Saturday, 22 June 2019
ကိုယ်တော်မြတ်ပွဲနေ့ကြီး
ဒီနေ့ ကက်သလစ်အသင်းတော်အတွင်းမှာ နက်နဲဖွယ်ရာအထွဉ်အထိပ်ဖြစ်တဲ့ ကိုယ်တော်မြတ်ပွဲတော်ကြီးကို ရှေးဦးခရစ်ယာန်များရဲ့ ယုံကြည်ခြင်းအစဉ်အလာအတိုင်း သက်သေခံကျင်းပနေကြပါတယ်။ ကျနော်တို့ လောကလူသားတွေအတွက် ခရစ်တော်ဘုရားရှင်ပေးခဲ့တဲ့ လက်ဆောင်တွေထဲမှာ ဒီကိုယ်တော်မြတ် စက္ကရမင်တူးဟာ တန်ဖိုးအကြီးဆုံးပါပဲ။ ဒါဟာ ကျနော်တို့ခရစ်ယာန်တွေအတွက် နေ့စဉ်ဝိညာဉ်အဟာရ ဖြစ်သလို ဘုရားသခင်ကိုယ်တော်တိုင် ကျနော်တို့နဲ့အတူရှိနေခြင်း-အမှန်တကယ် ရှိနေခြင်း-ပါပဲ။ ဒါ့ကြောင့် ဒီပွဲကိုယ်တော်မြတ်ပွဲတော်ကြီးဟာ ကျနော််တို့နဲ့အတူရှိတော်မူသော ဘုရား- အေမာနုအဲလ် ပွဲတော်ကို ကျင်းပကြတာပါပဲ။ ဒီလိုကျင်းပခြင်းအားဖြင့် လူတို့ရဲ့လုပ်အားက ထွက်ရှိလာတဲ့ မုန့်နဲ့စပျစ်ရည်ရဲ့ အဆင်းသဏ္ဍာန်အောက်မှာ ရဟန်းမှတဆင့် သန့်ရှင်းသော ၀ိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ခရစ်တော် ဘုရားရှင်ဟာ အမှန်တကယ် တည်ရှိလာခဲ့ပါတယ်။ ဒါကို ပိုပြီးအသက်ဝင်သွားအောင် ဒုတိယကျမ်းမှာ ဖတ်ရှုခဲ့ရတဲ့သံပေါလူးရဲ့ စကားသံအချို့ကို ပြန်လည် နားထောင်ကြည့်စေချင်ပါတယ်။
«ယေဇူးသခင်သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရသည့်ည၌ မုန့်ကိုယူ၍၊- ကျေးဇူးတင်ချီးမွမ်းပြီးနောက် မုန့်ကိုဖဲ့၍ ဤအရာသည် သင်တို့အဖို့ဖြစ်သော ငါ၏ခန္တာကိုယ်ဖြစ်၏။ ငါ့ကို အောက်မေ့သတိရခြင်းငှာ ဤအမှုကိုပြုကြလော့ဟု မိန့်တော်မူ၏။ ထိုနည်းတူ ညစာစားပြီးနောက် ခွက်တော်ကိုလည်း ယူတော်မူလျက် ဤခွက်သည် ငါ၏သွေး၌တည်သော ပဋ္ဋိညာဉ်အသစ်ဖြစ်၏။ ဤခွက်ကို သင်တို့သောက်ကြသည့်အခါတိုင်း ငါ့ကို အောက်မေ့သတိရခြင်းငှာ ဤအမှုကို ပြုကြလော့ဟု မိန့်တော်မူ၏။» ၁ကော် ၁၁း၂၃-၂၆
ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ နေ့စဉ်နေ့တိုင်း ကျနော်တို့ ကျင်းပပူဇော်နေကြတဲ့ ဒီမစ္ဆားတရားတော်မြတ်မှာ ရဟန်းတော်မှတဆင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖန်ဆင်းပြုလုပ်တဲ့ ဒီဂျုံမှုန့်ဟာ ယေဇူးဘုရားရှင်ရဲ့ ကိုယ်ခန္တာတော် အစစ်မှန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ခရစ်တော်ဘုရားရှင်ကိုယ်တိုင် “ငါ၏ခန္တာကိုယ်ဖြစ်၏။”လို့ အတိအလင်း မိန့်ဆိုခဲ့တာပေါ့။ ထို့အတူ ရဟန်းတော်မှတဆင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖန်ဆင်းပြုလုပ်တဲ့ ဒီဝိုင်ဟာလည်း ယေဇူးဘုရားရှင်ရဲ့ အသွေးတော်အစစ်အမှန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ခရစ်တော်ဘုရားရှင်ကိုယ်တိုင် “ငါ၏အသွေး”လို့ အတိအလင်း မိန့်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ အခုလို ဘုရားကိုယ်တိုင် အတိအလင်းဟောပြော သက်သေပြခဲ့တာကို ကျနော်တို့ ဘယ်လို စောဒက တက်နေနိုင်ဦးမှာလဲ။ သေချာပါတယ် - ကျနော်တို့တတွေ လူ့ဥာဏ်နဲ့တော့ ဒါကို အဖြေထုတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း အမှန်တရားကို ရှာဖွေကြတဲ့အခါ ယုံကြည်ခြင်းဟာလည်း ဥာဏ်နဲ့ တူယှဉ်လို့ ပါရမီဖြည့်ပေးတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါ့ကြောင့် ယုံကြည်ခြင်းနဲ့ အဖြေရှာရမယ့် ပုစ္ဆာလို့ပဲ သဘောထားနိုင်ပါတယ်။ ဒီယုံကြည်ခြင်းနဲ့ အဖြေရှာတဲ့ နက်နဲဖွယ်ရာမှာလည်း သက်သေတွေကတော့ ဒုနဲ့ဒေးပါပဲ။
ဒီနေ့ ကိုယ်တော်မြတ်ကိုပင့်ယူသုံးဆောင်ကြရုံမဟုတ်ဘဲ ကိုယ်တော်မြတ်ဖူးမျှော်သူတွေပါ ရှိပါတယ်။ သူတို့တတွေမှာ သက်သေခံစရာတွေ ဒုနဲ့ဒေးရှိနေပါတယ်။ ဘ၀ရဲ့ဆာလောင်မှုတွေကို သူတို့ဘယ်လို ဖြည့်ဆည်း ရရှိနေတယ်ဆိုတာ လက်တွေ့ပါ။ တကယ်တော့ လူတွေဟာ ဆာလောင်နေမြဲ သားရဲမုဆိုးတွေပါပဲ။ ကျနော်တို့အစွမ်းနဲ့ ကျနော်တို့ ဒီဆာလောင်မှုတွေကို ကြိုးစားဖြည့်ဆည်းကြတယ်။ ဓနဥစ္စာဆာလောင်နေလား ကျနော်တို့ ရှာဖွေကြတယ်။ လောကီပျော်ရွှင်မှုဆာလောင်နေလား ကျနော်တို့တတွေ ရှာဖွေကြတယ်။ ရာထူးတွေ ဂုဏ်တွေ ဘွဲ့တွေ ဆာလောင်နေလား ကျနော်တို့ရှာဖွေကြတယ်။ အောင်မြင်မှုတွေ နယ်ပယ်အသီးသီးမှာ ရချင်ကြလို့ ကျနော်တို့ရှောဖွေကြတယ်။ ဒါတွေ ရလာခဲ့ပေမယ့်လည်း ကျနော်တို့ရဲ့ ဆာလောင်မှု ရပ်တန့်သွားပြီလား။ ဘ၀ဟာ ဆာလောင်မြဲဆာလောင်နေဆဲပါပဲ။ တခါတလေ ဘာကို ဆာလောင်မှန်းမသိဘဲကို ဆာလောင်နေမိတတ်ပါတယ်။ ဒီနေရာမှာ စိန်သောမတ်က ဘာပြောထားသလဲဆိုတော့ - ကျနော်တို့လူသားတွေဟာ ဘုရားသခင်ကိုဆာလောင်ပြီး ဘုရားသခင်ကို ရှာဖွေနေကြတဲ့ ဘ၀ခရီးသည်တွေ ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ မဟာဆာလောင်မှုကြီးပါပဲ။ ဘုရား တရားကို ရှာမတွေ့သရွေ့ ကျနော်တို့ရဲ့ မဟာဆာလောင်မှုကြီးဟာ ဘာကိုဆာလောင်မှန်းမသိဘဲ ဆာတယ်ထင်တာကို ရှာဖွေဖြည့်ဆည်းနေလိုက်ကြတာ အမောစို့လာတယ် - ဆာလောင်မှုက မပျောက်ဘူး။ ဘုရား တရားကို ရှာတွေ့ပြီဆိုရင်တော့ ကျနော်တို့ရဲ့ဆာလောင်မှုဟာ နှစ်သိမ့်မှုသေချာပေါက် ရပါတယ်။ ငြိမ်းချမ်းတယ်။ အေးချမ်းတယ်။
ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ကျနော်တို့ဘ၀မှာလည်း အဓိက မဟာဆာလောင်မှုကြီးကို အရင်ဆုံးဖြည့်ဆည်းနိုင်ကြပါစေ။ ကျန်တဲ့ အသေးအမွှားဆာလောင်မှုတွေဟာ အလိုလို ဖြည့်ဆည်းပြီးသား ဖြစ်လာမှာ အသေချာပါ။ ဒါ့ကြောင့် ခရစ်တော်က သံမာတေဦးကျမ်းမှာ "ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာ ရှာကြလော့။" (မာ ၆း၃၃)လို့ သွန်သင်လမ်းပြထားပါတယ်။ ဘ၀ရဲ့ ဆာလောင်မှုတွေ ကိုယ်တော်မြတ်စက္ကရမင်တူးမှာ ရှာဖွေတွေ့ရှိနိုင်ကြပါစေ။ ဓနဥစ္စာ၊ အာဏာ ရာထူး နဲ့ အပျော်အပါးတွေမှာ ကျနော်တို့ရဲ့ နှလုံးသားကို အကျဉ်းမကျခံရပါစေနဲ့။ "၀န်လေး၍ ပင်ပန်းသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။" လို့ ခရစ်တော်က အမြဲတမ်းဖိတ်ခေါ်နေလျက်ပါ။
ဒိုမီနီကန်ကိုရင်
Labels:
ကမ္မဋ္ဌာန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment