Monday, 30 September 2013

စင်္ကာပူ ဂိုဏ်းချုပ်သာသနာ၏ Migrant Sunday ကို MCCS မှ ပါဝင်ကျင်းပခြင်း

စင်္ကာပူကက်သလစ် ဂိုဏ်းချုပ်သာသနာ၏ “ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြောင်းရွှေ့နေထိုင်သူများ” ကို ကြည့်ရှုရသောအသင်းဖြစ်သည့် Archdiocesan Commission for the Pastoral Care of Migrants and Itinerant People (ACMI) မှကြီးမှုး၍ Migrant Day ကို နှစ်စဉ်ကျင်းပ ပြုလုပ်လေ့ရှိရာ ယခုနှစ် ၂၀၀၃ ၏ Migrant Sunday ကို စက်တင်ဘာ ၂၉ ရက်နေ့ St Stephen ဘုရားရှိခိုးကျောင်းတွင် စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ တရုတ်၊ သီရိလင်္ကာနှင့် ထိုင်း စသည့် နိုင်ငံတို့မှ ယုံကြည်သူ ညီအစ်ကို မောင်နှစ်မပေါင်း (၄၀၀) ကျော် ရင်းရင်းနီးနီး တွေ့ဆုံကြကာ ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

ပွဲတော်မတိုင်ခင် ACMI မှ သက်ဆိုင် community များကို ပွဲတော်တွင် နိုင်ငံအသီးသီးကိုယ်စားပြု ပါဝင် တင်ဆက်ရန်....
  • စီတန်းလှည့်လည်ခြင်းတွင် နိုင်ငံကိုယ်စားပြုအလံ (သို့) ဖယောင်းတိုင် ကိုင်ဆောင်ပါဝင်ရန် (Procession of Candles or Flag) ၊
  •  ဖျော်ဖြေရေးအစီအစဉ် (Performance)
  • မိမိတို့ ဘာသာစကားဖြင့် အထွေထွေဆုတောင်းခြင်း (Prayer of the Faithful with native language)
  •  နိုင်ငံကိုယ်စားပြု ပူဇော်ခြင်း ဆပ်ကပ်ရန် (Native Gift in Offertory )
စသည့် ကဏ္ဍများတွင် ပါဝင်ပေးရန် တောင်းဆိုထားရာ သက်ဆိုင်ရာ Community များမှ ကြိုတင် ပြင်ဆင် လာခဲ့ကြပါသည်။ ပွဲတော်ကို ပထမပိုင်း မိသဟာယဖွဲ့ခြင်း အစီအစဉ်များဖြင့် စတင်ခဲ့ပြီး၊ ဒုတိယပိုင်းကို ကျေးဇူးတင် မစ္ဆားတရားတော်ဖြင့် အဆုံးသတ်ခဲ့ပါသည်။

ပထမပိုင်း မိသဟာယဖွဲ့ခြင်း

ပွဲတော်၏ ပထမပိုင်းကို နေ့လည် ၁နာရီတွင်စ၍ အစားစရာများကို ကျေးဇူးတင်၊ ကောင်းချီးပေးတော်မူပြီးလျှင် ကြွရောက်လာသော ဧည့်ပရိသတ်များကို နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ နေ့လည်စာကို သုံးဆောင်နေစဉ် နိုင်ငံအသီးသီးမှ မိမိတို့ရိုးရာ ယဉ်ကျေးမှု့ အကပဒေသာများဖြင့် ဖျော်ဖြေပြီး တစ်ရင်းတနှီး မိသဟယပြု မိတ်ဆွေ ဖွဲ.ခွင့် ရရှိခဲ့ပါတယ်။ စင်္ကာပူရောက် မြန်မာ ကက်သလိပ် မိသားစုမှ မအေမီလှိုင်မှ "ပါးမှာ သနပ်ခါး၊ ခါးမှာ ပဝါ" တပင်တိုင်အကဖြင့် ကပြ တင်ဆက် သွားပါသည်။

ဒုတိယပိုင်း မစ္ဆားတရားပူဇော်ခြင်း

Migrant Sunday မစ္ဆားတရားတော်ကြီးကို  စင်္ကာပူ ဂိုဏ်းချုပ်ဆရာတော် Archbishop William Goh မှ ဦးဆောင်ကာ၊ မြန်မာ ကက်သလစ်မိသားစု(MCCS)၏ ဝိညာဉ်လမ်းညွန် ဘုန်းတော်ကြီး Fr Peter Paul နှင့်အတူ ဘုန်းတော်ကြီး (၅)ပါးဖြင့် မစ္ဆားတရားတော်ကို ပူဇော်ခဲ့ကြသည်။ နှစ်စဉ် အလှည့်ကျ နိုင်ငံလိုက် ဦးဆောင် ကျင်းပလေ့ရှိရာ ယခုနှစ်တွင် ဖိလစ်ပင်းလူမျိုးများ မှ တာဝန် ယူဆောင်၍ ဦးဆောင် ကျင်းပခြင်း၊ မစ္ဆားအတွင်း သီချင်းများ ဦးဆောင် သီဆိုခြင်းများ ပြုလုပ်ပါတယ်။ စင်္ကာပူရောက် မြန်မာလူမျိုးမှမှလည်း မြန်မာနိုင်ငံကိုယ်စားပြု ဖယောင်းတိုင်ကို ဟိန်းအောင် မှ ကိုင်ဆောင်ပြီး၊ ပူဇော်ခြင်းတွင် မြန်မာရိုးရာ ပုသိမ်ထီးကို ပွင့်ဖြူဟန်မှ ဆရာတော်ကြီးထံ ဆက်ကပ်ခဲ့ပါသည်။ အထွေထွေဆုတောင်းခြင်းကို ဟန်နီဥာဏ်မြင့် မှ ရွေ.ပြောင်း အလုပ်သမား ဘေးကင်း လုံခြုံမူရှိစေရန် ဆုတောင်းခဲ့ပါသည်။ ဆရာတော်ဘုရား၏ သြဝါဒတွင်..
  • ရိုးရာ ဓလေ့ ယဉ်ကျေးမှူကို အခြားသောသူများနှင့် ဝေမျှကြရရန်၊
  • ဒေသခံ နယ်ခံ လူများနှင့် ပူပေါင်းလုပ်ကိုင်ကြရန်၊
  • အပေါင်းအသင်း Community ၌ ပျော်ရွှင်မှုနှင့် ချစ်ခြင်းမေတ္တာများ ကိုရှာဖွေကြရန်
  • အသင်းတော်ကြီး တည်မြဲဖို့နှင့် ပြည့်စုံသော တိုင်းပြည် တည်ဆောက်ဖို့ရန်နှင့် 
ကျွန်ုပ်တို့ တစ်ဦးနှင့် တစ်ဦးလိုအပ်ကြကြောင်းကို အားပေး တိုက်တွန်းခဲ့ပါသည်။  ဆက်လက် ဟောကြားရာတွင် ကျွန်ုပ်တို့သည် Universal ဟူသော ကက်သလစ် အသင်းတော်ကြီး၏ အရိပ်တော်အောက်၌ ကွဲပြားခြားနားသော ယဉ်ကျေးမှုနှင့် မတူညီသော ဘာသာစကားများ ပြောကြကာ စည်းလုံး ညီညွတ်မှုနှင့် ဘုရားကိုရှာဖွေပြီး အချင်းချင်း စေခံကြရမည် ဖြစ်ကြောင်းတို့ကို သြ၀ါဒ ဟောကြားပေးခဲ့ပါသည်။

မစ္ဆားတရား အပြီးတွင် ဆရာတော်၏ ကောင်းချီးခံယူပြီးနောက်.. ACMI ၏ နာယကမှ ကျေးဇူးတင် စကားပြောကြားပြီး နောက်နှစ်များမှာလည်း ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Singapore World Migrants Sunday ပွဲကို MCCS မှ ပါဝင်ပြီး အောင်မြင်စွာ ကျင်းပခွင့်ပေးခဲ့သော ဘုရားရှင်အား ကျေးဇူးတင်ပြီး၊ MCCS မှ  ဘုန်းတော်တော်ကြီး၊  သီလှရှင်များနှင့် ပါဝင် ဆက်ကပ် လုပ်အားပေးခဲ့ကြသော ဘာသာတူ ညီအစ်ကို မောင်နှမများ အားလုံးကို မြန်မာကက်သလစ်မိသားစု စင်္ကာပူမှ ကျေးဇူးတင်အထူးတင်ရှိပါကြောင်း ဆရာသက်နိုင်မှ ပြောကြားခဲ့ပါသည်။

JP (MCCS)

No comments:

Post a Comment