Monday, 1 July 2019

အများကောင်းကျိုး (သို့) ဘုံကောင်းကျိုး

"No man is island" ဆိုသလိုပဲ ကျနော်တို့တတွေဟာ ကျွန်းတွေလို တစ်ယောက်တည်း နေလို့မရပါဘူး။ လူဘ၀ထဲစတင်ဝင်ရောက်လာကတည်းက အသိုင်းအ၀ိုင်းကြားမှာ မိသားစုကြားမှာ ကျနော်တို့တတွေဟာ အုပ်စုနဲ့နေထိုင်ရှင်သန်ကြရပါတယ်။ ဒါကိုက လူ့သဘာဝလို့ခေါ်ဆိုရမှာပဲ။ ဒီလိုအုပ်စုဖွဲ့နေတတ်တာ လူတွေတင်မဟုတ်ပါဘူး။ အခြားသက်ရှိတိရိစ္ဆာန်များလည်း အုပ်စုဖွဲ့နေတတ်သလို၊ အချို့သစ်ပင်များပင် အုပ်စုလိုက် ရှိနေတတ်တာကို သတိထားမိမှာပါ။ ဒီတော့ ဒီလိုအုပ်စုဖွဲ့နေတတ်တဲ့သဘာဝစရိုက်ရှိတဲ့ သက်ရှိတိုင်းအတွက် "ငါ"ဆိုတဲ့ တစ်ဦးချင်းစီဟာ "အုပ်စု၊ အသိုင်းအ၀ိုင်း"ဆိုတာနဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ရှင်သန်နေထိုင်ကြရတာလည်း သဘာဝကျပါတယ်။ ဒါ့ကြောင့် သဘာဝကျကျဆက်ပြောရရင်တော့ "ငါ့အကျိုး" နဲ့ "အများအကျိုး၊ ဘုံအကျိုး၊ အဖွဲ့အစည်းရဲ့အကျိုး" ဟာလည်း တစ်ခုမှတစ်ခု ဘယ်ထုတ်လို့မရအောင် အရေးပါနေတာကို သတိထားမိမှာပါ။
ကျနော်တို့တတွေ ဘောလုံးကစားနည်းကို ကောင်းကောင်းနားလည်ကြမှာပါ။ ဘောလုံးကစားနည်းဟာ တစ်ဦးတစ်ယောက်တည်း ယှဉ်ပြိုင်ရတဲ့ကစားနည်းမဟုတ်ဘဲ အဖွဲ့လိုက် ကစားရတဲ့ ကစားနည်းတစ်မျိုးပါပဲ။ ဒီလို အဖွဲ့လိုက်ကစားနေရင်းနဲ့ ကစားသမားတစ်ဦးချင်းစီကလည်း မိမိတို့အကျိုးကို ရှာယူနိုင်ပါတယ်။ ဥပမာ- တိုက်စစ်မှူးဟာ ဂိုးများများသွင်းခြင်းအားဖြင့် ထင်ပေါ်ကျော်ကြားလာနိုင်ပြီး မိမိအတွက် သီးသန့်အကျိုးကိုခံစားရနိုင်ပါတယ်။ အဲဒီလိုပဲ အလယ်တန်းမှာကစားတဲ့သူ၊ နောက်တန်းမှာကစားတဲ့သူ၊ ဂိုးဖမ်းသမား စသဖြင့် မိမိတို့ရဲ့အရည်အချင်းအတိုင်း ကိုယ်ကျိုးရရှိနိုင်ပါတယ်။ ဒါပေမယ့် တကယ့်ရည်မှန်းချက်အောင်မြင်မှုဟာ အသင်းရဲ့အောင်မြင်မှုပါပဲ။ အသင်းဟာ ဂိုးများများသွင်းပေးတဲ့ ကစားသမားတစ်ယောက်တည်းကြောင့် ကစားပွဲကို အနိုင်ရတာမဟုတ်ပါ။ ကစားသမားတိုင်း သူ့နေရာနဲ့သူ တော်ပြီး အသင်းလိုက် စည်းလုံးမှု၊ အကွက်စေ့မှုနဲ့ ကြိုးစားကြလို့သာ အနိုင်ရတာပါ။ ဒါ့ကြောင့် ကစားသမားတစ်ဦးချင်းစီနဲ့ အသင်းဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီလို အချင်းချင်းမှီခိုနေပါတယ်။ ကမ္ဘာကျော်အင်္ဂလိပ်ဘောလုံးအသင်း လီဗာပူးအသင်းရဲ့ ဆောင်ပုဒ်လေးကို သဘောကျမိပါတယ် - You will never walk alone!
ကျနော်တို့ရဲ့ နိုင်ငံတော်၊ ပြည်ထောင်၊ ပြည်နယ်၊ လူ့အဖွဲ့အစည်း၊ အသိုင်းအ၀ိုင်း၊ မိသားစု တွေနဲ့ ကျနော်တို့ တစ်ဦးချင်းစီဟာလည်း အပြန်အလှန်မှီခိုနေရသလို ကိုယ့်အကျိုးနဲ့ နိုင်ငံ့အကျိုး၊ ပြည်ထောင်စုအကျိုး၊ ပြည်နယ်အကျိုး၊ မိသားစုအကျိုး စတာတွေလည်း တစ်ခုမှတစ်ခု ဖယ်ထုတ်လို့မရအောင် ချိတ်ဆက်နေပါတယ်။ နိုင်ငံမတိုးတက်ခြင်းဟာ မိမိအတွက်လည်း အကျိုးထိခိုက်စေသလို၊ မိမိရဲ့အကျိုးထိခိုက်ခြင်းဟာလည်း နိုင်ငံတိုးတက်ဖို့ အတားအဆီးဖြစ်စေပါတယ်။ မိသားစုအကျိုးထိခိုက်တာ မိမိအကျိုးထိခိုက်တာပါပဲ။ မိမိအကျိုးထိခိုက်တာလည်း မိသားစုအကျိုးထိခိုက်ပါတယ်။ ဒီလိုဆိုတော့ ကျနော်တို့မှာ double duty -တာဝန်နှစ်ထပ်-ရှိနေတာ သေချာနေပါပြီ။ ဒါ့ကြောင့် အများအကျိုး (သို့) ဘုံအကျိုးကို ကျနော်တို့ရဲ့ အရေးပါမှုထဲက ဖယ်ထုတ်လို့မရပါဘူး။ ဒါဟာ တာဝန်ဝတ္တရားတစ်ခုပါ။
ပုပ်ရဟန်းမင်းကြီး ဂျွန် (၂၃)က ဒီဘုံအကျိုးကို "လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ စုပေါင်းအခြေအနေတွေဖြစ်ပြီး အဲဒီစုပေါင်းစုအခြေအနေကြီးကနေ လူအုပ်စုလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းစီသော်လည်းကောင်း သူတို့ရဲ့ပန်းတိုင်ဆီကို ပိုပြီးခိုင်မာစွာနဲ့ ပိုပြီးလွယ်ကူစွာ ရောက်ရှိနိုင်အောင်၊ ရည်မှန်းချက်တွေပြည့်အောင် လမ်းဖွင့်ပေးပါတယ်"လို့ Materet Magistra စာချွန်တော်ထဲမှာ မိန့်ဆိုခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဂျွန် (၂၃)ရဲ့ မိန့်ဆိုချက်ကို ထပ်မံရှင်းပြရမယ်ဆိုရင်တော့ ဒီလိုပါ။ ကျနော်တို့ တစ်ဦးချင်းစီဖြစ်ဖြစ်၊ အဖွဲ့လိုက်ဖြစ်ဖြစ် အောင်မြင်တိုးတက်ချင်ကြပါတယ်။ စီးပွားရေးပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပဲဖြစ်ဖြစ်၊ ကျန်းမာရေးပဲဖြစ်ဖြစ်၊ နောက်ဆုံး ဘာသာရေးပဲဖြစ်ဖြစ် လူ့ဘ၀ လူ့အဖွဲ့အစည်းရဲ့ ကောင်းကျိုးတွေကို လူတိုင်းလူတိုင်း လိုချင်တပ်မက်ကြတာ မဆန်းပါဘူး။ ဒါ့ကြောင့် ဒီလိုအကျိုးကျေးဇူးတွေကို တစ်ဦးချင်းစီ တကိုယ်ကောင်းဆန်ဆန်နဲ့ လုယူပြိုင်ဆိုင် ရယူနေကြမယ်ဆိုရင် ဆိုးယုတ်မှုတွေသာ ဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ တစ်ဦးချင်းစီရဲ့ အားအင်တွေ၊ အရည်အချင်းတွေကို အဖွဲ့အစည်းလိုက် ပေါင်းစည်းပြီး အတူတကွ ကြိုးစားကြရင်တော့ အထက်ကပြောတဲ့အကျိုးကျေးဇူးတွေကို ရဖို့ပိုပြီးသေချာသလို ပိုပြီးလွယ်ကူပါတယ်။
မြန်မာစကားပုံလိုပဲ - အတူရွေ့ရင် ရွေ့နိုင်ပါတယ်။ ဒီလို အတူတူ ရွေ့ကြတဲ့အခါ မျှော်မှန်းထားတဲ့ဘုံပန်းတိုင်ကိုရောက်ဖို့ ဆက်ကပ်ရတာတွေလည်း ရှိနေတတ်ပါတယ်။ တကယ့်ကို ဆက်ကပ်ရတဲ့အချိန်တွေ ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ အဲဒီလို ဆက်ကပ်နေတဲ့သူကို ပစ်ထားပြီး ဘုံပန်းတိုင်ကြီးကိုပဲ အတ္တဆန်ဆန်နဲ့ ဦးတည်နေရမှာမဟုတ်ဘဲ ဒီဘုံပန်းတိုင်ကြီးဆီရောက်ဖို့ အဲဒီဆက်ကပ်နေတဲ့သူတစ်ဦးဟာ ဘယ်လောက်အရေးပါသလဲဆို သဘောပေါက်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီလို ဆက်ကပ်နေရတဲ့သူတွေကိုလည်း စာနာပေးရမယ်၊ ဂရုစိုက်ပေးရမယ်၊ အားပေးရမယ်၊ ပြန်လည်ဖေးမကြရမှာဖြစ်ပါတယ်။ ဘုံပန်းတိုင်ကိုရောက်ဖို့ အသင်းထဲမှာရှိတဲ့ မည်သူမဆိုဟာ လျစ်လျူရှုခြင်းမခံရသင့်သလို၊ ဂရုမစိုက်ဘဲ ပစ်ထားခြင်းလည်း မခံရသင့်ပါ။ တန်းတူအကျိုးခံစားခွင့် အပြည့်အ၀ရှိကြပါတယ်။ ဒီအတွက် Solidarity - အချင်းချင်းစာနာစိတ် ရှိကိုရှိပါလိမ့်မယ်။ ဒီလို Solidarity -ကိုယ်ချင်းစာစိတ်ရှိခြင်းဟာ ကျနော်တို့အချင်းချင်း တစ်ဦးနဲ့တစ်ဦး အချင်းချင်း အပြန်အလှန် စောင့်ရှောက်သူအဖြစ် မြင်စေပါတယ်။ ဒီလိုမြင်နိုင်မှ ကျနော်တို့အချင်းချင်း "စည်းလုံးညီညွတ်ကြပြီး မိမိနေထိုင်ရာ လူ့ဘောင်အဖွဲ့အစည်းကို အကောင်းဆုံး ဆောက်တည်နိုင်လာကြမှာ"ဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဖတ်ခြင်းအားဖြင့် "ငါလုပ်မှ ငါစားရမှာ" "ငါငတ်ရင် ဘယ်သူမှ ပေးမှာမဟုတ်ဘူး" "ငါသာလျှင် ငါဘုရင်" စတဲ့ တကိုယ်ကောင်းဆန်တဲ့အတ္တအတွေးတွေကို စွန့်လွတ်နိုင်ပြီး "ငါနေတဲ့ ဒီလူ့ဘောင်အဖွဲ့အစည်းမှာ ငါလည်း တစ်ယောက်အပါအ၀င်မို့၊ ငါနဲ့ ဒီလူ့ဘောင်အဖွဲ့အစည်းဟာ သူ့အကျိုးကိုယ်ပေး ကိုယ်အကျိုးသူပေးနေပါလား"ဆိုတဲ့ လောကနိယာမကြီးကို နားလည်သဘောပေါက်ပြီး ကျနော်တို့နေထိုင်နေတဲ့ လူ့ဘောင်အဖွဲ့အစည်းကြီးမှာ အမျးအကျိုးပြုရင်း ကိုယ်ကျိုးအောင်နိုင်ပါတယ်ဆိုတဲ့ စိတ်ထားလေးများ မွေးမြူလာနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


ဒိုမီနီကန်ကိုရင်

Sunday, 30 June 2019

၁၃ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့

ထာဝရဘုရားသခင်သည် ငါ၏အမွေတော်ဖြစ်တော်မူ၏။ 
အထက်ပါ စာကြောင်းလေးဟာ ဆာလံကျမ်း ၁၆း၅ မှဖြစ်ပါတယ်။ ထူးထူးခြားခြား ဘုရားတရားကိုမှ မိမိရဲ့အမွေအဖြစ် ဆာလံရေးစပ်သူက ကြွေးကြော်ထားတာဖြစ်ပါတယ်။ ကျနော်တို့တတွေဟာ လူရယ်လို့ဖြစ်လာပြီး လူ့ဘ၀ထဲမှာ နေထိုင်အသက်ရှင်ကြတဲ့အခါ လူ့ဘ၀ချမ်းသာရေးသာမက တမလွန်ဘ၀ကောင်းစားရေးအတွက်ပါ ကြိုးစားနေထိုင် အသက်ရှင်တတ်ကြပါတယ်။ လူ့ဘ၀ချမ်းသာကြွယ်ဝမှုတွေကိုတော့ မိမိရဲ့နောင်လာနောင်သားတွေကို အမွေအဖြစ် ချန်ထားခဲ့ကြရမှာဖြစ်ပြီး တမလွန်ဘ၀ကောင်းစားရေးကိုတော့ မိမိကိုယ်တိုင်က အမွေဆက်ခံသူဖြစ်လာမှာပါ။ ဘယ်သူ့ဆီက အမွေဆက်ခံရမလဲဆိုတော့ ဘ၀တစ်ခုလုံးရဲ့အရှင် ထာဝရဘုရားသခင်ဆီကနေ အမွေဆက်ခံရရှိမှာဖြစ်ပါတယ်။ ကျနော်တို့ခရစ်ယာန်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ကောင်းကင်နိုင်ငံတော်ကို အမွေရရှိကြမှာပဲဖြစ်ပါတယ်။ သံမာတေဦးကျမ်းက မင်္ဂလာတရားတော် ရှစ်ပါးမှာ ဘယ်လိုလူမျိုးတွေဟာ ဘယ်လိုအမွေတွေရရှိကြမယ်ဆိုတာကို ခရစ်တော်က အတိအလင်း ဟောကြားသွန်သင်ခဲ့ပါတယ်။ အတွင်းစိတ်၌ဆင်းရဲသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကာ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။ 
တကယ်တော့ ကျနော်တို့တတွေလူ့ဘ၀ စတင်ကတည်းက တမလွန်ကောင်းစားရေး၊ ကောင်းကင်နိုင်ငံတော်ကို စတင်အမွေခံရရှိကြပါတယ်။ မိရိုးဖလားကိုးကွယ်ခြင်းဆိုပြီး မိဘတွေကနေတဆင့် ယုံကြည်ခြင်းအမွေကို ရရှိကြပါတယ်။ ဒါပေမယ့် ဒီအမွေကို ကျနော်တို့ကိုယ်တိုင် ကောင်းကောင်းအသုံးချ ထိန်းသိမ်းကာမှ တကယ့်တမလွန်ဘ၀ရဲ့ ကောင်းကင်နိုင်ငံတော်ကို သေချာ ရရှိမှာဖြစ်ပါတယ်။ အချိန်တန် အရွယ်ရောက်လာလို့ လူလားမြောက်လာတဲ့အခါ စဉ်းစားတတ်လာပြီး ဝေဖန်သုံးသပ်ကာ ကိုယ်ကိုတိုင်က ဘဏ္ဏာစိုးလို စီမံခန့်ခွဲနိုင်ရမှာပါ။ မိဘဆီကရလာတဲ့ ယုံကြည်ခြင်းအမွေဟာ မိမိရဲ့လက်ထဲမှာ ဘယ်လိုဘယ်ပုံစံနဲ့ ကျင့်ကြံနေထိုင်သလဲဆိုတာ မိမိအတွက် အကောင်းဆုံးမေးခွန်းဖြစ်နေပါလိမ့်မယ်။ 
ဒီနေ့ ဖတ်ရတဲ့ ပထမကျမ်းမှာဆိုရင်လည်း ပရော်ဖက်အရိုက်ရာဆက်ခံခြင်းအားဖြင့် ပရော်ဖက်ပြုခြင်းကို အမွေဆက်ခံတဲ့အကြောင်း ရေးသားထားတာကိုတွေ့ရပါတယ်။ ဒီအမွေကို ဧလိယက ဧလိရှကို ပေးကမ်းနေတာပါ။ ဒီအမွေကို ပေးချင်တဲ့သူကို ပေးလို့မရပါ။ အမွေပိုင်ရှင် ထာဝရဘုရားသခင် အလိုတော်ရှိတဲ့သူကိုသာ ပေးကမ်းရပါတယ်။ ဒီနေ့ ဘုရားသခင်ရွေးချယ်ခဲ့တာက ဧလိရှဖြစ်လို့ သူ့ကိုသာ ဘိတ်သိပ်ဆီသွန်းလောင်းပြီး ပေးရမှာပါ။ ဒါပေမယ့် ဧလိရှက မိဘတွေကို အရင်အလုပ်အကြွေးပြုစုခွင့်ရခဲ့ပြီးမှ ဒီအမွေကို လက်ခံခဲ့ပါတယ်။ အလားတူပဲ ဧ၀ံဂေလိကျမ်းမှာတော့ ဘုရားသခင်ရဲ့ တပါးတည်းသော သားတော်ကိုယ်တိုင်ရဲ့ တပည့်ဖြစ်ခြင်းအမွေကို ပေးကမ်းနေတာ တွေ့ရပါလိမ့်မယ်။ ပထမ ဆာမာရိတန်ရွာကို ၀င်ပြီး ဘုရားသခင်ရဲ့အမွေကို ပေးဖို့ကြိုးစားပေးမယ့် ဆာမာရိတန်ရွာသားတွေက လက်မခံခဲ့ကြပါဘူး။ ထို့အတူ အခြားရွာတွေကိုသွားတော့လည်း အချို့ ကိုယ်တော်နောက်လိုက်ပါမယ်ပြောပေမယ့် ခရစ်တော်က လက်မခံခဲ့သလို တချို့ကျတော့ ခရစ်တော်ကိုယ်တိုင်က နောက်လိုက်ဖို့ တပည့်ဖြစ်ခြင်းအမွေကို တကူးတက ပေးနေခဲ့တာပါ။ ဧလိယလိုမဟုတ်ဘဲ ခရစ်တော်ကတော့ မိဘဆွေမျိုးတွေကို သွားနှုတ်ဆက်ပါဦးမယ် ပြောတာကိုပင် ခွင့်မပေးခဲ့ဘဲ - လူသေကို လူသေများက သင်္ဂြိုလ်ကြပါစေလို့ ခပ်မာမာပြောနေသလိုပါပဲ။ ပြီးတော့ ထွန်တုံးကိုကိုင်ပြီး နောက်လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်တန်လို့ ပြောပါသေးတယ်။ အမှန်တကယ်တော့ ကျနော်တို့ထင်သလို ခရစ်တော်ဘုရားရှင်က ခပ်မာမာပြောနေတာမဟုတ်ပါဘူး။ ခပ်ပြတ်ပြတ်ပြောနေတာပါ။ ဘာကြောင့်လဲဆိုတော့ ဘုရားရဲ့တပည့်တော်ဖြစ်ခြင်းဟာ ခပ်လွယ်လွယ်နဲ့မရနိုင်သလို၊ ခပ်ပေါ့ပေါ့လည်း မရနိုင်လို့ပါပဲ။ ကျနော်တို့လူသားတွေရဲ့ အကြောင်းပြချက်ပေးတတ်တဲ့ စိတ်ဟာ ဒီလို အမွေမျိုးနဲ့လွဲချော်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ခပ်ပြတ်ပြတ် ပြောဖို့လိုနေတာပါ။ နောက်ပြီးတော့ ကျနော်တို့တတွေဟာ လောကခဏတာ ကြာရှည်ခံမယ့်အရာတွေမှာ အချိန်ဖြုန်းပြီး နောင်ဘ၀သုခ အမွေနဲ့ လွဲမသွားစေချင်တဲ့ စေတနာလည်းဖြစ်ပါတယ်။ ကျနော်တို့ကို ဒီလောက အရာတွေကနေ လွတ်မြော်ကစေချင်တာပါပဲ။ ဒါ့ကြောင့် ဒုတိယကျမ်းဖြစ်တဲ့ ဂါလားဆီယာသြ၀ါဒစာထဲမှာ သံပေါလူးက Freedom -လွတ်လပ်ခြင်း-ကို သေသေချာချာ ရှင်းပြထားပါတယ်။ လူရယ်လို့ဖြစ်လာရင် လောဘ မောဟနဲ့ စွဲလန်းခြင်းတွေဟာ နည်းမျိုးစုံနဲ့ ကျနော်တို့ကို ဒီကမ္ဘာလောကကြီးက နှောက်ယှက်နေသလိုပါပဲ။ ခရစ်တော်ကိုယ်တိုင် ဒီနှောက်ယှက်ခြင်းကို ကြုံခဲ့ရတာပါ။ သံမာတေဦး ၄း၈-၉မှာ စာတန်နတ်ဆိုးက ကိုယ်တော့်ကို အလွန်မြင့်မားတဲ့တောင်ပေါ်ခေါ်သွားပြီး လောကတိုင်းနိုင်ငံအပေါင်းနဲ့ ၎င်းတို့ရဲ့ဘုန်းစည်းစိမ်တို့ကိုပြပြီး နှောက်ယှက်ခဲ့တာပါ။ 
ချစ်စွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ အရင်ဆုံး ကျနော်တို့စဉ်းစားရမှာက -ကျနော်တို့တတွေဟာ ဒီကမ္ဘာလောကမှာ တဘ၀စာပဲ အသက်ရှင်နေကြတာလား ဒါမှမဟုတ် နောင်ဘ၀အတွက်ပါ အသက်ရှင်ကြသလားပေါ့။ တဘ၀စာအတွက်ရှင်သန်တယ်ဆိုရင်တောင်မှ အမွေကောင်းရမှ၊ ရတဲ့အမွေကောင်းကိုလည်း သေချာအသုံးချနိုင်မှ၊ သေချာစီမံခန့်ခွဲနိုင်မှ ဒီဘ၀ကောင်းစားဖို့ အာမခံချက်ရှိမှာပါ။ နောင်ဘ၀ထိအောင် ကောင်းစားနိုင်ဖို့အရေး၊ ကောင်းကင်နိုင်ငံတော်ကို အမွေခံဖို့အရေးဆိုရင်တော့ ခပ်လွယ်လွယ်နဲ့တော့ မရဘူးဆိုတာ နားလည်ကြမှာပါ။ ဒါ့အပြင် ဒီကောင်းကင်နိုင်ငံအမွေကို လောကပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝမှုတွေနဲ့ လှဲလှယ်လို့ မရဘူးဆိုတာ ခရစ်တော်ကိုယ်တိုင် မိန့်ဆိုထားတာပါ။ ဒါ့အပြင် ပိုးစား ချတက်တဲ့ လောကဘဏ္ဏာထက် ပိုးမစား ချမတက်နိုင်တဲ့ ကောင်းကင်ဘဏ္ဏာကို စုဆောင်းကြဖို့လည်း တိုက်တွန်း သတိပေးထားပါတယ်။ ဒီနေ့ ကက်သလစ်အသင်းတော်ကြီးမှာလည်း ကနဦးမှစလို့ ဒီနေ့ထိအောင် ယုံကြည်ခြင်းအမွေကို သေချာ စောင့်ရှောက်လက်ဆင့်ကမ်းလျက်ရှိပါတယ်။  
ချစ်စွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ အမွေဆိုတာ ထိုက်မှရတယ်လို့ ဆိုရိုးရှိပါတယ်။ ဒါ့ကြောင့် ကောင်းကင်နိုင်ငံအမွေကို ထိုက်ဖို့ ကျနော်တို့တတွေလည်း နှုတ်တော်ထွက်တရားတော်အတိုင်း လက်ခံကျင့်ကြံနေထိုင်ရင်း အကောင်းဆုံးပြင်ဆင်ကြပါစို့။ ထာဝရဘုရားသခင်သည် ငါ၏အမွေတော်ဖြစ်တော်မူ၏။ 

ဒိုမီနီကန်ကိုရင်

Wednesday, 26 June 2019

ဘုံကျူးသောအပြစ် (သို့) ဘုံအပြစ်



အပြစ်လို့ပြောလိုက်ရင် ကျနော်တို့တတွေက တစ်ဦးတစ်ယောက်ချင်း တစ်သီးတခြား ကျုးလွန်ကြတာကိုပဲ ပေးမြင်မိကြပါတယ်။ တကယ်တော့ ဒါကို ကက်သလစ်အသင်းတော်မှာတော့ တစ်ဦးတည်းကျူးလွန်တဲ့ ကိုယ်ရေးကိုယ်တာအပြစ်လို့ သွန်သင်ထားပါတယ်။ ဒီ့အတွက်ကြောင့်ပဲ အာပတ်ဖြေခြင်းစက္ကရမင်တူးကို ပြုလုပ်ကြတဲ့အခါတိုင်း တစ်ဦးချင်းစီ ဘုန်းတော်ကြီးဆီချည်းကပ်ပြီး ကိုယ်ရေးကိုယ်တာ အပြစ်များကို အာပတ်ဖြေဆိုကြပြီး ဘုရားသခင်ရဲ့အပြစ်ခွင့်လွတ်ခြင်းကို ရယူကြပြီး အသင်းတော်နဲ့ပြန်လည်ကြေအေးသင့်မြတ် လာကြပါတယ်။ ကိုယ်တိုင်ကျူးလွန်တဲ့အပြစ်အတွက် ကိုယ်တိုင်ဖြေဆိုကြတာပေါ့။ တခြားသူတွေကျူးလွန်တဲ့အပြစ် ကိုယ်နဲ့ဘာဆိုင်လဲပေါ့။ တကယ်တော့ ကက်သလစ်အသင်းတော်ရဲ့သွန်သင်ချက်မှာ အခြားသူတွေကျူးလွန်တဲ့အပြစ်ဟာလည်း ကိုယ်နဲ့သက်ဆိုင်နိုင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အလိုတူအလိုပါ အပြစ်တွေပေါ့ဗျာ။ ဒါကို ဘုံကျူးတဲ့အပြစ်လို့ ခေါ်ပါတယ်။ ဘုံကျူးတဲ့အပြစ်ဟာ ဘယ်လိုအပြစ်မျိုးဖြစ်မလဲလို့ စဉ်းစားနေမိမှာပါ။

ဘုံကျူးတဲ့အပြစ်ဟာ အဖွဲ့အစည်းတစ်ခုအတွင်း၊ အုပ်စုတစ်စုအတွင်းမှာ ရှိနေနိုင်ပါတယ်။ လူအချင်းချင်းနှိပ်စက်ကြတဲ့ လူ့အဖွဲ့အစည်းအတွင်း၊ လူ့ဂုဏ်သိက္ခာတွေကို တန်ဖိုးမထားဘဲ ချိုးဖောက်နေကြတဲ့ လူ့အဖွဲ့အစည်းအတွင်း၊ အခြေခံလူ့အခွင့်အရေးတွေကို ဖိနှိပ်ပြီး အဆင့်အတန်းခွဲ့ခြားကြတဲ့လူ့အဖွဲ့အစည်းအတွင်း၊ တရားမျှတမှုနဲ့ တန်းတူအခွင့်ရေးတွေကို မျက်ကွယ်ပြုပြီး လူနည်းစုကောင်းစားဖို့အတွက် မတရားမှုတွေနဲ့ ဒုစရိုက်မှုတွေကို ကျူးလွန်းနေကြတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ဘုံကျူးတဲ့အပြစ်တွေ ပြည့်နေပါတယ်။ ဒီလို လူ့အဖွဲ့အစည်းအတွင်းမှာ နေထိုင်ချိန် မိမိကိုယ်တိုင်လည်း ဘုံကျူးတဲ့အပြစ်ရဲ့ တရားခံတွေထဲက တရားခံတစ်ဦး ဖြစ်နေနိုင်ပါတယ်။ ဒါကို ကက်သလစ်အသင်းတော်ရဲ့ Compendium of the Social Doctrine of the Church မှာ “အချို့အပြစ်တွေဟာ တစ်စုံတစ်ယောက်ရဲ့ နီးစပ်သူအား ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်ဖို့ရန် သေချာအကွက်ချ စီစဉ်ထားတဲ့ အပြစ်တွေပါ။ ဘုံအပြစ်ဟာ တစ်ဦးနဲ့တစ်ဦးကြား၊ တစ်ဦးနဲ့အဖွဲ့အစည်းတစ်ခုအကြား၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြားမှာ တရားမျှတခြင်းအား ဆန့်ကျင်ကျူးလွန်တဲ့အပြစ်ပဲဖြစ်ပါတယ်။” ကက်သလစ်ဓမ္မသဂြုပညာရှင် Gregory Baum ကလည်း ဘုံအပြစ်နဲ့ပတ်သက်ပြီး အခုလိုပြောဆိုထားပါတယ်။ -“ကိုယ်ရေးကိုယ်တာ အပြစ်ကို လွတ်လွတ်လပ်လပ်ရွေးချယ်ကျူးလွန်တတ်ကြပေမယ့် ဘုံအပြစ်ကတော့ အစုလိုက်မျက်စိ ကွယ်နေသလိုပါပဲ။” အမှန်တကယ်ပါပဲ- ကျနော်တို့လူသားတွေဟာ တခါတရံ အုပ်စုလိုက် မျက်စိကန်းနေတတ်ပါတယ်။ အများမိုးခါးရေသောက်သလို ကိုယ်လည်း လိုက်သောက်နေတတ်ပါတယ်။ ဒါကို သတိထားမိဖို့ဆိုတာ ကျနော်တို့တတွေကိုယ်တိုင် တခါတလေ အဲဒီအဖွဲ့အစည်းအပြင်ဘက် ထွက်ကြည့်တတ်ဖို့ လိုပါလိမ့်မယ်။ တခြားသူတွေရဲ့ ရှုထောင့်ကနေ ပြန်ကြည့်တတ်ဖို့ လိုပါလိမ့်မယ်။ ဒါတွေကို ကျနော်တို့ သတိထားမိပြီဆိုရင်တော့ ဘုံကောင်းစားဖို့၊ အများသူများ ကောင်းစားဖို့၊ တရားမျှမှုတွေကို ပြန်လည် ထုတ်ဖော်လာနိုင်မှာပါ။ တကယ်တော့ ကျနော်တို့ကိုယ်တိုင် တစ်ယောက်တည်းနေလို့မရတဲ့ သတ္တ၀ါတွေဖြစ်တာမို့ တကိုယ်တော်ကောင်းစားဖို့အရေး တစ်ခုတည်းနဲ့တော့ မရှင်သန်နိုင်ကြတာ အမှန်ပါပဲ။ ဒ့ါကြောင့် အဖွဲ့အစည်းအတွင်း အများသူငှာ ကောင်းစားဖို့အရေးဟာလည်း ကိုယ်နဲ့တနည်းတဖုံ ဆက်စပ်နေပါတယ်။

ခရစ်ယာန်သမ္မာကျမ်းစာမှာဆိုရင်လည်း အစ္စရေးလူမျိုးစု တစ်စုလုံးနဲ့တင်စားပြီး အားလုံးရဲ့ ဘုံအပြစ်ကို ဦးစားပေးပြောလေ့ရှိတာကို သတိထားမိပါလိမ့်မယ်။ အစ္စရေးလူမျိုးတွေ ဘာဘီလုံမင်းရဲ့လက်အောက်မှာ ကျွန်ဘ၀ရောက်ခဲ့ရတာ ဘုံအပြစ်ကြောင့်ပါပဲ။ ထို့အတူ အီဂျစ်ဘုရင်ရဲ့လက်အောက်မှာ ကျွန်ဘ၀ရောက်ခဲ့ရတာလည်း ဘုံအပြစ်ကြောင့်ပါပဲဆိုပြီး ဘုရားသခင်က ပရော်ဖက်တွေကနေတဆင့် သတိထားမိအောင် ဟောပြောခိုင်းခဲ့ပါတယ်။ ပြီးတော့ လူမျိုးစုတစ်စုလုံး နောင်တယူပြီး သမ္မတရားဘက်ကို ပြောင်းလဲဖို့ “နောင်တရကြလော့။”ဆိုပြီး ဟောပြောစေခဲ့ပါတယ်။ အာဒံနဲ့ဧ၀တို့ကျူးလွန်ခဲ့တဲ့အပြစ်ဟာလည်း ဘုံအပြစ်ဖြစ်တာမို့ နောက်ဆုံးသောနေ့ထိအောင် လူသားထုတစ်ခုလုံး အကျိုးဆက်အနေနဲ့ခံစားနေရတာပါပဲ။ ဒါ့ကြောင့်မို့ ကိုယ်ရေးကိုယ်တာအပြစ်တွေကိုသာမဟုတ်ဘဲ ဘုံအပြစ်ကို အထူးပြောခဲ့တာ တွေ့ရပါတယ်။ အပြစ်ဆိုတာကိုက အားလုံးနဲ့သက်ဆိုင်တဲ့ သဘောသဘာဝ ရှိနေတယ်ဆိုတာကို ပြသတာပါပဲ။ သံပေါလူးကလည်း “အပြစ်နဲ့သေခြင်းတရားဟာ လောကတစ်လုံးကို လွှမ်းမိုးနေတယ်” လို့မိန့်ဆိုထားပါတယ်။ ဒါ့ကြောင့် ဒါတော့ ငါကျူးလွန်တာမဟုတ်ဘူး၊ ဒါတော့ သူကျူးလွန်တယ်ဆိုပြီး ဟိုဟိုဒီဒီလက်ညိုးထိုး စွပ်စွဲနေရုံနဲ့ မပြီးပါဘူး။ Napoleon ပြောသလိုပဲ ကမ္ဘာကြီးမှာ ဒုက္ခဝေဒနာတွေနဲ့ပြည့်နေရတာဟာ မကောင်းတဲ့လူတွေ အကြမ်းဖက်လို့မဟုတ်ဘဲ ကောင်းတဲ့လူတွေ တိတ်ဆိတ်နေလို့ ဖြစ်ရတာဆိုသလိုပေါ့။ ဒီလို တိတ်ဆိတ်နေတာဟာ တိတ်တဆိတ်အပြစ်ကျူးသူပါပဲ။ အထူးသဖြင့် တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေဟာ တိတ်ဆိတ်နေလို့မရဘဲ ၀တ္တရားရှိကိုရှိနေတယ်ဆိုတာ သတိထားနိုင်ကြပါစေ။

ဒိုမီနီကန်ကိုရင်

Saturday, 22 June 2019

ကိုယ်တော်မြတ်ပွဲနေ့ကြီး


ဒီနေ့ ကက်သလစ်အသင်းတော်အတွင်းမှာ နက်နဲဖွယ်ရာအထွဉ်အထိပ်ဖြစ်တဲ့ ကိုယ်တော်မြတ်ပွဲတော်ကြီးကို ရှေးဦးခရစ်ယာန်များရဲ့ ယုံကြည်ခြင်းအစဉ်အလာအတိုင်း သက်သေခံကျင်းပနေကြပါတယ်။ ကျနော်တို့ လောကလူသားတွေအတွက် ခရစ်တော်ဘုရားရှင်ပေးခဲ့တဲ့ လက်ဆောင်တွေထဲမှာ ဒီကိုယ်တော်မြတ် စက္ကရမင်တူးဟာ တန်ဖိုးအကြီးဆုံးပါပဲ။ ဒါဟာ ကျနော်တို့ခရစ်ယာန်တွေအတွက် နေ့စဉ်ဝိညာဉ်အဟာရ ဖြစ်သလို ဘုရားသခင်ကိုယ်တော်တိုင် ကျနော်တို့နဲ့အတူရှိနေခြင်း-အမှန်တကယ် ရှိနေခြင်း-ပါပဲ။ ဒါ့ကြောင့် ဒီပွဲကိုယ်တော်မြတ်ပွဲတော်ကြီးဟာ ကျနော််တို့နဲ့အတူရှိတော်မူသော ဘုရား- အေမာနုအဲလ် ပွဲတော်ကို ကျင်းပကြတာပါပဲ။ ဒီလိုကျင်းပခြင်းအားဖြင့် လူတို့ရဲ့လုပ်အားက ထွက်ရှိလာတဲ့ မုန့်နဲ့စပျစ်ရည်ရဲ့ အဆင်းသဏ္ဍာန်အောက်မှာ ရဟန်းမှတဆင့် သန့်ရှင်းသော ၀ိညာဉ်တော်ရဲ့ တန်ခိုးအားဖြင့် ခရစ်တော် ဘုရားရှင်ဟာ အမှန်တကယ် တည်ရှိလာခဲ့ပါတယ်။ ဒါကို ပိုပြီးအသက်ဝင်သွားအောင် ဒုတိယကျမ်းမှာ ဖတ်ရှုခဲ့ရတဲ့သံပေါလူးရဲ့ စကားသံအချို့ကို ပြန်လည် နားထောင်ကြည့်စေချင်ပါတယ်။

«ယေဇူးသခင်သည် ရန်သူ၏လက်သို့ အပ်နှံခြင်းခံရသည့်ည၌ မုန့်ကိုယူ၍၊- ကျေးဇူးတင်ချီးမွမ်းပြီးနောက် မုန့်ကိုဖဲ့၍ ဤအရာသည် သင်တို့အဖို့ဖြစ်သော ငါ၏ခန္တာကိုယ်ဖြစ်၏။ ငါ့ကို အောက်မေ့သတိရခြင်းငှာ ဤအမှုကိုပြုကြလော့ဟု မိန့်တော်မူ၏။ ထိုနည်းတူ ညစာစားပြီးနောက် ခွက်တော်ကိုလည်း ယူတော်မူလျက် ဤခွက်သည် ငါ၏သွေး၌တည်သော ပဋ္ဋိညာဉ်အသစ်ဖြစ်၏။ ဤခွက်ကို သင်တို့သောက်ကြသည့်အခါတိုင်း ငါ့ကို အောက်မေ့သတိရခြင်းငှာ ဤအမှုကို ပြုကြလော့ဟု မိန့်တော်မူ၏။» ၁ကော် ၁၁း၂၃-၂၆

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ နေ့စဉ်နေ့တိုင်း ကျနော်တို့ ကျင်းပပူဇော်နေကြတဲ့ ဒီမစ္ဆားတရားတော်မြတ်မှာ ရဟန်းတော်မှတဆင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖန်ဆင်းပြုလုပ်တဲ့ ဒီဂျုံမှုန့်ဟာ ယေဇူးဘုရားရှင်ရဲ့ ကိုယ်ခန္တာတော် အစစ်မှန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ခရစ်တော်ဘုရားရှင်ကိုယ်တိုင် “ငါ၏ခန္တာကိုယ်ဖြစ်၏။”လို့ အတိအလင်း မိန့်ဆိုခဲ့တာပေါ့။ ထို့အတူ ရဟန်းတော်မှတဆင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖန်ဆင်းပြုလုပ်တဲ့ ဒီဝိုင်ဟာလည်း ယေဇူးဘုရားရှင်ရဲ့ အသွေးတော်အစစ်အမှန်ဖြစ်ပါတယ်။ ဒါ့ကြောင့် ခရစ်တော်ဘုရားရှင်ကိုယ်တိုင် “ငါ၏အသွေး”လို့ အတိအလင်း မိန့်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ အခုလို ဘုရားကိုယ်တိုင် အတိအလင်းဟောပြော သက်သေပြခဲ့တာကို ကျနော်တို့ ဘယ်လို စောဒက တက်နေနိုင်ဦးမှာလဲ။ သေချာပါတယ် - ကျနော်တို့တတွေ လူ့ဥာဏ်နဲ့တော့ ဒါကို အဖြေထုတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း အမှန်တရားကို ရှာဖွေကြတဲ့အခါ ယုံကြည်ခြင်းဟာလည်း ဥာဏ်နဲ့ တူယှဉ်လို့ ပါရမီဖြည့်ပေးတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါ့ကြောင့် ယုံကြည်ခြင်းနဲ့ အဖြေရှာရမယ့် ပုစ္ဆာလို့ပဲ သဘောထားနိုင်ပါတယ်။ ဒီယုံကြည်ခြင်းနဲ့ အဖြေရှာတဲ့ နက်နဲဖွယ်ရာမှာလည်း သက်သေတွေကတော့ ဒုနဲ့ဒေးပါပဲ။

ဒီနေ့ ကိုယ်တော်မြတ်ကိုပင့်ယူသုံးဆောင်ကြရုံမဟုတ်ဘဲ ကိုယ်တော်မြတ်ဖူးမျှော်သူတွေပါ ရှိပါတယ်။ သူတို့တတွေမှာ သက်သေခံစရာတွေ ဒုနဲ့ဒေးရှိနေပါတယ်။ ဘ၀ရဲ့ဆာလောင်မှုတွေကို သူတို့ဘယ်လို ဖြည့်ဆည်း ရရှိနေတယ်ဆိုတာ လက်တွေ့ပါ။ တကယ်တော့ လူတွေဟာ ဆာလောင်နေမြဲ သားရဲမုဆိုးတွေပါပဲ။ ကျနော်တို့အစွမ်းနဲ့ ကျနော်တို့ ဒီဆာလောင်မှုတွေကို ကြိုးစားဖြည့်ဆည်းကြတယ်။ ဓနဥစ္စာဆာလောင်နေလား ကျနော်တို့ ရှာဖွေကြတယ်။ လောကီပျော်ရွှင်မှုဆာလောင်နေလား ကျနော်တို့တတွေ ရှာဖွေကြတယ်။ ရာထူးတွေ ဂုဏ်တွေ ဘွဲ့တွေ ဆာလောင်နေလား ကျနော်တို့ရှာဖွေကြတယ်။ အောင်မြင်မှုတွေ နယ်ပယ်အသီးသီးမှာ ရချင်ကြလို့ ကျနော်တို့ရှောဖွေကြတယ်။ ဒါတွေ ရလာခဲ့ပေမယ့်လည်း ကျနော်တို့ရဲ့ ဆာလောင်မှု ရပ်တန့်သွားပြီလား။ ဘ၀ဟာ ဆာလောင်မြဲဆာလောင်နေဆဲပါပဲ။ တခါတလေ ဘာကို ဆာလောင်မှန်းမသိဘဲကို ဆာလောင်နေမိတတ်ပါတယ်။ ဒီနေရာမှာ စိန်သောမတ်က ဘာပြောထားသလဲဆိုတော့ - ကျနော်တို့လူသားတွေဟာ ဘုရားသခင်ကိုဆာလောင်ပြီး ဘုရားသခင်ကို ရှာဖွေနေကြတဲ့ ဘ၀ခရီးသည်တွေ ဖြစ်တယ်လို့ ပြောထားပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ မဟာဆာလောင်မှုကြီးပါပဲ။ ဘုရား တရားကို ရှာမတွေ့သရွေ့ ကျနော်တို့ရဲ့ မဟာဆာလောင်မှုကြီးဟာ ဘာကိုဆာလောင်မှန်းမသိဘဲ ဆာတယ်ထင်တာကို ရှာဖွေဖြည့်ဆည်းနေလိုက်ကြတာ အမောစို့လာတယ် - ဆာလောင်မှုက မပျောက်ဘူး။ ဘုရား တရားကို ရှာတွေ့ပြီဆိုရင်တော့ ကျနော်တို့ရဲ့ဆာလောင်မှုဟာ နှစ်သိမ့်မှုသေချာပေါက် ရပါတယ်။ ငြိမ်းချမ်းတယ်။ အေးချမ်းတယ်။

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့၊ ကျနော်တို့ဘ၀မှာလည်း အဓိက မဟာဆာလောင်မှုကြီးကို အရင်ဆုံးဖြည့်ဆည်းနိုင်ကြပါစေ။ ကျန်တဲ့ အသေးအမွှားဆာလောင်မှုတွေဟာ အလိုလို ဖြည့်ဆည်းပြီးသား ဖြစ်လာမှာ အသေချာပါ။ ဒါ့ကြောင့် ခရစ်တော်က သံမာတေဦးကျမ်းမှာ "ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာ ရှာကြလော့။" (မာ ၆း၃၃)လို့ သွန်သင်လမ်းပြထားပါတယ်။ ဘ၀ရဲ့ ဆာလောင်မှုတွေ ကိုယ်တော်မြတ်စက္ကရမင်တူးမှာ ရှာဖွေတွေ့ရှိနိုင်ကြပါစေ။ ဓနဥစ္စာ၊ အာဏာ ရာထူး နဲ့ အပျော်အပါးတွေမှာ ကျနော်တို့ရဲ့ နှလုံးသားကို အကျဉ်းမကျခံရပါစေနဲ့။ "၀န်လေး၍ ပင်ပန်းသူအပေါင်းတို့ ငါ့ထံသို့ လာကြလော့။" လို့ ခရစ်တော်က အမြဲတမ်းဖိတ်ခေါ်နေလျက်ပါ။

ဒိုမီနီကန်ကိုရင်