သံယောဟန်
၂၀း ၁၉-၃၁
ဖတ်ရှုရသည့်
ဧ၀ံဂေလိတရားတော်မှာ ရှင်ပြန်ထမြောက်တော်မူသော ယေဇူးသခင်ဟာ တပည့်တော်ကြီးများကို ထင်ရှားပြတော်မူခြင်းနှင့်အတူ
ဒုတိယအပိုင်းမှာ ယေဇူးသခင်နှင့် သံသယရှင်ကြီး သောမ တို့ဆုံတွေ့ ဖြစ်ပုံကို ဖော်ညွှန်းရေးသားထားပါတယ်။
ဤဧ၀ံဂေလိတရား တစ်ခုလုံးကို ခြုံကြည့်ရလျှင်တော့ ကြောက်ရွံ့နေကြသည့် တပည့်တော်ကြီးများကို
ကိုယ်တော်တိုင်ထင်ရှားပြ၍ သက်သေခံကာ ရဲရင့်ကြစေဖို့ဖြစ်ပါတယ်။
ခရစ်တော်
ဟောကြားခဲ့သော သတင်းကောင်းများဟာ ဂျူးလူမျိုးတွေနဲ့ အထူးသဖြင့် ဂျူးဘာသာရေးခေါင်းဆောင်ကြီးများ
အတွက်တော့ သတင်းကောင်းအဖြစ် မမြင်နိုင်ခဲ့ဘဲ ဖြစ်နေခဲ့သည့်အတွက် ခရစ်တော်ကို ကွက်မျက်ခဲ့တာ
ဖြစ်၍ ထိုသတင်းကောင်းများ ထပ်မံမပြန့်ပွားရန် ရှင်းလင်းသုတ်သင်ရမှာက သူ၏အနီးကပ် တပည့်တော်ကြီးတွေသာ
ဖြစ်ပါတယ်။ ထို့ကြောင့်လည်း တပည့်တော်ကြီးများအဖြစ်ဟာ ဂျူးလူမျိုးတွေကို ကြောက်နေရတာ
ဖြစ်ပါတယ်။ အိမ်ထဲက အိမ်အပြင်ပင် မထွက်ရဲကြဘဲ ပုန်းအောင်းနေကြရပါတယ်။ ဒါကြောင့် ယေဇူးသခင်
တံကျင်ပေါ်၌ သတ်ခံခဲ့ရပြီးကတည်းက ကြောက်စိတ်ကြီးများ လွှမ်းမိုးကာ ကစဥ့်ကလျားဖြစ်နေကြတဲ့
တပည့်တော်ကြီးအဖြစ်ကို ကျွန်တော်တို့ တွေးတောကြည့်နိုင်ပါတယ်။ ဒီအတွက်ကြောင့်လည်း ကိုယ်တော်ပေါ်လာသည့်အခါ
“သင်တို့၌ ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း” ဟု နှုတ်ခွန်းဆက်ခဲ့တာ ဖြစ်ပါတယ်။
အမှန်တကယ်တော့
တပည့်တော်ကြီးများအဖို့ ယေဇူးသခင် ရှင်ပြန်ထမြောက်သွားပြီဆိုတာကို တနင်္ဂနွေနေ့ နံနက်ခင်းမှာ
ကိုယ်တော်၏ ကျောက်ဂူကိုသွားခဲ့ကြတဲ့ အမျိုးသမီးတစ်စုမှတဆင့်သာ ကြားသိခဲ့ရတာပါ။ မျက်မြင်ကိုယ်တွေ့တော့
မကြုံတွေ့ရသေးပါဘူး။ ထို့ကြောင့် တပည့်တော်ကြီးတစ်ဦးချင်းစီမှာလည်း ကိုယ်စီ သံသယတွေနဲ့
သူတို့သခင်ဟာ အမှန်တကယ် မက်စီးယားဖြစ်၍ သုံးရက်မြောက်သည့်နေ့မှာ အမှန်တကယ် ရှင်ပြန်ထမြောက်လေသလား
ဒါမှမဟုတ် ယုံတမ်းပြောနေကြတာလားဆိုတာ သူတို့အတွက် မခွဲခြားနိုင်သေးဘဲ ရှုပ်ထွေးနေချိန်ပါ။
ဒီလို ရှုပ်ထွေးနေတာတွေကို ကိုယ်တော်၏ ထင်ရှားပြခြင်းက ရှင်းပစ်လိုက်ခြင်း ဖြစ်ပါတယ်။
သို့သော်လည်း ထိုနေရာတွင် မရှိခဲ့သည့် သံသယကြီးမားသည့် သောမအတွက်တော့ ကိုယ်တိုင် တွေ့ကြုံနိုင်မှပင်
သူ့မှာရှိသည့် သံသယတွေနှင့် ရှုပ်ထွေးမှုတွေ ရှင်းသွားမှာ ဖြစ်ပါတယ်။ အားလုံးစုံကို သိတော်မူသော
ဘုရားဖြစ်သည့်အလျောက် ယေဇူးသခင်သည်လည်း သောမအား သူ၏ ဒဏ်ရာတော်များကို လက်တွေ့စမ်းသပ်စေပြီး
သံသယတွေကို ရှင်းပေးခဲ့ခြင်းဖြစ်ပါတယ်။
ယေဇူးသခင်၏
ကိုယ်ထင်ပြသခြင်းဟာ တပည့်တော်ကြီးများ၏ သံသယများကို ရှင်းပေးခြင်းသက်သက် မဟုတ်ပါဘူး။
သူတို့ရဲ့ ကြောက်ရွံ့နေတဲ့ စိတ်တွေကို ဖျောက်ဖျက်ပေးပြီး ရဲရင့်စေရုံသက်သက်လည်း မဟုတ်ပါဘူး။
တပည့်တော်ကြီးများအတွက် တာဝန်တွေ သယ်ဆောင်လာခဲ့ပါတယ်။ ထိုတာဝန်ဟာ ကောင်းကင်နိုင်ငံတော်၏သတင်းကောင်းကို
ဟောပြောသက်သေခံဖို့ရန်၊ ဘုရားသခင်၏ အပြစ်ခွင့်လွှတ်ခြင်းကို လက်ဆင့်ကမ်းအသိပေးကြရန်၊
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတွေကို မျှဝေလက်ဆင့်ကမ်းကြဖို့ရန်နှင့် ကယ်တင်ခြင်းလုပ်ငန်းကို
ဆက်လက်လုပ်ဆောင်သွားကြဖို့ပဲ ဖြစ်ပါတယ်။ ဒီတာဝန်ဟာ တပည့်တော်ကြီးများပေါ်၌သာ ပေးအပ်တာမဟုတ်ဘဲ
ခရစ်တော်နောက်လိုက်၍ တပည့်ခံသူများအားလုံး အပေါ်မှာ ပေးအပ်ခြင်းဖြစ်ပါတယ်။ ထို့ကြောင့်လည်း
လက်ဆင့်ကမ်းခြင်း ဖြစ်ပါတယ်။
အမှန်တကယ်တော့
ကျွန်တော်တို့ဘ၀ဟာလည်း တပည့်တော်ကြီးတွေလိုပဲ အကြောက်တရားတွေရဲ့ နောက်ကွယ်မှာ မိမိရဲ့အတွင်းခန်း၌
ပုန်းအောင်းနေရတဲ့သူတွေနဲ့ တူပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က Freedom from Fear ဆိုတဲ့ စာအုပ်အားဖြင့် ကျွန်တော်တို့တတွေကို
အကြောက်တရားက လွတ်မြောက်နိုင်ကြဖို့ ခွန်အားပေးပါတယ်။ ထိုစာအုပ်ထဲမှာလည်း ယခုလို ရေးသားထားပါတယ်
“It is not power that corrupts but fear.” တကယ်တော့ ကျွန်တော်တို့ကို ဖျက်စီးတာ အာဏာမဟုတ်ဘဲ
အကြောက်တရားသာဖြစ်တယ်လို့ ဆိုလိုပါတယ်။ မှန်ပါတယ် - ကျွန်တော်တို့တတွေဟာ အကြောက်တရားကြောင့်သာ
ပျက်စီးခြင်းရဲ့ ပစ်မှတ်ဖြစ်နေရပါတယ်။ အကြောက်တရားကြောင့် မှန်တာတွေကို ကျွန်တော်တို့
မလုပ်ရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ မှန်တာတွေကို မပြောရဲကြဘူး၊ အကြောက်တရားကြောင့်
ကျွန်တော်တို့ တရားမျှတခြင်းကို မထောက်ခံရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့
မေတ္တာတရားမထားရဲကြဘူး၊ အကြောက်တရားကြောင့် ကျွန်တော်တို့ အချင်းချင်း မခွင့်လွှတ်ရဲကြဘူး၊
အကြောက်တရားကြောင့် ကျွန်တော်တို့ ပြန်လည်ကျေအေးခြင်း မလုပ်ဆောင်ရဲကြဘူး။
ဒီအကြောက်တရားတွေပါပဲ
ကျွန်တော်တို့တတွေရဲ့ အပြစ်တွေနှင့်ဆိုင်ရာ လုပ်ရပ်တိုင်းရဲ့ နောက်ခံ အကြောင်းရင်း
ဖြစ်နေပါတယ်။ ဒီအကြောက်တရားကြောင့်ပဲ ကျွန်တော်တို့တတွေ လုပ်သင့်လုပ်ထိုက်တာနှင့် ကောင်းတာတွေလုပ်ဆောင်ဖို့
ပျက်ကွက်နေကြရတယ်။ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်ဖို့ အကြောက်တရားကြောင့် ကျွန်တော်တို့တတွေ
ပုန်းအောင်းနေကြတယ်။ နောက်ဆက်တွဲအနေဖြင့် ကျွန်တော်တို့တတွေရဲ့ အခုလို သူရဲဘောင်ကြောင်တဲ့
စိတ်တွေဖြစ်ပေါ်လာစေပြီး ဒီလို သူရဲဘောင်ကြောင်တဲ့ စိတ်တွေကြောင့် ကျွန်တော်တို့တတွေဟာ
တနည်းမဟုတ်တနည်းအားဖြင့် သူတစ်ပါးတွေရဲ့ အကျိုးကို ပျက်စီးဆုတ်ယုတ်စေလာပါတယ်။ အဆိုးဆုံးကတော့
မိမိရဲ့ကိုယ်ကျိုးတွေ ပျက်စီးလာစေပြီး ကျွန်တော်တို့တတွေ ဒဏ်ရာတွေရလာတယ် - ဒဏ်ရာတွေလည်း
ပြင်းထန်လာတယ် . . . နောက်ဆုံး ကျွန်တော်တို့ဘ၀ အနာတွေနဲ့ ပုန်းအောင်းနေရတယ်။
မိတ်တွေ၊
သင်နှင့်ကျွန်တော်လည်း ဒီအကြောက်တရားကြီးမှာ ပုန်းအောင်းမနေသင့်တော်ပါဘူး။ ကျွန်တော်တို့
ရဲရင့်ဖို့လိုအပ်ပါတယ်။ ဘ၀မှာ လုပ်သင့်လုပ်ထိုက်တာတွေနှင့် ကောင်းတာတွေလုပ်ဖို့ ကျွန်တော်တို့မှာ
သတ္တိတွေ ရှိနေသင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့နောက်မှာ ရှင်ပြန်ထမြောက်တော်မူသော
ယေဇူးသခင်ကိုယ်တော်တိုင် မားမားမတ်မတ်ရပ်တည် ခွန်အားပေးနေလို့ပါပဲ။ ကျွန်တော်တို့ရဲ့
ယုံကြည်ခြင်းဟာ ဒီခွန်အားတွေ စီးဆင်းရာ စမ်းချောင်းပါပဲ။ ထို့ကြောင့် ကျွန်တော်တို့တတွေရဲ့
ယုံကြည်ခြင်းနှင့်အတူ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ ခွန်အားသတ္တိများ ရယူကာ ကောင်းကင်နိုင်ငံတော်
အကြောင်းကိုဆက်လက်ဟောပြော သက်သေခံသွားကြဖို့ လိုအပ်ပါတယ်။ ဒီယုံကြည်ကြောင့် အကြောက်တရားကို
ကျော်လွှားကာ ကျွန်တော်တို့ မှန်တာတွေလုပ်ကြမယ်၊ မှန်တာတွေ ပြောကြမယ်၊ တရားမျှတခြင်းကို
အားပေးထောက်ခံသွားမယ်၊ မေတ္တာတရားထားပြလိုက်ကြမယ်၊ အချင်းချင်း ခွင့်လွှတ်သည်းခံကြမယ်၊
အချင်းချင်းပြန်လည်ကျေအေးကာ သဟဇာတကြတဲ့ ကမ္ဘာကြီးကိုတည်ထောင်ပြီး ကောင်းကင်နိုင်ငံတော်၌ဖြစ်သကဲသို့
မြေကြီးပေါ်၌လည်း ဖြစ်စေကြမယ်။
ဘယ်လိုလဲ
မိတ်ဆွေ၊ အကြောက်တရားက သင့်ကိုလွှမ်းခြုံထားဆဲလား၊ ဒီအကြောက်တရားကို ကျော်လွှားဖို့ လုံလောက်တဲ့
သတ္တိခွန်အား သင့်မှာ ရှိနေပြီလား။ ဆက်လက်စဉ်းစား ကျင့်ကြံနိုင်ကြပါစေ။
သောမအား
ယေဇူးခရစ်တော်မိန့်ဆိုခဲ့သော စကားသံလေးကို ပြန်လည်ကြားယောင်မိတယ် . . . “သောမ၊ သင်သည်
ငါ့ကိုမြင်ရသောကြောင့် ယုံကြည်သလော။ မမြင်ရဘဲ ယုံကြည်သောသူတို့သည် မင်္ဂလာရှိကြ၏။” .
.
ယေဇူးခရစ်တော်သည်
ဧကန်မုချ ရှင်ပြန်ထမြောက်ခဲ့လေပြီ။ အာလေလုယာ. . .
ကိုရင်
(ဒိုမီနီကန်)