Sunday, 30 June 2013

၁၃ ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့

ယနေ့ ကျမ်းစာတော်မြတ်တွင် ယေဇူးခရစ်တော်အား ဆမာရိယရွာက လက်မခံကြသည့်အခါ တပည့်တော်ကြီးနှစ်ပါး၏ တုန့်ပြန့်မှု့နှင့် ခရစ်တော်၏တုန့်ပြန့်မှု့ကွာခြားပုံကို ဖတ်ရှုရပါလိမ့်မယ်။ ထိုကွာခြားပုံကို မစဉ်းစားခင် ကျွန်ုပ်တို့အနေဖြင့် ဆမာရိယရွာ၏နောက်ခံ သမိုင်းနှင့် အကြောင်းအရာတချို့ကို သိထားသင့်ပါတယ်။ 

ဆမာရိယာဆိုတာ ရှေးယခင်က မရှိခဲ့ပါဘူး။ သို့သော်လည်း အစီးရီးယမ်းတွေရဲ့လက်အောက်မှာ ကျွန်ဘ၀ရောက်ခဲ့ပြီး ဂျူးလူမျိုးတချို့ဟာ လူခြားများနှင့်ရောစပ်ပြီး ယခုကဲ့သို့ ဆမာရိယလူမျိုး ဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ ဂျူးလူမျိုးမစစ်ကြတော့သည့်အတွက် ဂျေရူဇလင် ဗိမာန်တော်မှာ ပါဝင်ရှိခိုးခွင့်ပျောက်ဆုံးခဲ့ရပါတယ်။ ဂျူးတွေက ဆမာရိယတွေကို အမျိုးမစစ်သူတွေအဖြစ် ချိုးနှိမ်ခဲ့ပြီး သူတို့ဟာ သီးခြားရပ်တည်ခဲ့ရပါတယ်။ နောက်ဆုံး ဘယ်လောက်ထိ အဖြစ်ဆိုးလဲဆိုရင် ဂျူးတစ်ယောက်က ဆမာရိယတစ်ယောက်နှင့်ပင် စကားပြောဆိုတာ မရှိပါဘူး။ လုံးဝရှောင်ကျဉ် ကြပါတယ်။ ခရစ်တော်က ဆမာရိယမိန်းမတစ်ဦးထံမှာ ရေတခွက်တောင်းသည့် ကျမ်းပိုဒ်ကို မှတ်မိဦးမယ်ဆိုလျှင် ထိုအချိန်က ၎င်းဆမာရိယအမျိုးသမီးမှာ တုန်လှုပ်အံ့အားသင့်ခဲ့ရတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ပြောရမယ်ဆိုရင်တော့ ဆမာရိယနှင့် ဂျူးဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ။

ထိုကြောင့် ဆက်စပ်တွေးကြည့်ရလျှင်ဖြင့် ဆမာရိယရွာမှ ယေဇူးသခင်လို ဂျူးအား လက်မခံဖို့ ဆုံးဖြတ်လိုက်တာ ၎င်းတို့ဘက်မှကြည့်လျှင် မှားမည်မဟုတ်ပါ။ ထို့အတူ ယေဇူးသခင်လို ကယ်တင်ရှင်ကို လက်မခံသည့် ဆမာရိယတို့အား ဒေါသဖြစ်ခဲ့သည့် ဂျူးစစ်စစ် တပည့်တော်ကြီးနှစ်ပါးအနေနဲ့လည်း မှားမည် မထင်ပါ။ ဒီတော့ ဘာတွေမှားနေလဲ၊ ဘယ်နေရာမှာ လွဲချော်နေလဲ၊ ဘယ်လိုဆုံးဖြတ်နေကြသလဲ။ ယေဇူးခရစ်တော်ကတော့ ပြစ်တင်ဆုံးမခဲ့တယ်တဲ့။ ဒီနေ့ ဒီတရားက ကျွန်ုပ်တို့ဘ၀မှာ ယောင်ပြန်ဟပ်နေပါတယ်။ မိမိက မိမိနှင့်အမြင်မတူသူ၊ အတွေးခေါ်မတူသူ၊ ယုံကြည်ချက်မတူသူကို ဘယ်လိုဆုံးဖြတ်တတ်လေ့ရှိပါသလဲ။ ကျွန်ုပ်တို့ဆုံးဖြတ်ချက်တွေ၊ တရားစီရင်ချက်တွေ သိပ်ကို ပြင်းထန် မြန်ဆန်နေပါသလား။

ကျွန်ုပ်တို့အားလုံး လွတ်လပ်ခြင်းကို သဘောကျကြပါတယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်ချင်တယ်။ လွတ်လွတ်လပ်လပ် ပြောဆိုချင်တယ်၊ ရေးသားချင်တယ်၊ ဆွေးနွေးချင်တယ် စသဖြင့် အမျိုးမျိုးသောအရာတွေမှာ လွတ်လပ်မှု့လိုချင်ကြပါတယ်။ သို့သော်လည်း မိမိတို့လွတ်လပ်ခြင်းဖြင့် တစ်ပါးသူ၏လွတ်လပ်ခြင်းကို လွှမ်းမိုးချုပ်ကိုင်ချင်နေမိသလားဆိုတာ စဉ်းစားမိဖို့ လိုပါလိမ့်မယ်။ မိမိကိုယ်တိုင်လည်း လွတ်လပ်လိုသည့်ဆန္ဒရှိသလို တပါးသူကိုလည်း လွတ်လပ်ခွင့်ပေးထားဖို့ လိုပါလိမ့်မယ်။ ဒီတော့ အပြန်အလှန်လေးစားမှု့နှင့် လက်ခံတတ်မှု့ကို အရေးကြီးပါတယ်။ မိမိနှင့်အမြင်မတူသူ၊ သဘောထား မတိုက်ဆိုင်သူကို အမြင်စောင်းစောင်းနဲ့ ကောက်ချက်ချမိတာ သိပ်မြန်တတ်ပါတယ်။ သို့သော်လည်း ဒါဟာ အမှန်တဲ့လား။ မိမိရဲ့အတ္တမာနကြောင့် တပါးသူ၏အမြင်မတူမှုကို လေးစားတတ်ရမည့်အစား စော်ကားနေတယ်ဟု တွေးမိတတ်ပါတယ်။ ခိုက်ရန်ဖြစ်ချင်တယ်၊ တွယ်လိုက်ချင်တယ် ရှင်းလိုက်ချင်တယ်။ ခရစ်တော်ရဲ့ တပည့်တော်ကြီးနှစ်ပါးလိုပဲ ဆမာရိယရွာကို ကောင်းကင်မှမီးကျလာပြီး ဖျက်စီးလိုက်ပါလားဟု ကိုယ့်မာနကို ထုတ်ဖော်စေချင်ကြတယ်။ ထိုတပည့်တော်ကြီးတို့ရဲ့အတွေးဟာ မှန်နိုင်ပေမယ့်လည်း လုပ်ရပ်တွေမှားနေတာတော့ ခရစ်တော်ရဲ့ပြစ်တင်မှု့က ထောက်ပြနေပါတယ်။

ဒါတွေဟာ လွတ်လပ်ခြင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံရတိုင်း ဖြစ်ပေါ်လေ့ရှိတဲ့ ရုန်းရင်းဆန်ခပ်သဘာဝပါ။ သို့သော်လည်း ခရစ်တော်၏သွန်သင်ချက်က ထိုကဲ့သို့ ရုန်းရင်းဆန်ခပ်မှု့၊ အကြမ်းဖက်မှု့နှင့် အရာရာကို မဖြေရှင်းကြဖို့ပါ။ ကျွန်ုပ်တို့မှာ ဖြေရှင်းစရာနည်းလမ်းတွေ အများကြီးရှိပါတယ်။ ရှာတတ်ပါစေ။


ကိုရင် (ဒိုမီနီကန်)

Friday, 28 June 2013

သံပေတရူးနှင့် သံပေါလူးပွဲနေ့။

အစောဆုံး အေဒီ ၂၅၈ခုနှစ်ဆီသို့ ပြန်လှည့်ကြည့်မိသောအခါ ရှေးဦးခရစ်ယာန်များသည် သံပေတရူးနှင့် သံပေါလူးပွဲနေ့အား တနေ့တည်းမှာ အတူတူပူးတွဲကျင်းပလေ့ရှိသည်ကို တွေ့ရပါတယ်။ ထိုတမန်တော်ကြီး နှစ်ပါးဟာ ရောမမြို့အသင်းတော် (သို့မဟုတ်) သန့်ရှင်းသောဌာနကြီးကို ၎င်းတို့၏ ဟောပြောခြင်း၊ အမှု့တော်ဆောင်ခြင်းနှင့် ဓမ္မအာဇာနည်အဖြစ် ပေးဆပ်ခြင်းတို့ဖြင့် အတူတကွ တည်ထောင်ပေးခဲ့ကြသူများ ဖြစ်ပါတယ်။

ပီတာဆိုသူမှာ သူ၏မူလနာမည်အရင်းမှာ စီမွန်၊ ဂါလိလိယားဒေသက တံငါသည်တစ်ဦးဖြစ်ပြီး သခင်ခရစ်တော်ကို သူ၏အစ်ကို အန်ဒရူး၏မိတ်ဆက်ပေးခြင်းဖြင့် သိခွင့်ရခဲ့သလို နောက်တော်သို့လည်း လိုက်ပါခွင့်ရခဲ့ပါတယ်။ သူဟာ စိတ်ဆပ်သူတစ်ဦးဖြစ်ပြီး တပည့်တော်ကြီးများထဲတွင် သူဟာ စကားပြောနိုင်သူ ဟုသတ်မှတ်ရပေတော့မယ်။ သို့သော်လည်း ၀ိညာဉ်တော်ဘုရား၏ လှုံ့ဆော်မှု့ဖြင့် သူဟာ ယေဇူးသခင်အား ဘုရားသခင်၏တစ်ပါးတည်းသောသားတော် ခရစ်တော်ပါဟု ဖွင့်ဟ၀န်ခံနိုင်ခဲ့သူဖြစ်ပါတယ်။ ထိုကြောင့်လည်း ခရစ်တော်က သူ့အား ပေတရူးဟုအမည်ပေးခဲ့ပါတယ်။ ပေတရူးဆိုသည်မှာ ကျောက်ဆောင်ဟု အဓိပာယ်ရ၍ ထိုကျောက်ဆောင်ပေါ်မှာ ခရစ်တော်သည် သူ၏အသင်းတော်ကို တည်ဆောက်မည်ဟု ကြွေးကြော် ခန့်အပ်ခဲ့ပါတယ်။

လူသားအဖြစ်မို့ ကျရှုံးတတ်သည့် ပီတာ၏ဖြစ်ရပ်များမှာလည်း မကြာခဏဆိုသလို ကျမ်းစာတော်မြတ်တွင် ဖော်ပြနေပါတယ်။ အဆိုးဆုံးကတော့ မိမိသခင် ခရစ်တော်ကို အာဏာသားတို့ဖမ်းစီးချိန် ကိုယ်တော်ဘက်မှ ရပ်တည်ရမည့်အစား ကိုယ်တော့်အား သုံးကြိမ်တိုင်တိုင် ငြင်းဆန်ခဲ့တာပါပဲ။ သို့ပင်သော်လည်း သူ၏နောင်တ တရားတို့မှာ အတုယူဖွယ်ရာဖြစ်ပါတယ်။ ထိုကြောင့်လည်း ကိုယ်တော်၏ သိုးတွေကို စောင့်ရှောက်ဖို့ အပ်နှင်းခံခဲ့ရပါတယ်။ ပီတာဟာ ခရစ်တော်၏အသင်းတော်တစ်ခုလုံးကို စောင့်ရှောက်ထိန်းသိမ်းရမည့် ခန့်အပ်ခံသိုးထိန်းဖြစ်ပါတယ်။
သံပေတရူးဟာ အေဒီ ၆၄ခန့်တွင် ယုံကြည်ခြင်းအတွက် ကွက်မျက်ခံခဲ့ရပြီး ၎င်း၏ခန္တာကို ရောမမြို့ရှိ တောင်ကုန်းလေးမှာ မြုပ်နှံခဲ့ပါတယ်။ ထိုနေရာဟာ ယနေ့စိန်ပီတာဘာစီလီကာကျောင်းကြီး တည်နေရာပင်ဖြစ်ပါတယ်။

သံပေါလူးအကြောင်းကတော့ အလွန်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ သူဟာ ခရစ်တော် လူ့ဘ၀မှာ အသက်ရှိနေထိုင်စဉ်အတွင်း နောက်တော်သို့လိုက်ခဲ့သူမဟုတ်ပါ။ ထို့အပြင် သူက ပထမဦးဆုံးသော ခရစ်ယာန်ဆိုသည့်သူများကို လိုက်လံညှင်းဆဲသည့်နေရာမှာ ဦးဆောင်ဦးရွက်အဖြစ် တက်ကြွစွာ ပါဝင်ခဲ့သူပါ။ သူ့နာမည်က စောလူးပါ။ သို့သော်လည်း ဒါမတ်စကူးမြို့မှာ ခရစ်ယာန်များရှိသည်ဆိုသည့် သတင်းအရ သွားရောက်ညှင်းဆဲ ကွက်မျက်ရန် အသွားလမ်းမှာ ရူပါရုံဖြင့် ခရစ်တော်ကိုတွေ့မြင်ခဲ့ရပြီး မျက်စိအလင်းကွယ်ခဲ့ရတယ်။ သို့သော်လည်း သူဟာ အလင်းကိုတွေ့ရှိခွင့်ရခဲ့တယ်။ 

သူပြောင်းလဲလာခဲ့တယ်။ ထိုနောက် ခရစ်တော်၏နောက်ကို အခြားတမန်တော်ကြီးများထက် မလျော့သောစိတ်ဖြင့် လိုက်ခဲ့တယ်။ ခရစ်တော်အတွက် သူ့သစ္စာတရားနှင့် ယုံကြည်ခြင်းက ကြီးမားလွန်းပါတယ်။သူရဲ့မနားမနေ ဟောပြောမှု့တွေဖြင့် ခရစ်တော်ကို အဆတိုးကာ သက်သေခံခဲ့ပါတယ်။ နောက်ဆုံးသူဟာ လူမျိုးခြားတို့၏တမန်တော်ကြီးဟုပင် အမည်တွင်ခဲ့ရပါတယ်။
သံပေါလူးကို ဖမ်းစီး၍ ရောမမြို့သို့ပို့ကာ ရောမနိုင်ငံသားတစ်ဦးဖြစ်သည့်အလျောက် သူဟာ အေဒီ ၆၇ခုနှစ်တွင် ခေါင်းဖြတ်ကွက်မျက်ခံရ၍ ဓမ္မအာဇာနည်ဘွဲ့ကို ရဲရဲဝံ့ဝံ့ခံယူခဲ့ပါတယ်။

မနောအောင်


Thursday, 27 June 2013

ပုပ်ရဟန်းမင်းကြီးပြောသည့် အသင်းတော်ဆိုတာ -

အသင်းတော်ဟာ ဘုရားသခင်၏ကျောင်းဗိမာန်တော်ကြီးဖြစ်၍ ၎င်း၏မြောက်များစွာနှင့် အမျိုးမျိုးတို့ဟာ အသင်းတော်ကြီးအား ပို၍တင့်တယ်စေပါတယ်ဟု ပုပ်ရဟန်းမင်းကြီးက စိန်ပီတာရင်ပြင်တော်မှာ သင်ကြားပေးခဲ့ပါတယ်။ (၂၆.၆.၂၀၁၃)


ဤရောမမြို့၏ဆရာတော်ကြီးက “၎င်းဟာ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားကိုယ်တိုင် အမျိုးမျိုးတို့ကို ဒီဇိုင်းဆွဲသူဖြစ်၍ ၀ိညာဉ်တော်၏ ကျေးဇူးတော်လက်ဆောင်များဖြင့် ရှိပါတယ်၊ ထိုကြောင့် ကျွန်ုပ်တို့အလယ်မှာ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရား ဘာတွေ လုပ်ဆောင်သလဲဆိုတာ အရေးကြီးပါတယ်” ဟုဆက်လက် မိန့်ဆိုပါတယ်။

“ဤအမျိုးမျိုးတို့ဟာ အသင်းတော်ကို ပို၍တင့်တယ်စေသလို အရာအားလုံးနှင့် လူအားလုံးကို ပေါင်းစည်းစေပြီး ၀ိညာဉ်တော်ကျောင်းဗိမာန်တော်ကြီးကို တည်ဆောက်စေပါတယ်။ ထိုကျောင်းဗိမာန်ကြီးမှာ ကျွန်ုပ်တို့တတွေဟာ အရာဝတ္ထုပစ္စည်းတွေနဲ့ ပူဇော်ခြင်းတွေမဟုတ်ဘဲ ကျွန်ုပ်တို့ကိုယ်တိုင်၊ ကျွန်ုပ်တို့ဘ၀တွေကို ဆက်ကပ်ပူဇော်ကြပါတယ်” ဟုလည်းဆက်လက်မိန့်ဆိုပါတယ်။

ကျွန်ုပ်တို့တတွေ ဘုရားသခင်ကိုတွေ့နိုင်မလဲ။ ဘုရားသခင်၏မိတ်သဟာရမှာ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့တတွေ ဘယ်လိုပါဝင်နိုင်မလဲ။ကျွန်ုပ်တို့ဘ၀တွေကို အမြဲလမ်းပြပေးနေတဲ့ သန့်ရှင်းသော ၀ိညာဉ်တော်၏ အလင်းကို ကျွန်ုပ်တို့ဘယ်မှာ တွေ့နိုင်မလဲ။

ဒါတွေကို ဘုရားသခင်၏လူမျိုးတော်မှာ တွေ့နိုင်ပါတယ်။ ကျွန်ုပ်တို့ကိုယ်တိုင်က အသင်းတော်ဖြစ်ပြီး ထိုအသင်းတော်အတွင်းမှာ ယေဇူး၊ ၀ိညာဉ်တော်ဘုရားနှင့် အဖခမည်းတော်တို့ကို တွေ့နိုင်ပါတယ်။
ဒါကိုအမြဲဆင်ခြင်တွေးတောဖို့လိုအပ်ပါတယ်။ အသင်းတော်ဟာ လူတွေရဲ့စိတ်ဝင်စားမှု့တွေပေါ်မှာ တည်ဆောက်နေတာမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကိုယ်တိုင် တည်ဆောက်နေတာဖြစ်ပါတယ်။ အဲဒီမှာ ကျွန်ုပ်တို့တတွေဟာ ဆေးကြောခြင်းမင်္ဂလာအားဖြင့် ရှင်သန်တဲ့ကျောက်တုံးတွေဖြစ်လာပြီး ဘုရားသခင်ရဲ့ဗိမာန်တော်တည်ဆောက်ခြင်းမှာ ပါဝင်လာခြင်းဖြစ်ပါတယ်။


ကျွန်ုပ်တို့တတွေလည်း ထိုရှင်သန်တဲ့ကျောက်တုံးလေးများအဖြစ်ပါဝင်နိုင်အောင် တက်တက်ကြွကြွနဲ့ မိမိကိုယ်ကို ဖွင့်ထားကြပါသလားဟု ပုပ်ရဟန်းမင်းကြီးက မေးမြန်းလိုက်ပါတယ်။

http://www.catholicnewsagency.com/news/variety-gives-church-its-richness-pope-francis-teaches/
မနောအောင်

Saturday, 22 June 2013

၁၂ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့

သင်တို့မူကား ငါမည်သူဖြစ်သည်ဟူ၍ပြောဆိုကြမည်နည်း။
ယေဇူးခရစ်တော်နောက်လိုက်ရတာ ကျွန်ုပ်တို့ ခရစ်ယာန်တွေအတွက် နေ့စဉ်ဓူဝ စိန်ခေါ်မှု့တွေဟာ အမြဲရှိနေတာပါ။ အဲဒီလိုစိန်ခေါ်မှု့တွေထဲက တချို့သော စိန်ခေါ်မှု့တွေဟာ မိမိတို့ရဲ့အတွင်းသြတ္တပစိတ်နဲ့ ယုံကြည်ချက်တွေဆီက လာတဲ့စိန်ခေါ်မှု့တွေပါ။ ဒီနေ့လည်း စိန်ခေါ်မှု့တစ်ခုလိုပါပဲ -တမန်တော်ကြီးတွေဟာ ယေဇူး ခရစ်တော်နောက်လိုက်နေပြီဖြစ်သော်လည်း ကိုယ်တော်က “သင်တို ငါ့ကိုဘယ်သူလို့ ၀န်ခံမလဲ” လို့ စိန်ခေါ်မေးမြန်း ပါတယ်။ ဒီလိုပဲ ကျွန်ုပ်တို့ခရစ်ယာန်တွေ ယေဇူးခရစ်တော်နောက် လိုက်နေပြီ ဖြစ်သော်လည်း ကိုယ်တော်က “သင်တို့ငါ့ကို ဘယ်သူလို့ ၀န်ခံမလဲ” ဟုမေးမြန်းနေပြန်ပြီ။ ကိုယ်တော့ကို ထာဝရဘုရားသခင်၏ တပါးတည်းသော သားတော်၊ ဘုရားစင်စစ် လူစင်စစ် ဖြစ်ပါတယ်ဆိုပြီး ယုံကြည်လက်ခံလို့ ခရစ်တော်နောက်လိုက် “ခရစ်ယာန်” ပါဟုဝန်ခံနေတာကို ဒီမေးခွန်းဖြေဖို့လိုသေးလား လို့စောဒကတက်မိသွားပါသလား။

အဲဒီလိုစောဒကတက်မိသွားလျှင် ကျွန်ုပ်အနေဖြင့် ကိုယ်တော်မိန့်ဆိုဖူးတဲ့စကားကိုပဲ ထပ်ဆင့်ပြောပါရစေ - “ငါ့ကို သခင်၊ သခင် ဟုခေါ်သူတိုင်း ကောင်းကင်နိုင်ငံဝင်ရလိမ့်မည်မဟုတ်” ဟု ယေဇူးခရစ်တော် မိန့်ဆိုခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ခရစ်ယာန်တွေဟာ ယေဇူးခရစ်တော်၏ဇာတိမှန်ကို ကြွေးကြော်နေရုံနဲ့ ကျွန်ုပ်တို့တတွေဟာ ကျွန်ုပ်တို့ရဲ့ရင်တွင်းအစွမ်းများနဲ့ ကိုယ်တော့်ကို ၀န်ခံနိုင်မယ်မဟုတ်ပါ။ ဒါဟာ ယေဇူးခရစ်တော်အပေါ်ထားတဲ့ မိမိတို့ရဲ့ယုံကြည်ခြင်းကိုလည်း မေးခွန်းဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ယုံကြည်ခြင်းဆိုတာ မိမိရဲ့အသိဉာဏ်ပိုင်းဆိုင်ရာ၊ စိတ်ဆန္ဒပိုင်းဆိုင်ရာ၊ စိတ်လှုပ်ရှားမှု့ဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ ပညာသုတဆိုင်ရာ၊ခန္တာပိုင်းဆိုင်ရာ၊ ရူပါရုံအထိအတွေ့တို့ဆိုင်ရာ စသည့်အဆင့်ဆင့်တွေမှာ ဆုံးဖြတ်မြုပ်နှံမှု့ (ဆုံးဖြတ်ချက်)တစ်ခုပါ။ ထိုကဲ့သို့ ယုံကြည်ခြင်းနဲ့ ယေဇူးခရစ်တော်ဟာ အဘယ်သူဖြစ်သလဲဆိုတာပြောဆိုနိုင်ရပါမယ်။

ခရစ်တော်ဟာ အမှန်တရားဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ဟာ ခရစ်တော်ကို အမှန်တရားပါဟု ကြွေးကြော်ရုံနဲ့ မလုံလောက်ပါ။ မိမိတို့ကိုယ်တိုင် အမှန်တရားရဲ့ အစိတ်အပိုင်းအဖြစ် အသွင်ပြောင်းနိုင်ပြီး ကျင့်ကြံဖို့ လိုအပ်ပါတယ်။အမှန်တရားကို နည်းနှစ်မျိုးနဲ့ လူတွေလက်ခံကြတယ်။ပထမတော့  အမှန်တရားဆိုတာကို မိမိအသိညဏ်၊ စိတ်သြတ္တပနှင့် ယုံကြည်ပြီးလက်ခံကြတယ်။ ဒါကတော့ ရိုးရှင်းပါတယ်။ အကြောင်းအရာတစ်ခုကို မှန်တယ်ဆိုပြီး သာမာန် "ဟုတ်တယ်" ဆိုတဲ့အဖြေကို လက်ခံလိုက်တာပဲဖြစ်ပါတယ်။ ဒုတိယကတော့ မိမိရဲ့ အသိညဏ်၊ စိတ်သြတ္တပနှင့် ယုံကြည်ပြီး လက်ခံသည့် ၎င်းအမှန်တရားကို ကျင့်ကြံခြင်းအားဖြင့် မိမိကိုယ်တိုင် အမှန်တရား၏အစိတ်အပိုင်းတစ်ခု ဖြစ်လာသည့်တိုင် လက်ခံလိုက်ခြင်းဖြစ်ပါတယ်။ ဥပမာ- လာဘ်စားခြင်းကို ရှောင်ကျဉ်မှ တိုးတက်မည်ဆိုသည့် အမှန်တရားနိယာမတစ်ခုကို လက်ခံလိုက်ပြီဆိုပါစို့။ ဒါဟာ ပထမလက်ခံခြင်းသက်သက်သာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင်လည်း အဲဒီအမှန်တရားနိယာမကို လိုက်ကျင့်မှ မိမိကိုယ်တိုင်ဟာလည်း အမှန်တရားရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာမှာဖြစ်သလို အမှန်တရားရဲ့ တန်ဖိုးကိုလည်း သိလာပါလိမ့်မယ်။ သို့မဟုတ်လျှင် ကျွနု်ပ်တို့တတွေဟာ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေရုံသက်သက်သာဖြစ်နေပြီး ဘယ်တော့မှ အမှန်တရားနဲ့ အတွင်းကျကျ ရင်းနှီးလာမှာမဟုတ်သလို အမှန်တရားရဲ့တန်ဖိုးကိုလည်း သိလာမှာ မဟုတ်ပါဘူး။ ၎င်းသည်ပင် ခရစ်ယာန်တို့အတွက် စိန်ခေါ်မှု့တစ်ခုပင်ဖြစ်ပါတယ်။


ဒီနေ့ ကျွန်ုပ်တို့တစ်ဦးစီတိုင်းအတွက် ခရစ်တော်ဟာ ဘယ်သူလို့ဝန်ခံပါသလဲ။

ကိုယ်တော်ရဲ့နောက်ထပ် တရားတစ်ခုကိုထောက်ပြရမယ်ဆိုရင်တော့ ကိုယ်တော်က “သင်တို့သည် အသိမ်ငယ်ဆုံးသော ဤငါ၏ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုခဲ့ကြလျှင် ငါ့ကိုပင်ပြုစုကြပြီ” ဟုမိန့်ဆိုပါတယ်။ ကိုယ်တော်က ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ အကူညီလိုအပ်နေသူတွေ၊ ဆင်းရဲသူတွေ၊ အစွန့်ပစ်ခံသူတွေနှင့် ဒုက္ခရောက်သူတို့ဟာ ကိုယ်တော်ပါဟုပြောဆိုလိုက်တာပါ။ ဒါတွေကို လစ်လျူရှု့ပြီး ကိုယ်တော့်ကို သခင်၊ သခင်ဟုခေါ်ဖို့ မကြိုးစားအပ်ပါ။ သို့ပြုလျှင် ကိုယ်တော်ဟောပြောတဲ့ ခရစ်ယာန်တရားတော်က သွေဖယ်နေပါလိမ့်မယ်။

တကယ်တော့် ကျွန်ုပ်တို့လူသားတွေမှာ ပင်ကိုယ်စိတ်ထားအရ တစ်ပါးသူအား ကူညီလိုစိတ်၊ စာနာတတ်တဲ့စိတ်၊ ဂရုဏာသက်တဲ့စိတ်၊ စသည့်ကောင်းမြတ်တဲ့ စိတ်တွေဟာ ရှိပြီးသားပါ။ သို့သော်လည်း မိမိတို့ရဲ့ တစ်ပါးသူအပေါ်မှာ မြင်မိတဲ့စိတ်ထား၊ စိတ်ဓါတ်ကြောင့် တစ်ပါးသူအား မိမိရဲ့အမြင်၊ အထင်နဲ့ ကောက်ချက်ချကာ ထိုကောင်းမြတ်တဲ့ပင်ကိုယ်စိတ်ထားတွေကို ပျက်စီးစေပါတယ်။ သံသယတွေဖြစ်စေပါတယ်။ နောက်ဆုံး လူတွေရဲ့ပင်ကိုယ်စိတ်ထားအချင်းချင်း ဆက်နွယ်မှု့မရှိတော့ဘဲ ပြင်ပရုပ်ဝတ္ထုတွေနဲ့သာ ကောက်ချက်ချကြပါတော့တယ်။ ဒါကြောင့် ကျွန်ုပ်တို့လူတွေအကြားမှာ လိုအပ်တဲ့သူကို ပေးကမ်းတာထက် မိမိဆန္ဒရှိတဲ့သူကိုသာ ပေးကမ်းချင်တယ်။ လိုအပ်တဲ့ ရဟန်းရှင်လူတွေကို လှူဒါန်းတာထက် မိမိသဘောကျတဲ့ ရဟန်းရှင်လူတွေကိုသာ လှူဒါန်းလိုကြတယ်။ ဂုဏ်ရှိတဲ့သူကိုမှ လေးစားချင်ကြတယ်။ ချည်းကပ်ချင်ကြတယ်။ တကယ်တော့ ဒါတွေဟာ ကျွန်ုပ်တိုရဲ့ ပင်ကိုယ်စိတ်ထားတွေကို ပိုးကိုက်ခံလိုက်ရလို့ပါပဲ။  အကယ်၍ သင့်မှာ ၁၀မိနစ်အချိန်ရှိပါက -ခေတ္တခဏ တရားထောက်ရှု့ကြည့်ပါ။ မိမိရဲ့ပင်ကိုယ်စိတ်ထားလေးတွေကို ပြန်လည်တွေ့မြင်လာရမှာဖြစ်ပါတယ်။ 

ဒီနေ့တရားမှာလည်း ခရစ်တော်က သူ့ကိုယ်ကျွန်ုပ်တို့ဝန်ခံတဲ့အခါ ပင်ကိုယ်ဇာတိစိတ်ထားနဲ့ ၀န်ခံစေတာပါ။ ခရစ်တော်က ကျွန်ုပ်တို့တတွေနဲ့ ပင်ကိုယ်စိတ်ထားအချင်းချင်း ဆက်နွယ်လိုတာပါ။
ထိုကြောင့် ကျွန်ုပ်တို့တတွေဟာလည်း ကိုယ်တော်နှင့်အတူ ပင်ကိုယ်စိတ်ထားအချင်းချင်း ဆက်နွယ်နိုင်ပြီး မိမိပတ်ဝန်းကျင်က အငယ်ဆုံးသော သူများကို ကိုယ်တော်အဖြစ်မြင်နိုင်ကာ ပြုစုနိုင်ကြပါစေ။ ကျွန်ုပ်တို့ ကြိုးစားကြရအောင်။


ကိုရင် (ဒိုမီနီကန်)

ဖာသာရ် ဦးကိုလေးနှင့် အင်တာဗျူး

ဖာသာရ်ဦးကိုလေးသည် မက်ကာအိုကျွန်းသို့ ၁ပတ်ခရီးစဉ်ရောက်ရှိခိုက် ကျွန်တော်လည်း အခွင့်ရှိတုန်း မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးနှင့် မြန်မာပြည်ရှိအသင်းတော်တို့အကြား ပြောင်းလဲ တိုးတက်လာသည့်အရာများ၊ မြန်မာပြည်အသင်းတော်၏သမိုင်းအကျဉ်းချုပ်နှင့် အခုအချိန် နောက်ထပ် သာသနာပြုများဝင်ရောက်လာပါက မည်သို့သောသာသနာပြုများကို မြန်မာပြည်အသင်းတော် အနေဖြင့်လိုအပ်ပါသလဲဆိုသည့် အကြောင်းအရာအချို့ကို အင်တာဗျူးလုပ်ခဲ့ပါတယ်။

မေး ။   ။မင်္ဂလာပါ ကိုယ်တော်။ အခုလိုတွေ့ရတာ အရမ်းဝမ်းသာပါတယ်။ ဒီတော့ ကိုယ်တော့်အကြောင်းလေး အနည်းငယ်မိတ်ဆက်ပေးပါလားဗျာ။

ဖြေ။     ။ ဟုတ်ကဲ့။ ကိုယ်တော်အနေနဲ့ အခုလို မက်ကာအိုကို လာရောက်လည်ပတ်ခွင့်ရတာ အရမ်းကျေနပ်ပီတိဖြစ်ရပါတယ်။ ဒိုမီနီကန်အသင်းဂိုဏ်းမှ ဘုန်းကြီးကိုရင်တွေကိုလည်း ၎င်းတို့ရဲ့ဧည့်ဝတ်ပြုငှာမှု့နှင့် နွေးထွေးတဲ့ကြိုဆို လက်ကမ်းမှု့ တို့အတွက် အထူးကျေးဇူးတင်ပါတယ်။ ကိုယ်တော်က မြန်မာနိုင်ငံမှ ဖာသာရ်ဦးကိုလေး ဖြစ်ပါတယ်။ ရဟန်းဝါတော် အနေဖြင့် ၃၉နှစ်ပြည့်ပြီးသွားပါပြီ။ ရဟန်းသိက္ခာကို ၁၉၇၄ခုနှစ်မှ ခံယူခဲ့ပါတယ်။

ကျွန်ုပ်အကြောင်းကို အကျဉ်းချုံးပြီးပြောရမယ်ဆိုရင်တော့ ကျွန်ုပ်က အထက်မြန်မာပြည်၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ချမ်းသာရွာလေးမှာ မွေးပါတယ်။ အဲဒီနေရာဟာ ၁၇၂၀ ၀န်းကျင်က ဘားနဘိုက်စ် သာသနာပြုဘုန်းတော်ကြီးများ လုပ်ငန်းစခဲ့တဲ့နေရာပါပဲ။ ကျွန်ုပ်ကြီးပြင်းတာကတော့ မန္တလေးက စလေးရှင်းတွေလက်ထဲမှာပဲလို့ ဆိုရပါမယ်။ အဲဒီမှာ စလေးရှင်းဂိုဏ်းကို ၀င်လိုသူအဖြစ် ၄နှစ်နေခဲ့ပြီး အိန္ဒိယကို နိုဗစ်ကိုရင်ဘ၀နှင့် ဒဿနဗေဒလေ့လာရန် ပို့ခံခဲ့ရပါတယ်။ ၁၉၆၅ ခုနှစ်မှာ ကျွန်ုပ်မြန်မာပြည်ကို စာပေပြန်လည်ပို့ချဖို့ပြန်လာခဲ့သော်လည်း မန္တလေး လဖုန်းကျောင်းမှာ ၃လခန့်သာ စာသင်ကြားရသေးတယ်- မြန်မာပြည်ရှိကျောင်းအားလုံးဟာ ဆိုရှယ်လစ်အစိုးရမှ အစိုးရကျောင်းများ အဖြစ်သို့ပြောင်းလဲခဲ့ပါတယ်။ ဒီတော့ ကျွန်ုပ်တို့အားလုံး စလေးရှင်းအသင်းဂိုဏ်းနှင့်အတူ ဘယ်ကိုဆက်လျှောက်လို့ လျှောက်ရမှန်းမသိဖြစ်ကုန်ပြီး အသင်းဂိုဏ်းမှထွက်ကုန်ကြတယ်။ ကျွန်ုပ်လည်း အိမ်ကိုပြန်ခဲ့တယ်။ နောက်တော့ မန္တလေးဆရာတော်က ခေါ်ပြီး မန္တလေးသာသနာမှာ ရဟန်းဖြစ်ဖို့ ရဟန်းဖြစ်သင်ကျောင်းကို ဆက်နေခိုင်းတယ်။ ၁၉၇၄ခုနှစ်မှာ ရဟန်းသိက္ခာခံယူပြီးပြီးချင်း - အလွန်ဝေးလံခေါင်သီတဲ့ ချင်းပြည်နယ်ကို ပို့ခံခဲ့ရပြီး အဲဒီမှာ ၈နှစ်တိတိ သာသနာပြု လုပ်ငန်းလုပ်ဆောင်ခဲ့တယ်။ နောက် ကျွန်ုပ်ရွာဖြစ်တဲ့ မုံလှမှာ ၁၀နှစ် ကျောင်းထိုင်အဖြစ်လုပ်ခဲ့ပြီး အရင်ဆရာတော်ရဲ့အတွင်းရေးမှုးအဖြစ် ခန့်အပ်ခံရတယ်။ တချိန်တည်းမှာပဲ စစ်ကိုင်းကျောင်းထိုင်အဖြစ်လုပ်ဆောင်ခဲ့တယ်။ ထိုနောက်မှ ချမ်းသာကုန်းသို့ ပြောင်းရွေ့တာဝန် ထမ်းဆောင်ခဲ့တယ်။ ယခုအဲဒီအနီးပတ်ဝန်းကျင်မှာ ဒိုမီနီကန်တွေ သာသနာပြုလုပ်ငန်းစနေကြပါတယ်။ ချမ်းသာကုန်းမှာ တာဝန်ထမ်းဆောင်ပြီး ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ရဲ့ အခေါ်ခံရပြီး အဲဒီမှာ ကော်မစ်ရှင်သုံးခုကို လုပ်ဆောင်စေခဲ့ပါတယ်။ ၎င်းတို့မှာ ၀တ်ပြုကိုးကွယ်ခြင်းဆိုင်ရာကော်မစ်ရှင်၊ ရဟန်းဘုန်းတော်ကြီးများကော်မစ်ရှင်နှင့် Public Relationship တို့ဖြစ်ပါတယ်။ အခုတော့ အသက်လည်းကြီးလာပြီဆိုတော့ ကိုယ့်သာသနာကိုပြန်ပြီး ပြင်ဦးလွင်မြို့ပေါ်က ရွှေနှလုံးတော်ကျောင်းမှာ ကျောင်းထိုင်အဖြစ်တာဝန်ထမ်းဆောင်ပါတော့မယ်။

မေး။    ။ကော်မစ်ရှင်သုံးခုမှာ လုပ်ဆောင်တဲ့အခါ ကိုယ်တော့်အနေနဲ့ သီးသန့်ဂိုဏ်းချုပ်သာသနာကို အထူးပြုသလား ဒါမှမဟုတ် အဲဒါတွေဟာ တနိုင်ငံလုံးဆိုင်ရာအဆင့်အနေနဲ့ လုပ်ဆောင်ပါသလား။

ဖြေ။        ။ အဲဒီကော်မစ်ရှင်တွေဟာ တနိုင်ငံလုံးဆိုင်ရာတွေပါ။ ပြောရမယ်ဆိုရင်တော့ ၀တ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ကော်မစ်ရှင်မှာ ကျွန်ုပ်လုပ်ဆောင်နေတာ နှစ် ၃၀ရှိပါပြီ။ အဲဒီကော်မစ်ရှင်ကို ဆရာတော်ကြီးများဆိုင်ရာကော်မစ်ရှင်လို့ခေါ်ပြီး ကျွန်ုပ်က အတွင်းရေးမှုးအဖြစ်လုပ်ပါတယ်။ နှစ်စဉ် ၀တ်ပြုကိုးကွယ်ခြင်းစာအုပ်ကို ပြင်ဆင်ပါတယ်။ အခြားလိုအပ်သည်များကို မြန်မာဘာသာသို့ ဘာသာပြန်ခဲ့ပါတယ်။ အဲ ၂၀၀၀ခုနှစ်မှာတော့ ဖီလစ်ပိုင်ကအပြန် မြန်မာနိုင်ငံမှာလည်း ရဟန်းတော်များ စည်းလုံးစွာ လက်တွဲလုပ်ဆောင်ကြဖို့လိုအပ်ကြောင်း သိမြင်လာသည်နှင့် ဒီရဟန်း ဘုန်းတော်ကြီးများကော်မစ်ရှင်ကို စတင်ခဲ့ပါတယ်။ အဲဒီကော်မစ်ရှင်ရဲ့ရည်ရွယ်ချက် မြန်မာပြည်အတွင်း ဘုန်းတော်ကြီးများ အတူတကွလက်တွဲလုပ်ဆောင်ရင်း၊ ၀ိညာဉ်ရေးရာမှာသော်လည်ကောင်း၊ အခြားအခက်ခဲများတွင်လည်ကောင်း အချင်းချင်းရိုင်းပင်းကူညီလုပ်ဆောင် အားပေးနိုင်ဖို့ရည်ရွယ်ပါတယ်။ ဒါကို ဆရာတော်ကြီးများက ထောက်ခံခဲ့ပါတယ်။ ထိုနောက် ဒီ ပြည်သူ့ဆက်ဆံရေးကိုတော့ စတင်တာမကြာသေးပါဘူး။ ၂၀၀၈ဥပဒေနှင့်အတူ နိုင်ငံတော်ပြန်လည်ပြောင်းလဲလာသည်နှင့် တံခါးဖွင့်လာသည်နှင့် ကျွန်ုပ်တို့အသင်းတော်ဘက်မှလည်း အခုလို ပြည်သူ့ဆက်ဆံရေးအတွက် ပုဂ္ဂိုလ်ထားရှိဖို့လိုအပ်လာကြောင်း သိမြင်လာလို့ ပထမတော့ ကျွန်ုပ်ကို ဆရာတော်ကြီးတွေက သင့်တော်တယ်ဆိုပြီး ခန့်အပ်ထားခဲ့တာပါ။ ဒါတွေအားလုံးဟာ တနိုင်ငံလုံးဆိုင်ရာတွေပဲဖြစ်ပါတယ်။

မေး။    ။ ပြည်သူ့ဆက်ဆံရေး Public Relationship မှာ ဘယ်လိုအခြေနေရှိပါသလဲ။

ဖြေ။         ။ အဲဒီနေရာမှာလုပ်ဆောင်ရတာ အနည်းငယ်တော့ခက်တယ်။ နိုင်ငံကလည်း အခုမှပွင့်တာပဲရှိသေးတယ်ဆိုတော့လေ နည်းနည်းတော့ခက်တာပေါ့။ ဒါပေမယ့် ဒီကော်မစ်ရှင်အတွက် ဒီနေရာ ဒီအခန်းဟာ လုပ်ကိုလုပ်ရမယ်။ အသင်းတော်အနေနဲ့ဒီပလိုမတ်စ်တွေရှိဖို့လိုအပ်သလို အခြားဘာသာတရားတွေနဲ့လည်း နှီးနှောဖလှယ်ဖို့လိုအပ်တယ်။ ဥပမာ- inter-faith လိုဘာသာရေး နှီးနှောဖလှယ်ခြင်း၊ လူမှု့အဖွဲ့အစည်းများ စသဖြင့်ပေါ့။ ဒါပေမယ့်ဗျာ အစိုးရအနေနဲ့ ခန့်မှန်းရတာ ခက်တယ်။ ကျွန်ုပ်တို့တတွေကို သံသယနဲ့ကြည့်တယ်။ တခုခုလုပ်တော့မယ်ဆို သံသယနဲ့စောင့်ကြည့်တယ်။ ပြောရမယ်ဆို ဒီလုပ်ဆောင်ချက်မှာ အခုချိန်ထိတော့ အောင်မြင်မှု့မရှိသေးဘူး။

မေး။    ။ဒါနဲ့ ကိုယ်တော့်ဆီကနေ မြန်မာပြည်အသင်းတော်အကြောင်း ကြားချင်သေးတယ်။ ဒီတော့ ပထမဆုံးအနေနဲ့ မြန်မာပြည်အသင်းတော်ရဲ့သမိုင်းအကျဉ်းလေးကို ပြောပြပေးပါဦးလား။

ဖြေ။     ။မြန်မာပြည်အသင်းတော်ရဲ့သမိုင်းကျဉ်းကိုပြောရမယ်ဆိုရင်တော့ အပိုင်းလေးပိုင်းခွဲပြီးပြောရင် ပိုကောင်းမယ်ထင်ပါတယ်။ ပထမအပိုင်းကတော့ ခရစ်ယာန်တရားတော်စတင်ရောက်ခြင်း နိဒါန်း၊ ဒုတိယအနေနဲ့ အဲဒီစရောက်ချိန်ကနေ ၁၇ရာစုအထိ အသင်းတော်ဟာ စုစည်းမှု့မရှိဘဲ ရှိနေတဲ့အချိန်၊ နောက် တတိယအနေနဲ့ ၁၇၂၀ကနေ ၁၉၆၀ အတွင်း သာသနာ့သမိုင်း၊ နောက် ၁၉၆၀ ကနေ ယနေ့အထိပေါ့။ ၁၇၂၀နောက်ပိုင်း မြန်မာအသင်းတော်သမိုင်းဟာ အင်မတန်မှ လှပါတယ်။ ဘားနက်ဘိုက်စ်ဘုန်းတော်ကြီးများ ရောက်ရှိပြီး အသင်းတော်ကို စုစည်းနိုင်ခဲ့တယ်။ ၁၈၂၀မှာ သူတို့တတွေရဲ့ သာသနာပြုများအဆုံးသတ်ခဲ့ရတယ်။ ထိုနောက် အော်ဘလိတ်သာသနာပြုများက ဆက်လက်တာဝန်ယူခဲ့သော်လည်း အနှစ် ၂၀သာကြာခဲ့တယ်။ ၁၈၄၀ နောက်ပိုင်းမှာတော့ ပီးမေးဘုန်းတော်ကြီးများ ရောက်ရှိလာပြီး မြန်မာပြည်အသင်းတော်အတွက် ဧ၀ံဂေလိတရားတော်အတွက် ဆက်လက်လုပ်ဆောင်ခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး မြန်မာပြည်အသင်းတော်အတွင်း ဘာသာရေးအသင်းအဖွဲ့များ ဖွဲ့စည်းပေါ်ပေါက်လာတယ်။ စာသင်ကျောင်းများ စတင်ဖွင့်လစ်လာကြတယ်။ နောက် ဒေသခံဆရာတော်များနှင့် သာသနာနယ်များပေါ်ပေါက်လာခဲ့တယ်။ သူတို့ဟာ မြန်မာပြည်ကို အပိုင်းလေးပိုင်းနဲ့ ရန်ကုန်နှင့် မန္တလေးကို ပြင်သစ်သာသနာပြုများ၊ ပြည်နှင့်ရခိုင်ဒေသများကို အမေရိကန် သာသနာပြုများ၊ တောင်ငူနှင့် ရှမ်းဒေသများကို အီတာလီသာသနာပြုများ၊ အိုင်ယာလန်သာသနာပြုများမှာ မြောက်ဘက်ပိုင်းများကို သာသနာပြုလုပ်ငန်းများလုပ်ဆောင်ခြင်းဖြင့် တိုးတက်စေခဲ့ပါတယ်။ ၁၉၅၄မှာတော့ မြန်မာပြည်ဖွား ဆရာတော်ရှိလာခဲ့ပြီး မြန်မာပြည်သာသနာဆိုတာ မွေးဖွားပေါ်ပေါက်လာခဲ့ပါပြီ။

မြန်မာပြည်အသင်းတော်မွေးဖွားပေါ်ပေါက်ရုံရှိပါသေးတယ် - ၁၉၆၀မှာ ဆိုရှယ်လစ်အစိုးရက နိုင်ငံခြားသာသနာပြုများအားလုံးကို မောင်းထုတ်ခဲ့ပါတယ်။ ၁၉၇၀ခန့်မှာ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသား တစ်ဦးမှကို မတွေ့ရတော့ဘူး။ ဘာသာရေးအသင်းဂိုဏ်းထဲမှာ၊ သာသနာနယ်တွေထဲမှာ -ဘယ်မှကို မတွေ့ရတော့ဘူး။ အဲဒီအချိန်ကစပြီး မရင့်ကျက်သေးတဲ့ မြန်မာအသင်းတော်ဟာ ဒေသခံဆရာတော်ကြီးများ လက်အောက်မှာပဲ ကြိုးစားရုန်းကန်ခဲ့ရတော့တယ်။

မေး။    ။မြန်မာပြည်ဟာ ကမ္ဘာသို့ပြန်လည်ပွင့်ထွက်လာပြီဖြစ်ပါတယ်။ ဒီတော့ ယခုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ မြန်မာပြည်ရဲ့အခြေအနေကို ကိုယ်တော်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။     ။၁၉၈၈ခုနှစ် ဒီမိုကရေစီဆန္ဒပြပွဲကြီးမှ ဆိုရှယ်လစ်အစိုးရဦးနေ၀င်း ကျဆင်းသွားပြီးကတည်းက နအဖစစ်အစိုးရဟာ နိုင်ငံအာဏာကိုလက်ဝါးကြီးအုပ်စိုးလာတာပါ။ အဲဒီကတည်းကစပြီး အသင်းတော်ဟာလည်း တနည်းတဖုံညှင်းပမ်းနှိပ်စက်ခြင်းခံရတာပါပဲ - ကျွန်ုပ်တို့တတွေ လွတ်လပ်မှု့ဆုံးရှုံးခဲ့တယ်။ လုပ်ချင်တာမလုပ်ရတော့ဘူး။ ဒါဟာ အသင်းတော်တစ်ခုတည်းမဟုတ်ပါဘူး အခြားနိုင်ငံသူနိုင်ငံသားများပါ ခံစားခဲ့ရတာပါ။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ပိုမိုကောင်းမွန်တဲ့အစိုးရ ရရှိဖို့ ရှာဖွေစောင့်မျှော်နေကြရတာပါ။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ မြန်မာနိုင်ငံဟာ အတော်လေးပြောင်းလဲခဲ့ပါတယ်။ လူအတော်အများလည်းပျော်ရွှင်ကြပါတယ်။ သို့ပေမယ့်လည်း အသင်းတော်နှင့်အတူ အခြားရေးရာတွေဟာ ဒီအပြောင်းအလဲအတွက် အဆင်သင့်မဖြစ်ကြသေးပါဘူး။ အထူးသဖြင့် အစိုးရကိုယ်တိုင်က အဆင်သင့်မဖြစ်ကြပါဘူး။ မြန်မာနိုင်ငံဟာ ပြောင်းလဲဖို့လိုအပ်တာကို သူတို့သိကြပေမယ့်လည်း ဘယ်လိုပြောင်းလဲရမယ်ဆိုတာ မသိကြဘူး။ လက်တွေ့ဘ၀မှာ တိုင်းသူပြည်သားတွေဟာ မကြေနပ်ကြသေးပါဘူး။

မေး။    ။ဒီတော့ အသင်းတော်နှင့် အစိုးရအကြား ဆက်ဆံရေးကဘယ်လိုအခြေနေရှိပါသလဲ။

ဖြေ။     ။အခုလို ပြုပြင်ပြောင်းလဲမှု့စတင်အပြီး ဘာသာရေးဝန်ကြီးနဲ့ကျွန်ုပ်ကိုယ်တိုင်တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာ သူရဲ့ဖွင့်ဟချက်ဟာ အင်မတန်မှ လှပါတယ်။ အခုအချိန်ဟာ ကျွန်ုပ်တို့အစိုးရတင်မကဘူး- ဒါဟာ ကျွန်ုပ်တို့လူမျိုးအတွက်။ ဒီတော့ အရှင်တို့ဘာသာရေးပုဂ္ဂိုလ်ကြီးတို့လည်း အရေးပါတယ်လို့ သူကပြောဆိုခဲ့ပါတယ်။ သူကဆက်ပြောပါသေးတယ်- ကျွန်ုပ်တို့တတွေအနေနဲ့ အားလုံးကိုတံခါးဖွင့် ကြိုဆိုပါတယ်- ဒါကြောင့် မည်သည့်အရေးပဲဖြစ်ဖြစ် ဘယ်အချိန်မဆို ဆက်သွယ်နိုင်ပါတယ်။ ဒီတော့ အနည်းဆုံး အသင်းတော်နဲ့အစိုးရအကြား ဆက်သွယ်ဆက်ဆံရေးလေးရှိလာတာပေါ့။ အရင်ကဆို ကျွန်ုပ်တို့အသင်းတော်မှာ ဘာအသံမှကိုမရှိဘူး။ အခုတော့ အစိုးရကကြိုဆိုလာပြီ။ ဒီကြိုဆိုခြင်းဟာ ဘယ်လောက်ကြာမယ်ဆိုတာတော့ မသိဘူး။ ဒါပေမယ့်လည်း ဒါဟာ ကြီးမားတဲ့ခြေလှမ်းအစလို့ပဲ မြင်မိတယ်။

မေး။    ။အခုလိုနိုင်ငံတိုးတက်ဖွံ့ဖြိုးမှု့အရေးမှာ အသင်းတော်အနေနဲ့မည်သည့်အခန်းမှ ပံ့ပိုးထောက်ပံ့နိုင်ပါသလဲ။

ဖြေ။     ။ပြောရမယ်ဆိုရင်တော့ အသင်းတော်ဟာ လူမှု့လှုပ်ရှားမှု့တွေမှာ အတော်လေးကို ခရီးရောက်နေပြီ။ သဘောဝဘေးအန္တာရယ်ခံစားနေရတဲ့နေရာတိုင်းလိုလိုမှာ အသင်းတော်ဟာ ဂရုဏာအသင်းအနေဖြင့် ပါဝင် လှုပ်ရှားနေပါတယ်။ မရှိဆင်းရဲသားများကို အကူညီ လိုအပ်နေသူများကိုလည်း အကူအညီအမျိုးမျိုးနှင့် ကူညီဆောင်ရွက်နေပါတယ်။ ဥပမာ- ၂၀၀၈ နာဂစ်မုန်တိုင်းတုန်းကဆို ဂရုဏာတင်မဟုတ်ပါဘူး - အသင်းတော်တစ်ခုလုံးနီးပါး -ရဟန်း၊ စစ္စတာ၊ကိုရင်နဲ့ ဘာသာဝင်တွေအကုန်ပါဝင် ကူညီဆောင်ရွက်ခဲ့ကြတာပါ။ အသင်းတော်အနေနဲ့ ဒီလိုသဘာဝဘေးအန္တရာယ်တွေမှာ ကူညီရုံမကဘဲ ဆင်းရဲတဲ့ကလေးသူငယ်တွေအား ပညာသင်ပေခြင်း၊ စရိတ်ထောက်ပံ့ခြင်း၊ မဖွံ့ဖြိုးတဲ့ဒေသတွေမှာ ဖွံ့ဖြိုးဖို့ အကူညီပေးခြင်း စသဖြင့်လည်း လုပ်ဆောင်တာတွေရှိသေးတယ်။ မြန်မာပြည်က ဂရုဏာအသင်းဟာ အင်မတန်မှခိုင်မာနေပါပြီ။ အစိုးရအနေနဲ့ အခုလိုပြန်လည် ပွင့်လင်းလာသည်နှင့် ကျွန်ုပ်တို့တတွေလည်း ဒီထက်ပိုတဲ့ လုပ်ဆောင်မှု့တွေလုပ်ဖို့လိုအပ်ပါတယ်။

နောက်ဒုတိယအနေနဲ့ ကျွန်ုပ်တို့ခရစ်ယာန်တွေဟာ ပညာတတ်တွေအဖြစ် လူသိများခဲ့တာပါ။ ဒါပေမယ့်လည်း အခုခေတ်လူငယ်တွေဟာ အစိုးရရဲ့လက်အောက်မှာ ကံမကောင်းဘဲ ပညာဆုံးရှုံးခဲ့ရတယ်။ ဒီတော့ ပညာရေးကျောင်းတွေမှာ တာဝန်ယူဖို့ဆိုတာ သိပ်တော့အဆင်သင့် မဖြစ်သေးဘူး။ ကျွန်ုပ်တို့မှာ ပိုပြီးကောင်းတဲ့ပညာရေးတွေပေးနိုင်ဖို့ အရည်အချင်းတွေမရှိသေးဘူး။ ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းတွေဟာလည်း အစိုးရပြုကျောင်းတွေဖြစ်နေတယ်။ ဘယ်စာသင်ကျောင်းကိုမှ ပြန်ပေးမယ်ဆိုတာ မကြားရသေးဘူး။ သူတို့ပေါ်လစီနဲ့ပတ်သက်လို့လည်း မရှင်းမလင်းသေးဘူး။ ကျွန်ုပ်တို့မှာ သာသနာ့ကျောင်းကြီးတွေ နိုင်ငံအ၀ှမ်းမှာရှိပါတယ်။ အထူးသဖြင့် ရန်ကုန်နဲ့မန္တလေးမှာ ကြီးကျယ်ခမ်းနားတဲ့ ကျောင်းကြီးတွေရှိနေပါသေးတယ်။ အကယ်၍ ဒီကျောင်းတွေပြန်ပေးခံခဲ့ရရင်တော့ ဒီပညာရေးဆိုင်ရာ လှုပ်ဆောင်မှု့တွေအတွက် ဘယ်သူတွေ တာဝန်ယူနိုင်မလဲဆိုတာ စဉ်းစားရမှာပေါ့။

မေး။    ။အစိုးရအနေနဲ့ အသင်းတော်ကို ဒီလိုပညာရေးဆိုင်ရာတာဝန်တွေ ပေးအပ်လာမယ်လို့ ထင်မိပါသလား။

ဖြေ။     ။အခုလက်ရှိအစိုးရက ပြောရသိပ်ခက်ပါတယ်။ သူ့ကြည့်ရတာကတော့ ကောင်းမယ့်ပုံပါပဲ ဒါပေမယ့် သူဟာလုံးဝယုံကြည်ရတဲ့သူတော့ မဟုတ်ဘူး။ လှည့်ပတ်ဝေ့၀ိုက်ပြောဆိုတာတွေက သိပ်များတယ်။ ဒီတော့ ကျွန်ုပ်အနေနဲ့တော့ ဒီအစိုးရဟာ အသင်းတော်ကို ဒီလိုတိုက်ရိုက် ပွင့်ပွင့်လင်းလင်းတော့ ပြောဆိုလာမယ်လို့ မထင်ပါဘူး။ ဒါပေမယ့်လည်း အစိုးရကျောင်းတွေအပြင် မြန်မာနိုင်ငံမှာ သီးသန့်ပုဂ္ဂလိကကျောင်းတွေကို စီးပွားရေးတစ်ခုအနေနဲ့ဖွင့်လစ်ထားတာတွေ အများကြီးရှိပါတယ်။ အသင်းတော်က အဲဒီလိုလုပ်တာ မရှိပါဘူး။

မေး။    ။ဒါနဲ့ နိုင်ငံတော်ကြီးပြန်လည်ပွင့်လင်းလာတာနဲ့ ကမ္ဘာအ၀န်းကလူပေါင်းစုံဟာ မြန်မာနိုင်ငံကို စိတ်ဝင်တစားကြည့်နေကြပါတယ်။ ဒီအချိန်မှာပဲ ကျွန်ုပ်တို့ဘာသာရေးအသင်းဂိုဏ်းများကလည်း စိတ်ဝင်စားပါတယ်။ ဒါကြောင့် အခုလို ဘာသာရေးအသင်းဂိုဏ်းတွေအနေနဲ့ မြန်မာပြည်ကိုလာမယ်ဆိုရင် ဘယ်လိုအကူအညီအထောက်အပံ့တွေကို မြန်မာပြည်အသင်းတော်က မျှော်လင့်ပါသလဲ။

ဖြေ။     ။မှန်ပါတယ်။ မြန်မာနိုင်ငံဟာ ပွင့်လင်းလာသည်နှင့်အမျှ နေ့စဉ်ဆိုသလို စီးပွားရေးရှင်တွေဟာ အလုပ်ရှုပ်နေလာတယ်။ နိုင်ငံရေးသမားတွေဟာလည်း တရုတ်နဲ့အိန္ဒိယလိုအင်အာကြီးနိုင်ငံကြားက မြန်မာနိုင်ငံကို စောင့်ကြည့်လေ့လာနေကြတယ်။ ကမ္ဘာ့ပါဝါတွေကို မျှတလိုကြတယ်။ အသင်းတော်ရှုထောင့်ကနေကြည့်မယ်ဆိုရင် မည်သည့်ဘာသာရေးအသင်းဂိုဏ်းမှာ ဆရာတော်ကြီးများနှင့် လာရောက်တွေ့ဆုံခြင်း၊ ပြောဆိုဆွေးနွေးခြင်းတွေ မရှိကြသေးတာ စိတ်မကောင်းဖြစ်မိတယ်။ ဒိုမီနီကန်အသင်းဂိုဏ်းနဲ့ ဂျေးဇူးရစ်အသင်းဂိုဏ်းတို့ကတော့ ရောက်နေကြပါပြီ၊ လုပ်ဆောင်နေကြပါပြီ။ ဒါပေမယ့် ဒီနေ့လိုခေတ်မှာ ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေးတွေဟာ အလျင်အမြန်ဖြစ်နေချိန် အသင်းတော်အနေနဲ့လည်း အလျင်အမြန်လုပ်ရှားသင့်တယ်လို့ ထင်ပါတယ်။ ဒီအသင်းဂိုဏ်းတွေအနေနဲ့ အခြေချနိုင်မချနိုင်ဆိုတာထက် လာရောက်တွေ့ဆုံဆွေးနွေး ပြောဆိုကြတာကို မြင်ချင်တယ်။ ဒီအချိန်ဟာ အသင်းတော်အတွက်၊ နိုင်ငံတော်အတွက် အကောင်းဆုံးအချိန်လို့ပြောရမယ်။

မေး။    ။ ဒိုမီနီကန်သာသနာပြုတွေဆီကလည်း ဘယ်လိုလုပ်ဆောင်ချက်မျိုးတွေကို မျှော်လင့်ပါသလဲ။

ဖြေ။     ။ဒီမက်ကာအိုက ဒိုမီနီကန်ကျောင်းအုပ်ကြီးနှင့် အသင်းသားဘုန်းကြီး၊ ကိုရင်များကို ၎င်းတို့ရဲ့ဧည့်ဝတ်ပြူငှာမှု့နှင့် ကြိုဆိုလက်ခံမှု့တွေအတွက် နောက်တဖန် ကျေးဇူးတင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒိုမီနီကန်သာသနာပြုတွေဆီကနေ ကျွန်ုပ်အနေဖြင့် မြန်မာပြည် အသင်းတော်အတွက် အကောင်းဆုံးအစားစာနှစ်ခုဖြစ်တဲ့ ပညာရေးနှင့် ၀ိညာဉ်ရေးကို အထူးမျှော်လင့်မိပါတယ်။ ဒါကို မြန်မာပြည်က ဘာသာသူတွေသာမကဘဲ ဘုန်းကြီးသီလှရှင်တွေက အစမျှော်လင့်နေကြတာပါ။ သိကြတဲ့အတိုင်းပဲလေ- ကျွန်ုပ်တို့မြန်မာနိုင်ငံအနေနဲ့ ပညာရေးမှာလည်း အများကြီးလုပ်စရာတွေရှိသေးတယ်။ ကျွန်ုပ်တို့ ဘုန်းကြီး၊ ကိုရင်၊ သီလှရှင်၊ စစ္စတာတွေနဲ့ ဘာသာတူတွေကိုလည်း ပညာရေးပေးဖို့ အရမ်းကိုလိုအပ်နေပါတယ်။ ထို့အတူ ၀ိညာဉ်ရေးရာတွေကိုလည်း မြန်မာပြည်အသင်းတော်ဟာ အင်မတန်မှ လိုအပ်ပါတယ်။ ဒီ ပညာရေးနှင့် ၀ိညာဉ်ရေးအစာနှစ်ခုကို ဒိုမီနီကန်အသင်းဂိုဏ်းအနေနဲ့ မြန်မာပြည်ကို သယ်ဆောင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီုမီနီကန်တွေကို ဘုရားသခင်ကောင်းကြီးပေးပါစေ။

နောက်ဆုံးအနေနဲ့ ဒိုမီနီကန်တွေအားလုံးကို မြန်မာပြည်မှာ မကြာခင်ကျင်းပတော့ ကက်သလစ်ယုံကြည်ခြင်း မျိုးစေ့ရောက်ရှိတာ နှစ် ၅၀၀ပြည့်ပွဲတော်ကြီးသို့ ဖိတ်ခေါ်ပါတယ်။

ကိုရင် (ဒိုမီနီကန်)



Saturday, 15 June 2013

၁၁ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့

လုကာ ၇း၃၆-၅၀ နှင့် ၈း၁-၃
မည်သူသည် ဘုရားသခင်ကိုပိုချစ်မည်နည်း။



ယနေ့ ဖတ်ရှု့ရသည့် ဧ၀ံဂေလိကျမ်းစာ
တော်မြတ်တွင် ဖာရီဇေးဦး တစ်ဦးက ယေဇူး ခရစ်တော်ကို အစာသုံးဆောင်ရန်ဖိတ်ခေါ်သဖြင့် ကိုယ်တော်လည်း ထိုအိမ်သို့သွားခဲ့ပါတယ်။ သို့သော်လည်း ဂျူးလူမျိုးတို့ဓလေ့အတိုင်း အိမ်သို့ ၀င်လျှင် ခြေဆေးဖို့နဲ့ခြေသုပ်ဖို့ ပါဝါ မစီစဉ်ပေး ထားတာကို တွေ့ရပါတယ်။ ဤအချက်အားဖြင့် ကျွန်ုပ်တို့ဟာ လူတစ်ယောက် အပေါ်ဘယ်လို စိတ်သဘောထား ရှိတတ် သည်ကို စဉ်းစား ထောက်ရှု့ စရာဖြစ်ပါတယ်။ ထို့အပြင် ထူးခြားသည့် အဖြစ်က ထိုဖာရီးဇေးဦးအိမ်ကို လူတကာက အပြစ်သည်၊ မကောင်းသည့် အမျိုးသမီးဟုသတ်မှတ်ထားတဲ့ အမျိုးသမီးတစ်ဦး ကိုယ်တော့်ခြေရင်းမှာ ပြေးဝင်ပြီး သူမ၏မျက်ရည်နဲ့ ခြေဆေးပေးတယ်။ အမျိုးသမီးတို့အမြတ်နိုးဆုံးထားသည့် ဆံပင်နှင့်ခြေသုပ်ပေးတယ်။ ဤအချက်သည်လည်း လူတစ်ယောက်အပေါ်မိမိဟာ အလေးထားဘယ်လောက်ထားသလဲဆိုတာ စဉ်းစားထောက်ရှု့စရာဖြစ်ပါတယ်။ ကျမ်းစာအား ဆက်လက်ဖတ်ရှု့ကြည့်သော် ဖာရီးဇေးဦး၏အမြင်မကြည်၊ စိတ်ဘ၀င်မကျသည့်အဖြစ်နှင့် ကိုယ်တော်၏ဥပမာ စကားတို့ကို ကြားရပါလိမ့်မယ်။ ကိုယ်တော်က စီမွန်ကိုမေးပါတယ်- အပြစ်သားနှစ်မျိုးကို ဘုရားသခင်က ခွင့်လွှတ်ခြင်းပေးတဲ့အခါ မည်သည့်အပြစ်သားသည် ဘုရားသခင်ကို ပိုချစ်မလဲ။

မိတ်ဆွေ၊ ကျွန်ုပ်တို့တတွေအားလုံးဟာ တနည်းမဟုတ်တနည်း အပြစ်သားတွေပါ။ သို့သော်လည်း အပြစ်သားတိုင်းဟာ သူတစ်ပါးရဲ့အပြစ်တွေကို ချဲ့ကားမြင်တတ်ပြီး မိမိတို့အပြစ်ကိုတော့ သတိမထားမိကြပါဘူး။ ဒီနေ့ ခရစ်တော်ထောက်ပြချင်တဲ့တရားက မိမိတို့အပြစ် ဘယ်လောက်ကြီးလဲဆိုတာ မဟုတ်ပါဘူး။ မိမိတို့အပြစ်ကို ဘယ်လောက် သတိထားမိတတ်ကြ သလဲဆိုတာပါပဲ။ ဒီတော့ မိမိတို့အပြစ်ကို သတိထားမိတတ်ဖို့ ချစ်ခြင်းမေတ္တာဟာ အဓိကသော့ချက်ဖြစ်ပြန်တယ်။ မိမိက တစ်ဦးတစ်ယောက်ကို ချစ်မိလျှင် ထိုသူ့အပေါ်၊ ထိုသူနဲ့ပတ်သက်တာတွေမှာ အပြစ်ဖြစ်မှာ စိုးရိမ်တတ်ပါတယ်။ ဒီလိုပါပဲ- မိမိဟာ ဘုရားသခင်ကို ချစ်လေလေ၊ မိမိကျူးလွန်မည့်အပြစ်ကို သတိထားမိလေလေဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူက ပို၍ဘုရားသခင်ကိုချစ်သလဲ။ ဘယ်သူက ကိုယ့်အပြစ်ကို ဘယ်လောက်သတိထားပြီး ရှောင်ကျဉ်ပါသလဲ။ ချစ်ခြင်းမေတ္တာနှင့် အပြစ်ရှောင်ကျဉ်နိုင်ခြင်းဟာ အတွင်းကျကျ ဆက်စပ်မှု့ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိတို့ချစ်ခြင်းမေတ္တာဟာ မိမိတို့အပြစ်လုပ်မည့်စိတ်ကို အထိမခံ စပ်စပ်လှုပ်စေလို့ပါပဲ။ ဒီတော့ အပြစ်ကို ပို၍ရှောင်ကျဉ်နိုင်စေပါတယ်။

ဒီတော့ ခရစ်တော်ပေးသည့် ဒီတရားကို ကျွန်ုပ်တို့ဘ၀မှာ ဘယ်လိုအသုံးချမလဲ။ ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်ကိုချစ်လို့ဆိုပြီး ကျွန်ုပ်တို့ကိုယ်တိုင်ရဲ့အပြစ်လုပ်မည့်စိတ်အား စပ်စပ်လှုပ်နေပြီး အပြစ်ကို ပို၍ရှောင်ကျဉ်နိုင်ပြီလား။ ထို့အတူ ကျွန်ုပ်တို့နေ့စဉ်ဘ၀မှာ မကျေနပ်ဆုံး၊ အမုန်းဆုံးဆိုတဲ့သူတွေဟာ ကျွန်ုပ်တို့ရဲ့ခွင့်လွှတ်ကျေအေးခြင်းကို ခရစ်တော်၏ခြေအား မျက်ရည်နှင့်ဆေးသည့် အမျိုးသမီးလို တောင်းတလျက်ရှိနေတာကိုကော ကျွန်ုပ်တို့မြင်မိကြရဲ့လား။ ဆင်ခြင်မိကြရဲ့လား။ ထိုကဲ့သို့သော လူတွေကို ခွင့်လွှတ်ကျေအေးပေးခဲ့လျှင် မိမိတို့ကို ပုံမှန်သာမာန်ချစ်ပါတယ်ဆိုတဲ့သူတွေထက် ပိုချစ်ကြမယ်ဆိုတာကော သင်တွေးမိရဲ့လား။  ကျွန်ုပ်တို့ဆက်လက်စဉ်းစားကြည့်ကြပါစို့။

ဘုရားသခင်ကို ကျွန်ုပ်တို့ဘယ်လောက်ချစ်သလဲဆိုတာ ကျွန်ုပ်တို့အပြစ်ဘယ်လောက်ကြီးလဲဆိုတာနဲ့ မဆိုင်ပါဘူး။ သို့သော်လည်း ကျွန်ုပ်တို့အပြစ်ကို ဘယ်လိုလုပ်နေကြလဲဆိုတာနဲ့သက်ဆိုင်ပါတယ်။ ကျွန်ုပ်တို့အသင်းတော်မှာ အတုယူစရာအဖြစ် ရဟန္တာသူတော်စင်တွေ ရှိပါတယ်။ ထိုပုဂ္ဂိုလ်ကြီးတွေဟာ အပြစ်မရှိလို့၊ သန့်ရှင်းလွန်းလို့ ရဟန္တာတွေဖြစ်နေတာမဟုတ်ပါဘူး။ သို့သော်လည်း သူတို့အပြစ် ဘယ်လိုလုပ်မိလို့ ဘယ်လိုရှောင်ကျဉ်ဖို့ကြိုစားလဲဆိုတာကြောင့်ပါ။ အထက်မှာပြောသလိုပဲ ဘုရားသခင်ပေါ်ထားတဲ့ သူတို့ရဲ့ချစ်ခြင်းမေတ္တာကြီးမားလွန်းလို့ အပြစ်လုပ်တတ်သည့် သူတို့ရဲ့စိတ်ကို စပ်စပ်လှုပ်နာကျဉ်စေပြီး အပြစ်ကို အတတ်နိုင်ဆုံး၊ အစွမ်းကုန် ကြိုးစားရှောင်ကျဉ်သူတွေပါ။ ဒါကြောင့် ကျွန်ုပ်တို့လည်း ထိုနည်းလမ်းကိုလိုက်ကျင့်ရင်း နေထိုင်သွားရမှာဖြစ်ပါတယ်။ အမှန်တကယ်ချစ်ကြည့်ပါ- အပြစ်ဖြစ်စေရဲပါဦးမလား။

ဘုရားသခင်ပေါ်ထားတဲ့ ကျွန်ုပ်တို့ချစ်ခြင်းမေတ္တာဟာ ကျွန်ုပ်တို့နှင့်နီးစပ်သူများအပေါ်မှာ ရောင်ပြန်ဟပ်စေပါတယ်။ ဒါကြောင့် ဒုတိယပညတ်တော်အဖြစ် မိမိနှင့်နီးစပ်သူကို ကိုယ်နှင့်အမျှချစ်လောဟု ခရစ်တော်မိန့်ဆိုခဲ့ပါတယ်။ ကျွန်ုပ်တို့အချင်းချင်းချစ်ကြလျှင်လည်း အချင်းချင်းထိခိုက်စေမည့်အပြုအမူများကို အတတ်နိုင်ဆုံး အစွမ်းကိုကြိုးစားရှောင်ကျဉ်ပါလိမ့်မယ်။ အကြောင်းမသင့်လို့ ကျွန်ုပ်တို့အချင်းချင်းအကြား ခိုက်ရန်ဖြစ်ပွားမှု့တွေ၊ မကျေနပ်မှု့တွေ၊ တင်းမာမှု့တွေရှိတတ်တာ သဘာဝပါ။ သို့သော်လည်း ဒါတွေဟာ ကျော်လွှားလို့မရတဲ့အရာတွေ၊ ဖြေရှင်းလို့မရတဲ့အရာတွေမဟုတ်ဘူး။ ဒါကြောင့် မုန်းတီးမိသည်အထိ စိတ်ထဲမှာ မထားသင့်ပါ။ မုန်းတီးခြင်းဟာ ချစ်ခြင်းမေတ္တာလုံးဝပျောက်ဆုံးသွားခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ကိုယ်တိုင် အထိခိုက်ခံရသည့်သူများဖြစ်လျှင်လည်း ပြန်လည်ကျေအေးနိုင်ဖို့ မျှော်လင့်ချက်ရောင်ချည်အား ထိခိုက်သူအားပေးထားပါ။ မိမိက ထိခိုက်သူဖြစ်နေလျှင်လည်း ပြန်လည်ကျေအေးနိုင်မည့် မျှော်လင့်ချက်နဲ့ တစ်ပါးသူ၏အလင်းရိပ်ကို ရှာဖွေတတ်ပါ။

စဉ်းစားကြည့်ပါ- မိမိဟာ တစ်ပါးသူအား လုံးဝထိခိုက်နာကျဉ်အောင်ပြုလုပ်ထားသည်ဆိုတာကို သတိထားမိပါပြီဆိုပါစို့။ ထိုသူအနားချည်းကပ်ဖို့ ကြိုးစားချင်လာပါတယ်။ နောက်ဆုံး မိမိရဲ့မှားယွင်းမှု့၊ အပြစ်တွေကို ထိုသူက ခွင့်လွှတ်ပေးလိုက်တယ်ဆိုပါစို့-  သင်ဘယ်လို ခံစားရမလဲ။ အဲဒီခံစားချက်ကို ပြန်လည် စဉ်းစားကြည့်ပါ။ ထို့နည်းတူ တစ်ပါးသူဟာလည်း မိမိကိုထိခိုက်ထားတာ သတိထားမိတဲ့အချိန် သင့်ဆီက ခွင့်လွှတ်ကျေအေးခြင်းကို စောင့်မျှော်နေပါတယ်။ သင်ခွင့်လွှတ်လိုက်ပါ- သူဟာ သင့်ကိုအရင်ထက် ပိုချစ်ပါလိမ့်မယ်။ တခြားသောသာမာန်မိတ်ဆွေတွေထက် ပို၍ချစ်ခင်လာပါလိမ့်မယ်။ ကျွန်ုပ်တို့တတွေဟာ တစ်ပါးသူ၏အပြစ်ကို “ကောင်းမှုတစ်ရာ မကောင်းတစ်ခါ” အဖြစ် မကောင်းတာတစ်ခါကိုပဲ အမှတ်သည်းချေ မထားသင့်ပါ။ ခရစ်ယာန်တရားတော်ဟာ ချစ်ခြင်းမေတ္တာတရားဖြစ်သည့်အလျောက် တစ်ပါးသူအတွက်၊ မိမိအားထိခိုက်သူဖြစ်လင့်ကစား ပြန်လည်ကျေအေးသင့်မြတ်ဖို့ လမ်းဖွင့်ထားရပါမယ်။ ထိုအခါ ဘုရားသခင်ကို အဘယ်သူပိုချစ်သလဲဆိုတာ သိလာပါလိမ့်မယ်။

နေ့စဉ် အာဂါတ မောဟတွေကို ကျွန်ုပ်တို့နေ့စဉ်ဘ၀မှာ ချစ်ခြင်းမေတ္တာဖြင့် ကြိုးစားဆင်ခြင်နိုင်သူများ ဖြစ်နိုင်ကြပါစေ။ အချင်းချင်းကြားမှာလည်း ပြန်လည်ကျေအေးခြင်း ရောင်ချည်များထွန်းတောက်ပါစေ။


ကိုရင် (ဒိုမီနီကန်)

ကဆုန်ညောင်ရေသွန်းပွဲတော်ကြီးအတွက် သ၀ဏ်လွှာ

ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး၏ ကိုးကွယ်မှု့ဘာသာတရားများ တွေ့ဆုံနှီးနှော်ဖလှယ်ခြင်း ကောင်စီ
ကဆုန်ညောင်ရေသွန်းပွဲတော်ကြီးအတွက် သ၀ဏ်လွှာ
ခရစ်နှစ် ၂၀၁၃/ ဗုဒ္ဓနှစ် ၂၅၅၆
ဗာတီကန်မြို့တော်

အသင်းတော်စည်းလုံးရေး အင်္ဂလီကန်ဆရာတော်နှင့် ပုပ်ရဟန်းမင်းကြီးတို့ တွေ့ဆုံ

အသင်းတော်၌ ပြည်လည်စည်းလုံးစွာ လုပ်ဆောင်သွားဖို့ အင်္ဂလီကန်ဆရာတော်ကြီးနှင့် ပုပ်ရဟန်းမင်းကြီးတို့တွေ့ဆုံ။


၁၄.၀၆.၂၀၁၃၊ သောကြာနေ့က အင်္ဂလီကန်အသင်းတော်မှ ထိပ်သီးခေါင်းဆောင်ဖြစ်သည့် ကန်တာဘူရီ၏ ဂိုဏ်းချုပ် ဆရာတော်ကြီး ဂျပ်စတင်းသည် ဗာတီကန်သို့သွားရောက်ကာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်နှင့် တွေ့ဆုံခဲ့ပါတယ်။ ထိုသို့ တွေ့ဆုံရာ၌ ဆရာတော်ကြီးဂျပ်စတင်းဟာ ကက်သလစ် အသင်းတော်နှင့် အင်္ဂလီကန်အသင်းတော်တို့ အတူတကွ ပြန်လည်ကျေအေးပြီး စည်းလုံးစွာ လုပ်ဆောင်သွားကြဖို့ လိုအပ်ကြောင်းကို အထူးပြောဆိုခဲ့ပါတယ်။


ခရစ်ယာန်တို့၏ ဘုံတန်ဖိုးများ၊ လူမှု့တရားမျှတခြင်း၊ နှင့် အသင်းတော် အကြားပြန်လည် ကျေအေးသင့်မြခြင်း နှင့် ပြသနာဖြေရှင်းခြင်းတို့မှာ ကတိပြုစိတ်နစ်ထားကြဖို့ စသည့်ခေါင်းစည်းကြီး သုံးခုကို ပုပ်ရဟန်းမင်းကြီးက အလေးပေးပြောဆိုဆွေးနွေးခဲ့ပါတယ်။ ဆရာတော်ကြီးကလည်း ဆီရီးယားအရေးခင်းနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးလိုအပ်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။ ပုပ်ရဟန်းမင်းကြီးကတော့ ဒီငြိမ်းချမ်းရေးကို ခရစ်ယာန်တွေက ကမ္ဘာကြီးထဲကို သယ်ဆောင် လာနိုင်ပါတယ်- ဒါပေမယ့် ၎င်းတို့အကြားမှာ ဟန်ချက်ညီညီနှင့် လက်တွဲလုပ်ဆောင်သွားကြဖို့တော့ လိုအပ်လိမ့်မယ်လို့ မိန့်ဆိုခဲ့ပါတယ်။ 

မနောအောင်
NEWS.VA မှကောက်နှုတ်သည်။

Saturday, 8 June 2013

၁၀ကြိမ်မြောက်သာမာန်တနင်္ဂနွေနေ့

ယနေ့ဖတ်ရှု့ရမည့်ကျမ်းစာ သုံးစောင်လုံးတွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို ဘုရားသခင်ပြုလုပ်တော်မူကြောင်း ရေးသားထားပါတယ်။ ပထမကျမ်းစာတော်မြတ်တွင် ပရော်ဖက်ဧလိယဖြင့် အသက်ပြန်ရှင်စေပြီး ဒုတိယ ကျမ်းစာတွင်မူ သံပေါလူး၏၀ိညာဉ်ဘ၀ သေဆုံးရာမှ ဗျာဒိတ်တော်ဖြင့် ပြန်လည်ရှင်သန်စေခဲ့ပါတယ်။ ထိုနောက် ဧ၀ံဂေလိကျမ်းစာတော်မြတ်တွင်မူ ခရစ်တော်က မုဆိုးမ၏သားငယ်ကို ပြန်လည်ရှင်သန်စေခဲ့ပါတယ်။ ဒီတော့ ကျမ်းစာသုံးစောင်လုံးအား ကမ္မဌာန်း ထောက်ရှု့ ကြည့်သည့်အခါ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို စွန့်ပစ် မထားဘဲ မည်ကဲ့သို့သော သေခြင်းမျိုးနဲ့ကြုံနေပါစေ ရှင်သန်စေပါတယ်။ ခန္တာသေခြင်းလား ၀ိညာဉ်နှင့်ဘ၀ သေခြင်းလား ဘုရားက ပြန်လည်ရှင်သန်စေပါတယ်။ ထိုနည်းတူ ကျွန်ုပ်တို့တတွေမှာလည်း သူတစ်ပါးကို ပြန်လည်ရှင်သန်စေတဲ့ ကျေးဇူးတော်တွေရှိကြောင်းနှင့် ထိုကျေးဇူးတော်များကို လက်တွေ့အသုံးချဖို့ သွန်သင်ပေးနေပါတယ်။ 

ထိုကြောင့် ကျွန်ုပ်တို့တတွေရဲ့ဘ၀ကို ဘုရားသခင်က ဘယ်လိုရှင်သန်စေပါသလဲ။ ကျွန်ုပ်တို့တတွေကလည်း တစ်ပါးသူများကို မည်သို့ပြန်လည်ရှင်သန်စေနိုင်ပါသလဲ။

မစားမသောက်ဘဲ ရှင်သန်သူကျွန်ုပ်တို့ကမ္ဘာမှာ မရှိပါဘူး။ အသက်ရှင်သန်ဖို့အတွက် ကျွန်ုပ်တို့တတွေ တစ်ခုခုစားသောက်ရပါတယ်။ ဒီအတွက်လည်း ကျွန်ုပ်တို့လူသားတွေ နေ့စဉ်ဓူဝ အလုပ်လုပ်ကိုင်နေကြရတာပဲ ဖြစ်ပါတယ်။ ဒါဟာ အခြေခံအဆင့် မိမိတို့ခန္တာအသက်ရှင်သန်ဖို့အတွက် ကြိုးစားရခြင်းဖြစ်ပါတယ်။ ထိုနည်းတူ နောက်တဆင့်မှာ ကျွန်ုပ်တို့လူသားတွေဟာ မိမိတို့ာဏ်ပညာရှင်သန်ဖို့အတွက် ပညာဟူသောာဏ်ပညာအစားအသောက်များကို ရှာဖွေ စားသောက်ရပါတယ်။ ပညာမတတ်သည့် လူ့ဘောင်အဖွဲ့အစည်းဟာ တခြားသူတို့ရဲ့ ဖောက်စားခြင်းကိုခံရတတ်ပါတယ်။ မိမိအသိုင်းအ၀ိုင်း မတိုးတက်ရုံသာမကဘဲ လူ့အခြေခံများဖြစ်သည့် စည်းလုံးခြင်း၊ သဘောတူညီတတ်ခြင်း၊ လေးစားရိုသေခြင်း၊ ဆင်ခြင်တုံတရားရှိခြင်း၊ ဝေဖန်နိုင်စွမ်းရှိခြင်း၊ အမြင်ကျယ်ခြင်း၊ ငြိမ်းချမ်းတည်ငြိမ်ခြင်း စသည့်တို့ ရှိမည်မဟုတ်ဘဲ ပျောက်ဆုံးရင်းပျောက်ဆုံးရင် မိမိလူ့ဘောင်အသိုင်းအ၀ိုင်း ပျက်စီးစေပါတယ်။ ထိုကြောင့် ပညာရဲရင့်ပွဲလယ်တင့်ဖို့သာမကဘဲ ပညာတတ်မှသာလျှင် အထက်ပါအကြောင်းတရားများ ကျွန်ုပ်တို့အသိုင်းဝိုင်းထဲမှာ ရှိလာမှာမို့ာဏ်ပညာအစားအသောက်များ များများလိုအပ်ပါတယ်။ မိမိအသိုင်းအ၀ိုင်းတိုးတက်လိုလျှင် ပညာရေးကိုအရင်ဆုံး ပျိုးထောင်ပါ။

ထိုနောက် ကျွန်ုပ်တို့လူသားများအတွက် ၀ိညာဉ်အစားအသောက် လိုအပ်ပါတယ်။ ထိုဝိညာဉ် အစားအသောက်သည် တရားတော်များပင်ဖြစ်ပါတယ်။ တရားတော်များဟာ ဘုရားပေးသည့် အကောင်းဆုံးသော အမွေလက်ဆောင်ပင်ဖြစ်ပါတယ်။ ၀ိညာဉ်တော်အစားအသောက်မရှိဘဲ ကျွန်ုပ်တို့လူ့အသိုင်းအ၀ိုင်းဟာ တရားပျောက်သည့် အသိုင်းအ၀ိုင်းသာဖြစ်နေပြီ ကြာရှည် အသက်ရှင်သန်ကြမည် မဟုတ်ပါ။ ကျွန်ုပ်တို့တတွေကို ဘုရားကဘယ်လို ရှင်သန်စေလဲဆိုတာ ဤတရားကျမ်းများတွင် အတိအလင်းဖော်ပြထားပါတယ်။ ထိုတရားကျမ်းများကို အကျဉ်းချုပ်သော “ဘုရားသခင်ကို ကိုယ်စွမ်းရှိသမျှချစ်ပါ” “မိမိနှင့်နီးစပ်သူကို ကိုယ်နှင့်အမျှချစ်ပါ။” ဒါဟာ ခရစ်ယာန်တရား၏ အသက်သွေးကြောဗဟိုရ်ပင်ဖြစ်ပါတယ်။ ဤအသက်သွေးကြော ဗဟိုရ်အားဖြင့်သာ ကျွန်ုပ်တို့တတွေ ဆက်လက်ရှင်သန်ဖို့ အကြောင်းတရားဖြစ်စေပါတယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့တစ်ဦးစီတိုင်း သေဆုံးတာကို မလိုလားသူ၊ မမြင်လိုသူ ဖြစ်ပါတယ်။ ကျွန်ုပ်တို့အားလုံး ရှင်သန်သည်ကိုသာ မြင်တွေ့လိုသူ ဖြစ်ပါတယ်။ ထိုကြောင့်လည်း သူ၏အသက်နှင့်အလှဲလယ်ထပ်ပြီး ကယ်တင်ခြင်းကျေးဇူးတော်ကို သွန်းလောင်းပေးခဲ့သူပါ။ ထိုသူ၏ချစ်ခြင်းမေတ္တာထက် ကြီးမြတ်တာရှိပါဦးမလား။ ထိုနည်းတူ ကျွန်ုပ်တို့တတွေကိုလည်း သူ၏ထိုကြီးမြတ်သည့်ချစ်ခြင်းမေတ္တာကို တစ်ပါးသူတို့ရှေ့မှာ သက်သေခံစေပါတယ်။ ထိုသို့သက်သေခံဖို့အတွက်လည်း ကျွန်ုပ်တို့ တစ်ဦးစီတိုင်းမှာ ကျေးဇူးတရားတွေ ရှိပါတယ်။ တနည်းအားဖြင့်ပြောရရင်တော့ ကျွန်ုပ်တို့တစ်ဦးစီတိုင်းဟာ တစ်ပါးသူကို ပြန်လည်ရှင်သန်စေနိုင်သည့် ကျေးဇူးတော်တန်ခိုးများ ပိုင်ဆိုင်သူများဖြစ်ပါတယ်။ ထိုကျေးဇူးတန်ခိုးတော်ကို လက်တွေ့အသုံးချဖို့လိုအပ်ပါတယ်။

ဒီတော့ မိတ်ဆွေ၊ တစ်ပါးသူ၏ကံကြမ္မာဆိုးကို သင်ဘယ်လိုတုန့်ပြန်လေ့ရှိပါသလဲ။ လူ့အသိုင်းအ၀ိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတာကတော့ တစ်ပါးသူ၏ကံကြမ္မာဆိုးကို တုန့်ပြန်ဖို့ ရင်းနှီးမှု့အတိုင်းတာနဲ့ ဆုံးဖြတ်ကြတတ်ပါတယ်။ ကံကြမ္မာဆိုးနှင့်ကြုံတွေ့နေသူဟာ သင်နှင့်ရင်းနှီးမှု့မြင့်လေလေ သင်ပိုခံစားရလေလေ ဖြစ်တတ်ပါတယ်။ သို့သော်လည်း ခရစ်တော်၏သွန်သင်မှု့မှာ ထိုကံကြမ္မာဆိုးနှင့် ကြုံတွေ့နေသူကို သင်ဘယ်လိုတုန့်ပြန်ရမည်ကို အခြေခံသင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ထိုကဲ့သို့သော သူများကို ကျွန်ုပ်တို့တတွေဟာ သနားစိတ်၊ စာနာစိတ်၊ မေတ္တာတရားထားရှိရပါမယ်။ ခရစ်တော်ကိုယ်တိုင်လည်း မုဆိုးမအပေါ်မှာ သနားစိတ်ရှိခဲ့ပါတယ်။ သနားစိတ်၊ စာနာစိတ်တို့ဟာ မေတ္တာတရားရဲ့ ဂုဏ်သတ္တိတွေပင် ဖြစ်ပါတယ်။ သို့သော်လည်း သနားတယ်၊ စာနာတယ်ဆိုရုံနဲ့ မပြီးပါ။ လက်တွေ့ကျဖို့လိုပါတယ်။ တခုခုလုပ်ပေးဖို့လိုပါတယ်။

ကျွန်ုပ်တို့ဘေးပတ်ဝန်းကျင်မှာ ကံကြမ္မာဆိုးနဲ့ အသက်ရှင်လျက် သေဆုံးနေသူများစွာ ရှိပါတယ်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ယုံကြည်ချက်တွေပျောက်၊ မျှော်လင့်ချက်တို့သေဆုံးတာတွေလည်း ရှိပါတယ်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ ဝေဒနာနှင့်ဒုက္ခတွေကို ခန္တာရုပ်ပိုင်းအထိ ခံစားနေရတာတွေရှိပါတယ်။ ဒါတွေကို ကုသပေးဖို့၊ အသက်ပြန်လည်ရှင်သန်စေဖို့ ကျွန်ုပ်တို့မှာ ကျေးဇူးတန်ခိုးတွေရှိတယ်ဆိုတာ မမေ့ပါနှင့်။ ထိုကျေးဇူးတန်ခိုးများကို အသုံးချပြီ ပတ်ဝန်းကျင်မှာ နီးစပ်ရာနီးစပ်သလောက်ကို ကုသပေးပါ။ အသက်ပြန်လည် ရှင်သန်စေပါ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့တတွေဟာ ဘုရားရဲ့သားသမီးများဖြစ်ကြောင်း သေသက်ခံရာဖြစ်သလို၊ အမှန်တကယ်လည်း ဘုရားရဲ့သားသမီးများဖြစ်ပါတယ်။ ဘုရားရဲ့သားသမီးများပီပီ ထိုကဲ့သို့တန်ခိုးတော်များကို စွမ်းဆောင်နိုင်ကြပါတယ်။ ယုံကြည်ခြင်းနှင့် စွမ်းဆောင်ကြပါ။

ကိုရင် (ဒိုမီနီကန်)



Monday, 3 June 2013

ရဟန္တာတင်မြှောက်ခြင်းဖြစ်စဉ်-

တစ်ဦးတစ်ယောက်အား ရဟန္တာအဖြစ်တင်မြှောက်ခြင်းကို ကက်သလစ်အသင်းတော်၌ ရဟန္တာအဖြစ်သို့ ကာနန်ဥပဒေအရအတည်ပြုကြေငြာခြင်းဟု ခေါ်ဆိုနိုင်ပေသည်။ ၁၂၃၄ခုနှစ်ဆီသို့ ပြန်လည်ကြည့်ပါက အသင်းတော်အတွင်း ထိုကဲ့သို့ရဟန္တာတင်မြှောက်ခြင်းကို တရားဝင်ဥပေဒေအရကြေငြာခြင်းမရှိခဲ့ပါ။ သို့သော်လည်း ရဟန္တာများစွာ အများသောအားဖြင့် မိမိတို့ယုံကြည်ခြင်းအတွက် အသက်စွန့်ခဲ့သူ ဓမ္မအာဇာနည်များနှင့် ၎င်းတို့၏သန့်ရှင်းစင်ကြယ်ခြင်းတို့အားဖြင့် အသိမှတ်ပြုခဲ့ကြလေသည်။ ထို့အပြင် အေဒီ ၃၁၃ ခုနှစ် ခရစ်ယာန်ဘာသာအား ကွန်စတန်တီနိုအင်ပါယာလက်ထက်တွင် တရားဝင်အသိမှတ်ပြုချိန်မှစ၍ ဓမ္မအာဇာနည်များ၏အုပ်ဂူများ (ဥပမာ- စိန်ပီတာ၏အုပ်ဂူ) အား ခရစ်ယာန်တို့၏ အရိုသေပေးရာ မြင့်မြတ်သောနေရာများအဖြစ် အသိမှတ်ပြုလက်ခံပြုလုပ်ခဲ့ကြသည်။ ဒေသအသင်းတော်များအတွင်း၌လည်း ထိုဓမ္မအာဇာနည်များ၏ ကွယ်လွန်သည့်နေ့ရက်များအား သတိရအောက်မေ့ဖွယ်အဖြစ် ကျင်းပကြလေသည်။ တချို့မှာ ထိုသန့်ရှင်းရာအုပ်ဂူများပေါ်၌ ဗာစီလီကာလိုဘုရားကျောင်းကြီးများတည်၊ ပဌာနာတည်နှင့် ပြုလုပ်အရိုသေပေးလာခဲ့ကြသည်။

ထိုသို့သူတော်စင်များကို အသိမှတ်ပြုအရိုသေပေးလာရာမှ အချိန်အခါအရ အသင်းတော်အတွင်း ဒရီဆန်ဆန်နဲ့ သူတော်စင်များကိုချည်းကပ်လာတတ်သည့် ဖြစ်ရပ်များပေါ်ပေါက်လာကာ ရဟန္တာတင်မြှောက်ခြင်းကို ၀ိနည်းအရနှင့် လျော်ကန်အောင် တင်းကြပ်လာခဲ့ရသည်။ ၁၂၃၄ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဂရေဂေါ်ရီ (၉)မှ ရဟန္တာတင်မြှောက်ခံရမည်သူအား တန်ခိုးအံ့ဖွယ်တခုခုကို တရားဝင်တင်ပြနိုင်ရမည်ဟု ဥပဒေထုတ်ခဲ့သည်။ ၁၅၅၈ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး စစ္စတုစ် (၅)မှ Congregation of Rites ဟူသောအဖွဲ့အစည်းကို ဖွဲ့ပေးခဲ့လေသည်။ ထိုအဖွဲ့အစည်းမှာ နောက်ပိုင်း ရဟန္တာတင်မြှောက်ခြင်းဆိုင်ရာ စီစစ်ရေးအဖွဲ့ (Congregation for the Causes of the Saints) ဟုအမည်ပြောင်းလဲခဲ့သည်။ ထိုအဖွဲ့အစည်းမှာ ရဟန္တာတင်မြှောက်ဖို့ အစစအရာရာကို သုံးသပ်စီစစ်ရသည်။

ယနေ့ခေတ် လူပေါင်းများစွာက ကက်သလစ်ရဟန္တာတင်မြှောက်ခြင်းကို တော်တော်လေး စိတ်ဝင်စားလာသည်။ မည်သို့မည်ပုံ မည်သည့်စံနှုန်းများဖြင့် ရဟန္တာတင်မြှောက်ပါသလဲ၊ ရဟန္တာဖြစ်ပါသလဲ ဆိုပြီး သိချင်လိုကြသည်။ ထိုကြောင့် ယနေ့ ကက်သလစ်အသင်းတော်အတွင်း ရဟန္တာများတင်မြှောက်ခြင်း ဖြစ်စဉ်ကို အနဲငယ်သုံးသပ်ပြလိုပါသည်။

ပထမဦးဆုံးအနေဖြင့် သန့်ရှင်းမြင့်မြတ်မှု့ (သို့မဟုတ်) ယုံကြည်ခြင်းကိုသက်သေခံရင်း အသက်စွန့်ခဲ့သည့် ဓမ္မအာဇာနည်စိတ်ဓါတ်အပြည့်ဖြင့် အမည်တွင်သည့် ပုဂ္ဂိုလ်တစ်ဦး ကွန်လွန်သွားခဲ့သော် ၎င်းကွန်လွန်ခဲ့သည့် သာသနာနယ်မှ ဆရာတော်ကြီးသည် ထိုသူ့အား ရဟန္တာတင်မြှောက်ခြင်းဆိုင်ရာ စီစစ်ရေးကို စတင်လေ့ရှိသည်။ ထိုနေရာတွင် ထိုကွယ်လွန်သူ ရဟန္တာလောင်း၏ တန်ခိုးအံ့ဖွယ်တခုခု ရှိရပါမည်။ တချိန်တည်းမှာပဲ အသင်းတော်မှလည်း ထိုရဟန္တာလောင်း၏ ကျန်ခဲ့သည့်အရေးအသားများကို ယုံကြည်ရာချက်သန့် မသန့်စီစစ်ပါမည်။ ထိုရဟန္တာလောင်းသည် ကက်သလစ်အသင်းတော်၏ ယုံကြည်ရာချက်နှင့် သွေဖယ်မှု့ရှိမရှိ၊ ယုံကြည်ရာချက် လွဲမှားမှု့တို့ ရှိ မရှိ စီစစ်ရပါမည်။ ထိုသို့စီစစ်ပြီးသော စာရွက်စာတမ်း အစစ်အမှန်များကို ရဟန္တာများတင်မြှောက်ခြင်းဆိုင်ရာ စီစစ်ရေးအဖွဲ့သို့ ပေးပို့ရပါမည်။

ထိုရဟန္တာများတင်မြှောက်ခြင်းဆိုင်ရာ စီစစ်ရေးအဖွဲ့မှ ထိုတင်ပြမှု့စာတမ်းကို လက်ခံမှသာ ရှေ့ဆက်အဆင့်များကို ဆက်သွားရပါသည်။ အကယ်၍ ရဟန္တာလောင်းသည် ဓမ္မအာဇာနည်ဖြစ်ခဲ့လျှင် ထိုစီစစ်ရေးအဖွဲ့မှ ထိုသူသည် ယုံကြည်ခြင်းအတွက် အသက်ပေးခဲ့သလား၊ ခရစ်တော်နှင့် အသင်းတော်အတွက် မိမိဘ၀ကို ဆက်ကပ်ပေးလှူခဲ့သလားဟု၍ ဆုံးဖြတ်ပါသည်။ အခြားသော ရဟန္တာလောင်းတို့ကိစ္စတွင်မူ သူ၏မေတ္တာတရားမှာ အမှန်တကယ်လေးနက်မှု့ရှိပြီး အခြားနီးစပ်သူများကိုလည်း ကြီးမားသည့်မေတ္တာထားနိုင်ဖို့ အမှန်တကယ် ဟုတ်ရဲ့လား၊  သူ၏ပါရမီကျင့်စဉ်များဖြင့် စံနမူကောင်း၊ သူရဲကောင်း ဖြစ်ရဲ့လား ဟူ၍ ထပ်မံစီစစ်ရသည်။ ထိုသို့ ထပ်မံစီစစ်သည့်အခါ ယုံကြည်ခြင်းကိုတိုးပွားစေတာကိုတွေ့ရှိရသလို၊ အခြားသော ကန့်ကွက်မှု့များနှင့် သံသယများလည်း တွေ့ရှိရသည်ကို ဖြေရှင်းရမည်ဖြစ်သည်။ ၎င်းအဆင့်အောင်မြင်ပြီး ရဟန္တာလောင်းသည် သူရဲကောင်းဆန်သော ပါရမီရှင်အဖြစ် လောကတွင် အသက်ရှင်နေထိုင်ခဲ့သည်ဟု ကြွေးကြော်နိုင်သည့်အခါ သူ့အား အရိုသေပေးထိုက်သူ (Venerable) အဖြစ် ကြေငြာလိုက်သည်။

ထိုနောက် သူတော်စင်အဖြစ်တင်မြှောက်ခြင်းအဆင့်ကို စီစစ်ပါမည်။ ဓမ္မအာဇာနည်အတွက်တော့ သူတော်စင်အဖြစ်တင်မြှောက်ဖို့ရန် ၎င်း၏ဓမ္မအာဇာနည်ဖြစ်စဉ်သည် လုံလောက်ပေသည်။ သို့သော် အခြားသောရဟန္တာလောင်းများအတွက်မူ တန်ခိုးအံ့ဖွယ်တင်ပြနိုင်ရမည်။ ထိုတန်ခိုးအံ့ဖွယ်ကိုလည်း အသင်းတော်အနေဖြင့် သေချာစီစစ်ရသည်- ဘုရားသခင်သည် ထိုရဟန္တာလောင်းအားဖြင့် အမှန်တကယ် တန်ခိုးအံ့ဖွယ်ပြုလုပ်သည် မလုပ်သည်၊ ထိုရဟန္တာ၏ကြားဝင်ဆုတောင်းပေးမှု့ဖြင့် အံ့ဖွယ်ဖြစ်သည် မဖြစ်သည် ကိုသေချာ စီစစ်ရသည်။ ဤသူတော်စင်အဆင့်အောင်မြင်သွားသောအခါ ထိုရဟန္တာလောင်း (သူတော်စင်) အား သီးသန့်မြို့နယ်အတွင်း၊ ဒေသအတွင်း၊ သာသနာနယ်အတွင်း၌သာ အရိုသေပေးခွင့်ရှိသည်။ ပုပ်ရဟန်းမင်းကြီးသည် ထိုသူတော်စင်အသစ်အတွက် သင့်လျော်သည့် မစ္ဆား နှင့် ဆုတောင်းမေတ္တာတို့ကို ခွင့်ပြုသည်။

သူတော်စင်အဖြစ်တင်မြှောက်ပြီးသောအခါ ရဟန္တာအဖြစ်သို့တင်မြှောက်ရန်အတွက် နောက်ထပ် တန်ခိုးအံ့ဖွယ်တစ်ခု ထပ်မံလိုအပ်သည်။ ထိုတန်ခိုးအံ့ဖွယ်ကိုလည်း ရှေးနည်းအတိုင်း သေချာ စီစစ်ရသည်။ ထိုသို့ စီစစ်ချက်အောင်မြင်သောအခါ ထိုပုဂ္ဂိုလ်သည် ရဟန္တာအဖြစ်သို့ ပုပ်ရဟန်းမင်းကြီးမှ မစ္ဆားတရားနှင့်အတူ ကြေငြာလေသည်။

တန်ခိုးအံ့ဖွယ်များနှင့်စပ်လျဉ်း၍ အံ့ဖွယ်ခုနှစ်မျိုးကို မှတ်သားမိသည်။
(၁)။ ရောဂါဝေဒနာကုသခံရခြင်း - ထိုရဟန္တာလောင်း၏ ကြားဝင်ဆုတောင်းပေးမှု့ဖြင့် မျှော်လင့်ချက်မဲ့နေသော ဝေဒနာများ ပျောက်ကင်းစေခြင်း။

(၂)။ ခန္တာကိုယ်မပုပ်မသိုး၊ မပျက်စီးဘဲရှိနေခြင်း - ရဟန္တာတချို့၏ရုပ်ခန္တာများမှာ မပျက်မစီးဘဲ၊ မပုပ်မသိုးဘဲ ယနေ့တိုင်ရှိနေတတ်ပါသည်။ ထိုမပုပ်မသိုး မပျက်စီးရခြင်းကိုလည်း သိပံနည်းပညာဖြင့် သေချာစီစစ်သည်။ ဥပမာ- စိန်ကက်သရင်း (စီရေနာ)။

(၃)။ သွေးရေစိုစွပ်ခြင်း - တချို့ရဟန္တာတို့၏ခြောက်သွေ့နေသော သွေးစက်များမှာ ၎င်းတို့၏ပွဲနေ့၊ ၎င်းတို့ကွယ်လွန်သည့်နေ့ စသည့်နေ့များတွင် ပြန်လည်အရည်ပျော်တတ်သည်မှာ နှစ်စဉ်နှစ်တိုင်း ဖြစ်တတ်သည်။ ဥပမာ- စိန်ဂျန်နူဝါးရီးရု့စ်။ 

(၄)။ သန့်ရှင်းဖြူစင်ခြင်းရနံ့သင်းပျံ့ခြင်း - သာမာန်လူသေလောင်းရဲ့ အနံ့ဆိုးတွေထက် ရဟန္တာများ၏ရုပ်ခန္တာများမှ ရနံ့များမှာ သင်းပျံ့မွှေးကြိုင်နေသည်။ ဥပမာ- စိန်ထရေးဇား (အာဗီလာ)၏ အုပ်ဂူမှ သူမကွယ်လွန်ပြီး ၉ လတိတိ သင်းပျံ့မွှေးကြိုင်သည့်ရနံ့များ ထွက်ပေါ်ခဲ့သည်။

-ကျန်တဲ့ သုံးချက်မှာ ရဟန္တာများအသက်ရှင်စဉ်ဖြစ်ပေါ်ခဲ့သော အံ့ဖွယ်လက္ခဏာများဖြစ်သည်။
(၅)။ ဈန်ကြွတက်ခြင်း (Levitation)- ရဟန္တာသည် လေထဲတွင် ပျံတက်နေတတ်သည်။ ဥပမာ- စိန်ဂျိုးဇက် (ကူပါတီနို) သည် သူဆုတောင်းနေစဉ် မကြာခဏလေထဲသို့ ပျံတက်နေတတ်သည်။

(၆)။ ခရစ်တော်၏ဒဏ်ရာတော်ငါးချက် (Stigma) - ရဟန္တာတို့၏ခန္တာတွင် ခရစ်တော်နည်းတူ ပုံစံတူ ဒဏ်ရာတော်ငါးချက် ပေါ်ပေါက်တတ်ပြီး အထူးသဖြင့် မစ္ဆားတရားနားချိန်တွင် သွေးများထွက်ပေါ်တတ်သည်။ ဥပမာ- စိန်ဖရန်စစ်အာစီစီနှင့် ပါဒရေပီအို။

(၇)။ နေရာနှစ်ခု၌ တပြိုင်တည်းရှိနေတတ်ခြင်း (bilocation) -ရဟန္တာသည် တချိန်တည်းမှာ မတူကွဲပြားသည့်နေရာနှစ်နေရာမှာ ရှိနေတတ်သည်။ ဥပမာ- ပါဒရေပီအို ။

မနောအောင်
ကိုးကားချက်။

Saturday, 1 June 2013

ကိုယ်တော်မြတ်ပွဲနေ့ကြီး

၂.၆.၂၀၁၃

ယနေ့ကက်သလစ်အသင်းတော်အတွင်း၌ လူပေါင်းများစွာအတွက် ယုံကြည်နိုင်ဖို့ အလွန်ခက်ခဲသည့် အရာတစ်ခုမှာ ကိုယ်တော်မြတ်မုန့်တော်ပင် ဖြစ်ပါတယ်။ မစ္ဆားတရားအတွင်း ခရစ်တော်ကိုယ်တော်တိုင် ရဟန်း၌ပေါင်းစပ်ကာ ဖန်ဆင်းထားသည့် ဤမုန့်တော်သည် ခရစ်တော်၏ခန္တာဖြစ်ကြောင်း ကက်သလစ်ခရစ်ယာန်တို့ ယုံကြည်လာခဲ့သည်မှာ ရှေးဦးခရစ်ယာန်တို့၏ ယုံကြည်ခြင်းအမွေပင် ဖြစ်ပါတယ်။ ကိုယ်တော်မြတ်မုန့်တော်ကို ယနေ့လူပေါင်းများစွာ ယုံကြည်ရခက်နေသည်မှာ မထူးဆန်းပါ။ ခရစ်တော်ယေဇူး လူ့လောကမှာ အသက်ရှင်နေထိုင်စဉ်အတွင်းပင် “ ငါ၏အသားကို စာ၍ ငါ၏အသွေးကိုလည်း မသောက်ကြလျှင် သင်တို့၌ အသက်မရှိနိုင်ရာ” ဟုမိန့်တော်မူသောအခါ လူပေါင်းများစွာ ခရစ်တော်ကို စွန့်ခွာသွားခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ခရစ်တော်ပြောဆိုသော ထိုအချင်းရာမှာ လူတို့အတွက် မဖြစ်နိုင်၊ မယုံကြည်နိုင်ရာ ဖြစ်နေသောကြောင့်ပါ။ သို့သော်လည်း ဤအချင်းအရာ မှန်ကန်ကြောင်းကို ခရစ်တော်ရှင်ပြန်ထမြောက်ပြီးမှသာ တပည့်တော်ကြီးများကိုယ်တိုင် မျက်စိပွင့်နားပွင့် သတိထားမိလာပြီး သက်သေခံခဲ့သောကြောင့် ယနေ့ကက်သလစ်ခရစ်ယာန်တို့သည် ယုံကြည်နေကြပါတယ်။ ထိုယုံကြည်ခြင်းသည်လည်း စစ်မှန်ပါတယ်။ ယနေ့ ကျွန်ုပ်တို့နှင့်အတူ ခရစ်တော်ယေဇူးဟာ ခန္တာနှင့် ၀ိညာဉ် အတူရှိနေပါတယ်။ ထိုကြောင့် ကိုယ်တော်မြတ်မုန့်တော်ကို ပင့်ယူခြင်းအားဖြင့် နေ့စဉ်အသက်တာကို စစ်မှန်သည့်ခရစ်ယာန်၊ ထာဝရအသက်ပိုင်သူများအဖြစ် လျှောက်လှမ်းကျင့်ကြံနေထိုင်ရပါမယ်။

ဒီတော့ မိတ်ဆွေ၊ ကျွန်ုပ်တို့ဘ၀မှာ ကိုယ်တော်မြတ်မုန့်တော်၊ တနည်းအားဖြင့် ဘုရားကို ဆာလောင် ငတ်မွတ်နေပါသလား။ ဘုရားသခင် ကတိထားရာများ မိမိဘ၀မှာ ပြည့်စုံဖို့ ဆန္ဒပြင်းပြနေပါသလား။ ထိုဆာလောင်မှု့တွေ၊ ဆန္ဒပြင်းပြမှု့တွေ မည်သို့ပြည့်စုံရာဖြစ်မည်ကို ကျွန်ုပ်တို့တတွေ စဉ်းစားထောက်ရှု့ကြည့်ကြရအောင်။

ကျွန်ုပ်တို့ဘ၀မှာ မိမိအစွမ်းအားဖြင့် ရနိုင်သည့်အရာများစွာရှိပါတယ်။ ဥပမာ- ငွေရှာနိုင်တယ်၊ အစားအသောက်တွေရှာနိုင်တယ်၊ လောကီပျော်ရွှင်မှု့တွေရှာနိုင်တယ်၊ ရာထူးနဲ့အမြင့်တက်ဖို့ နည်းလမ်းတွေရှာနိုင်တယ်၊ စသဖြင့် အခြားများစွာသော အရာများကို မိမိအစွမ်းအစဖြင့် ရှာနိုင်ပါတယ်။ ကျွန်ုပ်တို့ကျေနပ်နေကြပြီလား။ ကျွန်ုပ်တို့မကျေနပ်နိုင်ကြပါဘူး။ ဆာလောင်မြဲဆာလောင်နေဆဲပါပဲ။ တခါတလေ ဘာကိုဆာလောင်မှန်းမသိဘဲကို ဆာလောင်နေမိတတ်ပါတယ်။ စိန်သောမတ်စ်ရဲ့ ဟောပြောချက်အရ ကျွန်ုပ်တို့လူတွေဟာ ဘုရားသခင်ကို ဆာလောင်ပြီး ဘုရားသခင်ကို ရှာဖွေနေကြတဲ့ ဘ၀ခရီးသည်တွေဖြစ်ပါတယ်။ ဘုရားကိုရှာမတွေ့သရွေ့ ကျွန်ုပ်တို့ဆာလောင်မှု့တွေဟာ အမည်မသိ၊ အမည်မရှိကို ဆာလောင်နေမှာပါ။ ဒီတော့ ယနေ့ဘာသာဝင်များစွာ ဆက်လက်ဆာလောင်နေတာ ဆေးကြော်ခြင်းခံပြီးသည့်တိုင် ဆာလောင်နေကြတာ ဘုရားကိုမတွေ့ကြသေးလို့လား။ မှန်ပါတယ်- ဆေးကြော်ခြင်းခံပြီး ဘာသာတရားကိုင်းရှိုင်းသည့်တိုင် ဆက်လက်ဆာလောင်နေသူများမှာ ဘုရားသခင်ကို နာမည်သာကြားဖူးပြီး အမှန်မတွေ့ကြသေးသူများဖြစ်ပါတယ်။ တချို့ ခရစ်ယာန်တွေက ကယ်တင်ခြင်းဟူသော ခရစ်တော်ကိုသာလိုချင်ကြပါတယ်။ ကိုယ်တော်ခံထမ်းရာ ကားတိုင်ကိုတော့ စွန့်ပစ်ချင်ကြပါတယ်။ အမှန်တော့် ခရစ်တော်ကိုယ်တိုင်က “ငါ့နောက်လိုက်လိုလျှင် မိမိလက်ဝါးကာတိုင်ကို နေ့စဉ်ထမ်းယူ၍ ငါ့နောက်သို့လိုက်စေ” ဟုမိန့်မှာထားခဲ့ပါတယ်။ ထို့အပြင် သံပေါလူးကလည်း “ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံမှာသာလျှင် ထိုသခင်နှင့်အတူ ဘုန်းစည်းစိမ်တော်ကို ခံစားကြရမည်” ဟုရေးသားထားပါတယ်။

အမှန်တကယ်တော့ ဘုရားဟာ ဒုက္ခနှင့်သုခတွေထဲမှာ အစဉ်အမြဲတည်ရှိပါတယ်။ ဒုက္ခတွေထဲမှာ ဘုရားဟာတည်ရှိတဲ့အတွက် ကျွန်ုပ်တို့အား ဒုက္ခခံထမ်းချိန် ခွန်အားဖြစ်စေသလို၊ ကျေးဇူးတော်လုံလောက်စွာ ပေးပါတယ်။ ထိုဒုက္ခတွေကို ကျွန်ုပ်တို့နှင့်အတူခံထမ်းရင်း ကျွန်ုပ်တို့အား ဘ၀သင်ခန်းစာများပေးပါတယ်။ ဘုရားသခင်ဟာ သုခတွေထဲမှာတည်ရှိတဲ့အတွက် ကျွန်ုပ်တို့၏ ပျော်ရွှင်ရာအကြောင်းဖြစ်ပေတယ်။ ပျော်ရွှင်ရာအကြောင်းဖြစ်သည့်အတွက် မေတ္တာတရားကို မွေးဖွားလိုကြတယ်။ အချင်းချင်းဝေမျှလိုကြတယ်။ ရိုင်းပင်းကူညီလိုကြတယ်။ လမ်းမှန်ကိုဆွဲခေါ်လိုကြတယ်။ အချင်းချင်းလေးစားလာကြတယ်။ ထိုကြောင့် ကျွန်ုပ်၏ဆောင်ပုဒ်အတိုင်း “ဘ၀မှာ ဘုရားရှိလျှင် ဒုက္ခသည်ပင် သုခဖြစ်ရပါတယ်။”

ထိုကြောင့် ဘုရားသခင်ကတိထားရာများ မိမိတို့ဘ၀မှာ ပြည့်စုံဖို့ နီးစပ်နေပါပြီ။ ဘုရားကိုသိခြင်း၊ တွေ့ခြင်းသည် မေတ္တာတရားပေါ်မှာ ရောင်ပြန်ထွက်နေပါတယ်။ သို့ဖြစ်၍ ထိုသို့သော ပုဂ္ဂိုလ်များကို ဘုရားရဲ့သားသမီးများဟု ခေါ်ဝေါ်ကြပြီး မင်္ဂလာရှိစေပါတယ်။ ထိုသူတို့မင်္ဂလာရှိခြင်းသည် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ထင်ရှားရာအကြောင်း ဖြစ်ပါတယ်။ ဒါဟာ မိမိယုံကြည်သက်ဝင်သည့် ဘုရား၊ မိမိတွေ့ရှိသည့် ဘုရားအတွက် အကောင်းဆုံး သက်သေခံခြင်းဖြစ်သလို၊ ဘုရားသခင်ရဲ့ ကတိထားရာများသည်လည်း မိမိဘ၀မှာ တဖြည်းဖြည်းပြည့်စုံလာနေသည်ကို တွေ့ရှိရပါမယ်။

မိတ်ဆွေ။ အထက်ပါပြောဆိုချက်များမှာ သင့်အတွက် စိတ်ကူးယဉ်ဆန်နေသလား။ လက်တွေ့ဘ၀မှာ မဖြစ်နိုင်ဘူးဟူ၍ သံသယစိတ်များရှိနေသလား။ လက်တွေ့ကျင့်ကြံကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ဘ၀မှာ အံ့ဖွယ်ရာဖြစ်သည့်အခါ မိမိတို့ကိုယ်တိုင် မယုံနိုင်သော်လည်း အမှန်တကယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ယနေ့ သမ္မာကျမ်းစာတော်၌ ခရစ်တော်ဟာ လူတို့အတွက် မဖြစ်နိုင်ရာကို လုပ်ဆောင်ခဲ့ပါတယ်။ တပည့်တော်ကြီးများပင် မယုံနိုင်သည့်အရာဖြစ်ပါတယ်။ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်အားဖြင့် လူ ၅၀၀၀ ကျော် (အမျိုးသားများသာရေတွက်ထားသည်) ကို ၀၀လင်လင် ကျွေးမွေးပြီး ထိုသူတို့သည်လည်း ကျေနပ်ကြပါတယ်။ ခရစ်တော်၏တန်ခိုးအံ့ဖွယ်မှာ သင်ခန်းစာတစ်ခုဟာ အချင်းချင်းဝေမျှတတ်ဖို့ ဖြစ်ပါတယ်။ ထိုကြောင့် ခရစ်တော်က ထိုမုန့်များနှင့် ငါးများကို တိုက်ရိုက်မဖန်ဆင်းပဲ လူငယ်တစ်ဦးဆီမှ ရှိတာလေးကို ပွားများလိုက်ခြင်းဖြစ်ပါတယ်။ ဒါဟာ ဝေမျှတတ်သည့် ထိုလူငယ်လေးပေါ်မှာ ဘုရားရဲ့ကျေးဇူးတော် ပေါင်းစပ်ပေးလိုက်ခြင်းဖြစ်ပါတယ်။

ကျွန်ုပ်တို့တတွေလည်း မိမိမှာရှိတာလေးကိုပဲ အကြီးမြတ်ဆုံးစိတ်ထားနှင့် ဝေမျှတတ်လာသည့်အခါ ဘုရားရဲ့ကျေးဇူးတော်များ အစဉ်ပေါင်းစပ်ပေးနေပြီး ကောင်းကင်နိုင်ငံတော်ကို ထိတွေ့မြည်းစမ်းခွင့် ရပါလိမ့်မယ်။ မာနကြောင့် မဖြစ်နိုင်ဘူးထင်ထားသည့်အရာများ အံ့ဖွယ်ထူးစွာ ဖြစ်ပေါ်လာလိမ့်မယ်။ ထိုကြောင့် ကိုယ်တော်မြတ်မုန့်တော် (သို့မဟုတ်) ဘုရားကိုနေ့စဉ်ပင့်ယူ၍ မိမိနှလုံးသားမှာ နေရာပေးကာ ဘုရား၏သားသမီးသဖွယ် ဝေမျှတတ်အောင် ကြိုးစားပါ။ ဒုက္ခတို့ရှိသည်တိုင် သုခကို သင်ခံစားရပါမယ်။

ကိုရင် (ဒိုမီနီကန်)


ရောင်ခြည်တော် အတွဲ (၃) အမှတ် (၁၀)

ရောင်ခြည်တော် အတွဲ (၃) အမှတ် (၈)

ရောင်ခြည်တော် အတွဲ (၃) အမှတ် (၉)