ဘုရားသခင်သည် တရားမျှတ၍ သနားကြင်နာ၏။
ဖတ်ရှု့ရသည့် ဧ၀ံဂေလိတရားတော်တွင် ယေဇူးခရစ်တော်ဟာ ဘုရားသခင်သည် တရားမျှတ၍ ဖြောင့်မတ်မှန်ကန်သူဖြစ်ပြီး သနားကြင်နာတတ်သူဖြစ်ကြောင်းကို ဥပမာဆန်းတစ်ခုဖြင့် မိန့်ဆိုပါတယ်။ ယေဇူးသခင်၏ဥပမာဆန်းထဲတွင် ဘုရားသခင်အား အလုပ်ရှင်တစ်ဦးအဖြစ်ခိုင်းနှိုင်းထားပြီး ထိုအလုပ်ရှင်ကြီးဟာ အလုပ်လက်မဲ့ဖြစ်နေသော အလုပ်သမားများအား မျှတတဲ့လုပ်အားခဖြင့် ငှားရမ်းပါတယ်။ ပထမအလုပ်သမားအစုအား နံနက်အာရုံဦးမှာပင် တစ်နေ့စာလုပ်အားခဖြင့် ငှားရမ်းလိုက်ပါတယ်။ ထို့နောက် နံနက် ၉ နာရီခန့်တွင် ဈေးထောင့်မှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတစ်စုကို မြင်သောအခါ သူတို့ကိုလည်း လုပ်အားခကို မျှတစွာပေးမည်ဟု ကတိဖြင့် သူ့အလုပ်မှာသွားလုပ်စေခဲ့ပါတယ်။ နောက်ထပ် မွန်းတည့်ချိန် ၁၂ နာရီ၊ နောက်ထပ် နေ့ခင်း ၃ နာရီမှာလည်း အလားတူအလုပ်လက်မဲ့ လူတစ်စုကိုတွေ့၍ လုပ်အားခကို မျှတစွာပေးမည်ဟုကတိဖြင့် ငှားရမ်းလိုက်ပါတယ်။ ထို့အပြင် ညနေခင်း ၅နာရီထိုးခါနီသည့်တိုင်အောင် အလုပ်လက်မဲ့ဖြစ်နေတဲ့ လူတစ်စုကို တွေ့ရှိပြန်ပါတယ်။ ဒါနဲ့ဘာကြောင့် အလုပ်လက်မဲ့ဖြစ်နေရသလဲ မေးကြည့်သောအခါ ၎င်းတို့အား ငှားရမ်းမည့်အလုပ်ရှင် မရှိသောကြောင့်ဟု ဖြေကြပါတယ်။ ဒါနဲ့ အလုပ်ရှင်ကြီးက သူတို့ကိုလည်း သူရဲ့အလုပ်မှာ သွားရောက်လုပ်ကိုင်စေခဲ့ပါတယ်။
ဒီလိုဖြင့် ညနေ ၅နာရီ အလုပ်သိမ်းချိန်ကျရောက်လာတဲ့အခါ အလုပ်သမားများအား ၎င်းတို့၏နေ့စားခကို ပေးရန်ခေါ်ဆိုလိုက်ပါတယ်။ အလုပ်ချိန်နောက်ဆုံးမှရောက်သူမှ စတင်ကာ အရင်ဆုံးရောက်သူထိအောင် ၎င်းတို့အား တစ်နေ့စာလုပ်အားခကို မှန်ကန်စွာပေးလိုက်ပါတယ်။ နောက်ဆုံးရောက်လာသူများကိုလည်း တစ်နေ့စာလုပ်အားခအပြည့်ပေးသောအခါ အရင်ဆုံးရောက်သူတွေဟာ သူတို့တော့ပိုရတော့မည်ဟု မျှော်လင့်နေခဲ့ကြပါတယ်။ သို့သော်လည်း ထိုအရင်ဆုံးရောက်သူများလည်း တစ်နေ့စာကိုသာ တရားမျှတစွာ ရရှိခဲ့ပါတယ်။ ဒါနဲ့ ၎င်းတို့လည်း နောက်ဆုံးရောက်သူတွေကို ပိုပေးပါတယ်ဆိုပြီး ညည်းတွားကြပါတယ်။ သို့သော်လည်း သူတို့ညည်းတွားသည့်တိုင်အောင် အလုပ်ရှင်ဟာ သူတို့အပေါ်မတရားသောအမှုမပြုပါ - အခြားအလုပ်သမားများအပေါ် သနားကြင်နာ၍ ဂရုဏာသက်စွာဖြင့် စေတနာပိုခြင်းသာဖြစ်ပါတယ်။ သူတို့အပေါ်မတရားမပြုသောအလုပ်ရှင်၏ စေတနာဂရုဏာကို သူတို့တတွေ ဝေဖန်ခွင့်ရှိပါသလား။
မိတ်ဆွေ- ဤဥပမာအားဖြင့် ဘုရားသခင်သည်မတရားသောအမှုကို မကျူးလွန်သည့်အပြင် တရားမျှတခြင်းထက် ပို၍ဂရုဏာရှိကြောင်း ကွက်ကွက်ကွင်းကွင်းကို မြင်တွေ့နိုင်ပါတယ်။ “ကိုယ်တော်သည် အပြစ်တို့ကို ရီမှတ်တော်မူလျှင် အဘယ်သူခံနိုင်မည်နည်း” ဆိုသလိုပဲ ဘုရားသခင်သည် တရားမျှတခြင်းတစ်ခုတည်းသာ လုံးဝလက်ကိုင်ထားမည်ဆိုပါက ကျွန်တော်တို့တတွေအတွက် ကယ်တင်ခြင်းတရား မရရှိနိုင်ပါ။ ကျွန်တော်တို့ရဲ့ ကယ်တင်ခြင်းတရားဟာ ဘုရားသခင်၏ သနားဂရုဏာကြောင့် မထိုက်တန်သော်လည်း ကျေးဇူးတော်ကို ကျွန်တော်တို့ခံစားရရှိခြင်းသာ ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ခရစ်ယာန်တတွေဟာလည်း သံပေါလူးပြောသလိုပဲ ယခင်အတိုင်အကျင့်ဆိုးတွေနဲ့ နေလို့မရတော့ဘဲ ကျေးဇူးတော်ဖြင့် ဘုရားသခင်၏သားသမီးများကဲ့သို့ နေထိုင်ကျင့်ကြံသင့်ပါတယ်။ ခရစ်ယာန်ဘ၀ကို အကောင်းဆုံးကျင့်ကြံနေထိုင်ခြင်းဟာ ခရစ်တော်ကိုအတုယူနေထိုင်သည့် ဘ၀ပါပဲ။
မိတ်ဆွေ- တခါတလေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မရသင့်ဘူး -မဖြစ်သင့်ဘူးဟု ထင်ရတဲ့ လူတစ်ချို့ဟာ မိမိထက်သာပြီး အောင်မြင်နေပါက ကျွန်တော်တို့တတွေချီးမွမ်းနိုင်ဖို့ထက် ဒါဟာ လုံးဝမဖြစ်သင့်ဘူးလို့ အရင်ဦးဆုံးတွေးမိတတ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့စိတ်ထားက မဖြစ်သင့်တာပါ - ကျွန်တော်တို့ သူတို့အောင်မြင်နေတာကို ချီးကျူးရမှာပါ။ ထို့အပြင် ၎င်းအောင်မြင်မှုများမှာ ဘုရားသခင်၏ဂုဏ်တော်ကို ရှာဖွေချီးမွမ်းတတ်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ချစ်ခြင်းမေတ္တာသည် မနာလို ၀န်တိုခြင်းမရှိဘဲ တပါးသူ၏အောင်မြင်မှုမှာ ၀မ်းမြောက်ခြင်းရှိတတ်လို့ပါပဲ။
မိတ်ဆွေ- တခါတလေ ကျွန်တော်တို့တတွေဟာ အလုပ်တစ်ခုကို လုပ်တဲ့အခါ ဆုလာဒ်ကိုသာ ကြည့်တတ်ပါတယ်။ ဆုလာဒ်ကိုသာစိတ်ထဲထားပြီး အလုပ်ကိုတော့ ၀တ်ကျေတန်းကျေလုပ်တတ်တဲ့ အခါမျိုးတွေရှိတတ်ပါတယ်။ ဘုရားသခင်အတွက် လုပ်ဆောင်ရတဲ့အလုပ်တာဝန်တွေမှာ ပိုဆိုးပါတယ်။ ရရှိမည့်အကျိုးတူညီတဲ့အခါ အလုပ် လုပ်တာချင်းမတူညီကြတော့ပါဘူး။ ပုံဥပမာထဲကလိုပဲ အရင်ဆုံးရောက်သူပဲဖြစ်ဖြစ်၊ နောက်ဆုံးရောက်သူပဲဖြစ်ဖြစ် တူညီတဲ့လုပ်အားခရတဲ့အတွက် ကျွန်တော်တို့တတွေ စိတ်ထားတွေမတူညီကြတော့ဘူး။ ဒါဟာ ခရစ်ယာန်စိတ်ထားမဟုတ်ပါဘူး။ ခရစ်ယာန်ဘ၀မှာ ဘုရားသခင်အတွက် စိတ်ရောကိုယ်ပါဖြင့် လုပ်ကိုင်ပေးရင်း နောက်မှလာသူများ ကိုယ်လိုလုပ်ကိုင်ကြသည့်အခါလည်း တူညီတဲ့ရလာဒ်ကိုပဲ ဝေမျှသည့်တိုင်အောင် စိတ်ကြည်ကြည် ရှိသင့်ပါတယ်။ ထိုဝေမျှခြင်းမှာပင် ဘုရားရဲ့ဂုဏ်တော်ချီးမွမ်းရာဖြစ်ကြောင်း နားလည်ထားသင့်ပါတယ်။
ကောင်းရာကောင်းကျိုးလုပ်ကြတဲ့အခါ ရရှိမည့်ဆုလာဒ်က အရေးမကြီးပါဘူး။ ကျွန်တော်တို့တတွေကိုလည်း အချင်းချင်းဝေဖန်နေရင်း ကောင်းရာကောင်းကျိုးလုပ်သည့်အရာမှ အဟန့်အတားမဖြစ်သင့်ပါဘူး။ ထို့ကြောင့် ဘုရားသခင်အား အတုယူပြီး ကျွန်တော်တို့တတွေလည်း ကျွန်တော်တို့ရဲ့ မိတ်ဆွေများကို တရားမျှတစွာ ဆက်ဆံသင့်သလို တရားမျှတခြင်းထက် ဂရုဏာမေတ္တာလိုအပ်သူများကိုလည်း တရားမျှတခြင်းထက် ဂရုဏာမေတ္တာပါ ပေးနိုင်ကြရမှာဖြစ်ပါတယ်။ ထို့အတူ ဘုရားသခင်၏ ဘုန်းဂုဏ်တော်များကိုလည်း မိမိနှင့်နီးစပ်သူများ၊ အကူညီလိုအပ်သူများ၊ ဂရုဏာစေတနာလိုအပ်သူများအား ကူညီပံ့ပိုးပေးရင်း ချီးမွမ်းတေးဆိုနေသော ခရစ်ယာန်ကောင်းများ ဖြစ်ဖို့ အစဉ်ကြိုးစားသွားကြပါစို့။
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment