ရဟန်းမင်းကြီးဖရန်စစ်၏ (၄၉)ကြိမ်မြောက်ကမ္ဘာ့လူမှုဆက်သွယ်ရေးနေ့သ၀ဏ်လွှာ
မိသားစုနှင့်ဆက်သွယ်ရေး
ဘာသာပြန် Fr. Edward (SDB)
မိသားစုဟူသည်ချစ်ခြင်းမေတ္တာထွန်းကားရန်လူ့ဘောင်အား ဘုရားသခင်ချီးမြှင့်ထားသည့်နေရာနှင့် အချင်းချင်း အပြန်အလှန် ချစ်ခြင်းမေတ္တာပွားများနိုင်သော မေတ္တာလက်ဆောင်နေရာဖြစ်ပါသည်။ မိသားစုနှင့် ပတ်သက်၍ အသင်းတော်၌ မကြာသေးမီတွင် ကျင်းပခဲ့သည့် ဆရာတော်ကြီးများ၏ အထူးအစည်းအဝေး ပွဲတော်ကြီး နှင့် ဤနှစ်အောက်တိုဘာလတွင် ကျင်းပမည့်ပုံမှန် အစည်းအဝေးကြီးတို့ကို ထောက်၍ အသင်းတော်သည် မိသားစုကို အထူးအလေးထားနေခြင်းဖြစ်ကြောင်း ထင်ရှားလှပါသည်။
ထို့ကြောင့် ဤနှစ် ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့အတွက် ကျွန်ပ်အနေဖြင့်မိသားစုကိုအာရုံပြုစေလိုပါသည်။ အားလုံးပြန်လည်ဆန်းစစ်လိုက်သောအခါ ကျွန်ုပ်တို့အားလုံးသည် မိသားစုပရ၀ဏ်အတွင်းတွင် စတင်၍ အချင်းချင်းတွေ့ဆုံဆက်သွယ်မှုကို သင်ကြားခဲ့ကြပါသည်။ ဤအချက်ကိုထောက်ရှု့ခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဆက်သွယ်ခြင်းကို လူသားပိုမိုဆန်စေသည့်အပြင် မိသားစုကိုလည်း ရှု့ထောင့်အသစ်ဖြင့် မြင်လာနိုင်ကြမည်။
ရှင်လုကား ၁း၃၉-၅၆ ကို ကြောထောက်နောက်ခံထားကာ အားယူနိုင်ပါသည်။ မယ်တော်မာရီးယားသည် ဧလိဇဘက်ထံသို့ အလည်အပတ်သွားရောက်သည့်အကြောင်းနှင့် စပ်လျဉ်း၍ ဧလိဇဘက်သည် မာရီယား၏ နှုတ်ဆက်သံကိုကြားသောအခါ သူမ၏၀မ်းတွင်း၌ရှိသော သားငယ်သည် ခုန်မြူးလေ၏။ ဧလိဇဘက်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ကျယ်သောအသံနှင့် ကြွေးကြော်သည်မှာ ‘သင်သည် မိန်းမတကာ တို့တွင် မြတ်သောမင်္ဂလာရှိသူဖြစ်၏။ သင်၏၀မ်းတွင်းမှ အသီးတော်သည်လည်း မင်္ဂလာရှိ၏။’
ဤဖြစ်ရပ်သည် ဆက်သွယ်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်နှင့်မကင်း ၄င်းနှင့်ဆက်သွယ်နေကြောင်းကို ဖေါ်ပြနေ ပါသည်။ မာရီးယား၏ နှုတ်ဆက်ခြင်းကို ဧလိဇဘက်၏ ၀မ်းခေါင်းတွင်ရှိနေသော ကလေး က ထကြွမြူးထူးစွာ ပထမဆုံး တုံ့ပြန်ခဲ့ပါသည်။ အခြားသူများနှင့် တွေ့ဆုံ၍ ပျော်ရွင်ရခြင်းသည် ကျွန်ုပ်တို့ မမွေးဖွားမီကပင် အမိဝမ်းတွင်းမှ သင်ကြားခဲ့ရသည့် အချက်ဖြစ်ပြီး အခြားအခြားသော လူမှုဆက်သွယ်ခြင်းများ၏ စံနမူနာလည်း ဖြစ်ပေသည်။ ကျွန်ုပ်တို့ကို လက်ခံကြိုဆိုခဲ့သည့် အမိဝမ်းခေါင်းသည် ဆက်သွယ်မှု နို့ရည်တိုက်ပေးသည့် ရှေးဦး “ကျောင်းတော်”လည်းဖြစ်၏။ ဤဂေဟာလေး၌ မိခင်၏ နှလုံးခုန်နှုန်းအောက်တွင် စိတ်ချလက်ချ ကိန်းအောင်းကာ ခန္ဓာကိုယ်ထိတွေ့ခြင်းတို့၏ ရှေးဦးရိပ်သာလေးပင်ဖြစ်ပါသည်။ ဤတွင် ကွဲပြားခြားနားသော်လည်း အရင်းနှီးဆုံး ဆက်နွယ်နေကြသည့် ပုဂ္ဂိုလ်နှစ်ဦးအကြားရှိ မျှော်မှန်းချက်မြင့်မားသော တွေ့ဆုံမှုသည် ကျွန်ုပ်တို့အတွက် ပထမဆုံး ဆက်သွယ်ခြင်းအတွေ့အကြံကို ထပ်တူရရှိထားခဲ့ကြပြီ ဖြစ်သည်။
လောကထဲသို့ ကျွန်ုပ်တို့မွေးဖွားရောက်ရှိလာကြပြီးသော်လည်း တစ်နည်းတစ်ဖုံအားဖြင့် မိသားစုဆိုသည့် ၀မ်းခေါင်းထဲတွင်ကျွန်ုပ်တို့ ဆက်လက်ရှိနေကြပါသည်။ တစ်ဦးနှင့်တစ်ဦး အညမည ဆက်နွယ်နေကြသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော မိသားစုဟူသည့်ဝမ်းခေါင်း၌ မတူညီကွဲပြားမှုများကြားတွင်ပင် အခြားသူများနှင့် နေထိုင်နိုင်ရန်ကျွန်ုပ်တို့သင်ယူကြပါသည်(EvangeliiGaudium,66)။ အဖိုအမဟူသည့်လိင်အရသော်လည်းကောင်း၊ အသက်အရွယ်အရသော်လည်းကောင်း မတူညီကြသော်လည်း မိသားစုဝင်များသည် ၄င်းတို့ကို ချည်နှောင် ထားသည့် နှောင်ကြိုးကြောင့် အချင်းချင်းတစ်ဦးကိုတစ်ဦး လက်ခံကြသည်။
ဤသို့တော်စပ်မှု နယ်ပယ်ကျယ်ပျံ့လျှင်သော်လည်းကောင်း၊ အသက်အရွယ်ကွာခြားမှုကြီးလာလျှင်သော် လည်းကောင်း ကျွန်ုပ်တို့၏ အသက်ရှင်သည့်ပတ်ဝန်းကျင်သည် ပိုမို၍ ပြည့်စုံကြွယ်ဝလာပါသည်။ ဤမိသားစုနှောင်ကြိုးသည် ကျွန်ုပ်တို့ပြောဆိုသော ဘာသာစကား၏ ဇစ်မြစ်ဖြစ်၍ ဘာသာစကားသည်လည်း ထိုနှောင်ကြိုးကို ခိုင်မာစေ၏။ ဘာသာစကားသည် ကျွန်ုပ်တို့တည်ထွင်ဖန်တီးထားသည့် အရာမဟုတ်သော်လည်း လက်ခံရရှိထားကြသည့်အတွက်ကြောင့် ဘာသာစကားကို ကျွန်ုပ်တို့အသုံးပြုကြပါသည်။ မိခင်စကားကို ပြောတတ်အောင်မိသားစုရင်ခွင်၌ကျွန်ုပ်တို့သင်ယူခဲ့ကြသည်။ မိခင်စကားသည်ကျွန်ုပ်တို့အလျင်သွားနှင့်ကြသော ပုဂ္ဂိုလ်တို့၏ စကားများပင်ဖြစ်၏ (Mac ၇း၂၅၊၂၇)။ ကျွန်ုပ်တို့ထက်အလျင် အသက်ရှင် နေထိုင် ကြသည့် လူများရှိကြသည်။ ၄င်းတို့သည် ကျွန်ုပ်တို့တည်ရှိလာရန်နှင့် ကျွန်ုပ်တို့မှတစ်ဆင့် ထပ်မံပျံ့ပွားစေကာ ကောင်းမြတ်လှပရာတို့ကို ဆက်လက်လုပ်ဆောင်ပေးသွားရန် ဖန်တီးပေးခဲ့ကြသည်ကို မိသားစုအတွင်းတွင် ကျွန်ုပ်တို့သိရှိနားလည်လာခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဦးစွာပထမလက်ခံရထားခဲ့ကြသည့် အတွက်ကြောင့်သာ ပြန်လည်ပေးဆပ်နိုင်ကြသည်။ ဤပါရမီစက်ဝိုင်းတော်သည် မိသားစုဝင်အချင်းချင်း ဆက်သွယ်ခြင်းနှင့် မိသားစု အပြင်ဘက်ရှိ အခြားသူများနှင့် ဆက်သွယ်နိုင်ခြင်းတို့၏ နှလုံးသည်းပွတ်ဖြစ်၏။ ယေဘုယျအားဖြင့်ဆိုရသော် မိသားစုသည်အားလုံးသော ဆက်သွယ်မှုတို့၏စံနှုန်းဖြစ်သည်။
ကျွန်ုပ်တို့အလျင်သွားခဲ့ကြသော ပုဂ္ဂိုလ်တို့၏ ဆက်သယ်မှုအတွေ့အကြုံကြောင့် မိသားစုသည် အခြေခံအကျဆုံး ဆက်သွယ်ခြင်းဖြစ်သည့် ဆုတောင်းမေတ္တာကို လက်ဆင့်ကမ်းရာဂေဟာဖြစ်လာသည်။ မိဘများသည် မိမိတို့မွေးကင်းစကလေးများကို ချောသိပ်သည့်အခါ မကြာခဏဆိုသလို သူတို့အပေါ် ဘုရားသခင် စောင့်ရှောက်စေရန် ကိုယ်တော်ရှင်ထံအပ်နှံထားကြသည်။ ကလေးများကြီးလာချိန်တွင် မိဘများက သူတို့အား လွယ်ကူသည့်ဆုတောင်းမေတ္တာလေးများကိုသင်ကြားပေးရင်း အဖိုးအဖွားများ၊ ဆွေမျိုးများ၊ ဖျားနာသူ၊ ဒုက္ခခံစား နေရသူများနှင့် ဘုရားသခင်၏ ကူညီမှိုင်းမခြင်း လိုအပ်နေသူတို့ကို မေတ္တာကရုဏာဖြင့် အောက်မေ့သတိရရန် သွန်သင်ပေးကြသည်။ ကျွန်ုပ်တို့အများစုသည်ဆက်သွယ်မှု၏ ဘုရားတရားရေး အသွင်ကို မိသားစုအတွင်းတွင် သင်ယူခဲ့ကြသည်။ ခရစ်ယာန်ဘာသာအတွက် ဤဘုရားတရားအသွင် လက္ခဏာသည် ဘုရားသခင်မှ ကျွန်ုပ်တို့အပေါ်သို့စတင်သွန်းလောင်းခဲ့သဖြင့်ကျွန်ုပ်တို့သည်သူတစ်ပါးဆီသို့ကမ်းလှမ်းသည့် မေတ္တာတရားနှင့် ပြည့်လျှံစေသည်။ တစ်ဦးကိုတစ်ဦး ချစ်ခင်ပံ့ပိုးရန် မျက်နှာပုံပန်းသဏ္ဍာန်တို့နှင့် ဆိတ်ငြိမ်မှုတို့၏ အနက်အဓိပ္ပါယ်ကို ပိုင်းခြားသိမြင်နိုင်ရန်သော်လည်းကောင်း၊ ကိုယ်တိုင်မရွေးကြသော်လည်း မိမိအတွက် အရေးကြီး၍ မိမိနှင့်အတူနေကြရသည့် ပုဂ္ဂိုလ်များနှင့် အေးအတူ၊ပူအမျှ၊ရယ်အတူ ငိုအတူ နေထိုင်တတ်ရန်တို့ကို ကျွန်ုပ်တို့သည် မိသားစုတွင်သင်ယူကြသည်။ ထိုအရာသည် ဆက်သွယ်ခြင်းဆိုသည်မှာ သိမှတ်ခြင်း၊ မှတ်မိခြင်း၊ နီးစပ်မှုကို ဖန်တီးပေးခြင်းဖြစ်သည်ဟူ၍ သဘောပေါက်ရန် ကြီးမားစွာအထောက်အကူဖြစ်စေသည်။ တစ်ဦးနှင့်တစ်ဦး ရင်းနှီးပြီး အချင်းချင်းလက်ခံကြခြင်းဖြင့် ကွာဟခြားနားမှုများကို နည်းပါးစေလျှင် ကျွန်ုပ်တို့သည် ကျေးဇူးသိတတ်ခြင်းနှင့် ပျော်ရွင်ခြင်းတို့ကို ခံစားကြရသည်။ မယ်တော်မာရီးယား၏ နုတ်ခွန်းဆက်စကားနှင့် မိမိဝမ်း၌ ကလေးခုန်မြူးခြင်းတို့သည် ဧလိဇဘက်အတွက် ကောင်းကြီးမင်္ဂလာဖြစ်သည်။
တစ်ဆက်တည်းတွင်ပင် မိမိနှင့်မိမိလူမျိုးအပေါ်ထားရှိသည့် ဘုရားသခင်၏ မေတ္တာတော်စီမံကိန်းကြီးကို ချီးမွမ်းသည့် မက်နီဖီကတ် သီချင်းကို မယ်တော်သီဆိုခဲ့ပါသည်။ ဘုရားရားသခင်၏အလိုတော်ကို ယုံကြည်မှု အပြည့်အ၀ဖြင့် လက်ခံလိုက်ခြင်းသည် ကမ္ဘာပေါ်တွင် ရရှိထားသည့် ကျွန်ုပ်တို့၏ဘ၀ကိုသာမက အကျိုးကျေးဇူး အသီးအပွင့်များစွာဖြစ်ထွန်းစေပါသည်။ အလည်အပတ်သွားခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ သီးခြားကမ္ဘာလေး ထဲတွင် ပိတ်ဆို့နေထိုင်ခြင်းမှသည် အပြင်ထွက်၍ သူများဆီသို့ ထိတွေ့ ဆက်ဆံခြင်းဖြင့် တံခါးများကိုဖွင့်ခြင်းကို ဆိုလိုပါသည်။ ဤသို့ပြုလုပ်ကြသော မိသားစုသည် အသက်ရှင်ခြင်းနှင့် စည်းလုံးခြင်းတို့ဆိုင်ရာ သတင်းစကားကို ဖြန့်ချီကြသည်။ အားနည်းချိနဲ့နေသည့် အခြားမိသားစုများကို နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်ပေးခြင်းဖြင့် မိသားစုများ၏ မိသားစုဖြစ်သော အမိအသင်းတော်ကြီးကို တည်ဆောက်ကြပါသည်။
အခြားနေရာ၊ အုပ်စုများထက် မိသားစုထဲ၌သာလျှင် ကျွန်ုပ်တို့၏ အားနည်းမှုများ၊ အကန့်အသတ်များ၊ မပြည့်စုံမှုများကို သိရသည့်အပြင် ပြသနာထွေလာသောင်းပြောင်းကြားထဲ၌ အခြားသူများနှင့် အေးချမ်းစွာတွဲဘက် နေထိုင်ရန် အတွေ့အကြုံများရရှိကြလေသည်။ အစစ၊ အရာရာပြေလည်နေသည့် မိသားစုဟူ၍ မရှိပေ။ မပြည့်စုံမှုများ၊ အားနည်းချက်များနှင့် ပြေလည်သွားစေရန်သင်ယူကြရမည်ဖြစ်သည်။ တစ်ဦး၏ကန့်သတ်မှု များနှင့် အပြစ်အနာဆာများကို နောက်တစ်ဦးမှ နားလည်မှုမေတ္တာပြသခြင်းဖြင့် မိသားစုသည် ခွင့်လွှတ်ခြင်းဆိုင်ရာ ကျောင်းတော်ကြီးဖြစ်လာသည်။ ခွင့်လွှတ်ခြင်းသည်ဖြစ်ရိုးဖြစ်စဉ် တစ်ရပ်သာဖြစ်ပါသည်။ မိမိအပြစ်အမှားအတွက် ၀မ်းနည်းကြေကွဲမှုပြသခြင်းနှင့် မိမိ၏အပြစ်အမှားကို လက်ခံတတ်ခြင်းရှိလျှင် ပျက်ပြားခဲ့သော ဆက်သွယ်ခြင်း လမ်းကြောင်းကို ပြန်လည်ထူထောင်ပေးနိုင်ပါသည်။ မိသားစု၌ သူတစ်ပါးကို နားထောင်ပေးတတ်သောသူ၊ ရိုသေစွာပြောဆိုတတ်ကာ မိမိ၏အယူအဆကို အခြားသောသူများအား ရှုတ်ချခြင်းမရှိ ပြောဆိုတင်ပြတတ်သော ကလေးသည် တစ်နေ့၌ လူ့ဘောင် အလယ်တွင် ဆွေးနွေးညှိနှိုင်းခြင်း နှင့် ပြန်လည်သင့်မြတ်စေခြင်းတို့အတွက် ခွန်အားတစ်ရပ်ဖြစ်လာပေမည်။
ဆက်သွယ်မှုဆိုင်ရာစိန်ခေါ်ခြင်းများနှင့်ပတ်လာလျှင် မသန်မစွမ်းကလေးများရှိသည့် မိသားစုများသည် ကျွန်ုပ်တို့ကို သင်ခန်းစာပေး၍ုသင်ကြားပေးနေပါသည်။ မျက်စိ၊ နားနှင့် ဦးနှောက်အာရုံ တစ်ခုခုအားနည်း ချို့တဲ့ ခြင်းသည် ဝေဒနာရှင်ကလေးအတွက် အခြားသူများနှင့် ကင်းကင်းဝေးဝေး တစ်ကိုယ်တည်း ဖယ်ရှောင် နေလိုသည့် ဆန္ဒများဝင်လာစေသော်လည်း မေတ္တာပြသ၊ နားလည်ပေးကြသော မိဘများ၊ ညီအစ်ကိုမောင်နှမ များနှင့် မိတ်ဆွေများကြောင့် ပွင့်လင်းမှု၊ ဝေငှလိုမှုနှင့် အလွယ်တစ်ကူ ပေါင်းသင်း ဆက်သွယ်မှု လမ်းများကို ပွင့်စေပါသည်။ အဆိုပါ မိသားစုများသည် စာသင်ကျောင်းများ၊ ဘာသာအုပ်စုလေးများနှင့် အဖွဲ့အစည်း အသင်းများကိုလည်း လူသူမရွေးလက်ခံကြိုဆိုစေရန် သြဇာညောင်း စေနိုင်ပါသည်။ ဆဲဆိုတိုင်းထွာခြင်း၊ ကျိန်ဆဲခြင်း၊ သွားပုတ်လေလွှင့်ပြောဆိုခြင်းတို့ဖြင့် ပတ်ဝန်းကျင်ကို ကွဲပြားစေကာ ရန်မူစေခြင်းဆိုသည့် အဆိပ် များခတ်နေသော ဤကမ္ဘာ၌ မိသားစုသည် ဆက်သွယ်ခြင်းမင်္ဂလာကို လက်ဆင့်ကမ်း သင်ကြားပေး နိုင်သည်။
မုန်းတီးမှုနှင့် အကြမ်းဖက်မှုများစိုးမိုးနေကြသည့် အခြေအနေများ၊ အုတ်တံတိုင်းများသာမက ဖောက်ထွင်းရန် မလွယ်ကူလှသည့် ကြိုတင်အထင်လွဲမှုများနှင့် နာကျည်းမှုများဖြင့် ရောယှက်နေသော ကာကွယ်မှုတံတိုင်းများ ‘တော်၊ တန်၊ တိတ်၊ ရှေ့မတိုးနှင့်’ ဆိုသည့်ကြွေးကြော်သံများ၊ လွှမ်းမိုးနေသည့် နေရာများတွင် ကျိန်ဆဲခြင်းထက် ကောင်းချီးပေးခြင်း၊ နောက်ဆုတ်ခြင်းထက်ရှေ့တိုးခြင်း၊ ရန်မူခြင်းထက် မိတ်ဖွဲ့ခြင်းတို့ဖြင့် သာလျှင် ‘အကြမ်းဖက်၊ အဆိုးဖက်စက်ဝိုင်း’ ထဲမှ ရုန်းထွက်နိုင်ကာ ကောင်းမြတ်ခြင်းသည် အမြဲဖြစ်နိုင်ကြောင်း ပြသရင်း မိတ်သဟာယ ဖွဲ့ခြင်းကို ကျွန်ုပ်တို့၏ကလေးသူငယ်များအား သင်ပေးသင့်သော သင်ခန်းစာဖြစ်သည်ဟူ၍ လက်တွေ့ပြသနိုင် မည်ဖြစ်ပါသည်။
ဤမျက်မှောက်ခေတ်တွင် အထူးသဖြင့်လူငယ်ထုအတွက်မရှိမဖြစ်အရာတစ်ခုဖြစ်နေသည့်ခေတ်သစ် မီဒီယာသည် မိသားစုအတွင်းနှင့် မိသားစုများအကြားတွင် လူမှုဆက်သွယ်ရေးအတွက် အထောက်အကူ ဖြစ်နိုင်သကဲ့သို့ အတားအဆီးလည်းဖြစ်နိုင်သည်။ မီဒီယာသည် ကျွန်ုပ်တို့အား တခြားသူများကိုနားမထောင်နိုင်ရန် ဖန်တီးပေးခြင်း၊ သူတစ်ပါးနှင့်မထိတွေ့စေရန် ထားဆီးထားခြင်းနှင့် တိတ်ဆိတ်ချိန်၊ အနားယူချိန်များကို လွမ်းမိုးနေပါလျှင် ဆက်သွယ်ခြင်းအတွက် အမှန်တကယ် အနှောက်အယှက် ဖြစ်ပေသည်။ ဤသို့ဖြင့် ရဟန်းမင်းကြီး (၁၆) ကြိမ်မြောက်ဘင်နဒစ် မြွတ်ကြားခဲ့သကဲ့သို့ ‘‘ဆိတ်ဆိတ်နေခြင်းသည် ဆက်သွယ်ရေးမှ သီးခြားခွဲထုတ်၍မရသော လိုအပ်ချက်တစ်ခုဖြစ်သည်။ ဆိတ်ဆိတ်ခြင်းမရှိလျှင် သတင်းအချက်အလက်၌ပါရှိသော စကားလုံးများ၏ အနက်အဓိပ္ပာယ် မည်မျှလောက်ပင် ကြွယ်ဝသည့် စကားများဖြစ်စေကာမူ ထိုစကားတို့သည် ရပ်တည်ရှိနိုင်ခြင်း ရှိမည်မဟုတ်ပေ’ (၂၀၁၂ ခုနှစ်၊ ကမ္ဘာ့ဆက်သွယ်ရေးနေ့ သ၀ဏ်လွှာ)။
လူအများက မိမိတို့၏အကြောင်းများကို အခြားသူများနှင့် ဝေငှနိုင်စွမ်းပေးလျှင်သော်လည်းကောင်း၊ အဝေးရောက် မိတ်ဆွေများနှင့် ဆက်သွယ်ထိတွေ့နေလျှင်သော်လည်းကောင်း၊ အခြားသူများကို ကျေးဇူးတင်ခြင်း သို့မဟုတ် သူတို့ထံမှအခွင့်ချမ်းသာတောင်းစေလျှင်သော်လည်းကောင်း၊ နောက်ဆုံး၌အတွေ့အကြုံအသစ်များကို လက်ခံရန် စိတ်နှလုံးသားကို ဖွင့်လှစ်ထားစေလျှင်သော်လည်းကောင်း မီဒီယာသည် လူမှုဆက်သွယ်ရေးကို အမှန်ပင် အထောက်အကူပြုနိုင်ပေသည်။ နေ့စဉ်ဘ၀တွင် အခြားသူများနှင့်တွေ့ဆုံခြင်း၏ အရေးကြီးပုံကို သတိမူမိကြပါ လျှင် ကျွန်ုပ်တို့သည့် မီဒီယာမှပေးသော ‘အခွင့်အလမ်းသစ်များ’ နှင့် နည်းပညာများကို အသိဥာဏ်ဖြင့်ချင့်ချိန်၍ အသုံးပြုကာ ၄င်းတို့၏ စိုးမိုးချုပ်ခြယ်ခြင်းမှ ရုန်းထွက်နိုင်ကြမည်။
ထိုကဏ္ဍတွင် မိဘများသည် ရှေးဦးဆရာသမားများဖြစ်ကြသော်လည်း သူတို့၏ ပုခုံးပေါ်တွင်သာ တာဝန် မပုံချ အပ်ပေ။ လူ့သိက္ခာနှင့်ဆီလျော်၍ လူ့ဘောင်၏အကျိုးသက်ရောက်စေသည့်နည်းလမ်းအတိုင်း မီဒီယာ နယ်ပယ်တွင် နေထိုင်ကျက်စားတတ်ရန် ကလေးသူငယ်များကို ပညာသင်ပေးရာ၌ ခရစ်ယန်အဖွဲ့အစည်း တစ်ခုလုံးသည် မိဘများကို ပံ့ပိုးပေးရမည်။
ယနေ့ခေတ်၏ စိန်ခေါ်မှုကြီးသည် သတင်းအတိုအထွာရှာဖွေစုဆောင်းဖြန့်ချီရေးထက် တစ်ဦးနှင့်တစ်ဦး စကားပြောဆိုကြရန် ပြန်လည်သင်ယူရေးပင်ဖြစ်သည်။ ခေတ်သစ်လူထုဆက်သွယ်ရေးကိရိယာများသည် အရေးပါအရာရောက်၍ သတင်းကဏ္ဍအပေါ် သြဇာသက်ညောင်းသည်။ သတင်းစုဆောင်းရေးကိစ္စသည် အရေးကြီးသော်လည်း ထိုအရာတစ်ခုတည်းနှင့် မလုံလောက်ပေ။ မကြာခဏဆိုသလို သတင်းဌာန၏ ပယောဂကြောင့် တစ်ချို့ကိစ္စများမှာ အရေးမကြီးသကဲ့သို့ဖြစ်သွားရကာ မတူညီသောခံယူချက်များနှင့် ရှုထောင့်များဖြင့် ရန်သူအဖြစ်သတ်မှတ်ကြရင်း လူထုအား ဖြစ်ရပ်မှန်တစ်ခုလုံးအပေါ် ခြုံငုံသုံးသပ်စေမည့်အစား ‘သူ့ဘက်၊ ကိုယ့်ဘက်’ ဟူ၍ ဂိုဏ်းခွဲ၍ ဘက်လိုက်ြခင်းဖြစ်လာစေပါသည်။
နိဂုံးချုပ်တွင် မိသားစုသည် စကားရေလုပွဲဆိုင်ရာကိစ္စမဟုတ်သကဲ့သို့ ပါတီဝါဒရေးရာအတိုက်အခံလုပ်ရသည့် နေရာလည်းမဟုတ်ပေ။ ကျွန်ုပ်တို့အချင်းချင်း ရင်းနှီးမှုခံစားကာ ဆက်သွယ်ကြရန်သင်ကြားပေးသည့်ပတ်ဝန်းကျင် ဖြစ်သည်။ အသွားအလာ၊ အပေးအယူ၊ အပြောအဆိုစသည့် ဆက်သွယ်မှုအဖွဲ့အစည်းကို ပေါ်ထွန်း စေသည့် နယ်ပယ်ဖြစ်သည်။
မိသားစုသည် ကူညီပံ့ပိုးပေးသည်အဖွဲ့အစည်းတစ်ခုဖြစ်၍ အသက်ရှင်ခြင်းကို ၀မ်းသာစွာလက်ခံကျင်းပလျက် အသီးအပွင့်များကိုလည်း ဖြစ်ထွန်းစေပါသည်။ ထိုအချက်ကိုကောင်းစွာ သဘောပေါက်ပါလျှင် ကျွန်ုပ်တို့သည် မိသားစုကိုပြသနာတစ်ခုအဖြစ်သော်လည်းကောင်း၊ မကြာမီတိမ်ကောသွားတော့မည့်အဖွဲ့အစည်းတစ်ခုကဲ့သို့ လည်းကောင်း မမြင်ကြတော်ပဲ လူ့ဘောင်အတွက် ပြည့်စုံကြွယ်ဝ၍ တည်တန့်ခိုင်မြဲနေမည့် အင်အား အရင်းအမြစ်ကြီးသဖွယ် ရှုမြင်လာကြပေလိမ့်မည်။
တစ်ခါတစ်ရံ မီဒီယာက မိသားစုကို ရှင်သန်လှုပ်ရှားနေသည့် ဖြစ်ရပ်တစ်ခုအဖြစ်သရုပ်မဖေါ်သကဲ့သို့ စိတ်ကူးစိတ်သန်းထဲတွင်သာရှိသည့် ဒီဇိုင်းပမာ လက်ခံ၊ ခုခံရန်လည်းကောင်း၊ သို့မဟုတ် တွန်းလှန်ဖယ်ရှား ပစ်ရန်လည်းကောင်း တင်ပြတတ်ပါသည်။ သို့တည်းမဟုတ် မိသားစုကို ၀ိဝါဒဆိုင်ရာ အငြင်းပွားရမည့်နေရာဟု ထင်မှတ်လျက်၊ ပြသနာကို မီးမောင်းထိုးပြကာ အချင်းချင်းလက်ခံ၍ မေတ္တာကိုတုံ့ပြန်ပေးဆပ်လျက် တစ်ဦးကိုတစ်ဦး ဆက်သွယ်ရန် သင်ယူ၊ သင်ကြားပေးနေသည့် လှပသောဂေဟာလေးဟု မတင်ပြကြပေ။ ကျွန်ုပ်တို့၏ တွေ့ကြုံခံစားချက်များကို ဝေငှပြောဆိုဆက်သွယ်ကြခြင်းမှာ ကျွန်ုပ်တို့၏ဘ၀သည် တစ်ခုတည်း သောဖြစ်စဉ်ကဲ့သို့ ပေါင်းစပ်လက်ရှိပြီး ကျွန်ုပ်တို့၏အသံများသည် များပြားသော်လည်း တစ်လုံးတစ်ဝတည်း ပေါင်းစပ်လျက် တစ်မူထူးခြားလှပခြင်းကို ဆိုလိုပါသည်။
မိသားစုကို လူ့ဘောင်၏ ပြသနာတစ်ရပ်ထက် အင်အားအရင်းအမြစ်တစ်ခုကဲ့သို့ မြင်ကြရမည်။ မိသားစုများ၏ အမွန်မြတ်ဆုံးအချိန်သည် မိမိတို့ဘ၀သက်သေပုံစံဖြင့် ဇနီးမောင်နှံ အမျိုးသားနှင့် အမျိုးသမိးတို့အကြား၊ မိဘနှင့်သားသမီးတို့အကြားရှိသည့်လှပမှုနှင့်ချမ်းသာမှုတို့ကို ဝေငှပေးဆပ်ဆက်သွယ်ကြသောအချိန်ဖြစ်သည်။
ကျန်ရစ်ခဲ့သည့် အတိတ်ကာလကို ခုခံကာကွယ်ပြောဆိုနေခြင်းမဟုတ်ပါ။ သို့သော် သည်းခံခြင်း၊ မျှော်ကိုးခြင်း တို့ဖြင့် ကျွနုပ်တို့နေထိုင်အသက်ရှင်ကြသည့် ‘စုံလင်ကမ္ဘာ၊ ခုံမင်စရာ၊ ဘုံဂေဟာ’ လေး၏ အနာဂတ်ကို ပို၍ ကောင်းမွန်အောင် အတူတကွကြိုးပမ်းစေရန်သာ ရည်ရွယ်ပါသည်။
ရဟန်းမင်းကြီး ဖရန်စစ်
ဗာတီကန်မြို့တော်
(၂၃)ရက်၊ (ဇန်န၀ါရီ)လ (၂၀၁၅)ခုနှစ်။
ဆေးလ်မြို့ရဟန္တာဖရန်စစ် ပွဲတော်ကြိုရက်မြတ်။
No comments:
Post a Comment