Sunday, 30 June 2019

၁၃ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့

ထာဝရဘုရားသခင်သည် ငါ၏အမွေတော်ဖြစ်တော်မူ၏။ 
အထက်ပါ စာကြောင်းလေးဟာ ဆာလံကျမ်း ၁၆း၅ မှဖြစ်ပါတယ်။ ထူးထူးခြားခြား ဘုရားတရားကိုမှ မိမိရဲ့အမွေအဖြစ် ဆာလံရေးစပ်သူက ကြွေးကြော်ထားတာဖြစ်ပါတယ်။ ကျနော်တို့တတွေဟာ လူရယ်လို့ဖြစ်လာပြီး လူ့ဘ၀ထဲမှာ နေထိုင်အသက်ရှင်ကြတဲ့အခါ လူ့ဘ၀ချမ်းသာရေးသာမက တမလွန်ဘ၀ကောင်းစားရေးအတွက်ပါ ကြိုးစားနေထိုင် အသက်ရှင်တတ်ကြပါတယ်။ လူ့ဘ၀ချမ်းသာကြွယ်ဝမှုတွေကိုတော့ မိမိရဲ့နောင်လာနောင်သားတွေကို အမွေအဖြစ် ချန်ထားခဲ့ကြရမှာဖြစ်ပြီး တမလွန်ဘ၀ကောင်းစားရေးကိုတော့ မိမိကိုယ်တိုင်က အမွေဆက်ခံသူဖြစ်လာမှာပါ။ ဘယ်သူ့ဆီက အမွေဆက်ခံရမလဲဆိုတော့ ဘ၀တစ်ခုလုံးရဲ့အရှင် ထာဝရဘုရားသခင်ဆီကနေ အမွေဆက်ခံရရှိမှာဖြစ်ပါတယ်။ ကျနော်တို့ခရစ်ယာန်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ကောင်းကင်နိုင်ငံတော်ကို အမွေရရှိကြမှာပဲဖြစ်ပါတယ်။ သံမာတေဦးကျမ်းက မင်္ဂလာတရားတော် ရှစ်ပါးမှာ ဘယ်လိုလူမျိုးတွေဟာ ဘယ်လိုအမွေတွေရရှိကြမယ်ဆိုတာကို ခရစ်တော်က အတိအလင်း ဟောကြားသွန်သင်ခဲ့ပါတယ်။ အတွင်းစိတ်၌ဆင်းရဲသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကာ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။ 
တကယ်တော့ ကျနော်တို့တတွေလူ့ဘ၀ စတင်ကတည်းက တမလွန်ကောင်းစားရေး၊ ကောင်းကင်နိုင်ငံတော်ကို စတင်အမွေခံရရှိကြပါတယ်။ မိရိုးဖလားကိုးကွယ်ခြင်းဆိုပြီး မိဘတွေကနေတဆင့် ယုံကြည်ခြင်းအမွေကို ရရှိကြပါတယ်။ ဒါပေမယ့် ဒီအမွေကို ကျနော်တို့ကိုယ်တိုင် ကောင်းကောင်းအသုံးချ ထိန်းသိမ်းကာမှ တကယ့်တမလွန်ဘ၀ရဲ့ ကောင်းကင်နိုင်ငံတော်ကို သေချာ ရရှိမှာဖြစ်ပါတယ်။ အချိန်တန် အရွယ်ရောက်လာလို့ လူလားမြောက်လာတဲ့အခါ စဉ်းစားတတ်လာပြီး ဝေဖန်သုံးသပ်ကာ ကိုယ်ကိုတိုင်က ဘဏ္ဏာစိုးလို စီမံခန့်ခွဲနိုင်ရမှာပါ။ မိဘဆီကရလာတဲ့ ယုံကြည်ခြင်းအမွေဟာ မိမိရဲ့လက်ထဲမှာ ဘယ်လိုဘယ်ပုံစံနဲ့ ကျင့်ကြံနေထိုင်သလဲဆိုတာ မိမိအတွက် အကောင်းဆုံးမေးခွန်းဖြစ်နေပါလိမ့်မယ်။ 
ဒီနေ့ ဖတ်ရတဲ့ ပထမကျမ်းမှာဆိုရင်လည်း ပရော်ဖက်အရိုက်ရာဆက်ခံခြင်းအားဖြင့် ပရော်ဖက်ပြုခြင်းကို အမွေဆက်ခံတဲ့အကြောင်း ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီအမွေကို ဧလိယက ဧလိရှကို ပေးကမ်းနေတာပါ။ ဒီအမွေကို ပေးချင်တဲ့သူကို ပေးလို့မရပါ။ အမွေပိုင်ရှင် ထာဝရဘုရားသခင် အလိုတော်ရှိတဲ့သူကိုသာ ပေးကမ်းရပါတယ်။ ဒီနေ့ ဘုရားသခင်ရွေးချယ်ခဲ့တာက ဧလိရှဖြစ်လို့ သူ့ကိုသာ ဘိတ်သိပ်ဆီသွန်းလောင်းပြီး ပေးရမှာပါ။ ဒါပေမယ့် ဧလိရှက မိဘတွေကို အရင်အလုပ်အကြွေးပြုစုခွင့်ရခဲ့ပြီးမှ ဒီအမွေကို လက်ခံခဲ့ပါတယ်။ အလားတူပဲ ဧ၀ံဂေလိကျမ်းမှာတော့ ဘုရားသခင်ရဲ့ တပါးတည်းသော သားတော်ကိုယ်တိုင်ရဲ့ တပည့်ဖြစ်ခြင်းအမွေကို ပေးကမ်းနေတာ တွေ့ရပါလိမ့်မယ်။ ပထမ ဆာမာရိတန်ရွာကို ၀င်ပြီး ဘုရားသခင်ရဲ့အမွေကို ပေးဖို့ကြိုးစားပေးမယ့် ဆာမာရိတန်ရွာသားတွေက လက်မခံခဲ့ကြပါဘူး။ ထို့အတူ အခြားရွာတွေကိုသွားတော့လည်း အချို့ ကိုယ်တော်နောက်လိုက်ပါမယ်ပြောပေမယ့် ခရစ်တော်က လက်မခံခဲ့သလို တချို့ကျတော့ ခရစ်တော်ကိုယ်တိုင်က နောက်လိုက်ဖို့ တပည့်ဖြစ်ခြင်းအမွေကို တကူးတက ပေးနေခဲ့တာပါ။ ဧလိယလိုမဟုတ်ဘဲ ခရစ်တော်ကတော့ မိဘဆွေမျိုးတွေကို သွားနှုတ်ဆက်ပါဦးမယ် ပြောတာကိုပင် ခွင့်မပေးခဲ့ဘဲ - လူသေကို လူသေများက သင်္ဂြိုလ်ကြပါစေလို့ ခပ်မာမာပြောနေသလိုပါပဲ။ ပြီးတော့ ထွန်တုံးကိုကိုင်ပြီး နောက်လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်တန်လို့ ပြောပါသေးတယ်။ အမှန်တကယ်တော့ ကျနော်တို့ထင်သလို ခရစ်တော်ဘုရားရှင်က ခပ်မာမာပြောနေတာမဟုတ်ပါဘူး။ ခပ်ပြတ်ပြတ်ပြောနေတာပါ။ ဘာကြောင့်လဲဆိုတော့ ဘုရားရဲ့တပည့်တော်ဖြစ်ခြင်းဟာ ခပ်လွယ်လွယ်နဲ့မရနိုင်သလို၊ ခပ်ပေါ့ပေါ့လည်း မရနိုင်လို့ပါပဲ။ ကျနော်တို့လူသားတွေရဲ့ အကြောင်းပြချက်ပေးတတ်တဲ့ စိတ်ဟာ ဒီလို အမွေမျိုးနဲ့လွဲချော်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ခပ်ပြတ်ပြတ် ပြောဖို့လိုနေတာပါ။ နောက်ပြီးတော့ ကျနော်တို့တတွေဟာ လောကခဏတာ ကြာရှည်ခံမယ့်အရာတွေမှာ အချိန်ဖြုန်းပြီး နောင်ဘ၀သုခ အမွေနဲ့ လွဲမသွားစေချင်တဲ့ စေတနာလည်းဖြစ်ပါတယ်။ ကျနော်တို့ကို ဒီလောက အရာတွေကနေ လွတ်မြော်ကစေချင်တာပါပဲ။ ဒါ့ကြောင့် ဒုတိယကျမ်းဖြစ်တဲ့ ဂါလားဆီယာသြ၀ါဒစာထဲမှာ သံပေါလူးက Freedom -လွတ်လပ်ခြင်း-ကို သေသေချာချာ ရှင်းပြထားပါတယ်။ လူရယ်လို့ဖြစ်လာရင် လောဘ မောဟနဲ့ စွဲလန်းခြင်းတွေဟာ နည်းမျိုးစုံနဲ့ ကျနော်တို့ကို ဒီကမ္ဘာလောကကြီးက နှောက်ယှက်နေသလိုပါပဲ။ ခရစ်တော်ကိုယ်တိုင် ဒီနှောက်ယှက်ခြင်းကို ကြုံခဲ့ရတာပါ။ သံမာတေဦး ၄း၈-၉မှာ စာတန်နတ်ဆိုးက ကိုယ်တော့်ကို အလွန်မြင့်မားတဲ့တောင်ပေါ်ခေါ်သွားပြီး လောကတိုင်းနိုင်ငံအပေါင်းနဲ့ ၎င်းတို့ရဲ့ဘုန်းစည်းစိမ်တို့ကိုပြပြီး နှောက်ယှက်ခဲ့တာပါ။ 
ချစ်စွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ အရင်ဆုံး ကျနော်တို့စဉ်းစားရမှာက -ကျနော်တို့တတွေဟာ ဒီကမ္ဘာလောကမှာ တဘ၀စာပဲ အသက်ရှင်နေကြတာလား ဒါမှမဟုတ် နောင်ဘ၀အတွက်ပါ အသက်ရှင်ကြသလားပေါ့။ တဘ၀စာအတွက်ရှင်သန်တယ်ဆိုရင်တောင်မှ အမွေကောင်းရမှ၊ ရတဲ့အမွေကောင်းကိုလည်း သေချာအသုံးချနိုင်မှ၊ သေချာစီမံခန့်ခွဲနိုင်မှ ဒီဘ၀ကောင်းစားဖို့ အာမခံချက်ရှိမှာပါ။ နောင်ဘ၀ထိအောင် ကောင်းစားနိုင်ဖို့အရေး၊ ကောင်းကင်နိုင်ငံတော်ကို အမွေခံဖို့အရေးဆိုရင်တော့ ခပ်လွယ်လွယ်နဲ့တော့ မရဘူးဆိုတာ နားလည်ကြမှာပါ။ ဒါ့အပြင် ဒီကောင်းကင်နိုင်ငံအမွေကို လောကပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝမှုတွေနဲ့ လှဲလှယ်လို့ မရဘူးဆိုတာ ခရစ်တော်ကိုယ်တိုင် မိန့်ဆိုထားတာပါ။ ဒါ့အပြင် ပိုးစား ချတက်တဲ့ လောကဘဏ္ဏာထက် ပိုးမစား ချမတက်နိုင်တဲ့ ကောင်းကင်ဘဏ္ဏာကို စုဆောင်းကြဖို့လည်း တိုက်တွန်း သတိပေးထားပါတယ်။ ဒီနေ့ ကက်သလစ်အသင်းတော်ကြီးမှာလည်း ကနဦးမှစလို့ ဒီနေ့ထိအောင် ယုံကြည်ခြင်းအမွေကို သေချာ စောင့်ရှောက်လက်ဆင့်ကမ်းလျက်ရှိပါတယ်။  
ချစ်စွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ အမွေဆိုတာ ထိုက်မှရတယ်လို့ ဆိုရိုးရှိပါတယ်။ ဒါ့ကြောင့် ကောင်းကင်နိုင်ငံအမွေကို ထိုက်ဖို့ ကျနော်တို့တတွေလည်း နှုတ်တော်ထွက်တရားတော်အတိုင်း လက်ခံကျင့်ကြံနေထိုင်ရင်း အကောင်းဆုံးပြင်ဆင်ကြပါစို့။ ထာဝရဘုရားသခင်သည် ငါ၏အမွေတော်ဖြစ်တော်မူ၏။ 

ဒိုမီနီကန်ကိုရင်

No comments:

Post a Comment