းများဖြစ်ပါသည်။ ဒါတွေဟာ ကလေးသူငယ်များအား မတရား သတ်ဖြတ်ရန် ခေတ်သစ်နည်းလမ်းများ ဖြစ်ပါသည်။ တကယ်ဆို ခရစ္စမတ်ဆိုသည်ကား ကလေးသူငယ်များနှင့် တူပါသည်။ ခရစ်တော်သည်လည်း ကလေးငယ် တစ်ဦးကဲ့သူ သူငယ်တော် ယေဇူးလေးဟု ကင်းမွန်းတပ် ခေါ်ခံရသကဲ့သို့ ဒီနေ့ မတရား သတ်ဖြတ်ခံရသည့် ကလေးသူငယ်များကိုလည်း မမေ့သင့်ပေ။ ကလေးဆိုသည်ကား ဘ၀အသက်ရှင်ခြင်း လက္ခဏာ၊ ရှေ့ရေးနှင့်အတူ မျှော်လင့်ခြင်း၊ ပျော်ရွှင်ခြင်း၊ ဖြူစင် သန့်ရှင်းခြင်း၊ အမှန်အကန် ပြောဆိုတတ်ခြင်း၊ အကြောင်းပြချက် မပါတဲ့ ချစ်ခြင်း မေတ္တာပေးနိုင်ခြင်းတို့ဖြင့် ပြည့်စုံပါသည်။ ဒီနေ့ သင့်မိသားစုနှင့် အတူ နေပါ။ သင့် ကလေးငယ်များကို ဂရုစိုက်ပါ။ သင့် ကလေးငယ်လေးတွေအတွက် အချိန် ပေးလိုက်ပါ။
 
 
 
ပဉ္စမမြောက်နေ့ (ဒီဇင်ဘာ ၂၉ရက်နေ့) ။                   ။နောက်ထပ် ဓမ္မအာဇာနည်ဖြစ်တဲ့ ဆရာတော် သောမတ်စ်ဘယ်ကက်၏ ပွဲနေ့ကို အမှတ်ရကျင်းပ ပါသည်။ ထိုနေ့တွင် ဖတ်ရမည့် ကျမ်းစာတော်မြတ်မှာ ခရစ်တော်က “ငါ့နောက်လိုက်လော့” ဟုသည့် ခေါ်သံအကြောင်းပင် ဖြစ်ပါသည်။ ယနေ့တွင် မိမိတိုနှင့် စိတ်ဝမ်းကွဲနေသူများ၊ စကားများ ရန်ဖြစ်ထားသူများအား စည်းလုံးခြင်းနှင့် ငြိမ်းချမ်းခြင်းကို ရှေ့ရှု့ကာ ပြန်လည်ခေါ်ဆို သင့်မြတ်အောင် ပြုလုပ်ရမည် ဖြစ်ပါသည်။ ဓမ္မအာဇာနည် ဆရာတော်သောမတ်စ်သည်လည်း အသင်းတော်အတွင်း လွတ်လပ်စွာနှင့် ငြိမ်းချမ်းရေး စိုးမိုးရန် ဆန္ဒပြင်းပြခဲ့သူပင် ဖြစ်ပါသည်။ ထိုသို့ သင့်မြတ်ရန် ပြုလုပ်နေချိန်တွင် သတိထားရမည့် အချက်မှာ နောက်ထပ် စိတ်ဝမ်းကွဲရန် ဖြစ်စေမည့် အကြောင်းရာများကို ရှောင်ရှားရမည် ဖြစ်ပါသည်။ ပြန်လည် ကြေအေးသင့်မြတ်ဖို့မှာ လုံးဝ ခက်ခဲပါသည်။ သို့သော်လည်း မဖြစ်နိုင်သည့်အရာ မဟုတ်သည့် အတွက် ဆုတောင်းခြင်းဖြင့် စိတ်ကို တည်ငြိမ်အောင်ထားကာ ဆောင်ရွက်ရပါလိမ့်မည်။ အောင်မြင်နိုင်ပါသည်။ တစ်ဦးနှင့် တစ်ဦး စိတ်ဝမ်းကွဲနေရတာ ခံစားရ ခက်ပါသည်။ ထိုကြောင့် ပြန်လည် ကြေအေး သင့်မြတ်အောင် ကြိုးစားကြည့်ခြင်း အားဖြင့် အနာဂတ် စိတ်ချမ်းသာ စေပါလိမ့်မည်။
 
 
 
 
ဆဌမနေ့ (ဒီဇင်ဘာ ၃၀ရက်နေ့)။        ။သန့်ရှင်းသော မိသားစုပွဲနေ့ကို အမှတ်ရ ကျင်းပပါသည်။ ထိုကြောင့် ယနေ့ ကျမ်းစာတော်မြတ်တွင် သန့်ရှင်းသော မိသားစု၏ ဆက်နွယ် ဆက်ဆံပုံနှင့် တကွ ခရစ်တော်၏ ကာယ သန်စွမ်းမှု့နှင့် ညဏ်ပညာတော် ကြီးထွားလာမှု့တို့ အကြောင်းကို ကြားနာရပါမည်။ အသင်းတော်အတွင်း၌ ခရစ်ယာန် အဖွဲ့အစည်းအတွက် အများကောင်းကျိုးနှင့် မိမိတို့လူမျိုး ကောင်းစားရေး တာဝန်နှစ်ရပ် ရှိသည်။ ထိုတာဝန်နှစ်ရပ်အား ဖြည့်စည်းရန် အဓိက စံနမူနာများမှာ မိသားစု ဘ၀တည်ထောင်ခြင်းနှင့် ရဟန်း ဘ၀ပင် ဖြစ်ပါသည်။ ထိုကြောင့် မိသားစုဘ၀နှင့် ရဟန်းဘ၀များ အပေါ် အလေးအနက် စဉ်းစား ထောက်ရှု့ရမည် ဖြစ်ပါသည်။ ယနေ့ ခရစ္စမတ် ရက်မြတ် ဆဌမမြောက်နေ့တွင် လုပ်ဆောင်ရမည်မှာ မိမိတို့ မိသားစုများ စုစုစည်းစည်းဖြင့် စုရုံးကြပြီး သန့်ရှင်းသော အိမ်ထောင်စုအပေါ် ကမ္မဌာန်း ထောက်ရှု့၍ ထိုမိသားစုမှ သင်ခန်းစာများကို အတူတကွ လေ့လာယူရမည် ဖြစ်ပါသည်။ ထိုနောက် သန့်ရှင်းသော မိသားစုထံ မိမိတို့၏ မိသားစုများကို အပ်နှံ ထားပါ။ အတူတကွ ဆုတောင်းကြပါ။
 
 
သတ္တမနေ့ (ဒီဇင်ဘာ ၃၁ရက်နေ့) ။      ။ရှစ်ရက် မင်္ဂလာခရစ္စမတ်၏ သတ္တမမြောက်နေကို အမှတ်ရ ကျင်းပသလို ပုပ်ရဟန်မင်းကြီး စိုင်ဗက်စတာ(၁)ကိုလည်း အမှတ်ရတဲ့နေ့ပါ။ ဤနေတွင် ကြားနာရမည့် ကျမ်းစာတော်မြတ်မှာ ကောင်းကင်နိုင်ငံ၏ အဓိက သော့ဂလောက်တွေ အကြောင်းပါ။ ထိုသော့ ဂလောက်တွေထဲက သော့တစ်ခုက ငြိမ်းချမ်းခြင်း အကြောင်းပါပဲ။ ပုပ်ရဟန်းမင်းကြီး စိုင်ဗက်စတာ(၁)သည်လည်း ငြိမ်းချမ်းရေး ပုပ်အဖြစ် ကင်းမွန်းတပ်ခံရသူပါ။ ထိုသတ္တမမြောက် ခရစ္စမတ်နေ့တွင် ကျွန်တော်တို့မိသားစုများအကြားပြုလုပ်ရမည့်မှာ အသင်းတော်အကြောင်း ထောက်ရှု့ စဉ်းစားဖို့ပါ။ အသင်းတော် မရှိခဲ့သော် သင်ကော ကျွန်ုပ် ဘယ်နေရာမှာ ဘယ်လိုလူအဖြစ် အသက်ရှင် နေထိုင်မလဲနော်။ ကျွန်တော်တို့ ဘ၀မှာ ဆေးကြော်ခြင်း မင်္ဂလာ၊ ကိုယ်တော်မြတ် စက္ကရမင်တူး၊ ခရစ္စမား အားပေးခြင်း၊ အာပတ်ဖြေ လျှောက်ခြင်းတို့ မရှိခဲ့လျှင်၊ ကျွန်တော်တို့ ယုံကြည်ခြင်းသည်  တမန်တော်ကြီးများထံမှ အစဉ်လိုက် ဆင်းသက်လာတာ မဟုတ်လျှင်၊ ကျွန်တော်တို့မှာ လမ်းပြ ခေါင်းဆောင်မည်သူ ဘုံအဖြစ် ပုပ်ရဟန်းမင်းကြီး မရှိခဲ့လျှင်၊ စသည် စသည်ဖြင့်သော မေးခွန်းများကို စဉ်းစား ဖြေကြည့်ပါ။ ကျွန်တော်တို့ အသင်းတော်၏ ဖွဲ့စည်းပုံကို ပြန်လည် စမ်းစစ်ကြည့်ပါ။ ပြီးလျှင် သင် ဂုဏ်ယူမိမှာပါ။ ဘာကြောင့်လဲဆိုတော့ သင်ဟာ ခရစ်တော် တည်ထောင်သည့် တစ်ခုတည်းသော အသင်းတော်ထဲက အစိတ်အပိုင်း တစ်ခု ဖြစ်နေလို့ပါပဲ။
 
 
အဌမနေ့ (ဇန်န၀ါရီ ၁ရက်နေ့)။           ။ရှစ်ရက် မင်္ဂလာခရစ္စမတ်၏ နောက်ဆုံးနေ့ဖြစ်ပြီး ဘုရား၏ မယ်တော်ပွဲနေ့ကို ကျင်းပသည်။ မယ်တော်သခင်မ၏ ဘ၀တွင် ကျွန်ုပ်တို့အတွက် အတုယူစရာများစွာ ရှိသည့် နည်းတူ သူမ၏ မြင့်မြတ်စင်ကြယ်ခြင်းမှာလည်း မည်သည့် လူသားမျှ လိုက်မမှီပါ။ ယနေ့ ဖတ်ရှု့ရမည့် ကျမ်းစာတော်မြတ် (လု ၂း၁၆-၂၁)တွင် မယ်တော်သခင်မသည် ဖြစ်သမျှအကြောင်း အားလုံးကို စိတ်ထဲ၌ သိမ်းထား၍ တရား မှတ်တတ်သည့်အကြောင်းကို ကြားရပါလိမ့်မည်။ သူမသည် ကျွန်ုပ်တို့လူသားများ အားလုံး ကယ်တင်ခြင်း ခံရဖို့အတွက် ဘုရားသခင် လူ့အဖြစ်ယူရာတွင် ပထမ ဦးဆုံးသော လောကတံခါးဝပင် ဖြစ်၍ သူမ၏ လက်ခံခဲ့ခြင်းကပင် လူသားထု တစ်ရပ်လုံးအတွက် ကယ်တင်ခြင်း ချမ်းသာရခဲ့ခြင်းလည်း ဖြစ်ပေသည်။ ထိုနောက် သူမ၌ သန့်ရှင်းသော ၀ိညာဉ်တော်ရှိသည့် အတိုင်း သူမ၏ နေထိုင် သွားလာပုံများက ကျွန်တော်တို့ ဆေးကြောခြင်းခံ ဘာသာတူတိုင်း ဖြစ်သင့်သည့် နမူနာပင် ဖြစ်ပါသည်။ မယ်တော်သခင်မ၏ ကောင်းကင် နိုင်ငံရောက် ဆုလာဒ်နှင့် နောင်တချိန် ကျွန်တော်တို့တတွေ ကောင်းကင်နိုင်ငံ ရောက်သောအခါ ရရှိမည့် ဆုလာဒ်အတွက် မျှော်လင့်ခြင်းပါပဲ။ မယ်တော်သခင်မသည် လူသား ဇာတိဖြစ်ပြီး လူသားစစ်စစ် ဖြစ်သော်လည်း ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကြောင့် ဘုရားဇာတိမှာ ပါဝင်ခွင့် ရခဲ့ပါပြီ။ တကယ်ဆိုလျှင် ဤအရာသည် ကျွန်တော်တို့၏ အနာဂတ်မျှော်လင့်ခြင်း မဟုတ်ပါလား။ ကျွန်တော်တို့ အားလုံး ဘုရားသခင်၏ သားသမီးများအဖြစ် ဘုရားဇာတိကို ရရှိရန် မျှော်လင့်ခြင်းပါပဲ။ မယ်တော်သခင်မသည် ဘုရားသခင်၏ မိခင်ဖြစ်ရသလို ကျွန်တော်တို့ တတွေသည်လည်း ခရစ်တော်၏ ညီအစ်ကို မောင်နှမများ အဖြစ် ကောင်းကင်နိုင်ငံသို့ ရောက်ရှိမည့် အကြောင်း မျှော်လင့်ချက်သည် ပို၍ အသက်ဝင်လာသည်။
 
ယနေ့ မိသားစုအတွင် လုပ်ဆောင်သင့်သည့် အချက်မှာ မိသားစုလိုက် စိတ်ပုတီးစိတ်ခြင်းသည် အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
 
မနောအောင်