"No man is island" ဆိုသလိုပဲ ကျနော်တို့တတွေဟာ ကျွန်းတွေလို တစ်ယောက်တည်း နေလို့မရပါဘူး။ လူဘ၀ထဲစတင်ဝင်ရောက်လာကတည်းက အသိုင်းအ၀ိုင်းကြားမှာ မိသားစုကြားမှာ ကျနော်တို့တတွေဟာ အုပ်စုနဲ့နေထိုင်ရှင်သန်ကြရပါတယ်။ ဒါကိုက လူ့သဘာဝလို့ခေါ်ဆိုရမှာပဲ။ ဒီလိုအုပ်စုဖွဲ့နေတတ်တာ လူတွေတင်မဟုတ်ပါဘူး။ အခြားသက်ရှိတိရိစ္ဆာန်များလည်း အုပ်စုဖွဲ့နေတတ်သလို၊ အချို့သစ်ပင်များပင် အုပ်စုလိုက် ရှိနေတတ်တာကို သတိထားမိမှာပါ။ ဒီတော့ ဒီလိုအုပ်စုဖွဲ့နေတတ်တဲ့သဘာဝစရိုက်ရှိတဲ့ သက်ရှိတိုင်းအတွက် "ငါ"ဆိုတဲ့ တစ်ဦးချင်းစီဟာ "အုပ်စု၊ အသိုင်းအ၀ိုင်း"ဆိုတာနဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ရှင်သန်နေထိုင်ကြရတာလည်း သဘာဝကျပါတယ်။ ဒါ့ကြောင့် သဘာဝကျကျဆက်ပြောရရင်တော့ "ငါ့အကျိုး" နဲ့ "အများအကျိုး၊ ဘုံအကျိုး၊ အဖွဲ့အစည်းရဲ့အကျိုး" ဟာလည်း တစ်ခုမှတစ်ခု ဘယ်ထုတ်လို့မရအောင် အရေးပါနေတာကို သတိထားမိမှာပါ။
ကျနော်တို့တတွေ ဘောလုံးကစားနည်းကို ကောင်းကောင်းနားလည်ကြမှာပါ။ ဘောလုံးကစားနည်းဟာ တစ်ဦးတစ်ယောက်တည်း ယှဉ်ပြိုင်ရတဲ့ကစားနည်းမဟုတ်ဘဲ အဖွဲ့လိုက် ကစားရတဲ့ ကစားနည်းတစ်မျိုးပါပဲ။ ဒီလို အဖွဲ့လိုက်ကစားနေရင်းနဲ့ ကစားသမားတစ်ဦးချင်းစီကလည်း မိမိတို့အကျိုးကို ရှာယူနိုင်ပါတယ်။ ဥပမာ- တိုက်စစ်မှူးဟာ ဂိုးများများသွင်းခြင်းအားဖြင့် ထင်ပေါ်ကျော်ကြားလာနိုင်ပြီး မိမိအတွက် သီးသန့်အကျိုးကိုခံစားရနိုင်ပါတယ်။ အဲဒီလိုပဲ အလယ်တန်းမှာကစားတဲ့သူ၊ နောက်တန်းမှာကစားတဲ့သူ၊ ဂိုးဖမ်းသမား စသဖြင့် မိမိတို့ရဲ့အရည်အချင်းအတိုင်း ကိုယ်ကျိုးရရှိနိုင်ပါတယ်။ ဒါပေမယ့် တကယ့်ရည်မှန်းချက်အောင်မြင်မှုဟာ အသင်းရဲ့အောင်မြင်မှုပါပဲ။ အသင်းဟာ ဂိုးများများသွင်းပေးတဲ့ ကစားသမားတစ်ယောက်တည်းကြောင့် ကစားပွဲကို အနိုင်ရတာမဟုတ်ပါ။ ကစားသမားတိုင်း သူ့နေရာနဲ့သူ တော်ပြီး အသင်းလိုက် စည်းလုံးမှု၊ အကွက်စေ့မှုနဲ့ ကြိုးစားကြလို့သာ အနိုင်ရတာပါ။ ဒါ့ကြောင့် ကစားသမားတစ်ဦးချင်းစီနဲ့ အသင်းဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီလို အချင်းချင်းမှီခိုနေပါတယ်။ ကမ္ဘာကျော်အင်္ဂလိပ်ဘောလုံးအသင်း လီဗာပူးအသင်းရဲ့ ဆောင်ပုဒ်လေးကို သဘောကျမိပါတယ် - You will never walk alone!
ကျနော်တို့ရဲ့ နိုင်ငံတော်၊ ပြည်ထောင်၊ ပြည်နယ်၊ လူ့အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်း၊ မိသားစု တွေနဲ့ ကျနော်တို့ တစ်ဦးချင်းစီဟာလည်း အပြန်အလှန်မှီခိုနေရသလို ကိုယ့်အကျိုးနဲ့ နိုင်ငံ့အကျိုး၊ ပြည်ထောင်စုအကျိုး၊ ပြည်နယ်အကျိုး၊ မိသားစုအကျိုး စတာတွေလည်း တစ်ခုမှတစ်ခု ဖယ်ထုတ်လို့မရအောင် ချိတ်ဆက်နေပါတယ်။ နိုင်ငံမတိုးတက်ခြင်းဟာ မိမိအတွက်လည်း အကျိုးထိခိုက်စေသလို၊ မိမိရဲ့အကျိုးထိခိုက်ခြင်းဟာလည်း နိုင်ငံတိုးတက်ဖို့ အတားအဆီးဖြစ်စေပါတယ်။ မိသားစုအကျိုးထိခိုက်တာ မိမိအကျိုးထိခိုက်တာပါပဲ။ မိမိအကျိုးထိခိုက်တာလည်း မိသားစုအကျိုးထိခိုက်ပါတယ်။ ဒီလိုဆိုတော့ ကျနော်တို့မှာ double duty -တာဝန်နှစ်ထပ်-ရှိနေတာ သေချာနေပါပြီ။ ဒါ့ကြောင့် အများအကျိုး (သို့) ဘုံအကျိုးကို ကျနော်တို့ရဲ့ အရေးပါမှုထဲက ဖယ်ထုတ်လို့မရပါဘူး။ ဒါဟာ တာဝန်ဝတ္တရားတစ်ခုပါ။
ပုပ်ရဟန်းမင်းကြီး ဂျွန် (၂၃)က ဒီဘုံအကျိုးကို "လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ စုပေါင်းအခြေအနေတွေဖြစ်ပြီး အဲဒီစုပေါင်းစုအခြေအနေကြီးကနေ လူအုပ်စုလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းစီသော်လည်းကောင်း သူတို့ရဲ့ပန်းတိုင်ဆီကို ပိုပြီးခိုင်မာစွာနဲ့ ပိုပြီးလွယ်ကူစွာ ရောက်ရှိနိုင်အောင်၊ ရည်မှန်းချက်တွေပြည့်အောင် လမ်းဖွင့်ပေးပါတယ်"လို့ Materet Magistra စာချွန်တော်ထဲမှာ မိန့်ဆိုခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဂျွန် (၂၃)ရဲ့ မိန့်ဆိုချက်ကို ထပ်မံရှင်းပြရမယ်ဆိုရင်တော့ ဒီလိုပါ။ ကျနော်တို့ တစ်ဦးချင်းစီဖြစ်ဖြစ်၊ အဖွဲ့လိုက်ဖြစ်ဖြစ် အောင်မြင်တိုးတက်ချင်ကြပါတယ်။ စီးပွားရေးပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ်၊ နောက်ဆုံး ဘာသာရေးပဲဖြစ်ဖြစ် လူ့ဘ၀ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးတွေကို လူတိုင်းလူတိုင်း လိုချင်တပ်မက်ကြတာ မဆန်းပါဘူး။ ဒါ့ကြောင့် ဒီလိုအကျိုးကျေးဇူးတွေကို တစ်ဦးချင်းစီ တကိုယ်ကောင်းဆန်ဆန်နဲ့ လုယူပြိုင်ဆိုင် ရယူနေကြမယ်ဆိုရင် ဆိုးယုတ်မှုတွေသာ ဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်ဦးချင်းစီရဲ့ အားအင်တွေ၊ အရည်အချင်းတွေကို အဖွဲ့အစည်းလိုက် ပေါင်းစည်းပြီး အတူတကွ ကြိုးစားကြရင်တော့ အထက်ကပြောတဲ့အကျိုးကျေးဇူးတွေကို ရဖို့ပိုပြီးသေချာသလို ပိုပြီးလွယ်ကူပါတယ်။
မြန်မာစကားပုံလိုပဲ - အတူရွေ့ရင် ရွေ့နိုင်ပါတယ်။ ဒီလို အတူတူ ရွေ့ကြတဲ့အခါ မျှော်မှန်းထားတဲ့ဘုံပန်းတိုင်ကိုရောက်ဖို့ ဆက်ကပ်ရတာတွေလည်း ရှိနေတတ်ပါတယ်။ တကယ့်ကို ဆက်ကပ်ရတဲ့အချိန်တွေ ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ အဲဒီလို ဆက်ကပ်နေတဲ့သူကို ပစ်ထားပြီး ဘုံပန်းတိုင်ကြီးကိုပဲ အတ္တဆန်ဆန်နဲ့ ဦးတည်နေရမှာမဟုတ်ဘဲ ဒီဘုံပန်းတိုင်ကြီးဆီရောက်ဖို့ အဲဒီဆက်ကပ်နေတဲ့သူတစ်ဦးဟာ ဘယ်လောက်အရေးပါသလဲဆို သဘောပေါက်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီလို ဆက်ကပ်နေရတဲ့သူတွေကိုလည်း စာနာပေးရမယ်၊ ဂရုစိုက်ပေးရမယ်၊ အားပေးရမယ်၊ ပြန်လည်ဖေးမကြရမှာဖြစ်ပါတယ်။ ဘုံပန်းတိုင်ကိုရောက်ဖို့ အသင်းထဲမှာရှိတဲ့ မည်သူမဆိုဟာ လျစ်လျူရှုခြင်းမခံရသင့်သလို၊ ဂရုမစိုက်ဘဲ ပစ်ထားခြင်းလည်း မခံရသင့်ပါ။ တန်းတူအကျိုးခံစားခွင့် အပြည့်အ၀ရှိကြပါတယ်။ ဒီအတွက် Solidarity - အချင်းချင်းစာနာစိတ် ရှိကိုရှိပါလိမ့်မယ်။ ဒီလို Solidarity -ကိုယ်ချင်းစာစိတ်ရှိခြင်းဟာ ကျနော်တို့အချင်းချင်း တစ်ဦးနဲ့တစ်ဦး အချင်းချင်း အပြန်အလှန် စောင့်ရှောက်သူအဖြစ် မြင်စေပါတယ်။ ဒီလိုမြင်နိုင်မှ ကျနော်တို့အချင်းချင်း "စည်းလုံးညီညွတ်ကြပြီး မိမိနေထိုင်ရာ လူ့ဘောင်အဖွဲ့အစည်းကို အကောင်းဆုံး ဆောက်တည်နိုင်လာကြမှာ"ဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဖတ်ခြင်းအားဖြင့် "ငါလုပ်မှ ငါစားရမှာ" "ငါငတ်ရင် ဘယ်သူမှ ပေးမှာမဟုတ်ဘူး" "ငါသာလျှင် ငါဘုရင်" စတဲ့ တကိုယ်ကောင်းဆန်တဲ့အတ္တအတွေးတွေကို စွန့်လွတ်နိုင်ပြီး "ငါနေတဲ့ ဒီလူ့ဘောင်အဖွဲ့အစည်းမှာ ငါလည်း တစ်ယောက်အပါအ၀င်မို့၊ ငါနဲ့ ဒီလူ့ဘောင်အဖွဲ့အစည်းဟာ သူ့အကျိုးကိုယ်ပေး ကိုယ်အကျိုးသူပေးနေပါလား"ဆိုတဲ့ လောကနိယာမကြီးကို နားလည်သဘောပေါက်ပြီး ကျနော်တို့နေထိုင်နေတဲ့ လူ့ဘောင်အဖွဲ့အစည်းကြီးမှာ အမျးအကျိုးပြုရင်း ကိုယ်ကျိုးအောင်နိုင်ပါတယ်ဆိုတဲ့ စိတ်ထားလေးများ မွေးမြူလာနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ဒိုမီနီကန်ကိုရင်
No comments:
Post a Comment