Sunday, 31 May 2015

သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါ ပွဲနေ့တနင်္ဂနွေ


သံမာတေဦး ၂၈း ၁၆ -၂၀
ယနေ့အသင်းတော်တွင် အမြင့်ဆုံးသောနက်နဲဖွယ်ရာဖြစ်သည့် သန့်ရှင်းသော ပုဂ္ဂိုလ်သုံးပါးပွဲနေ့ကို ကျင်းပခြင်းအားဖြင့် ဘာသာဝင်များ၏ အသိဉာဏ်နှင့် နှလုံးသားကို ဆော်အော်နေပါတယ်။ ယေဇူးခရစ်တော်၏သွန်သင်ချက်များအပေါ် အခြေခံ၍ စစ်မှန်သော ကက်သလစ် အသင်းတော်၏သွန်သင်ချက်တွင် ဘုရားဟာတစ်ဆူတည်းဖြစ်သော်လည်း ပုဂ္ဂိုလ်သုံးပါးဖြင့် ပေါင်းစပ်ထားပြီး ထိုပုဂ္ဂိုလ်သုံးပါးဟာ ခွဲခြား၍မရပေ။ တချိန်တည်းမှာပင် ထိုပုဂ္ဂိုလ်သုံးပါးဟာ တစ်ဦးစီသီးသန့်ရပ်တည်ပြီး အချင်းချင်းတန်းတူဖြစ်သည်ဟု ဆိုပါတယ်။ (ဤသွန်သင်ချက်ဖြင့် ကျွန်ုပ်တို့ဟာ ဘုရားကို အကန့်သပ်လုပ်လိုက်ခြင်းမဟုတ်ပါဘူး။ လူ့အသိညဏ်ဖြင့် နားလည်နိုင်အောင် ဘုရားကိုယ်တော်တိုင် ဓမ္မဟောင်းနှင့်ဓမ္မသစ်ကိုဖြတ်သန်းပြီး ထုတ်ဖော်ပြသခဲ့သည့် သူ၏ဇာတိကို ပြန်လည်ပဲ့တင်ထပ်ခြင်းသာ ဖြစ်ပါတယ်)။

သို့သော်လည်း ယနေ့ဖတ်ရှု့ရသည့်ဧ၀ံဂေလိတရားတော်အားဖြင့် အသင်းတော်က ထိုသို့သောနက်နဲဖွယ်ရာ ဓမ္မသိပ္ပံကိုထောက်ရှု့ဖို့ထက် ပို၍အားပေးနေသည်မှာ သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါးတို့၏ “Relationshiop”- ဆက်နွယ်နေမှု့ကို မီးမှောင်းထိုးပြနေပါတယ်။ ထို့ကြောင့် ယနေ့ဤပွဲတော်ကြီးအားဖြင့် ကျွန်ုပ်တို့ကို တရားနှစ်ချက်ထောက်ရှု့စရာအဖြစ် မီးမောင်းထိုးပြနေပါတယ်။ ၁။ ကျွန်ုပ်တို့တတွေအားလုံးဟာ သန့်ရှင်းသောပုဂ္ဂိုလ်သုံးကဲ့သို့ အချင်းချင်းဆက်နွယ်မှု့အားဖြင့် ရှင်သန်ကြရန် ဖိတ်ခေါ်နေပါတယ်။ ၂။ ဤဆက်နွယ်နေခြင်းကို ဤကမ္ဘာလောကကြီးမှာ သက်သေခံကြဖို့ ခရစ်ယာန်တွေဟာ ခေါ်တော်မူခြင်းခံရခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ဧ၀ံဂေလိတရားတော်မှာအထူးအလေးပေးထားသည်မှာ “သင်တို့သည်သွားကြ၍ လူမျိုးတကာတို့ကို ငါ၏တပည့်များဖြစ်စေကြလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်၏နာမတော်မြတ် ဆေးကြောခြင်းမင်္ဂလာကို ပေးကြလော့။”

ချစ်စွာသောဓမ္မမိတ်ဆွေများ၊ ကျွန်ုပ်တို့တတွေအားလုံးဟာ သန့်ရှင်းသောပုဂ္ဂိုလ်သုံးကဲ့သို့ အချင်းချင်းဆက်နွယ်မှု့အားဖြင့် ရှင်သန်ကြရန် ဖိတ်ခေါ်နေပါတယ်။ Objective Science အဖြစ် ဆက်နွယ်မှု့ (Relationship)အား လေ့လာစမ်းစစ်ကြည့်သောအခါ ထူးထူးဆန်းဆန်းအဖြေမှာ ဆက်နွယ်မှု့တစ်ခုကို တည်ဆောက်ဖို့ အနည်းဆုံး အကြောင်းရင်းသုံးခု လိုအပ်ပါတယ်။ ပြုလုပ်သူကံ၊ ပြုလုပ်ခံတစုံတရာ နှင့် ၎င်းတို့နှစ်ခုအကြား ဆက်နွယ်မှု့အကြောင်းရင်း တစ်ခု လိုအပ်ပါတယ်။ ထိုကြောင့် အနည်းဆုံး တြိဂံတစ်ခုအားဖြင့်သာ ဆက်နွယ်မှု့ကို ပြည့်စုံစွာပြသနိုင်ပါတယ်။ ဒီလိုပါပဲ- ကျွန်တော်တို့တတွေလည်း Relationship-ဆက်နွယ်မှု့တစ်ခုကို တည်ဆောက်ဖို့အတွက် မိမိကိုယ်တိုင်စတင်သူကံအဖြစ် ပါဝင်ဖို့လိုအပ်သလို၊ မိမိဟာတပါးသူ၏ဆက်နွယ်လာမှု့ကိုတုန့်ပြန်ရမည့် ဒုတိယပြုလုပ်ခံကံတစ်ခုအဖြစ်လည်း ပါဝင်ရပါလိမ့်မယ်။ ထိုမှသာ - နှစ်ဦးနှစ်ဖက်အကြား ဆက်နွယ်ခြင်းမျဉ်းတစ်ခုအားဖြင့် Relationship- ဆက်နွယ်မှု့ကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း ထိုသို့ဆက်နွယ်မှု့ကိုတည်ဆောက်ကြတဲ့အခါ ကျွန်တော်တို့တတွေဟာ သင့်လျော်သောဆက်နွယ်ခြင်းမျဉ်းကို မှန်ကန်စွာအသုံးပြုဖို့လိုအပ်ပါတယ်။ အခြားသူတစ်ပါးထံမှ တစ်စုံတစ်ခုကိုရယူလိုချင်သောလောဘစိတ်ကြောင့် ဆက်နွယ်မှု့တစ်ခုကို တည်ဆောက်ခြင်းထက် ခင်မင်မှု့အရင်းခံပြီး တစ်ဦးနှင့်တစ်ဦးအကြား မေတ္တာတရားပွားများသော ဆက်နွယ်မှု့သာလျှင် စစ်မှန်သော ဆက်နွယ်မှု့တည်ဆောက်ခြင်းဖြစ်ပါလိမ့်မယ်။ သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါဟာ တစ်ပါးနှင့်တစ်ပါး အတွင်းကျကျ ချစ်ခြင်းမေတ္တာပေါ်မှာ အခြေတည်ပြီး ပေါင်းစီးနေခြင်းဖြစ်ပါတယ်။ ဘုရားဇာတိမှာ ဖန်ဆင်းခံရသည့်လူတွေဟာလည်း တစ်ဦးနှင့်တစ်ဦး အတွင်းကျကျ မေတ္တာတရားဖြင့် ရောနှောဆက်ဆံကြဖို့လိုပါတယ်။ သဘာဝအလျောက်လည်း ထိုကဲ့သို့ ရောနှောဆက်ဆံတတ်သည့်သတ္တ၀ါများဖြစ်ပါတယ်။ ဒီလိုရောနှောဆက်ဆံ ပူးပေါင်းဆောင်ရွက်မှသာလျှင် ကျွန်ုပ်တို့ရဲ့လူ့အသိုင်းဝိုင်းကြီးဟာ တိုးတက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ခရစ်ယာန်ဘ၀ဆိုတာ ထိုကဲ့သို့ လူ့ဂုဏ်သိက္ခာနှင့် အခြေခံအခွင့်အရေးများအပေါ်မှာ တရားမျှတခြင်း၊ တန်းတူညီတူ ဆက်ဆံခြင်း၊ ချစ်ခြင်းမေတ္တာထားခြင်းတို့ဖြင့် ရှင်သန်နေပြီး အချင်းချင်းရိုင်းပင်းကူညီရင်း ရောနှောဆက်ဆံ ပူးပေါင်းကာ ကျွန်ုပ်တို့လောကကြီးကို ကောင်းသထက်ကောင်းအောင် ဖန်တီးသူများ၏ဘ၀ပင် ဖြစ်ရပါမယ်။ 

ချစ်စွာသောဓမ္မမိတ်ဆွေများ၊ ပုဂ္ဂိုလ်သုံးပါး၏ဆက်နွယ်နေခြင်းကို ဤကမ္ဘာလောကကြီးမှာ သက်သေခံကြဖို့ ခရစ်ယာန်တွေဟာ ခေါ်တော်မူခြင်းခံရခြင်းဖြစ်ပါတယ်။ သက်သေခံခြင်းဟာ အပြောလွယ်သော်လည်း လက်တွေ့ဘ၀ဟာ ခက်ခဲလွန်းတဲ့ အလုပ်တစ်ခုပါပဲ။ သို့ပေမယ့်လည်း ခရစ်တော်ထံမှ ၀ိညာဉ်တော်ခွန်အားနှင့် ကျေးဇူးတော်အားဖြင့် ထိုခက်ခဲတဲ့အလုပ်ဟာ အောင်မြင်လာပါလိမ့်မယ်။ အမှန်စင်စစ်စစ်အားဖြင့် ခရစ်ယာန်တွေဟာ မိမိတို့၏သခင်ဆရာဖြစ်သည့် ခရစ်တော်နှင့်အတွင်းကျကျ ရင်းရင်းနှီးနှီးရှိတဲ့ ဆက်နွယ်မှု့တစ်ခုဟာ အခိုင်အမာရှိနေပါတယ်။ ဆေးကြောခြင်းမင်္ဂလာအားဖြင့် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မှု့အောက်မှာ ခရစ်ယာန်ဘ၀ဖြင့် ရှင်သန်နိုင်ကြပါတယ်။ ဤသို့ရှင်သန်နေထိုင်ခြင်းအားဖြင့် ကျွန်တော်တို့ကိုယ်တိုင်ဟာ ၀ိညာဉ်တော်ဘုရား ပြုလုပ်သည့် တန်ခိုးအံ့ဖွယ်တွေရဲ့ တူရိယာတွေ ဖြစ်လာရပါတယ်။ ထို့ကြောင့် မေတ္တာတရားအပေါ် အခြေတည်သည့် ဆက်နွယ်မှု့ကို တဖြည်းဖြည်းချင်းတည်ဆောက်ရင်း ကမ္ဘာကြီးကိုအလှဆင်သူများအဖြစ်  သန့်ရှင်းသောပုဂ္ဂိုလ်သုံးကဲ့သို့ အချင်းချင်းဆက်နွယ်မှု့အား သက်သေခံနေသူများ ဖြစ်နေကြမည်ဖြစ်ပါတယ်။

သန့်ရှင်းသောပုဂ္ဂိုလ်သုံးပါး၏အလင်းကျေးဇူးတော်အားဖြင့် ကျွန်ုပ်တို့တတွေလည်း စစ်မှန်သောခရစ်ယာန်ဘ၀မှာ အကောင်းဆုံးနှင့် သစ္စာအရှိဆုံးနောက်လိုက်များအဖြစ် ရှင်သန်နေထိုင်ရင်း သက်သေခံနိုင်ကြပါစေ။

ကိုရင် (ဒိုမီနီကန်)



Saturday, 23 May 2015

သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွခြင်း


သံယောဟန်ကျမ်း ၁၅း၂၆-၂၇၊ ၁၆း၁၂-၁၅
ယနေ့ဟာ သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွခြင်းပွဲနေ့ဖြစ်ပါတယ်။ အချို့သောဓမ္မသဂြုလ်ရှင်များက ထိုနေ့ကို အသင်းတော်မွေးဖွားရာနေ့ဟုလည်း ခေါ်ဆိုသမုတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုနေ့မှာ တပည့်တော်ကြီးများအပေါ် သန့်ရှင်းသောဝိညာဉ်တော် ဆင်းကြွတော်မူပြီး လူမျိုးတကာကြားမှာ ဧ၀ံဂေလိတရားတော်ကို စတင်ဟောပြောရာနေ့၊ အသင်းတော်စတင်တည်ထောင်ရာနေ့ဖြစ်သောကြောင့်ဟု ဆိုကြပါတယ်။ ပွဲတော်၏မူလအစကတော့ ဂျူးလူမျိုးတို့၏ ရှာဘုတ် (Shavout)ဟူသော ပွဲတော်အားဖြင့် ဂရိအမည် ရက်ပေါင်း ငါးဆယ်ပြည့်သည့်နေ့ဟုအဓိပ္ပာယ်ရသော ပန်တေကော့စတေ (pentekoste) အားဖြင့် ခရစ်ယာန်ဝတ်ပြုရာဓလေ့မှာ ယေဇူးခရစ်တော်ရှင်ပြန်ရာနေ့မှစတင်ကာ ရက်ပေါင်းငါးဆယ်ပြည့်သည့်နေ့တွင် တပည့်တော်ကြီးများအပေါ် သန့်ရှင်းသောဝိညာဉ်တော်ဘုရားဆင်းကြွရာနေ့အဖြစ် ကျင်းပပါတယ်။

တမန်တော်ဝတ္ထုကျမ်း ဂျေရုဇလင်မြို့သို့ဘုရားဖူးလာကြသော လူမျိုးပေါင်းစုံဟာ တမန်တော်ကြီးများပြောဆိုသည့် စကားသံတစ်မျိုးတည်းကို မိမိတို့ဘာသာစကားများအတိုင်း ကြားကြရသည်ဟု ဆိုကြပါတယ်။ အမှန်တကယ်တော့ ဒါဟာ တမန်တော်ကြီးများ၏ဘာသာစကားကျွမ်းကျင်မှု့ကို ဆိုလိုကြခြင်းမဟုတ်ပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏လုပ်ဆောင်ချက် အံ့ဖွယ်လက္ခဏာကြောင့် လူမျိုးများအကြား နားလည်ဆက်သွယ်နိုင်ကြခြင်းသာ ဖြစ်ပါတယ်။

ယေဇူးခရစ်တော်၏တပည့်တော်ကြီးများအား သေချာလေ့လာစမ်းစစ်ကြည့်လျှင် ၎င်းတို့တတွေဟာ အတတ်ပညာရှင်များလည်းမဟုတ်၊ ကျမ်းတတ်ဆရာကြီးများလည်းမဟုတ်၊ သြဇာအာဏာကြီးမားသူများလည်း မဟုတ်ကြသလို၊ အစွမ်းအစရှိသူများလည်း မဟုတ်ကြပါဘူး။ သို့သော်လည်း ထိုသို့သောပုဂ္ဂိုလ်ကြီးများဟာ ၀ိညာဉ်တော်ဘုရား၏အလင်းကျေးဇူးကြောင့် ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းဝေးလာပြီး ခရစ်တော်၏ သတင်းကောင်းနှင့် ထာဝရကယ်တင်ခြင်းတရားကို ရဲဝံ့ပြောင်မြောက်စွာ ဟောပြောသက်သေခံနိုင်လာကြသည့် ကောင်းကင်နိုင်ငံ၏မဟာတမန်တော်ကြီးများ ဖြစ်လာခဲ့ကြပါတယ်။ အညတရ တမန်တော်ကြီးများဟာ ၀ိညာဉ်တော်အလင်းကျေးဇူးတော်ဖြင့်ပြည့်ဝလျက် ခရစ်တော်၏နာမတော် တန်ခိုးလက္ခဏာများကို ပြုလုပ်နိုင်ခဲ့ကြတယ်။ တရားတော်နှင့်ဆိုင်ရာာဏ်ပညာအလင်းများလည်း ပွင့်လင်းလာကာ တကယ့်ကို ဦးဆောင်လမ်းပြနိုင်စွမ်းရှိသော ခေါင်းဆောင်ကြီးများသဖွယ်၊ ပရော်ဖက်ကြီးများအဖြစ်သို့ ရောက်ရှိလာခဲ့ကြတယ်။ ယေဇူးခရစ်တော်ကိုယ်တော်တိုင်လည်း တပည့်တော်ကြီးများအား များစွာသောအကြောင်းအရာများ ပြောစရာရှိသော်လည်း ၎င်းတို့ခံယူနိုင်စွမ်းမရှိကြသေး၍ သန့်ရှင်းသောဝိညာဉ်တော်၏အလင်းတရားလိုအပ်နေကြောင်း မီးမောင်းထိုးပြခဲ့ကာ ထိုဝိညာဉ်တော်အားဖြင့် သူတို့တတွေဟာ သမ္မာတရားအကြောင်း အလုံးစုံကို သိစေမည်ဟု ပြောဆိုခဲ့ပါတယ်။

မိတ်ဆွေ၊ ကျွန်ုပ်တို့တတွေလည်း သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ ကျေးဇူးတော်နှင့်အစွမ်းတန်ခိုးကို မိမိဘ၀မှာ တွေ့ကြုံခံစားဖူးပါသလား။ ဒါမှမဟုတ် တွေ့ကြုံခံစားဖူးတာကို သတိထားမိဖူးပါသလား။

ခရစ်တော်၏နောက်သို့လိုက်နေသည့် ခရစ်ယာန်တစ်ဦးအတွက် ၀ိညာဉ်တော်ကျေးဇူးမရှိလို့ မဖြစ်ပါဘူး။ ၀ိညာဉ်တော်ကျေးဇူးမပါဘဲ ခရစ်ယာန်ဘ၀ကို လျှောက်လှမ်းဖို့လည်းမဖြစ်နိုင်ပါဘူး။ ထို့ကြောင့်လည်း ခရစ်တော်ကိုယ်တော်တိုင် ၀ိညာဉ်တော်ဘုရားစေလွှတ်ပေးဖို့ ကတိထားခဲ့သလို စေလွှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ခရစ်တော်ကိုယ်တော်တိုင်ပင် အဖခမည်းတော်၏အမှု့တော်ကိုထမ်းရွက်ဖို့ ဂျော်ဒန်မြစ်မှာ ဆေးကြောခြင်းခံယူ၍ ၀ိညာဉ်တော်ဖြင့်ပြည့်ဝစေခဲ့ပါတယ်။ ထို့အတူ ကျွန်ုပ်တို့တတွေအတွက်လည်း သံယောဟန်ဗတ္တိဇံ၏ ရေဆေးကြော်ခြင်းထက် ၀ိညာဉ်တော်ဖြင့်ပြည့်ဝသည့် ဆေးကြော်ခြင်းစက္ကရမင်တူးကို ပေးခဲ့ပါတယ်။ ဤစက္ကရမင်တူးအားဖြင့် ခရစ်ယာန်ဘ၀ထဲသို့ ၀ိညာဉ်တော်ပြည့်ဝစွာဝင်ရောက်နိုင်ကြပါတယ်။ သို့မှသာ ခရစ်တော်နောက်သို့လိုက်နိုင်လာသည့် ခရစ်ယာန်တစ်ဦးဖြစ်လာပါလိမ့်မယ်။ ဒါဟာ နောက်ဆုံးမဟုတ်ပါဘူး။ ခရစ်ယာန်ဘ၀အတွက် လမ်းတလျှောက်မှာလည်း ၀ိညာဉ်တော်ကျေးဇူးများ ဆက်လက်ပေးသနားနေပါတယ်။ ဘုရားသခင်စီမံပေးထားသည့် အကြီးမြတ်ဆုံးသော ကျေးဇူးတော်ပင် ဖြစ်ပါတယ်။

