Wednesday, 28 January 2015

Sunday, 25 January 2015

တတိယသာမန်တနင်္ဂနွေနေ့





သံမာကု ၁း၁၄-၂၀

ဖတ်ရှု့ရတဲ့ ကျမ်းသုံးကျမ်းလုံးဟာ အချိန်ကာလတစ်ခုကို ညွန်ပြနေပါတယ်။ ပထမကျမ်းတွင် နိနေဝေးမြို့သို့သွား၍ ယောနအား အရက် (၄၀)လွန်သော် နိနေဝေးမြို့ကြီးပျက်စီးမည့်အကြောင်း ဟောပြောစေခဲ့ပါတယ်။ ထို့အတူ ဒုတိယကျမ်းမှာလည်း သံပေါလူးမှ ကော်ရိန့်သုမြို့သားတို့အား အချိန်သည် လွန်စွာတိုတောင်းလာလေပြီ ဟုသတိပေးဟောပြောပါတယ်။ ဧ၀ံဂေလိတရားတော်မှာတော့ ယေဇူးခရစ်တော်က အချိန်သည်ပြည့်စုံလေပြီဟု ဆိုပါတယ်။ တချိန်တည်းမှာပဲ ဧ၀ံဂေလိတရားတော်တွင် ယေဇူးက ပထမဆုံးတပည့်တော်လေးပါးကို ခေါ်တော်မူတဲ့အကြောင်းလည်း ကြားနာရပါတယ်။ ထို့ကြောင့် ယနေ့တရားတော်ဟာ နှစ်ပိုင်းခွဲပြီး စဉ်းစားထောက်ရှု့နိုင်ပါတယ်။ ပထမအပိုင်းမှာ အချိန်ကာလတစ်ခုဟာ ဘယ်လိုမျိုးပါလိမ့်။ ထိုအချိန်ကာလပြည့်စုံခြင်းနှင့် တပည့်တော်လေးပါးရဲ့ ခေါ်တော်မူခြင်းဟာ ဘယ်လိုတုန့်ပြန်မှု့မျိုးပါလိမ့်။

ဒဿနဗေဒမှာတော့ အချိန်ကာလဆိုတာ ကျွန်တော်တို့လောကမှာပဲ အတိုင်းအတာတစ်ခုအနေဖြင့် တည်ရှိနေပါတယ်။ ပြီးတော့ အချိန်ဆိုတာ နောက်ဆုပ်ခြင်းမရှိဘဲ ရှေ့သို့သာ တသက်မတ်တည်းသွားနေတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီတော့ လောကမှာ အသက်ရှင်သန်ခြင်းဆိုတာ ဘ၀ခရီးသွားတွေလို့ ဆိုနိုင်ပါတယ်။ ခရစ်ယာန်ဒဿနမှာတော့ လောကမှာ အသက်ရှင်ခြင်းဆိုတာ ဘုရားသခင်ဆီသွားနေတဲ့ ဘုရားဖူးခရီးပါလို့ ဆိုနိုင်ပါတယ်။

ဒီလိုဘ၀ခရီးကိုသွားနေတာပဲဖြစ်ဖြစ်၊ ဘုရားဖူးခရီးကိုသွားနေတာပဲဖြစ်ဖြစ် ကျွန်တော်တို့တတွေ ခရီးသွားတဲ့အခါ လိုအပ်တဲ့အသုံးအဆောင်တွေကိုသယ်သွားရပါတယ်။ ရေဗူးမပါ နွေခါမှသိ၊ တရားမပါ သေခါမှသိ ဆိုတဲ့ စကားပုံလေးက ရှင်းရှင်းလေးညွန်ပြနေတာပါ။ ထို့ကြောင့် ကျွန်တော်တို့ရဲ့ ခရီးမှာ လိုအပ်တာတွေ မမေ့အောင် သတိပေးစရာလေးတွေရှိပါတယ်။ နိနေဝေးမြို့သူမြို့သားတွေ မေ့နေတာတွေကို ယောနအားဖြင့် ဘုရားသခင်က သတိပေးပါတယ်။ သူတို့ချက်ခြင်းသတိထားရလာပြီး နောင်တယူကာ ပြောင်းလဲခဲ့ကြတယ်။ ထို့ကြောင့် ပျက်စီးခြင်းမှလွတ်မြောက်ခဲ့ရပါတယ်။ ထို့အတူ သံပေါလူးကလည်း အချိန်တိုတောင်းလာပြီဖြစ်၍ လောကီအကြောင်းတရားများမှာ စိတ်လျော့ကာ ဘုရားသခင်နှင့် ခရစ်တော်၏သတင်းကောင်းမှာ အစဉ်အာရုံထားကြဖို့ သတိပေးပါတယ်။ သခင်ခရစ်တော်ကိုယ်တော်တိုင်ကလည်း သူ၏ကြွရောက်လာခြင်းနှင့်အတူ အချိန်ပြည့်စုံပြီဖြစ်၍ နောင်တယူကာ ဘုရားသခင်ဆီလှည့်ကြဖို့ ဟောပြောပါတယ်။

ဘ၀ဆိုတာပြောင်းလဲခြင်းလို့ တချို့ကဆိုတတ်ပါတယ်။ သေချာပါတယ်၊ စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ ပြောင်းလဲနေကြရပါတယ်။ ပြောင်းလဲတဲ့အခါ ဆိုးယုတ်ခြင်းဘက်လား ပို၍ကောင်းတဲ့ဘက်လားဆိုတာ သင်ခန်းစာယူရပါတယ်။ ထိုသို့သင်ခန်းစာယူဖို့ ခဏတဖြုတ်တော့ အနားယူစဉ်းစားကြည့်ဖို့ အချိန်ပေးပါ။ ထိုအချိန်မှာ သင့်ရဲ့ခြေလှမ်းတွေကို တချက်လောက်နောက်ပြန်လှည့်ကြည့်လိုက်ပါ။ ပြီးတော့ သင်သွားမည့်ခရီးကို မျှော်ကြည့်လိုက်ပါ။ သင့်ရဲ့လမ်း၊ သင်လျှောက်နေတဲ့လမ်း အမှန်လား။ သင်လမ်းမှန်ပေါ်မှာရှိလျှင် ရဲရဲဆက်လျှောက်ပါ။ သင်လမ်းမှားသွားလျှင်လည်း စိတ်မပျက်ပါနဲ့။ ခရစ်တော်က နောင်တယူလော့လို့ပြောပါတယ်။ နောင်တယူခြင်းဟာ တကယ်တော့ပြောင်းလဲခြင်း၊ လမ်းမှားမှ လမ်းမှန်သို့ပြောင်းဖို့ ဖိတ်ခေါ်ခြင်းပင် ဖြစ်ပါတယ်။ သင်သတ္တိရှိရှိဖြင့် နောင်တယူလိုက်ပါ။

မိတ်ဆွေ၊ ဘ၀ခရီးသွားများ - ဘုရားဖူးသူတော်စင်များဖြစ်သည့်အလျောက် မိမိရဲ့ခရီးမှာ လိုအပ်တာတွေ အဆင်သင့်ပါပြီလား။ စဉ်းစားစရာပါ။ ရေဗူးမပါတဲ့အဖြစ် နွေခါမှသိတာအချိန်နိုင်သေးပေမယ့် တရားမပါတဲ့အခါ သေခါမှသိတာတော့ သင်နှင့်ကျွန်ုပ်အတွက် ထာဝရနောက်ကျသွားပါပြီ။ ခရီးစဉ်ဆုံးနေပြီမို့ နောင်တဆိုတဲ့ ပြင်ဆင်ချိန်ရဖို့ အခွင့်အရေးမရှိနိုင်တော့ပါဘူး။ အချိန်ရှိခိုက် လုံလစိုက်ပြီး ကိုယ်လျှောက်နေတဲ့လမ်းကို ခဏလောက်နားပြီး သုံးသပ်ကြည့်ကြပါစို့။

ဒီလိုသုံးသပ်ရာမှာ ခရစ်တော်ရဲ့ခေါ်သံကို နားစွင့်နေဖို့ လိုပါလိမ့်မယ်။ ခရစ်တော်ဟာ ကျွန်တော်တို့ရဲ့ လမ်းပြပါ။ ထို့ကြောင့် သူ့အသံနောက်လိုက်ခြင်းဟာ စိတ်ချရတဲ့ ခရီးလမ်းပဲ ဖြစ်ပါတယ်။ ကိုယ်တော်မိန့်ဆိုသလိုပဲ - သူ့ရဲ့သိုးတွေဖြစ်ရတာ သူ့အသံကို စွဲမြဲစွာမှတ်မိနေပြီး သူခေါ်ဆောင်ရာ လမ်းကိုလိုက်၍ ဘယ်သောအခါမှ လမ်းပျောက်ခြင်းရှိမှာ မဟုတ်ပါဘူး။ အကယ်၍ အဖော်ကွဲပြီး လမ်းပျောက်ခဲ့လျှင်လည်း ခရစ်တော်ဟာ မေတ္တာတရားအလွန်ကြီးမားတဲ့ သိုးထိန်းဖြစ်၍ ကျန်တဲ့ ၉၉ ကောင်ကိုပင်ပစ်ထားခဲ့ပြီး ပျောက်ဆုံးနေတဲ့ သိုးတစ်ကောင် (သင်၊ ကျွန်ုပ်)ကို ပြန်ရှာခေါ်ယူနေမှာပါ။ အပြည့်အ၀ ယုံကြည်၍ ဧ၀ံဂေလိတရားတော်အားဖြင့် ဘ၀ခရီးကို စလိုက်ပါ။ ယနေ့ တပည့်တော်ကြီးလေးပါးလိုပဲ တုံ့ဆိုင်းခြင်းမရှိဘဲ လက်ရှိအာရုံတွေအားလုံးကို ကိုယ်တော့်ထံ လွှဲလိုက်ပါ။ သေချာမှုက သင်နှင့်ကျွန်ုပ်အတွက် ဘ၀လမ်းအမှန်ဖြစ်ပြီး အဆ ၃၀၊ ၆၀၊ ၁၀၀ ကိုပင် ကောင်းကင်နိုင်ငံမှာ ဆုလာဒ်ရယူသိမ်းပိုဒ်ရပါလိမ့်မယ်။

ခရစ်တော်အားယုံကြည်ပြီး ဧ၀ံဂေလိတရားတော်ကို လက်ခံကာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကို တရားမျှတရေး၊ မေတ္တာတရားလွှမ်းမိုးရေးနှင့် ငြိမ်းချမ်းရေးတရားဆီသို့ ပြောင်းလဲခေါ်ဆောင်သွားကြပါစို့။ လုပ်စရာများစွာရှိ၏။ လုပ်ဆောင်သောသူမည်သည်ကား နည်းလှသည်ဖြစ်၍ လုပ်ဆောင်မည့်သူများ စေလွှတ်ပေးပါရန် ခမည်းတော်ဘုရားထံ တောင်းလျှောက်ကြလော့။ အာမင်။

ကိုရင် (ဒိုမီနီကန်)

Saturday, 17 January 2015

ဒုတိယမြောက်သာမန်တနင်္ဂနွေနေ့





သံယောဟန် ၁း၃၅-၄၂

ကျမ်းစာလေ့လာသူ ပညာရှင်များအရ ဧ၀ံဂေလိတရားကျမ်း (၄)ကျမ်းတွင် သံယောဟန်ကျမ်းဟာ အရိုးရှင်းဆုံးသော ဂရိဖြင့်ရေးသားထားသော်လည်း အနက်ရှိုင်းဆုံး ၀ိညာဉ်ရေးရာနှင့် ပြည့်စုံပြီး ကျမ်းဖတ်သူတို့အား ခရစ်တော်ဆီသို့ ညွှန်ပြထားသည်ဟု ဆိုကြပါတယ်။ အမှန်စင်စစ် ကျမ်းရေးပုဂ္ဂိုလ်ကြီးဟာ ရိုးရှင်းတဲ့စကားလုံးများဖြင့် လူများနားလည်နိုင်စေကာ ဘုရားသခင်နှင့် ပို၍နီးစပ်စေရန် ခရစ်တော်နောက် လိုက်ဖို့ ပို၍စဉ်းစားမိစေရန် ဖိတ်ခေါ်ထားပါတယ်။ ယနေ့ ဖတ်ရှု့ရတဲ့ တရားမှာလည်း ရိုးရှင်းလှတဲ့ မေးခွန်းလေးနှစ်ခုကို တွေ့နိုင်ပါတယ်။ ပထမတစ်ခုဟာ ခရစ်တော်မေးတဲ့မေးခွန်းဖြစ်ပြီး ဒုတိယတစ်ခုကတော့ နောက်ကလိုက်ပါလာတဲ့ ယောဟန်ဗတ္တိဇံရဲ့ တပည့်နှစ်ဦးမေးတဲ့ မေးခွန်းဖြစ်ပါတယ်။ 

သင်တို့သည် မည်သည့်အရာကို အလိုရှိကြသနည်း။
ကိုယ်တော်သည် မည်သည့်အရပ်၌နေတော်မူသနည်း။ 

မေးခွန်းလေးနှစ်ခုဟာ ရိုးရှင်းလွန်းလို့ မေးခွန်းလို့တောင် မယူဆရပါဘူး။ ထို့အပြင် အဖြေမှာလည်း ရိုးရှင်းလွန်းတာကို တွေ့ရပါတယ်။ “လာ၍ကြည့်ကြလော့” 

သံယောဟန်ကျမ်းမှာ ဖော်ပြထားတဲ့ ဤမေးခွန်းနှစ်ခုနှင့် အဖြေဟာ ရိုးရှင်းလွန်ပေမယ့် နက်ရှိုင်းလှတာကို တွေ့ရပါတယ်။ ခရစ်တော်ရဲ့အဖြေမှာ နောက်ကလိုက်လာသူနှစ်ဦး အလိုရှိရာကိုလည်း ရနိုင်သလို၊ ကိုယ်တော်ဘယ်မှာနေသလဲဆိုတာလည်း သိနိုင်ပါတယ်။ လာ၍ကြည့်ပါ။

 “လာ၍ကြည့်လော” ဆိုတဲ့စကားတခွန်းနောက်မှာ နက်ရှိုင်းလှတဲ့ သံယောဟန်ကျမ်းကြီးတစ်ခုလုံးပါပဲ။ ထိုသို့ လာ၍ကြည့်တဲ့အတွက် တပည့်တော်ကြီးတွေနဲ့ နောက်လိုက်တွေဟာ ခရစ်တော် မည်သူမည်ဝါ ဆိုတာသိခဲ့ရတယ်။ ခရစ်တော်ဆီက ထာဝရအသက်နဲ့ ကယ်တင်ခြင်းကို ရခဲ့ရတယ်။ အကြီးမြတ်ဆုံးသော တရားတွေနဲ့ ဘ၀ကိုပြောင်းလဲခဲ့ကြရလို့ သူတို့တတွေဟာ အကြီးမြတ်ဆုံးတွေဖြစ်ခဲ့ရတယ်။ ခရစ်တော်က သူငယ်ချင်းဟူ၍ပင် အခေါ်ခံရသည်အထိ အားလုံးကို ဖွင့်ထုတ်ဖော်ပြခဲ့တယ်။ ချစ်ခြင်းမေတ္တာတရားကို ထမ်းပိုးဝေမျှရင် ကိုယ်တော်၏နိုင်ငံတော်ကို ရောက်စေခဲ့ကြပါတယ်။
ဒီနေ့ ကျွန်တော်တို့ကိုလည်း ခရစ်တော်က “သင်တို့သည် မည်သည့်အရာကို အလိုရှိကြသနည်း” ဟုမေးနေပါတယ်၊ မိတ်ဆွေ။

ဒီရိုးရှင်းတဲ့မေးခွန်းလေးကို ဘာသာရေးကတိသစ္စာခံပွဲတွေမှာ အသုံးပြုတာကို သတိထားမိပါတယ်။ ရဟန်းတစ်ပါး (သို့) သီလှရှင်တစ်ပါး ကတိသစ္စာခံယူတဲ့အခါ ပထမဆုံး အမေးခံရတဲ့ မေးခွန်းဟာလည်း “သင်မည်သည့်အရာကို အလိုရှိသနည်း” … အဲဒီမေးခွန်းအတွက် “လာ၍ကြည့်လော” ဆိုတာ ရဟန်း၊ သီလရှင်တွေအတွက် ထာဝရပါပဲ။ တဘ၀လုံးရင်းပြီး အဖြေကိုယူခဲ့ရသလို၊ တဘ၀လုံးနဲ့ ရလာတဲ့အဖြေကို သက်သေခံနေကြတာဖြစ်ပါတယ်။ ထို့ကြောင့် နောက်ဆုံးအသက်အရွယ်ရလာတဲ့အခါ ဘ၀မှာ ကျေကျေနပ်နပ်ဖြင့်နေထိုင်အသက်ရှင်ရဆုံးသူ၊ အထိုက်တန်ဆုံးသူတွေအဖြစ် ကျေနပ်ကြတာ တွေ့ရပါတယ်.

ထို့အတူပဲ - အခြားသော ခေါ်တော်မူခြင်းကို ပိုင်ဆိုင်သူတွေလည်း မိမိတို့ဘ၀မှာ ကျေကျေနပ်နပ်နဲ့ အထိုက်တန်ဆုံးအသက်ရှင်ရပါတယ်လို့ ကျေနပ်စေဖို့ ခရစ်တော်ထံမှာ “လာ၍ကြည့်ကြပါ”။ သီးသန့်ဘာသာရေးဘ၀အသက်တာကို ရွေးချယ်မှရယ်လို့ မဟုတ်ပါဘူး။ တကယ်တန်းတော့ ခရစ်ယာန်ဘ၀ကိုက ဘာသာရေးအသက်တာဖြစ်ပါတယ်။ ခရစ်တော်အားဖြင့် ခရစ်ယာန်တွေဟာ ဘုရင်တွေပါ။ ရဟန်းတွေပါ။ ပရော်ဖက်တွေပါ။ ထို့ကြောင့် ဘုရင်လို အစေခံရမယ် (လောကီ အာဏာရစ်မူးသူများမဟုတ်ပါ)၊ ရဟန်းတွေလို လောကသားတွေနဲ့ ဘုရားအကြား ကြားခံဖြစ်ရမယ်၊ ထို့နောက် ပရော်ဖက်တွေလိုပဲ ဘုရားသခင်ပေးတဲ့ သတင်းစကားတွေကို ဝေမျှကြရမယ်။ ထိုသို့ လုပ်နိုင်ဖို့အတွက် စစ်မှန်တဲ့ခရစ်ယာန်ဘ၀ဖြင့် အသက်ရှင်ဖို့လိုအပ်ပါတယ်။ ထို့ကြောင့် ဆေးကြော်ခြင်းမင်္ဂလာခံယူခြင်းဟာ ရိုးရှင်းကောင်းရိုးရှင်းပါလိမ့်မယ် - သို့သော်လည်း ဆေးကြော်ခြင်းမင်္ဂလာဖြင့် အသက်ရှင်ရတဲ့ဘ၀ဟာ ထာဝရပါပဲ။ 

လောကသားတိုင်း ဘုရား (သို့) တရားတစ်ခုခုကို ရှာဖွေတတ်ကြတာပဲ။ ဒါဟာ ဘ၀နဲ့ရင်းပြီး ရှာဖွေကြရတာပါ။ ထို့အတွက် ခရစ်ယာန်တရားတော်မှာ ဘုရားကိုယ်တော်တိုင် (Theophany) မိမိကိုယ်ကို သန်ထုတ်ဖော်ပြသပြီး လူ့အဖြစ်ကို ယူကာ ဘုရားနှင့်တရား ဒွန်တွဲပြသ သက်သေခံခဲ့ပြီးသား ဖြစ်ပါတယ်။ ထို့အဖြစ်မှန်ကိုပဲ ယနေ့ သက်သေခံနေကြတာဟာ ခရစ်ယာန်တွေပါပဲ… ထို့ကြောင့် စစ်မှန်တဲ့ခရစ်ယာန်တစ်ဦးကို မြင်ခြင်းဟာ ခရစ်တော်ကိုမြင်ခြင်း (Christ-like) ဖြစ်ပြီး၊ ခရစ်တော်ကို မြင်ခြင်းဟာ ခမည်းတော်ဘုရားကို မြင်ခြင်း (Father and I are one)ပင် ဖြစ်ပါတယ်။ 

ဥပမာအားဖြင့် လတ်တလောမှာ စံနမူနာပြသစရာက ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ် ဖရန်စစ်ပင် ဖြစ်ပါတယ်။ ဖီလစ်ပိုင်နိုင်ငံမှာ ၅ ရက်တာခရီးလည်ပတ်နေစဉ် လှုပ်ရှားမှု့တိုင်းဟာ ဘုရားစေလွှတ်တဲ့ တမန်တော်စစ်စစ်၊ ခရစ်ယာန်စစ်စစ် (Christ-like)ကို သက်သေခံနေတာ ပေါ်လွင်လှပါတယ်။ သီရိလင်္ကလာနိုင်ငံမှာလည်း ငြိမ်းချမ်းရေးတရားကို အပေါ်လွင်ဆုံးပြသနိုင်ခဲ့သလို၊ အကောင်းဆုံး သက်သေခံခဲ့တာမို့ ကျွန်တော်တို့မြန်မာခရစ်ယာန်တွေလည်း အရှင်သူမြတ်ကြီးကို အတုယူကာ စစ်မှန်သော ခရစ်ယာန် (Christ-like) ဖြစ်ဖို့ ယနေ့ ခရစ်တော်ကမ်းလှမ်းတဲ့ “လာ၍ကြည့်ကြလော” ကို လက်ခံယူကာ ခရစ်တော်ဘ၀ထဲကို လာ၍ကြည့်ကြပါ။ 

အရှင်သူမြတ်ကြီးမိန့်ဆိုသလိုပဲ - တို့တတွေမှာ တို့ဘ၀ရဲ့အခက်ဆုံးအချိန်များမှာ တို့နှင့်အတူ ငိုနိုင်သူ၊ တို့နှင့်အတူ လျှောက်လှမ်းနိုင်သူ၊ သခင်တစ်ပါးရှိတယ်။ ကားတိုင်ပေါ်က ခရစ်တော်ကို ကြည့်ကြပါစို့။ သူဟာ အားလုံးကို ခံထမ်းပေးနေလို့ ကျွနု်ပ်တို့အားလုံးကို နားလည်သူပါ။..  

ကိုရင် (ဒိုမီနီကန်)

Saturday, 10 January 2015

ယေဇူးသခင်ဆေးကြောခြင်းမင်္ဂလာခံယူပွဲနေ့




ယနေ့ အသင်းတော်၌ ယေဇူးခရစ်တော်၏ဆေးကြော်ခြင်းမင်္ဂလာခံယူခြင်း ပွဲတော်ကို ကျင်းပနေပါတယ်။ ဤပွဲတော်အားဖြင့် အသင်းတော်ရဲ့ ၀တ်ပြုကိုးကွယ်ရာပြကဒိန်မှာ ခရစ္စမတ်ကာလကို အဆုံးသပ်ပါတယ်။ ခရစ္စမတ်ကာလတလျှောက်လုံး ပြန်လည်ထောက်ရှု့ကြည့်မည်ဆိုပါက ထူးထူးခြားခြားနှင့် မှတ်သား ဖွယ်ရာက ဘုရားသခင်၏သဏ္ဍန်တော်ထုတ်ဖော်ပြသခြင်းအကြောင်းရာပင် ဖြစ်ပါတယ်။ ကျွန်တော်တို့ လူသားများအား ဘုရားသခင်ကိုယ်တော်တိုင် သူ၏ဏ္ဍန်တော်ကို လူ့အဖြစ်ယူတော်မူခြင်းအားဖြင့် အလွန်ဆုံးအဆင့်ဖြင့် ပြသလိုက်ခြင်းဖြစ်ပြီး ယနေ့ ဆေးကြော်ခြင်းမင်္ဂလာခံယူခြင်းမှာလည်း လူ့အဖြစ်ယူခဲ့သည့် သားတော်ဘုရားအပြင် ခမည်းတော်ဘုရားနှင့် သန့်ရှင်းသောဝိညာဉ်တော် ဘုရားကိုပါဖ်ာပြခြင်းအားဖြင့် ကျွန်ုပ်တို့တတွေ ပုဂ္ဂိုလ်သုံးပါး ဘုရားတစ်ဆူအား ဖူးမျှော်တွေ့မြင်နိုင်ပါတယ်။

ဘုရားသခင်၏လမ်းကို ကြိုတင်ပြင်ဆင်သူဖြစ်သည့်အလျောက်၊ သံယောဟန်ဗတ္တိဇံဟာ ဂျော်ဒန်မြစ်မှာ သူ့နောက်တွင်ကြွလာမည့်သူ ခရစ်တော်ဟာသူ့ထက် ပို၍တတ်စွမ်းကြောင်း၊ သူ့ထက်ပို၍ မြင့်မြတ်ကြောင်း ဟောပြောပြီး ထိုမြင့်မြတ်ရှင်ဟာ သူ့လိုရေဖြင့်သာဆေးကြော်ခြင်းပေးသည် မဟုတ်ဘဲ ၀ိညာဉ်တော်မြတ်အားဖြင့်ဆေးကြော်ခြင်းပေးမည်ဟု ဟောပြောသက်သေခံနေပါတယ်။ ထို့ကြောင့် သံယောဟန်ဗတ္တိဇံ၏ဟောပြောခြင်းဟာ ယေဇူးသခင် မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်ပြသခြင်း ဖြစ်ပါတယ်။ 

ယနေ့ ကျွန်တော်တို့တစ်ဦးချင်းစီ၏ဘ၀တွေထဲမှာလည်း ယေဇူးခရစ်တော်ကို ဖော်ထုတ်ပြသနိုင်တဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ သံမာတေဦး ၂၅း ၄၀ တွင် အသိမ်ငယ်ဆုံးသောငါ၏ ညီအစ်ကိုတို့တွင် တစ်ဦးကို သင်တို့ပြုစုခဲ့လျှင် ငါ့ကိုပင် ပြုစုကြပြီဟူ၍ ယေဇူးသခင်က သူ့ကိုသူ အသိမ်ငယ်ဆုံးသောသူအဖြစ် ဖော်ထုတ်ပြသထားပါတယ်။ ထိုသို့သော အသိမ်ငယ်ဆုံးသော သူများကို ပြုမူဆက်ဆံခြင်းဟာ ကျွန်တော်တို့တစ်ဦးချင်းစီအတွက် ပထမဦးဆုံး တရားမျှတမှု့၊ ထို့နောက် မေတ္တာတရား၊ ဂရုဏာတရားပွားဖို့ မီးမောင်းထိုးပြနေပါတယ်။ 

ယနေ့ဆေးကြော်ခြင်းမင်္ဂလာကို အမှန်အားဖြင့် ယေဇူးခရစ်တော်အတွက် ခံယူဖို့မလိုအပ်ခဲ့ပါဘူး။ သို့သော်လည်း ကျွန်တော်တို့ လူသားများနှင့် တလုံးတ၀တည်း ဖြစ်ဖို့ ခံယူဖို့ ရွေးချယ်ခဲ့ပါတယ်။ ဆေးကြော်ခြင်းခံယူရာတွင် ကိုယ်တော်၏ခန္တာတော်ရေထဲမှာ နစ်မြုပ် သလိုပဲ တကယ့်လက်တွေ့မှာ လူသားတို့ဘ၀ထဲမှာ မိမိကိုယ်ကို နစ်မြုပ်စေခဲ့ပါတယ်။ လူသားတို့ဘ၀ထဲမှာပင်   ဆင်းရဲသားများ၊ မကျန်းမာသူများ၊ ရောဂါသည်များ၊ စွန့်ပစ်ခံများ စသည့် အသိမ်ငယ်ဆုံးသော၊ အနိမ့်ဆုံးသော ဘ၀တွေထဲမှာ ကိုယ်တော်ဟာ မိမိကိုယ်ကိုနစ်မြုပ်ခဲ့ပြီး အားလုံးသော ကမ္ဘာလူသားများကို ကယ်တင်ခြင်းတရားပေးကာ အပြစ်နွံထဲမှ ကယ်တင်ပါတယ်။ 

ကျွန်ုပ်တို့တတွေလည်း ခရစ်ယာန်များဖြစ်သည့်အလျောက် ခရစ်တော်အားအတုယူကာ ယနေ့ဆေးကြော်ခြင်းမင်္ဂခံယူခြင်းပွဲနေ့အား တရားမှတ်ကာ မိမိတို့ကိုယ်ကို အသိမ်ငယ်ဆုံးသော ညီအစ်ကိုတို့၏ဘ၀ထဲမှာ မိမိတို့ဘ၀ကို နစ်မြုပ်ပြီး ဘုရားသခင်၏မေတ္တာတရား၊ ဂရုဏာပွားများရင်း ကောင်းကင်နိုင်ငံတော်ကို သက်သေခံသွားကြပါစို့။ 

ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်အား ဘုန်းတော်ဂုဏ်တော်ရှိပါစေ။ အာမင်။

ကိုရင် (ဒိုမီနီကန်)