Wednesday, 18 September 2013

ကက်သလစ်ခရစ်ယာန်တွေအနေနဲ့ နိုင်ငံရေးမှာ ဖာသိဖာသာ နေလို့မရကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် မိန့်ကြား

ဗာတီကန်၊ စက်တင်ဘာ (၁၆)၊ ၂၀၁၃ (Zenit)။-ကက်သလစ်ခရစ်ယာန်တွေအနေနဲ့ နိုင်ငံရေးမှာ ဖာသိဖာသာ နေလို့မရကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် မိန့်ခဲ့ပါတယ်။

 အုပ်ချုပ်သူအနေနဲ့ အုပ်ချုပ်ခံသူတွေကို မေတ္တာထားရမှာ ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က မိန့်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တာမထားနိုင်တဲ့ ခေါင်းဆောင်ဟာ အုပ်ချုပ်နိုင်မှာ လည်း မဟုတ်ကြောင်း… အုပ်ချုပ်သည် ဆိုသော်လည်းပဲ ထိန်းသိမ်း ကြပ်မတ်ရုံ… အမိန့်ပေးရုံသာ လုပ်နိုင်ပြီး… တကယ်တမ်း အုပ်ချုပ်နိုင်မှာ မဟုတ်ကြောင်း မိန့်ခဲ့ပါတယ်။

ဓမ္မဟောင်းကျမ်းစာထဲက ဒေးဗစ်ဘုရင်အနေနဲ့ ပြည်သူ ပြည်သားတွေကို ဘယ်လောက်မေတ္တာ ထားခဲ့ကြောင်း… သူကျူးလွန်မိတဲ့ အပြစ်တစ်ခုအတွက် ပြည်သူပြည်သား အားလုံးပေါ် ကပ်ဆိုး မကျရောက်စေဘဲ မိမိအပေါ်မှာသာ ကျရောက်စေပါကြောင်း ဘုရားသခင်ကို တိုးလျှိုးတောင်းပန် ခဲ့မှုကို ပုပ်ရဟန်းမင်း အနေနဲ့ နမူနာ ပေးထားပါတယ်။ "ဒါတွေဟာ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ ပါရမီတွေပဲ… အုပ်ချုပ်ခံလူတွေ အပေါ်မှာ မေတ္တာထားရမယ်… ပြီးတော့ နှိမ့်ချရမယ်…"။

"မေတ္တာမရှိဘဲ … နှိမ့်ချခြင်းမရှိဘဲ ဘယ်သူမှ မအုပ်ချုပ်နိုင်ဘူး.. အုပ်ချုပ်မှုအလုပ်ကို လုပ်ဆောင်မယ့် ဘယ်အမျိုးသမီး၊ အမျိုးသားမဆို မိမိကိုယ်ကို မေးခွန်းနှစ်ခု မေးရမယ်… ငါအုပ်ချုပ်ရမယ့် လူတွေကို ပိုမို ကောင်းကျိုး ပြုနိုင်အောင် ငါသူတို့အပေါ်မှာ တကယ်ပဲ မေတ္တာထား ရဲ့လား… အကောင်းဆုံး လမ်းကို ရွှေးချယ်ရန်အတွက် လူတိုင်းကို နားထောင်ဖို့… ကွဲပြားတဲ့ ထင်မြင်ယူဆချက်တွေကို နားထောင်ဖို့ ငါတကယ် နှိမ့်ချရဲ့လား…။ ဒီမေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်မမေးနိုင်ဘူး ဆိုရင် ကိုယ့်အုပ်ချုပ်မှုက ကောင်းနိုင်မှာ မဟုတ်ဘူး။ အုပ်ချုပ်သူ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ… မိမိ အုပ်ချုပ်ရတဲ့သူတွေအပေါ် တကယ် မေတ္တာထားတယ်ဆိုရင် ဒီခေါင်းဆောင်ဟာ နှိမ့်ချတဲ့ပုဂ္ဂိုလ်လည်း ဖြစ်မှာပဲ…။"

 "တစ်ဖက်မှာ ကြည့်မယ် ဆိုရင်လည်း ရှင်ပေါလုအနေနဲ့ အုပ်ချုပ်ခံ သူတွေကို ဆုံးမထားတာ ရှိပါတယ်။ အာဏာရပုဂ္ဂိုလ်တွေအတွက် ဆုတောင်း မေတ္တာပို့သပေးဖို့ ဆုံးမထားတာပါ။ သို့မှသာ အုပ်ချုပ်တဲ့သူတွေက တည်ငြိမ်အေးချမ်းတဲ့ ဘ၀နဲ့ ဦးဆောင်နိုင်မှာ ဖြစ်တယ်။ တိုင်းသူပြည်သားတွေဆိုတာ နိုင်ငံရေးမှာ ဖာသိဖာသာ နေလို့မရဘူး။ သူတို့အုပ်ချုပ်နေတာပဲ… ငါနဲ့ ဘာဆိုင်လို့လည်းဆိုပြီး ပြောလို့မရဘူး။ ခေါင်းဆောင်လုပ်တဲ့သူတွေရဲ့ အုပ်ချုပ်မှုအတွက်လည်းပဲ ကိုယ့်မှာ တာဝန်ရှိတယ်။ သူတို့ ကောင်းမွန်စွာ အုပ်ချုပ်နိုင်ဖို့ ကိုယ်လုပ်နိုင်တာ အကောင်းဆုံး လုပ်ပေးရမယ်။ ကိုယ်တတ်နိုင်တာနဲ့ နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်ပေးရမယ်။ သာသနာတော်ရဲ့ လူမှုဆိုင်ရာ သွန်သင်ချက်အရ နိုင်ငံရေးဆိုတာ မေတ္တာလုပ်ငန်းရဲ့ အမြင့်ဆုံး အဆင့်တွေထဲက အဆင့်တစ်ခုပဲ။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံရေးဆိုတာ အများကောင်းကျိုးအတွက် ဖြစ်ထိုက်တဲ့အတွက်ကြောင့် ပါပဲ။ နိုင်ငံရေးမှာ ကိုယ်က လက်ရှောင်နေလို့ မရဘူး။ လူတိုင်းကတော့ တစ်ခုခုကို လုပ်နေရမယ်….။"

 ခေါင်းဆောင်တွေအကြောင်း မကောင်းပြောတာ… အဆင်မပြေတာတွေကို မကျေမနပ် တီးတိုးဝေဖန်တတ်တာ...စတဲ့ ညာဉ်လေး ရှိကြကြောင်းကိုလည်း ပုပ်ရဟန်းမင်းကြီးက မှတ်ချက်ပေးပါတယ်။ "တီဗီကြည့်မယ် သတင်းဂျာနယ်တွေကို ဖတ်မယ်ဆိုရင် ခေါင်းဆောင်တွေကို နှိပ်ကွပ်နေကြတာပဲ… တကယ်ကို နှိပ်ကွပ်နေကြတာ…ဟုတ်လည်း ဟုတ်မှာပါ… ခေါင်းဆောင်လုပ်တဲ့သူဟာလည်း ဒေးဗစ်ဘုရင်လိုပဲ အပြစ်သားတစ်ယောက် ဖြစ်ချင်ဖြစ်နေမယ်…ဒါပေမယ့် ကိုယ်ပြုပြင်ပေးနိုင်တာ… ကိုယ်ပြောဆိုတင်ပြနိုင်တာ… ကိုယ်တွေးခေါ်နိုင်တာတွေနဲ့ ပါဝင်ကူညီလုပ်ဆောင်ရမယ်။ ဘာကြောင့်လဲ ဆိုတော့ အများကောင်းကျိုးအတွက် ဆိုရင် ကျွန်ုပ်တို့ အားလုံး ပါဝင်ရမှာဖြစ်လို့ပဲ။"

"ကက်သလစ်ခရစ်ယာန်တွေအနေနဲ့ နိုင်ငံရေးမှာ ပါဝင်စွပ်ဖက်မှု မရှိရဘူး လို့ပြောတာ…ဒါမမှန်ဘူး။ ကက်သလစ် ခရစ်ယာန်ကောင်းတစ်ယောက်ဟာ နိုင်ငံရေးမှာ ပါဝင်စွပ်ဖက်မှု မရှိဘူး ဆိုတာ မမှန်ဘူး။ ဒါဟာ ကောင်းတဲ့ လမ်းစဉ်မဟုတ်ဘူး။ ကက်သလစ်ခရစ်ယာန်ကောင်း တစ်ယောက်ဟာ နိုင်ငံရေးမှာ ပါဝင် စွပ်ဖက်မှု ရှိရမယ်။ အုပ်ချုပ်သူတွေ အကောင်းဆုံး အုပ်ချုပ်နိုင်ဖို့ မိမိလုပ်ဆောင်နိုင်တာ အကောင်းဆုံး လုပ်ဆောင်ပေးရမယ်။ အုပ်ချုပ်သူတွေအတွက် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်တာတွေထဲက အကောင်းဆုံးက ဘာလဲ… ဆုတောင်းပေးခြင်းပဲ။ ရှင်ပေါလု ဆုံးမထားတာ ရှိတယ်… လူတွေအတွက် ဆုတောင်းပေးပါ… ရှင်ဘုရင်အတွက် ဆုတောင်းပေးပါ… အာဏာပိုင်တွေအတွက် ဆုတောင်းပေးပါ..တဲ့။ ဒီပုဂ္ဂိုလ်က ဆိုးသွမ်းကောက်ကျစ်တယ်... ငရဲပဲ သွားသင့်တယ်.. လို့ ဆိုလာစရာ ရှိရင်လည်း ဆုတောင်းပေးပါ... အဲဒီပုဂ္ဂိုလ်အတွက် ဆုတောင်းပေးပါ။ အကောင်းဆုံး အုပ်ချုပ်နိုင်ဖို့... လူတွေအပေါ် မေတ္တာထားနိုင်ဖို့... နှိမ့်ချနိုင်ဖို့ ဆုတောင်းပေးပါ။ အုပ်ချုပ်သူအတွက် ဆုမတောင်းပေးနိုင်သူဟာ ခရစ်ယာန်ကောင်းတစ်ယောက် မဖြစ်နိုင်ဘူး။ ပြဿနာလုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက် ဘယ်လိုလုပ် ဆုတောင်းပေးနိုင်မလဲ ဆိုခဲ့ရင်လည်း… ဆုတောင်းပေးပါလို့ပဲ ပြောချင်တယ်… ဒီပုဂ္ဂိုလ် ပြောင်းလဲလာဖို့ ဆုတောင်းပေးပါ။"

"ကျွန်ုပ်တို့မှာရှိတဲ့ အကောင်းဆုံး အတွေးအခေါ်တွေ… အကောင်းဆုံး အကြံအဥာဏ်တွေ… အကောင်းဆုံး လုပ်ဆောင်မှုတွေကို ပေးကမ်းကြတယ်။ အကောင်းဆုံးထဲက အကောင်းဆုံးကတော့ ဆုတောင်းမေတ္တာပဲ။ အုပ်ချုပ်သူ ခေါင်းဆောင်တွေ ကောင်းမွန်စွာ အုပ်ချုပ်နိုင်ဖို့ ဆုတောင်းပေးကြရအောင်ပါ…။"

အလင်းသက်သေ

1 comment:

  1. ကျွန်ုပ်တို့မှာရှိတဲ့ အကောင်းဆုံး အတွေးအခေါ်တွေ… အကောင်းဆုံး အကြံအဥာဏ်တွေ… အကောင်းဆုံး လုပ်ဆောင်မှုတွေကို ပေးကမ်းကြတယ်။ အကောင်းဆုံးထဲက အကောင်းဆုံးကတော့ ဆုတောင်းမေတ္တာပဲ။ အုပ်ချုပ်သူ ခေါင်းဆောင်တွေ ကောင်းမွန်စွာ အုပ်ချုပ်နိုင်ဖို့ ဆုတောင်းပေးကြရအောင်ပါ…။" အလွန် ကောင်းတဲ့ သတင်းပါပဲ။

    ReplyDelete