တစ်ဦးတစ်ယောက်အား
ရဟန္တာအဖြစ်တင်မြှောက်ခြင်းကို ကက်သလစ်အသင်းတော်၌ ရဟန္တာအဖြစ်သို့ ကာနန်ဥပဒေအရအတည်ပြုကြေငြာခြင်းဟု
ခေါ်ဆိုနိုင်ပေသည်။ ၁၂၃၄ခုနှစ်ဆီသို့ ပြန်လည်ကြည့်ပါက အသင်းတော်အတွင်း ထိုကဲ့သို့ရဟန္တာတင်မြှောက်ခြင်းကို
တရားဝင်ဥပေဒေအရကြေငြာခြင်းမရှိခဲ့ပါ။ သို့သော်လည်း ရဟန္တာများစွာ အများသောအားဖြင့် မိမိတို့ယုံကြည်ခြင်းအတွက်
အသက်စွန့်ခဲ့သူ ဓမ္မအာဇာနည်များနှင့် ၎င်းတို့၏သန့်ရှင်းစင်ကြယ်ခြင်းတို့အားဖြင့် အသိမှတ်ပြုခဲ့ကြလေသည်။
ထို့အပြင် အေဒီ ၃၁၃ ခုနှစ် ခရစ်ယာန်ဘာသာအား ကွန်စတန်တီနိုအင်ပါယာလက်ထက်တွင် တရားဝင်အသိမှတ်ပြုချိန်မှစ၍
ဓမ္မအာဇာနည်များ၏အုပ်ဂူများ (ဥပမာ- စိန်ပီတာ၏အုပ်ဂူ) အား ခရစ်ယာန်တို့၏ အရိုသေပေးရာ
မြင့်မြတ်သောနေရာများအဖြစ် အသိမှတ်ပြုလက်ခံပြုလုပ်ခဲ့ကြသည်။ ဒေသအသင်းတော်များအတွင်း၌လည်း
ထိုဓမ္မအာဇာနည်များ၏ ကွယ်လွန်သည့်နေ့ရက်များအား သတိရအောက်မေ့ဖွယ်အဖြစ် ကျင်းပကြလေသည်။
တချို့မှာ ထိုသန့်ရှင်းရာအုပ်ဂူများပေါ်၌ ဗာစီလီကာလိုဘုရားကျောင်းကြီးများတည်၊ ပဌာနာတည်နှင့်
ပြုလုပ်အရိုသေပေးလာခဲ့ကြသည်။
ထိုသို့သူတော်စင်များကို
အသိမှတ်ပြုအရိုသေပေးလာရာမှ အချိန်အခါအရ အသင်းတော်အတွင်း ဒဏ္ဍရီဆန်ဆန်နဲ့ သူတော်စင်များကိုချည်းကပ်လာတတ်သည့်
ဖြစ်ရပ်များပေါ်ပေါက်လာကာ ရဟန္တာတင်မြှောက်ခြင်းကို ၀ိနည်းအရနှင့် လျော်ကန်အောင် တင်းကြပ်လာခဲ့ရသည်။
၁၂၃၄ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဂရေဂေါ်ရီ (၉)မှ ရဟန္တာတင်မြှောက်ခံရမည်သူအား တန်ခိုးအံ့ဖွယ်တခုခုကို
တရားဝင်တင်ပြနိုင်ရမည်ဟု ဥပဒေထုတ်ခဲ့သည်။ ၁၅၅၈ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး စစ္စတုစ်
(၅)မှ Congregation of Rites ဟူသောအဖွဲ့အစည်းကို ဖွဲ့ပေးခဲ့လေသည်။ ထိုအဖွဲ့အစည်းမှာ
နောက်ပိုင်း ရဟန္တာတင်မြှောက်ခြင်းဆိုင်ရာ စီစစ်ရေးအဖွဲ့ (Congregation for the
Causes of the Saints) ဟုအမည်ပြောင်းလဲခဲ့သည်။ ထိုအဖွဲ့အစည်းမှာ ရဟန္တာတင်မြှောက်ဖို့
အစစအရာရာကို သုံးသပ်စီစစ်ရသည်။
ယနေ့ခေတ်
လူပေါင်းများစွာက ကက်သလစ်ရဟန္တာတင်မြှောက်ခြင်းကို တော်တော်လေး စိတ်ဝင်စားလာသည်။ မည်သို့မည်ပုံ
မည်သည့်စံနှုန်းများဖြင့် ရဟန္တာတင်မြှောက်ပါသလဲ၊ ရဟန္တာဖြစ်ပါသလဲ ဆိုပြီး သိချင်လိုကြသည်။
ထိုကြောင့် ယနေ့ ကက်သလစ်အသင်းတော်အတွင်း ရဟန္တာများတင်မြှောက်ခြင်း ဖြစ်စဉ်ကို အနဲငယ်သုံးသပ်ပြလိုပါသည်။
ပထမဦးဆုံးအနေဖြင့်
သန့်ရှင်းမြင့်မြတ်မှု့ (သို့မဟုတ်) ယုံကြည်ခြင်းကိုသက်သေခံရင်း အသက်စွန့်ခဲ့သည့် ဓမ္မအာဇာနည်စိတ်ဓါတ်အပြည့်ဖြင့်
အမည်တွင်သည့် ပုဂ္ဂိုလ်တစ်ဦး ကွန်လွန်သွားခဲ့သော် ၎င်းကွန်လွန်ခဲ့သည့် သာသနာနယ်မှ ဆရာတော်ကြီးသည်
ထိုသူ့အား ရဟန္တာတင်မြှောက်ခြင်းဆိုင်ရာ စီစစ်ရေးကို စတင်လေ့ရှိသည်။ ထိုနေရာတွင် ထိုကွယ်လွန်သူ
ရဟန္တာလောင်း၏ တန်ခိုးအံ့ဖွယ်တခုခု ရှိရပါမည်။ တချိန်တည်းမှာပဲ အသင်းတော်မှလည်း ထိုရဟန္တာလောင်း၏
ကျန်ခဲ့သည့်အရေးအသားများကို ယုံကြည်ရာချက်သန့် မသန့်စီစစ်ပါမည်။ ထိုရဟန္တာလောင်းသည်
ကက်သလစ်အသင်းတော်၏ ယုံကြည်ရာချက်နှင့် သွေဖယ်မှု့ရှိမရှိ၊ ယုံကြည်ရာချက် လွဲမှားမှု့တို့
ရှိ မရှိ စီစစ်ရပါမည်။ ထိုသို့စီစစ်ပြီးသော စာရွက်စာတမ်း အစစ်အမှန်များကို ရဟန္တာများတင်မြှောက်ခြင်းဆိုင်ရာ
စီစစ်ရေးအဖွဲ့သို့ ပေးပို့ရပါမည်။
ထိုရဟန္တာများတင်မြှောက်ခြင်းဆိုင်ရာ
စီစစ်ရေးအဖွဲ့မှ ထိုတင်ပြမှု့စာတမ်းကို လက်ခံမှသာ ရှေ့ဆက်အဆင့်များကို ဆက်သွားရပါသည်။
အကယ်၍ ရဟန္တာလောင်းသည် ဓမ္မအာဇာနည်ဖြစ်ခဲ့လျှင် ထိုစီစစ်ရေးအဖွဲ့မှ ထိုသူသည် ယုံကြည်ခြင်းအတွက်
အသက်ပေးခဲ့သလား၊ ခရစ်တော်နှင့် အသင်းတော်အတွက် မိမိဘ၀ကို ဆက်ကပ်ပေးလှူခဲ့သလားဟု၍ ဆုံးဖြတ်ပါသည်။
အခြားသော ရဟန္တာလောင်းတို့ကိစ္စတွင်မူ သူ၏မေတ္တာတရားမှာ အမှန်တကယ်လေးနက်မှု့ရှိပြီး အခြားနီးစပ်သူများကိုလည်း
ကြီးမားသည့်မေတ္တာထားနိုင်ဖို့ အမှန်တကယ် ဟုတ်ရဲ့လား၊ သူ၏ပါရမီကျင့်စဉ်များဖြင့် စံနမူကောင်း၊ သူရဲကောင်း
ဖြစ်ရဲ့လား ဟူ၍ ထပ်မံစီစစ်ရသည်။ ထိုသို့ ထပ်မံစီစစ်သည့်အခါ ယုံကြည်ခြင်းကိုတိုးပွားစေတာကိုတွေ့ရှိရသလို၊
အခြားသော ကန့်ကွက်မှု့များနှင့် သံသယများလည်း တွေ့ရှိရသည်ကို ဖြေရှင်းရမည်ဖြစ်သည်။ ၎င်းအဆင့်အောင်မြင်ပြီး
ရဟန္တာလောင်းသည် သူရဲကောင်းဆန်သော ပါရမီရှင်အဖြစ် လောကတွင် အသက်ရှင်နေထိုင်ခဲ့သည်ဟု
ကြွေးကြော်နိုင်သည့်အခါ သူ့အား အရိုသေပေးထိုက်သူ (Venerable) အဖြစ် ကြေငြာလိုက်သည်။
ထိုနောက်
သူတော်စင်အဖြစ်တင်မြှောက်ခြင်းအဆင့်ကို စီစစ်ပါမည်။ ဓမ္မအာဇာနည်အတွက်တော့ သူတော်စင်အဖြစ်တင်မြှောက်ဖို့ရန်
၎င်း၏ဓမ္မအာဇာနည်ဖြစ်စဉ်သည် လုံလောက်ပေသည်။ သို့သော် အခြားသောရဟန္တာလောင်းများအတွက်မူ တန်ခိုးအံ့ဖွယ်တင်ပြနိုင်ရမည်။
ထိုတန်ခိုးအံ့ဖွယ်ကိုလည်း အသင်းတော်အနေဖြင့် သေချာစီစစ်ရသည်- ဘုရားသခင်သည် ထိုရဟန္တာလောင်းအားဖြင့်
အမှန်တကယ် တန်ခိုးအံ့ဖွယ်ပြုလုပ်သည် မလုပ်သည်၊ ထိုရဟန္တာ၏ကြားဝင်ဆုတောင်းပေးမှု့ဖြင့်
အံ့ဖွယ်ဖြစ်သည် မဖြစ်သည် ကိုသေချာ စီစစ်ရသည်။ ဤသူတော်စင်အဆင့်အောင်မြင်သွားသောအခါ ထိုရဟန္တာလောင်း
(သူတော်စင်) အား သီးသန့်မြို့နယ်အတွင်း၊ ဒေသအတွင်း၊ သာသနာနယ်အတွင်း၌သာ အရိုသေပေးခွင့်ရှိသည်။
ပုပ်ရဟန်းမင်းကြီးသည် ထိုသူတော်စင်အသစ်အတွက် သင့်လျော်သည့် မစ္ဆား နှင့် ဆုတောင်းမေတ္တာတို့ကို
ခွင့်ပြုသည်။
သူတော်စင်အဖြစ်တင်မြှောက်ပြီးသောအခါ
ရဟန္တာအဖြစ်သို့တင်မြှောက်ရန်အတွက် နောက်ထပ် တန်ခိုးအံ့ဖွယ်တစ်ခု ထပ်မံလိုအပ်သည်။ ထိုတန်ခိုးအံ့ဖွယ်ကိုလည်း
ရှေးနည်းအတိုင်း သေချာ စီစစ်ရသည်။ ထိုသို့ စီစစ်ချက်အောင်မြင်သောအခါ ထိုပုဂ္ဂိုလ်သည်
ရဟန္တာအဖြစ်သို့ ပုပ်ရဟန်းမင်းကြီးမှ မစ္ဆားတရားနှင့်အတူ ကြေငြာလေသည်။
တန်ခိုးအံ့ဖွယ်များနှင့်စပ်လျဉ်း၍
အံ့ဖွယ်ခုနှစ်မျိုးကို မှတ်သားမိသည်။
(၁)။ ရောဂါဝေဒနာကုသခံရခြင်း
- ထိုရဟန္တာလောင်း၏ ကြားဝင်ဆုတောင်းပေးမှု့ဖြင့် မျှော်လင့်ချက်မဲ့နေသော ဝေဒနာများ ပျောက်ကင်းစေခြင်း။
(၂)။ ခန္တာကိုယ်မပုပ်မသိုး၊
မပျက်စီးဘဲရှိနေခြင်း - ရဟန္တာတချို့၏ရုပ်ခန္တာများမှာ မပျက်မစီးဘဲ၊ မပုပ်မသိုးဘဲ ယနေ့တိုင်ရှိနေတတ်ပါသည်။
ထိုမပုပ်မသိုး မပျက်စီးရခြင်းကိုလည်း သိပ္ပံနည်းပညာဖြင့် သေချာစီစစ်သည်။ ဥပမာ- စိန်ကက်သရင်း (စီရေနာ)။
(၃)။ သွေးရေစိုစွပ်ခြင်း
- တချို့ရဟန္တာတို့၏ခြောက်သွေ့နေသော သွေးစက်များမှာ ၎င်းတို့၏ပွဲနေ့၊ ၎င်းတို့ကွယ်လွန်သည့်နေ့
စသည့်နေ့များတွင် ပြန်လည်အရည်ပျော်တတ်သည်မှာ နှစ်စဉ်နှစ်တိုင်း ဖြစ်တတ်သည်။ ဥပမာ- စိန်ဂျန်နူဝါးရီးရု့စ်။
-ကျန်တဲ့
သုံးချက်မှာ ရဟန္တာများအသက်ရှင်စဉ်ဖြစ်ပေါ်ခဲ့သော အံ့ဖွယ်လက္ခဏာများဖြစ်သည်။
(၅)။ ဈန်ကြွတက်ခြင်း
(Levitation)- ရဟန္တာသည် လေထဲတွင် ပျံတက်နေတတ်သည်။ ဥပမာ- စိန်ဂျိုးဇက် (ကူပါတီနို) သည်
သူဆုတောင်းနေစဉ် မကြာခဏလေထဲသို့ ပျံတက်နေတတ်သည်။
(၆)။ ခရစ်တော်၏ဒဏ်ရာတော်ငါးချက်
(Stigma) - ရဟန္တာတို့၏ခန္တာတွင် ခရစ်တော်နည်းတူ ပုံစံတူ ဒဏ်ရာတော်ငါးချက် ပေါ်ပေါက်တတ်ပြီး
အထူးသဖြင့် မစ္ဆားတရားနားချိန်တွင် သွေးများထွက်ပေါ်တတ်သည်။ ဥပမာ- စိန်ဖရန်စစ်အာစီစီနှင့်
ပါဒရေပီအို။
(၇)။ နေရာနှစ်ခု၌
တပြိုင်တည်းရှိနေတတ်ခြင်း (bilocation) -ရဟန္တာသည် တချိန်တည်းမှာ မတူကွဲပြားသည့်နေရာနှစ်နေရာမှာ
ရှိနေတတ်သည်။ ဥပမာ- ပါဒရေပီအို ။
မနောအောင်
ကိုးကားချက်။
No comments:
Post a Comment