Saturday, 25 October 2014

၃၀ကြိမ်မြောက် သာမန်တနင်္ဂနွေ


သံမာတေဦး ၂၂း ၃၄-၄၀
သင်၏အရှင် ထာဝရဘုရားသခင်ကို သင်၏နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့်ချစ်လော့။ - သင်နှင့်နီးစပ်သူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့
ယနေ့ဖတ်ရှု့ရတဲ့ ဧ၀ံဂေလိတရားတော်အားဖြင့် ကျွန်ုပ်တို့ဘ၀မှာ အကြီးမြတ်ဆုံးပညတ်တော်ဟာ မိမိ၏ဖန်ဆင်းရှင်၊ ထာဝရဘုရားသခင်အား မိမိတို့စိတ်အားရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့် ချစ်ရမည်ဖြစ်ကြောင်းနှင့် ထိုသို့မိမိတို့အရှင် ထာဝရဘုရားသခင်အား ချစ်သည်ဆိုသည်မှာလည်း မိမိတို့၏ပတ်ဝန်းကျင်ရှိ နီးစပ်သူများကို လစ်လျူရှုထား၍ လုံးဝမဖြစ်ကြောင်း ဒုတိယပညတ်တော်အားဖြင့် သွန်သင်မီးမောင်းထိုးပြနေပါတယ်။

ယနေ့တရားတော်အားဖြင့် မေးခွန်းတစ်ခု ထုတ်ကြည့်ကြရအောင်။ ဥပဒေ စည်းမျဉ်းများနှင့် ပညတ်တွေဟာ ဘယ်ရည်ရွယ်ချက်အတွက် ဖန်တီးထားကြပါသလဲ။ ဘုရားသခင်ရဲ့ ပညတ်တွေရဲ့ ရည်ရွယ်ချက်ကလည်း ဘာလဲ။

ယနေ့ဧ၀ံဂေလိတရားတော်ထဲတွင် မိုးဇယ်အားဖြင့် ဘုရားပေးခဲ့သော ဥပဒေ ပညတ်များကို ကောင်းစွာနားလည်တဲ့ ဖာရီဇေဦးတို့ဟာ ထိုသို့သိကျွမ်းနားလည်ရတဲ့အတွက် အလွန်ပင်ဂုဏ်ယူတတ်ကြသူများ ဖြစ်ပါတယ်။ ဥပဒေကျမ်း ၆၁၃ ခုအား ဘ၀ကျင့်စဉ်အဖြစ် ပြုလုပ်ကြတယ်။ အရာအရာကို ဥပဒေကျမ်းဖြင့် ချုပ်တည်းကြတယ်။ ထိုသို့ တတ်မြောက်ကျွမ်းကျင်တဲ့ ဖာရီဇေဦးတို့ဟာ ခရစ်တော်ကို သူတို့လောက် တတ်သိရဲ့လားဟူသော အမြင်ဖြင့် စမ်းသပ်ကြတယ်။ သို့သော်လည်း ခရစ်တော်၏အဖြေကြောင့် ၎င်းတို့အားလုံး စွံ့အသွားခဲ့ကြရပါတယ်။ ရိုးရှင်းဆုံးသောအဖြေနှင့် နက်ရှိုင်းစွာ ဖြေဆိုပေးလိုက်ခြင်းပင် ဖြစ်ပါတယ်။

ချစ်ခြင်းမေတ္တာနှင့်ပတ်သက်လျှင် ကျွန်ုပ်တို့လူတွေက စိတ်လှုပ်ရှားမှု့တွေ၊ ခံစားချက်တွေ၊ ပြင်ပပတ်ဝန်းကျင်က သက်ရောက်မှု့တွေနဲ့အတူ ရောထွေးရှုပ်ထွေးစေကြပါတယ်။ ထိုကြောင့်လည်း လူတွေကြားမှာ ချစ်ခြင်းမေတ္တာကို အဆင့်အတန်းအမျိုးမျိုးနှင့် သဘောသဘာဝအမျိုးမျိုးခွဲခြား ကွဲပြားနေတာပါ။ ပေးဆပ်ခြင်းတွေ ရယူခြင်းတွေကို အပြိုင်ဖြစ်နေကြပြီး အတ္တအချစ်နဲ့ အတ္တကင်းတဲ့အချစ် စသဖြင့် ရှုပ်ထွေးနေရပြန်ပါတယ်။ မိဘအချစ်၊ သူငယ်ချင်းအချစ်၊ သမီးရည်းစားအချစ် စသဖြင့် ရှုပ်ထွေးနေကြရပြန်ပါတယ်။ ဒါတွေဟာလည်း ငြင်းလို့မရနိုင်တဲ့ ချစ်ခြင်းအမျိုးအစားတွေပဲ ဖြစ်ပေမယ့်လည်း ကျွန်ုပ်တို့ခရစ်ယာန်တွေအတွက် ဒီထက်မြင့်မြတ်တဲ့ချစ်ခြင်းမေတ္တာကို မေ့ထားလို့မရရုံသာမကဘဲ ပထမဦးစားပေးချစ်ခြင်းမေတ္တာရှိတာကိုလည်း မေ့မထားသင့်ပါဘူး။

ခရစ်ယာန်တို့ရဲ့ ချစ်ခြင်းမေတ္တာဟာ ပေးဆပ်ခြင်းမှာ အရင်းတည်ပြီး စိတ်နှလုံးပျော်ရွှင်စေသည့် အရာပင် ဖြစ်ပါတယ်။ အပြင်ပန်းမှာ ဒုက္ခခံရသည်ဟု ယူဆရသော်လည်း အမှန်စင်စင် စိတ်နှလုံးပျော်ရွှင်စေပါတယ်။ သခင်ယေဇူးခရစ်တော်ဟာ ပုံစံနမူနာကောင်းအဖြစ် သူ့ဘ၀ သူ့အသက်နှင့်ရင်းပြီးမိမိမိတ်ဆွေများအဖို့ မိမိအသက်ကို စွန့်လွှတ်သောချစ်ခြင်းမေတ္တာထက် ကြီးမြတ်သော ချစ်ခြင်းမေတ္တာမရှိကြောင်းကို သက်သေပြ၊ လမ်းပြကာ သွန်သင်ပေးထားလေသည်။ ကျွန်ုပ်တို့အချင်းချင်းကြားမှာလည်း ချစ်ခြင်းမေတ္တာ၌အရင်းတည်ပြီး ကူညီရိုင်းပင်းဆက်ဆံကြရန် ထပ်ခါထပ်ခါမှာကြားနေတာပါ ခရစ်ယာန်တို့ချစ်ခြင်းမေတ္တာဟာ ဖြူစင်သန့်ရှင်းပါတယ်။ ကော်ရိန်သုသြ၀ါဒစာ ပထမစောင်တွင် သံပေါလူးမိန့်ဆိုသည့်အတိုင်းချစ်ခြင်းမေတ္တာသည် အစဉ်အမြဲစိတ်ရှည်၍ ကြင်နာသနားတတ်၏။ ချစ်ခြင်းမေတ္တာသည် မနာလိုခြင်းမရှိ၊ ၀ါကြွားခြင်းလည်းမရှိ၊- ၎င်းမာန်မာနမရှိသကဲ့သို့ ရိုင်းပြမှုလည်းမရှိ။ ချစ်ခြင်းမေတ္တာသည် ကိုယ်ကျိုးကိုမရှာတတ်၊ အမျက်ဒေါသမထွက်တတ်၊ အငြိုးအတေးလည်းမထားတတ်။ ချစ်ခြင်းမေတ္တာသည် မကောင်းသောအမှု၌၀မ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရား၌မူ ၀မ်းမြောက်တတ်၏။- ချစ်ခြင်းမေတ္တာသည် အရာရာကိုခံထားနိုင်၏။ အရာအားလုံးကို ယုံကြည်၏၊ အရာအားလုံးကို မျှော်လင့်၏။ အရားအားလုံးကိုလည်း ကြံကြံခံနိုင်၏။ ချစ်ခြင်းမေတ္တာသည် အဆုံးမရှိ။ (ကော်ရိန်သု ၁၃း၎-)

မေတ္တာတရားရဲ့သဘောသဘာဝဟာ ကိုယ်ကျိုးမရှာတတ်ဘဲ အများအတွက် အကောင်းဆုံးဖြစ်နိုင်အောင် ပေးဆပ်ကြိုးစားခြင်းပါ။ ထို့သို့အများအတွက် အကောင်းဆုံးဖြစ်အောင် ပေးဆပ်ကြိုးစားခြင်းမှာပင် မိမိတို့ကိုယ်တိုင်လည်း ပျော်ရွှင်စေပါတယ်။ ထို့ကြောင့် သံပေါလူးရဲ့ မေတ္တာအဓိပာယ်နှင့် ပြည့်စုံစေပါတယ်။ ၎င်းသည်ပင် ခရစ်ယာန်တို့၏ မေတ္တာတရားနိယာမပင် ဖြစ်ပါတယ်။ ခရစ်တော်နှင့် တူအောင်ကျင့်ကြံလိုက်လျှောက်နေကြတဲ့ ကျွန်တော်တို့ခရစ်ယာန်အတွက် ချစ်ခြင်းမေတ္တာဆိုတာ ရိုးရှင်းပြီး နက်ရှိုင်းပါတယ်။ ထို့ကြောင့် ခရစ်ယာန်တစ်ဦးအဖြစ် ခရစ်တော်အားတုယူကျင့်ကြံနေသူများအဖြစ် မိမိ၏အရှင်ထာဝရဘုရားသခင်အား နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့်ချစ်၍ ထိုချစ်ခြင်းအား မိမိနှင့်နီးစပ်သူများကို လစ်လျူရှု့မထားဘဲ ကိုယ်နှင့်အမျှချစ်၍ သက်သေခံသွားကြပါစို့။


ကိုရင် (ဒိုမီနီကန်)

No comments:

Post a Comment