ဂလိုရီးယားဂျာနယ် နိုဝင်ဘာလ ၂၀၁၄
Thursday, 30 October 2014
Saturday, 25 October 2014
၃၀ကြိမ်မြောက် သာမန်တနင်္ဂနွေ
သံမာတေဦး
၂၂း ၃၄-၄၀
သင်၏အရှင် ထာဝရဘုရားသခင်ကို သင်၏နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့်ချစ်လော့။ - သင်နှင့်နီးစပ်သူကို သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့
ယနေ့ဖတ်ရှု့ရတဲ့
ဧ၀ံဂေလိတရားတော်အားဖြင့် ကျွန်ုပ်တို့ဘ၀မှာ အကြီးမြတ်ဆုံးပညတ်တော်ဟာ
မိမိ၏ဖန်ဆင်းရှင်၊ ထာဝရဘုရားသခင်အား မိမိတို့စိတ်အားရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့်
ချစ်ရမည်ဖြစ်ကြောင်းနှင့် ထိုသို့မိမိတို့အရှင် ထာဝရဘုရားသခင်အား
ချစ်သည်ဆိုသည်မှာလည်း မိမိတို့၏ပတ်ဝန်းကျင်ရှိ နီးစပ်သူများကို လစ်လျူရှုထား၍
လုံးဝမဖြစ်ကြောင်း ဒုတိယပညတ်တော်အားဖြင့် သွန်သင်မီးမောင်းထိုးပြနေပါတယ်။
ယနေ့တရားတော်အားဖြင့်
မေးခွန်းတစ်ခု ထုတ်ကြည့်ကြရအောင်။ ဥပဒေ စည်းမျဉ်းများနှင့် ပညတ်တွေဟာ
ဘယ်ရည်ရွယ်ချက်အတွက် ဖန်တီးထားကြပါသလဲ။ ဘုရားသခင်ရဲ့ ပညတ်တွေရဲ့ ရည်ရွယ်ချက်ကလည်း
ဘာလဲ။
ယနေ့ဧ၀ံဂေလိတရားတော်ထဲတွင်
မိုးဇယ်အားဖြင့် ဘုရားပေးခဲ့သော ဥပဒေ ပညတ်များကို ကောင်းစွာနားလည်တဲ့
ဖာရီဇေဦးတို့ဟာ ထိုသို့သိကျွမ်းနားလည်ရတဲ့အတွက် အလွန်ပင်ဂုဏ်ယူတတ်ကြသူများ ဖြစ်ပါတယ်။ ဥပဒေကျမ်း ၆၁၃ ခုအား ဘ၀ကျင့်စဉ်အဖြစ် ပြုလုပ်ကြတယ်။
အရာအရာကို ဥပဒေကျမ်းဖြင့် ချုပ်တည်းကြတယ်။ ထိုသို့ တတ်မြောက်ကျွမ်းကျင်တဲ့
ဖာရီဇေဦးတို့ဟာ ခရစ်တော်ကို သူတို့လောက် တတ်သိရဲ့လားဟူသော အမြင်ဖြင့်
စမ်းသပ်ကြတယ်။ သို့သော်လည်း
ခရစ်တော်၏အဖြေကြောင့် ၎င်းတို့အားလုံး စွံ့အသွားခဲ့ကြရပါတယ်။ ရိုးရှင်းဆုံးသောအဖြေနှင့်
နက်ရှိုင်းစွာ ဖြေဆိုပေးလိုက်ခြင်းပင် ဖြစ်ပါတယ်။
ချစ်ခြင်းမေတ္တာနှင့်ပတ်သက်လျှင် ကျွန်ုပ်တို့လူတွေက စိတ်လှုပ်ရှားမှု့တွေ၊ ခံစားချက်တွေ၊ ပြင်ပပတ်ဝန်းကျင်က သက်ရောက်မှု့တွေနဲ့အတူ ရောထွေးရှုပ်ထွေးစေကြပါတယ်။ ထိုကြောင့်လည်း လူတွေကြားမှာ ချစ်ခြင်းမေတ္တာကို အဆင့်အတန်းအမျိုးမျိုးနှင့် သဘောသဘာဝအမျိုးမျိုးခွဲခြား ကွဲပြားနေတာပါ။ ပေးဆပ်ခြင်းတွေ ရယူခြင်းတွေကို အပြိုင်ဖြစ်နေကြပြီး အတ္တအချစ်နဲ့ အတ္တကင်းတဲ့အချစ် စသဖြင့် ရှုပ်ထွေးနေရပြန်ပါတယ်။ မိဘအချစ်၊ သူငယ်ချင်းအချစ်၊ သမီးရည်းစားအချစ် စသဖြင့် ရှုပ်ထွေးနေကြရပြန်ပါတယ်။ ဒါတွေဟာလည်း ငြင်းလို့မရနိုင်တဲ့ ချစ်ခြင်းအမျိုးအစားတွေပဲ ဖြစ်ပေမယ့်လည်း ကျွန်ုပ်တို့ခရစ်ယာန်တွေအတွက် ဒီထက်မြင့်မြတ်တဲ့ချစ်ခြင်းမေတ္တာကို မေ့ထားလို့မရရုံသာမကဘဲ ပထမဦးစားပေးချစ်ခြင်းမေတ္တာရှိတာကိုလည်း မေ့မထားသင့်ပါဘူး။
ခရစ်ယာန်တို့ရဲ့ ချစ်ခြင်းမေတ္တာဟာ ပေးဆပ်ခြင်းမှာ အရင်းတည်ပြီး စိတ်နှလုံးပျော်ရွှင်စေသည့် အရာပင် ဖြစ်ပါတယ်။ အပြင်ပန်းမှာ ဒုက္ခခံရသည်ဟု ယူဆရသော်လည်း အမှန်စင်စင် စိတ်နှလုံးပျော်ရွှင်စေပါတယ်။ သခင်ယေဇူးခရစ်တော်ဟာ ပုံစံနမူနာကောင်းအဖြစ် သူ့ဘ၀ သူ့အသက်နှင့်ရင်းပြီး “မိမိမိတ်ဆွေများအဖို့ မိမိအသက်ကို စွန့်လွှတ်သောချစ်ခြင်းမေတ္တာထက် ကြီးမြတ်သော ချစ်ခြင်းမေတ္တာမရှိ” ကြောင်းကို သက်သေပြ၊ လမ်းပြကာ သွန်သင်ပေးထားလေသည်။ ကျွန်ုပ်တို့အချင်းချင်းကြားမှာလည်း ချစ်ခြင်းမေတ္တာ၌အရင်းတည်ပြီး ကူညီရိုင်းပင်းဆက်ဆံကြရန် ထပ်ခါထပ်ခါမှာကြားနေတာပါ။ ခရစ်ယာန်တို့ချစ်ခြင်းမေတ္တာဟာ ဖြူစင်သန့်ရှင်းပါတယ်။ ကော်ရိန်သုသြ၀ါဒစာ ပထမစောင်တွင် သံပေါလူးမိန့်ဆိုသည့်အတိုင်း “ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲစိတ်ရှည်၍ ကြင်နာသနားတတ်၏။ ချစ်ခြင်းမေတ္တာသည် မနာလိုခြင်းမရှိ၊ ၀ါကြွားခြင်းလည်းမရှိ၊- ၎င်းမာန်မာနမရှိသကဲ့သို့ ရိုင်းပြမှုလည်းမရှိ။ ချစ်ခြင်းမေတ္တာသည် ကိုယ်ကျိုးကိုမရှာတတ်၊ အမျက်ဒေါသမထွက်တတ်၊ အငြိုးအတေးလည်းမထားတတ်။ ချစ်ခြင်းမေတ္တာသည် မကောင်းသောအမှု၌၀မ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရား၌မူ ၀မ်းမြောက်တတ်၏။- ချစ်ခြင်းမေတ္တာသည် အရာရာကိုခံထားနိုင်၏။ အရာအားလုံးကို ယုံကြည်၏၊ အရာအားလုံးကို မျှော်လင့်၏။ အရားအားလုံးကိုလည်း ကြံကြံခံနိုင်၏။ ချစ်ခြင်းမေတ္တာသည် အဆုံးမရှိ။ (ကော်ရိန်သု ၁၃း၎-၈)
မေတ္တာတရားရဲ့သဘောသဘာဝဟာ ကိုယ်ကျိုးမရှာတတ်ဘဲ
အများအတွက် အကောင်းဆုံးဖြစ်နိုင်အောင် ပေးဆပ်ကြိုးစားခြင်းပါ။ ထို့သို့အများအတွက် အကောင်းဆုံးဖြစ်အောင်
ပေးဆပ်ကြိုးစားခြင်းမှာပင် မိမိတို့ကိုယ်တိုင်လည်း ပျော်ရွှင်စေပါတယ်။ ထို့ကြောင့် သံပေါလူးရဲ့
မေတ္တာအဓိပ္ပာယ်နှင့် ပြည့်စုံစေပါတယ်။
၎င်းသည်ပင် ခရစ်ယာန်တို့၏ မေတ္တာတရားနိယာမပင် ဖြစ်ပါတယ်။ ခရစ်တော်နှင့် တူအောင်ကျင့်ကြံလိုက်လျှောက်နေကြတဲ့
ကျွန်တော်တို့ခရစ်ယာန်အတွက် ချစ်ခြင်းမေတ္တာဆိုတာ ရိုးရှင်းပြီး နက်ရှိုင်းပါတယ်။ ထို့ကြောင့်
ခရစ်ယာန်တစ်ဦးအဖြစ် ခရစ်တော်အားတုယူကျင့်ကြံနေသူများအဖြစ် မိမိ၏အရှင်ထာဝရဘုရားသခင်အား
နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့်ချစ်၍
ထိုချစ်ခြင်းအား မိမိနှင့်နီးစပ်သူများကို လစ်လျူရှု့မထားဘဲ ကိုယ်နှင့်အမျှချစ်၍ သက်သေခံသွားကြပါစို့။
ကိုရင် (ဒိုမီနီကန်)
Saturday, 18 October 2014
၂၉ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့
သံမာတေဦး ၂၂း၁၅-၂၁ “ဆီဇာနှင့်ဆိုင်ရာကို ဆီဇာအားလည်းကောင်း၊ ဘုရားသခင်နှင့်ဆိုင်ရာကို ဘုရားသခင်အားလည်းကောင်း ပေးဆက်ကြလော့”
ယနေ့ဖတ်ရှုရတဲ့ဧဝေံဂေလိတရားတော်တွင်
ဖာရီဇေဦးတို့ဟာ ယေဇူးခရစ်တော်အားအပြစ်ရှာရန်အတွက်၊ နိုင်ငံရေးလှည့်ကွက်ထဲထည့်ကာ
အင်ပါယာမင်းဆီဇာအားဆန့်ကျင့်သူဖြစ်အောင် ချောက်တွန်းသည့် မေးခွန်းမျိုးကို
မေးမြန်းကြပါတယ်။ မေးခွန်းကလည်း ပေါ်တင်၊ ခပ်တည့်တည့်မေးခွန်းပါပဲ - ဆီဇာကို
အခွန်ဆက်သအပ်သလော၊ မဆက်သအပ်သလော။ ထိုမေးခွန်းကို ယေဇူးခရစ်တော်က ပညာအလိမ္မာဖြင့်
ဖြေပေးရာ - ဒေနာရီပြားစေ့တစ်စေ့ကို တောင်းယူကာ ထိုဒေနာရီပြား၏ပုံနှင့်ကဗ္ပည်းအတိုင်း
ဆိုင်ရာဖြစ်သည့် ဆီဇာကိုပေးဖို့ပြောဆိုပြီး ဘုရားသခင်နှင့်ဆိုင်ရာကိုတော့
ဘုရားသခင်အား ပေးကြဖို့ ဖြေဆိုခဲ့ပါတယ်။
မကြာခဏဆိုသလို ဤကျမ်းပိုဒ်ကိုဖတ်ကြတဲ့အခါ
လူတချို့က - ခရစ်တော်က လောကအရေးနှင့် လောကီအရေးကို ခွဲခြားပြောနေပြီး ဘုရားသခင်အတွက်
လောကနှင့်ဆိုင်ရာတွေကို စွန့်လွှတ်ရမယ်လို့ ကောက်ချက်ချတတ်ကြပါတယ်။ အမှန်တော့ လုံးဝမဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ လောကဆိုတာလည်း ဘုရားသခင်ရဲ့ လက်ထဲမှာရှိတဲ့ အရာတစ်ခုဖြစ်နေလို့ပါပဲ။
ထို့ကြောင့် ဘုရားသခင်နှင့်ဆိုင်ရာ တစ်ခုပါပဲ။ ဘုရားသခင်ရဲ့ သားသမီးအဖြစ် လောကကို စွန့်ဖို့မလိုပါဘူး
- သို့ပေမယ့်လည်း ဘုရားသခင်ရဲ့သားသမီးအဖြစ် လောကကို ကောင်းကင်နိုင်ငံတော်အဖြစ် သဏ္ဍာန်ပြောင်းဖို့ လိုအပ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ရဲ့အသက်ရှင်သန်ခြင်း ဘ၀ဟာ
ပထမဦးစားပေးအဖြစ် ဘုရားသခင်နှင့်ဆိုင်ရာတွေကို စူးစမ်းရှာဖွေဖို့ လိုပါတယ်။ သို့ဖြစ်၍
ကျွန်တော်တို့တတွေရဲ့ အမြင်၊ အယူအဆတွေဟာ ဘုရားသခင်ရဲ့သားသမီးများရဲ့ အမြင်၊အယူအဆ ဖြစ်လာပြီး
လောကကို ဘုရားမြင်သလို မြင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
ခရစ်တော်အဖြေ - ဆီဇာနှင့်ဆိုရာ ဆီဇာ၊
ဘုရားနှင့်ဆိုင်ရာ ဘုရား- ဟာတနည်းအားဖြင့် ကျွန်တော်တို့တတွေဟာ တခြားသူတစ်ဦးဟာ ၎င်းတို့နှင့်ဆိုင်ရာဆိုင်ရာကို
ပေးဖို့ပြောဆိုနေပါတယ်။ တနည်းအားဖြင့် ဘုရားနှင့်ဆိုင်ရာ ဘုရား၊ တရားနှင့်ဆိုင်ရာ တရား၊
သံဃာနှင့်ဆိုင်ရာ သံဃာ၊ မိဘနှင့်ဆိုင်ရာ မိဘ၊ ဆရာနှင့်ဆိုင်ရာ
ဆရာ၊ မိတ်ဆွေနှင့်ဆိုင်ရာ မိတ်ဆွေ ပေးကြဖို့ ၀တ္တရားရှိနေပြီးသားပါ။ ခရစ်ယာန်တရားအရ
ချုပ်ဆိုရလျှင်တော့ ချစ်ခြင်းမေတ္တာဆိုင်ရာ ပညတ်ကြီး (၂)ချက်အတိုင်း - သင်၏အရှင် ဘုရားသခင်ကို
ချစ်လော့။- သင်နှင့်နီးစပ်သူကို သင်နှင့်အမျှချစ်လော့၊ ဆိုသည့်အတိုင်း ပေးဆပ်ကျင့်ကြံဖို့ဝတ္တရားရှိပါတယ်။
သံပေါလူးမိန့်ဆိုသလိုပဲ - သင်တို့အချင်းချင်းအပေါ်၌ မေတ္တာကြွေးမှတစ်ပါး မည်သည့်အကြွေးမျှမတင်စေနှင့်။
အကောက်ခွန်ပေးထိုက်သူကို ပေးလော့၊ ရိုသေထိုက်သူကိုရိုသေလော့၊ ဂုဏ်ပြုထိုက်သူအား ဂုဏ်ပြုလော့။
ယနေ့ ဧ၀ံဂေလိတရားတော်အားဖြင့် ဘုရားသခင်နှင့်ဆိုင်ရာကို
ပေးကြတဲ့အခါ လောကတွင် အသက်ရှင်နေထိုင်လျက် ပေးနိုင်ကြောင်း သိသာမြင်သာလှပါတယ်။ ဘုရားသခင်ကို
ချစ်တဲ့ချစ်ခြင်းမေတ္တာအား ကျွန်ုပ်တို့နှင့်နီးစပ်သူများအပေါ်မှာ
ချစ်ခြင်းမေတ္တာထားခြင်းအားဖြင့် ဖြည့်ဆည်းနိုင်ပါတယ်။ ကျွန်ုပ်တို့အချင်းချင်းချစ်ကြလျှင်လည်း
အချင်းချင်းထိခိုက်စေမည့်အပြုအမူများကို အတတ်နိုင်ဆုံး အစွမ်းကိုကြိုးစားရှောင်ကျဉ်ပါလိမ့်မယ်။
အကြောင်းမသင့်လို့ ကျွန်ုပ်တို့အချင်းချင်းအကြား ခိုက်ရန်ဖြစ်ပွားမှု့တွေ၊ မကျေနပ်မှု့တွေ၊
တင်းမာမှု့တွေရှိတတ်တာ သဘာဝပါ။ သို့သော်လည်း ဒါတွေဟာ ကျော်လွှားလို့မရတဲ့အရာတွေ၊ ဖြေရှင်းလို့မရတဲ့အရာတွေမဟုတ်ဘူး။
ဒါကြောင့် မုန်းတီးမိသည်အထိ စိတ်ထဲမှာ မထားသင့်ပါ။ မုန်းတီးခြင်းဟာ ချစ်ခြင်းမေတ္တာလုံးဝပျောက်ဆုံးသွားခြင်းဖြစ်ပါတယ်။
ဒါကြောင့် ကျွန်ုပ်တို့ကိုယ်တိုင် အထိခိုက်ခံရသည့်သူများဖြစ်လျှင်လည်း ပြန်လည်ကျေအေးနိုင်ဖို့
မျှော်လင့်ချက်ရောင်ချည်အား ထိခိုက်သူအားပေးထားပါ။ မိမိက ထိခိုက်သူဖြစ်နေလျှင်လည်း
ပြန်လည်ကျေအေးနိုင်မည့် မျှော်လင့်ချက်နဲ့ တစ်ပါးသူ၏အလင်းရိပ်ကို ရှာဖွေတတ်ပါ။
မိတ်ဆွေ၊ ကျွန်တော်တို့တတွေလည်း ဘုရားသခင်နှင့်ဆိုင်ရာတွေကို
ဘုရားသခင်၏သားသမီးများအဖြင့် အကောင်းဆုံးသက်သေခံနေထိုင်ရင်း ဖြည့်ဆည်းပေးဆပ်သွားကြပါစို့။
ကိုရင် (ဒိုမီနီကန်)
Saturday, 4 October 2014
၂၇ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့
နိုင်ငံတော်နှင့်ဆိုင်သော အသီးအပွင့်တို့ကိုသီးပွင့်စေမည့်လူမျိုးအား …
ဖတ်ရှု့ရတဲ့ဧ၀ံဂေလိတရားတော်တွင်
ယေဇူးခရစ်တော်က ပုံဥပမာတစ်ခုကို ပေးထားပြန်ပါတယ်။ ထိုပုံဥပမာမှာ စပျစ်ဥယာဉ်သီးစားလုပ်သူတို့ဖြင့်သရုပ်ဖော်ထားပါတယ်။
မြေပိုင်ရှင်တစ်ဦးဟာ စပျစ်ဥယာဉ်ကိုစိုက်ပျိုးပြီး ခြံကိုလည်းကာရံခဲ့တယ်။ စပျစ်ရည်ညှစ်ဖို့ကျင်း၊
အလုပ်သမားများအတွက် လင့်စင် စသဖြင့် အစစအရာအရာပြည့်စုံအောင်ပြင်ဆင်ပေးခဲ့ပြီး တိုင်းတစ်ပါးကို
ထွက်သွားပါသတဲ့။ ဒီလိုနဲ့ စပျစ်သီးဆွတ်ခူးချိန်နီးလာတဲ့အခါ သီးစားခရယူဖို့ ၎င်း၏အစေခံများကို
စေလွှတ်လိုက်ပါတယ်- ထိုအခါ အလုပ်သမားများက သီးစားမပေးသည့်အပြင် ၎င်းစေလွှတ်လိုက်တဲ့အစေခံများကို
လုပ်ကြံလိုက်ကြပါတယ်။ နောက်ထပ် အစေခံများကိုစေလွှတ်သော်လည်း ထိုနည်း၎င်းအတိုင်းလုပ်ကြံကြပြန်သတဲ့။
ဒီလိုနဲ့ ခြံရှင်ကြီးက သူရဲ့တစ်ဦးတည်းသောသားကို စေလွှတ်ရင်တော့ သူတို့လေးစားကြမှာပါဟု
ဆိုကာ ၎င်း၏တစ်ဦးတည်းသောသားကို စေလွှတ်လိုက်ပါတယ်။ ထိုခါမှ သီးစားလုပ်သူတွေက ‘ဤသူဟာ အမွေခံသား၊
သူ့ကိုသတ်ပြီး အမွေတွေကိုယူကြစို့’ ဟုဆိုကာ ထိုတစ်ဦးတည်းသောသားကို သတ်လိုက်ကြပါတယ်။
ထိုပုံပြင်အဆုံးမှာ
ယေဇူးသခင်က ပရိတ်သပ်ကို ဤသို့မေးလိုက်ပါတယ် “စပျစ်ဥယာဉ်ပိုင်ရှင် လာသောအခါ သူသည် ထိုသီးစားအလုပ်သမားများကို
မည်သို့ပြုလုပ်လိမ့်မည်နည်း။” ထိုအခါ သူတို့က ‘ထိုပိုင်ရှင်သည် ဆိုးယုတ်သောသူတို့ကို
အသေဆိုးနှင့်သေစေလိမ့်မည်။ စပျစ်ဥယျာဉ်ကိုလည်း အခြားသောသီးစားလုပ်သူတို့အား ငှားရမ်းပါလိမ့်မယ်’
ဟုဖြေဆိုခဲ့ကြပါတယ်။
ချစ်စွာသောဓမ္မမိတ်ဆွေ၊
ဤပုံဥပမာအားဖြင့် ယေဇူးခရစ်တော်က ဘာကိုသွန်သင်နေပါသလဲ။ လျပ်တပြတ်ဖတ်ရှုလိုက်ရင် ဤပုံဥပမာဟာ
ဓမ္မဟောင်းကာလက ပရော်ဖက်များနှင့် ယေဇူးခရစ်တော်ကိုယ်တိုင်၏ ဘ၀ကံကြမ္မာကိုတိုက်ရိုက်ဖော်ပြနေသလိုပါပဲ။
သို့သော်လည်း တဖက်မှာလည်း ကျွန်တော်တို့တစ်ဦးချင်းစီတိုင်းအတွက် သွန်သက်ချက်တွေပါနေပါတယ်။
ထို့ကြောင့် ဤပုံဥပမာနဲ့သွန်သင်ချက်အချို့ကို ထောက်ရှုစဉ်းစားကြည့်ကြပါစို့။
ပုံဥပမာထဲတွင်
ထင်ရှားဆုံးကတော့ သီးစားလုပ်သူတို့လို့ပဲဆိုရပါလိမ့်မယ်။ ထိုသူတို့အတွက် ကန်အသင့်ကြာအသင့်မှာ
အစစအရာရာပြည့်စုံအောင်ထားပေးခဲ့သော်လည်း ၎င်းတို့ဟာ ထိုစပျစ်ဥယျာဉ်အတွက် သင့်လျော်အောင်မနေနိုင်
မလုပ်နိုင်ကြသူများ၊ ဥယျာဉ်ကိုမစောင့်ရှောက်ဘဲ အသီးအပွင့်ဖြစ်ထွန်းအောင်လုပ်သူများ
မဟုတ်တဲ့ စရိုက်အမျိုးစားနဲ့ လုပ်သားများ ဖြစ်ကြပါတယ်။ ထို့အပြင် ၎င်းလုပ်သားများဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြင့်
လုပ်ပိုင်ခွင့်ရသူများဖြစ်သော်လည်း မိမိတို့ရဲ့ အခွင့်အရေးကိုတန်ဖိုးမထားတတ်ဘဲ အလွဲသုံးစားလုပ်သူများအဖြစ်
လုပ်သားညံ့များ စာရင်းဝင်သူတွေပါပဲ။
ထို့အတူပါပဲ
ကျွန်တော်တို့တတွေလည်း ဘ၀မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်များစွာဖြင့်
ရှင်သန်ခွင့်ရနေကြသူများပင် ဖြစ်ပါတယ်။ ကျွန်တော်တို့ခရစ်ယာန်ယုံကြည်ချက်တွင် အသက်နှင့်ဘ၀ကို
ဘုရားသခင်ပိုင်ဆိုင်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ရဲ့အသက်နှင့်ဘ၀ဟာ ဘုရားသခင်ရဲ့
စပျစ်ဥယျာဉ်နဲ့တူပြီး ကျွန်တော်တို့တတွေဟာ ထိုအသက်နဲ့ဘ၀ကို အသီးအပွင့်များပွင့်သီစေကာ
လုပ်ဆောင်ရမည့်လုပ်သားများနဲ့တူပါတယ်။ ဘုရားသခင်၏အဓိကလိုလားချက်ဟာ ကျွန်တော်တို့ဘ၀နှင့်အသက်မှ
အသီးအပွင့်များဝေကာ အဆ ၃၀၊ အဆ ၆၀၊ အဆ ၁၀၀ စသဖြင့်တိုးတက်စေဖို့ပါ။ ထို့ကြောင့် မိမိကိုယ်ကိုမေးခွန်းမေးဖို့
လိုပါတယ် - ငါဟာ ငါ့ဘ၀နဲ့အသက်ကို ကောင်းစွာအသုံးချနေသလား၊ ဒါမှမဟုတ် ငါ့ဘ၀ရဲ့လွတ်လပ်ခွင့်နှင့်ရွေးချယ်ခွင့်တွေကို
ငါကောင်းကောင်း အသုံးချနေရဲ့လား။ ငါ့ဘ၀နဲ့အသက်အတွက် ငါဘယ်လောက် ဖွံ့ဖြိုးတိုးတက်အောင်
စွမ်းဆောင်နေနိုင်ပြီလဲ။
ထို့အပြင်
ကျွန်တော်တို့ခရစ်ယာန်များအတွက် ခရစ်ယာန်ဟူသော ဘ၀နှင့်အသက်တာကို ကျွန်တော်တို့ဆေးကြောခြင်းခံယူချိန်မှစ၍
ဘုရားသခင်က ကျွန်တော်တို့လက်ထဲမှာ အပ်နှံထားပါတယ်။ ဖတ်ရှု့ရတဲ့ဧ၀ံဂေလိတရားတော်၏ အဓိကအနှစ်ချုပ်မှာလည်း
ကျွန်တော်တို့ခရစ်ယာန်ဘ၀အသက်တာကို အသီးအပွင့်များစေရမည့်အကြောင်းပင်ဖြစ်ပါတယ်။ သို့သော်လည်း
ကျွန်တော်တို့ဘ၀မှာ အစမ်းသပ်ခံကာလများ၊ အခက်ခဲဒုက္ခများနှင့် ယုံကြည်ခြင်းတို့မှာ ရုန်းကန်ကြရဦးမှာဖြစ်ပါတယ်။
ဒီအတွက် သံပေါလူးက ပ-ကော်မှာ အားပေးထားပါတယ် - အဆုံးထိကျွန်တော်တို့ယုံကြည်ခြင်းမှာ
ခိုင်မြဲလျှင် ကျွန်တော်တို့တတွေဟာ အချည်းအနှီးမဖြစ်ပါဘူး။ ထို့အပြင် ဘုရားသခင်ဟာလည်း
အားလုံးပြည့်စုံအောင် စီစဉ်ပေးသူ စပျစ်ခြံရှင်ကြီးဖြစ်တာမို့ ကျွန်တော်တို့အတွက်လည်း
ကျေးဇူးတော်များဖြင့် ပြည့်စုံအောင် ပြင်ဆင်ပေးထားပါတယ်။ ထို့ကြောင့် ကျွန်တော်တို့တတွေဟာ
ရရှိထားတဲ့၊ ခံယူထားတဲ့ ခရစ်ယာန်ဘ၀အသက်တာကို အသီးအပွင့်များဝေဆာအောင် မိမိတို့ရဲ့လွတ်လပ်ခွင့်နှင့်
ရွေးချယ်မှုအားဖြင့် စိတ်ကြိုက်ပြုစုထိန်းသိမ်းနိုင်ပါတယ်။ သို့သော်လည်း သံယောဟန်ကျမ်းတွင်
ခရစ်တော်မိန့်ဆိုသလိုပဲ ကျွန်တော်တို့ဟာ စပျစ်အနွယ်အခိုင်များဖြစ်၍ ခရစ်တော်ဟာစပျစ်ပင်ကြီးဖြစ်တာမို့
ထိုပင်စည်ကြီးနှင့် ပြတ်တောက်နေလို့တော့ မဖြစ်နိုင်ပါဘူး။ မဟုတ်လျှင် အသီးမသီးနိုင်တဲ့
စပျစ်ခိုင်တွေသာ ဖြစ်နေပါလိမ့်မယ်။
ဒီလိုပဲ မိမိရရှိပိုင်ဆိုင်ထားတဲ့
ဘ၀နှင့်အသက်၊ ခရစ်ယာန်ဘ၀အသက်တာကို အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်ရင်း အသီးအပွင့်များဝေစေဖို့
လိုအပ်ပါတယ်။ မဟုတ်လျှင် ကျွန်တော်တို့တတွေဒီဘ၀နှင့်အသက်၊ ခရစ်ယာန်အသက်တာကို ပိုင်ဆိုင်ခွင့်ဆုံးရှုံးရနိုင်ပါတယ်။
ခရစ်တော်၌ခွန်အားယူရင်း
ရရှိထားတဲ့ခရစ်ယာန်ဘ၀အသက်တာများကို အသီးအပွင့်များ ဝေဆာအောင် ဖန်တီးနိုင်တဲ့ လုပ်သားများဖြစ်ကြပါစေ။
ကိုရင် (ဒိုမီနီကန်)
ဂလိုရီးယားဂျာနယ် အောက်တိုဘာလ ၂၀၁၄
ဂလိုရီးယားဂျာနယ် အောက်တိုဘာလ ၂၀၁၄
Subscribe to:
Posts (Atom)