နိုင်ငံတော်နှင့်ဆိုင်သော အသီးအပွင့်တို့ကိုသီးပွင့်စေမည့်လူမျိုးအား …
ဖတ်ရှု့ရတဲ့ဧ၀ံဂေလိတရားတော်တွင်
ယေဇူးခရစ်တော်က ပုံဥပမာတစ်ခုကို ပေးထားပြန်ပါတယ်။ ထိုပုံဥပမာမှာ စပျစ်ဥယာဉ်သီးစားလုပ်သူတို့ဖြင့်သရုပ်ဖော်ထားပါတယ်။
မြေပိုင်ရှင်တစ်ဦးဟာ စပျစ်ဥယာဉ်ကိုစိုက်ပျိုးပြီး ခြံကိုလည်းကာရံခဲ့တယ်။ စပျစ်ရည်ညှစ်ဖို့ကျင်း၊
အလုပ်သမားများအတွက် လင့်စင် စသဖြင့် အစစအရာအရာပြည့်စုံအောင်ပြင်ဆင်ပေးခဲ့ပြီး တိုင်းတစ်ပါးကို
ထွက်သွားပါသတဲ့။ ဒီလိုနဲ့ စပျစ်သီးဆွတ်ခူးချိန်နီးလာတဲ့အခါ သီးစားခရယူဖို့ ၎င်း၏အစေခံများကို
စေလွှတ်လိုက်ပါတယ်- ထိုအခါ အလုပ်သမားများက သီးစားမပေးသည့်အပြင် ၎င်းစေလွှတ်လိုက်တဲ့အစေခံများကို
လုပ်ကြံလိုက်ကြပါတယ်။ နောက်ထပ် အစေခံများကိုစေလွှတ်သော်လည်း ထိုနည်း၎င်းအတိုင်းလုပ်ကြံကြပြန်သတဲ့။
ဒီလိုနဲ့ ခြံရှင်ကြီးက သူရဲ့တစ်ဦးတည်းသောသားကို စေလွှတ်ရင်တော့ သူတို့လေးစားကြမှာပါဟု
ဆိုကာ ၎င်း၏တစ်ဦးတည်းသောသားကို စေလွှတ်လိုက်ပါတယ်။ ထိုခါမှ သီးစားလုပ်သူတွေက ‘ဤသူဟာ အမွေခံသား၊
သူ့ကိုသတ်ပြီး အမွေတွေကိုယူကြစို့’ ဟုဆိုကာ ထိုတစ်ဦးတည်းသောသားကို သတ်လိုက်ကြပါတယ်။
ထိုပုံပြင်အဆုံးမှာ
ယေဇူးသခင်က ပရိတ်သပ်ကို ဤသို့မေးလိုက်ပါတယ် “စပျစ်ဥယာဉ်ပိုင်ရှင် လာသောအခါ သူသည် ထိုသီးစားအလုပ်သမားများကို
မည်သို့ပြုလုပ်လိမ့်မည်နည်း။” ထိုအခါ သူတို့က ‘ထိုပိုင်ရှင်သည် ဆိုးယုတ်သောသူတို့ကို
အသေဆိုးနှင့်သေစေလိမ့်မည်။ စပျစ်ဥယျာဉ်ကိုလည်း အခြားသောသီးစားလုပ်သူတို့အား ငှားရမ်းပါလိမ့်မယ်’
ဟုဖြေဆိုခဲ့ကြပါတယ်။
ချစ်စွာသောဓမ္မမိတ်ဆွေ၊
ဤပုံဥပမာအားဖြင့် ယေဇူးခရစ်တော်က ဘာကိုသွန်သင်နေပါသလဲ။ လျပ်တပြတ်ဖတ်ရှုလိုက်ရင် ဤပုံဥပမာဟာ
ဓမ္မဟောင်းကာလက ပရော်ဖက်များနှင့် ယေဇူးခရစ်တော်ကိုယ်တိုင်၏ ဘ၀ကံကြမ္မာကိုတိုက်ရိုက်ဖော်ပြနေသလိုပါပဲ။
သို့သော်လည်း တဖက်မှာလည်း ကျွန်တော်တို့တစ်ဦးချင်းစီတိုင်းအတွက် သွန်သက်ချက်တွေပါနေပါတယ်။
ထို့ကြောင့် ဤပုံဥပမာနဲ့သွန်သင်ချက်အချို့ကို ထောက်ရှုစဉ်းစားကြည့်ကြပါစို့။
ပုံဥပမာထဲတွင်
ထင်ရှားဆုံးကတော့ သီးစားလုပ်သူတို့လို့ပဲဆိုရပါလိမ့်မယ်။ ထိုသူတို့အတွက် ကန်အသင့်ကြာအသင့်မှာ
အစစအရာရာပြည့်စုံအောင်ထားပေးခဲ့သော်လည်း ၎င်းတို့ဟာ ထိုစပျစ်ဥယျာဉ်အတွက် သင့်လျော်အောင်မနေနိုင်
မလုပ်နိုင်ကြသူများ၊ ဥယျာဉ်ကိုမစောင့်ရှောက်ဘဲ အသီးအပွင့်ဖြစ်ထွန်းအောင်လုပ်သူများ
မဟုတ်တဲ့ စရိုက်အမျိုးစားနဲ့ လုပ်သားများ ဖြစ်ကြပါတယ်။ ထို့အပြင် ၎င်းလုပ်သားများဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြင့်
လုပ်ပိုင်ခွင့်ရသူများဖြစ်သော်လည်း မိမိတို့ရဲ့ အခွင့်အရေးကိုတန်ဖိုးမထားတတ်ဘဲ အလွဲသုံးစားလုပ်သူများအဖြစ်
လုပ်သားညံ့များ စာရင်းဝင်သူတွေပါပဲ။
ထို့အတူပါပဲ
ကျွန်တော်တို့တတွေလည်း ဘ၀မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်များစွာဖြင့်
ရှင်သန်ခွင့်ရနေကြသူများပင် ဖြစ်ပါတယ်။ ကျွန်တော်တို့ခရစ်ယာန်ယုံကြည်ချက်တွင် အသက်နှင့်ဘ၀ကို
ဘုရားသခင်ပိုင်ဆိုင်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ရဲ့အသက်နှင့်ဘ၀ဟာ ဘုရားသခင်ရဲ့
စပျစ်ဥယျာဉ်နဲ့တူပြီး ကျွန်တော်တို့တတွေဟာ ထိုအသက်နဲ့ဘ၀ကို အသီးအပွင့်များပွင့်သီစေကာ
လုပ်ဆောင်ရမည့်လုပ်သားများနဲ့တူပါတယ်။ ဘုရားသခင်၏အဓိကလိုလားချက်ဟာ ကျွန်တော်တို့ဘ၀နှင့်အသက်မှ
အသီးအပွင့်များဝေကာ အဆ ၃၀၊ အဆ ၆၀၊ အဆ ၁၀၀ စသဖြင့်တိုးတက်စေဖို့ပါ။ ထို့ကြောင့် မိမိကိုယ်ကိုမေးခွန်းမေးဖို့
လိုပါတယ် - ငါဟာ ငါ့ဘ၀နဲ့အသက်ကို ကောင်းစွာအသုံးချနေသလား၊ ဒါမှမဟုတ် ငါ့ဘ၀ရဲ့လွတ်လပ်ခွင့်နှင့်ရွေးချယ်ခွင့်တွေကို
ငါကောင်းကောင်း အသုံးချနေရဲ့လား။ ငါ့ဘ၀နဲ့အသက်အတွက် ငါဘယ်လောက် ဖွံ့ဖြိုးတိုးတက်အောင်
စွမ်းဆောင်နေနိုင်ပြီလဲ။
ထို့အပြင်
ကျွန်တော်တို့ခရစ်ယာန်များအတွက် ခရစ်ယာန်ဟူသော ဘ၀နှင့်အသက်တာကို ကျွန်တော်တို့ဆေးကြောခြင်းခံယူချိန်မှစ၍
ဘုရားသခင်က ကျွန်တော်တို့လက်ထဲမှာ အပ်နှံထားပါတယ်။ ဖတ်ရှု့ရတဲ့ဧ၀ံဂေလိတရားတော်၏ အဓိကအနှစ်ချုပ်မှာလည်း
ကျွန်တော်တို့ခရစ်ယာန်ဘ၀အသက်တာကို အသီးအပွင့်များစေရမည့်အကြောင်းပင်ဖြစ်ပါတယ်။ သို့သော်လည်း
ကျွန်တော်တို့ဘ၀မှာ အစမ်းသပ်ခံကာလများ၊ အခက်ခဲဒုက္ခများနှင့် ယုံကြည်ခြင်းတို့မှာ ရုန်းကန်ကြရဦးမှာဖြစ်ပါတယ်။
ဒီအတွက် သံပေါလူးက ပ-ကော်မှာ အားပေးထားပါတယ် - အဆုံးထိကျွန်တော်တို့ယုံကြည်ခြင်းမှာ
ခိုင်မြဲလျှင် ကျွန်တော်တို့တတွေဟာ အချည်းအနှီးမဖြစ်ပါဘူး။ ထို့အပြင် ဘုရားသခင်ဟာလည်း
အားလုံးပြည့်စုံအောင် စီစဉ်ပေးသူ စပျစ်ခြံရှင်ကြီးဖြစ်တာမို့ ကျွန်တော်တို့အတွက်လည်း
ကျေးဇူးတော်များဖြင့် ပြည့်စုံအောင် ပြင်ဆင်ပေးထားပါတယ်။ ထို့ကြောင့် ကျွန်တော်တို့တတွေဟာ
ရရှိထားတဲ့၊ ခံယူထားတဲ့ ခရစ်ယာန်ဘ၀အသက်တာကို အသီးအပွင့်များဝေဆာအောင် မိမိတို့ရဲ့လွတ်လပ်ခွင့်နှင့်
ရွေးချယ်မှုအားဖြင့် စိတ်ကြိုက်ပြုစုထိန်းသိမ်းနိုင်ပါတယ်။ သို့သော်လည်း သံယောဟန်ကျမ်းတွင်
ခရစ်တော်မိန့်ဆိုသလိုပဲ ကျွန်တော်တို့ဟာ စပျစ်အနွယ်အခိုင်များဖြစ်၍ ခရစ်တော်ဟာစပျစ်ပင်ကြီးဖြစ်တာမို့
ထိုပင်စည်ကြီးနှင့် ပြတ်တောက်နေလို့တော့ မဖြစ်နိုင်ပါဘူး။ မဟုတ်လျှင် အသီးမသီးနိုင်တဲ့
စပျစ်ခိုင်တွေသာ ဖြစ်နေပါလိမ့်မယ်။
ဒီလိုပဲ မိမိရရှိပိုင်ဆိုင်ထားတဲ့
ဘ၀နှင့်အသက်၊ ခရစ်ယာန်ဘ၀အသက်တာကို အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်ရင်း အသီးအပွင့်များဝေစေဖို့
လိုအပ်ပါတယ်။ မဟုတ်လျှင် ကျွန်တော်တို့တတွေဒီဘ၀နှင့်အသက်၊ ခရစ်ယာန်အသက်တာကို ပိုင်ဆိုင်ခွင့်ဆုံးရှုံးရနိုင်ပါတယ်။
ခရစ်တော်၌ခွန်အားယူရင်း
ရရှိထားတဲ့ခရစ်ယာန်ဘ၀အသက်တာများကို အသီးအပွင့်များ ဝေဆာအောင် ဖန်တီးနိုင်တဲ့ လုပ်သားများဖြစ်ကြပါစေ။
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment