Saturday, 17 January 2015

ဒုတိယမြောက်သာမန်တနင်္ဂနွေနေ့





သံယောဟန် ၁း၃၅-၄၂

ကျမ်းစာလေ့လာသူ ပညာရှင်များအရ ဧ၀ံဂေလိတရားကျမ်း (၄)ကျမ်းတွင် သံယောဟန်ကျမ်းဟာ အရိုးရှင်းဆုံးသော ဂရိဖြင့်ရေးသားထားသော်လည်း အနက်ရှိုင်းဆုံး ၀ိညာဉ်ရေးရာနှင့် ပြည့်စုံပြီး ကျမ်းဖတ်သူတို့အား ခရစ်တော်ဆီသို့ ညွှန်ပြထားသည်ဟု ဆိုကြပါတယ်။ အမှန်စင်စစ် ကျမ်းရေးပုဂ္ဂိုလ်ကြီးဟာ ရိုးရှင်းတဲ့စကားလုံးများဖြင့် လူများနားလည်နိုင်စေကာ ဘုရားသခင်နှင့် ပို၍နီးစပ်စေရန် ခရစ်တော်နောက် လိုက်ဖို့ ပို၍စဉ်းစားမိစေရန် ဖိတ်ခေါ်ထားပါတယ်။ ယနေ့ ဖတ်ရှု့ရတဲ့ တရားမှာလည်း ရိုးရှင်းလှတဲ့ မေးခွန်းလေးနှစ်ခုကို တွေ့နိုင်ပါတယ်။ ပထမတစ်ခုဟာ ခရစ်တော်မေးတဲ့မေးခွန်းဖြစ်ပြီး ဒုတိယတစ်ခုကတော့ နောက်ကလိုက်ပါလာတဲ့ ယောဟန်ဗတ္တိဇံရဲ့ တပည့်နှစ်ဦးမေးတဲ့ မေးခွန်းဖြစ်ပါတယ်။ 

သင်တို့သည် မည်သည့်အရာကို အလိုရှိကြသနည်း။
ကိုယ်တော်သည် မည်သည့်အရပ်၌နေတော်မူသနည်း။ 

မေးခွန်းလေးနှစ်ခုဟာ ရိုးရှင်းလွန်းလို့ မေးခွန်းလို့တောင် မယူဆရပါဘူး။ ထို့အပြင် အဖြေမှာလည်း ရိုးရှင်းလွန်းတာကို တွေ့ရပါတယ်။ “လာ၍ကြည့်ကြလော့” 

သံယောဟန်ကျမ်းမှာ ဖော်ပြထားတဲ့ ဤမေးခွန်းနှစ်ခုနှင့် အဖြေဟာ ရိုးရှင်းလွန်ပေမယ့် နက်ရှိုင်းလှတာကို တွေ့ရပါတယ်။ ခရစ်တော်ရဲ့အဖြေမှာ နောက်ကလိုက်လာသူနှစ်ဦး အလိုရှိရာကိုလည်း ရနိုင်သလို၊ ကိုယ်တော်ဘယ်မှာနေသလဲဆိုတာလည်း သိနိုင်ပါတယ်။ လာ၍ကြည့်ပါ။

 “လာ၍ကြည့်လော” ဆိုတဲ့စကားတခွန်းနောက်မှာ နက်ရှိုင်းလှတဲ့ သံယောဟန်ကျမ်းကြီးတစ်ခုလုံးပါပဲ။ ထိုသို့ လာ၍ကြည့်တဲ့အတွက် တပည့်တော်ကြီးတွေနဲ့ နောက်လိုက်တွေဟာ ခရစ်တော် မည်သူမည်ဝါ ဆိုတာသိခဲ့ရတယ်။ ခရစ်တော်ဆီက ထာဝရအသက်နဲ့ ကယ်တင်ခြင်းကို ရခဲ့ရတယ်။ အကြီးမြတ်ဆုံးသော တရားတွေနဲ့ ဘ၀ကိုပြောင်းလဲခဲ့ကြရလို့ သူတို့တတွေဟာ အကြီးမြတ်ဆုံးတွေဖြစ်ခဲ့ရတယ်။ ခရစ်တော်က သူငယ်ချင်းဟူ၍ပင် အခေါ်ခံရသည်အထိ အားလုံးကို ဖွင့်ထုတ်ဖော်ပြခဲ့တယ်။ ချစ်ခြင်းမေတ္တာတရားကို ထမ်းပိုးဝေမျှရင် ကိုယ်တော်၏နိုင်ငံတော်ကို ရောက်စေခဲ့ကြပါတယ်။
ဒီနေ့ ကျွန်တော်တို့ကိုလည်း ခရစ်တော်က “သင်တို့သည် မည်သည့်အရာကို အလိုရှိကြသနည်း” ဟုမေးနေပါတယ်၊ မိတ်ဆွေ။

ဒီရိုးရှင်းတဲ့မေးခွန်းလေးကို ဘာသာရေးကတိသစ္စာခံပွဲတွေမှာ အသုံးပြုတာကို သတိထားမိပါတယ်။ ရဟန်းတစ်ပါး (သို့) သီလှရှင်တစ်ပါး ကတိသစ္စာခံယူတဲ့အခါ ပထမဆုံး အမေးခံရတဲ့ မေးခွန်းဟာလည်း “သင်မည်သည့်အရာကို အလိုရှိသနည်း” … အဲဒီမေးခွန်းအတွက် “လာ၍ကြည့်လော” ဆိုတာ ရဟန်း၊ သီလရှင်တွေအတွက် ထာဝရပါပဲ။ တဘ၀လုံးရင်းပြီး အဖြေကိုယူခဲ့ရသလို၊ တဘ၀လုံးနဲ့ ရလာတဲ့အဖြေကို သက်သေခံနေကြတာဖြစ်ပါတယ်။ ထို့ကြောင့် နောက်ဆုံးအသက်အရွယ်ရလာတဲ့အခါ ဘ၀မှာ ကျေကျေနပ်နပ်ဖြင့်နေထိုင်အသက်ရှင်ရဆုံးသူ၊ အထိုက်တန်ဆုံးသူတွေအဖြစ် ကျေနပ်ကြတာ တွေ့ရပါတယ်.

ထို့အတူပဲ - အခြားသော ခေါ်တော်မူခြင်းကို ပိုင်ဆိုင်သူတွေလည်း မိမိတို့ဘ၀မှာ ကျေကျေနပ်နပ်နဲ့ အထိုက်တန်ဆုံးအသက်ရှင်ရပါတယ်လို့ ကျေနပ်စေဖို့ ခရစ်တော်ထံမှာ “လာ၍ကြည့်ကြပါ”။ သီးသန့်ဘာသာရေးဘ၀အသက်တာကို ရွေးချယ်မှရယ်လို့ မဟုတ်ပါဘူး။ တကယ်တန်းတော့ ခရစ်ယာန်ဘ၀ကိုက ဘာသာရေးအသက်တာဖြစ်ပါတယ်။ ခရစ်တော်အားဖြင့် ခရစ်ယာန်တွေဟာ ဘုရင်တွေပါ။ ရဟန်းတွေပါ။ ပရော်ဖက်တွေပါ။ ထို့ကြောင့် ဘုရင်လို အစေခံရမယ် (လောကီ အာဏာရစ်မူးသူများမဟုတ်ပါ)၊ ရဟန်းတွေလို လောကသားတွေနဲ့ ဘုရားအကြား ကြားခံဖြစ်ရမယ်၊ ထို့နောက် ပရော်ဖက်တွေလိုပဲ ဘုရားသခင်ပေးတဲ့ သတင်းစကားတွေကို ဝေမျှကြရမယ်။ ထိုသို့ လုပ်နိုင်ဖို့အတွက် စစ်မှန်တဲ့ခရစ်ယာန်ဘ၀ဖြင့် အသက်ရှင်ဖို့လိုအပ်ပါတယ်။ ထို့ကြောင့် ဆေးကြော်ခြင်းမင်္ဂလာခံယူခြင်းဟာ ရိုးရှင်းကောင်းရိုးရှင်းပါလိမ့်မယ် - သို့သော်လည်း ဆေးကြော်ခြင်းမင်္ဂလာဖြင့် အသက်ရှင်ရတဲ့ဘ၀ဟာ ထာဝရပါပဲ။ 

လောကသားတိုင်း ဘုရား (သို့) တရားတစ်ခုခုကို ရှာဖွေတတ်ကြတာပဲ။ ဒါဟာ ဘ၀နဲ့ရင်းပြီး ရှာဖွေကြရတာပါ။ ထို့အတွက် ခရစ်ယာန်တရားတော်မှာ ဘုရားကိုယ်တော်တိုင် (Theophany) မိမိကိုယ်ကို သန်ထုတ်ဖော်ပြသပြီး လူ့အဖြစ်ကို ယူကာ ဘုရားနှင့်တရား ဒွန်တွဲပြသ သက်သေခံခဲ့ပြီးသား ဖြစ်ပါတယ်။ ထို့အဖြစ်မှန်ကိုပဲ ယနေ့ သက်သေခံနေကြတာဟာ ခရစ်ယာန်တွေပါပဲ… ထို့ကြောင့် စစ်မှန်တဲ့ခရစ်ယာန်တစ်ဦးကို မြင်ခြင်းဟာ ခရစ်တော်ကိုမြင်ခြင်း (Christ-like) ဖြစ်ပြီး၊ ခရစ်တော်ကို မြင်ခြင်းဟာ ခမည်းတော်ဘုရားကို မြင်ခြင်း (Father and I are one)ပင် ဖြစ်ပါတယ်။ 

ဥပမာအားဖြင့် လတ်တလောမှာ စံနမူနာပြသစရာက ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်ပင် ဖြစ်ပါတယ်။ ဖီလစ်ပိုင်နိုင်ငံမှာ ၅ ရက်တာခရီးလည်ပတ်နေစဉ် လှုပ်ရှားမှု့တိုင်းဟာ ဘုရားစေလွှတ်တဲ့ တမန်တော်စစ်စစ်၊ ခရစ်ယာန်စစ်စစ် (Christ-like)ကို သက်သေခံနေတာ ပေါ်လွင်လှပါတယ်။ သီရိလင်္ကလာနိုင်ငံမှာလည်း ငြိမ်းချမ်းရေးတရားကို အပေါ်လွင်ဆုံးပြသနိုင်ခဲ့သလို၊ အကောင်းဆုံး သက်သေခံခဲ့တာမို့ ကျွန်တော်တို့မြန်မာခရစ်ယာန်တွေလည်း အရှင်သူမြတ်ကြီးကို အတုယူကာ စစ်မှန်သော ခရစ်ယာန် (Christ-like) ဖြစ်ဖို့ ယနေ့ ခရစ်တော်ကမ်းလှမ်းတဲ့ “လာ၍ကြည့်ကြလော” ကို လက်ခံယူကာ ခရစ်တော်ဘ၀ထဲကို လာ၍ကြည့်ကြပါ။ 

အရှင်သူမြတ်ကြီးမိန့်ဆိုသလိုပဲ - တို့တတွေမှာ တို့ဘ၀ရဲ့အခက်ဆုံးအချိန်များမှာ တို့နှင့်အတူ ငိုနိုင်သူ၊ တို့နှင့်အတူ လျှောက်လှမ်းနိုင်သူ၊ သခင်တစ်ပါးရှိတယ်။ ကားတိုင်ပေါ်က ခရစ်တော်ကို ကြည့်ကြပါစို့။ သူဟာ အားလုံးကို ခံထမ်းပေးနေလို့ ကျွနု်ပ်တို့အားလုံးကို နားလည်သူပါ။..  

ကိုရင် (ဒိုမီနီကန်)

No comments:

Post a Comment