ယနေ့ အသင်းတော်၌ ယေဇူးခရစ်တော်၏ဆေးကြော်ခြင်းမင်္ဂလာခံယူခြင်း
ပွဲတော်ကို ကျင်းပနေပါတယ်။ ဤပွဲတော်အားဖြင့် အသင်းတော်ရဲ့ ၀တ်ပြုကိုးကွယ်ရာပြကဒိန်မှာ
ခရစ္စမတ်ကာလကို အဆုံးသပ်ပါတယ်။ ခရစ္စမတ်ကာလတလျှောက်လုံး ပြန်လည်ထောက်ရှု့ကြည့်မည်ဆိုပါက
ထူးထူးခြားခြားနှင့် မှတ်သား ဖွယ်ရာက ဘုရားသခင်၏သဏ္ဍန်တော်ထုတ်ဖော်ပြသခြင်းအကြောင်းရာပင် ဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားများအား ဘုရားသခင်ကိုယ်တော်တိုင် သူ၏သဏ္ဍန်တော်ကို လူ့အဖြစ်ယူတော်မူခြင်းအားဖြင့် အလွန်ဆုံးအဆင့်ဖြင့် ပြသလိုက်ခြင်းဖြစ်ပြီး ယနေ့ ဆေးကြော်ခြင်းမင်္ဂလာခံယူခြင်းမှာလည်း လူ့အဖြစ်ယူခဲ့သည့် သားတော်ဘုရားအပြင် ခမည်းတော်ဘုရားနှင့် သန့်ရှင်းသောဝိညာဉ်တော် ဘုရားကိုပါဖ်ာပြခြင်းအားဖြင့် ကျွန်ုပ်တို့တတွေ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူအား ဖူးမျှော်တွေ့မြင်နိုင်ပါတယ်။
ဘုရားသခင်၏လမ်းကို ကြိုတင်ပြင်ဆင်သူဖြစ်သည့်အလျောက်၊ သံယောဟန်ဗတ္တိဇံဟာ ဂျော်ဒန်မြစ်မှာ သူ့နောက်တွင်ကြွလာမည့်သူ ခရစ်တော်ဟာသူ့ထက် ပို၍တတ်စွမ်းကြောင်း၊ သူ့ထက်ပို၍ မြင့်မြတ်ကြောင်း ဟောပြောပြီး ထိုမြင့်မြတ်ရှင်ဟာ သူ့လိုရေဖြင့်သာဆေးကြော်ခြင်းပေးသည် မဟုတ်ဘဲ ၀ိညာဉ်တော်မြတ်အားဖြင့်ဆေးကြော်ခြင်းပေးမည်ဟု ဟောပြောသက်သေခံနေပါတယ်။ ထို့ကြောင့် သံယောဟန်ဗတ္တိဇံ၏ဟောပြောခြင်းဟာ ယေဇူးသခင် မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်ပြသခြင်း ဖြစ်ပါတယ်။
ယနေ့ ကျွန်တော်တို့တစ်ဦးချင်းစီ၏ဘ၀တွေထဲမှာလည်း ယေဇူးခရစ်တော်ကို ဖော်ထုတ်ပြသနိုင်တဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ သံမာတေဦး ၂၅း ၄၀ တွင် အသိမ်ငယ်ဆုံးသောငါ၏ ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုခဲ့လျှင် ငါ့ကိုပင် ပြုစုကြပြီဟူ၍ ယေဇူးသခင်က သူ့ကိုသူ အသိမ်ငယ်ဆုံးသောသူအဖြစ် ဖော်ထုတ်ပြသထားပါတယ်။ ထိုသို့သော အသိမ်ငယ်ဆုံးသော သူများကို ပြုမူဆက်ဆံခြင်းဟာ ကျွန်တော်တို့တစ်ဦးချင်းစီအတွက် ပထမဦးဆုံး တရားမျှတမှု့၊ ထို့နောက် မေတ္တာတရား၊ ဂရုဏာတရားပွားဖို့ မီးမောင်းထိုးပြနေပါတယ်။
ယနေ့ဆေးကြော်ခြင်းမင်္ဂလာကို အမှန်အားဖြင့် ယေဇူးခရစ်တော်အတွက် ခံယူဖို့မလိုအပ်ခဲ့ပါဘူး။ သို့သော်လည်း ကျွန်တော်တို့ လူသားများနှင့် တလုံးတ၀တည်း ဖြစ်ဖို့ ခံယူဖို့ ရွေးချယ်ခဲ့ပါတယ်။ ဆေးကြော်ခြင်းခံယူရာတွင် ကိုယ်တော်၏ခန္တာတော်ရေထဲမှာ နစ်မြုပ် သလိုပဲ တကယ့်လက်တွေ့မှာ လူသားတို့ဘ၀ထဲမှာ မိမိကိုယ်ကို နစ်မြုပ်စေခဲ့ပါတယ်။ လူသားတို့ဘ၀ထဲမှာပင် ဆင်းရဲသားများ၊ မကျန်းမာသူများ၊ ရောဂါသည်များ၊ စွန့်ပစ်ခံများ စသည့် အသိမ်ငယ်ဆုံးသော၊ အနိမ့်ဆုံးသော ဘ၀တွေထဲမှာ ကိုယ်တော်ဟာ မိမိကိုယ်ကိုနစ်မြုပ်ခဲ့ပြီး အားလုံးသော ကမ္ဘာလူသားများကို ကယ်တင်ခြင်းတရားပေးကာ အပြစ်နွံထဲမှ ကယ်တင်ပါတယ်။
ကျွန်ုပ်တို့တတွေလည်း ခရစ်ယာန်များဖြစ်သည့်အလျောက် ခရစ်တော်အားအတုယူကာ ယနေ့ဆေးကြော်ခြင်းမင်္ဂခံယူခြင်းပွဲနေ့အား တရားမှတ်ကာ မိမိတို့ကိုယ်ကို အသိမ်ငယ်ဆုံးသော ညီအစ်ကိုတို့၏ဘ၀ထဲမှာ မိမိတို့ဘ၀ကို နစ်မြုပ်ပြီး ဘုရားသခင်၏မေတ္တာတရား၊ ဂရုဏာပွားများရင်း ကောင်းကင်နိုင်ငံတော်ကို သက်သေခံသွားကြပါစို့။
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်အား ဘုန်းတော်ဂုဏ်တော်ရှိပါစေ။ အာမင်။
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment