Monday, 30 September 2013

စင်္ကာပူ ဂိုဏ်းချုပ်သာသနာ၏ Migrant Sunday ကို MCCS မှ ပါဝင်ကျင်းပခြင်း

စင်္ကာပူကက်သလစ် ဂိုဏ်းချုပ်သာသနာ၏ “ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြောင်းရွှေ့နေထိုင်သူများ” ကို ကြည့်ရှုရသောအသင်းဖြစ်သည့် Archdiocesan Commission for the Pastoral Care of Migrants and Itinerant People (ACMI) မှကြီးမှုး၍ Migrant Day ကို နှစ်စဉ်ကျင်းပ ပြုလုပ်လေ့ရှိရာ ယခုနှစ် ၂၀၀၃ ၏ Migrant Sunday ကို စက်တင်ဘာ ၂၉ ရက်နေ့ St Stephen ဘုရားရှိခိုးကျောင်းတွင် စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ တရုတ်၊ သီရိလင်္ကာနှင့် ထိုင်း စသည့် နိုင်ငံတို့မှ ယုံကြည်သူ ညီအစ်ကို မောင်နှစ်မပေါင်း (၄၀၀) ကျော် ရင်းရင်းနီးနီး တွေ့ဆုံကြကာ ပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

ပွဲတော်မတိုင်ခင် ACMI မှ သက်ဆိုင် community များကို ပွဲတော်တွင် နိုင်ငံအသီးသီးကိုယ်စားပြု ပါဝင် တင်ဆက်ရန်....
  • စီတန်းလှည့်လည်ခြင်းတွင် နိုင်ငံကိုယ်စားပြုအလံ (သို့) ဖယောင်းတိုင် ကိုင်ဆောင်ပါဝင်ရန် (Procession of Candles or Flag) ၊
  •  ဖျော်ဖြေရေးအစီအစဉ် (Performance)
  • မိမိတို့ ဘာသာစကားဖြင့် အထွေထွေဆုတောင်းခြင်း (Prayer of the Faithful with native language)
  •  နိုင်ငံကိုယ်စားပြု ပူဇော်ခြင်း ဆပ်ကပ်ရန် (Native Gift in Offertory )
စသည့် ကဏ္ဍများတွင် ပါဝင်ပေးရန် တောင်းဆိုထားရာ သက်ဆိုင်ရာ Community များမှ ကြိုတင် ပြင်ဆင် လာခဲ့ကြပါသည်။ ပွဲတော်ကို ပထမပိုင်း မိသဟာယဖွဲ့ခြင်း အစီအစဉ်များဖြင့် စတင်ခဲ့ပြီး၊ ဒုတိယပိုင်းကို ကျေးဇူးတင် မစ္ဆားတရားတော်ဖြင့် အဆုံးသတ်ခဲ့ပါသည်။

ပထမပိုင်း မိသဟာယဖွဲ့ခြင်း

ပွဲတော်၏ ပထမပိုင်းကို နေ့လည် ၁နာရီတွင်စ၍ အစားစရာများကို ကျေးဇူးတင်၊ ကောင်းချီးပေးတော်မူပြီးလျှင် ကြွရောက်လာသော ဧည့်ပရိသတ်များကို နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ နေ့လည်စာကို သုံးဆောင်နေစဉ် နိုင်ငံအသီးသီးမှ မိမိတို့ရိုးရာ ယဉ်ကျေးမှု့ အကပဒေသာများဖြင့် ဖျော်ဖြေပြီး တစ်ရင်းတနှီး မိသဟယပြု မိတ်ဆွေ ဖွဲ.ခွင့် ရရှိခဲ့ပါတယ်။ စင်္ကာပူရောက် မြန်မာ ကက်သလိပ် မိသားစုမှ မအေမီလှိုင်မှ "ပါးမှာ သနပ်ခါး၊ ခါးမှာ ပဝါ" တပင်တိုင်အကဖြင့် ကပြ တင်ဆက် သွားပါသည်။

ဒုတိယပိုင်း မစ္ဆားတရားပူဇော်ခြင်း

Migrant Sunday မစ္ဆားတရားတော်ကြီးကို  စင်္ကာပူ ဂိုဏ်းချုပ်ဆရာတော် Archbishop William Goh မှ ဦးဆောင်ကာ၊ မြန်မာ ကက်သလစ်မိသားစု(MCCS)၏ ဝိညာဉ်လမ်းညွန် ဘုန်းတော်ကြီး Fr Peter Paul နှင့်အတူ ဘုန်းတော်ကြီး (၅)ပါးဖြင့် မစ္ဆားတရားတော်ကို ပူဇော်ခဲ့ကြသည်။ နှစ်စဉ် အလှည့်ကျ နိုင်ငံလိုက် ဦးဆောင် ကျင်းပလေ့ရှိရာ ယခုနှစ်တွင် ဖိလစ်ပင်းလူမျိုးများ မှ တာဝန် ယူဆောင်၍ ဦးဆောင် ကျင်းပခြင်း၊ မစ္ဆားအတွင်း သီချင်းများ ဦးဆောင် သီဆိုခြင်းများ ပြုလုပ်ပါတယ်။ စင်္ကာပူရောက် မြန်မာလူမျိုးမှမှလည်း မြန်မာနိုင်ငံကိုယ်စားပြု ဖယောင်းတိုင်ကို ဟိန်းအောင် မှ ကိုင်ဆောင်ပြီး၊ ပူဇော်ခြင်းတွင် မြန်မာရိုးရာ ပုသိမ်ထီးကို ပွင့်ဖြူဟန်မှ ဆရာတော်ကြီးထံ ဆက်ကပ်ခဲ့ပါသည်။ အထွေထွေဆုတောင်းခြင်းကို ဟန်နီဥာဏ်မြင့် မှ ရွေ.ပြောင်း အလုပ်သမား ဘေးကင်း လုံခြုံမူရှိစေရန် ဆုတောင်းခဲ့ပါသည်။ ဆရာတော်ဘုရား၏ သြဝါဒတွင်..
  • ရိုးရာ ဓလေ့ ယဉ်ကျေးမှူကို အခြားသောသူများနှင့် ဝေမျှကြရရန်၊
  • ဒေသခံ နယ်ခံ လူများနှင့် ပူပေါင်းလုပ်ကိုင်ကြရန်၊
  • အပေါင်းအသင်း Community ၌ ပျော်ရွှင်မှုနှင့် ချစ်ခြင်းမေတ္တာများ ကိုရှာဖွေကြရန်
  • အသင်းတော်ကြီး တည်မြဲဖို့နှင့် ပြည့်စုံသော တိုင်းပြည် တည်ဆောက်ဖို့ရန်နှင့် 
ကျွန်ုပ်တို့ တစ်ဦးနှင့် တစ်ဦးလိုအပ်ကြကြောင်းကို အားပေး တိုက်တွန်းခဲ့ပါသည်။  ဆက်လက် ဟောကြားရာတွင် ကျွန်ုပ်တို့သည် Universal ဟူသော ကက်သလစ် အသင်းတော်ကြီး၏ အရိပ်တော်အောက်၌ ကွဲပြားခြားနားသော ယဉ်ကျေးမှုနှင့် မတူညီသော ဘာသာစကားများ ပြောကြကာ စည်းလုံး ညီညွတ်မှုနှင့် ဘုရားကိုရှာဖွေပြီး အချင်းချင်း စေခံကြရမည် ဖြစ်ကြောင်းတို့ကို သြ၀ါဒ ဟောကြားပေးခဲ့ပါသည်။

မစ္ဆားတရား အပြီးတွင် ဆရာတော်၏ ကောင်းချီးခံယူပြီးနောက်.. ACMI ၏ နာယကမှ ကျေးဇူးတင် စကားပြောကြားပြီး နောက်နှစ်များမှာလည်း ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Singapore World Migrants Sunday ပွဲကို MCCS မှ ပါဝင်ပြီး အောင်မြင်စွာ ကျင်းပခွင့်ပေးခဲ့သော ဘုရားရှင်အား ကျေးဇူးတင်ပြီး၊ MCCS မှ  ဘုန်းတော်တော်ကြီး၊  သီလှရှင်များနှင့် ပါဝင် ဆက်ကပ် လုပ်အားပေးခဲ့ကြသော ဘာသာတူ ညီအစ်ကို မောင်နှမများ အားလုံးကို မြန်မာကက်သလစ်မိသားစု စင်္ကာပူမှ ကျေးဇူးတင်အထူးတင်ရှိပါကြောင်း ဆရာသက်နိုင်မှ ပြောကြားခဲ့ပါသည်။

JP (MCCS)

Saturday, 28 September 2013

၂၆ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့ (၂၉.၉.၂၀၁၃)

သံလုကာ ၁၆း၁၉-၃၁။ 
သူဌေးနှင့်လာဇရု။ 

ယနေ့ဖတ်ရှု့ရမည့် ဧ၀ံဂေလိတရားတော်တွင် သခင်ခရစ်တော်က ကျွန်ုပ်တို့အား သူဌေးကြီးနှင့်လာဇရု ပုံဥပမာပေးပြီး ကျွန်ုပ်တို့လူသားတွေအပေါ် ဘုရားသခင်အလိုရှိသည့် တရားတစ်ခုကို ထောက်ပြနေပါတယ်။ ထိုတရားမှာ သူတစ်ပါးနှင့် ဝေငှတတ်ခြင်းဖြစ်ပြီး အထူးသဖြင့် ကျွန်ုပ်တို့အသိုင်းအ၀ိုင်းရှိ ဆင်းရဲသားများ၊ ဒုက္ခသည်များ၊ ခြို့တဲ့သူများ စသည့် အသိမ်ငယ်ဆုံးသောသူများကို ပစ်မထားဘဲ မိမိတို့ရှိသမျှနှင့် ဝေငှတတ်ဖို့ သွန်သင်နေပါတယ်။ ကျွန်ုပ်တို့တတွေ ခရစ်ယာန်ဘ၀မှာ ချမ်းသာကြွယ်ဝမှု့၊ လောကစည်းစိမ်တွေဟာ အပြစ်မဟုတ်ပါ။ ချမ်းသာကြွယ်ဝမှု့နှင့် စည်းစိမ်တွေဟာ ဘုရားပေးတဲ့ ကျေးဇူးတော်များပါ။ သို့သော်လည်း ထိုဘုရားပေး ကျေးဇူးတော်များဖြစ်သည့် ချမ်းသာကြွယ်ဝမှု့နှင့်စည်းစိမ်တွေအား ကိုယ့်အတ္တ၊ တကိုယ်ကောင်း ဆန်ဆန်ဖြင့် အသုံးပြု၍ မိမိပတ်ဝန်းကျင်ရှိ ဆင်းရဲသားများကို လျစ်လျူရှု့ထားကာ မဝေငှနိုင်ခြင်းဟာ အပြစ်ဖြစ်ကြောင်း သူဌေးကြီးနှင့်လာဇရုပုံဥပမာမှာ သိသိသာသာ ထောက်ပြထားပါတယ်။

ပြီးခဲ့သည့်အပတ်က ဖတ်ရှု့ရသည့်ဧ၀ံဂေလိကျမ်းတွင်လည်း ခရစ်တော်က ကျွန်ုပ်တို့အား မိမိတို့ပိုင်ဆိုင်သမျှ လောကစည်းစိမ်များအား မရိုးသားသည့်ဘာစိုးကဲ့သို့ ဆင်ခြင်မျှော်မြင်ာဏ်ဖြင့် အသုံးချကာ ခရစ်ယာန်အနာဂတ်ဖြစ်သည့် ထာဝရကယ်တင်ခြင်းကို ရယူဖို့ထောက်ပြခဲ့ပါတယ်။ ဒီနေ့တရားဟာလည်း ထိုခရစ်ယာန်အနာဂတ်ဖြစ်သည့် ထာဝရကယ်တင်ခြင်းကို ရယူဖို့ ကျွန်ုပ်တို့၏ချမ်းသာကြွယ်ဝမှု့တွေအား သူဌေးကြီးလိုမဟုတ်ဘဲ လာဇရုလိုဆင်းရဲသားများ၊ လိုအပ်ချက်အခြေအနေအမျိုးမျိုးရှိသူများကိုလည်း ပေးကမ်းဝေငှတတ်ရမှာဖြစ်ပါတယ်။

မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်တို့လည်း ခရစ်တော်ပေးသည့် ထာဝရကယ်တင်ခြင်း၏အနာဂတ် မျှော်လင့်ချက်ကို ပိုင်ဆိုင်ဆွတ်ခူးဖို့ စိတ်အားထက်သန်မှု့ရှိပါရဲ့လား။ ထို့အတွက် ဘုရားပေးစည်းစိမ်တွေအား အခြေနေအမျိုးမျိုး၌လိုအပ်နေသော ဆင်းရဲသားများအား ဖဲ့ဝေနိုင်ပြီလား။ ကျွန်ုပ်တို့တတွေ ခရစ်ယာန်ဟု အမည်ခံထားသော်လည်း အခြေခံတရားလေးတွေကိုပင် မကျင့်ကြံနိုင်သေးလျှင် ရှက်ဖွယ်ကောင်းပါပြီ။

အချင်းချင်းဝေငှတတ်ခြင်းဟာ ခရစ်ယာန်ပင်ဖြစ်ပါတယ်။ ရှေးဦးခရစ်ယာန်များ အသိုင်းအ၀ိုင်းတွင် ဤဝေငှတတ်ခြင်သည် အဓိကနိယာမ တရားတစ်ခုဖြစ်ပြီး အချင်းချင်းဝေငှတတ်သည်ကိုက ခရစ်ယာန်ဖြစ်သည်ဟု သက်သေခံသည်ဖြစ်ကြောင်း တမန်တော်ဝတ္ထုတွင် မှတ်တမ်းတင်ထားသည်ကို တွေ့နိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဝေငှတတ်ခြင်းသည် ချစ်ခြင်းမေတ္တာ၏ အသီးအပွင့်တစ်ခု ဖြစ်နေလို့ပါပဲ။ ကျွနု်ပ်တို့အချင်းချင်း မေတ္တာတရားမရှိလျှင် ဝေငှတတ်မည်မဟုတ်ပါ။ ဤသည်ပင် ပထမကျမ်း၏ ပရော်ဖက်အာမုတ်မှ အဓိကထောက်ပြခဲ့သော တရားဖြစ်ပါတယ်။ ပရော်ဖက်အာမုတ် အသက်ရှင်နေထိုင်စဉ်အချိန်က အချို့သူဌေးများဟာ ဆင်းရဲသားများအပေါ်ခေါင်းပုံဖြတ် အမြတ်စားခြင်း၊ လယ်ယာထွက်ကောက်ပဲသီးနှံများကို မတရားနည်းဖြင့်သိမ်းယူခြင်း၊ လူများစွာကို ကျွန်အဖြစ် အရောင်းအ၀ယ်ပြုခြင်း စသည့်မတရားမှု့တို့ကို ကျူးလွန်၍ ၎င်းတို့ပိုင်ဆိုင်သမျှ စည်းစိမ်၌မူကား ၎င်းတို့သာလျှင် ရစ်မူး၍ ဝေငှခြင်းလုံးဝမရှိဘဲ လူတွေစိတ်ထဲမှာ မေတ္တာတရားပျောက်ကင်းနေကြောင်းကို ထောက်ပြထားခြင်းဖြစ်ပါတယ်။ မေတ္တာတရားဟာ အခြေခံအကြောင်းအရင်းဖြစ်ပြီး ဝေငှတတ်ခြင်းဟာ မေတ္တာတရား၏အသီးအပွင့်ဖြစ်ပါတယ်။ ကျွန်ုပ်တို့အတွက် ၀ိညာဉ်ရေးမျက်လုံးများကို ဖွင့်ပေးပါတယ်။
သံမာတေဦးကျမ်း (၂၄း၃၁-၄၆)တွင် နောက်ဆုံးသောတရားစီရင်ခြင်းကို ဖော်ပြထားပါတယ်။ ထိုတရားတွင် အဓိကပွိုင့်မှာ အသိမ်ငယ်ဆုံးသော ဤငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုလျှင် ငါ့ကိုပင်ပြုစု၏။ အသိမ်ငယ်ဆုံးသော ဤငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကိုမျှ သင်တို့မပြုစုလျှင် ငါ့ကိုလည်း မပြုစုကြဟု ခရစ်တော်က မိန့်ဆိုခဲ့တာပါ။

မိတ်ဆွေ၊ ခရစ်တော်၏ပုံဥပမာထဲက သူဌေးကြီးအဖြစ်ကို ဆင်ခြင်မိပါသလော။ သူဌေးကြီးကို ဘုရားသခင်က စည်းစိမ်ချမ်းသာ လိုအပ်မှု့အပြည့်အစုံကို ဖြည့်ဆည်း၍ ကျေးဇူးတော် သွန်းလောင်းပေးထားသော်လည်း သူဌေးကြီးမူကား ထိုပစ္စည်းများဖြင့် သံချေးပိုးရွတို့မဖျက်ဆီးနိုင်၊ သူခိုးများလည်း ဖောက်ထွင်းခိုးယူခြင်း မပြုနိုင်သော ကောင်းကင်ဘာကို မစုဆောင်းနိုင်ခဲ့။ ကျွန်ုပ်တို့ဘ၀မှာလည်း ဘုရားသခင်က သူဌေကြီး၏ လိုအပ်မှု့တွေကိုဖြည့်ဆည်းပေးသလို ချမ်းသာကြွယ်ဝမှု့အချို့ဖြင့် ပံ့ပိုးပေးထားပါတယ်။ သို့သော်လည်း ကျွန်ုပ်တို့တတွေလည်း သူဌေးကြီးလိုပဲ ထိုပစ္စည်းများဖြင့် သံချေးပိုးရွတို့မဖျက်ဆီးနိုင်၊ သူခိုးများလည်း ဖောက်ထွင်းခိုးယူခြင်း မပြုနိုင်သော ကောင်းကင်ဘာကို မစုဆောင်းဘဲနေကြမလား။ ကျွန်ုပ်တို့အတွက် စဉ်းစားထောက်ရှု့စရာပါပဲ။

အကယ်၍ ဆင်းရဲသား လာဇရုဘ၀ဖြင့် ဘ၀မှာကြုံခဲ့ရလျှင် ကျွန်ုပ်တို့တတွေ စိတ်ပျက်ခြင်းမရှိသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွနု်ပ်တို့ကို ဘုရားသခင်ကူညီမစ၍ နှစ်သိမ့်ခြင်းပေးမှာ မုချပင်ဖြစ်ပါတယ်။ လာဇရု၏ အနက်အဓိပာယ်မှာ ဘုရားသခင်သည် ငါ၏အကူညီဖြစ်၏ ဟုအဓိပာယ်ရပါတယ်။ ထိုကြောင့် ခွန်အားယူစရာပင် ဖြစ်ပါတယ်။

ကျွန်ုပ်တို့တတွေလည်း ဘုရားသခင်၌ ခွန်အားယူပြီး သူဌေးကြီး၏အဖြစ်ကိုစဉ်းစားထောက်ရှု့ရင်း တရားတွေ့နိုင်ကြပါစေ။ မိမိတို့ပတ်ဝန်းကျင်မှာ အခြေအနေအမျိုးမျိုးဖြင့်လိုအပ်ချက်များရှိနေသော ဆင်းရဲသားကိုလည်း သတိရပေးကမ်းဝေငှတတ်ပြီး ခရစ်ယာန်ပီပီ ပြုမူနေထိုင်နိုင်ပါစေကြောင်း ထပ်ဆင့်ဆုတောင်းအပ်ပါတယ်။


ကိုရင် (ဒိုမီနီကန်)

Tuesday, 24 September 2013

ငြိမ်းချမ်းရေးသာလျှင် တစ်ခုတည်းသော အဖြေဖြစ်ကြောင်း ပါကစ္စတန်အား ပုပ်ရဟန်းမင်းကြီးမိန့်ဆို


ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ပါကစ္စတန်နိုင်ငံရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများအား အသေခံဗုံးခွဲလုပ်ကြံမှု့များဖြစ်ပွားခဲ့ခြင်းတို့အား ပုပ်ရဟန်းမင်းကြီးအရှင်ဖရန်စစ်က ပြင်းပြင်းထန်ထန်ရှုံ့ချလိုက်ပါတယ်။ ထိုအကြမ်းဖက်မှု့များမှာ လက်ခံနိုင်စရာမရှိကြောင်းနှင့် ဒေသအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရန် လုံးဝတိုက်တွန်းလိုက်ပါတယ်။

“ဒီနေ့ ပါကစ္စတန်နိုင်ငံမှာ မှားယွင်းတဲ့ရွေးချယ်မှု့၊ အမုန်းတရားနှင့် စစ်မက်တို့၏ဆုံးဖြတ်ချက်ကြောင့် လူပေါင်း ၇၀ကျော်ကို အသက်ဆုံးရှုံးစေတဲ့ တိုက်ခိုက်မှု့ဖြစ်ပေါ်ခဲ့ရတယ်။ ဒီရွေးချယ်မှု့မှာ လုံးဝမရပ်တည်နိုင်ပါဘူး။”

စက်တင်ဘာလ ၂၂ရက်နေ့၊ တနင်္ဂနွေနေ့၏နေ့ခင်းပိုင်းတွင် ပါကစ္စတန်နိုင်ငံရှိ လူဦးရေထူထပ်သည့်နေရာဖြစ်သော ပက်စ်ဟာဝါမြို့၏ ကိုဟာတီဂိတ်တွင်ရှိသော ခရစ်ယာန်တို့၏သမိုင်းဝင်ဘုရားကျောင်းဖြစ်သော ရဟန္တာသူတော်စင်အပေါင်းတို့ ဘုရားရှိခိုးကျောင်း ဘုရားဝတ်ပြုသူ ရာပေါင်းများစွာကြားတွင် လူနှစ်ဦးသည် သူတို့ကိုယ်သူတို့အသေခံပြီး ဗုံးခွဲလုပ်ကြံခဲ့သည်။

မျက်မြင်သက်သေများ၏အဆိုအရ၊ လူပေါင်း ၈၀ခန့်အသက်ဆုံးရှုံးခဲ့ပြီး ၁၂၀ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။ “ဗုံးသံတွေကို ကြားခဲ့ရတယ်။ ပထမတစ်လုံးထက် ဒုတိယပေါက်ကွဲမှု့က ပိုမိုပြင်းထန်တယ်။ အသေခံလုပ်ကြံသူတွေရဲ့ အ၀တ်စားတွေကို ဘုရားကျောင်းအပြင်မှာ တွေ့လိုက်ရတယ်။”
ဤအကြမ်းဖက်မှု့ဟာ ပါကစ္စတန်နိုင်ငံရှိ ခရစ်ယာန်များအပေါ်တိုက်ခိုက်သည့် နောက်ဆုံးဖြစ်ရပ်ဖြစ်သည်။ ထိုပြည်နယ်အတွင်း ခရစ်ယာန် ၂သိန်းကျော်ရှိပြီး ပက်စဟာဝါမြို့တွင် ခုနှစ်သောင်းကျော်ခန့် နေထိုင်ကြသည်။

ထိုအကြမ်းဖက်မှု့အား ဘာသာရေးခေါင်းဆောင်များနှင့် နိုင်ငံရေးခေါင်းဆောင်များသည် အပြင်းအထန် ရှုံ့ချသော်လည်း ပြည်သူတွေကတော့ လူနည်းစုအပေါ်ကာကွယ်မှု့မပေးနိုင်သည့် အစိုးရအား လမ်းမပေါ်ထွက်ပြီးဆန္ဒပြနေကြပါတယ်။ ဆန္ဒပြသူတွေဟာ တနင်္ဂနွေနေ့မှာ ပက်စ်ဟာဝါ၊ အီစလန်မာဗတ်၊ လာဟောရ်နှင့် ကာရာချီမြို့တွေမှာ လမ်းများပိတ်ဆို့ခဲ့ကြပြီး တနင်္လာနေ့မှာ အဓိကမြို့ကြီးများမှာလည်း အလားတူဆန္ဒပြမှု့များဖြစ်ပေါ်စေဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

ပါကစ္စတန်အစိုးရက ထိုအကြမ်းဖက်မှု့တွင် အသက်ဆုံးရှုံးသူများနှင့်ဒဏ်ရာရသူများအတွက် သုံးရက်တိတိ ပူးဆွေးဝမ်းနည်းဖွယ်ရာနေ့များအဖြစ် ကြေငြာထားပါတယ်။ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်က ဤအကြမ်းဖက်မှု့သည် ဘာမှအကျိုးမရှိဘဲ ငြိမ်းချမ်းသောနည်းလမ်းဖြင့်သာ ပိုမိုကောင်းမွန်တဲ့ကမ္ဘာကို ဖန်တီးနိုင်မှာဖြစ်တယ်လို့ မိန့်ဆိုခဲ့ပါတယ်။

ဗာတီကန်ရှိ စိန်ပီတာဘာစီလီကာမှာတော့ တနင်္ဂနွေနေ့ညပိုင်းမှာ ပါကစ္စတန်ရှိ ထိုအကြမ်းဖက်မှု့မှာ အသက်ဆုံးရှုံးသူများ၊ ဒဏ်ရာရရှိသူများနှင့် ၎င်းတို့မိသားစုများအတွက် ပူးဆွေးဝမ်းနည်းဖွယ်ရာအဖြစ် လျပ်စစ်မီးမထွန်းဘဲ အမှောင်ချထားပါတယ်။


မနောအောင်

Sunday, 22 September 2013

၂၅ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့ (၂၂.၉.၂၀၁၃)

မည်သည့်အစေခံမျှ သခင်နှစ်ဦး၏အစေကိုမခံနိုင်ပေ။


ယနေ့ဖတ်ရှု့ရသည့် ခရစ်တော်၏ဧ၀ံဂေလိတရားတော်မှာ မရိုးသားသောဘဏ္ဍာစိုး၏ ပုံဥပမာကို အသုံးချ၍ ကျွန်ုပ်တို့အား လှည့်ကွက်ဖြင့် တရားလမ်းကိုဦးဆောင်ဟောကြားထားပါတယ်။ ဏ္ဍာစိုးသည် သူဌေး၏ဥစ္စာပစ္စည်းများကို ဖြုန်းတီး၍ ရာထူးမှအဖယ်ခံလိုက်ရပါတယ်။ သို့သော်လည်း ထိုဏ္ဍာစိုးဟာ သူအလုပ်ပြုတ်တာကို အများမသိခင် အချိန်အတိုလေးအတွင်းမှာ သူ၏အနာဂတ်အတွက် အခြားသူများအမြင်မှာ သဘောမနောကောင်းသူ၊ အများလေးစားရသူနှင့် မိတ်ဆွေကောင်းများရဖို့ မရိုးသားတဲ့နိပရိယယ်တွေကို သုံးပါတော့တယ်။ သူ့သခင်အား အကြွေးပေးစရာရှိသူများ၏စာရင်းကို လျော့ပေးကာ သူဌေးငွေနဲ့ သူမျက်နှာယူခဲ့တာပါ။ ဒါပေမယ့်လည်း သူဌေးဟာ ထိုမရိုးသားသော ဏ္ဍာစိုးကို ချီးကျူးထားပါတယ်။ အဓိကတော့ ထိုဏ္ဍာစိုးရဲ့ ဆင်ခြင်မြော်မြင်ဉာဏ်ကို ချီးကျူးထားပါတယ်။

မိတ်ဆွေ၊ ဒီပွိုင့်ဟာ ကျွန်ုပ်တို့ထောက်ရှု့ရမည့် အဓိကတရားပင်ဖြစ်ပါလိမ့်မယ်။ ကျွန်ုပ်တို့တတွေလည်း ကျွန်ုပ်တို့အနာဂတ်အတွက် ဘယ်လောက်အမြော်အမြင်၊ ဘယ်လိုအမြော်အမြင် ရှိကြပါသလဲ။ ကျွန်ုပ်တို့တတွေဟာ ကောင်းကင်နိုင်ငံတော်ကိုပိုင်ဆိုင်နိုင်ဖို့ ခရစ်တော်နောက်တော်သို့ လိုက်နေကြလို့ ခရစ်ယာန်ဟုအခေါ်ခံရသူများဖြစ်ပါတယ်။ ဒီတော့ ခရစ်ယာန်တွေဖြစ်နေတဲ့ ကျွန်ုပ်တို့တတွေမှာ ခရစ်ယာန်အနာဂတ်ဆိုတာ ရှိနေမှာပါ။ သို့သော်လည်း ဒီခရစ်ယာန်အနာဂတ်ကို အောင်မြင်စွာရရှိဖို့ လောကမှာနေထိုင်စဉ် လောကပစ္စည်းတွေကို အသုံးချရာ၌ ခရစ်တော်ရဲ့ပုံဥပမာထဲက ဏ္ဍာစိုးလို ဆင်ခြင်မြော်မြင်ဉာဏ်ရှိနေရမယ်လို့ ခရစ်တော်က မိန့်ဆိုနေပါတယ်။

ထိုကြောင့် လောကမှာနေထိုင်စဉ် ကျွန်ုပ်တို့တတွေအနေဖြင့် လောကပစ္စည်းတွေကို ဘယ်လိုအသုံးချနေကြသလဲ။ ဘယ်လိုအသုံးချမလဲဆိုတာ အနည်းငယ်စဉ်းစားကြည့်စေလိုပါတယ်။ စကားပုံတစ်ခုရှိပါတယ် - အူမတောင့်မှ သီလှစောင့်နိုင်မယ်တဲ့။ မှန်ပါတယ်- ကျွန်ုပ်တို့တတွေဟာ သီလစောင့်ထိန်းနိုင်ဖို့ အူမတောင့်တင်းအောင်ထားရပါတယ်။ ဒီနေရာမှ အူမတောင့်တင်းရဖို့က ကျွန်ုပ်တို့ရဲ့ပထမပွိုင့်မဟုတ်ဘဲ သီလဟာအဓိကရည်ရွယ်ချက်နေရာမှာ ရှိနေတာပါ။ အကယ်၍ ဒီနေရာမှာ အူမတောင့်တင်းဖို့သာ အဓိကဖြစ်နေမယ်ဆိုလျှင် ကျွန်ုပ်တို့တတွေမှာ လောဘစိတ်တွေ တွယ်ကပ်လာမှာ သေချာပါတယ်။ အစားတစ်ခုကိုစားလိုက်တယ်- နောက်တစ်ခုကို ခဏနေစားဖို့၊ အဲဒါပြီး စားဖို့၊ ပြန်ဆာတဲ့အခါ စားဖို့ စသဖြင့် ကျွန်ုပ်တို့လောဘတွေကို ချဲ့ထွင်ဖို့ အကြောင်းပြချက်တွေ ရှိနေမှာပါ။ထို့အတူပါပဲ- ကျွန်ုပ်တို့တတွေဟာ အခြားလောကပစ္စည်းတွေကို အသုံးပြုတဲ့အခါမှာလည်း အဲဒီပစ္စည်းတွေပေါ်မှာ ကျွန်ုပ်တို့စိတ်တွေကို ပထမနေရာမပေးသင့်ပါဘူး။ ထိုပစ္စည်းတွေကို အသုံးချရတဲ့ ရည်ရွယ်ချက်သာလျှင် ပထမစိတ်ထားနေရာမှာ ရှိနေသင့်ပါတယ်။ အဲဒီလို အသုံးချရည်ရွယ်ချက်ဟာလည်း အမြော်အမြင်ရှိရှိဖြစ်နေသင့်ပါတယ်။

ကျွန်ုပ်တို့လူ့အသိုင်းအ၀ိုင်းမှာ ကပ်စီးနှဲသူတွေကို ခနဲ့သည့် အပြောအဆိုတစ်ခုရှိပါသေးတယ်။ သိပ်ပြီးကပ်စီးနှဲမနေပါနဲ့ သေရင်ကိုယ့်နောက်ဘာပါမှာမို့တုန်း။ ဒီစကားစုဟာ ကျွန်ုပ်တို့အတွက် လမ်းနှစ်ခုကို တွန်းပို့ပေးပါတယ်။ ၁-ကျွန်ုပ်တို့တတွေသေရင် ကိုယ့်နောက်ဘာမှမပါတဲ့အတွက် လောကမှာနေထိုင်စဉ်အတွင်း ပျော်ပျော်ပါးပါးနေနိုင်ဖို့ သုံးဖြုန်းရန် အားပေးနေတဲ့လမ်းဘက်ကို ဦးတည်နေပါတယ်။ ၂-ကျွန်ုပ်တို့တတွေသေရင် ကိုယ့်နောက်ဘာမှမပါတဲ့အတွက် ကျွန်ုပ်တို့တတွေ ပိုင်ဆိုင်တာတွေကို ကပ်စီးနှဲမနေဘဲ လှူကြတန်းကြ၊ ပေးကြကမ်းကြ၊ နောက်အခြားသူများကိုလည်း ဝေမျှကြ စသဖြင့်အကျိုးတစ်ခုအတွက် ချိင့်ချိန်သုံးရန် အားပေးနေတဲ့လမ်းဘက်ကို ဦးတည်နေပါတယ်။ ထိုကြောင့် ဤလမ်းနှစ်သွယ်သည်ပင် ခရစ်တော်၏တရားဥပမာကို ပြန်ဖော်ဆောင်ပေးနေပါတယ်။ ပထမနည်းလမ်းအတိုင်းသုံးဖြုန်းမယ်ဆိုလျှင် ကျွန်ုပ်တို့တတွေသေတဲ့အခါ တကယ့်ကို ဘာမှပါသွားမှာမဟုတ်ပါဘူး။ သို့ပေမယ့်လည်း ဒုတိယနည်းလမ်းမှာတော့ ကျွန်ုပ်တို့တတွေဟာ လောကပစ္စည်းတွေနဲ့ နောင်အနာဂတ်ဘ၀အတွက် အကျိုးရှိတာတွေကို စုစည်းနေမိကြမှာပါ။ ထို့အပြင် အချိန်တိုအနာဂတ်မှာလည်း အများတကာရဲ့ လေးစားခြင်း၊ ချစ်ခင်ခြင်း၊ မေတ္တာထားခြင်းတို့ကို တုန့်ပြန်ခံစားရမှာ ဧကန်မုချပင်ဖြစ်ပါတယ်။ ဤသည်ပင် ခရစ်တော်ဖြစ်စေသည့် ဆင်ခြင်မြော်မြင်ဉာဏ်ရှိခြင်းဖြစ်ပါလိမ့်မယ်။

ပုံဥပမာအပြီးတွင် ခရစ်တော်၏အဆုံးသပ်သည်ကား မည်သည့်အစေခံမျှ သခင်နှစ်ပါးကို အစေမခံနိုင်ကြောင်း ပြောဆိုထားပါတယ်။ ထိုကြောင့် ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်ကိုချစ်၍ ကောင်းကင်နိုင်ငံတော်ကို ပိုင်ဆိုင်ရန် အမှု့တော်ထမ်းသည့်အခါ ၎င်းနှင့်ဆန့်ကျင့်ဘက်သခင်ကိုတော့ ကျွန်ုပ်တို့တတွေ အစေခံနိုင်မည်မဟုတ်ပါ။ တခါတရံ မကောင်းတဲ့လမ်းစဉ်တွေပေါ် လျှောက်လှမ်းမိခဲ့လျှင်ပင် ဒီမကောင်းတဲ့လမ်းစဉ်တွေကို ကျွန်ုပ်တို့ရှောင်ဖို့ကြိုးစားခြင်းဟာ ကောင်းမြတ်ခြင်းအရှင်ကို အစေခံနေခြင်းကြောင့် ဖြစ်ပါတယ်။ 

ထိုကြောင့် ကျွန်ုပ်တို့တတွေဟာ လောကီပစ္စည်းတွေကို အသုံးချပြီး အားလုံးစုံကိုပိုင်ဆိုင်သည့် ဘုရားသခင်ကိုသာ အစေခံနိုင်ဖို့ ကြိုးစားသွားကြပါစို့။

ခရစ်ယာန်အနာဂတ်ကို ပိုင်ဆိုင်ဖို့ လောကရှိအချိန်၊ ငွေနှင့်ဥစ္စာတို့ကို အကျိုးရှိရှိအသုံးချသွားနိုင်ဖို့ ခွန်အားကျေးဇူးတော်၊ ဉာဏ်ပညာအလင်းကျေးဇူးအား တောင်းလျှောက်သွားကြပါစို့။

ကိုရင် (ဒိုမီနီကန်)


Saturday, 21 September 2013

ရဟန္တာများနှင့် သူတို့၏ကာကွယ်စောင့်ရှောက်မှုများ

ကျွန်ုပ်တို့ ကက်သလိခ်ခရစ်ယာန်များသည် ဘုရားသခင်ထံဆုတောင်းရာတွင် အချို့တို့မှာ ဘုရားသခင်ထံမှတိုက်ရိုက်တောင်းခံကြသလို အချို့တို့မှာလည်း အမိမယ် တော်မှတဆင့်သော်လည်းကောင်း၊ ရဟန္တာများမှတဆင့်သော်လည်းကောင်း အားကိုးအားထားပြုကာဆိုတောင်းကြသည်။အဘယ်ကြေင့်ဆိုသော် ရဟန္တများ၏ ကြားဝင် ဆုတောင်းပေးခြင်းအားဖြင့် ဘုရားသခင်သည် မိမိတို့တောင်းလျှောက်သည့်ဆုကျေးဇူးများကိုပေးသနားတော်မူသောကြောင့်ဖြစ်သည်။ထို့ကြောင့် ရဟန္တာများကို အားကိုးအားထားပြုကာ ဆုတောင်းကြသော ဘာသာတူညီကိုမောင်နှမများအနေဖြင့် မည်သည့်ရဟန္တာသည် မည်သည့်ကိစ္စရပ်များ၊ မည်သည့်ပြသနာများ၊ မည်သည့် ရောဂါများကိုကာကွယ်စောင့်ရှောက်သည် ကိုသိရှိပြီး အားကိုးအားထားပြုကာဆုတောင်းနိုင်ရန်အတွက် ရဟန္တာများနှင့် သူတို့၏ကာကွယ်စောင့်ရှောက်မှုများ အကြောင်းကို ရေးသားလိုက်ပါသည်။

၁. သူတော်စင် ဒင်မ်ဖနာ (စိတ်ဖောက်ပြန်သူများကိုကာကွယ်စောင့်ရှောက်သူ)

၂. သံအန်ထော်နီ (လယ်သမားများနှင့် အိမ်မွေးတိရစ္ဆာန်များအားကြည့်ရှုစောင့်ရှောက်သူ) (ပွဲနေ့-ဇန်နဝါရီလ ၁၇)

၃. သံဆေဘက်စတီးယန်း (ပြေးခုန်ပစ်အားကစားသမားများကိုကြည့်ရှုမှိုင်းမကာကွယ်သူ) (ပွဲနေ့-ဇန်နဝါရီလ ၂ဝ)

၎. သံတာအာဆူလာ (တက္ကသိုလ်ကျောင်းများကို ကာကွယ်စောင့်ရှောက်သူ)

၅. သံသောမတ်စ်အကွီးနက်စ် (စာသင်ကျောင်းများကိုကာကွယ်စောင့်ရှောက်သူ) (ပွဲနေ့-ဇန်နဝါရီလ ၂၈)

၆. သံဘလေ့စ် (လည်ချောင်းရောဂါခံစားနေရသူများကိုကာကွယ်စောင့်ရှောက်သူ) (ပွဲနေ့-ဖေဖော်ဝါရီလ ၃)

၇. သံတာအာဂါတား (သူနာပြုဆရာမများ/ငလျင်လှုပ်ခြင်းနှင့် နို့နှင့်ဆိုင်သောရောဂါများကို ကာကွယ်စောင့်ရှောက်သူ) (ပွဲနေ့-ဖေဖော်ဝါရီလ ၅)

၈. သံဂျေရုမ်းအယ်မီလီယားနီ (မိဘမဲ့ကလေးများကို ကာကွယ်စောင့်ရှောက်သူ) (ပွဲနေ့-ဖေဖော်ဝါရီလ ၈)
၉. သံဗာလင်တိုင်း (ချစ်သူများကိုကာကွယ်စောင့်ရှောက်သူ) (ပွဲနေ့-ဖေဖော်ဝါရီလ ၁၄)

၁ဝ. ဘုရား၏သံဂျွန် (ဆေးရုံများကို ကာကွယ်စောင့်ရှောက်သူ) (ပွဲနေ့-မတ်လ ၈)

၁၁. သံဂျိုးဇက် (အပျိုကညာစင်ဘဝများနှင့် အသင်းတော်ကိုကာကွယ်စောင့်ရှောက်သူ) (ပွဲနေ့-မတ်လ ၁၉)

၁၂. သံယောဟန်ဗပ်ပတစ်စ်ဒေလာဆာ (ကျောင်းဆရာ/ဆရာမများကို ကာကွယ်စောင့်ရှောက်အုပ်ထိန်းသူ) (ပွဲနေ့-ဧပြီလ ၇)

၁၃. သံဂျော့ (ခရစ်တော်အတွက်ဝိညာဉ်ရေးတိုက်ပွဲဝင်နေသူများကို ကာကွယ်စောင့်ရှောက်သူ) (ပွဲနေ့-ဧပြီလ ၂၃)

၁၄. သံအီစီဒို (တောင်သူလယ်သမားများကို စောင့်ရှောက်သူ သူတော်စင်) (ပွဲနေ့-မေလ ၁၅)

၁၅. ပါဒူအားမြို့မှ သံအန်ထော်နီ (ဆင်းရဲသားများ/ ပျောက်ဆုံးသွားသောပစ္စည်းများအတွက် ကာကွယ်မှိုင်းမသူ) (ပွဲနေ့-ဇွန်လ ၁၃)

၁၆. သံအလွိုက်ရှက်ဂွန်ဇာဂါ (လူငယ်များကို ကူညီမှိုင်းမကာကွယ်သူ) (ပွဲနေ့-ဇွန်လ ၂၁)

၁၇. သံသောမတ်စ် -တပည့်တော်ကြီး (ဗိသုကာပညာရှင်များကို စောင့်ရှောက်သူ) (ပွဲနေ့-ဇွန်လိုင် ၃)

၁၈. သံတာမာရီယားဂေါ်ရက်သီ (လူငယ်မိန်းကလေးများကို ကြည့်ရှုစောင့်ရှောက်သူ) (ပွဲနေ့-ဇွန်လိုင် ၆)

၁၉. သံကာမေလူးစ် (မကျန်းမာသူများကိုကာကွယ်စောင့်ရှောက်သူ) (ပွဲနေ့-ဇွန်လိုင် ၁၄)

၂ဝ. သံတာမာတား (ချက်ပြုတ်သူတို့ကို ကာကွယ်စောင့်ရှောက်သူ) (ပွဲနေ့-ဇွန်လိုင် ၂၉)

၂၁. သံဂျွန်ဗီယာနေ (ရဟန်းဘုန်းတော်ကြီးများကိုကာကွယ်စောင့်ရှောက်သူ) (ပွဲနေ့-သြဂတ်လ ၄)

၂၂. သံလောရင့်စ် (မရှိဆင်းရဲသားများကို မှိုင်းမစောင့်ရှောက်သူ) (ပွဲနေ့-သြဂတ်လ ၁ဝ)

၂၃. သံတာမော်နီကား (မိခင်များအားကူညီမှိုင်းမသူ) (ပွဲနေ့-သြဂတ်လ ၂၇)

၂၄. သံပီတာကလာဗဲ (အမေရိကတိုက်ရှိ နီဂရိုးလူမျိုးမျာအား ကူညီမှိုင်းမသူ) (ပွဲနေ့-စက်တင်ဘာလ ၉)

၂၅. သံဂျွန်ခရစ်စောစတွန် (တရားဟောဆရာများကိုကူညီမှိုင်းမသူ) (ပွဲနေ့-စက်တင်ဘာ ၁၃)

၂၆. သံကော့စ်မာစ်နှင့် သံဒါမီအန် (သမားတော်များကို စောင့်ရှောက်သူ) (ပွဲနေ့-စက်တင်ဘာ ၂၆)

၂၇. သူငယ်တော်ယေဇူး၏ သံတာထရေဇား (သာသနာပြုများကို ကူညီမှိုင်းမကာကွယ်စောင့်ရှောက်သူ) (ပွဲနေ့-အောက်တိုဘာလ ၁)

၂၈. သံလုကား- ကျမ်းရေးပုဂ္ဂိုလ် (ဆရာဝန်များနှင့် ပန်းချီဆရာများကို ကာကွယ်မှိုင်းမသူ) (ပွဲနေ့-အောက်တိုဘာ ၁၈)

၂၉. သံဂျုဒ်- တပည့်တော်ကြီး (မျှော်လင့်ချက်မရှိတော့်သည့်ကိစ္စများကို ကူညီမှိုင်းမသူ) (ပွဲနေ့-အောက်တိုဘာ ၂၈)

၃ဝ. သံချားလ်စ်ဘိုရိမေအို (ရဟန်းဖြစ်ကျောင်းသားရဟန်းလောင်းများကို စောင့်ရှောက်သူ) (ပွဲနေ့-အောက်တိုဘာ ၄)

၃၁. တူးအာစ်မြို့မှ သံမာတင်း (စစ်သားများကို ကူညီကာကွယ်စောင့်ရှောက်သူ) (ပွဲနေ့-နိုဝင်ဘာလ ၁၁)

၃၂. သံတာဖရန်စစ်ဇေးဗီးယားကာဘရိနီ (တရွာတကျီပြောင်းရွှေ့နေထိုင်သူများကို မှိုင်းမစောင့်ရှောက်သူ) (ပွဲနေ့-နိုဝင်ဘာ ၁၃)

၃၃. သံအဲလ်ဘတ်သိဂရိတ် (သိပ္ပံပညာရှင်များကို စောင့်ရှောက်သူ) (ပွဲနေ့-နိုဝင်ဘာ ၁၅)

၃၄. သံတာစီစီလျား (တေးဂီတပညာရှင်များကို စောင့်ရှောက်သူ) (ပွဲနေ့-နိုဝင်ဘာ ၂၂)

၃၅. သံဖရန်စစ်ဇေးဗီးယား (နိုင်ငံရပ်ခြားသာသနာပြုများကို စောင့်ရှောက်သူ) (ပွဲနေ့-ဒီဇင်ဘာ ၃)

၃၆. သံတာလူစီယား (မျက်မမြင်များကို ကူညီစောင့်ရှောက်သူ) (ပွဲနေ့-ဒီဇင်ဘာ ၁၃)

မိမိတို့၏ လိုအပ်သောဆုကျေးဇူးများကို ရဟန္တာများ၏ကြားဝင်ဆုတောင်းပေးခြင်းအားဖြင့် ဘုရားသခင်ထံမှ ဆုကျေးဇူးအဖြာဖြာခံစားရပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ် ပါသည်။ ရဟန္တများ၏အတ္ထုပ္ပတ္တိ-(စိန်ဖရန်စစ်ဇေးဗီးယားဘရာများ) မှ ကောက်နှုတ်ဖော်ပြပါသည်။

သြဂက်စတင်း စည်သူ(စိန်ဂျိုးဇက်-ဖယ်ခုံ)

ကလောင်ရှင်၏ ကိုယ်ရေးရာဇဝင်အကျဉ်း
ကလောင်အမည်........ သြဂက်စတင်း စည်သူ(စိန်ဂျိုးဇက်-ဖယ်ခုံ)
အမည်............သြဂတ်စတင်းစည်သူဝင်း
မိဘအမည်........ဦးဝီလီယံ + ဒေါ်ရီတာ
မှတ်ပုံတင်အမှတ်....... စီအေတီဇက်အန် ဝဝ၅၇ဝ၂
မွေးဇာတိ..........၂၈-၂၉လမ်းကြား မီးရထားတိုက်တန်း၊ စိန်ဇေးဗီးယားသာသနာအုပ်စု၊ မန္တလေးဂိုဏ်းချုပ်သာသနာ၊

လက်ရှိနေရပ်လိပ်စာ.......... စိန်ဂျိုးဇက်ဘရာသာရ်ကျောင်း၊ ပထမနှစ်ဘရာသာရ်လောင်း၊ ဟိန်ဓမ္မရပ်၊ ဖယ်ခုံမြို့၊ ရှမ်း/တောင်ပိုင်း။ဖုန်း-ဝ၈၁-၅၆၄၅၁၊ ၅၆၄၅၂။

စာရေးသားခဲ့ခြင်း..................အလင်းသက်သေ(ဖေ့စ်ဘုတ်)ဘာသာရေးဘလော့ တွင် Justine.sfx(MDY) အမည်ဖြင့်လည်း လစဉ်ကဗျာများရေးသားခဲ့သည်။
အီးမေးလ်..........justine.sfx@gmail.com

ယခု ရေးသားခဲ့ခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ရဟန္တာများ၏ကြားဝင်ဆုတောင်းပေးခြင်းအားဖြင့် ခံစားခဲ့ရသော ကျေးဇူးအဖြာဖြာအတွက် သက်သေခံရန်နှင့် ဘာသာတူများအနေဖြင့်လည်းရဟန္တာများ၏ကြားဝင်ဆုတောင်းပေးခြင်းအားဖြင့်ဘုရားသခင်ထံတော်မှကောင်းချီးမင်္ဂလာအဖြာဖြာခံစာရရှိစေရန်ဝေမျှသက်သေခံခြင်းဖြစ် ပါသည်။နောင်များတွင်လည်းဘာသာရေးစာပေးများ ဆက်လက်ရေးသားရန်ဆန္ဒရှိပါသည်။စာစောင်တာဝန်ခံအယ်ဒီတာအနေဖြင့် လက်ခံပေးပါရန်ရိုသေလေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။လူကြီးမင်းတို့ စာစောင်အနေဖြင့်လည်း ဘုရားသခင်၏ဆုကျေးဇူး ကောင်းချီးမင်္ဂလာအဖြာဖြာ ခံစားရရှိပြီး နောင်နှစ်ပေါင်များစွာတိုင် ရပ်တည်နိုင်ပြီး ဘာသာဝင်များအား ဝိညာဉ်ခွန်အားဖြစ်စေသော စာစောင်အဖြစ်ရပ်တည်နိုင်ပါစေရန် ဆုတောင်းပေးအပ်ပါသည်။
သြဂက်စတင်းစည်သူဝင်း
ပထမနှစ် (စိန်ဂျိုးဇက်ဘရာသာရ်)
ဖယ်ခုံဂိုဏ်းအုပ်သာသနာ။

Wednesday, 18 September 2013

ကက်သလစ်ခရစ်ယာန်တွေအနေနဲ့ နိုင်ငံရေးမှာ ဖာသိဖာသာ နေလို့မရကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် မိန့်ကြား

ဗာတီကန်၊ စက်တင်ဘာ (၁၆)၊ ၂၀၁၃ (Zenit)။-ကက်သလစ်ခရစ်ယာန်တွေအနေနဲ့ နိုင်ငံရေးမှာ ဖာသိဖာသာ နေလို့မရကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်းစစ် မိန့်ခဲ့ပါတယ်။

 အုပ်ချုပ်သူအနေနဲ့ အုပ်ချုပ်ခံသူတွေကို မေတ္တာထားရမှာ ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က မိန့်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တာမထားနိုင်တဲ့ ခေါင်းဆောင်ဟာ အုပ်ချုပ်နိုင်မှာ လည်း မဟုတ်ကြောင်း… အုပ်ချုပ်သည် ဆိုသော်လည်းပဲ ထိန်းသိမ်း ကြပ်မတ်ရုံ… အမိန့်ပေးရုံသာ လုပ်နိုင်ပြီး… တကယ်တမ်း အုပ်ချုပ်နိုင်မှာ မဟုတ်ကြောင်း မိန့်ခဲ့ပါတယ်။

ဓမ္မဟောင်းကျမ်းစာထဲက ဒေးဗစ်ဘုရင်အနေနဲ့ ပြည်သူ ပြည်သားတွေကို ဘယ်လောက်မေတ္တာ ထားခဲ့ကြောင်း… သူကျူးလွန်မိတဲ့ အပြစ်တစ်ခုအတွက် ပြည်သူပြည်သား အားလုံးပေါ် ကပ်ဆိုး မကျရောက်စေဘဲ မိမိအပေါ်မှာသာ ကျရောက်စေပါကြောင်း ဘုရားသခင်ကို တိုးလျှိုးတောင်းပန် ခဲ့မှုကို ပုပ်ရဟန်းမင်း အနေနဲ့ နမူနာ ပေးထားပါတယ်။ "ဒါတွေဟာ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ ပါရမီတွေပဲ… အုပ်ချုပ်ခံလူတွေ အပေါ်မှာ မေတ္တာထားရမယ်… ပြီးတော့ နှိမ့်ချရမယ်…"။

"မေတ္တာမရှိဘဲ … နှိမ့်ချခြင်းမရှိဘဲ ဘယ်သူမှ မအုပ်ချုပ်နိုင်ဘူး.. အုပ်ချုပ်မှုအလုပ်ကို လုပ်ဆောင်မယ့် ဘယ်အမျိုးသမီး၊ အမျိုးသားမဆို မိမိကိုယ်ကို မေးခွန်းနှစ်ခု မေးရမယ်… ငါအုပ်ချုပ်ရမယ့် လူတွေကို ပိုမို ကောင်းကျိုး ပြုနိုင်အောင် ငါသူတို့အပေါ်မှာ တကယ်ပဲ မေတ္တာထား ရဲ့လား… အကောင်းဆုံး လမ်းကို ရွှေးချယ်ရန်အတွက် လူတိုင်းကို နားထောင်ဖို့… ကွဲပြားတဲ့ ထင်မြင်ယူဆချက်တွေကို နားထောင်ဖို့ ငါတကယ် နှိမ့်ချရဲ့လား…။ ဒီမေးခွန်းတွေကို ကိုယ့်ကိုယ်ကို ပြန်မမေးနိုင်ဘူး ဆိုရင် ကိုယ့်အုပ်ချုပ်မှုက ကောင်းနိုင်မှာ မဟုတ်ဘူး။ အုပ်ချုပ်သူ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ… မိမိ အုပ်ချုပ်ရတဲ့သူတွေအပေါ် တကယ် မေတ္တာထားတယ်ဆိုရင် ဒီခေါင်းဆောင်ဟာ နှိမ့်ချတဲ့ပုဂ္ဂိုလ်လည်း ဖြစ်မှာပဲ…။"

 "တစ်ဖက်မှာ ကြည့်မယ် ဆိုရင်လည်း ရှင်ပေါလုအနေနဲ့ အုပ်ချုပ်ခံ သူတွေကို ဆုံးမထားတာ ရှိပါတယ်။ အာဏာရပုဂ္ဂိုလ်တွေအတွက် ဆုတောင်း မေတ္တာပို့သပေးဖို့ ဆုံးမထားတာပါ။ သို့မှသာ အုပ်ချုပ်တဲ့သူတွေက တည်ငြိမ်အေးချမ်းတဲ့ ဘ၀နဲ့ ဦးဆောင်နိုင်မှာ ဖြစ်တယ်။ တိုင်းသူပြည်သားတွေဆိုတာ နိုင်ငံရေးမှာ ဖာသိဖာသာ နေလို့မရဘူး။ သူတို့အုပ်ချုပ်နေတာပဲ… ငါနဲ့ ဘာဆိုင်လို့လည်းဆိုပြီး ပြောလို့မရဘူး။ ခေါင်းဆောင်လုပ်တဲ့သူတွေရဲ့ အုပ်ချုပ်မှုအတွက်လည်းပဲ ကိုယ့်မှာ တာဝန်ရှိတယ်။ သူတို့ ကောင်းမွန်စွာ အုပ်ချုပ်နိုင်ဖို့ ကိုယ်လုပ်နိုင်တာ အကောင်းဆုံး လုပ်ပေးရမယ်။ ကိုယ်တတ်နိုင်တာနဲ့ နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်ပေးရမယ်။ သာသနာတော်ရဲ့ လူမှုဆိုင်ရာ သွန်သင်ချက်အရ နိုင်ငံရေးဆိုတာ မေတ္တာလုပ်ငန်းရဲ့ အမြင့်ဆုံး အဆင့်တွေထဲက အဆင့်တစ်ခုပဲ။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံရေးဆိုတာ အများကောင်းကျိုးအတွက် ဖြစ်ထိုက်တဲ့အတွက်ကြောင့် ပါပဲ။ နိုင်ငံရေးမှာ ကိုယ်က လက်ရှောင်နေလို့ မရဘူး။ လူတိုင်းကတော့ တစ်ခုခုကို လုပ်နေရမယ်….။"

 ခေါင်းဆောင်တွေအကြောင်း မကောင်းပြောတာ… အဆင်မပြေတာတွေကို မကျေမနပ် တီးတိုးဝေဖန်တတ်တာ...စတဲ့ ညာဉ်လေး ရှိကြကြောင်းကိုလည်း ပုပ်ရဟန်းမင်းကြီးက မှတ်ချက်ပေးပါတယ်။ "တီဗီကြည့်မယ် သတင်းဂျာနယ်တွေကို ဖတ်မယ်ဆိုရင် ခေါင်းဆောင်တွေကို နှိပ်ကွပ်နေကြတာပဲ… တကယ်ကို နှိပ်ကွပ်နေကြတာ…ဟုတ်လည်း ဟုတ်မှာပါ… ခေါင်းဆောင်လုပ်တဲ့သူဟာလည်း ဒေးဗစ်ဘုရင်လိုပဲ အပြစ်သားတစ်ယောက် ဖြစ်ချင်ဖြစ်နေမယ်…ဒါပေမယ့် ကိုယ်ပြုပြင်ပေးနိုင်တာ… ကိုယ်ပြောဆိုတင်ပြနိုင်တာ… ကိုယ်တွေးခေါ်နိုင်တာတွေနဲ့ ပါဝင်ကူညီလုပ်ဆောင်ရမယ်။ ဘာကြောင့်လဲ ဆိုတော့ အများကောင်းကျိုးအတွက် ဆိုရင် ကျွန်ုပ်တို့ အားလုံး ပါဝင်ရမှာဖြစ်လို့ပဲ။"

"ကက်သလစ်ခရစ်ယာန်တွေအနေနဲ့ နိုင်ငံရေးမှာ ပါဝင်စွပ်ဖက်မှု မရှိရဘူး လို့ပြောတာ…ဒါမမှန်ဘူး။ ကက်သလစ် ခရစ်ယာန်ကောင်းတစ်ယောက်ဟာ နိုင်ငံရေးမှာ ပါဝင်စွပ်ဖက်မှု မရှိဘူး ဆိုတာ မမှန်ဘူး။ ဒါဟာ ကောင်းတဲ့ လမ်းစဉ်မဟုတ်ဘူး။ ကက်သလစ်ခရစ်ယာန်ကောင်း တစ်ယောက်ဟာ နိုင်ငံရေးမှာ ပါဝင် စွပ်ဖက်မှု ရှိရမယ်။ အုပ်ချုပ်သူတွေ အကောင်းဆုံး အုပ်ချုပ်နိုင်ဖို့ မိမိလုပ်ဆောင်နိုင်တာ အကောင်းဆုံး လုပ်ဆောင်ပေးရမယ်။ အုပ်ချုပ်သူတွေအတွက် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်တာတွေထဲက အကောင်းဆုံးက ဘာလဲ… ဆုတောင်းပေးခြင်းပဲ။ ရှင်ပေါလု ဆုံးမထားတာ ရှိတယ်… လူတွေအတွက် ဆုတောင်းပေးပါ… ရှင်ဘုရင်အတွက် ဆုတောင်းပေးပါ… အာဏာပိုင်တွေအတွက် ဆုတောင်းပေးပါ..တဲ့။ ဒီပုဂ္ဂိုလ်က ဆိုးသွမ်းကောက်ကျစ်တယ်... ငရဲပဲ သွားသင့်တယ်.. လို့ ဆိုလာစရာ ရှိရင်လည်း ဆုတောင်းပေးပါ... အဲဒီပုဂ္ဂိုလ်အတွက် ဆုတောင်းပေးပါ။ အကောင်းဆုံး အုပ်ချုပ်နိုင်ဖို့... လူတွေအပေါ် မေတ္တာထားနိုင်ဖို့... နှိမ့်ချနိုင်ဖို့ ဆုတောင်းပေးပါ။ အုပ်ချုပ်သူအတွက် ဆုမတောင်းပေးနိုင်သူဟာ ခရစ်ယာန်ကောင်းတစ်ယောက် မဖြစ်နိုင်ဘူး။ ပြဿနာလုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက် ဘယ်လိုလုပ် ဆုတောင်းပေးနိုင်မလဲ ဆိုခဲ့ရင်လည်း… ဆုတောင်းပေးပါလို့ပဲ ပြောချင်တယ်… ဒီပုဂ္ဂိုလ် ပြောင်းလဲလာဖို့ ဆုတောင်းပေးပါ။"

"ကျွန်ုပ်တို့မှာရှိတဲ့ အကောင်းဆုံး အတွေးအခေါ်တွေ… အကောင်းဆုံး အကြံအဥာဏ်တွေ… အကောင်းဆုံး လုပ်ဆောင်မှုတွေကို ပေးကမ်းကြတယ်။ အကောင်းဆုံးထဲက အကောင်းဆုံးကတော့ ဆုတောင်းမေတ္တာပဲ။ အုပ်ချုပ်သူ ခေါင်းဆောင်တွေ ကောင်းမွန်စွာ အုပ်ချုပ်နိုင်ဖို့ ဆုတောင်းပေးကြရအောင်ပါ…။"

အလင်းသက်သေ

Sunday, 15 September 2013

ဂလိုရီးယား သတင်းဂျာနယ် (စက်တင်ဘာ ၂၀၁၃)


ဂလိုရီးယား သတင်းဂျာနယ်၏ ခွင်ပြုချက်ဖြင့် အလင်းသက်သေ ဘလောက်တွင် မျှဝေပါသည်။

Tuesday, 10 September 2013

ကျန်းမာခြင်းမယ်တော်ပွဲကျင်းပ

ဗယ်လာကာနီမယ်တော် (ခ) ကျန်းမာခြင်း မယ်တော်ပွဲအား မယ်တော်သခင်မ၏ မွေးနေ့ဖြစ်သည့် ၈.၉.၂၀၁၃ ရက်နေ့တွင် ကျင်းပလေ့ရှိရာ မော်လမြိုင်မြို့ တွင်လည်း ထိုပွဲတော်အား နှစ် (၃၀)ပြည့် ကျန်းမာခြင်း မယ်တော်ပွဲ အဖြစ် စိန်ပက်ထရစ် ဘုရား ကျောင်းတွင် ကျင်းပခဲ့ကြသည်။


နိုဗီနာအ၀င်မှစ၍ မယ်တော်ဆင်းတုတော်ကို စီတန်းလှည့်လည်ပြီး သက်သေခံခဲ့ရာ နောက်ဆုံးနေ့ဖြစ်သည့် ပွဲတော်နေ့တွင် မော်လမြိုင်မြို့အောက်လမ်းမကြီးတွင်လည်း စီတန်းလှည့်လည် သက်သေခံခဲကြကြောင်း သိရှိရသည်။

ပွဲတော်နေ့တွင် မော်လမြိုင်ဂိုဏ်းအုပ်ဆရာတော်ကြီး ရေမွန်စောဖိုးရေမှ မစ္ဆားတရားကို ဦးဆောင် ကျင်းပကာ ဘုန်းတော်ကြီး (၉)ပါး၊ ဒီကင် တစ်ပါး၊ ကိုရင် (၂)နှင့် စစ္စတာ (၇) ပါးတက်ရောက်ကာ ဘာသာဝင်များနှင့်အတူ အခြားသော ဘာသာဝင်မဟုတ်သူများလည်း တက်ရောက်လာကြကာ စိန်ပက်ထရစ်ကျောင်းတော်ကြီးမှာ ပြည့်လျှံနေတာကို တွေ့ရှိခဲ့ရပါတယ်။

ပွဲတော်အား ကိုယ်တော်မြတ်ဖူးမျှော်ခြင်းနှင့် ကုသခြင်းကောင်းကြီးပေး၍ အဆုံးသပ်ခဲ့ကြောင်း သိရှိရပါတယ်။


သတင်းပို့သူ -


 ရွှေမြိုင်သူ

ပုပ်ရဟန်းမင်း၏ငြိမ်းချမ်းရေးဆုတောင်းခြင်း တကမ္ဘာလုံးကိုဆွဲခေါ်


စတင်ဘာလ ၇ ရက်နေ့ (စနေနေ့ညနေ)တွင် စတင်လိုက်သည့် ငြိမ်းချမ်းရေးအတွက် လေးနာရီအကြာ အထူးဆုတောင်းခြင်းအား ကက်သလစ်ဘာသာဝင်များသာမကဘဲ အခြားသော ခရစ်ယာန်များနှင့် ခရစ်ယာန်မဟုတ်သူများပါ စိတ်သဘောတွေ့ကြကြောင်း ဗာတီကန်သတင်းထုတ်ပြန်ရေးဌာနမှ သိရှိရပါသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင် လုပ်နိုင်သမျှအားလုံးကို လုပ်ဆောင်သွားပြီး အကြမ်းဖက်မှု့များအားလုံးကို ရပ်တန့်စေလိုကြောင်း ဗာတီကန်၏အကြီးအကဲတစ်ဦးဖြစ်သူ ဂရက်ဘာခ်မှ စတင်ဘာလ ၇ ရက်နေ့တွင် ပြောကြားခဲ့လေသည်။

ငြိမ်းချမ်းရေးဆုတောင်းပွဲ စတင်သည့်ညနေမှာပင် စိန်ပီတာရင်ပြင်တော်မှာ လူပေါင်း ၁သိန်းခန့် စုဝေးလာကြပြီး ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့်အတူ စိတ်ပုတီးစိတ်ဆိုကြခြင်း၊ ကိုယ်တော်မြတ်ဖူးမျှော်ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါ ဆုတောင်းခြင်းသည် ယခုအခါ ဗာတီကန်သို့ ဘုရားဖူးနှင့် အလည်အပတ်ရောက်ရှိလာကြသူများ၊ ကမ္ဘာ့ခရီးသွားများကိုပင် ဆွဲဆောင်မှု့အပြည့် ဖြစ်စေကြောင်းလည်း သိရှိရပါသည်။

ပုပ်ရဟန်းမင်းကြီး၏မိန့်ခွန်းတွင် ကျွန်ုပ်တို့တတွေဟာ ကာအိန်နလိုပဲ မိမိတို့ညီအစ်ကိုအချင်းချင်းကိုပင် ဆန့်ကျင့်ကာ အကြမ်းဖက်မှု့များနေ့စဉ်ဖြစ်နေပြီး နေ့စဉ်နေ့စဉ် လွဲမှားသည့်စံနမူနာများ၊ တကိုယ်ကောင်းဆန်မှု့များနှင့် ကိုယ့်အကျိုးအမြတ်တွေနဲ့သာ ပုံသွင်းနေကြသည်။ ဒီတော့ ကျွန်ုပ်တို့တတွေအနေဖြင့် ငြိမ်းချမ်းသည့်လမ်းစဉ်များဖြင့် မလျှောက်လှမ်းနိုင်ကြတော့ဘူးလား၊ မနေထိုင်နိုင်ကြတော့ဘူးလားဆိုတဲ့မေးခွန်းမှာ - ကျွန်ုပ်တို့လျှောက်လှမ်းနိုင်ပါတယ်။ နေထိုင်နိုင်ပါတယ်။ ဖြစ်နိုင်ပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့အား ကက်သလစ်အသင်းတော်တစ်ခုလုံးကို ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေး ဆုတောင်းမှု့များပြုလုပ်ဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သည့်အတွက်ကြောင့် တကမ္ဘာလုံးရှိ ကက်သလစ်တို့သည် သာသနာအုပ်စုအလိုက် အထူးဆုတောင်းခြင်းများပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါသည်။

မနောအောင်