သံမာတေဦး ၂၂း၁၅-၂၁ “ဆီဇာနှင့်ဆိုင်ရာကို ဆီဇာအားလည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်ရာကို ဘုရားသခင်အားလည်းကောင်း ပေးဆက်ကြလော့”
ယနေ့ဖတ်ရှုရတဲ့ဧဝေံဂေလိတရားတော်တွင်
ဖာရီဇေဦးတို့ဟာ ယေဇူးခရစ်တော်အားအပြစ်ရှာရန်အတွက်၊ နိုင်ငံရေးလှည့်ကွက်ထဲထည့်ကာ
အင်ပါယာမင်းဆီဇာအားဆန့်ကျင့်သူဖြစ်အောင် ချောက်တွန်းသည့် မေးခွန်းမျိုးကို
မေးမြန်းကြပါတယ်။ မေးခွန်းကလည်း ပေါ်တင်၊ ခပ်တည့်တည့်မေးခွန်းပါပဲ - ဆီဇာကို
အခွန်ဆက်သအပ်သလော၊ မဆက်သအပ်သလော။ ထိုမေးခွန်းကို ယေဇူးခရစ်တော်က ပညာအလိမ္မာဖြင့်
ဖြေပေးရာ - ဒေနာရီပြားစေ့တစ်စေ့ကို တောင်းယူကာ ထိုဒေနာရီပြား၏ပုံနှင့်ကဗ္ပည်းအတိုင်း
ဆိုင်ရာဖြစ်သည့် ဆီဇာကိုပေးဖို့ပြောဆိုပြီး ဘုရားသခင်နှင့်ဆိုင်ရာကိုတော့
ဘုရားသခင်အား ပေးကြဖို့ ဖြေဆိုခဲ့ပါတယ်။
မကြာခဏဆိုသလို ဤကျမ်းပိုဒ်ကိုဖတ်ကြတဲ့အခါ
လူတချို့က - ခရစ်တော်က လောကအရေးနှင့် လောကီအရေးကို ခွဲခြားပြောနေပြီး ဘုရားသခင်အတွက်
လောကနှင့်ဆိုင်ရာတွေကို စွန့်လွှတ်ရမယ်လို့ ကောက်ချက်ချတတ်ကြပါတယ်။ အမှန်တော့ လုံးဝမဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ လောကဆိုတာလည်း ဘုရားသခင်ရဲ့ လက်ထဲမှာရှိတဲ့ အရာတစ်ခုဖြစ်နေလို့ပါပဲ။
ထို့ကြောင့် ဘုရားသခင်နှင့်ဆိုင်ရာ တစ်ခုပါပဲ။ ဘုရားသခင်ရဲ့ သားသမီးအဖြစ် လောကကို စွန့်ဖို့မလိုပါဘူး
- သို့ပေမယ့်လည်း ဘုရားသခင်ရဲ့သားသမီးအဖြစ် လောကကို ကောင်းကင်နိုင်ငံတော်အဖြစ် သဏ္ဍာန်ပြောင်းဖို့ လိုအပ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ရဲ့အသက်ရှင်သန်ခြင်း ဘ၀ဟာ
ပထမဦးစားပေးအဖြစ် ဘုရားသခင်နှင့်ဆိုင်ရာတွေကို စူးစမ်းရှာဖွေဖို့ လိုပါတယ်။ သို့ဖြစ်၍
ကျွန်တော်တို့တတွေရဲ့ အမြင်၊ အယူအဆတွေဟာ ဘုရားသခင်ရဲ့သားသမီးများရဲ့ အမြင်၊အယူအဆ ဖြစ်လာပြီး
လောကကို ဘုရားမြင်သလို မြင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
ခရစ်တော်အဖြေ - ဆီဇာနှင့်ဆိုရာ ဆီဇာ၊
ဘုရားနှင့်ဆိုင်ရာ ဘုရား- ဟာတနည်းအားဖြင့် ကျွန်တော်တို့တတွေဟာ တခြားသူတစ်ဦးဟာ ၎င်းတို့နှင့်ဆိုင်ရာဆိုင်ရာကို
ပေးဖို့ပြောဆိုနေပါတယ်။ တနည်းအားဖြင့် ဘုရားနှင့်ဆိုင်ရာ ဘုရား၊ တရားနှင့်ဆိုင်ရာ တရား၊
သံဃာနှင့်ဆိုင်ရာ သံဃာ၊ မိဘနှင့်ဆိုင်ရာ မိဘ၊ ဆရာနှင့်ဆိုင်ရာ
ဆရာ၊ မိတ်ဆွေနှင့်ဆိုင်ရာ မိတ်ဆွေ ပေးကြဖို့ ၀တ္တရားရှိနေပြီးသားပါ။ ခရစ်ယာန်တရားအရ
ချုပ်ဆိုရလျှင်တော့ ချစ်ခြင်းမေတ္တာဆိုင်ရာ ပညတ်ကြီး (၂)ချက်အတိုင်း - သင်၏အရှင် ဘုရားသခင်ကို
ချစ်လော့။- သင်နှင့်နီးစပ်သူကို သင်နှင့်အမျှချစ်လော့၊ ဆိုသည့်အတိုင်း ပေးဆပ်ကျင့်ကြံဖို့ဝတ္တရားရှိပါတယ်။
သံပေါလူးမိန့်ဆိုသလိုပဲ - သင်တို့အချင်းချင်းအပေါ်၌ မေတ္တာကြွေးမှတစ်ပါး မည်သည့်အကြွေးမျှမတင်စေနှင့်။
အကောက်ခွန်ပေးထိုက်သူကို ပေးလော့၊ ရိုသေထိုက်သူကိုရိုသေလော့၊ ဂုဏ်ပြုထိုက်သူအား ဂုဏ်ပြုလော့။
ယနေ့ ဧ၀ံဂေလိတရားတော်အားဖြင့် ဘုရားသခင်နှင့်ဆိုင်ရာကို
ပေးကြတဲ့အခါ လောကတွင် အသက်ရှင်နေထိုင်လျက် ပေးနိုင်ကြောင်း သိသာမြင်သာလှပါတယ်။ ဘုရားသခင်ကို
ချစ်တဲ့ချစ်ခြင်းမေတ္တာအား ကျွန်ုပ်တို့နှင့်နီးစပ်သူများအပေါ်မှာ
ချစ်ခြင်းမေတ္တာထားခြင်းအားဖြင့် ဖြည့်ဆည်းနိုင်ပါတယ်။ ကျွန်ုပ်တို့အချင်းချင်းချစ်ကြလျှင်လည်း
အချင်းချင်းထိခိုက်စေမည့်အပြုအမူများကို အတတ်နိုင်ဆုံး အစွမ်းကိုကြိုးစားရှောင်ကျဉ်ပါလိမ့်မယ်။
အကြောင်းမသင့်လို့ ကျွန်ုပ်တို့အချင်းချင်းအကြား ခိုက်ရန်ဖြစ်ပွားမှု့တွေ၊ မကျေနပ်မှု့တွေ၊
တင်းမာမှု့တွေရှိတတ်တာ သဘာဝပါ။ သို့သော်လည်း ဒါတွေဟာ ကျော်လွှားလို့မရတဲ့အရာတွေ၊ ဖြေရှင်းလို့မရတဲ့အရာတွေမဟုတ်ဘူး။
ဒါကြောင့် မုန်းတီးမိသည်အထိ စိတ်ထဲမှာ မထားသင့်ပါ။ မုန်းတီးခြင်းဟာ ချစ်ခြင်းမေတ္တာလုံးဝပျောက်ဆုံးသွားခြင်းဖြစ်ပါတယ်။
ဒါကြောင့် ကျွန်ုပ်တို့ကိုယ်တိုင် အထိခိုက်ခံရသည့်သူများဖြစ်လျှင်လည်း ပြန်လည်ကျေအေးနိုင်ဖို့
မျှော်လင့်ချက်ရောင်ချည်အား ထိခိုက်သူအားပေးထားပါ။ မိမိက ထိခိုက်သူဖြစ်နေလျှင်လည်း
ပြန်လည်ကျေအေးနိုင်မည့် မျှော်လင့်ချက်နဲ့ တစ်ပါးသူ၏အလင်းရိပ်ကို ရှာဖွေတတ်ပါ။
မိတ်ဆွေ၊ ကျွန်တော်တို့တတွေလည်း ဘုရားသခင်နှင့်ဆိုင်ရာတွေကို
ဘုရားသခင်၏သားသမီးများအဖြင့် အကောင်းဆုံးသက်သေခံနေထိုင်ရင်း ဖြည့်ဆည်းပေးဆပ်သွားကြပါစို့။
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment