ယနေ့
တနင်္ဂနွေဟာ ကရူးစူးတိုင်အောင်နိုင်ခြင်းပွဲတော်ကျရောက်သည့်အတွက် အထူးနေ့ဟု
ဆိုရပါလိမ့်မယ်။ ဤပွဲတော်ဟာ နှစ်စဉ်နှစ်တိုင်း တနင်္ဂနွေမှာ ကျရောက်တာမဟုတ်ပါဘူး။ ထို့ကြောင့်
အထူးနေ့ဟု ပြောဆိုရခြင်းဖြစ်ပါတယ်။ ယနေ့အသင်းတော်အတွင်းမှာ
ဤပွဲတော်ကိုကျင်းပသည့်အခါ အဓိပ္ပာယ်နှစ်ခုဖြင့် ကျင်းပနေကြသည်ဟု ဆိုနိုင်ပါတယ်။
ကရူစူးတိုင်အောင်နိုင်ခြင်းပွဲတော် ကျင်းပရခြင်း ပထမအကြောင်းရင်းမှာ
ယေဇူးခရစ်တော်အားတံကျင်တင်ခဲ့သော ကားတိုင်တော်အစစ်ကို
ပြန်လည်ရှာဖွေတွေ့ရှိခြင်းကို သမိုင်းစဉ်အရနားလည်အောက်မေ့နိုင်ရန်ဖြစ်ပါတယ်။
ထို့နောက် ပွဲတော်ကျင်းပရခြင်းဒုတိယအကြောင်းရင်းကတော့ ကားတိုင်အားဖြင့်
ခရစ်တော်သခင်ပေးခဲ့သော၊ သက်သေပြသခဲ့သော သူ၏ယဇ်ပူဇော်ရာချစ်ခြင်းမေတ္တာတော်အား
ပို၍ပို၍ နားလည်အောက်မေ့နိုင်ရန်နှင့် ကျွန်တော်တို့ခရစ်ယာန်အယောက်ဆီတိုင်းအတွက်
ဘ၀မှာ ကားတိုင်တော်ဟာ မည်မျှအရေးပါသလဲဆိုတာကို သိရှိနားလည်နေကြဖို့ ဖြစ်ပါတယ်။
သမိုင်းအရပြောရမယ်ဆိုလျှင်ဖြင့်
ယေဇူးခရစ်တော်အား တံကျင်တင်ခဲ့သော ကားတိုင်တော်အစစ်၏ လက်ကျန်အပိုင်းအား အေဒီ ၃၃၅
ခုနှစ်၊ စတင်ဘာလ ၁၄နေ့တွင် ကာဗာရီတောင်ကုန်းပေါ်ရှိ
သန့်ရှင်းသောဓါတ်တော်ဘုရားကျောင်း (Holy Sepulcher)တွင် ပထမအကြိမ်ထိန်းသိမ်းခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်။
ဒုတိယအကြိမ်ထိန်းသိမ်းခြင်းကိုတော့ ထိုကျောင်းတော်မှာပဲ အေဒီ ၆၃၀ စတက်ဘာလ ၁၄
ရက်နေ့တွင် ပြုလုပ်ခဲ့ပါတယ်။ ခရစ်တော်၏မူလ ကားတိုင်တော်အစစ်အား
ပထမဆုံးရောမလူမျိုးမှ ခရစ်ယာန်ဖြစ်လာခဲ့သူ ကွန်စတန်တီနို၏မိခင်
ရဟန္တာဟယ်လင်ဦးဆောင်သည့်အဖွဲ့မှ အေဒီ ၃၂၆တွင် တူးဖော်ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ထိုနောက် ၎င်းတွေ့ရှိရာနေရာတွင် သန့်ရှင်းသော ဓါတ်တော်ဘုရားကျောင်းတော်ကို
အင်ပါယာကွန်စတန်တီနိုမှ ဆောက်လုပ်လှူဒါန်းခဲ့ပြီး ကားတိုင်တော်ကို
ထိန်းသိမ်းထားခဲ့ပါတယ်။ နှစ်သုံးရာအကြာမှာတော့ ဂျေရုဇလင်အား
ပါရှန်းတို့ကကျူးကျော်ခဲ့ပြီး အဖိုးတန်ရာအားလုံးကို သယ်ဆောင်သွားကြရန်
သန့်ရှင်းသောကားတိုင်တော်စစ်လည်း ပါသွားခဲ့ရပါတယ်။ အေဒီ ၆၃၀မှာတော့ ဟယ်ရာကလီရု့
(၂)က ပါရှန်းတို့ကိုအောင်နိုင်ခဲ့ပြီး ကားတိုင်တော်ကို ပြန်လည်သယ်ယူလာခဲ့ကာ
ဘုရားကျောင်းတော်ကိုလည်း ပြန်လည်မွမ်းမံပြီး ကားတိုင်တော်စစ်ကို
ထိန်းသိမ်းထားခဲ့ပါတယ်။ ယနေ့အချိန်မှာတော့
ကားတိုင်တော်စစ်၏အကြီးမားဆုံးအပိုင်းအစကိုတော့ ရောမမြို့ရှိ
စန်တာခရော့ခ်ျဘုရားကျောင်းတော်တွင် ထိန်းသိမ်းထားပါတယ်။
ယနေ့ဖတ်ရှုရသည့် ပထမကျမ်းမှာတော့ အီစ္စရာအဲလ်လူမျိုးတွေ
သဲကန္တာရမှာ အနှစ်လေးဆယ်ဖြတ်သန်း နေထိုင်စဉ်အတွင်း ကာနန်ပြည်ခရီးဟာ ကြာလွန်းသည်ဟုဆိုကာ
ဘုရားသခင်နှင့်အတူ မိုးဇယ်အား အပြစ်တင်လာကြတဲ့အတွက် ဘုရားသခင်ဟာ မြွေများကိုစေလွတ်ပြီး
လူပေါင်းများစွာကို သေစေသည့်တိုင်အောင် အပြစ်ဒဏ်ပေးခဲ့ပါတယ်။ သို့ဖြစ်၍ အစ္စရာအဲလ်လူများဟာ
မိုးဇယ်ထံလာပြီး မိမိတို့ကိုယ်ကို ဘုရားသခင်အားဆန့်ကျင့်လျက် အပြစ်ကျူးလွန်မိကြောင်းဝန်ခံအသိမှတ်ပြုလာကာ
နောင်တသံဝေဂရခဲ့ကြပါတယ်။ ထိုအခါ ကယ်တင်ခြင်းရစေရန် မြွေအဆိပ်ပြေစေရန် ကားတိုင်တစ်ခုလုပ်၍
မြွေရုပ်ကိုပတ်စေခဲ့ပြီး ကုသခြင်းပေးခဲ့ပါတယ်။ ဒုတိယကျမ်းမှာတော့ သံပေါလူးက ဘုရားသခင်သည်
ကျွန်တော်တို့၏ ယေဇူးသခင်အား မိမိကိုယ်ကို ဗလနတ္တိအဖြစ်ယူစေကာ ကားတိုင်ပေါ်တွင် အသက်တော်စွန့်၍
ပြန်လည်ရှင်ပြန် ထမြောက်ခြင်းကို ပေးခဲ့ကြောင်း ရှင်းပြထားပါတယ်။
ဧ၀ံဂေလိတရားမှာတော့ နီကော်ဒီမူ၏အမေးအား
ယေဇူးသခင်က ပြန်လည်ဖြေကြားရာတွင် ကောင်းကင်နိုင်ငံတော်သို့ ကောင်းကင်မှလာသူမှလွဲ၍ မည်သူမျှမသွားရလို့ဖြေကြားပြီး
သဲကန္တာရတွင် အီစ္စရာအလဲလ်လူမျိုးတို့ဟာ မြွေကိုကားတိုင်မှာတင်မြှောက်၍ ကယ်တင်ခြင်းရခဲ့သကဲ့သို့
ယေဇူးသခင်ကိုယ်တိုင်လည်း ကားတိုင်ပေါ်တွင် တင်မြှောက်ခြင်းခံကာ လူသားများအားလုံး ကယ်တင်ခြင်းရနိုင်ကြောင်း
ရှင်းပြခဲ့ပါတယ်။ ထိုကဲ့သို့ ကားတိုင်တော်တွင် ဒုက္ကစရိယာခံကာ ကယ်တင်ခြင်းကို ရယူရခြင်းမှာလည်း
ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်ကြီးမားလွန်းသောကြောင့် ဖြစ်ကြောင်း “ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော
သားတော်ကိုစွန့်သည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏” ဟုဆိုထားပါတယ်။
ချစ်သောဓမ္မမိတ်ဆွေများ၊ ကျွန်တော်တို့ရဲ့ခရစ်ယာန်ဘ၀အသက်တာမှာ
ကားတိုင်နှင့်ခရစ်တော်၊ ခရစ်တော်နှင့်ကားတိုင် အမြဲယှဉ်တွဲလက်ခံထားဖို့လိုပါတယ်။ ကားတိုင်မပါဘဲ
ခရစ်တော်ကို နားလည်လက်ခံနိုင်ဖို့ အခက်တွေ့နေပါလိမ့်မယ်။ အဓိကအကြောင်းရင်းကတော့ ခရစ်တော်ကိုယ်တော်တိုင်
အနန္ဒတန်ခိုးတော်ရှင်ဘုရားဖြစ်ပါလျက် လူတွေရဲ့ကယ်တင်ခြင်းအတွက် ကားတိုင်တော်ကိုရွေးချယ်ခဲ့ခြင်းကြောင့်
ဖြစ်ပါတယ်။ ဤအချက်ကို ကျွန်တော်တို့ခရစ်ယာန်တွေ အမြဲစဉ်းစားထောက်ရှု့နေသင့်ပါတယ်။
တခါတလေ ကျွန်တော်တို့တတွေဟာ သဲကန္တာရထဲက
အစ္စရာအဲလ်လူမျိုးတွေလိုပဲ လောကခရီးမှာ ကြာရှည်စွာ ရုန်းကန်လာရတာနဲ့ ဘုရားသခင်နှင့်
တရားတော်တွေကို အပြစ်တင်ရှုံ့ချတတ်ကြပါတယ်။ ဒါတွေဟာ ဖြစ်တတ်ပေမယ့် ခရစ်ယာန်တို့အတွက်တော့
ကားတိုင်တော်ကို နားလည်ထားသူများဖြစ်တဲ့အတွက် ခရစ်တော်ကိုပါ ယှဉ်တွဲမြင်နိုင်တဲ့အတွက်
နောက်တနေ့မျှော်လင့်ချက်ဖြင့် ပျော်ရွှင်စရာအကြောင်းဖြစ်ကာ လောကဓံကို ခံနိုင်စွမ်းရှိသူများ
ဖြစ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လောကဓံအခက်ခဲများကြားမှာ ဘုရားသခင်ဟာ ဘ၀အဓိပ္ပာယ်ကို ပြည့်စုံစေပါတယ်။ ထို့ကြောင့် မိမိဘ၀မှာ ဘုရားရှိလျှင် ဒုက္ခသည်ပင် သုခဖြစ်ရ၏
ဟုကြွေးကြော်နိုင်ပါတယ်။ ထို့အပြင် ယနေ့ကားတိုင်တော်မှ ကျွန်တော်တို့တတွေဟာ အပြစ်ခွင့်လွှတ်ခြင်းခံရသူများ
ဖြစ်ကြောင်း သတိပေးနေတာဖြစ်၍ ကျွန်ုပ်တို့အားထိခိုက်ကျူးလွန်သူများကိုလည်း ခွင့်လွတ်ပေးတတ်အောင်
သွန်သင်သတိပေးနေပါတယ်။
ကားတိုင်တော်နှင့်ခရစ်တော်အားဖြင့်
ကျွန်တော်တို့ခရစ်ယာန်တတွေ - လောကဓံအခက်ခဲများရှိသော်လည်း ပျော်ရွှင်သူများဖြစ်ကြသည်။
အပြစ်သားများဖြစ်ကြသော်လည်း အပြစ်ခွင့်လွှတ်ခြင်းခံရသူများဖြစ်၍ အချင်းချင်းခွင့်လွှတ်ခြင်းနှင့်
ပြန်လည်ကျေးအေးသင့်မြတ်ခြင်းဖြင့် ခရစ်ယာန်မိသားစုတွင် ရှင်သန်ကြသည်။ ကားတိုင်တော်အားဖြင့်
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကြီးမားသည်ကို နားလည်မြင်နိုင်ပြီး အချင်းချင်းမေတ္တာပွားများကာ
ရိုင်းပင်းကူညီရင်း ဘ၀ကိုလျှောက်လှမ်းကြသည် . . . ခရစ်တော်အားဖြင့် ခိုင်မာသောယုံကြည်ခြင်းနှင့်
ခရစ်ယာန်ဘ၀ကို ပြည့်စုံစွာလျှောက်လှမ်းနေထိုင်သွားနိုင်ရန် ဆုတောင်းသွားကြပါစို့။ အာမင်။
ကိုရင် (ဒိုမီနီကန်)
No comments:
Post a Comment