ကိုယ်မတတ်နိုင်တဲ့အရာတွေကို ၀ိညာဉ်တော်အလင်းကျေးဇူးဖြင့် ပြီးမြောက်အောင်မြင်သွားတာမျိုး၊ ဒါမှမဟုတ် ကောင်းတဲ့အရာတွေလုပ်ဆောင်ဖို့ ဆက်ကပ်နိုင်မှုခွန်အား လျော့နဲနေချိန် ၀ိညာဉ်တော်အလင်းတရားဖြင့် တပည့်တော်ကြီးတွေလို ရဲရဲဝံ့ဝံ့ဖြင့် ဆက်လက်လျှောက်လှမ်း နိုင်သည့်အဖြစ်မျိုး၊ ဒါမှမဟုတ် မိမိ၏အတ္တမာနကြောင့် ခွင့်မလွှတ်နိုင်တဲ့အခြေအနေမျိုးမှာ ၀ိညာဉ်တော်၏ အလင်းကျေးဇူးတော်အားဖြင့် ခွင့်လွှတ်နိုင်သည့်အခြေအနေမျိုး၊ ဒါမှမဟုတ် မိမိအလိုဆန္ဒမှာ သဘောကျတတ်မိတဲ့ မကောင်းသည့်အရာ၊ တပါးသူအားထိခိုက်စေမယ့်အရာမျိုး၊ အထူးသဖြင့် တရားမျှတမှုနှင့် မေတ္တာတရားဝေမျှဖို့ရန်အတွက် ကြောက်ရွံ့နေတဲ့အခါမျိုးမှာ ၀ိညာဉ်တော်၏ကျေးဇူးတော်ဖြင့် ပြုလုပ်အောင်မြင်သွားတာမျိုး စသဖြင့်သော တန်ခိုးအံ့ဖွယ်တွေဟာ ခရစ်ယာန်ဘ၀အသက်တာမှာ နိစ္စဓူဝလို ဖြစ်နေတဲ့ တန်ခိုးအံ့ဖွယ်တွေပါပဲ။ ဒါတွေကို သတိထားမိကြပါရဲ့လား။

ခရစ်ယာန်ဘ၀အသက်တာဆိုတာ လူတိုင်းအတွက် အထူးအဆန်းဟုတ်လျှင်မှ ဟုတ်ပါလိမ့်မယ်။ သို့ပေမယ့်လည်း ခရစ်ယာန်ဘ၀ကို နားလည်တဲ့လူတိုင်းအတွက်တော့ ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘ၀အသက်တာတစ်ခုပါ။ ခရစ်ယာန်ဘ၀အသက်တာအတွက် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးမှာ ဆေးကြောခြင်းမင်္ဂလာခံယူလိုက်အချိန်ကတည်းက ကျွန်တော်တို့ဘ၀ဟာ အသွင်သဏ္ဍာန်ပြောင်းလဲကာ ကမ္ဘာကြီးအားကြည့်သည့် ကျွန်တော်တို့ရဲ့အမြင်တွေ ပြောင်းလဲလာကာ ပြည့်စုံတဲ့ဘ၀ကို မှန်ကန်စွာဦးတည်ပြီး ထာဝရအသက်ဖြင့် ဘုရားသခင်ကို ဖူးမျှော်နိုင်ရန် အနာဂတ်အိပ်မက်တွေ ရှင်သန်နေပါတယ်။ ဒီနေ့ဒီအချိန် ကျင်းပနေကြတဲ့ သန့်ရှင်းသောဝိညာဉ်တော်မြတ်ဆင်းကြွတော်မူခြင်းပွဲတော်ဟာ ထိုအနာဂတ်အိပ်မက်တွေ ရှင်သန်စေဖို့ ကျေးဇူးတော်ပါပဲ။ 

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာာပညာအလင်းကျေးဇူးရရှိကာ သမ္မာတရားနှင့်ဆိုင်ရာအလုံးစုံကို ထိုးဖောက်မြင်နိုင်လာပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ နားလည်ခြင်းကျေးဇူးရရှိကာ ခရစ်တော်နောက်လိုက်ဖို့ရန် ဘာတွေလိုအပ်သလဲ၊ ဒါမှမဟုတ် ခရစ်ယာန်ဘ၀အသက်တာကို ကောင်းကောင်းနားလည်းကာ ပြီးပြည့်စုံအောင် တဖြည်းဖြည်းကျင့်ကြံဆောက်တည်လာပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ အကြံညဏ်များရရှိကာ အရာရာကို မှန်မှန်ကန်ကန် ကောက်ချက်ချဆုံးဖြတ်တတ်လာပါတယ်။ အမှားနှင့်အမှန်ကိုခွဲခြားသိလာပြီး ရှောင်ရန်ဆောင်ရန်များကို သေသေချာချာသိလာကြပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ ခွန်အားသတ္တိများဖြင့်ပြည့်စုံလာကြပါတယ်။ ခရစ်ယာန်ဘ၀မှာ ကြုံတွေ့ရသည့်အခက်အခဲများကို ထိုခွန်အားသတ္တိများဖြင့် ကျော်ဖြတ်လာနိုင်ကြပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ တတ်သိပညာများတိုးတက်လာပါတယ်။ ဘုရားသခင်စီမံရာကို နားလည်လာပြီး မှန်ကန်သည့်လမ်းစဉ်ကို ရွေးတတ်လာကြပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ ယဉ်ကျေးသိမ်မွေ့ကာ ဘာသာတရားမှာ ကိုင်းရှိုင်းလာကြပါတယ်။ ဘုရားသခင်နှင့်အသင်းတော်ကို လေးစာတတ်လာသလို လူသားအချင်းချင်းလည်း လေးစားတတ်လာကြပါတယ်။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့တတွေဟာ ဘုရားသခင်အားကြောက်ရွံ့ရိုသေလာကြပါတယ်။ ဤသို့အားဖြင့် ဘုရားသခင်၏ဘုန်းဂုဏ်တော်နှင့် ကြီးမြတ်ခြင်းကို အသိမှတ်ပြုလာပြီး ဘုရားသခင်မိန့်ဆိုထားသော ပြီးပြည့်စုံသည့်ဘ၀ကို လျှောက်လှမ်းလာကြပါတယ်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကိုလည်း တန်ဖိုးထားမြတ်နိုးလာကြပါတယ်။

ဤကျေးဇူးတော်တွေအားဖြင့် ကျွန်ုပ်တို့တတွေဟာ ခရစ်ယာန်ဘ၀အသက်တာမှာ တဖန်မွေးဖွားခြင်းခံယူနေသူ ဘုရားဖူးခရီးသည်များဖြစ်ကြပါတယ်။ ထို့ကြောင့် ယနေ့သန့်ရှင်းသောဝိညာဉ်တော်၏ ကျေးဇူးတော်များ ထပ်မံတောင်းလျှောက်ရင်း မိမိတို့၏ခရစ်ယာန်ဘ၀အသက်တာများကို ပြန်လည်သုံးသပ်ကြည့်ကြပါစို့။


ကိုရင် (ဒိုမီနီကန်)

Saturday, 16 May 2015

ယေဇူးသခင် ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်း


သံမာကု ၁၆း ၁၅ - ၂၀

ယေဇူးသခင်သည် ကောင်းကင်ဘုံသို့တက်ကြွတော်မူကြောင်းကို ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအချုပ်ထဲမှာ ထည့်ဆိုလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဤအချက်ဟာ ကျွန်ုပ်တို့ခရစ်ယာန်ဘ၀မှာ အင်မတန်မှ အရေးပါရုံမကဘဲ တစ်ဦးချင်းစီတိုင်းအတွက်လည်း နေ့စဉ်ထောက်ရှု့မျှော်လင့်ရာဘ၀အသက်တာတစ်ခု ဖြစ်ပါတယ်။ ယနေ့ သံမာကု၏ဧ၀ံဂေလိတရားတော်မှာ ယေဇူးခရစ်တော်သခင်ဟာ တပည့်တော်ကြီးများအရှေ့မှာပင် ကောင်းကင်ဘုံသို့တက်ကြွတော်မူကြောင်းကို ရေးသားထားပါတယ်။ အမှန်တော့ ယေဇူးသခင် ကောင်းကင်ဘုံသို့တက်ကြွတော်မူသည့်အကြောင်းအရာထက် ကိုယ်တော်၏တပည့်တော်ကြီးများကို ကမ္ဘာအရပ်ရပ်သို့စေလွှတ်နေသည့်အကြောင်းအရာက ပို၍အရေးပေးဖော်ပြထားပါတယ်။ ဒီတော့ ခရစ်တော်၏ ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်းဟာ ဧ၀ံဂေလိတရားတော်ကို အပ်နှင်းခြင်းဟု ဆိုနိုင်ပါတယ်။ သို့ဖြစ်၍ တပည့်တော်ကြီးများဟာ ထိုဧ၀ံဂေလိတရားတော်ကို ကမ္ဘာအရပ်ရပ်သို့ လိုက်လံဟောပြောသက်သေခံနိုင်ကြမှာဖြစ်ပါတယ်။

ဧကန်မုချပါပဲ။ တပည့်တော်ကြီးတွေဟာ ခရစ်တော်အပ်နှင်းခဲ့သော ဧ၀ံဂေလိတရားတော်ကို ကမ္ဘာအရပ်ရပ်သို့ သူတို့အစွမ်းရှိသလောက် ဟောပြောဖြန့်ဝေနိုင်ခဲ့ပါတယ်။ ထို့နောက် အဆင့်ဆင့်သော တပည့်တော်ကြီးများပေါ်ထွန်းကာ ထိုဧ၀ံဂေလိတရားတော်ကို ထပ်၍ ဖြန့်ဝေဟောပြောလာတာဟာ ယခု ကျွန်ုပ်တို့အချိန်ရောက်ရှိလာနေပါပြီ။ ကျွန်ုပ်တို့တတွေလည်း ထပ်ဆင့်တပည့်တော်ကြီးတွေလား…
ယုံကြည်၍ဆေးကြောခြင်းခံယူသူ ခရစ်ယာန်တိုင်းဟာ တနည်းအားဖြင့် ခရစ်တော်၏ ဧ၀ံဂေလိတရားတော်ကို ဟောပြောသက်သေခံရန်အတွက် ခေါ်တော်မူခြင်းခံရသူများဖြစ်ပါတယ်။ ထို့ကြောင့် ဘာသာရေးအလုပ်ဆိုပြီးခွဲခြားကာ ရဟန်းတော်များ၊ သီလှရှင်များ၊နှင့် ဘာသာရေးခေါင်းဆောင်များသာ လုပ်ပါစေဆိုပြီး လစ်လျူရှု၍မရပါတာ အသေအချာပါပဲ။ အထူးသဖြင့် ယနေ့အပြောင်းအလဲအလွန်များဆန်လာတဲ့ ကမ္ဘာ့ပေါ်ရှိ လူမှု့အသိုင်းအ၀ိုင်းကြားမှာ ကျွန်တော်တို့ ခရစ်ယာန်တစ်ဦးချင်းစီတိုင်းဟာ ခရစ်တော်၏အထူးစေလွှတ်ခံ တပည့်တော်များဖြစ်ကြပါတယ်။

အနားယူသွားသော ပုပ်ရဟန်းမင်းကြီးဘက်နက်ဒစ် (၁၆)ဟာ သူ၏ Deus Caritas Est ဟူသော ပထမဆုံးသော စာချွန်တော်မှာ အသင်းတော်၏သဘောသဘာဝမှာ တာဝန်သုံးခုပေါ်မှာ ရှိနေကြောင်းယခုလို ရေးသားခဲ့ပါတယ်။ အသင်းတော်ဟာ ဘုရားသခင်၏နှုတ်တော်ထွက် တရားတော်ကို ဟောပြောသက်သေခံရန်၊ စက္ကရမင်တူးများကို ကျင်းပဝေငှရန်၊ နှင့် မေတ္တာတရားကို ကျင့်ကြံဆောက်တည်ရန်ဖြစ်ပါတယ်။ ဤတာဝန်သုံးခုဟာ ခွဲခြား၍မရသော အသင်းတော်၏ တာဝန်နှင့်သဘောသဘာဝပင် ဖြစ်ပါတယ်။ ထို့ကြောင့် အသင်းတော်အတွင်းပါဝင်သော သူတိုင်းဟာ၊ အယောက်စီတိုင်းဟာ ထိုတာဝန်သုံးခုနှင့်ဝတ္တရားအတွက် အင်မတန်မှ အရေးပါသူတွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းတော်ဟာ ခရစ်တော်၏နာမတော်၌ တစ်ဦးချင်းစီဖြင့် ဖွဲ့စည်းဆောက်တည်နေလို့ပါပဲ။ ယနေ့ထိုအယောက်စီတိုင်းအားဖြင့် ခရစ်တော်၏အသင်းတော်ဟာ ဧ၀ံဂေလိတရားတော်ကိုကမ္ဘာပေါ်မှာ သက်သေခံနေပါတယ်။ မေတ္တာတရားကို အခြေခံထားပြီးကျင့်ကြံဆောက်တည်ကာ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးအတွက် ရှေ့နေရှေ့ဆောင်ပြုနေပါတယ်။ ၎င်းတို့ကိုသက်သေခံနိုင်ဖို့အတွက် စက္ကရမင်တူးများနှင့် ဘုရားသခင်၏နှုတ်တော်ထွက်တရားတော်များဟာ အရင်းအမြစ်ပင် ဖြစ်ပါတယ်။

မျက်မှောက်ခေတ်ကာလ၏အရင်းနှီးဆုံးသော သူတော်စင်မသာရ်ကြီး ထရေဇားဟာ တနေကုန် ဂရုဏာလုပ်ငန်းတွေ၊ စေတနာ့လုပ်ငန်းတွေကို ဂရုဏာရှင်မကြီးဟု ကမ္ဘာကြော်သည့်တိုင်အောင် လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ထိုသို့လုပ်ကိုင်နိုင်ခြင်း၏ အဓိကလျိုဝှက်ချက်ကတော့ နေ့စဉ်ကိုယ်တော်မြတ် အနဲဆုံးတစ်နာရီဖူးမျှော်ပြီး ခရစ်တော်သခင်ထံမှ ခွန်အားရရှိခြင်းကြောင့်ပင် ဖြစ်ပါတယ်။ ယနေ့ ကျွန်တော်တို့ခရစ်ယာန်အသိုင်းအ၀ိုင်းမှာလည်း ဂရုဏာလုပ်ငန်းများကို တက်တက်ကြွကြွလုပ်ဆောင်နေကြတာ သိပ်ကိုဝမ်းသာစရာကောင်းပါတယ်။ ထိုသူတို့တတွေလည်း မာသာရ်ထရေဇားလို ခရစ်တော်သခင်ထံမှ ခွန်အားများယူနိုင်ကြပါစေလို့ အမြဲဆုတောင်းပေးပါတယ်။

ကျွန်တောတို့ ခရစ်ယာန်တစ်ဦးချင်းစီလည်း မိမိနှင့်နီးစပ်ရာအသိုင်းအ၀ိုင်းမှာ ခရစ်တော်၏ ဧ၀ံဂေလိတရားတော်ကို ခရစ်ယာန်ဘ၀ဖြင့် သက်သေခံနိုင်ကြဖို့ ဆက်လက်ခွန်အားယူကာ ကြိုးစားသွားကြပါစို့။ယေဇူးသခင်၏ရှင်ပြန်ထမြောက်ခြင်းဟာ ကျွန်တော်တို့အတွက် ၀မ်းမြောက်စေရာ ဖြစ်၍ ကိုယ်တော်၏ကောင်းကင်ဘုံသို့တက်ကြွတော်မူခြင်းဟာ ကျွန်တော်တို့၏ သေချာမှန်ကန်သည့် အနာဂတ်မျှော်လင့်ရာ ဘ၀ခရီးပင် ဖြစ်ပါတယ်။ သို့ဖြစ်၍ မမြင်နိုင်သော်လည်း ယုံကြည်နိုင်စေတယ်။ ယုံကြည်ခြင်းအားဖြင့် ဘ၀ရှင်သန်ရာအမြင့်ဆုံးသောလမ်းတွေကို ဖွင့်ပေးတယ်။ အာရုံများ မမှီနိုင်ရာကိုပင် ယုံကြည်ခြင်းအားဖြင့် မှီစေတယ်။ ဤအရာသည် ကျွန်တော်တို့၏ကောင်းကင်နိုင်ငံ အမွေပင်ဖြစ်ပေ၏။ အာမင်။


ကိုရင် (ဒိုမီနီကန်)

Wednesday, 6 May 2015

(၄၉)ကြိမ်မြောက်ကမ္ဘာ့လူမှုဆက်သွယ်ရေးနေ့သ၀ဏ်လွှာ

 ရဟန်းမင်းကြီးဖရန်စစ်၏ (၄၉)ကြိမ်မြောက်ကမ္ဘာ့လူမှုဆက်သွယ်ရေးနေ့သ၀ဏ်လွှာ
မိသားစုနှင့်ဆက်သွယ်ရေး

                                         ဘာသာပြန် Fr. Edward (SDB)

မိသားစုဟူသည်ချစ်ခြင်းမေတ္တာထွန်းကားရန်လူ့ဘောင်အား ဘုရားသခင်ချီးမြှင့်ထားသည့်နေရာနှင့် အချင်းချင်း အပြန်အလှန် ချစ်ခြင်းမေတ္တာပွားများနိုင်သော မေတ္တာလက်ဆောင်နေရာဖြစ်ပါသည်။ မိသားစုနှင့် ပတ်သက်၍ အသင်းတော်၌ မကြာသေးမီတွင် ကျင်းပခဲ့သည့် ဆရာတော်ကြီးများ၏ အထူးအစည်းအဝေး ပွဲတော်ကြီး နှင့် ဤနှစ်အောက်တိုဘာလတွင် ကျင်းပမည့်ပုံမှန် အစည်းအဝေးကြီးတို့ကို ထောက်၍ အသင်းတော်သည် မိသားစုကို အထူးအလေးထားနေခြင်းဖြစ်ကြောင်း ထင်ရှားလှပါသည်။

ထို့ကြောင့် ဤနှစ် ကမ္ဘာ့လူထုဆက်သွယ်ရေးနေ့အတွက် ကျွန်ပ်အနေဖြင့်မိသားစုကိုအာရုံပြုစေလိုပါသည်။ အားလုံးပြန်လည်ဆန်းစစ်လိုက်သောအခါ ကျွန်ုပ်တို့အားလုံးသည် မိသားစုပရ၀ဏ်အတွင်းတွင် စတင်၍ အချင်းချင်းတွေ့ဆုံဆက်သွယ်မှုကို သင်ကြားခဲ့ကြပါသည်။ ဤအချက်ကိုထောက်ရှု့ခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဆက်သွယ်ခြင်းကို လူသားပိုမိုဆန်စေသည့်အပြင် မိသားစုကိုလည်း ရှု့ထောင့်အသစ်ဖြင့် မြင်လာနိုင်ကြမည်။

ရှင်လုကား ၁း၃၉-၅၆ ကို ကြောထောက်နောက်ခံထားကာ အားယူနိုင်ပါသည်။ မယ်တော်မာရီးယားသည် ဧလိဇဘက်ထံသို့ အလည်အပတ်သွားရောက်သည့်အကြောင်းနှင့် စပ်လျဉ်း၍ ဧလိဇဘက်သည် မာရီယား၏ နှုတ်ဆက်သံကိုကြားသောအခါ သူမ၏၀မ်းတွင်း၌ရှိသော သားငယ်သည် ခုန်မြူးလေ၏။ ဧလိဇဘက်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ကျယ်သောအသံနှင့် ကြွေးကြော်သည်မှာ ‘သင်သည် မိန်းမတကာ တို့တွင် မြတ်သောမင်္ဂလာရှိသူဖြစ်၏။ သင်၏၀မ်းတွင်းမှ အသီးတော်သည်လည်း မင်္ဂလာရှိ၏။’

ဤဖြစ်ရပ်သည် ဆက်သွယ်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်နှင့်မကင်း ၄င်းနှင့်ဆက်သွယ်နေကြောင်းကို ဖေါ်ပြနေ ပါသည်။ မာရီးယား၏ နှုတ်ဆက်ခြင်းကို ဧလိဇဘက်၏ ၀မ်းခေါင်းတွင်ရှိနေသော ကလေး က ထကြွမြူးထူးစွာ ပထမဆုံး တုံ့ပြန်ခဲ့ပါသည်။ အခြားသူများနှင့် တွေ့ဆုံ၍ ပျော်ရွင်ရခြင်းသည် ကျွန်ုပ်တို့ မမွေးဖွားမီကပင် အမိဝမ်းတွင်းမှ သင်ကြားခဲ့ရသည့် အချက်ဖြစ်ပြီး အခြားအခြားသော လူမှုဆက်သွယ်ခြင်းများ၏ စံနမူနာလည်း ဖြစ်ပေသည်။ ကျွန်ုပ်တို့ကို လက်ခံကြိုဆိုခဲ့သည့် အမိဝမ်းခေါင်းသည် ဆက်သွယ်မှု နို့ရည်တိုက်ပေးသည့် ရှေးဦး “ကျောင်းတော်”လည်းဖြစ်၏။  ဤဂေဟာလေး၌ မိခင်၏ နှလုံးခုန်နှုန်းအောက်တွင် စိတ်ချလက်ချ ကိန်းအောင်းကာ ခန္ဓာကိုယ်ထိတွေ့ခြင်းတို့၏ ရှေးဦးရိပ်သာလေးပင်ဖြစ်ပါသည်။ ဤတွင် ကွဲပြားခြားနားသော်လည်း အရင်းနှီးဆုံး ဆက်နွယ်နေကြသည့် ပုဂ္ဂိုလ်နှစ်ဦးအကြားရှိ မျှော်မှန်းချက်မြင့်မားသော တွေ့ဆုံမှုသည် ကျွန်ုပ်တို့အတွက် ပထမဆုံး ဆက်သွယ်ခြင်းအတွေ့အကြံကို ထပ်တူရရှိထားခဲ့ကြပြီ ဖြစ်သည်။ 

လောကထဲသို့ ကျွန်ုပ်တို့မွေးဖွားရောက်ရှိလာကြပြီးသော်လည်း တစ်နည်းတစ်ဖုံအားဖြင့် မိသားစုဆိုသည့် ၀မ်းခေါင်းထဲတွင်ကျွန်ုပ်တို့ ဆက်လက်ရှိနေကြပါသည်။ တစ်ဦးနှင့်တစ်ဦး အညမည ဆက်နွယ်နေကြသော ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော မိသားစုဟူသည့်ဝမ်းခေါင်း၌ မတူညီကွဲပြားမှုများကြားတွင်ပင် အခြားသူများနှင့် နေထိုင်နိုင်ရန်ကျွန်ုပ်တို့သင်ယူကြပါသည်(EvangeliiGaudium,66)။ အဖိုအမဟူသည့်လိင်အရသော်လည်းကောင်း၊  အသက်အရွယ်အရသော်လည်းကောင်း မတူညီကြသော်လည်း မိသားစုဝင်များသည်  ၄င်းတို့ကို ချည်နှောင် ထားသည့် နှောင်ကြိုးကြောင့် အချင်းချင်းတစ်ဦးကိုတစ်ဦး လက်ခံကြသည်။ 

ဤသို့တော်စပ်မှု နယ်ပယ်ကျယ်ပျံ့လျှင်သော်လည်းကောင်း၊ အသက်အရွယ်ကွာခြားမှုကြီးလာလျှင်သော် လည်းကောင်း ကျွန်ုပ်တို့၏ အသက်ရှင်သည့်ပတ်ဝန်းကျင်သည် ပိုမို၍ ပြည့်စုံကြွယ်ဝလာပါသည်။ ဤမိသားစုနှောင်ကြိုးသည် ကျွန်ုပ်တို့ပြောဆိုသော ဘာသာစကား၏ ဇစ်မြစ်ဖြစ်၍ ဘာသာစကားသည်လည်း ထိုနှောင်ကြိုးကို ခိုင်မာစေ၏။ ဘာသာစကားသည် ကျွန်ုပ်တို့တည်ထွင်ဖန်တီးထားသည့် အရာမဟုတ်သော်လည်း လက်ခံရရှိထားကြသည့်အတွက်ကြောင့် ဘာသာစကားကို ကျွန်ုပ်တို့အသုံးပြုကြပါသည်။  မိခင်စကားကို ပြောတတ်အောင်မိသားစုရင်ခွင်၌ကျွန်ုပ်တို့သင်ယူခဲ့ကြသည်။ မိခင်စကားသည်ကျွန်ုပ်တို့အလျင်သွားနှင့်ကြသော ပုဂ္ဂိုလ်တို့၏ စကားများပင်ဖြစ်၏ (Mac ၇း၂၅၊၂၇)။ ကျွန်ုပ်တို့ထက်အလျင် အသက်ရှင် နေထိုင် ကြသည့် လူများရှိကြသည်။ ၄င်းတို့သည် ကျွန်ုပ်တို့တည်ရှိလာရန်နှင့် ကျွန်ုပ်တို့မှတစ်ဆင့် ထပ်မံပျံ့ပွားစေကာ ကောင်းမြတ်လှပရာတို့ကို ဆက်လက်လုပ်ဆောင်ပေးသွားရန် ဖန်တီးပေးခဲ့ကြသည်ကို မိသားစုအတွင်းတွင် ကျွန်ုပ်တို့သိရှိနားလည်လာခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဦးစွာပထမလက်ခံရထားခဲ့ကြသည့် အတွက်ကြောင့်သာ ပြန်လည်ပေးဆပ်နိုင်ကြသည်။ ဤပါရမီစက်ဝိုင်းတော်သည် မိသားစုဝင်အချင်းချင်း ဆက်သွယ်ခြင်းနှင့် မိသားစု အပြင်ဘက်ရှိ အခြားသူများနှင့် ဆက်သွယ်နိုင်ခြင်းတို့၏ နှလုံးသည်းပွတ်ဖြစ်၏။ ယေဘုယျအားဖြင့်ဆိုရသော် မိသားစုသည်အားလုံးသော ဆက်သွယ်မှုတို့၏စံနှုန်းဖြစ်သည်။ 

ကျွန်ုပ်တို့အလျင်သွားခဲ့ကြသော ပုဂ္ဂိုလ်တို့၏ ဆက်သယ်မှုအတွေ့အကြုံကြောင့် မိသားစုသည် အခြေခံအကျဆုံး ဆက်သွယ်ခြင်းဖြစ်သည့် ဆုတောင်းမေတ္တာကို လက်ဆင့်ကမ်းရာဂေဟာဖြစ်လာသည်။  မိဘများသည် မိမိတို့မွေးကင်းစကလေးများကို ချောသိပ်သည့်အခါ မကြာခဏဆိုသလို သူတို့အပေါ် ဘုရားသခင် စောင့်ရှောက်စေရန် ကိုယ်တော်ရှင်ထံအပ်နှံထားကြသည်။ ကလေးများကြီးလာချိန်တွင် မိဘများက သူတို့အား လွယ်ကူသည့်ဆုတောင်းမေတ္တာလေးများကိုသင်ကြားပေးရင်း အဖိုးအဖွားများ၊ ဆွေမျိုးများ၊ ဖျားနာသူ၊ ဒုက္ခခံစား နေရသူများနှင့် ဘုရားသခင်၏ ကူညီမှိုင်းမခြင်း လိုအပ်နေသူတို့ကို မေတ္တာကရုဏာဖြင့် အောက်မေ့သတိရရန် သွန်သင်ပေးကြသည်။ ကျွန်ုပ်တို့အများစုသည်ဆက်သွယ်မှု၏ ဘုရားတရားရေး အသွင်ကို မိသားစုအတွင်းတွင် သင်ယူခဲ့ကြသည်။ ခရစ်ယာန်ဘာသာအတွက် ဤဘုရားတရားအသွင် လက္ခဏာသည် ဘုရားသခင်မှ ကျွန်ုပ်တို့အပေါ်သို့စတင်သွန်းလောင်းခဲ့သဖြင့်ကျွန်ုပ်တို့သည်သူတစ်ပါးဆီသို့ကမ်းလှမ်းသည့် မေတ္တာတရားနှင့် ပြည့်လျှံစေသည်။  တစ်ဦးကိုတစ်ဦး ချစ်ခင်ပံ့ပိုးရန် မျက်နှာပုံပန်းသဏ္ဍာန်တို့နှင့် ဆိတ်ငြိမ်မှုတို့၏ အနက်အဓိပ္ပါယ်ကို ပိုင်းခြားသိမြင်နိုင်ရန်သော်လည်းကောင်း၊ ကိုယ်တိုင်မရွေးကြသော်လည်း မိမိအတွက် အရေးကြီး၍ မိမိနှင့်အတူနေကြရသည့် ပုဂ္ဂိုလ်များနှင့် အေးအတူ၊ပူအမျှ၊ရယ်အတူ ငိုအတူ နေထိုင်တတ်ရန်တို့ကို ကျွန်ုပ်တို့သည် မိသားစုတွင်သင်ယူကြသည်။ ထိုအရာသည် ဆက်သွယ်ခြင်းဆိုသည်မှာ သိမှတ်ခြင်း၊ မှတ်မိခြင်း၊ နီးစပ်မှုကို ဖန်တီးပေးခြင်းဖြစ်သည်ဟူ၍ သဘောပေါက်ရန် ကြီးမားစွာအထောက်အကူဖြစ်စေသည်။ တစ်ဦးနှင့်တစ်ဦး ရင်းနှီးပြီး အချင်းချင်းလက်ခံကြခြင်းဖြင့် ကွာဟခြားနားမှုများကို နည်းပါးစေလျှင် ကျွန်ုပ်တို့သည် ကျေးဇူးသိတတ်ခြင်းနှင့် ပျော်ရွင်ခြင်းတို့ကို ခံစားကြရသည်။ မယ်တော်မာရီးယား၏ နုတ်ခွန်းဆက်စကားနှင့် မိမိဝမ်း၌ ကလေးခုန်မြူးခြင်းတို့သည် ဧလိဇဘက်အတွက် ကောင်းကြီးမင်္ဂလာဖြစ်သည်။

တစ်ဆက်တည်းတွင်ပင် မိမိနှင့်မိမိလူမျိုးအပေါ်ထားရှိသည့် ဘုရားသခင်၏ မေတ္တာတော်စီမံကိန်းကြီးကို ချီးမွမ်းသည့် မက်နီဖီကတ် သီချင်းကို မယ်တော်သီဆိုခဲ့ပါသည်။ ဘုရားရားသခင်၏အလိုတော်ကို ယုံကြည်မှု အပြည့်အ၀ဖြင့် လက်ခံလိုက်ခြင်းသည် ကမ္ဘာပေါ်တွင် ရရှိထားသည့် ကျွန်ုပ်တို့၏ဘ၀ကိုသာမက အကျိုးကျေးဇူး အသီးအပွင့်များစွာဖြစ်ထွန်းစေပါသည်။ အလည်အပတ်သွားခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ သီးခြားကမ္ဘာလေး ထဲတွင် ပိတ်ဆို့နေထိုင်ခြင်းမှသည် အပြင်ထွက်၍ သူများဆီသို့ ထိတွေ့ ဆက်ဆံခြင်းဖြင့် တံခါးများကိုဖွင့်ခြင်းကို ဆိုလိုပါသည်။ ဤသို့ပြုလုပ်ကြသော မိသားစုသည် အသက်ရှင်ခြင်းနှင့် စည်းလုံးခြင်းတို့ဆိုင်ရာ သတင်းစကားကို ဖြန့်ချီကြသည်။ အားနည်းချိနဲ့နေသည့် အခြားမိသားစုများကို နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်ပေးခြင်းဖြင့် မိသားစုများ၏ မိသားစုဖြစ်သော အမိအသင်းတော်ကြီးကို တည်ဆောက်ကြပါသည်။

အခြားနေရာ၊ အုပ်စုများထက် မိသားစုထဲ၌သာလျှင် ကျွန်ုပ်တို့၏ အားနည်းမှုများ၊ အကန့်အသတ်များ၊ မပြည့်စုံမှုများကို သိရသည့်အပြင် ပြသနာထွေလာသောင်းပြောင်းကြားထဲ၌ အခြားသူများနှင့် အေးချမ်းစွာတွဲဘက် နေထိုင်ရန် အတွေ့အကြုံများရရှိကြလေသည်။ အစစ၊ အရာရာပြေလည်နေသည့် မိသားစုဟူ၍ မရှိပေ။ မပြည့်စုံမှုများ၊ အားနည်းချက်များနှင့် ပြေလည်သွားစေရန်သင်ယူကြရမည်ဖြစ်သည်။ တစ်ဦး၏ကန့်သတ်မှု များနှင့် အပြစ်အနာဆာများကို နောက်တစ်ဦးမှ နားလည်မှုမေတ္တာပြသခြင်းဖြင့် မိသားစုသည်  ခွင့်လွှတ်ခြင်းဆိုင်ရာ ကျောင်းတော်ကြီးဖြစ်လာသည်။ ခွင့်လွှတ်ခြင်းသည်ဖြစ်ရိုးဖြစ်စဉ် တစ်ရပ်သာဖြစ်ပါသည်။ မိမိအပြစ်အမှားအတွက် ၀မ်းနည်းကြေကွဲမှုပြသခြင်းနှင့် မိမိ၏အပြစ်အမှားကို လက်ခံတတ်ခြင်းရှိလျှင် ပျက်ပြားခဲ့သော ဆက်သွယ်ခြင်း လမ်းကြောင်းကို ပြန်လည်ထူထောင်ပေးနိုင်ပါသည်။ မိသားစု၌ သူတစ်ပါးကို နားထောင်ပေးတတ်သောသူ၊ ရိုသေစွာပြောဆိုတတ်ကာ မိမိ၏အယူအဆကို အခြားသောသူများအား ရှုတ်ချခြင်းမရှိ ပြောဆိုတင်ပြတတ်သော ကလေးသည် တစ်နေ့၌ လူ့ဘောင် အလယ်တွင် ဆွေးနွေးညှိနှိုင်းခြင်း နှင့် ပြန်လည်သင့်မြတ်စေခြင်းတို့အတွက် ခွန်အားတစ်ရပ်ဖြစ်လာပေမည်။

ဆက်သွယ်မှုဆိုင်ရာစိန်ခေါ်ခြင်းများနှင့်ပတ်လာလျှင် မသန်မစွမ်းကလေးများရှိသည့် မိသားစုများသည် ကျွန်ုပ်တို့ကို သင်ခန်းစာပေး၍ုသင်ကြားပေးနေပါသည်။ မျက်စိ၊ နားနှင့် ဦးနှောက်အာရုံ တစ်ခုခုအားနည်း ချို့တဲ့ ခြင်းသည် ဝေဒနာရှင်ကလေးအတွက် အခြားသူများနှင့် ကင်းကင်းဝေးဝေး တစ်ကိုယ်တည်း ဖယ်ရှောင် နေလိုသည့် ဆန္ဒများဝင်လာစေသော်လည်း မေတ္တာပြသ၊ နားလည်ပေးကြသော မိဘများ၊ ညီအစ်ကိုမောင်နှမ များနှင့် မိတ်ဆွေများကြောင့် ပွင့်လင်းမှု၊ ဝေငှလိုမှုနှင့် အလွယ်တစ်ကူ ပေါင်းသင်း ဆက်သွယ်မှု လမ်းများကို ပွင့်စေပါသည်။ အဆိုပါ မိသားစုများသည် စာသင်ကျောင်းများ၊ ဘာသာအုပ်စုလေးများနှင့် အဖွဲ့အစည်း အသင်းများကိုလည်း လူသူမရွေးလက်ခံကြိုဆိုစေရန် သြဇာညောင်း စေနိုင်ပါသည်။ ဆဲဆိုတိုင်းထွာခြင်း၊ ကျိန်ဆဲခြင်း၊ သွားပုတ်လေလွှင့်ပြောဆိုခြင်းတို့ဖြင့် ပတ်ဝန်းကျင်ကို ကွဲပြားစေကာ ရန်မူစေခြင်းဆိုသည့် အဆိပ် များခတ်နေသော ဤကမ္ဘာ၌ မိသားစုသည် ဆက်သွယ်ခြင်းမင်္ဂလာကို လက်ဆင့်ကမ်း သင်ကြားပေး နိုင်သည်။

မုန်းတီးမှုနှင့် အကြမ်းဖက်မှုများစိုးမိုးနေကြသည့် အခြေအနေများ၊ အုတ်တံတိုင်းများသာမက ဖောက်ထွင်းရန် မလွယ်ကူလှသည့် ကြိုတင်အထင်လွဲမှုများနှင့် နာကျည်းမှုများဖြင့် ရောယှက်နေသော ကာကွယ်မှုတံတိုင်းများ ‘တော်၊ တန်၊ တိတ်၊ ရှေ့မတိုးနှင့်’ ဆိုသည့်ကြွေးကြော်သံများ၊ လွှမ်းမိုးနေသည့် နေရာများတွင် ကျိန်ဆဲခြင်းထက် ကောင်းချီးပေးခြင်း၊ နောက်ဆုတ်ခြင်းထက်ရှေ့တိုးခြင်း၊ ရန်မူခြင်းထက် မိတ်ဖွဲ့ခြင်းတို့ဖြင့် သာလျှင် ‘အကြမ်းဖက်၊ အဆိုးဖက်စက်ဝိုင်း’ ထဲမှ ရုန်းထွက်နိုင်ကာ ကောင်းမြတ်ခြင်းသည် အမြဲဖြစ်နိုင်ကြောင်း  ပြသရင်း မိတ်သဟာယ ဖွဲ့ခြင်းကို ကျွန်ုပ်တို့၏ကလေးသူငယ်များအား သင်ပေးသင့်သော သင်ခန်းစာဖြစ်သည်ဟူ၍ လက်တွေ့ပြသနိုင် မည်ဖြစ်ပါသည်။

ဤမျက်မှောက်ခေတ်တွင် အထူးသဖြင့်လူငယ်ထုအတွက်မရှိမဖြစ်အရာတစ်ခုဖြစ်နေသည့်ခေတ်သစ် မီဒီယာသည် မိသားစုအတွင်းနှင့် မိသားစုများအကြားတွင် လူမှုဆက်သွယ်ရေးအတွက် အထောက်အကူ ဖြစ်နိုင်သကဲ့သို့ အတားအဆီးလည်းဖြစ်နိုင်သည်။ မီဒီယာသည် ကျွန်ုပ်တို့အား တခြားသူများကိုနားမထောင်နိုင်ရန် ဖန်တီးပေးခြင်း၊ သူတစ်ပါးနှင့်မထိတွေ့စေရန် ထားဆီးထားခြင်းနှင့် တိတ်ဆိတ်ချိန်၊ အနားယူချိန်များကို လွမ်းမိုးနေပါလျှင် ဆက်သွယ်ခြင်းအတွက် အမှန်တကယ် အနှောက်အယှက် ဖြစ်ပေသည်။ ဤသို့ဖြင့် ရဟန်းမင်းကြီး (၁၆) ကြိမ်မြောက်ဘင်နဒစ် မြွတ်ကြားခဲ့သကဲ့သို့ ‘‘ဆိတ်ဆိတ်နေခြင်းသည် ဆက်သွယ်ရေးမှ သီးခြားခွဲထုတ်၍မရသော လိုအပ်ချက်တစ်ခုဖြစ်သည်။ ဆိတ်ဆိတ်ခြင်းမရှိလျှင် သတင်းအချက်အလက်၌ပါရှိသော စကားလုံးများ၏ အနက်အဓိပ္ပာယ် မည်မျှလောက်ပင် ကြွယ်ဝသည့် စကားများဖြစ်စေကာမူ ထိုစကားတို့သည်  ရပ်တည်ရှိနိုင်ခြင်း ရှိမည်မဟုတ်ပေ’ (၂၀၁၂ ခုနှစ်၊ ကမ္ဘာ့ဆက်သွယ်ရေးနေ့ သ၀ဏ်လွှာ)။ 

လူအများက မိမိတို့၏အကြောင်းများကို အခြားသူများနှင့် ဝေငှနိုင်စွမ်းပေးလျှင်သော်လည်းကောင်း၊ အဝေးရောက် မိတ်ဆွေများနှင့် ဆက်သွယ်ထိတွေ့နေလျှင်သော်လည်းကောင်း၊ အခြားသူများကို ကျေးဇူးတင်ခြင်း သို့မဟုတ် သူတို့ထံမှအခွင့်ချမ်းသာတောင်းစေလျှင်သော်လည်းကောင်း၊ နောက်ဆုံး၌အတွေ့အကြုံအသစ်များကို လက်ခံရန် စိတ်နှလုံးသားကို ဖွင့်လှစ်ထားစေလျှင်သော်လည်းကောင်း မီဒီယာသည် လူမှုဆက်သွယ်ရေးကို အမှန်ပင် အထောက်အကူပြုနိုင်ပေသည်။ နေ့စဉ်ဘ၀တွင် အခြားသူများနှင့်တွေ့ဆုံခြင်း၏ အရေးကြီးပုံကို သတိမူမိကြပါ လျှင် ကျွန်ုပ်တို့သည့် မီဒီယာမှပေးသော ‘အခွင့်အလမ်းသစ်များ’ နှင့် နည်းပညာများကို အသိဥာဏ်ဖြင့်ချင့်ချိန်၍ အသုံးပြုကာ ၄င်းတို့၏ စိုးမိုးချုပ်ခြယ်ခြင်းမှ ရုန်းထွက်နိုင်ကြမည်။

ထိုကဏ္ဍတွင် မိဘများသည် ရှေးဦးဆရာသမားများဖြစ်ကြသော်လည်း သူတို့၏ ပုခုံးပေါ်တွင်သာ တာဝန် မပုံချ အပ်ပေ။ လူ့သိက္ခာနှင့်ဆီလျော်၍ လူ့ဘောင်၏အကျိုးသက်ရောက်စေသည့်နည်းလမ်းအတိုင်း မီဒီယာ နယ်ပယ်တွင် နေထိုင်ကျက်စားတတ်ရန် ကလေးသူငယ်များကို ပညာသင်ပေးရာ၌ ခရစ်ယန်အဖွဲ့အစည်း တစ်ခုလုံးသည် မိဘများကို ပံ့ပိုးပေးရမည်။
ယနေ့ခေတ်၏ စိန်ခေါ်မှုကြီးသည် သတင်းအတိုအထွာရှာဖွေစုဆောင်းဖြန့်ချီရေးထက် တစ်ဦးနှင့်တစ်ဦး စကားပြောဆိုကြရန် ပြန်လည်သင်ယူရေးပင်ဖြစ်သည်။ ခေတ်သစ်လူထုဆက်သွယ်ရေးကိရိယာများသည် အရေးပါအရာရောက်၍ သတင်းကဏ္ဍအပေါ် သြဇာသက်ညောင်းသည်။ သတင်းစုဆောင်းရေးကိစ္စသည် အရေးကြီးသော်လည်း ထိုအရာတစ်ခုတည်းနှင့် မလုံလောက်ပေ။  မကြာခဏဆိုသလို သတင်းဌာန၏ ပယောဂကြောင့် တစ်ချို့ကိစ္စများမှာ အရေးမကြီးသကဲ့သို့ဖြစ်သွားရကာ  မတူညီသောခံယူချက်များနှင့် ရှုထောင့်များဖြင့် ရန်သူအဖြစ်သတ်မှတ်ကြရင်း လူထုအား ဖြစ်ရပ်မှန်တစ်ခုလုံးအပေါ် ခြုံငုံသုံးသပ်စေမည့်အစား ‘သူ့ဘက်၊ ကိုယ့်ဘက်’ ဟူ၍ ဂိုဏ်းခွဲ၍ ဘက်လိုက်ြခင်းဖြစ်လာစေပါသည်။


နိဂုံးချုပ်တွင် မိသားစုသည် စကားရေလုပွဲဆိုင်ရာကိစ္စမဟုတ်သကဲ့သို့ ပါတီဝါဒရေးရာအတိုက်အခံလုပ်ရသည့် နေရာလည်းမဟုတ်ပေ။ ကျွန်ုပ်တို့အချင်းချင်း ရင်းနှီးမှုခံစားကာ ဆက်သွယ်ကြရန်သင်ကြားပေးသည့်ပတ်ဝန်းကျင် ဖြစ်သည်။ အသွားအလာ၊ အပေးအယူ၊ အပြောအဆိုစသည့်  ဆက်သွယ်မှုအဖွဲ့အစည်းကို ပေါ်ထွန်း စေသည့် နယ်ပယ်ဖြစ်သည်။ 

မိသားစုသည် ကူညီပံ့ပိုးပေးသည်အဖွဲ့အစည်းတစ်ခုဖြစ်၍ အသက်ရှင်ခြင်းကို ၀မ်းသာစွာလက်ခံကျင်းပလျက် အသီးအပွင့်များကိုလည်း ဖြစ်ထွန်းစေပါသည်။  ထိုအချက်ကိုကောင်းစွာ သဘောပေါက်ပါလျှင် ကျွန်ုပ်တို့သည် မိသားစုကိုပြသနာတစ်ခုအဖြစ်သော်လည်းကောင်း၊ မကြာမီတိမ်ကောသွားတော့မည့်အဖွဲ့အစည်းတစ်ခုကဲ့သို့ လည်းကောင်း မမြင်ကြတော်ပဲ လူ့ဘောင်အတွက် ပြည့်စုံကြွယ်ဝ၍  တည်တန့်ခိုင်မြဲနေမည့် အင်အား အရင်းအမြစ်ကြီးသဖွယ် ရှုမြင်လာကြပေလိမ့်မည်။

တစ်ခါတစ်ရံ မီဒီယာက မိသားစုကို ရှင်သန်လှုပ်ရှားနေသည့် ဖြစ်ရပ်တစ်ခုအဖြစ်သရုပ်မဖေါ်သကဲ့သို့ စိတ်ကူးစိတ်သန်းထဲတွင်သာရှိသည့် ဒီဇိုင်းပမာ လက်ခံ၊ ခုခံရန်လည်းကောင်း၊ သို့မဟုတ် တွန်းလှန်ဖယ်ရှား ပစ်ရန်လည်းကောင်း တင်ပြတတ်ပါသည်။ သို့တည်းမဟုတ် မိသားစုကို ၀ိဝါဒဆိုင်ရာ အငြင်းပွားရမည့်နေရာဟု ထင်မှတ်လျက်၊ ပြသနာကို မီးမောင်းထိုးပြကာ အချင်းချင်းလက်ခံ၍ မေတ္တာကိုတုံ့ပြန်ပေးဆပ်လျက် တစ်ဦးကိုတစ်ဦး ဆက်သွယ်ရန် သင်ယူ၊ သင်ကြားပေးနေသည့် လှပသောဂေဟာလေးဟု မတင်ပြကြပေ။ ကျွန်ုပ်တို့၏ တွေ့ကြုံခံစားချက်များကို ဝေငှပြောဆိုဆက်သွယ်ကြခြင်းမှာ ကျွန်ုပ်တို့၏ဘ၀သည် တစ်ခုတည်း သောဖြစ်စဉ်ကဲ့သို့ ပေါင်းစပ်လက်ရှိပြီး ကျွန်ုပ်တို့၏အသံများသည် များပြားသော်လည်း တစ်လုံးတစ်ဝတည်း ပေါင်းစပ်လျက် တစ်မူထူးခြားလှပခြင်းကို ဆိုလိုပါသည်။

မိသားစုကို လူ့ဘောင်၏ ပြသနာတစ်ရပ်ထက် အင်အားအရင်းအမြစ်တစ်ခုကဲ့သို့ မြင်ကြရမည်။ မိသားစုများ၏ အမွန်မြတ်ဆုံးအချိန်သည် မိမိတို့ဘ၀သက်သေပုံစံဖြင့် ဇနီးမောင်နှံ အမျိုးသားနှင့် အမျိုးသမိးတို့အကြား၊ မိဘနှင့်သားသမီးတို့အကြားရှိသည့်လှပမှုနှင့်ချမ်းသာမှုတို့ကို ဝေငှပေးဆပ်ဆက်သွယ်ကြသောအချိန်ဖြစ်သည်။ 

ကျန်ရစ်ခဲ့သည့် အတိတ်ကာလကို ခုခံကာကွယ်ပြောဆိုနေခြင်းမဟုတ်ပါ။ သို့သော် သည်းခံခြင်း၊ မျှော်ကိုးခြင်း တို့ဖြင့် ကျွနုပ်တို့နေထိုင်အသက်ရှင်ကြသည့် ‘စုံလင်ကမ္ဘာ၊ ခုံမင်စရာ၊ ဘုံဂေဟာ’ လေး၏ အနာဂတ်ကို ပို၍ ကောင်းမွန်အောင် အတူတကွကြိုးပမ်းစေရန်သာ ရည်ရွယ်ပါသည်။

ရဟန်းမင်းကြီး ဖရန်စစ်
ဗာတီကန်မြို့တော်
(၂၃)ရက်၊ (ဇန်န၀ါရီ)လ (၂၀၁၅)ခုနှစ်။
ဆေးလ်မြို့ရဟန္တာဖရန်စစ် ပွဲတော်ကြိုရက်မြတ်။


Saturday, 2 May 2015

ပဉ္စမ-ပါစကားတနင်္ဂနွေနေ့


သံယောဟန် ၁၅း၁-၈
ယနေ့ဖတ်ရှုရသည့် ဧ၀ံဂေလိတရားတော်တွင် ယေဇူးခရစ်တော်က မိမိကိုယ်ကို စပျစ်နွယ်ပင်အဖြစ် ခိုင်းနှိုင်းထားပြီး သူ၏နောက်လိုက်များကိုလည်း စပျစ်အကိုင်းအခက်များအဖြစ် ခိုင်းနှိုင်းပြောဆိုထားပါတယ်။ စပျစ်ပင်တွေနဲ့ပြည့်နက်နေတဲ့ ဒေသဖြစ်မှာ နေထိုင်သည့် ဂျူးလူမျိုးတွေအတွက်တော့ စပျစ်နွယ်ဆိုတဲ့ ဥပမာခိုင်းနှိုင်းမှုမှာ အဓိပာယ်တွေအပြည့်အ၀ အလေးအနက်ဖြင့် ကြွယ်ဝလွန်းလှပါတယ်။ ထို့ကြောင့် ပရော်ဖက်ဟေရှာယ (Isaiah 5:7)က အီစ္စရာအဲလ်လူမျိုးစုကို ဘုရားသခင်၏စပျစ်ခြံအဖြစ် ခိုင်းနှိုင်း ဟောပြောခဲ့ပါတယ်။ ထို့အပြင် ယေရမိ (Jeremiah 2:21)ကလည်း ထိုလူမျိုးစုကို ဘုရားသခင်ရွေးချက်ခဲ့သော စပျစ်ပင်အဖြစ် ဟောပြောခဲ့ပါတယ်။ အီစ္စရာအဲလ်လူမျိုးများ အပြစ်လုပ်လာကြသောအခါ ပရော်ဖက် ဟေရှာယ (Isaiah 5:1-7)က ထိုလူမျိုးစုကို စပျစ်သီးအရိုင်းများကို သီးလာကြသည့် စပျစ်ပင်အဖြစ် ဆုံးမသွန်သင်ပါတယ်။ ထို့ကြောင့် စပျစ်ခြံ၊ စပျစ်ပင်နှင့် စပျစ်နွယ်၊ အကိုင်းအခက်တွေဟာ အဓိပာယ်အလွန်ကြွယ်ဝလှတဲ့ ပုံဥပမာခိုင်းနှိုင်းစရာဖြစ်လာခဲ့တာ မထူးဆန်းပါဘူး။

ယနေ့ ယေဇူးသခင်လည်း - ငါသည် စစ်မှန်သော စပျစ်နွယ်ပင်ဖြစ်၏။ ငါတည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ပင်၏အကိုင်းအခက်တို့သည် အပင်နှင့်တဆက်တည်းမရှိလျှင် မိမိတို့အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။ ငါသည်စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်လည်း အကိုင်းအခက်များ ဖြစ်ကြ၏။ - ဟုဆိုထားပါတယ်။
ယဇူးခရစ်တော်ပေးခဲ့သည့် ဤပုံဥပမာဟာ အရမ်းကို အသက်ဝင်ပြီး ရှင်းလင်းလှပါတယ်။ ခရစ်တော်သခင် မိန့်ဆိုခဲ့ပါတယ်- ကျွန်ုပ်တို့ဟာ စပျစ်အကိုင်းခက်များဖြစ်ပါတယ်တဲ့။ စပျစ်အကိုင်းအခက်များဖြစ်သည့် ကျွန်ုပ်တို့တတွေဟာ အသီးသီးဖို့သာမဟုတ်ဘဲ ဆက်လက်ရှင်သန်ဖို့အတွက် စပျစ်နွယ်ပင်ကြီးနှင့် ဆက်စပ်နေရပါမယ်။ သို့မဟုတ်လျှင် အသီးလည်းမသီးနိုင်ဘဲ ညိုးနွမ်းခြောက်သွေ့၍ အသက်ဆုံးရှုံးရုံသာရှိပါလိမ့်မယ်။ 

ခရစ်တော်သခင် ကောင်းကင်ဘုံသို့ တက်ကြွမည်ဖြစ်သောကြောင့် များစွာသော ပြင်ဆင်မှု့များကို ကျွန်ုပ်တို့လူသားများအတွက် လုပ်ဆောင်ခဲ့ပါတယ်။ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားကို စေလွှတ်တော်မူတယ်။ ထို့အပြင် ခရစ်တော်၏အသင်းတော်ကို တည်ထောင်ပေးခဲ့တယ်။ ခရစ်တော်အသက်ရှင်စဉ် မြင်နိုင်ရာဖြစ်ခဲ့သလို သူကောင်းကင်ဘုံသို့ တက်ကြွတော်မူသည့်အခါ၌လည်း သူ၏အသင်းတော်၌ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှု့ဖြင့် အခြားသော မြင်နိုင်ရာခေါင်းဆောင်များကို ရွေးချယ်ခန့်ထားတော်မူပါတယ်။ ထိုကြောင့်လည်း ကောင်းကင်နိုင်ငံသော့ခ်ကို သီးသန့် ခါင်းဆောင်လက်ထဲသို့ အပ်နှင်းခဲ့ပါတယ်။ခရစ်တော်ယေဇူးကို ယုံကြည်နေမှတော့ ကျွန်ုပ်တို့တတွေ မြင်နိုင်ရာခေါင်းဆောင် လိုပါဦးမလား။ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတို့နည်းလမ်းအတိုင်း၊ လူတို့နိယာမအတိုင်းသာလျှင် လူတို့နားလည်နိုင်ပါတယ်။ သို့မဟုတ်လျှင် ခရစ်တော်ကိုယ်တိုင်လည်း လူတို့နည်းလမ်းအတိုင်း၊ သဘာဝနိယာမအတိုင်း မွေးဖွားခြင်းမခံဘဲ၊ ဒုက္ခစရိယာမခံဘဲ လူတွေကို ကယ်တင်နိုင်ပါတယ်။ သို့သော်လည်း လူတို့၏လွတ်လပ်ခွင့်ကို ဦးစားပေးထားသောကြောင့် လူတို့နားလည်နိုင်သည့် နည်းလမ်းနှင့် နိယာမကို ခရစ်တော်အသုံးပြုပါတယ်။ ကျွန်ုပ်တို့ စပျစ်အကိုင်းခက်တွေဟာ ရုပ်ဝတ္ထုတွေပါ။ စပျစ်အကိုင်းခက်တစ်ခုဟာ ပင်မရေသောက်မြစ်ကြီးနဲ့ထိတွေ့ဆက်စပ်နေဖို့ ပင်စည်၊ ပင်လုံးတွေနဲ့အရင်ထိတွေ့ရပါတယ်။ ဒါကြောင့် ခရစ်တော် ခရစ်တော်ဟု အော်ဟစ်ယုံကြည်နေပြီး ခရစ်တော်တည်ထောင်သည့် အသင်းတော်နှင့် ဆက်စပ်ပါဝင်ခြင်းမရှိလျှင် တကောင်ကြွက် စပျစ်ကိုင်းသာ ဖြစ်နေပါလိမ့်မယ်။ ခရစ်ယာန်ဟူသော စပျစ်အမျိုးအနွယ်ဖြစ်နေသော်လည်း သင်မူကား ရေသောက်မြစ်နှင့်ဝေးနေသော ခရစ်ယာန် စပျစ်အကိုင်းခက်သာ ဖြစ်နေပါလိမ့်မယ်။ သို့ဖြစ်လျှင် သင်သည် အသီးမသီးနိုင်၊ ဆက်လက်မရှင်သန်နိုင်။

စိန်သြဂက်စတင်းက သူ၏သြ၀ါဒထဲတွင် ယခုလိုရှင်းပြထားပါတယ်။ ခရစ်တော်က ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ သို့သော်လည်း သူ၏တပည့်တော်ကြီးများဟာ ခရစ်တော်က သူတို့၌တည်နေသလို သူတို့မတည်နေခဲ့ကြပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်၊ အကျိုးကျေးဇူးခံစားရတာကတော့ စပျစ်နွယ်မဟုတ်ဘဲ စပျစ်အကိုင်းအခက်တွေသာဖြစ်ပါတယ်။ အကယ်၍ စပျစ်အကိုင်းအခက်တွေဟာ စပျစ်နွယ်နှင့် ဆက်စပ်နေတဲ့အခါ စပျစ်နွယ်က အကျိုးမခံစားရပါဘူး - စပျစ်အကိုင်းအခက်တွေသာ အကျိုးခံစားရတာပါ။ စပျစ်အကိုင်းအခက်တွေဟာ စပျစ်နွယ်ကနေတဆင့် လိုအပ်တဲ့အဟာရဖြည့်ဆည်းမှုတွေ ရရှိကြတာပါ။ ထို့ကြောင့် စပျစ်နွယ်ကတော့ အကိုင်းအခက်တွေကို ပံ့ပိုးပေးဖို့သက်သက်သာ ဆက်နွယ်နေပါတယ်။ ထို့အတူ ခရစ်တော်နှင့် ကျွန်တော်တို့တတွေလည်း ဆက်နွယ်နေလျှင် ခရစ်တော်ထက် ကျွန်တော်တို့သာ အကျိုးခံစားရတာ ဖြစ်ပါတယ်။ တကယ်တော့ စပျစ်နွယ်မရှိဘဲ အကိုင်းအခက်တွေ ဘာမှ ဖြစ်မလာနိုင်သလို ဘာမှလည်း သီးပွင့်နိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် ခရစ်တော်က “ငါနှင့် ကင်းကွာလျှင် မည်သည့်အရာကိုမျှ မတတ်နိုင်ကြ။” ဟုမိန့်ဆိုခဲ့ပါတယ်။

မိတ်ဆွေ၊ ခရစ်တော်နှင့်ဆက်နွယ်နေသည့် ခရစ်ယာန်များအဖြစ် ကျွန်တော်တို့တတွေ မည်သို့သော အသီးအပွင့်များကို သီးပွင့်ကြမလဲ။

ခမည်းတော်သည်ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့။ ခမည်းတော်၏ပညတ်တော်များကိုစောင့်ထိန်း၍ ကိုယ်တော်၏ချစ်ခြင်းမေတ္တာ၌တည်နေသကဲ့သို့ သင်တို့သည်လည်း ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့။

ခရစ်ယာန်ဆိုသည်မှာ ချစ်ခြင်းမေတ္တာတရားအားဖြင့် ကမ္ဘာကြီးကိုအသွင်သာန်ပြောင်းလဲနေသူများ ဖြစ်ကြပါတယ်။ ထိုခရစ်ယာန်များထဲမှာ ကျွန်တော်တို့တတွေလည်း တစ်ဦးအပါအ၀င် ဖြစ်နိုင်ကြပါစေ။

ကိုရင် (ဒိုမီနီကန်)