သံယောဟန်ကျမ်း ၁၅း၂၆-၂၇၊ ၁၆း၁၂-၁၅
ယနေ့ဟာ
သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွခြင်းပွဲနေ့ဖြစ်ပါတယ်။ အချို့သောဓမ္မသင်္ဂြုံလ်ရှင်များက ထိုနေ့ကို အသင်းတော်မွေးဖွားရာနေ့ဟုလည်း
ခေါ်ဆိုသမုတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုနေ့မှာ တပည့်တော်ကြီးများအပေါ် သန့်ရှင်းသောဝိညာဉ်တော်
ဆင်းကြွတော်မူပြီး လူမျိုးတကာကြားမှာ ဧ၀ံဂေလိတရားတော်ကို စတင်ဟောပြောရာနေ့၊ အသင်းတော်စတင်တည်ထောင်ရာနေ့ဖြစ်သောကြောင့်ဟု
ဆိုကြပါတယ်။ ပွဲတော်၏မူလအစကတော့ ဂျူးလူမျိုးတို့၏ ရှာဘုတ် (Shavout)ဟူသော ပွဲတော်အားဖြင့်
ဂရိအမည် ရက်ပေါင်း ငါးဆယ်ပြည့်သည့်နေ့ဟုအဓိပ္ပာယ်ရသော ပန်တေကော့စတေ (pentekoste) အားဖြင့်
ခရစ်ယာန်ဝတ်ပြုရာဓလေ့မှာ ယေဇူးခရစ်တော်ရှင်ပြန်ရာနေ့မှစတင်ကာ ရက်ပေါင်းငါးဆယ်ပြည့်သည့်နေ့တွင်
တပည့်တော်ကြီးများအပေါ် သန့်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းကြွရာနေ့အဖြစ် ကျင်းပပါတယ်။
တမန်တော်ဝတ္ထုကျမ်း၌ ဂျေရုဇလင်မြို့သို့ဘုရားဖူးလာကြသော လူမျိုးပေါင်းစုံဟာ
တမန်တော်ကြီးများပြောဆိုသည့် စကားသံတစ်မျိုးတည်းကို မိမိတို့ဘာသာစကားများအတိုင်း ကြားကြရသည်ဟု
ဆိုကြပါတယ်။ အမှန်တကယ်တော့ ဒါဟာ တမန်တော်ကြီးများ၏ဘာသာစကားကျွမ်းကျင်မှု့ကို ဆိုလိုကြခြင်းမဟုတ်ပါဘူး။
သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏လုပ်ဆောင်ချက် အံ့ဖွယ်လက္ခဏာကြောင့် လူမျိုးများအကြား နားလည်ဆက်သွယ်နိုင်ကြခြင်းသာ
ဖြစ်ပါတယ်။
ယေဇူးခရစ်တော်၏တပည့်တော်ကြီးများအား
သေချာလေ့လာစမ်းစစ်ကြည့်လျှင် ၎င်းတို့တတွေဟာ အတတ်ပညာရှင်များလည်းမဟုတ်၊ ကျမ်းတတ်ဆရာကြီးများလည်းမဟုတ်၊
သြဇာအာဏာကြီးမားသူများလည်း မဟုတ်ကြသလို၊ အစွမ်းအစရှိသူများလည်း မဟုတ်ကြပါဘူး။ သို့သော်လည်း
ထိုသို့သောပုဂ္ဂိုလ်ကြီးများဟာ ၀ိညာဉ်တော်ဘုရား၏အလင်းကျေးဇူးကြောင့် ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းဝေးလာပြီး
ခရစ်တော်၏ သတင်းကောင်းနှင့် ထာဝရကယ်တင်ခြင်းတရားကို ရဲဝံ့ပြောင်မြောက်စွာ ဟောပြောသက်သေခံနိုင်လာကြသည့်
ကောင်းကင်နိုင်ငံ၏မဟာတမန်တော်ကြီးများ ဖြစ်လာခဲ့ကြပါတယ်။ အညတရ တမန်တော်ကြီးများဟာ ၀ိညာဉ်တော်အလင်းကျေးဇူးတော်ဖြင့်ပြည့်ဝလျက်
ခရစ်တော်၏နာမတော်၌
တန်ခိုးလက္ခဏာများကို ပြုလုပ်နိုင်ခဲ့ကြတယ်။
တရားတော်နှင့်ဆိုင်ရာ ဉာဏ်ပညာအလင်းများလည်း
ပွင့်လင်းလာကာ တကယ့်ကို ဦးဆောင်လမ်းပြနိုင်စွမ်းရှိသော ခေါင်းဆောင်ကြီးများသဖွယ်၊
ပရော်ဖက်ကြီးများအဖြစ်သို့ ရောက်ရှိလာခဲ့ကြတယ်။ ယေဇူးခရစ်တော်ကိုယ်တော်တိုင်လည်း တပည့်တော်ကြီးများအား
များစွာသောအကြောင်းအရာများ ပြောစရာရှိသော်လည်း ၎င်းတို့ခံယူနိုင်စွမ်းမရှိကြသေး၍ သန့်ရှင်းသောဝိညာဉ်တော်၏အလင်းတရားလိုအပ်နေကြောင်း
မီးမောင်းထိုးပြခဲ့ကာ ထိုဝိညာဉ်တော်အားဖြင့် သူတို့တတွေဟာ သမ္မာတရားအကြောင်း အလုံးစုံကို
သိစေမည်ဟု ပြောဆိုခဲ့ပါတယ်။
မိတ်ဆွေ၊
ကျွန်ုပ်တို့တတွေလည်း သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ ကျေးဇူးတော်နှင့်အစွမ်းတန်ခိုးကို
မိမိဘ၀မှာ တွေ့ကြုံခံစားဖူးပါသလား။ ဒါမှမဟုတ် တွေ့ကြုံခံစားဖူးတာကို သတိထားမိဖူးပါသလား။
ခရစ်တော်၏နောက်သို့လိုက်နေသည့်
ခရစ်ယာန်တစ်ဦးအတွက် ၀ိညာဉ်တော်ကျေးဇူးမရှိလို့ မဖြစ်ပါဘူး။ ၀ိညာဉ်တော်ကျေးဇူးမပါဘဲ
ခရစ်ယာန်ဘ၀ကို လျှောက်လှမ်းဖို့လည်းမဖြစ်နိုင်ပါဘူး။ ထို့ကြောင့်လည်း ခရစ်တော်ကိုယ်တော်တိုင်
ဝိညာဉ်တော်ဘုရားစေလွှတ်ပေးဖို့ ကတိထားခဲ့သလို စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ခရစ်တော်ကိုယ်တော်တိုင်ပင်
အဖခမည်းတော်၏အမှု့တော်ကိုထမ်းရွက်ဖို့ ဂျော်ဒန်မြစ်မှာ ဆေးကြောခြင်းခံယူ၍ ၀ိညာဉ်တော်ဖြင့်ပြည့်ဝစေခဲ့ပါတယ်။
ထို့အတူ ကျွန်ုပ်တို့တတွေအတွက်လည်း သံယောဟန်ဗတ္တိဇံ၏ ရေဆေးကြော်ခြင်းထက် ၀ိညာဉ်တော်ဖြင့်ပြည့်ဝသည့်
ဆေးကြော်ခြင်းစက္ကရမင်တူးကို ပေးခဲ့ပါတယ်။ ဤစက္ကရမင်တူးအားဖြင့် ခရစ်ယာန်ဘ၀ထဲသို့ ၀ိညာဉ်တော်ပြည့်ဝစွာဝင်ရောက်နိုင်ကြပါတယ်။
သို့မှသာ ခရစ်တော်နောက်သို့လိုက်နိုင်လာသည့် ခရစ်ယာန်တစ်ဦးဖြစ်လာပါလိမ့်မယ်။ ဒါဟာ
နောက်ဆုံးမဟုတ်ပါဘူး။ ခရစ်ယာန်ဘ၀အတွက် လမ်းတလျှောက်မှာလည်း ၀ိညာဉ်တော်ကျေးဇူးများ ဆက်လက်ပေးသနားနေပါတယ်။
ဘုရားသခင်စီမံပေးထားသည့် အကြီးမြတ်ဆုံးသော ကျေးဇူးတော်ပင် ဖြစ်ပါတယ်။
ကိုယ်မတတ်နိုင်တဲ့အရာတွေကို ၀ိညာဉ်တော်အလင်းကျေးဇူးဖြင့်  ပြီးမြောက်အောင်မြင်သွားတာမျိုး၊ ဒါမှမဟုတ် ကောင်းတဲ့အရာတွေလုပ်ဆောင်ဖို့ ဆက်ကပ်နိုင်မှုခွန်အား လျော့နဲနေချိန် ၀ိညာဉ်တော်အလင်းတရားဖြင့် တပည့်တော်ကြီးတွေလို
ရဲရဲဝံ့ဝံ့ဖြင့် ဆက်လက်လျှောက်လှမ်း နိုင်သည့်အဖြစ်မျိုး၊ ဒါမှမဟုတ် မိမိ၏အတ္တမာနကြောင့်
ခွင့်မလွှတ်နိုင်တဲ့အခြေအနေမျိုးမှာ ၀ိညာဉ်တော်၏ အလင်းကျေးဇူးတော်အားဖြင့် ခွင့်လွှတ်နိုင်သည့်အခြေအနေမျိုး၊ ဒါမှမဟုတ် မိမိအလိုဆန္ဒမှာ သဘောကျတတ်မိတဲ့ မကောင်းသည့်အရာ၊ တပါးသူအားထိခိုက်စေမယ့်အရာ မျိုး၊ အထူးသဖြင့် တရားမျှတမှုနှင့် မေတ္တာတရားဝေမျှဖို့ရန်အတွက် ကြောက်ရွံ့နေတဲ့အခါမျိုးမှာ ၀ိညာဉ်တော်၏ကျေးဇူးတော်ဖြင့်  ပြုလုပ်အောင်မြင်သွားတာမျိုး စသဖြင့်သော တန်ခိုးအံ့ဖွယ်တွေဟာ ခရစ်ယာန်ဘ၀အသက်တာမှာ နိစ္စဓူဝလို
ဖြစ်နေတဲ့ တန်ခိုးအံ့ဖွယ်တွေပါပဲ။ ဒါတွေကို သတိထားမိကြပါရဲ့လား။
ခရစ်ယာန်ဘ၀အသက်တာဆိုတာ လူတိုင်းအတွက် အထူးအဆန်းဟုတ်လျှင်မှ
ဟုတ်ပါလိမ့်မယ်။ သို့ပေမယ့်လည်း ခရစ်ယာန်ဘ၀ကို နားလည်တဲ့လူတိုင်းအတွက်တော့ ဆန်းကြယ်မှုတွေနဲ့
ပြည့်နှက်နေတဲ့ ဘ၀အသက်တာတစ်ခုပါ။ ခရစ်ယာန်ဘ၀အသက်တာအတွက် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးမှာ ဆေးကြောခြင်းမင်္ဂလာခံယူလိုက် အချိန်ကတည်းက ကျွန်တော်တို့ဘ၀ဟာ
အသွင်သဏ္ဍာန်ပြောင်းလဲကာ ကမ္ဘာကြီးအားကြည့်သည့် ကျွန်တော်တို့ရဲ့အမြင်တွေ ပြောင်းလဲလာကာ
ပြည့်စုံတဲ့ဘ၀ကို မှန်ကန်စွာဦးတည်ပြီး ထာဝရအသက်ဖြင့် ဘုရားသခင်ကို ဖူးမျှော်နိုင်ရန်
အနာဂတ်အိပ်မက်တွေ ရှင်သန်နေပါတယ်။ ဒီနေ့ဒီအချိန် ကျင်းပနေကြတဲ့ သန့်ရှင်းသောဝိညာဉ်တော်မြတ် ဆင်းကြွတော်မူခြင်းပွဲတော်ဟာ ထိုအနာဂတ်အိပ်မက်တွေ ရှင်သန်စေဖို့ ကျေးဇူးတော်ပါပဲ။
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ
ဉာပညာအလင်းကျေးဇူးရရှိကာ သမ္မာတရားနှင့်ဆိုင်ရာအလုံးစုံကို
ထိုးဖောက်မြင်နိုင်လာပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ
နားလည်ခြင်းကျေးဇူးရရှိကာ ခရစ်တော်နောက်လိုက်ဖို့ရန် ဘာတွေလိုအပ်သလဲ၊ ဒါမှမဟုတ် ခရစ်ယာန်ဘ၀အသက်တာကို
ကောင်းကောင်းနားလည်းကာ ပြီးပြည့်စုံအောင် တဖြည်းဖြည်းကျင့်ကြံဆောက်တည်လာပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ
အကြံညဏ်များရရှိကာ အရာရာကို မှန်မှန်ကန်ကန် ကောက်ချက်ချဆုံးဖြတ်တတ်လာပါတယ်။ အမှားနှင့်အမှန်ကိုခွဲခြားသိလာပြီး
ရှောင်ရန်ဆောင်ရန်များကို သေသေချာချာသိလာကြပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ
ခွန်အားသတ္တိများဖြင့်ပြည့်စုံလာကြပါတယ်။ ခရစ်ယာန်ဘ၀မှာ ကြုံတွေ့ရသည့်အခက်အခဲများကို
ထိုခွန်အားသတ္တိများဖြင့် ကျော်ဖြတ်လာနိုင်ကြပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ
တတ်သိပညာများတိုးတက်လာပါတယ်။ ဘုရားသခင်စီမံရာကို နားလည်လာပြီး မှန်ကန်သည့်လမ်းစဉ်ကို
ရွေးတတ်လာကြပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ
ယဉ်ကျေးသိမ်မွေ့ကာ ဘာသာတရားမှာ ကိုင်းရှိုင်းလာကြပါတယ်။ ဘုရားသခင်နှင့်အသင်းတော်ကို
လေးစာတတ်လာသလို လူသားအချင်းချင်းလည်း လေးစားတတ်လာကြပါတယ်။
သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ
ဘုရားသခင်အားကြောက်ရွံ့ရိုသေလာကြပါတယ်။ ဤသို့အားဖြင့် ဘုရားသခင်၏ဘုန်းဂုဏ်တော်နှင့်
ကြီးမြတ်ခြင်းကို အသိမှတ်ပြုလာပြီး ဘုရားသခင်မိန့်ဆိုထားသော ပြီးပြည့်စုံသည့်ဘ၀ကို
လျှောက်လှမ်းလာကြပါတယ်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကိုလည်း တန်ဖိုးထားမြတ်နိုးလာကြပါတယ်။
ဤကျေးဇူးတော်တွေအားဖြင့် ကျွန်ုပ်တို့တတွေဟာ ခရစ်ယာန်ဘ၀အသက်တာမှာ
တဖန်မွေးဖွားခြင်းခံယူနေသူ ဘုရားဖူးခရီးသည်များဖြစ်ကြပါတယ်။ ထို့ကြောင့် ယနေ့သန့်ရှင်းသောဝိညာဉ်တော်၏
ကျေးဇူးတော်များ ထပ်မံတောင်းလျှောက်ရင်း မိမိတို့၏ခရစ်ယာန်ဘ၀အသက်တာများကို ပြန်လည်သုံးသပ်ကြည့်ကြပါစို့။
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment