လုကာ ၇း၃၆-၅၀
နှင့် ၈း၁-၃
မည်သူသည်
ဘုရားသခင်ကိုပိုချစ်မည်နည်း။
ယနေ့ ဖတ်ရှု့ရသည့် ဧ၀ံဂေလိကျမ်းစာ
တော်မြတ်တွင် ဖာရီဇေးဦး တစ်ဦးက ယေဇူး ခရစ်တော်ကို အစာသုံးဆောင်ရန်ဖိတ်ခေါ်သဖြင့်
ကိုယ်တော်လည်း ထိုအိမ်သို့သွားခဲ့ပါတယ်။ သို့သော်လည်း ဂျူးလူမျိုးတို့ဓလေ့အတိုင်း အိမ်သို့ ၀င်လျှင်
ခြေဆေးဖို့နဲ့ခြေသုပ်ဖို့ ပါဝါ မစီစဉ်ပေး ထားတာကို တွေ့ရပါတယ်။ ဤအချက်အားဖြင့် ကျွန်ုပ်တို့ဟာ
လူတစ်ယောက် အပေါ်ဘယ်လို စိတ်သဘောထား ရှိတတ် သည်ကို စဉ်းစား ထောက်ရှု့ စရာဖြစ်ပါတယ်။ ထို့အပြင်
ထူးခြားသည့် အဖြစ်က ထိုဖာရီးဇေးဦးအိမ်ကို လူတကာက အပြစ်သည်၊ မကောင်းသည့် အမျိုးသမီးဟုသတ်မှတ်ထားတဲ့
အမျိုးသမီးတစ်ဦး ကိုယ်တော့်ခြေရင်းမှာ ပြေးဝင်ပြီး သူမ၏မျက်ရည်နဲ့ ခြေဆေးပေးတယ်။ အမျိုးသမီးတို့အမြတ်နိုးဆုံးထားသည့်
ဆံပင်နှင့်ခြေသုပ်ပေးတယ်။ ဤအချက်သည်လည်း လူတစ်ယောက်အပေါ်မိမိဟာ အလေးထားဘယ်လောက်ထားသလဲဆိုတာ
စဉ်းစားထောက်ရှု့စရာဖြစ်ပါတယ်။ ကျမ်းစာအား ဆက်လက်ဖတ်ရှု့ကြည့်သော် ဖာရီးဇေးဦး၏အမြင်မကြည်၊
စိတ်ဘ၀င်မကျသည့်အဖြစ်နှင့် ကိုယ်တော်၏ဥပမာ စကားတို့ကို ကြားရပါလိမ့်မယ်။ ကိုယ်တော်က စီမွန်ကိုမေးပါတယ်- အပြစ်သားနှစ်မျိုးကို ဘုရားသခင်က ခွင့်လွှတ်ခြင်းပေးတဲ့အခါ မည်သည့်အပြစ်သားသည်
ဘုရားသခင်ကို ပိုချစ်မလဲ။
မိတ်ဆွေ၊
ကျွန်ုပ်တို့တတွေအားလုံးဟာ တနည်းမဟုတ်တနည်း အပြစ်သားတွေပါ။ သို့သော်လည်း အပြစ်သားတိုင်းဟာ
သူတစ်ပါးရဲ့အပြစ်တွေကို ချဲ့ကားမြင်တတ်ပြီး မိမိတို့အပြစ်ကိုတော့ သတိမထားမိကြပါဘူး။
ဒီနေ့ ခရစ်တော်ထောက်ပြချင်တဲ့တရားက မိမိတို့အပြစ် ဘယ်လောက်ကြီးလဲဆိုတာ မဟုတ်ပါဘူး။ မိမိတို့အပြစ်ကို
ဘယ်လောက် သတိထားမိတတ်ကြ သလဲဆိုတာပါပဲ။ ဒီတော့ မိမိတို့အပြစ်ကို သတိထားမိတတ်ဖို့ ချစ်ခြင်းမေတ္တာဟာ
အဓိကသော့ချက်ဖြစ်ပြန်တယ်။ မိမိက တစ်ဦးတစ်ယောက်ကို ချစ်မိလျှင် ထိုသူ့အပေါ်၊ ထိုသူနဲ့ပတ်သက်တာတွေမှာ
အပြစ်ဖြစ်မှာ စိုးရိမ်တတ်ပါတယ်။ ဒီလိုပါပဲ- မိမိဟာ ဘုရားသခင်ကို ချစ်လေလေ၊ မိမိကျူးလွန်မည့်အပြစ်ကို
သတိထားမိလေလေဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူက ပို၍ဘုရားသခင်ကိုချစ်သလဲ။ ဘယ်သူက ကိုယ့်အပြစ်ကို
ဘယ်လောက်သတိထားပြီး ရှောင်ကျဉ်ပါသလဲ။ ချစ်ခြင်းမေတ္တာနှင့် အပြစ်ရှောင်ကျဉ်နိုင်ခြင်းဟာ
အတွင်းကျကျ ဆက်စပ်မှု့ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိတို့ချစ်ခြင်းမေတ္တာဟာ မိမိတို့အပြစ်လုပ်မည့်စိတ်ကို
အထိမခံ စပ်စပ်လှုပ်စေလို့ပါပဲ။ ဒီတော့ အပြစ်ကို ပို၍ရှောင်ကျဉ်နိုင်စေပါတယ်။
ဒီတော့ ခရစ်တော်ပေးသည့်
ဒီတရားကို ကျွန်ုပ်တို့ဘ၀မှာ ဘယ်လိုအသုံးချမလဲ။ ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်ကိုချစ်လို့ဆိုပြီး
ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့အပြစ်လုပ်မည့်စိတ်အား စပ်စပ်လှုပ်နေပြီး အပြစ်ကို ပို၍ရှောင်ကျဉ်နိုင်ပြီလား။
ထို့အတူ ကျွန်ုပ်တို့နေ့စဉ်ဘ၀မှာ မကျေနပ်ဆုံး၊ အမုန်းဆုံးဆိုတဲ့သူတွေဟာ ကျွန်ုပ်တို့ရဲ့ခွင့်လွှတ်ကျေအေးခြင်းကို
ခရစ်တော်၏ခြေအား မျက်ရည်နှင့်ဆေးသည့် အမျိုးသမီးလို တောင်းတလျက်ရှိနေတာကိုကော ကျွန်ုပ်တို့မြင်မိကြရဲ့လား။
ဆင်ခြင်မိကြရဲ့လား။ ထိုကဲ့သို့သော လူတွေကို ခွင့်လွှတ်ကျေအေးပေးခဲ့လျှင် မိမိတို့ကို
ပုံမှန်သာမာန်ချစ်ပါတယ်ဆိုတဲ့သူတွေထက် ပိုချစ်ကြမယ်ဆိုတာကော သင်တွေးမိရဲ့လား။ ကျွန်ုပ်တို့ဆက်လက်စဉ်းစားကြည့်ကြပါစို့။
ဘုရားသခင်ကို
ကျွန်ုပ်တို့ဘယ်လောက်ချစ်သလဲဆိုတာ ကျွန်ုပ်တို့အပြစ်ဘယ်လောက်ကြီးလဲဆိုတာနဲ့ မဆိုင်ပါဘူး။
သို့သော်လည်း ကျွန်ုပ်တို့အပြစ်ကို ဘယ်လိုလုပ်နေကြလဲဆိုတာနဲ့သက်ဆိုင်ပါတယ်။ ကျွန်ုပ်တို့အသင်းတော်မှာ
အတုယူစရာအဖြစ် ရဟန္တာသူတော်စင်တွေ ရှိပါတယ်။ ထိုပုဂ္ဂိုလ်ကြီးတွေဟာ အပြစ်မရှိလို့၊ သန့်ရှင်းလွန်းလို့
ရဟန္တာတွေဖြစ်နေတာမဟုတ်ပါဘူး။ သို့သော်လည်း သူတို့အပြစ် ဘယ်လိုလုပ်မိလို့ ဘယ်လိုရှောင်ကျဉ်ဖို့ကြိုစားလဲဆိုတာကြောင့်ပါ။
အထက်မှာပြောသလိုပဲ ဘုရားသခင်ပေါ်ထားတဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာကြီးမားလွန်းလို့ အပြစ်လုပ်တတ်သည့်
သူတို့ရဲ့စိတ်ကို စပ်စပ်လှုပ်နာကျဉ်စေပြီး အပြစ်ကို အတတ်နိုင်ဆုံး၊ အစွမ်းကုန် ကြိုးစားရှောင်ကျဉ်သူတွေပါ။
ဒါကြောင့် ကျွန်ုပ်တို့လည်း ထိုနည်းလမ်းကိုလိုက်ကျင့်ရင်း နေထိုင်သွားရမှာဖြစ်ပါတယ်။
အမှန်တကယ်ချစ်ကြည့်ပါ- အပြစ်ဖြစ်စေရဲပါဦးမလား။
ဘုရားသခင်ပေါ်ထားတဲ့
ကျွန်ုပ်တို့ချစ်ခြင်းမေတ္တာဟာ ကျွန်ုပ်တို့နှင့်နီးစပ်သူများအပေါ်မှာ ရောင်ပြန်ဟပ်စေပါတယ်။
ဒါကြောင့် ဒုတိယပညတ်တော်အဖြစ် မိမိနှင့်နီးစပ်သူကို ကိုယ်နှင့်အမျှချစ်လောဟု ခရစ်တော်မိန့်ဆိုခဲ့ပါတယ်။
ကျွန်ုပ်တို့အချင်းချင်းချစ်ကြလျှင်လည်း အချင်းချင်းထိခိုက်စေမည့်အပြုအမူများကို အတတ်နိုင်ဆုံး
အစွမ်းကိုကြိုးစားရှောင်ကျဉ်ပါလိမ့်မယ်။ အကြောင်းမသင့်လို့ ကျွန်ုပ်တို့အချင်းချင်းအကြား
ခိုက်ရန်ဖြစ်ပွားမှု့တွေ၊ မကျေနပ်မှု့တွေ၊ တင်းမာမှု့တွေရှိတတ်တာ သဘာဝပါ။ သို့သော်လည်း
ဒါတွေဟာ ကျော်လွှားလို့မရတဲ့အရာတွေ၊ ဖြေရှင်းလို့မရတဲ့အရာတွေမဟုတ်ဘူး။ ဒါကြောင့် မုန်းတီးမိသည်အထိ
စိတ်ထဲမှာ မထားသင့်ပါ။ မုန်းတီးခြင်းဟာ ချစ်ခြင်းမေတ္တာလုံးဝပျောက်ဆုံးသွားခြင်းဖြစ်ပါတယ်။
ဒါကြောင့် ကျွန်ုပ်တို့ကိုယ်တိုင် အထိခိုက်ခံရသည့်သူများဖြစ်လျှင်လည်း ပြန်လည်ကျေအေးနိုင်ဖို့
မျှော်လင့်ချက်ရောင်ချည်အား ထိခိုက်သူအားပေးထားပါ။ မိမိက ထိခိုက်သူဖြစ်နေလျှင်လည်း
ပြန်လည်ကျေအေးနိုင်မည့် မျှော်လင့်ချက်နဲ့ တစ်ပါးသူ၏အလင်းရိပ်ကို ရှာဖွေတတ်ပါ။
စဉ်းစားကြည့်ပါ-
မိမိဟာ တစ်ပါးသူအား လုံးဝထိခိုက်နာကျဉ်အောင်ပြုလုပ်ထားသည်ဆိုတာကို သတိထားမိပါပြီဆိုပါစို့။
ထိုသူအနားချည်းကပ်ဖို့ ကြိုးစားချင်လာပါတယ်။ နောက်ဆုံး မိမိရဲ့မှားယွင်းမှု့၊ အပြစ်တွေကို
ထိုသူက ခွင့်လွှတ်ပေးလိုက်တယ်ဆိုပါစို့- သင်ဘယ်လို
ခံစားရမလဲ။ အဲဒီခံစားချက်ကို ပြန်လည် စဉ်းစားကြည့်ပါ။ ထို့နည်းတူ တစ်ပါးသူဟာလည်း မိမိကိုထိခိုက်ထားတာ
သတိထားမိတဲ့အချိန် သင့်ဆီက ခွင့်လွှတ်ကျေအေးခြင်းကို စောင့်မျှော်နေပါတယ်။ သင်ခွင့်လွှတ်လိုက်ပါ-
သူဟာ သင့်ကိုအရင်ထက် ပိုချစ်ပါလိမ့်မယ်။ တခြားသောသာမာန်မိတ်ဆွေတွေထက် ပို၍ချစ်ခင်လာပါလိမ့်မယ်။
ကျွန်ုပ်တို့တတွေဟာ တစ်ပါးသူ၏အပြစ်ကို “ကောင်းမှုတစ်ရာ မကောင်းတစ်ခါ” အဖြစ် မကောင်းတာတစ်ခါကိုပဲ
အမှတ်သည်းချေ မထားသင့်ပါ။ ခရစ်ယာန်တရားတော်ဟာ ချစ်ခြင်းမေတ္တာတရားဖြစ်သည့်အလျောက် တစ်ပါးသူအတွက်၊
မိမိအားထိခိုက်သူဖြစ်လင့်ကစား ပြန်လည်ကျေအေးသင့်မြတ်ဖို့ လမ်းဖွင့်ထားရပါမယ်။ ထိုအခါ
ဘုရားသခင်ကို အဘယ်သူပိုချစ်သလဲဆိုတာ သိလာပါလိမ့်မယ်။
နေ့စဉ် အာဂါတ
မောဟတွေကို ကျွန်ုပ်တို့နေ့စဉ်ဘ၀မှာ ချစ်ခြင်းမေတ္တာဖြင့် ကြိုးစားဆင်ခြင်နိုင်သူများ
ဖြစ်နိုင်ကြပါစေ။ အချင်းချင်းကြားမှာလည်း ပြန်လည်ကျေအေးခြင်း ရောင်ချည်များထွန်းတောက်ပါစေ။
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment