Saturday, 2 May 2015

ပဉ္စမ-ပါစကားတနင်္ဂနွေနေ့


သံယောဟန် ၁၅း၁-၈
ယနေ့ဖတ်ရှုရသည့် ဧ၀ံဂေလိတရားတော်တွင် ယေဇူးခရစ်တော်က မိမိကိုယ်ကို စပျစ်နွယ်ပင်အဖြစ် ခိုင်းနှိုင်းထားပြီး သူ၏နောက်လိုက်များကိုလည်း စပျစ်အကိုင်းအခက်များအဖြစ် ခိုင်းနှိုင်းပြောဆိုထားပါတယ်။ စပျစ်ပင်တွေနဲ့ပြည့်နက်နေတဲ့ ဒေသဖြစ်မှာ နေထိုင်သည့် ဂျူးလူမျိုးတွေအတွက်တော့ စပျစ်နွယ်ဆိုတဲ့ ဥပမာခိုင်းနှိုင်းမှုမှာ အဓိပာယ်တွေအပြည့်အ၀ အလေးအနက်ဖြင့် ကြွယ်ဝလွန်းလှပါတယ်။ ထို့ကြောင့် ပရော်ဖက်ဟေရှာယ (Isaiah 5:7)က အီစ္စရာအဲလ်လူမျိုးစုကို ဘုရားသခင်၏စပျစ်ခြံအဖြစ် ခိုင်းနှိုင်း ဟောပြောခဲ့ပါတယ်။ ထို့အပြင် ယေရမိ (Jeremiah 2:21)ကလည်း ထိုလူမျိုးစုကို ဘုရားသခင်ရွေးချက်ခဲ့သော စပျစ်ပင်အဖြစ် ဟောပြောခဲ့ပါတယ်။ အီစ္စရာအဲလ်လူမျိုးများ အပြစ်လုပ်လာကြသောအခါ ပရော်ဖက် ဟေရှာယ (Isaiah 5:1-7)က ထိုလူမျိုးစုကို စပျစ်သီးအရိုင်းများကို သီးလာကြသည့် စပျစ်ပင်အဖြစ် ဆုံးမသွန်သင်ပါတယ်။ ထို့ကြောင့် စပျစ်ခြံ၊ စပျစ်ပင်နှင့် စပျစ်နွယ်၊ အကိုင်းအခက်တွေဟာ အဓိပာယ်အလွန်ကြွယ်ဝလှတဲ့ ပုံဥပမာခိုင်းနှိုင်းစရာဖြစ်လာခဲ့တာ မထူးဆန်းပါဘူး။

ယနေ့ ယေဇူးသခင်လည်း - ငါသည် စစ်မှန်သော စပျစ်နွယ်ပင်ဖြစ်၏။ ငါတည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ပင်၏အကိုင်းအခက်တို့သည် အပင်နှင့်တဆက်တည်းမရှိလျှင် မိမိတို့အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။ ငါသည်စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်လည်း အကိုင်းအခက်များ ဖြစ်ကြ၏။ - ဟုဆိုထားပါတယ်။
ယဇူးခရစ်တော်ပေးခဲ့သည့် ဤပုံဥပမာဟာ အရမ်းကို အသက်ဝင်ပြီး ရှင်းလင်းလှပါတယ်။ ခရစ်တော်သခင် မိန့်ဆိုခဲ့ပါတယ်- ကျွန်ုပ်တို့ဟာ စပျစ်အကိုင်းခက်များဖြစ်ပါတယ်တဲ့။ စပျစ်အကိုင်းအခက်များဖြစ်သည့် ကျွန်ုပ်တို့တတွေဟာ အသီးသီးဖို့သာမဟုတ်ဘဲ ဆက်လက်ရှင်သန်ဖို့အတွက် စပျစ်နွယ်ပင်ကြီးနှင့် ဆက်စပ်နေရပါမယ်။ သို့မဟုတ်လျှင် အသီးလည်းမသီးနိုင်ဘဲ ညိုးနွမ်းခြောက်သွေ့၍ အသက်ဆုံးရှုံးရုံသာရှိပါလိမ့်မယ်။ 

ခရစ်တော်သခင် ကောင်းကင်ဘုံသို့ တက်ကြွမည်ဖြစ်သောကြောင့် များစွာသော ပြင်ဆင်မှု့များကို ကျွန်ုပ်တို့လူသားများအတွက် လုပ်ဆောင်ခဲ့ပါတယ်။ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားကို စေလွှတ်တော်မူတယ်။ ထို့အပြင် ခရစ်တော်၏အသင်းတော်ကို တည်ထောင်ပေးခဲ့တယ်။ ခရစ်တော်အသက်ရှင်စဉ် မြင်နိုင်ရာဖြစ်ခဲ့သလို သူကောင်းကင်ဘုံသို့ တက်ကြွတော်မူသည့်အခါ၌လည်း သူ၏အသင်းတော်၌ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှု့ဖြင့် အခြားသော မြင်နိုင်ရာခေါင်းဆောင်များကို ရွေးချယ်ခန့်ထားတော်မူပါတယ်။ ထိုကြောင့်လည်း ကောင်းကင်နိုင်ငံသော့ခ်ကို သီးသန့် ခါင်းဆောင်လက်ထဲသို့ အပ်နှင်းခဲ့ပါတယ်။ခရစ်တော်ယေဇူးကို ယုံကြည်နေမှတော့ ကျွန်ုပ်တို့တတွေ မြင်နိုင်ရာခေါင်းဆောင် လိုပါဦးမလား။ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတို့နည်းလမ်းအတိုင်း၊ လူတို့နိယာမအတိုင်းသာလျှင် လူတို့နားလည်နိုင်ပါတယ်။ သို့မဟုတ်လျှင် ခရစ်တော်ကိုယ်တိုင်လည်း လူတို့နည်းလမ်းအတိုင်း၊ သဘာဝနိယာမအတိုင်း မွေးဖွားခြင်းမခံဘဲ၊ ဒုက္ခစရိယာမခံဘဲ လူတွေကို ကယ်တင်နိုင်ပါတယ်။ သို့သော်လည်း လူတို့၏လွတ်လပ်ခွင့်ကို ဦးစားပေးထားသောကြောင့် လူတို့နားလည်နိုင်သည့် နည်းလမ်းနှင့် နိယာမကို ခရစ်တော်အသုံးပြုပါတယ်။ ကျွန်ုပ်တို့ စပျစ်အကိုင်းခက်တွေဟာ ရုပ်ဝတ္ထုတွေပါ။ စပျစ်အကိုင်းခက်တစ်ခုဟာ ပင်မရေသောက်မြစ်ကြီးနဲ့ထိတွေ့ဆက်စပ်နေဖို့ ပင်စည်၊ ပင်လုံးတွေနဲ့အရင်ထိတွေ့ရပါတယ်။ ဒါကြောင့် ခရစ်တော် ခရစ်တော်ဟု အော်ဟစ်ယုံကြည်နေပြီး ခရစ်တော်တည်ထောင်သည့် အသင်းတော်နှင့် ဆက်စပ်ပါဝင်ခြင်းမရှိလျှင် တကောင်ကြွက် စပျစ်ကိုင်းသာ ဖြစ်နေပါလိမ့်မယ်။ ခရစ်ယာန်ဟူသော စပျစ်အမျိုးအနွယ်ဖြစ်နေသော်လည်း သင်မူကား ရေသောက်မြစ်နှင့်ဝေးနေသော ခရစ်ယာန် စပျစ်အကိုင်းခက်သာ ဖြစ်နေပါလိမ့်မယ်။ သို့ဖြစ်လျှင် သင်သည် အသီးမသီးနိုင်၊ ဆက်လက်မရှင်သန်နိုင်။

စိန်သြဂက်စတင်းက သူ၏သြ၀ါဒထဲတွင် ယခုလိုရှင်းပြထားပါတယ်။ ခရစ်တော်က ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ သို့သော်လည်း သူ၏တပည့်တော်ကြီးများဟာ ခရစ်တော်က သူတို့၌တည်နေသလို သူတို့မတည်နေခဲ့ကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ အကျိုးကျေးဇူးခံစားရတာကတော့ စပျစ်နွယ်မဟုတ်ဘဲ စပျစ်အကိုင်းအခက်တွေသာဖြစ်ပါတယ်။ အကယ်၍ စပျစ်အကိုင်းအခက်တွေဟာ စပျစ်နွယ်နှင့် ဆက်စပ်နေတဲ့အခါ စပျစ်နွယ်က အကျိုးမခံစားရပါဘူး - စပျစ်အကိုင်းအခက်တွေသာ အကျိုးခံစားရတာပါ။ စပျစ်အကိုင်းအခက်တွေဟာ စပျစ်နွယ်ကနေတဆင့် လိုအပ်တဲ့အဟာရဖြည့်ဆည်းမှုတွေ ရရှိကြတာပါ။ ထို့ကြောင့် စပျစ်နွယ်ကတော့ အကိုင်းအခက်တွေကို ပံ့ပိုးပေးဖို့သက်သက်သာ ဆက်နွယ်နေပါတယ်။ ထို့အတူ ခရစ်တော်နှင့် ကျွန်တော်တို့တတွေလည်း ဆက်နွယ်နေလျှင် ခရစ်တော်ထက် ကျွန်တော်တို့သာ အကျိုးခံစားရတာ ဖြစ်ပါတယ်။ တကယ်တော့ စပျစ်နွယ်မရှိဘဲ အကိုင်းအခက်တွေ ဘာမှ ဖြစ်မလာနိုင်သလို ဘာမှလည်း သီးပွင့်နိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် ခရစ်တော်က “ငါနှင့် ကင်းကွာလျှင် မည်သည့်အရာကိုမျှ မတတ်နိုင်ကြ။” ဟုမိန့်ဆိုခဲ့ပါတယ်။

မိတ်ဆွေ၊ ခရစ်တော်နှင့်ဆက်နွယ်နေသည့် ခရစ်ယာန်များအဖြစ် ကျွန်တော်တို့တတွေ မည်သို့သော အသီးအပွင့်များကို သီးပွင့်ကြမလဲ။

ခမည်းတော်သည်ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့။ ခမည်းတော်၏ပညတ်တော်များကိုစောင့်ထိန်း၍ ကိုယ်တော်၏ချစ်ခြင်းမေတ္တာ၌တည်နေသကဲ့သို့ သင်တို့သည်လည်း ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့။

ခရစ်ယာန်ဆိုသည်မှာ ချစ်ခြင်းမေတ္တာတရားအားဖြင့် ကမ္ဘာကြီးကိုအသွင်သာန်ပြောင်းလဲနေသူများ ဖြစ်ကြပါတယ်။ ထိုခရစ်ယာန်များထဲမှာ ကျွန်တော်တို့တတွေလည်း တစ်ဦးအပါအ၀င် ဖြစ်နိုင်ကြပါစေ။

ကိုရင် (ဒိုမီနီကန်)

No comments:

Post a Comment