Saturday, 5 April 2014

ပဉ္စမမြှောက် ၀ါတွင်းတနင်္ဂနွေနေ့


သံယောဟန် ၁၁း၁-၄၅
ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူတို့သည် . . .

ဖတ်ရှုရသည့်ဧ၀ံဂေလိတရားတော်တွင် လာဇရုသေဆုံးခြင်း၊ ဘုန်းဂုဏ်တော်ထင်ရှားစေခဲ့သော ယေဇူးသခင်၊ ယေဇူးသခင်၏မျက်ရည်ကျတော်မူခြင်းနှင့်အတူ သေဆုံးသူလာဇရုအား အသက်ပြန်ရှင်စေတော်မူခြင်း အကြောင်းကို ဆက်စပ်တင်ပြထားပါတယ်။ လာဇရုတစ်ယောက် အသည်းအသန်ဖျားနာနေချိန်တွင် သူ၏အစ်မများက ယေဇူးသခင်ထံ အကြောင်းကြားခဲ့သော်လည်း ကိုယ်တော်ဟာ သူတို့ထံချက်ချင်းမသွားဘဲ အေးအေးဆေးဆေး အချိန်ယူနေခဲ့ပါတယ်။ ထို့ကြောင့် လူတိုင်းက ကိုယ်တော်ရဲ့နှေးကွေးစွာတုန့်ပြန်မှုကို ညည်းတွားနေကြပါတယ်။ ယေဇူးသခင်ဟာ ဘာကြောင့် ထိုကဲ့သို့နှေးကွေးစွာ တုန့်ပြန်ခဲ့ပါသလဲ။ တကယ်တန်းဆို လာဇရုနှင့် ဤမောင်နှမတစ်စုကို ယေဇူးသခင်အလွန်ချစ်မြတ်နိုးပါတယ်။

ယေဇူးသခင်ဟာ လာဇရုတစ်ယောက် သေဆုံးသည့်အခြေအနေရောက်သွားတဲ့အထိ အချိန်ယူနေခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်၏ဘုန်းဂုဏ်တော်ဟာ သေသူတို့ကို ပြန်ရှင်စေတဲ့အခါ ပို၍ပို၍ ထွန်းတောက်တဲ့အတွက်ကြောင့်ပါတဲ့။ တကယ်ဆိုရင် ထိုအချိန်အခါဟာ ဂျူးလူမျိုးတွေကို ကိုယ်တော့်ကို ရန်လိုနေတဲ့အချိန်ဖြစ်ပါတယ်။ ဖာရီဇေးဦးတို့နှင့် ကျမ်းတတ်ဆရာကြီးတို့ရဲ့ မနာလို မုန်းတီးခြင်းဖြင့် လုပ်ကြံဖို့ချောင်းမြောင်း ခံနေရချိန် ဖြစ်ပါတယ်။ သို့သော်လည်း ဘုရားသခင်၏ ဘုန်းဂုဏ်တော်ထင်ရှားဖို့နှင့် လာဇရုအား ကုသဖို့၊ ပြန်ရှင်စေဖို့ရန်အတွက် ထိုအန္တရာယ်တွေကို ကိုယ်တော်ဂရုမစိုက်ပါဘူး။ နောက်ဆုံး သူကိုယ်တိုင်ဟာ ရှင်ပြန်ထမြောက်ခြင်းနှင့် အသက်ဖြစ်ကြောင်း ၀န်ခံသက်သေပြုခဲ့ပါတယ်။

မိတ်ဆွေ၊ ကျွန်ုပ်တို့တတွေလည်း မကြာခဏဆိုသလို ဘုရားသခင်ထံဆုတောင်းတဲ့အခါ ချက်ချင်းမတုန့်ပြန်၍ ညည်းတွားမိကြပါတယ်။ သို့သော်လည်း ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ဘယ်လောက်ချစ်သလဲဆိုတဲ့ အသိစိတ်ဟာ ပျောက်ကွယ်နေပါတယ်။ ယုံကြည်ခြင်းဆိုတာ အပေးအယူပေါ်မှာ မူတည်လာခဲ့ပါတယ်။ အဆိုးရွားဆုံးကတော့ ဒုက္ခနှင့်ကားတိုင်ဟာ ဘုန်းဂုဏ်တော်လမ်းဆိုတာ မေ့နေကြတာပါပဲ။ ယေဇူးခရစ်တော်ကိုယ်တိုင် ဤဒုက္ခနှင့်ကားတိုင်လမ်းကို ရွေးချယ်ခဲ့ပြီး လူသားစစ်စစ်အဖြစ် အကောင်းဆုံးသက်သေစံနမူနာပြသခဲ့ပြီးမှ ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့ အကြီးမြတ်ဆုံးသော ဘုန်းဂုဏ်တော်ကို ရယူခဲ့တာပါ။ ဒါဟာ ကျွန်တော်တို့လူသားတွေ နားလည်စေဖို့အတွက်ပင် ဖြစ်ပါတယ်။ ထို့ကြောင့် ဘုန်းဂုဏ်တော်ဆိုတာ ဒုက္ခနှင့်ကားတိုင်လမ်းမဖြတ်ဘဲ မရောက်ရှိဘူးဆိုတာ စိတ်ထဲမှာ လက်ခံထားဖို့လိုပါတယ်။ ထို့နောက်မှ ထိုဒုက္ခနှင့်ကားတိုင်လမ်းကို ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် အောင်မြင်စွာ လျှောက်လှမ်းကြရမှာဖြစ်ပါတယ်။ ဤသည်ပင် - ဘုန်းဂုဏ်တော်အတွက်ခရစ်ယာန်တို့လမ်းစဉ် ဖြစ်ပါတယ်။

တခါတလေ ဒုက္ခနှင့်ကြုံတွေ့နေတဲ့သူတွေကို ဤသို့ရင်ဆိုင်အားပေးဖူးပါတယ် - ခရစ်တော်ပင် ဒုက္ခတွေကို မညည်းမတွားဘဲ ခံထမ်းပြီး အောင်မြင်တဲ့လမ်းကို ပြသခဲ့ပါတယ်။ ထိုအခါ သူတို့ကို ဆိုကြပါတယ် - သူက ဘုရားလေ၊ ငါတို့က သူ့လို ဘုရားမှ မဟုတ်တာ ဘယ်ခံထမ်းနိုင်မလဲ။

တခါတလေ အမုန်းမီးတောက်နေတဲ့ သူတွေကို ယခုလိုဖြောင့်ဖျဖူးပါတယ် - ငါတို့ဆရာသခင် ခရစ်တော်ပင် သူ့ကိုကားတိုင်ပေါ်တင်သတ်ကြတဲ့သူတွေကို ခွင့်လွှတ်ပေးနိုင်ခဲ့သေးတာပဲ။ ထိုအခါ သူတို့က ဆိုကြပါတယ် - သူက ဘုရားလေ၊ ငါတို့က လူလေ . . . ဘယ်လို နှလုံးသားနဲ့ ခွင့်လွှတ်ပေးရမှာလဲ။

ထို့အတူပဲ သာဓကအများကြီးရှိပါသေးတယ်  - သူဟာ ဘုရားမို့၊ ငါတို့ဟာ လူသားတွေပဲ သူ့လို မကျင့်ကြံနိုင်ဘူး၊ သူ့လို မလုပ်နိုင်ဘူး စသဖြင့်ညည်းတွားတတ်ကြပါတယ်။

မိတ်ဆွေ၊ အကယ်၍ ထိုသို့ညည်းတွားသူများအထဲတွင် သင်နှင့်ကျွန်ုပ်ပါ ပါဝင်နေခဲ့ပါလျှင် ကျွန်ုပ်တို့တတွေဟာ ခရစ်ယာန်မဟုတ်ကြတော့ဘူး။ “စေ”တစ်လုံးပိုင်ရှင် ဘုရားဖြစ်သော်လည်း ကျွန်ုပ်တို့လူသားတွေကို ထို စေ တစ်လုံးနဲ့ မကယ်တင်ဘဲ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်လွှတ်လပ်ခွင့်ကို လေးစားလျက် ကိုယ်တိုင် လက်ခံယုံကြည်ပြီး တန်ဖိုးထားတဲ့ ကယ်တင်ခြင်းတရားကို ပေးဖို့အတွက် လူ့အဖြစ်နဲ့ လူသားစစ်စစ်ဘ၀ကို ခံယူခဲ့တဲ့ ဘုရားရဲ့ စံနမူနာသက်သေတွေကို ကျွန်ုပ်တို့ မေ့ကုန်ကြပြီ။ လူ့အဖြစ်ယူရခြင်းရဲ့ ရည်ရွယ်ချက်တွေကို မေ့ကုန်ကြပြီ။ ဘုန်းဂုဏ်တော်လမ်းစဉ်ကို မေ့ကုန်ကြပြီ။ နောက်ဆုံး ကျွန်ုပ်တို့ကယ်တင်ခြင်းအတွက် အန္တရာယ်ရှိနေပြီ။

မိတ်ဆွေ၊ ယနေ့ ကျွန်ုပ်တို့တတွေလည်း ကျွန်ုပ်တို့ရဲ့ခရစ်ယာန်အဖြစ်၊ ဘ၀တွေကို သေချာသုံးသပ်ကြည့်ကြပါစို့။ ဒုက္ခနှင့်ကားတိုင်လမ်းကို လျှောက်လှမ်းနေပါစေဦး - ထိုလမ်းဟာ ဘုရားသခင်၏ ဘုန်းဂုဏ်တော်နှင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းတရားတို့ ဆက်စပ်လျက်ရှိနေတာကို ယုံကြည်မျှော်လင့် ထားဖို့လိုပါလိမ့်မယ်။ ထို့နောက် ကျွန်ုပ်တို့တတွေဟာ ထာဝရအသက်ကို ပိုင်ဆိုင်စေဖို့ အာမခံချက်ရှိသူများ ဖြစ်ကြောင်း ခရစ်တော်ကိုယုံကြည်ရင်း ခရစ်တော်ပြသပေးခဲ့တဲ့ စံနမူနာလမ်းစဉ်တွေအား ဖြင့် ထို ရှင်ပြန်ထမြောက်ခြင်းနှင့် ထာဝရအသက်ကို ရယူဆွတ်ခူးကြပါစို့။ ယုံကြည်ခြင်းအားမာန်နှင့် မျှော်လင့်ခြင်းတို့ဖြင့် ဒုက္ခနှင့်ကားတိုင်လမ်းပင်ဖြစ်ပါစေ - လျှောက်လှမ်းပါ . . . ကိုယ်တော်ဟာ ကူညီဖေးမပေးဖို့ ဘယ်လိုအန္တရာယ်တွေကို ကိုယ်တော်ဂရုမစိုက်ဘဲ ကြွလာပါလိမ့်မယ်။ နောက်ဆုံး သူကိုယ်တိုင်ဟာ ရှင်ပြန်ထမြောက်ခြင်းနှင့် အသက်ဖြစ်ကြောင်းကို ကျွန်ုပ်တို့တစ်ဦးချင်းစီရဲ့ ဒုက္ခနဲ့ ကားတိုင်တွေအားဖြင့် ၀န်ခံသက်သေပြုပါလိမ့်မယ်။

ကိုရင် (ဒိုမီနီကန်)

No comments:

Post a Comment